← Chapters

အပိုင်း၂၃၀

Vol. 17 Ch. 230

အပိုင်း၂၃၀

Vol. 17 Ch. 230

အရှေ့က လူရိပ်အကြောင်းကို မစဉ်းစားတော့ဘဲ လီဖူချန်းက သူ့ရဲ့ ပြေးနှုန်းကိုသာ အာရုံစိုက်ထား လိုက်ပါတယ်။

ဒုတိယ အဆင့်ကို ဖြတ်ကျော်ပြီးတဲ့ နောက်မှာတော့ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာ ကြယ်တာရာ လမ်းမက ပေးတဲ့ စွမ်းအင်တွေ ပိုများလာခဲ့ပါပြီ။

ကြယ်တာရာလမ်းမရဲ့ ပထမအဆင့်ကို အောင်မြင်တုန်းက လီဖူချန်း ရခဲ့တာက ကြယ်တာရာ စွမ်းအင်တွေ ပါဝင်တဲ့ တစ်ယောက်စာ စွမ်းအင်ပုလင်း တစ်လုံးဖြစ်ပါတယ်။ ဒုတိယအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့တုန်း ကတော့ တစ်ယောက်စာ ကြယ်တာရာ စွမ်းအင်တွေပါဝင်တဲ့ စွမ်းအင်ပုလင်း ၂လုံး ရခဲ့ပါတယ်။ ယခု လက်ရှိမှာတော့ သူ့ဆီမှာ စွမ်းအင်ပုလင်း၃ လုံးစာ ရှိနေပါပြီ။

သည်သုံးပုလင်းစာ ကြယ်တာရာ စွမ်းအင်တွေက လီဖူချန်းရဲ့ ခန္ဓာကိုယ်ကို ကောင်းကောင်းကြီး ထောက်ပံ့ ပေးထားပါတယ်။ လီဖူချန်းက သိပ်မကြာခင်မှာ မြေကမ္ဘာနယ်ပယ် အဆင့်၄ရဲ့ အတားအဆီးကို ချိုးဖောက်ပြီး အဆင့် တက်တော့မည် ဟုတောင် ခံစား နေရပါပြီ။

ကီလိုမီတာ အနည်းငယ် ဆိုတာက လီဖူချန်း အတွက်တော့ သိပ်ပြီး ဝေးလှတာ မဟုတ်ပါဘူး။ ဒါပေမဲ့ နီးတယ် လို့လည်း ပြောလို့ မရတဲ့ အကွာအဝေး တစ်ခုပါ။

လီဖူချန်းရဲ့ ပြေးနှုန်းက အရှေ့ကလူထက် အနည်းငယ် မြန်နေပေမဲ့လည်း အချိန်တို အတွင်း မှာတော့ အရှေ့ကလူကို လိုက်မမီလောက် သေးပါဘူး။

ပြီးတော့ ကြယ်တာရာ လမ်းမရဲ့ ချီစက်ကွင်းတွေကလည်း ပိုပိုပြီးတော့ အားကောင်း လာခဲ့ပြီ မဟုတ်ပါလား။ အခုဆိုရင် တိုက်ခိုက်နေတဲ့ လေတွေက အတော်ကြီးကို ပြင်းထန်နေခဲ့ပါပြီ။

သာမန်လူ တစ်ယောက် ဆိုရင်တော့ သည်လေပြင်းတွေ ကြားထဲမှာ ပြေးဖို့မပြောနဲ့ လမ်းလျှောက်ဖို့ ကိုတောင် အနိုင်နိုင်ပါပဲ။

လီဖူချန်း ကိုယ်တိုင်တောင်မှ အရင်လို လျင်မြန် သွက်လက်စွာ မပြေးနိုင်တော့ပါဘူး။

သူ့အရှေ့က လူကတော့ ပိုတောင် ဆိုးပါသေးသည်။ သူက သာမန်ထက် အနည်းငယ် မြန်သည် ဆိုရုံမျှသာ ပြေးနေတာပါ။

လီဖူချန်းက ထိုသူကို မီသွားတဲ့ အခါမှာတော့ ထိုလူက

“ကျွန်တော်က ရှဟိုရှီလို့ ခေါ်ပါတယ်။ ရှဟို ကလန်ရဲ့ ကလန်သား တစ်ယောက်ပါ။ သည်က ညီလေးကကော ဘယ်ဂိုဏ်းကလဲ ဆိုတာကို သိပါရစေ "

