← Chapters

တတိယနေရာကို ဘယ်သူယူမလဲ

Vol. 005 Ch. 411

တတိယနေရာကို ဘယ်သူယူမလဲ

Vol. 005 Ch. 411

ယူချင်းက ယွန်ယွဲ့စင်မြင့်ပေါ်တွင် ဝင့်ကြွားစွာ ရပ်နေသည်။ ထိုအခိုက်တွင် လူတိုင်းက သူ့အား ခြားနားသော အကြည့်ဖြင့် ကြည့်နေကြသည်။ သူက မိစ္ဆာသွေး လက်ဝါးနေ့ယွန်ကို ထိုမျှ မြန်ဆန်စွာ အနိုင်ယူခဲ့သည်။ သူက ဘယ်လောက်တောင် အားကောင်းသလဲ...။

သည်မတိုင်မီက ရီရှောင်က စွမ်းအားအမြင့်ဆုံး ဖြစ်ရမည်ဟု လူတိုင်းက တွေးထင်ခဲ့ကြသည်။ သို့သော်လည်း ကြည့်ရသည်မှာ စွမ်းအားအမြင့်ဆုံး အကူကား စင်မြင့်အလယ်မှ နတ်ဘုရားအလား လူငယ်ပင် ဖြစ်ရပေမည်။

စင်မြင့်အောက်တွင် ချန်းဖန်က တိုက်ပွဲတစ်ခုလုံးကို မြင်လိုက်ရသည်။ ထိုအခိုက်တွင် သူ၏ မျက်နှာက ကြီးစွာ ပျက်ယွင်း သွားသည်။ ရီဖူရှင်းတို့က တမင် အဘယ်ကြောင့် အရှုံးမခံလိုသည်ကို သူနားလည် လိုက်သည်။

သူတို့တွင် ယူချင်း ရှိနေမှတော့ အဘယ်ကြောင့် အရှုံးခံရမည်နည်း...။ ရီရှောင်က အတော်ဆုံးဟု မည်သူက ပြောသနည်း...။ အကယ်၍ ယူချင်းက နောက်ဆုံး တိုက်ပွဲတွင် ပါဝင် တိုက်ခိုက်ပါက ရလဒ်က ကွဲပြားခြားနား သွားမည်ဖြစ်ကာ ချန်းဖန်ကလည်း ပြိုင်ပွဲမှ ထွက်ရမည် မဟုတ်ပေ။

ဝမ်မိသားစုဘက် ပွဲကြည့်စင်ပေါ်တွင် တန်ခိုးရှင်များ အားလုံးက အံ့အားသင့် နေကြသည်။ ခေါင်းဆောင်၏ မျက်လုံးများကပင် အရောင်များ လက်နေကာ သူတို့က ပြိုင်ပွဲရလဒ် မည်သို့ဖြစ်ပါစေ ယူချင်းအား ဝမ်မိသားစုထဲသို့ ဝင်ရန် ဆွဲဆောင်ရမည်ဟု တွေးတောနေသည်။ ယူချင်းက မွေးရာပါ ကြီးမားသန်စွမ်းသော အားအင်များဖြင့် ပါရမီရှင်ဖြစ်ပြီး နောင်တွင် အလွန် အားကောင်းသော တန်ခိုးရှင် ဖြစ်လာမည်မှာ သေချာနေသည်။ ယူချင်းက မည်သည့် တိုက်ကွက် နည်းစနစ်မှ မသုံးဘဲနှင့်ပင် သူကား ပြိုင်ဘက်ကင်း နေလေပြီ...။ ထိုနည်းစနစ်များကို အသုံးပြုပါက သူက မည်မျှ အားကောင်း လာမည်နည်း...။

ဝမ်မိသားစု ခေါင်းဆောင်က သူ့အောက်နားမှ ဝမ်လင်းဖန်ကို ကြည့်ကာ ပြောသည်… “ဝမ်လင်းဖန်… အရမ်းကောင်းတယ်…” ဝမ်လင်းဖန်က အရိုအသေပေးကာ ပြန်ပြောသည်… “ကျေးဇူးတင်ပါတယ်… ခေါင်းဆောင်…”

