ဘုရင်တစ်ပါး ဖြစ်လာနိုင်မည့် အလားအလာ
Vol. 17 Ch. 229
“ကြည့်ရတာ ငါ့ရဲ့ ပါရမီနဲ့ အလားအလာက ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေ နဲ့တောင် တစ်တန်းစားထဲမှာ ရှိနေပြီပဲ။ ပြီးတော့ ငါ့ရဲ့ အဆင့်က ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေ ကြားမှာတောင် ထိပ်တန်း အဆင့်ကို ရောက်နေပြီ”
သူ့ရဲ့ဓား စာလုံး အမှတ်အသား၏ လွှမ်းမိုးနိုင်စွမ်း ကြီးမားပုံကို မြင်တွေ့ ပြီးသွားတဲ့ အခါမှာတော့ လီဖူချန်းက သူ့ရဲ့ လက်ရှိ အဆင့်အတန်းကို ခန့်မှန်း လိုက်နိုင်ပါတယ်။
ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေ ဆိုတာက သည်အရှေ့ ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ တောင်မှ အနာဂတ် အလားအလာ အကောင်းဆုံး လူတန်းစား တစ်ရပ်လို့ သတ်မှတ် နိုင်သည် မဟုတ်ပါလား။
ကြယ်၅ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေ ဆိုတာက ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို တက်ရောက် နိုင်တဲ့ အခွင့်အလမ်း ကောင်းကိုပဲ ပိုင်ဆိုင် ထားတာပါ။
ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေကတော့ အဲသည်လို မဟုတ်ပါဘူး။ သူတို့က ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို တက်လှမ်းနိုင်ဖို့ အတွက် ၈၀ ရာခိုင်နှုန်း သေချာနေသလို တိုက်ပွဲဝိညာဉ် နယ်ပယ်ကို တက်လှမ်းနိုင်ဖို့ အတွက်လည်း ရာခိုင်နှုန်း တော်တော်များများ ရှိနေပါ သေးတယ်။
တိုက်ပွဲဝိညာဉ် နယ်ပယ် ပညာရှင် ဆိုတာက အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ ရှိတဲ့ မည်သည့် ဂိုဏ်းကိုမဆို အသာလေး ခြေမွှပစ်နိုင်သည် မဟုတ်ပါလား။
နက္ခတ်တာရာဂိုဏ်း၊ တုံလင် ကလန်နဲ့ နတ်စမ်းရေ တောင်ကြားတို့လို အင်အားစုကြီးတွေ တောင်မှ တိုက်ပွဲ ဝိညာဉ် နယ်ပယ် ပညာရှင်ရဲ့ အမျက်ဒေါသကို ခုခံနိုင်မှာ မဟုတ်ပါဘူး။
သည်အရှေ့ယူနီကွန်း တိုက်ကြီးမှာတော့ တိုက်ပွဲဝိညာဉ် ပညာရှင် တစ်ယောက်က သူ့ကိုယ်သူ ဘုရင်တစ်ပါး အဖြစ်တောင် သမုတ်လို့ ရပါသေးတယ်။ သူ့နောက်ကို လိုက်တဲ့ သူတွေကတော့ တန်ခိုးအာဏာ တိုးတက် လာမည် ဖြစ်ပြီး မလိုက်တဲ့ သူတွေကတော့ ပျောက်ကွယ် ကုန်မှာပါ။