“ရှဟိုကလန်လား။ အဲဒါက တုံလင် ကလန်ပဲ မဟုတ်ဘူးလား”

လီဖူချန်းက မရေမရာ ပြန်မေးလိုက်ပါတယ်။ ရှိဟိုရှီက ခေါင်းညိတ်လိုက်ပြီး

“အင်း … ဟုတ်တယ် “

“တုံလင်ကလန်ရဲ့ အဖွဲ့ဝင် တစ်ယောက်ပါလား။ ကျွန်တော်ကတော့ လီဖူချန်းပါ။ မိုးပြာရောင် ဂိုဏ်းရဲ့ တပည့် တစ်ယောက်ပေါ့”

လီဖူချန်းက တစ်ဖက်လူရဲ့ ဇာတိဇာစ်မြစ်ကို တန်းသိ လိုက်ပါတယ်။

ရှဟိုရှီက တုံလင်ကလန်ကဟု ပြောနေမှတော့ သေချာပေါက်ကို တိုက်ပွဲဝိညာဉ် စစ်သည်တော် ၁၀ပါး ထဲက တစ်ယောက် ဖြစ်မှာပါ။

တုံလင်ကလန် အရမ်းကို အစွမ်းထက်တဲ့ အင်အားစုကြီး တစ်ခု ဖြစ်ပေမဲ့လည်း သာမန် ကလန်သား တစ်ယောက်က ကြယ်တာရာ လမ်းမရဲ့ တတိယအဆင့် နယ်မြေ အပိုင်းအခြားကို လာနိုင်သည် အထိတော့ အစွမ်း မထက်သေးပါဘူး။

တိုက်ပွဲဝိညာဉ် စစ်သည်တော် ၁၀ပါးမှသာ သည်အဆင့်အထိ ရောက်လာနိုင်မှာပါ။

တိုက်ပွဲဝိညာဉ် စစ်သည်တော် ၁၀ပါးထဲမှာ ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေ မရှိပေမဲ့လည်း ကြယ်ငါးပွင့် အထူး အရိုး တည်ဆောက်ပုံ ပိုင်ရှင် နှစ်ယောက် ရှိပါတယ်။

ရှဟိုရှီရဲ့ ကျင့်ကြံမှုအဆင့်က မြေကမ္ဘာနယ်ပယ် အဆင့်၆ မှာပါ။ ပြောရမယ်ဆိုရင် မြေကမ္ဘာနယ်ပယ် မှာတောင် သိပ်ပြီး မြင့်တယ်လို့ ပြောလို့ မရပါဘူး။ သည်အတိုင်း ဆိုရင်တော့ သူ့ရဲ့ ပါရမီနဲ့ အလားအလာက အခြားသူတွေထက် ပိုပြီး ထူးချွန်နေမည့် ပုံပါပဲ။

ရှိဟိုရှီ ဆိုသူက တိုက်ပွဲဝိညာဉ် စစ်သည်တော် ၁၀ပါးမှာ ပါဝင်တဲ့ ကြယ်ငါးပွင့် အထူး အရိုး တည်ဆောက်ပုံ ပိုင်ရှင် နှစ်ယောက်ထဲက တစ်ယောက် ဖြစ်လိမ့်မယ်ဆိုတာကို လီဖူချန်းက ခန့်မှန်း မိလိုက်ပါတယ်။

(တိုက်ပွဲဝိညာဉ် စစ်သည်တော် ၁၀ပါးကို တုံလင် ၁၀ပါး ဟုလည်း ခေါ်ပါသေးသည်။)

ကြယ်၅ပွင့် အထူး အရိုး တည်ဆောက်ပုံ ပိုင်ရှင် ဖြစ်သည့်အပြင် မြေကမ္ဘာနယ်ပယ် အဆင့်၆ကိုပါ ရောက်နေတဲ့ အတွက် သည်ရှဟိုရှီက ခံစားချက်မဲ့ဓား ရှုဖန်းထက်တောင် အများပြီး အစွမ်းထက် နိုင်ပါတယ်။ ရှဟိုရှီက တစ်ချက်တည်းနဲ့တောင် ရှုဖန်းကို သတ်ပစ်နိုင်လောက် ပါသေးတယ်။

