← Chapters

အပိုင်း ၂၂၈

Vol. 17 Ch. 228

အပိုင်း ၂၂၈

Vol. 17 Ch. 228

“အစ်ကိုဟန်က ဟိုကောင်ရဲ့ ကျော်ဖြတ်ခြင်းကို ခံလိုက်ရတာလား"

ကီလိုမီတာ၅၀ အကွာအဝေးမှာ ရှိနေတဲ့ လူငယ်၂ယောက်ကလည်း အဲသည် အဖြစ်အပျက်ကို မြင်နေရပါတယ်။

ကြယ်တာရာ လမ်းမကြီးက ပြေပြစ် ပြန့်ပြူးနေသည့် အပြင် လုံးဝကို ရှင်းလင်းနေတဲ့ အတွက် လီဖူချန်းနဲ့ ဟန်ဖန်းတို့ ဘာတွေ ဖြစ်သွားကြသလဲ ဆိုတာကို ကီလိုမီတာ၅၀ အကွာကနေတောင် ရှင်းလင်း ပြတ်သားစွာ မြင်နေရပါတယ်။

ဟန်ဖန်းက သူ့ရဲ့  ဂုဏ်သိက္ခာတွေကိုတောင် မငဲ့တော့ဘဲ လီဖူချန်းကို အနောက်ကနေ လက်ဝါးနဲ့ လိုက်ရိုက်နေတာကို တွေ့လိုက်တဲ့ အခါမှာတော့ သူတို့နှစ်ယောက်ခမျာ ဘာပြောလို့ ပြောရမှန်းတောင် မသိတော့ပါဘူး။

ဟန်ဖန်းဆိုတာ ဘယ်သူလဲ…။ နက္ခတ်တာရာဂိုဏ်းရဲ့ ဂြိုဟ်ခုနစ်လုံးထဲက တစ်ယောက် မဟုတ်ဘူးလား။ သူသာ အခြားဂိုဏ်းတစ်ခုကို ဝင်ခဲ့မယ်ဆိုရင် အခုလောက်ဆို တစ်ဂိုဏ်းလုံးက ဖူးဖူးမှုတ်ထားရတဲ့ ဂိုဏ်းသားတစ်ယောက် ဖြစ်နေပါပြီ။ ဟန်ဖန်းကို ဖြတ်ကျော်နိုင်မဲ့ သူဆိုတာက ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်ရင်ဖြစ် ဒါမှမဟုတ် ကောင်းကင်ဘုံက ကောင်းချီး ပေးထားသည့် ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ပါပဲ။ ဒါပေမဲ့လည်း အခု ပြေးနေတဲ့ ကောင်လေးရဲ့ ပုံကို ကြည့်နေရတာက အင်မတန်မှကို သက်သောင့်သက်သာ ဖြစ်နေလွန်းပါတယ်။ ကြည့်ရတာတော့ သည်ကောင်လေးက အသစ်ပေါ်လာတဲ့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်ပါလိမ့်မည်။

ပြီးတော့ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေဆိုတာ ဂိုဏ်းတစ်ခုကို ဝင်လိုက်တာနဲ့ သိပ်မကြာခင်မှာပဲ သတင်းတွေ ထွက်လာတတ်သည့် အမျိုးလေ။ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်အကြောင်းကို ဂိုဏ်းတွေကလည်း လျှို့ဝှက်ထားဖို့ အကြောင်း မရှိပါဘူး။ ကောင်းကင်ဘုံက ကောင်းချီး ပေးသနားထားသည့် ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ရဲ့ အကြောင်းကိုမှ ဂိုဏ်းတွေက သတင်းအမှောင် ချထားတတ်တာပါ။ အကြောင်းအရင်းကတော့ အခြားဂိုဏ်းတွေက ကြယ်၆ပွင့် အရိုးတည်ဆောင်ပုံ ပိုင်ရှင်တွေကို အခွင့်ကြုံရင် ကြုံသလို လုပ်ကြံလေ့ ရှိလို့ပါပဲ။