ထိုအခိုက်တွင် ဝမ်လင်းဖန်သည်လည်း ထိတ်လန့်နေသည်။ ယူချင်းကား အားကောင်းလွန်း လှသည်။ သူကဲ့သို့သော လူအား အမှန်တကယ်ပင် ရှမ်းဟိုင်နှင့် ရှမ်းချိန်တို့က အရှက်ခွဲကာ ကျောက်စိမ်းဖြူ မျှော်စင်မှ နှင်ထုတ်ခဲ့ကြသည်။ ထိုအဖြစ်အား မည်သို့ နားလည်ရမည်ကိုပင် ဝမ်လင်းဖန်က မသိတော့ပေ။ အကယ်၍ ယွန်ယွဲ့ကုန်သည် အုပ်စုကသာ ထိုကိစ္စကို သိသွားပါက သူတို့ မည်သို့ နေမည်နည်း...။

ထိုလူများ၏ အမူအရာများက လွန်စွာ စိတ်ဝင်စားဖွယ် ကောင်းမည်ကို ဝမ်လင်းဖန် မြင်နိုင်ပေသည်။

ယွန်ယွဲ့ကုန်သည် အုပ်စုက ထိုကိစ္စကို အမှန်တကယ်လည်း မသိပေ။ ကျောက်စိမ်းဖြူ မျှော်စင်မှ ကိစ္စမှာ သူတို့အတွက် သာမန် အသေးအမွှား အဖြစ်အပျက်များသာ ဖြစ်သည်။ အရေးကြီးသော လူများအတွက် ထိုအဖြစ်အပျက်များကို ကြားသိကြမည် မဟုတ်ပေ။

လက်ရှိတွင် ယွန်ယွဲ့ကုန်သည် အုပ်စုဘက်မှ လူများအားလုံး အလွန် ထိတ်လန့်နေကြသည်။ နေ့ယွန်က ရှုံးနိမ့်သွားရာ သူတို့က အဖွဲ့လေးခု အတွင်းတွင် ချက်ချင်း အားအနည်းဆုံး နေရာသို့ ရောက်သွားသည်။ ပထမက တခြား အင်အားစုများထက် အရေအတွက် နည်းသော်လည်း သူတို့တွင် ကျန်ရှိသော နှစ်ယောက်မှာ နေ့ယွန်နှင့် ရီရှောင်တို့ဖြစ်သည်။ ထို့ကြောင့် ယွန်ယွဲ့ကုန်သည် အုပ်စုက အားနည်းသည်ဟု မည်သူမှ မထင်ကြပေ။ ရှမ်းဖေးယူ၏ အထက်စီးဆန်မှုကြောင့် လျှပ်စီးကလန်နှင့် ဖန်းမိသားစုတို့က သူတို့၏ လူတစ်ယောက်ကိုပင်လျှင် ထုတ်ပယ်ခဲ့ကြသည်။ ထို့နောက် ရှမ်းဖေးယူက ဝမ်မိသားစုထဲမှ တစ်ယောက်မှ မကျန်အောင် ရှင်းထုတ်ပစ်မည်ဟု မောက်မာစွာ ပြောခဲ့သည်။ သို့သော်လည်း ယူချင်းက နေ့ယွန်ကို အနိုင်ယူလိုက်သည်နှင့် အထက်စီးဆန်ကာ မောက်မာသော ယွန်ယွဲ့ကုန်သည် အုပ်စုကား ယခု သနားစဖွယ် အကောင်းဆုံး အခြေအနေ အဆိုးဆုံးနေရာသို့ ရောက်ရှိ သွားတော့သည်။

ယမန်နှစ်က ပထမရထားခဲ့သော ယွန်ယွဲ့ကုန်သည်အုပ်စုကား ယခုနှစ်တွင် နောက်ဆုံးကို ရောက်ရန်မှာ သေချာသလောက် ဖြစ်နေလေပြီ...။

ယူချင်းက ရှမ်းဖေးယူ၏ဘေးမှ ရီရှောင်ကို ကြည့်ကာ တစ်ခွန်းတည်း ပြောသည်… “ထွက်လာခဲ့…”