“မိုးပြာရောင်ဂိုဏ်း ... ဟုတ်လား…"

ရှဟိုရှီက သူ့ဦးနှောက်ကို အလုပ်ပေး လိုက်ပါတယ်။ မိုးပြာရောင်ဂိုဏ်းနဲ့ ပတ်သက်သည့် အချက်အလက်တွေများ ရှိနေမလားပေါ့။

စက္ကန့် ၂၀လောက် အကြာမှာတော့ ရှဟိုရှီက မိုးပြာရောင်ဂိုဏ်းနဲ့ ပတ်သက်သည့် အရာတချို့ကို မှတ်မိလာခဲ့ပါပြီ။

မိုးပြာရောင် ဂိုဏ်းဆိုတာက သာမန် ဂိုဏ်းလေး တစ်ခုပါပဲ။ တုံလင်ကလန်နဲ့ ယှဉ်လိုက်မယ် ဆိုရင် အတော်လေးကို နိမ့်ကျတာပါ။

“သြော် ... မိုးပြာရောင်ဂိုဏ်းက တပည့်လား။ မိုးပြာရောင်ဂိုဏ်းက တပည့် တစ်ယောက်ကို အခုလို တွေ့ရတာက ဂုဏ်ယူစရာ ပါပဲဗျာ "

ရှဟိုရှီက အလွန်အမင်း ဖော်ရွေစွာဖြင့် နှုတ်ဆက် လိုက်ပါတယ်။

‘သည်လူက ဘာဖြစ်လို့ ဟန်ဆောင်မှုတွေနဲ့ ပြည့်နှက် နေတာလဲ"

လီဖူချန်းက ရှဟိုရှီကို ကြည့်ပြီး မအီမသာ ခံစား နေရတယ်လေ။

ရှဟိုရှီရဲ့ ပုံက အလွန်အမင်း ဖော်ရွေနေပုံ ပေါက်နေပေမဲ့လည်း လီဖူချန်းရဲ့ အသိစိတ် အာရုံကတော့ အတုအယောင် ဆိုတာကို သတိ ပေးနေပါတယ်။

လီဖူချန်းက ရှဟိုရှီတစ်ယောက် မူမမှန်တာကို ခံစားလိုက်မိတဲ့ အတွက် တိုတိုတုတ်တုတ်ပဲ နှုတ်ဆက်ပြီး အရှေ့ကို ဆက်ထွက် လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ရှဟိုရှီက သူ့ကို အလွယ်တကူ သွားခိုင်းမည့်ပုံ မပေါ်ပါဘူး။

“ညီလေးလီ ... ညီလေးက သည်တတိယ နယ်မြေ အပိုင်းအခြားကိုတောင် ရောက်လာတယ် ဆိုတော့ ထူးထူးခြားခြား ပစ္စည်းလေးတွေ ပါလာပုံရတယ်။ အစ်ကို့ကို တစ်ချက်လောက် ပြကြည့် ပါလား။ စိတ်မပူပါနဲ့ ...။ အစ်ကိုက တခြား ဘယ်သူ့ကိုမှ မပြောပြပါဘူး။ ငါဆိုတဲ့ ရှဟိုရှီက အမြဲတမ်း စကား တည်ပါတယ်။ ညီလေး မရိုးမသား လုပ်ပြီး သည်အဆင့်အထိ ရောက်တာတယ် ဆိုတာကို ဘယ်သူမှ မသိစေရပါဘူး”

လီဖူချန်းကတော့ သာမန် လေသံဖြင့် ”ကြယ်တာရာ လမ်းမ လျှို့ဝှက်နယ်မြေက သည်လောက် အထိ ထူးခြား ဆန်းကြယ်တာ။ ဘယ်လိုလုပ်ပြီး မရိုးမသား လုပ်လို့ ရမှာလဲဗျ။ အစ်ကို ရှဟိုကတော့ နောက်နေတာနဲ့ တူတယ်”