ကြယ်တာရာ လမ်းမရဲ့ ဒုတိယ အဆင့်ကတော့ ဘာနဲ့မှ နှိုင်းယှဉ်လို့ မရအောင် ရှည်လျားလွန်း လှပါတယ်။ ကြယ်တာရာလမ်းမရဲ့ ချီစက်ကွင်းတွေကလည်း နူးညံ့ညင်သာသည့် လေနုအေးလေးကနေ အနည်းငယ် လေထန်တဲ့ အဆင့်ကို ရောက်လာပါပြီ။

လီဖူချန်း ကိုယ်တိုင်တောင်မှ ဖိအားသက်ရောက်မှု အနည်းငယ်ကို စတင် ခံစားနေရပါတယ်။

ဒါပေမဲ့လည်း သည်ဖိအားက အနည်းအကျဉ်းသာ ရှိနေသေးသည့်အတွက် လီဖူချန်းကိုတော့ သိပ်ပြီးတော့ သက်ရောက်မှု မရှိသေးပါဘူးလေ။

၁၅ ကီလိုမီတာ… ... ၂၅ ကီလိုမီတာ ... …

ဟန်ဖန်းကတော့ လီဖူချန်းရဲ့အနောက် ၂၅ ကီလိုမီတာမှာ ပြတ်ကျန် နေခဲ့ပါတယ်။

ဟန်ဖန်းရဲ့ ကျောပြင် တစ်ခုလုံးမှာလည်း ချွေးတွေနှင့် ရွှဲရွှဲစိုလျက် ရှိနေပါပြီ။

အချက်အလက်နဲ့ တိတိကျကျ ပြောရမယ် ဆိုရင်တော့ ဟန်ဖန်းသာ သူ့ရဲ့ အရှိန်ကို ပုံမှန် အတိုင်းလေး ထိန်းထားပြီး ခရီး ဆက်နေမယ် ဆိုရင် သည်အကွာအဝေးလောက် ကိုတော့ အေးအေးဆေးဆေး သွားနေလို့ ရပါတယ်။ အခုလို မောကြီးပန်းကြီး သွားနေရမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ သူ့ရဲ့ တစ်ပါးသူ အပေါ် အနိုင်ယူလိုစိတ် ကြီးမားမှုက သည်လို အခြေအနေမျိုးကို ရောက်စေခဲ့တာပါ။ သူသာ အစောပိုင်းတုန်းက လီဖူချန်းအပေါ် အနိုင်ယူလိုစိတ် ကြီးစွာဖြင့် အရမ်းကာရော မပြေးခဲ့ရင် အခုလို သနားစရာ အခြေအနေမျိုးကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒါကိုတော့ 'ဘယ်သူမပြု မိမိမှု’ဟုသာ ဆိုရပေတော့မည်လေ။

နောက်ဆုံးမှာတော့ လီဖူချန်းက ကြယ်တာရာ လမ်းမရဲ့ ဒုတိယအဆင့်ကို ရောက်သွားခဲ့ပါပြီ။

သည်ဒုတိယ အဆင့်ကလည်း သီးခြား ဖြစ်တည်နေတဲ့ ကျွန်းကြီး တစ်ခုပါပဲ။ ကျွန်းကြီး ပေါ်မှာတော့ မျက်လုံး မှိတ်ထားတဲ့ ကျောက်ရုပ်တုကြီး တစ်ခု ရှိနေပါတယ်။

လီဖူချန်း တစ်ယောက် ကျွန်းကြီးပေါ်ကို ခြေချလိုက်တာနဲ့ တစ်ပြိုင်နက် မမြင်ရတဲ့ စွမ်းအင် လှိုင်းတွေက ကျောက်ရုပ်တုကြီးထံကနေ ပျံ့လွင့်လာပြီး မြူနှင်းတွေ ဝေဆိုင်း လာစေခဲ့ပါတယ်။