လူအများအပြားက စိတ်ဝင်စားစွာ ကြည့်ကြသည်။ ရီရှောင်က ဘာမှ မပြောရသေးခင်တွင်ပင် ယူချင်းက ထိုနေရာတွင်ရပ်လျှင် ရီရှောင်ကို စိန်ခေါ်သည်။

စည်းမျဉ်းအရ ယွန်ယွဲ့ကုန်သည် အုပ်စုမှ စိန်ခေါ်ရမည် ဖြစ်သော်လည်း အမှန်တကယ်အားဖြင့် ယွန်ယွဲ့ကုန်သည် အုပ်စုဘက်မှ  စိန်ခေါ်မည့်အကူမှာ ရီရှောင် တစ်ယောက်တည်းသာ ကျန်တော့ရာ ယူချင်းက သူ့အား စိန်ခေါ်ခိုင်းခြင်းမှာ ဘောင်ဝင် နေသေးပေသည်။

ရီရှောင်၏ အမူအရာက အေးစက်နေပေသည်။ နေ့ယွန်အား ချက်ချင်း အနိုင်ယူနိုင်သည့်လူအား အနိုင်ရနိုင်မည်ဟု သူကိုယ်တိုင်က ယုံကြည်ချက် မရှိပေ။ ရီရှောင်က မျက်နှာ သုန်မှုန်နေသော ရှမ်းဖေးယူအား ကြည့်သည်။

သူတို့ ဆက်သင့်သလား...။

သူတို့က ဆက်လက်စိန်ခေါ်၍ ရီရှောင်က အနိုင်ရလျှင် အရာအားလုံးက အဆင်ပြေပေသည်။ သို့သော် အကယ်၍ ရီရှောင် ရှုံးနိမ့်ခဲ့လျှင်ရော...။ ယွန်ယွဲ့ကုန်သည် အုပ်စုက အကူတစ်ယောက်မှ မပါဘဲ အုပ်စုဖွဲ့တိုက်ပွဲထဲကို ဝင်ရောက်ရလိမ့်မည်။ သို့ဆိုလျှင် အဆုံးတွင် သူက ရှုံးနိမ့်ရမည်မှာ သေချာသည်။ တခြားသုံးဖွဲ့က သူ့အား ဦးစွာ တိုက်ခိုက်ကြမည်မှာ သေချာပေသည်။

ယမန်နှစ်က ယွန်ယွဲ့ကုန်သည် အုပ်စုက ပထမ ရခဲ့သည်။ ယခု သူတို့က တတိယ သို့မဟုတ် နောက်ဆုံးနေရာကို မည်သို့ လက်ခံရမည်နည်း...။

ရှမ်းဖေးယူက တွန့်ဆုတ်နေသည်ကို မြင်လျှင် ယူချင်း၏ စွမ်းရည်က ရှမ်းဖေးယူအား ကြောက်ရွံ့စေသည်ကို လူတိုင်းက သိကြသည်။ ခုနက သူပြောခဲ့သော စကားများကား ဟာသတစ်ခုထက် မပိုပေ။

ဝမ်မိသားစုမှ လူများ အားလုံးကို ရှင်းထုတ်မည်လား...။ ယခုကား သူက ရီရှောင်ကိုပင်လျှင် မစေလွှတ်ရဲတော့ပေ...။

ရုတ်တရက် ဝမ်မိသားစုက ပြောသည်… “ယွန်ယွဲ့ကုန်သည် အုပ်စု… မင်းတို့ ဘာကို စောင့်နေကြတာလဲ…” ထိုစကားက ပထမက ယွန်ယွဲ့ကုန်သည်အုပ်စု၏ လှောင်ပြောင်မှုကို ပြန်လည် တုံ့ပြန်ခြင်း ဖြစ်ဟန်ရသည်။

ရှမ်းဖေးယူက သူ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်သည်။ နောက်ဆုံးတွင် သူက ဆုံးဖြတ်ပြီးဟန်ဖြင့် ပြောသည်… “ကျုပ်တို့ စိန်ခေါ်ခွင့်ကို လက်လျှော့တယ်…” သူက နောက်ဆုံး တိုက်ပွဲတွင် ရီရှောင်ကို လိုအပ်ပေသည်။