ရှဟိုရှီ ကလည်း အလျင်အမြန်ပင်

“ကြည့်ရတာ ညီလေးလီက အစ်ကို့ကို မယုံသေးဘူးနဲ့ တူတယ်။ အဲဒါက မကောင်းဘူးနော်။ လုပ်စမ်းပါ ... တစ်ခါပဲ ကြည့်မယ်ကွာ။ တာအိုလမ်းစဉ်ကို လျှောက်လမ်းနေတဲ့ သူတွေဆိုတာက ရန်သူ ဖြစ်တာထက် မိတ်ဆွေ ဖြစ်ရတာ ပိုကောင်းပါတယ်။ သည်လောက် ကောင်းတဲ့ ရတနာ ပစ္စည်းမျိုးကို ရထားမှတော့ တစ်ယောက်တည်း မောင်ပိုင် မစီးထား သင့်ဘူးလေကွာ။ ညီလေးလီရဲ့ ရတနာ ပစ္စည်းကို ကြည့်ရုံတင် ကြည့်မှာပါ”

လီဖူချန်းက မျက်မှောင်ကြုတ်လိုက်ပြီး

“ကျွန်တော့်ဆီမှာ ဘာပစ္စည်းမှာ မပါလာပါဘူးဗျာ။ အစ်ကိုရှဟိုကမှ ကျွန်တော့်ကို မယုံတာကိုး"

“ခိခိ ... ကြည့်ရတာ ညီလေးလီက ရတနာ ပစ္စည်းတွေရဲ့ အကူအညီနဲ့ သည်ကို ရောက်လာတာ မဟုတ်ဘူးဘဲ။ ညီလေးလီက ပြောနေမှတော့လည်း အစ်ကိုက ယုံရမှာပေါ့ကွာ"

ရှဟိုရှီရဲ့ မျက်နှာ အမူအရာကတော့ လီဖူချန်းကို အခုထက်ထိ မယုံသေးသည့် ပုံပါပဲ။ သူက ရယ်လိုက်ပြီး

“ညီလေးလီက သည်အဆင့် အထိကို ကိုယ်ပိုင် အစွမ်းအစနဲ့ ရောက်လာတယ် ဆိုတော့ တကယ် အစွမ်းထက်တာပေါ့။ တကယ်လို့ အခွင့်ကြုံခဲ့မယ်ဆိုရင် တစ်ခါလောက် အတူတူ သောက်ကြရအောင်။ အစ်ကိုက ညီလေးလီလို အစွမ်းထက်တဲ့ လူငယ် တစ်ယောက်နဲ့ မိတ်ဆွေ ဖြစ်ချင်ပါတယ်ကွာ”

လီဖူချန်းကလည်း စိတ်ထဲမပါပေမဲ့ ပြန်ပြော လိုက်ရပါတယ်။

“အစ်ကို ရှဟိုကတော့ အရမ်းကို မြှောက်ပင့် လွန်းနေပါပြီဗျာ”

“ဟင် … အနောက်မှာ နောက်ထပ် တစ်ယောက် ငါတို့ကို မီလာပြန်ပြီ။ သည်နေ့ကတော့ ကြယ်တာရာ လမ်းမပေါ်မှာ လူစွမ်းကောင်းတွေ ဆုံတဲ့နေ့ပဲ ထင်တယ်”

ရှဟိုရှီက လီဖူချန်းနဲ့ အတူ ပြေးနေရာမှ အနောက် လှည့်ကြည့်ပြီး ပြောလိုက်ပါတယ်။

လီဖူချန်းကလည်း ရှဟိုရှီ ရဲ့ အသံကြောင့် ယောင်ပြီး အနောက်ကို လှည်ကြည့် လိုက်ပါတယ်။

“သေစမ်း"

လီဖူချန်း တစ်ယောက် အနောက်ကို လှည့်ကြည့် လိုက်တာနဲ့ တစ်ပြိုင်နက် ရှဟိုရှီက လီဖူချန်းကို လက်သီးနဲ့ ခုန်ထိုး လိုက်ပါပြီ။

သည်လက်သီးမှာက တောက်ပတဲ့ အဝါရောင် ချီတွေ ပါဝင်နေပြီး အင်မတန်မှ ပြင်းထန် ရက်စက် လွန်းပါတယ်။

သည်လက်သီးချက်က တောင်တွေကိုတောင်မှ အပိုင်းပိုင်း ကွဲထွက် သွားစေမည့် ပုံပါပဲ။

ရှဟိုရှီက အစောကြီးကတည်းက လီဖူချန်းနှင့် မိတ်ဆွေ မဖြစ်ချင်မှန်း သိသာ လွန်းနေပါတယ်။