တစ်ချိန်းတည်းမှာပင် မျက်စိမှိတ်နေတဲ့ ကျောက်ရုပ်တုကြီးကလည်း မျက်စိ ဖွင့်လာခဲ့ပါပြီ။

ပဇိ ... …ပဇိ ... …

လီဖူချန်းရဲ့ စိတ်ဝိညာဉ်ကလည်း တစ်စုံတစ်ခုရဲ့ ကိုင်လှုပ်ခြင်းကို ခံလိုက်ရသလိုပင်။

“စိတ်လှည့်စားတဲ့ အတတ်ပညာလား…”

လီဖူချန်းက လေးလေးနက်နက် တွေးလိုက်မိပါတယ်။

သူသိထားတဲ့ အချက်အလက်တွေ အရ ဆိုရင်တော့ ကြယ်တာရာ လမ်းမရဲ့ ပထမအဆင့်က မိုးခြိမ်းသံ ဖြစ်ပြီး ဒုတိယ အဆင့်က မြူနှင်းကြားက မျက်လုံး ဖြစ်ပါတယ်။

ကြည့်ရတာတော့ မြူနှင်းကြားက မျက်လုံး ဆိုတာက စိတ်ထင်ယောင်ထင်မှား ဖြစ်စေသည့် အရာတစ်ခု ဖြစ်နေသည့် ပုံပါပဲ။ ထင်ယောင်ထင်မှား ဖြစ်စေသည့် အတတ်ပညာတွေ ဆိုတာက ခုခံဖို့အတွက် အလွန်ခဲယဉ်း လှပါတယ်။

တစ်ခါတစ်ရံမှာတော့ ကျင့်ကြံခြင်း နယ်ပယ်နှင့် သက်ဆိုင်သလို၊ တစ်ခါတစ်ရံမှာတော့ လုံးလုံးကို မသက်ဆိုင်ပါဘူး။

ဘာဖြစ်လို့ ကျင့်ကြံခြင်း နယ်ပယ်နဲ့ သက်ဆိုင်သလဲလို့ ပြောရတာကတော့ လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်း အဆင့် မြင့်လာလေလေ စိတ်ဝိညာဉ် တန်ခိုးခွန်အားက ကောင်းလာလေလေ ဖြစ်နေလို့ပါ။

ဘာဖြစ်လို့ တစ်ခါတစ်ရံ မှာတော့ ကျင့်ကြံခြင်း နယ်ပယ်နဲ့လုံးလုံး မသက်ဆိုင်ဘူးလို့ ပြောရသလဲ ဆိုတာကတော့ လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်း အဆင့်က မြင့်နေရင်တောင်မှ စိတ်ဝိညာဉ် တန်ခိုးခွန်အားက လုံလောက်တဲ့ အထိ သန်မာမှု မရှိခဲ့ရင် တစ်ဖက်လူရဲ့ စိတ်လှည့်စားတဲ့ အတတ်ပညာတွေ အောက်မှာ ကျရှုံးနိုင်လို့ပါပဲ။

အကယ်၍သာ စိတ်လှည့်စားတဲ့ အတတ်ပညာရှင်က အလွန်အမင်း အားကောင်း နေခဲ့မယ် ဆိုရင်တော့ဖြင့် မြေကမ္ဘာ အဆင့်နဲ့တောင် ကောင်းကင်နယ်ပယ် ပညာရှင်တွေကို သူတို့ရဲ့ စိတ်လှည့်စားခြင်း နယ်မြေထဲကို ဝင်မိသွားအောင် လုပ်နိုင်ပါတယ်။