ယူချင်းက ရှမ်းဖေးယူနှင့် ရီရှောင်ကို ကြည့်ကာ ပြောသည်… “မင်းတို့က မထွက်လာရဲရင်လည်း ပါးစပ်ပိတ်ထား…” ထို့နောက် သူက နောက်လှည့်ကာ မူလနေရာသို့ လျှောက်လာသည်။ ရှမ်းဖေးယူကား ဒေါသထွက်လွန်း၍ မျက်လုံးများက မီးဝင်းဝင်း တောက်နေသည်။

အင်အားစုလေးခုတိုင်းမှ တန်ခိုးရှင်များက မိမိတို့ နေရာကိုယ်စီသို့ ပြန်ရောက်လာကြသည်။ ယခုကား ဝမ်မိသားစု၏ အသာစီးရမှုက သိသာနေပြီဖြစ်သည်။ သူတို့တွင် အကူသုံးယောက် ကျန်ရှိကာ အားလုံးက အလွန် စွမ်းကြသူများဖြစ်သည်။

လျှပ်စီးကလန်နှင့် ဖန်းကလန်တို့က နှစ်ယောက်စီကျန်ရှိကာ ယွန်ယွဲ့ကုန်သည် အုပ်စုတွင် ရီရှောင်တစ်ယောက်သာ ကျန်တော့သည်။ သို့သော်လည်း လာမည့်တိုက်ပွဲက အကူများသာ မဟုတ်တော့ပေ။ ကလန်လေးခုမှ တပည့်များကလည်း ဝင်ရောက် တိုက်ခိုက်ကြတော့မည် ဖြစ်သည်။

ဒေါင်…

စည်တော်သံတစ်ချက် မြည်ဟည်းသွားလျှင် လေထုအား ပိုမိုတင်းမာစေသည်။ နောက်ဆုံးတိုက်ပွဲက ရောက်ရှိလာပြီ ဖြစ်သည်ကို လူတိုင်းက သိကြသည်။

“ပြိုင်ပွဲရဲ့ အဆင့် သတ်မှတ်ချက်ကို ဘယ်အဖွဲ့က ဦးဆုံးထွက်ရလဲ အပေါ် မူတည်ပြီးတော့ ဆုံးဖြတ်မယ်… ပထမဆုံး ထွက်ရတဲ့အဖွဲ့က နောက်ဆုံး အဆင့်ကို ရမယ်… ဒုတိယမြောက် ထွက်ရတဲ့ အဖွဲ့က တတိယ နေရာရမယ်… တတိယမြောက် ထွက်ရတဲ့အဖွဲ့က ဒုတိယ နေရာရမယ်.. နောက်ဆုံး ကျန်တဲ့အဖွဲ့က ပထမနေရာကို ရမယ်…” စည်တော်အနီးမှ တစ်ယောက်က ကြေညာသည်။

“မင်းတို့စလို့ ရပြီ…” သူက ထိုသို့ ပြောပြီးသည်နှင့် စင်မြင့်ပေါ်တွင် ရှမ်းဖေးယွန်နှင့် ရီရှောင်တို့က အေးစက်သော အမူအရာဖြင့် ထရပ်ကြသည်။

လျှပ်စီးကလန်နှင့် ဖန်းမိသားစုတို့ကလည်း တစ်ယောက်ပြီး တစ်ယောက် ထရပ်ကြသည်။

ဝမ်ယွီရိုက သူမ၏ဘေးမှ​ ရီဖူရှင်းတို့အား ကြည့်လျှင် ရီဖူရှင်းတို့ အားလုံးက သူတို့နေရာတွင်ပင် တည်ငြိမ်စွာ ထိုင်နေသည်ကို မြင်ကြရသည်။