လီဖူချန်းကတော့ ကြယ်တစ်ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်ပါပဲ။ ဒါပေမဲ့ သူ့ရဲ့ ပါရမီနဲ့ အလားအလာ ကတော့ ညာမနေခဲ့ပါဘူး။ သူသာ အကြောင်း တစ်စုံတစ်ရာကြောင့် သေမသွားခဲ့ဘူး ဆိုရင် ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို သေချာပေါက် တက်လှမ်း သွားနိုင်မှာပါ။
တိုက်ပွဲဝိညာဉ် နယ်ပယ်ကို တက်လှမ်း သွားနိုင်ဖို့ အတွက် အခွင့်အလမ်း ကောင်းတွေ ကိုတောင် ပိုင်ဆိုင် ထားပါသေးတယ်။
သည်မော်ကွန်း ကျောက်တိုင်မှာ သတ်မှတ်ထားတဲ့ အတိုင်း ဆိုရင်တော့ လီဖူချန်းရဲ့ ပါရမီနဲ့ အလားအလာက ကြယ်ခြောက်ပွင့် အရိုး တည်ဆောက်ပုံတွေ ကြားမှာတောင် ထိပ်ဆုံးမှာ ရှိနေသည် မဟုတ်ပါလား။
ကြယ်တာရာ လမ်းမရဲ့ ဒုတိယ အဆင့်ကို ကျော်ဖြတ်ပြီးတဲ့ အခါမှာတော့ လီဖူချန်းက တတိယ အဆင့် နယ်မြေ အပိုင်းအခြားထဲကို ရောက်လာခဲ့ပါပြီ။
ဒုတိယအဆင့် နယ်မြေ အပိုင်းအခြားက ချီစက်ကွင်း ဖိအားနဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ သည်တတိယ အဆင့် ရဲ့ ချီစက်ကွင်း ဖိအားက နှစ်ဆလောက်ကို ပိုအားကောင်း လာပါတယ်။
ကြယ်တာရာ လမ်းမပေါ်မှာ ရပ်နေရင်းနဲ့ လီဖူချန်း တွေးနေမိတာကတော့ အခု တိုက်ခတ်နေတဲ့ လေတွေက တော်တော်လေးကို ပြင်းလာပြီ ဆိုတာပါပဲ။ သည်လေတွေက သူ့ရဲ့ မူလ အခြေအနေ ကိုတောင် အနည်းငယ် သက်ရောက် လာခဲ့ပါပြီ။
‘ငါ့ရဲ့ ပြေးနေကျ အရှိန်ကိုတော့ လျော့မှ ဖြစ်တော့မယ်”
လီဖူချန်းက သူပြေးနေကျ အရှိန်ထက်ကို အတော်လေး လျှော့ချပြီး ကြယ်တာရာ လမ်းမထက်မှာ စတင် ပြေးလွှား နေပါတော့တယ်။ ဒါတောင် လီဖူချန်းရဲ့ ပြေးနှုန်းက တော်တော်လေးကို မြန်နေဆဲပါပဲ။
တိတိကျကျ ပြောရမယ် ဆိုရင်တော့ သူ့ရဲ့ လက်ရှိ ပြေးနှုန်းက ဒုတိယ အဆင့်မှာ ပြေးခဲ့တဲ့ ပြေးနှုန်းရဲ့ ၇၀ ရာခိုင်နှုန်းကို ဖြစ်နေသေးတာပါ။
လီဖူချန်း ထွက်သွားပြီး အချိန်အတော် ကြာမှာတော့ ဟန်ဖန်းက ကြယ်တာရာ လမ်းမရဲ့ ဒုတိယ အဆင့်ကို ရောက်ရှိ လာခဲ့ပါပြီ။