စိတ်လှည့်စားတဲ့ ပညာရှင်တွေက သာလျှင် မြေကမ္ဘာအဆင့်နဲ့ ကောင်းကင်နယ်ပယ် ပညာရှင်တွေကို အနိုင်ယူ တိုက်ခိုက်နိုင်တာပါ။ စိတ်လှည့်စားခြင်း နယ်မြေထဲကို ရောက်သွားပြီ ဆိုရင်တော့ ပြန်ထွက်ဖို့ အတွက် အလွန်တရာမှ ခဲယဉ်း သွားခဲ့ပါပြီလေ။ ဒါကြောင့်လည်း အားကောင်းတဲ့ စိတ်လှည့်စားမှု မြေကမ္ဘာ ပညာရှင်တွေက ကောင်းကင်နယ်မြေ ပညာရှင်တွေကိုတောင် အနိုင်ယူနိုင်စွမ်း ရှိတယ်လို့ ပြောခဲ့တာပါ။

ဒါပေမဲ့လည်း စိတ်လှည့်စားတဲ့ ပညာရပ်တွေကို လေ့ကျင့်ဖို့ အတွက် ဆိုရင်တော့ အင်မတန် အားကောင်းတဲ့ စိတ်တန်ခိုး ဝိညာဉ်ကို ပိုင်ဆိုင် ထားရပါမယ်။ ဒါမှလည်း စိတ်လှည့်စားတဲ့ အတတ်ပညာတွေကို သင်ယူနိုင်မှာပါ။

သည်လို ပါရမီမျိုးကတော့ အရိုး တည်ဆောက်ပုံတွေ လိုပဲ မွေးရာပါ ပါလာတတ်တဲ့ စွမ်းရည် တစ်ခုပါပဲ။ တချို့လူတွေကတော့ သည်ပညာကို လေ့ကျင့်ဖို့ သက်သက် မွေးဖွား လာသလားဟု ထင်ရသည် အထိ စိတ်တန်ခိုး ဝိညာဉ် အားကောင်း လွန်းလှပါတယ်။

သည်ကျောက်ရုပ်တုကနေ လွင့်ပျံလာတဲ့ စိတ်ထင်ယောင်ထင်မှား ဖြစ်စေမှုကတော့ အရမ်းကို အားကောင်း လွန်းပါတယ်။ အဲဒါက ဆေးပင်တစ်ရာ လျှို့ဝှက်နယ်မြေမှာ တွေ့ခဲ့ရတဲ့ ကဝေမယ် ရဲ့ဟွာ ရဲ့ စိတ်ဝိညာဉ်အားထက်ကို ၁၀ဆလောက် ပိုအားကောင်း နေတယ်လေ။

ဒါပေမဲ့လည်း လီဖူချန်းရဲ့ စိတ်ဝိညာဉ်ခွန်အားက အဲသည်တုန်းကထက် အများကြီး ပိုကောင်း နေခဲ့ပါပြီ။ ပြီးတော့ သူ့ရဲ့ အသိစိတ် အာရုံကလည်း ကောင်းကင်ဘုံက ကောင်းချီး ပေးခံထားရသည့် ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံ ပညာရှင်တွေထက်ကို အဆမတန် အားကောင်း နေပါသေးတယ်။

လီဖူချန်း အတွက်တော့ သည်ကျောက်တုံး ရုပ်တုကနေ ထွက်လာတဲ့ စိလှည့်စားမှုက ကန်ရေပြင်မှာ ခဲတစ်လုံး ပစ်ချလိုက် သလိုပါပဲ။ လှိုင်းအနည်း ဖြစ်ပေါ်လာတာက လွဲပြီး များများစားစား ဖြစ်မလာခဲ့ပါဘူး။

သည်ကျောက်တုံးရုပ်တုက လီဖူချန်းကို စိတ်ထင်ယောင်ထင်မှား ဖြစ်စေတဲ့ နယ်မြေထဲမှာ ပိတ်လှောင် ထားချင်ရင်တော့ လီဖူချန်း ၁၆နှစ်သားလောက်က ဆိုရင် ဖြစ်နိုင်ပါလိမ့်မည်။

ကျောက်တုံး ရုပ်တုကြီးကို ဖြတ်ကျော်လာ အပြီးမှာတော့ လီဖူချန်းက မော်ကွန်း ကျောက်တိုင်ကြီး တစ်ခုကို တွေ့လိုက် ရပါတယ်။