“သူတို့က ငါတို့ကို ပစ်မှတ်ထား တိုက်ခိုက်ကြလိမ့်မယ်…” ဝမ်ယွီရိုက တိုးညင်းစွာ ပြောသည်။ ထိုအခိုက်တွင် သူမက ပိုမို၍ စိုးရိမ်လာသည်။ သူမတို့က အသာစီးရသော အနေအထားတွင် ရှိနေသော်လည်း အန္တရာယ်အရှိဆုံး အခြေအနေလည်း ဖြစ်သည်။ တခြား ကလန်သုံးခုက သူမတို့၏ အသာစီးရနေမှုကို သည်အတိုင်း ကြည့်နေကြမည် မဟုတ်ပေ။

အမှန်ပင် ဝမ်ယွီရိုက ထိုသို့ပြောပြီးသည်နှင့် တခြား အင်အားစုသုံးခုက သူမတို့အား အာရုံစိုက်နေသည်ကို သတိထားမိသည်။ ဝမ်မိသားစုကလည်း ထိုမြင်ကွင်းကို သတိထားမိကာ မျက်နှာ ပျက်သွားကြသည်။ ယူချင်း ပြသခဲ့သော တိုက်ခိုက်ရေး စွမ်းရည်က အလွန် အားကောင်းရာ တခြား အင်အားစုများက ဝမ်မိသားစုကို အန္တရာယ်အဖြစ် သတ်မှတ်ထားကြပြီး ဖြစ်သည်။

ဝမ်မိသားစုက နောက်ဆုံးနေရာသို့ ရောက်သွားနိုင်ချေ ရှိနေသေးပေသည်။ တခြား အင်အားစုသုံးခုက ပူးပေါင်းပါက သူတို့က ခုခံရန် လွယ်ကူမည် မဟုတ်တော့ပေ။ ထို့အပြင် တခြား အဖွဲ့သုံးခုမှ ပင်မတပည့် သုံးယောက်က ဝမ်ယွီရိုအား သုံးယောက် ဝိုင်းဝန်းတိုက်ခိုက် နိုင်ပေသေးသည်။

သည်တိုက်ပွဲက ရှစ်ယောက်နှင့် လေးယောက် တိုက်ပွဲဟုပင် ပြောနိုင်သည်။

ယူချင်းက အလွန်အမင်း အားကောင်းသော်လည်း ဝမ်မိသားစုက ပြိုင်ပွဲကို အနိုင်ရမည့်ပုံ မပေါ်ပေ။

ရှမ်းဖေးယူ၊ ဖန်းယွီနှင့် လေရှမ်းထန်တို့လည်း အလွန် အားကောင်းကြပေသည်။ သူတို့က သူတို့မိသားစု၏ အဆင့်နိမ့် အကာနာများတွင် အတော်ဆုံးများ ဖြစ်ကြပေသည်။

“ဒီနေ့ ကျုပ်တို့ ရှုံးခဲ့ရင်တောင် ဒါက ကံမကောင်းလို့ပဲ… ဝမ်မိသားစုက ဘယ်သူကမှ ဝမ်ယွီရိုနဲ့ သူမရဲ့လူတွေကို အပြစ်မတင်ရဘူး… ပြီးတော့ ပြိုင်ပွဲပြီးရင် သူတို့ တောင်းဆိုထားတဲ့ အရာတွေကို လိုက်လျောပေးလိုက်…” ဝမ်မိသားစု ခေါင်းဆောင်က ပြောသည်။

“ဟုတ်ကဲ့ ခေါင်းဆောင်…” သူ့အနီးမှ လူများက ခေါင်းညိတ်ကြသည်။ သူက ထိုသို့ပြောသည်မှာ ဝမ်ယွီရိုတို့အား အပြစ်တင်မည့်လူ အနည်းငယ် ရှိနေမည်ကို သူကစိုးရိမ်၍ ဖြစ်သည်။ ထိုသို့သော အခြေအနေ ဖြစ်လာမည်ကို သူက မလိုလားပေ။

သူတို့က ရှုံးနိမ့်ခဲ့လျှင်ပင် ထိုအရာက ဝမ်ယွီရိုတို့အဖွဲ့၏ အမှားကြောင့် မဟုတ်ပေ။ ထိုအကူသုံးယောက်က ဝမ်မိသားစုကို မပူးပေါင်းခဲ့လျှင်ပင် ခေါင်းဆောင်က သူတို့နှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းထားမည် ဖြစ်သည်။ တစ်ခါတစ်ရံ ရှုံးနိမ့်ခြင်းကလည်း ရှက်စရာ မဟုတ်ပေ။