သူ့ရဲ့ မောပန်း နွမ်းနယ်နေတဲ့ အခြေအနေကြောင့် ဟန်ဖန်းက ကျောက်ရုပ်တုရဲ့ စိတ်ထင်ယောင်ထင်မှား ဖြစ်စေတဲ့ အတတ်ပညာ အောက်ကို ရောက်သွားခဲ့တယ်လေ။ တစ်နာရီလောက် ကြိုးစားပမ်းစား ခုခံပြီးမှသာ စိတ်လှည့်စားမှု နယ်မြေထဲကနေ ဟန်ဖန်း တစ်ယောက် ထွက်လာ နိုင်ခဲ့တာပါ။
“ကံသီပေလို့ ပါလားကွာ”
ဟန်ဖန်း တစ်ယောက်ကတော့ သူ့စိတ်ထဲက ကြောက်ရွံ့မှုတွေ ကိုတောင် ကုန်စင်အောင် မဖယ်ထုတ် နိုင်သေးပါဘူး။
တကယ်လို့သာ သူက စိတ်လှည့်စားမှု ပညာရှင် တစ်ယောက်နဲ့ တိုက်ခိုက်နေတာ ဆိုရင်တော့ သည်တစ်နာရီ ဆိုတဲ့ အချိန်က သူ့ကို အခါတစ်ထောင် လောက်တောင် သေသွား စေနိုင်သည်လေ။
ဟန်ဖန်းတစ်ယောက် မော်ကွန်း ကျောက်တိုင်ဆီကို ရောက်လာတဲ့ အခါမှာတော့ ပထမဦးဆုံး အနေဖြင့် လီဖူချန်းရဲ့ အမှတ်အသားကို ရှာပါတော့တယ်။
သူက လီဖူချန်းရဲ့ အဆင့်ကို လုံးဝ သိချင်နေပါပြီ။
တတိယ အုပ်စုထဲမှာတော့ အမှတ်အသားတွေ မရေမတွက် နိုင်အောင် ရှိနေပါတယ်။ ဟန်ဖန်းက လီဖူချန်းရဲ့ အမှတ်အသားကို တတိယ အုပ်စုထဲမှာ ရှာလောက်သည့် အထိတော့ မတုံးအ သေးပါဘူး။
သူက ဒုတိယ အုပ်စုကို ကြည့်လိုက်ပြီး စာလုံး အမှတ်အသား တစ်ခုချင်းစီကို စေ့စေ့စပ်စပ် လေ့လာ ရှာဖွေနေပါတယ်။ လီဖူချန်းရဲ့ အရှိန်အဝါတွေနှင့် ဆင်တူသည့် စာလုံး အမှတ်အသား သုံးလေးခု လောက်ကို တွေ့လိုက် ရပေမဲ့လည်း သူ့ရဲ့ အသိစိတ် အာရုံက သတိပေး နေခဲ့ပါတယ်။ ဒါတွေက လီဖူချန်းရဲ့ အမှတ်အသား မဟုတ်ဘူး ဆိုပြီးတော့ပေါ့လေ။ အချိန်အကြာကြီး ရှာပြီး နောက်မှာတော့ ဟန်ဖန်းက သူ့ကိုယ်သူ သံသယ ဝင်လာပါတယ်။
“သည်ကောင့်ရဲ့ အမှတ်အသားက ပထမ အုပ်စုထဲကို ရောက်နေတာများလား”
ပထမအုပ်စု ဆိုတာက တကယ့် ပထမတန်းစား ပါရမီရှင်တွေရဲ့ အမှတ်အသားတွေသာ ရှိနေသည့် နေရာပါပဲ။ သည်အမှတ်အသားတွေကို ချန်ခဲ့တဲ့ သူတွေကတော့ ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေပါ။ ဟန်ဖန်း ကိုယ်တိုင်တောင်မှ သူတို့နဲ့ယှဉ်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။
ဟန်ဖန်းက ဒွိဟ စိတ်ဖြင့် ပထမ အုပ်စုထဲကို ကြည့်လိုက်ပါတယ်။
သူ့ရဲ့ အကြည့် ပထမဆုံး ရောက်သွားတဲ့ နေရာကတော့ ဓားဟူသည့် စာလုံး အမှတ်အသား အကြီးကြီး ရှိနေရာကိုပါပဲ။