စာရေးဖို့အတွက် စုတ်တံ တစ်ခုကလည်း ဘယ်ကနေ ဘယ်လို ပေါ်လာသည် မသိဘဲ လီဖူချန်းရဲ့ ရှေ့ကို ရောက်လာပါသေးတယ်။

လီဖူချန်းက မျက်ခုံးပင့်ပြီး ကြည့်လိုက်တဲ့ အခါမှာတော့ မော်ကွန်း ကျောက်တိုင်ကြီးပေါ်မှာ ကိုယ်ပိုင် အမှတ်အသားတွေ အများကြီးကို စုတ်တံဖြင့် ရေးထားတာကို တွေ့လိုက်ရပါပြီ။

ကြည့်ရတာတော့ ဒုတိယအဆင့်ကို ဖြတ်ကျော် လာနိုင်သည့် လူတိုင်းက သည်ကျောက်တိုင်ကြီး ပေါ်မှာ အမှတ်အသားတွေ ချန်ထားခဲ့ရသည့် ပုံပင်။

သည်အမှတ်အသားတွေ အားလုံးကိုတော့ စုတ်ချက် တစ်ချက်နဲ့ပဲ ရေးဆွဲခဲ့ကြတာပါ။ ဘယ်သူမှတော့ သူတို့ရဲ့ နာမည်တွေကို မရေးထားခဲ့ပါဘူး။

လူတွေ အားလုံးက သူတို့ကို ကိုယ်စားပြုသည့် အမှတ်အသားတွေကိုပဲ ချန်ထားခဲ့တဲ့ အတွက် နာမည် ရေးထိုးဖို့ မလိုအပ်သည့် ပုံပါပဲ။

မော်ကွန်း ကျောက်တိုင်ကြီး ပေါ်မှာတော့ အုပ်စုတွေ ခွဲခြား ထားပါတယ်။

ပထမ အုပ်စုကတော့ အမြင့်ဆုံး အပိုင်းမှာ တည်ရှိနေပြီး အမှတ်အသား ရေးဆွဲခဲ့တဲ့ သူတွေရဲ့ စိတ်ဝိညာဉ် ခွန်အားတွေက ခိုဝင် ကိန်းအောင်းလျက် ရှိနေတုန်းပါပဲ။ ပြီးတော့ အမှတ်အသားတွေ ကလည်း အနည်းအကျဉ်းသာ ရှိနေတယ်လေ။

ဒုတိယ အုပ်စုမှာတော့ အမှတ်အသား အများအပြား ရှိနေပြီး ပြွတ်သိပ် ကျပ်ညပ်စွာ တည်ရှိ နေပါတယ်။ အဲသည် အမှတ်အသားတွေကို ကြည့်ရတာက ဖားလောင်း လေးတွေနှင့်တောင် တူနေပါသေးသည်။

တတိယ အုပ်စုကတော့ ပိုတောင် ဆိုးပါသေးတယ်။ တစ်ချက်လောက် ကြည့်လိုက်ရုံနဲ့တော့ အမှတ်အသားတွေ ဘယ်လောက် ရှိနေသလဲ ဆိုတာကို သိနိုင်မှာ မဟုတ်ပါဘူး။

“ပထမ အုပ်စုမှာ အမှတ်အသား ချန်ခဲ့တဲ့ သူတွေက ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေနဲ့ ကြယ်၆ပွင့် အထူး အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေပဲ ဖြစ်ရမယ်”

“ဒုတိယ အုပ်စုမှာ အမှတ်အသား ချန်ခဲ့တဲ့ သူတွေကတော့ ကြယ်၅ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေထဲက လက်ရွေးစင်တွေ ဖြစ်ရမယ်"

“တတိယ အုပ်စုထဲက အမှတ်အသားတွေ ကတော့ သာမန် ကြယ်၅ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေပဲ ထင်တယ်”