လီဖူချန်းရဲ့ ဂိုဏ်းကို မေးရတဲ့ အကြောင်းအရင်း ကတော့ လီဖူချန်းရဲ့ အနောက်မှာ အင်အားစု ကြီးတွေ ရှိနေမှာကို ကြောက်တဲ့ အတွက် ဖြစ်ပါတယ်။ သူ့ရဲ့ လုပ်ကြံမှုသာ မအောင်မြင်ခဲ့ရင် လီဖူချန်းရဲ့ နောက်ကွယ်က အင်အားစုတွေက သူ့ကို ပြဿနာ လာရှာနိုင်တယ်လေ။

လီဖူချန်းဆီမှာ ရတနာပစ္စည်းတွေ ပါလာလားလို့ မေးတာကလည်း အကြောင်း ရှိပါတယ်။

လီဖူချန်းဆီမှာသာ ရတနာပစ္စည်းတွေ ရှိနေမယ်ဆိုရင် ရှဟိုရှီရဲ့ လုပ်ကြံမှုက လွဲချော် သွားနိုင်သည် မဟုတ်ပါလား။

လီဖူချန်းဆီမှာ ရတနာ ပစ္စည်းတွေ မပါလာဘူး ဆိုတာ သေချာတဲ့ အခါမှာတော့ သူ့ရဲ့ လုပ်ကြံမှုက လွဲချော်စရာ အကြောင်း မရှိတော့ပါဘူး။

သာမန် မြေကမ္ဘာ အဆင့်၃ ပညာရှင် တစ်ယောက် သည်အထိ ရောက်လာတယ် ဆိုကတည်းက လီဖူချန်းရဲ့ ပါရမီနဲ့ အလားအလာက ဘုရင် အတန်းအစား ထဲမှာ ပါနေပြီဆိုတာ သိသာ လွန်းနေပါတယ်။

အရှေ့ ယူနီကွန်း တိုက်ကြီးမှာက ဘုရင်အဆင့် အလားအလာ ရှိတဲ့ လူငယ်မျိုးဆက်တွေ သိပ်မရှိပါဘူး။ ရှဟိုရှီ အတွက်ကတော့ ထိုလို လူစားမျိုး တစ်ယောက် လျော့သွားလေလေ ပိုကောင်း လေလေပါပဲ။

သူ့ရဲ့ အလစ်အငိုက်ဖမ်း ထိုးလိုကိတဲ့ လက်သီးက လျင်မြန်စွာဖြင့် လီဖူချန်းဆီကို တိုးဝင်သွားခဲ့ပါတယ်။ သူ့လို မြေကမ္ဘာ နယ်ပယ် အဆင့် ၆ပညာရှင် တစ်ယောက် ထိုးလိုက်တဲ့ လက်သီးက လီဖူချန်းကို လုံးဝ သေချာပေါက် ထိမယ်လို့ ရှဟိုရှီက ယုံကြည် ထားပါတယ်။

‘သေလိုက်တော့ ကောင်လေး ...။ နောက်ဘဝကျရင် သာမန်လူ အဖြစ်နဲ့ပဲ မွေးလာခဲ့ '

ရှဟိုရှီက လီဖူချန်းအတွက် စိတ်ထဲကနေတောင် ဆုမွန်ကောင်းတွေ တောင်းပေး နေလိုက် ပါသေးတယ်။

ဝှီး ...

ဒါပေမဲ့လည်း သူ့ရဲ့ လက်သီးက လေဟာနယ်နဲ့ပဲ မိတ်ဆက် လိုက်ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လီဖူချန်းက သူ့ရဲ့မြင်ကွင်းကနေ ပျောက်ချင်းမလှ ပျောက်သွားခဲ့လို့ပါပဲ။ လီဖူချန်း ရဲ့ ပုံရိပ်က သိပ်မဝေးလှတဲ့ နေရာတစ်ခုကနေ ပြန်ပေါ်လာပါတယ်။

“မင်းငါ့ကို လုပ်ကြံချင်လို့ အကွက်ဆင်တယ် ဆိုတာကို ငါရိပ်မိတယ်"