သူတို့က ထိုသို့ပြောပြီးလျှင် ဝမ်မိသားစုက တိုက်ပွဲစင်မြင့်ကို ကြည့်ကာ အရှုံးအတွက် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများ လုပ်ဆောင် ထားကြသည်။ သူတို့က ပြိုင်ပွဲ၏ ရလဒ်ကို သိပ်မမှန်း ထားကြတော့ပေ။

အင်အားစုသုံးခုမှ လူများက ပြောနေစရာမလိုဘဲ ဝမ်မိသားစုဘက်ကို လျှောက်လာကြသည်။ ယွန်ယွဲ့ကုန်သည် အုပ်စုက အဘယ်ကြောင့် ထိုသို့လုပ်ရသည်မှာ ရှင်းလင်းပေသည်။ ဖန်းမိသားစုနှင့် လျှပ်စီးကလန်တို့မူကား ယွန်ယွဲ့ကုန်သည် အုပ်စုနှင့် ဝမ်မိသားစုတို့ကို ဦးစွာ ဖယ်ထုတ်ရန် ကြိုးစားမည်ဖြစ်ပြီး ထို့နောက်တွင်မှ သူတို့က ပထမနေရာအတွက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ဝမ်ယွီရိုက တခြားအင်အားစုမှ လူများအား အေးစက်စွာ ကြည့်သည်။ ထို့နောက် သူမက ရီဖူရှင်းအား ကြည့်ကာ ပြောသည်… “ယူချင်းက အရမ်း အားကောင်းမယ်ဆိုရင် ကျွန်မက စိန်ခေါ်ခွင့်ကို အလွယ်တကူ လက်လျှော့လိုက်မှာ မဟုတ်ဘူး… ဒါဆို ကျွန်မတို့က ဒီလိုအခြေအနေ ကြုံရမှာ မဟုတ်ဘူး…”

ရီဖူရှင်းက ဘာမှ ထပ်မပြောတော့ပေ။ ဝမ်ယွီရိုက ထပ်ပြောသည်… “ရှင် ဘာကို ကတိပေးခဲ့တယ် ဆိုတာကို သတိရပါ… ကျွန်မတို့မနိုင်ရင် ရှင်က ကျွန်မပြောတာ လုပ်ရမယ်…”

ရီဖူရှင်းက ပြုံးကာ ဝမ်ယွီရိုအား ကြည့်သည်။ သည်အချိန်တွင်ပင် သူမက ထိုကိစ္စအား အမှန်တကယ် တွေးတောနေသည်။ ကြည့်ရသည်မှာ သူမက တုံးအနေသည်တော့ မဟုတ်ပေ။ ယူချင်း၏ စွမ်းရည်များကို မြင်တွေ့ပြီးနောက် သူမက ပြိုင်ပွဲတွင် ပထမ မရခဲ့လျှင်ပင် ယူချင်းအား ဝမ်မိသားစုထဲကို ဆွဲခေါ်နိုင်ပါက အကျိုးအမြတ်ကြီးစွာ ရပေလိမ့်မည်။

“မင်းဘာသာပဲ သတိရပါ…” ရီဖူရှင်းက ပြုံးသည်။ ထို့နောက် သူက ထရပ်ကာ စင်မြင့်အလယ်သို့ လျှောက်သွားသည်။ ယူချင်းနှင့် ရီဝူချင်းက သူ့နောက်မှ လိုက်ပါသွားကြသည်။ ဝမ်ယွီရိုကလည်း သူ့နောက်မှ လိုက်ပါမည်လုပ်လျှင် ရီဖူရှင်းက ပြောသည်… “ဒီမှာပဲနေပြီး ကြည့်နေ…”