“သည်မှိန်နေတဲ့ အမှတ်အသားတွေ ကတော့ သေသွားတဲ့ လူတွေကို ရည်ရွယ်တာ ထင်တယ်”

ကြည့်ရတာတော့ ပထမဆုံး တစ်ကြိမ်တည်းနဲ့ ကြယ်တာရာ လမ်းမရဲ့ ဒုတိယအဆင့်ကို ဖြတ်ကျော်နိုင်တဲ့ သူတွေက အလွန် ထူးချွန်သူတွေပဲ ဖြစ်ပါမည်။ သာမန် ကြယ်ငါးပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေတောင်မှ သူတို့ရဲ့ ပထမအကြိမ်မှာ သည်ဒုတိယ အဆင့်ကို ကျော်ဖြတ် နိုင်မယ့်ပုံ မပေါ်ပါဘူး။ အလွန် ထူးချွန်တဲ့ ကြယ်၅ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေမှသာ တစ်ကြိမ်တည်းနဲ့ ဒုတိယ အဆင့်ကို ကျော်ဖြတ်နိုင်မည့် ပုံပါပဲ။

လီဖူချန်း သိရသလောက် ဆိုရင်တော့ ဓားအရူးသူတော်၊ ကျားဓားရှင်နဲ့ ခံစားချက်မဲ့ ဓားတို့က ဒုတိယ အုပ်စုထဲမှာ ပါပါလိမ့်မယ်။

ဓားအရူး သူတော်ကတော့ ကြယ်လေးပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဖြစ်ပေမဲ့ အလွန် ထက်မြက်တဲ့ ထိုးထွင်း သိမြင်မှုကို ပိုင်ဆိုင်ထားတဲ့ အတွက် လီဖူချန်းက သူ့ကို ဒုတိယ အုပ်စုထဲမှာ ပါလိမ့်မည်ဟု ခန့်မှန်းလိုက်ခြင်း ဖြစ်ပါတယ်။

ဒါဆိုရင် သူကိုယ်တိုင်ကကော ...။ လီဖူချန်းက မချိပြုံး ပြုံးလိုက်မိပါတယ်။ သူက ကြယ်တစ်ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်သာ မဟုတ်ပါလော။ လီဖူချန်းက လက်ကို ဆန့်လိုက်ပြီး စုတ်တံကို လှမ်းယူ လိုက်ပါတယ်။

“အိုး ..."

စုတ်တံကို ကိုင်မိလိုက်တာနဲ့ သည်စုတ်တံက နှယ်နှယ်ရရ မဟုတ်ဘူး ဆိုတာကို လီဖူချန်း တစ်ယောက် ခံစား မိလိုက်တယ်လေ။

သည်စုတ်တံကနေ ထွက်ပေါ်နေတဲ့ အငွေ့အသက်တွေက မြေကမ္ဘာ လက်နက် အပိုင်းအစ ထက်ကို ၁၀ဆလောက် ပိုအားကောင်း နေပါသေးတယ်။ လီဖူချန်းက သူ့ရဲ့ အသိစိတ်အာရုံကို အသုံးပြုပြီး စစ်ဆေးဖို့ ကြိုးစားလိုက်တဲ့ အခါမှာတော့ မမြင်ရတဲ့ စွမ်းအင်လှိုင်း တစ်ခုက သူ့ကို ဟန့်တား နေတယ်လေ။

“သည်စုတ်တံက အနည်းဆုံးတော့ မြေကမ္ဘာ အဆင့်မြင့် စုတ်တံပဲ"

လီဖူချန်းက တွေးလိုက်မိပါတယ်။

လီဖူချန်းက စုတ်တံကို ကိုင်ပြီး အမှတ်အသားရေးဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ ဗလာနယ် ဟင်းလင်းပြင်ထဲကနေ ထူးခြားတဲ့ စွမ်းအင်တစ်ခုက ထွက်ပေါ်လာပြီး စုတ်တံထဲကို စီးဝင် သွားခဲ့ပါတယ်။ လီဖူချန်းက သည်စုတ်တံထဲကို ကိုယ်ပိုင် ချီစွမ်းအင် ထည့်သွင်းဖို့ မလိုတော့ဘူး ဆိုတာ သိလိုက်ရတဲ့ အခါမှာတော့ အရမ်းကို အံ့အား သင့်သွားခဲ့ရပါပြီ။