လီဖူချန်းက အေးစက်စက် လေသံဖြင့် ပြောလိုက်ပါတယ်။ ရှဟိုရှီကတော့ အလျင်အမြန် ပြုံးလိုက်ပြီး ဘာမှ မလုပ်ထားသည့် ပုံဖြင့်

“လုပ်ကြံတာ မဟုတ်ပါဘူး ညီလေးလီရာ။ အစ်ကိုက ညီလေးရဲ့ အစွမ်းအစကို စမ်းသပ် ကြည့်တာပါ။ ညီလေးလီနဲ့ အစ်ကို့ကြားမှာ ဘာရန်ငြိုးမှ ရှိမနေတာ။ အစ်ကိုက ညီလေးကို ဘာဖြစ်လို့ လုပ်ကြံရမှာလဲ။ ညီလေးလီကတော့ အစ်ကို့အပေါ်မှာ အထင်လွဲနေပြီနဲ့ တူတယ်”

“မင်းရဲ့ စမ်းသပ်တာ ကလည်း ငါသာ မရှောင်နိုင်ရင် သေသွားလောက်ပြီ“

လီဖူချန်းကတော့ အေးစက်စက် ပြန်တုံ့ပြန် လိုက်ပါတယ်။ ရှဟိုရှီက အစွမ်းကုန် ပြုံးထားပြီး

“အစ်ကိုက အားနည်းနည်း ပိုသုံးမိ သွားရုံလေးပါပဲကွာ။ ပြီးတော့ ... ညီလေးလီ စိတ်မပူပါနဲ့။ ညီလေးလီက အစ်ကို့ လက်သီးကို မရှောင်နိုင်ဘူး ဆိုရင် အစ်ကို အားလျှော့ ပစ်ဖို့ စဉ်းစား ပြီးသားပါပဲ”

“ရပါပြီ။ ကျေးဇူးလည်း တင်ပါတယ်။ နောက်မှ တွေ့တာပေါ့ "

လီဖူချန်းက ရှဟိုရှီလို စကားကို အမျိုးမျိုး လှည့်ပတ် ပြောနေတဲ့ သူနဲ့ ဆက်ပြီး ပြောချင်စိတ် မရှိတော့ပါဘူး။ သည်လို လူစားမျိုးက တကယ့်ကို ကြောက်စရာ ကောင်းသည့် လူစားမျိုးပါပဲ။  မြေပွေးကို ခါးပိုက် ပိုက်ထားသည့် သူကမှ တော်ကာ ကျပါဦးမည်။

သည်လောက ပေါ်မှာတော့ ရှဟိုရှီလို လူစားမျိုးက သိပ်တော့လည်း မရှားလှပါဘူးလေ။ အချို့ဆိုရင် အောင်မြင် ကျော်ကြားသည့် ပညာရှင်တွေတောင် ဖြစ်နေကြသည် မဟုတ်ပါလား။ တာအို လမ်းစဉ်မှာတော့ အမှားနဲ့ အမှန်ဆိုတာ မရှိပါဘူး။

ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ အတိုင်း ပြုမူ ဆောင်ရွက် နေတာကိုက တာအို လမ်းစဉ်နောက်ကို လိုက်နေတာပါပဲ။ ဒဏ္ဍာရီတွေထဲမှာလည်း ဆိုးယုတ်သည့် အကျင့်ရှိသည့် မဟာ ထိပ်သီး ပညာရှင်တွေ ရှိခဲ့ တာပါပဲလေ။ အဲသည်အတွက် လီဖူချန်းရဲ့ အမြင်မှာတော့ ရှဟိုရှီက သိပ်ပြီး ကြောက်စရာ ကောင်းလွန်းပါတယ်။

သည်လိုလူက အတူတကွ ရယ်နေရင်းနဲ့တောင် လူတစ်ယောက်ကို အလွယ်ကလေး လုပ်ကြံ နိုင်သည်လေ။ သူတို့ရဲ့ လုပ်ကြံမှု မအောင်မြင်ရင်တောင်မှ သူတို့က အထင်လွဲမှား နေကြောင်းကို စီကာပတ်ကုံး ရှင်းပြနေဦးမှာပါ။

လီဖူချန်းက သည်အဖြစ်အပျက်ကို သင်ခန်းစာ တစ်ခုအဖြစ် သဘောထားပြီး ရှေ့ဆက် သွားလိုက်ပါတော့တယ်။

***

All Chapters