သည်အမှတ်အသားက လီဖူချန်းရဲ့ အရှိန်အဝါတွေနှင့် ထပ်တူနီးပါး တူနေပါသေးတယ်။ ပထမ အုပ်စုထဲက စာလုံး အမှတ်အသားတွေ ကြားထဲမှာတောင် မျက်လုံးထဲ ထင်းခနဲ ဝင်လာစေတဲ့ အမှတ်အသား ပိုင်ရှင် ဆိုတာက နှယ်နှယ်ရရတော့ မဖြစ်နိုင်ပါဘူးလေ။
သည်ကောင်က ကြယ်၅ပွင့် အထူး အရိုးတည်ဆောက်ပုံ ပိုင်ရှင်များလား။ မဖြစ်နိုင်ပါဘူး။ ကြယ်၅ပွင့် အထူးအရိုး တည်ဆောက်ပုံ ပိုင်ရှင် တစ်ယောက်ရဲ့ အမှတ်အသား သည်လောက်အထိ ကြီးနေစရာ အကြောင်း မရှိပါဘူး။
သည် ‘ဓား’စာလုံး အမှတ်အသားကို ချန်ခဲ့တဲ့သူက လီဖူချန်း ဆိုရင်တော့ သူ့ရဲ့ ပါရမီနဲ့ အလားအလာက ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေထဲမှာတောင် ထိပ်တန်း အဆင့်အဖြစ် သတ်မှတ်လို့ ရနေသည် မဟုတ်ပါလား။
ဟန်ဖန်းက စဉ်းစားနေရင်းနဲ့ ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ပါပြီ။
သည်အတိုင်း ဆိုရင်တော့ သူ့ရဲ့ နက္ခတ်တာရာ ဂိုဏ်းက နက္ခတ်တာရာ သခင်လေးတောင်မှ လီဖူချန်းရဲ့ အလားအလာကို ယှဉ်နိုင်မှာ မဟုတ်ပါဘူး။
ဘာဖြစ်လို့လဲ ဆိုတော့ ဟန်ဖန်းက နက္ခတ်တာရာ သခင်လေးရဲ့ အမှတ်အသားကိုပါ ပထမ အုပ်စုထဲမှာ တွေ့လိုက်လို့ပါ။ နက္ခတ်တာရာ သခင်လေးကို ကိုယ်စား ပြုထားတဲ့ ကြယ်ပုံသဏ္ဌာန် အမှတ်အသားက လီဖူချန်းရဲ့ ဓားဟူသည့် စာလုံးထက်ကို အတော်လေး သေးနေပါတယ်။
“မဖြစ်နိုင်ဘူး။ ဒါက ဟိုကောင့်ရဲ့ အမှတ်အသား မဟုတ်ဘူး။ သည်ပထမ အုပ်စုထဲမှာ ဓား အမှတ်အသားတွေ အများကြီး ရှိနေတာပဲ။ ဟိုကောင့်ရဲ့ အမှတ်အသားက ဒီစာလုံးတော့ လုံးဝဖြစ်စရာ အကြောင်း မရှိဘူး။ သည်စာလုံးက ဟိုကောင်ရဲ့ ချီအရှိန်အဝါနဲ့ နည်းနည်းလေး သွားဆင်တူ နေတာပဲ ဖြစ်မယ်။ သူ့အဆင့်က ဒုတိယ အုပ်စုထဲမှာပဲ ဖြစ်ရမယ်။ ဒုတိယ အုပ်စုထဲမှာ သေသေချာချာ ပြန်ရှာ လိုက်ရင်တော့ အဲသည်ကောင်ရဲ့ အမှတ်အသားကို ပြန်တွေ့ရင် တွေ့နိုင်မှာပါကွာ “
ဟန်ဖန်းက သူတွေ့လိုက်ရတဲ့ ဓားစာလုံး အမှတ်အသားက လီဖူချန်းရဲ့ အမှတ်အသား ဖြစ်နိုင်တယ်လို့ တွေးမိတဲ့ အတွေးတွေကို ခေါင်းထဲကနေ မောင်းထုတ် ပစ်လိုက်ပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ လီဖူချန်း ချန်ထားခဲ့တဲ့ အမှတ်အသားက သူလက်ခံလို့ မရလောက်တဲ့ အထိကို ကြီးမြတ်နေလို့ပါပဲ။