သည်စုတ်တံက မြေကမ္ဘာ အဆင့်မြင့် စုတ်တံ ဖြစ်တဲ့ အတွက် လီဖူချန်းရဲ့ ချီစွမ်းအင်တွေကို ကျေနပ်ပုံ မရပါဘူး။ သည်စုတ်တံက သူ့ရဲ့ ကိုယ်ပိုင် စွမ်းအင်တွေဖြင့်သာ အလုပ်လုပ်ချင်ပုံ ရပါတယ်။

“ဒါကြောင့်လည်း သည်ကျောက်တိုင်ပေါ်က အမှတ်အသားတွေမှာ ထူးဆန်းတဲ့ အငွေ့အသက်တွေ ပါနေတာကိုး”

အခုတော့ လီဖူချန်း တစ်ယောက် သည်မော်ကွန်း ကျောက်တိုင်ပေါ်မှာ ရှိနေတဲ့ အမှတ်အသားတွေက ဘာကြောင့် ထူးဆန်းတဲ့ အငွေ့အသက်တွေ ပါနေရသလဲ ဆိုတဲ့ အကြောင်းအရင်းကို သိလိုက်ရပါပြီ။

ထို့နောက်မှာတော့ လီဖူချန်းက သူ့ရဲ့ အမှတ်အသားကို စတင် ရေးလိုက်ပါတယ်။ သူက လေထဲမှာပဲ ရေးလိုက်တာပါ။

လီဖူချန်း ရေးလိုက်တဲ့ အမှတ်အသားကတော့ 'ဓား’ဖြစ်ပါတယ်။ ချွန်ပြီး ထက်မြနေတဲ့ 'ဓား’ပါ။ သည် 'ဓား’ဆိုတဲ့ စာလုံးထဲမှာ လီဖူချန်းရဲ့ ဓားတာအို အခြေခံတွေနဲ့ သူ့ရဲ့ အားကောင်းတဲ့ စိတ်ဝိညာဉ် ခွန်အားတွေ ခိုဝင် ကိန်းအောင်း နေပါတယ်။

'ဓား’ဆိုတဲ့ စာလုံးကို ရေးပြီးသွားတာနဲ့ ထိုစာလုံးက အလင်းတန်းတွေ ဖြာထွက်လာပြီး မော်ကွန်း ကျောက်တိုင်ဆီကို ပျံတက် သွားပါတယ်။

တတိယ အုပ်စု ...

ဒုတိယ အုပ်စု ...

ပထမ အုပ်စု ...

လီဖူချန်းရဲ့ 'ဓား’အမှတ်အသားက ပထမ အုပ်စုအထိ လျင်မြန်စွာ ပျံတက် သွားပြီး နေရာလွတ် တစ်ခုမှာ ဝင်ပြီး နေရာ ယူလိုက်ပါတယ်။

ရွှင် ...

မော်ကွန်း ကျောက်တိုင်ကြီးက အလင်းရောင်တွေ ဖြာထွက်လာခဲ့သလို တစ်ချိန်တည်းမှာပဲ ကြယ်တာရာ လမ်းမကြီး တစ်ခုလုံးက တုန်ခါ သွားခဲ့ပါပြီ။ ကြည့်ရတာတော့ ထူးခြားတဲ့ ကိစ္စတစ်ခုခု ဖြစ်သွားခဲ့သလိုပါပဲ။

“ပထမ အုပ်စုထဲမှာလား”