သည်လို အမှတ်အသားမျိုး ဆိုတာက ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေထဲမှာ တောင်မှ တကယ့် လက်ရွေးစင် ထိပ်တန်း အဆင့်မှာ ရပ်တည်နေသည့် လူမျိုးမှသာ ချန်ထားခဲ့နိုင်သည် မဟုတ်ပါလား။
“ထားလိုက်ပါတော့ကွာ ... သူများရဲ့ အမှတ်အသားကို ရှာပြီး ဘာမှ ဖြစ်လာမှာမှ မဟုတ်တာ။ အလကား ... စိတ်ပင်ပန်းတယ်။ ငါဆိုတဲ့ ဟန်ဖန်းကလည်း ဂြိုဟ်ခုနစ်လုံးက တစ်ယောက်ပဲလေ။ ငါ့ရဲ့ အလားအလာကလည်း ပထမ အုပ်စုထဲကို ရောက်ဖို့အတွက် အခွင့်အလမ်း ရှိပါသေးတယ်။ ဟိုကောင်ကတော့ သေချာပေါက် အဆင့် သတ်မှတ်ချက်တွေကို လိမ်လို့ရတဲ့ ပစ္စည်းတစ်ခု ယူလာတာပဲ ဖြစ်ရမယ်”
ဟန်ဖန်းကတော့ လီဖူချန်း တစ်ယောက် ကြယ်တာရာ လမ်းမရဲ့ အဆင့်တွေကို လိမ်လို့ရတဲ့ ပစ္စည်းတွေ သယ်လာတာလို့ပဲ သတ်မှတ် လိုက်ပါတော့တယ်။
သည်လောကကြီးက အင်မတန်မှ ကျယ်ပြောလှပြီး ထူးဆန်း အံ့သြဖွယ်ရာ တွေနှင့် ပြည့်နှက် နေတာလေ။ ကြယ်တာရာ လမ်းမကို လိမ်လို့ရတဲ့ ပစ္စည်းကတော့ သေချာပေါက်ကို ရှိနေမှာပါ။
စုတ်တံကို လှမ်းယူလိုက်ပြီး ဟန်ဖန်းက သူ့ရဲ့ အမှတ်အသားကို စတင် ရေးဆွဲလိုက်ပါတယ်။ သူ့ရဲ့ အမှတ်အသား ကတော့ မေပယ်လ် သစ်ရွက်လေး တစ်ခုပါပဲ။
မေပယ်လ် သစ်ရွက် အမှတ်အသားက မော်ကွန်း ကျောက်စာတိုင် ဆီကို ပျံတက် သွားပါတော့တယ်။ တတိယ အုပ်စု… ... ဒုတိယ အုပ်စု။
ဟန်ဖန်းရဲ့ အမှတ်အသားက ဒုတိယ အုပ်စုထဲကို ရောက်သွားပြီး နေရာလွတ် တစ်ခုမှာ နေရာ ဝင်ယူလိုက်ပါတယ်။ ဟန်ဖန်းကတော့ အကြီးအကျယ်ကို စိတ်ပျက် နေပါပြီ။
သူ့ရဲ့ ပါရမီနဲ့ အလားအလာက ဒုတိယ အုပ်စုထဲမှာပဲ ရှိနေပါတယ်။ ပြီးတော့ ဒုတိယ အုပ်စုရဲ့ အကြီးဆုံး အမှတ်အသားတွေ ထဲမှာတောင် မပါပါဘူး။ သူ့ရဲ့ အမှတ်အသားထက် ကြီးတဲ့ အမှတ်အသားတွေက ပုံလို့ကို ရှိနေ ပါသေးတယ်လေ။
“ငါ သည်ကိစ္စကို လက်မခံနိုင်ဘူးကွ”
ဟန်ဖန်းက အရူး တစ်ယောက်လို အကြီးအကျယ် သောင်းကျန်း နေပါတယ်။ အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ဟန်ဖန်းက သူ့ကိုယ်သူ ဒုတိယ အုပ်စုထဲမှာ ရောက်မယ် ဆိုတာကို မျှော်လင့် ပြီးသားပါပဲ။ ဒါပေမဲ့လည်း လီဖူချန်း ပေါ်ပေါက်လာမှုက သူ့ကို အနည်းငယ် ပိုပြီး မျှော်လင့် လာစေပါတယ်။ အခုတော့ သူ့ရဲ့ မျှော်လင့်ချက်က ပျက်စီးသွား ခဲ့ပါပြီ။
“အလားအလာ ဆိုတာ အလားအလာပဲကွ။ သည်သတ်မှတ်ချက်က အရာရာကို ကိုယ်စား ပြုထားတာ မဟုတ်ဘူး။ စောင့်ကြည့် နေလိုက်စမ်းပါ။ တစ်နေ့ကျရင် ငါဟန်ဖန်းက အားလုံးကို ကျော်တက်ပြီး ထိပ်ဆုံးမှာ ရပ်တည်ပြမယ်ကွ”
ဟန်ဖန်းက လက်သီး လက်မောင်းတန်းပြီး ကြွေးကြော် လိုက်ပါသေးတယ်။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ ဟန်ဖန်းက လက်ရွေးစင် ကြယ်၅ပွင့် အထူး အရိုးတည်ဆောက်ပုံ ပိုင်ရှင်ဖြစ်တဲ့ အတွက် သူ့ရဲ့ စိတ်ဝိညာဉ်က ထင်ထားတာထက်ကို ကြံ့ခိုင် ပါသေးတယ်။
သူ့ရဲ့ နက္ခတ်တာရာ ဂိုဏ်းမှာဆိုရင် ကြယ်တစ်ပွင့် အရိုး တည်ဆောက်ပုံနဲ့တောင် မြေကမ္ဘာ နယ်ပယ်ကို တက်လှမ်းနိုင်တဲ့ တပည့်အချို့ ရှိပါသေးတယ်။
သူက ကြယ်၅ပွင့် အထူး အရိုး တည်ဆောက်ပုံ ပိုင်ရှင်လေ။ လွယ်လွယ်နှင့် လက်မလျှော့ လိုက်နိုင်ပါဘူး။ သည်မော်ကွန်း ကျောက်စာတိုင် ပေါ်မှာ ရှိတဲ့ အုပ်စုတွေ ဆိုတာက သတ်မှတ်ချက်တွေက လွဲပြီး ဘာမှ မဟုတ်ပါဘူး။
သူ့ရဲ့ ယုံကြည်မှုတွေကို ပြန်ရရှိလာပြီး နောက်မှာတော့ ဟန်ဖန်းက ကြယ်တာရာ လမ်းရဲ့ တတိယ နယ်မြေ အပိုင်းအခြား ပေါ်ကို ခြေချ လိုက်ပါတော့တယ်။
“လခွီး။ သည်နေရာက ချီစက်ကွင်းဖိအားက ဒုတိယ အဆင့်တုန်းကထင် နှစ်ဆလောက် များနေပါလားဟ"
ဟန်ဖန်းရဲ့ စိတ်ဝိညာဉ်က သည်နေရာရဲ့ ချီစက်ကွင်း ဖိအားကြောင့် တွန့်လိမ် သွားသလိုတောင် ခံစား လိုက်ရပါတယ်။
***
လီဖူချန်းတော့ သူ့နောက်မှာ ဘာတွေဖြစ်ပျက်ပြီး ကျန်နေခဲ့သလည်း ဆိုတာကို မသိတော့ပါဘူး။ သူက ဟန်ဖန်း ရောက်နေသော နေရာနှင့် အလွန်ပင် ကွာဝေးနေပါပြီ။
လီဖူချန်းရဲ့ ရည်ရွယ်ချက်ကတော့ အရှေ့ကို သွားနိုင်သလောက် သွားနေဖို့ပါပဲ။ အနောက်မှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာကိုတော့ လုံးဝ စိတ်မဝင်စားပါဘူး။
သူက သွားနေရင်းနဲ့တောင် သူ့ရဲ့ ရွှေရောင် လက်ဖွဲ့အဆောင် အကြောင်းကို တွေးနေမိပါသေးတယ်။