လီဖူချန်းကတော့ မျက်ခုံးတောင် ပင့်လိုက်ရပါတယ်။

သူ့ရဲ့ 'ဓား’ဆိုသည့် စာလုံးက ပထမအုပ်စုထဲမှာ နေရာ အတည်တကျ ယူအပြီးမှာတော့ ထူးခြား ဆန်းကြယ်တဲ့ စွမ်းအင်လှိုင်းတွေက ထွက်ပေါ်လာပြီး 'ဓား’ဆိုသည့် စာလုံးကို ဝန်းရံ လိုက်ကြပါတယ်။

သူ့ရဲ့ အမှတ်အသားက အခုဆိုရင် အခြားသော အမှတ်အသားတွေလိုပင် တောက်ပနေပြီး ထူးခြား ဆန်းကြယ်တဲ့ အငွေ့အသက်တို့ ခိုဝင် ကိန်းအောင်း နေလေပါပြီ။

အဲသည် အချိန်မှာပဲ လီဖူချန်းက ထူးခြားသည့် အဖြစ်အပျက် တစ်ခုကို သတိထားမိ လိုက်ပါတယ်။

အဲဒါကတော့ အရွယ်အစားပါပဲ။ ပထမအုပ်စုမှာ ရှိနေတဲ့ အမှတ်အသားတွေက အရွယ်အစား အမျိုးမျိုး ရှိနေပါတယ်။ တချို့ အမှတ်အသားတွေ ကတော့ အရွယ်အစား သေးငယ်ပြီး အချို့ အမှတ်အသားတွေ ကတော့ အရွယ်အစား ကြီးမားပါတယ်။

လီဖူချန်းရဲ့ 'ဓား'အမှတ်အသားက တဖြည်းဖြည်း အရွယ်အစား ကြီးလာပြီး အခြားသော အမှတ်အသားတွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ကို စတင် ဝါးမျိုလာပါတယ်။ ကြည့်ရတာတော့ သည်အမှတ်အသားတွေ ထဲမှာ အလားအလာ အကောင်းဆုံးသူရဲ့ အမှတ်အသားက အခြားသူတွေရဲ့ အမှတ်အသားမှာ ခိုဝင် ကိန်းအောင်း နေတဲ့ စွမ်းအင်တွေကို ဝါးမျိုပြီး ကြီးထွားနိုင်သည့် ပုံပါပဲ။

အခုဆိုရင် လီဖူချန်းရဲ့ 'ဓား’ဆိုသည့် စာလုံး အမှတ်အသားက အကြီးဆုံး အမှတ်အသားတွေ ထဲက တစ်ခုအပါအဝင် ဖြစ်လာခဲ့ပါပြီ။

အခြားသော 'ဓား’ဟူသည့် စာလုံး အမှတ်အသားတွေ ကတောင်မှ စုပေါင်းပြီး လီဖူချန်းရဲ့ ‘ဓား’စာလုံး အမှတ်အသားကို ဖိနှိပ်ဖို့ ကြိုးစား လာကြပါတယ်။

ဒါပေမဲ့လည်း လီဖူချန်းရဲ့ ‘ဓား’စာလုံး အမှတ်အသားက ရှင်ဘုရင် တစ်ပါးလို ပြုမူနေပြီး အားလုံးကို ပြန်ဖိနှိပ် ပစ်လိုက်တယ်လေ။

“ဘာတွေ ဖြစ်နေတာလဲဟ"

ဟန်ဖန်းကတော့ သူ့ရဲ့ အရှေ့မှာ ဖြစ်ပေါ်နေတဲ့ စွမ်းအင်လှိုင်းကြီးတွေကို ကြည့်ရင်း စဉ်းစားမရ ဖြစ်နေပါပြီ။

သူ ခန့်မှန်းမိသလောက် ဆိုရင်တော့ သည်အဖြစ်အပျက်တွေက သူ့အရှေ့က ပြေးသွားတဲ့ လူငယ်နှင့် အနည်းအကျဉ်းတော့ သက်ဆိုင် နေပါလိမ့်မည်။

***

All Chapters