သည်ကြယ်တာရာ လမ်းမ လျှို့ဝှက်နယ်မြေက အရမ်းကို ထူးခြား ဆန်းကြယ်ပါတယ်။ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံး နဲ့ ယှဉ်ရင်တောင်မှ အထူးခြားဆုံးလို့ သတ်မှတ် နိုင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ရွှေရောင်လက်ဖွဲ့ အဆောင်နဲ့တော့ ယှဉ်လို့ မရသေးပါဘူးလေ။ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က အရမ်း နိမ့်နေသေးလို့သာ သည်ရွှေရောင် လက်ဖွဲ့ အဆောင် အကြောင်းကို သေသေချာချာ မသိသေးတာပါ။ နောက်ပိုင်း ကျင့်ကြံခြင်း အဆင့် မြင့်လာရင်တော့ ရွှေရောင်လက်ဖွဲ့ အဆောင်ရဲ့ လျှို့ဝှက်ချက်တွေကို ပိုပိုပြီး သိလာ နိုင်လောက်မှာပါ။
သည်ရွှေရောင် လက်ဖွဲ့အဆောင် မရှိတော့ရင် တောင်မှ သူ့ရဲ့ ယုံကြည်မှုတွေက ပျောက်ပြယ် သွားမှာ မဟုတ်ပါဘူး။
သူ့ရဲ့ ပါရမီတွေ ရုတ်တရက် ပျောက်ဆုံး သွားချိန် တုန်းကတောင်မှ လီဖူချန်းက သူ့ကိုယ်က ယုံကြည်မှု ပျောက်ခဲ့တာ မဟုတ်ပါဘူးလေ။ အဲသည်တုန်းက အတွေ့အကြုံတွေက သူ့ရဲ့ စိတ်ဝိညာဉ်ကိုတောင် ပိုပြီးတော့ သန်မာ လာစေခဲ့သည် မဟုတ်ပါလား။
ရွှေရောင်လက်ဖွဲ့ အဆောင်ရဲ့ တည်ရှိနေမှုက သူ့အတွက်တော့ အဆင့်အမြင့်ဆုံး အရိုး တည်ဆောက်ပုံ တစ်ခု ရလိုက်သလိုပါပဲ။
***
အချိန် အတန်ကြာ ခရီးဆက်ပြီးတဲ့ အခါမှာတော့ လီဖူချန်းက လူတစ်ယောက်ကို လှမ်းမြင် လိုက်ရပြန်ပါတယ်။
ထိုလူကတော့ သူနဲ့ ကီလိုမီတာ တော်တော် ဝေးဝေးမှာ ပြေးနေတာပါ။ ပြေးနေတဲ့ အရှိန်ကလည်း တော်တော်လေးကို မြန်တယ်လို့တောင် ပြောလို့ရတဲ့ အနေအထားပါပဲ။
လီဖူချန်း ထိုလူကို လှမ်းကြည့်ရင်နဲ့ တွေးမိလိုက်ပါတယ်။
"သည်လူက တကယ် အစွမ်းထက်တဲ့ လူတစ်ယောက်ပဲ ဖြစ်ရမယ်။ သူက ကြယ်ခြောက်ပွင့် အရိုး တည်ဆောက်ပုံ မဟုတ်ရင်တောင်မှ ကြယ်၅ပွင့် အထူး အရိုး တည်ဆောက်ပုံ ပိုင်ရှင်ပဲ”
ထိုလူရဲ့ပြေးနှုန်းက သူနဲ့ ယှဉ်ရင်တော့ သိပ်မကွာခြား လှပါဘူး။ အစောပိုင်းတုန်းက တွေ့ခဲ့ရတဲ့ လူငယ် ထိုလူကို မီဖို့ အတော် လိုပါသေးတယ်။
တစ်ချိန်တည်းမှာပင် ထိုလူကလည်း လီဖူချန်းကို သတိပြုမိ လိုက်ပါတယ်။
“တစ်ယောက်ယောက်က ငါ့ကို မီလာတာလားဟ"
သူ့ရဲ့ မျက်လုံးတွေကတော့ စူးရှ တောက်ပနေပြီး တစ်ဖက်လူရဲ့ ရင်ထဲ၊ အသည်းထဲ အထိကို နက်နက်ရှိုင်းရှိုင်း ဝင်ရောက် သွားစေနိုင်ပါတယ်။
***