“...” ဝမ်ယွီရို မျက်လုံးပြူး သွားသည်။ သူက ဘာကို တွေးနေသနည်း...။ တခြား ကလန်သုံးခုမှ ပါရမီရှင်များကို သူက အမှိုက်များဟု ထင်နေသည်လား...။

ယူချင်းက မိစ္ဆာသွေးလက်ဝါး နေ့ယွန်ကို အနိုင်ယူခဲ့သော်လည်း တခြား အင်အားစုမှ အကူများကလည်း နေ့ယွန်ထက် မညံ့ကြပေ။ ထို့အပြင် ရှမ်းဖေးယူ၊ ဖန်းယွီနှင့် လေရှမ်းထန်တို့ အားလုံးကလည်း အလွန် အားကောင်းကြသည်။

ကလန်သုံးခုမှ လူများက ရီဖူရှင်း၊ ယူချင်းနှင့် ရီဝူချင်းတို့ကို ဝန်းရံထားကြသည်။ ရီဖူရှင်းက ယွန်ယွဲ့ကုန်သည် အုပ်စုမှ လူနှစ်ယောက်ကို ရင်ဆိုင်ထားသော အချိန်တွင် ယူချင်းက လျှပ်စီးကလန်မှ သုံးယောက်ကို ရင်ဆိုင်ထားသည်။ တစ်ဖက်တွင် ရီဝူချင်းက ဖန်းမိသားစုမှ သုံးယောက်ကို ရင်ဆိုင်ထားသည်။

“မင်းတို့ အရှုံးပေးသင့်တယ်…” ဖန်းယွီက ပြောသည်။ သူက မတိုက်ခိုက်လိုပေ။

“ကျုပ်လည်း ဒီလိုပဲ ထင်တယ်…” လျှပ်စီးကလန်က ခေါင်းညိတ်သည်။ ရီဖူရှင်းနှင့် သူ့သူငယ်ချင်းတို့က အရှုံးပေးလိုက်သည်နှင့် ဖန်းမိသားစုနှင့် လျှပ်စီးကလန်တို့က အနည်းဆုံး ဒုတိယ ရပေမည်။

“ယွန်ယွဲ့ကုန်သည် အုပ်စုက နောက်ဆုံးနေရာကို ရလိမ့်မယ်… ဘယ်သူက တတိယ နေရာကို လိုချင်လဲ…” ရီဖူရှင်းက ရုတ်တရက် ပြောသည်။ သူက ထိုသို့ ပြောပြီးသည်နှင့် လူတိုင်းက အခိုက်အတန့်အားဖြင့် မှင်တက် သွားကြသည်။ တိုက်ပွဲစင်မြင့်အောက်မှ​ လူများအားလုံး၏ မျက်နှာတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာကြသည်။

ယွန်ယွဲ့ကုန်သည် အုပ်စုက နောက်ဆုံးနေရာကို ယူရမည်ဖြစ်ကာ လျှပ်စီးကလန်နှင့် ဖန်းမိသားစုတို့က ဘယ်သူက တတိယနေရာကို ယူမလဲဟု မေးသည်။ ထိုအရာက အမှန်ပင်…

“ပြိုင်ပွဲရဲ့ အဆင့် သတ်မှတ်မှုကို မင်းက ဆုံးဖြတ်မယ်လို့ ပြောချင်တာလား…” ဖန်းယွီက ပြုံးလျက်မေးသည်။ သူက ထိုမျှ မောက်မာသောလူအား မမြင်ဖူးပေ။ ယူချင်းက အလွန် အားကောင်းသည့်တိုင်… ရီဖူရှင်းနှင့် ရီဝူချင်းတို့ကလည်း အားကောင်းသည့်တိုင် ရီဖူရှင်းက ကျန်လူများ အားလုံးကို အမှန်ပင် မျက်နှာသာ ပေးဟန် မရပေ။

သူကား အမှန်ပင် မောက်မာ လှပေသည်။

ရီဖူရှင်းက ဖန်းယွီကို ကြည့်သည်။ ပြုံးလျက်ပင် သူက ပြန်ပြောသည်… “ဒါ မှန်တယ်…”

ဝုန်း…

လွန်စွာ ကြမ်းတမ်းသော ကိုယ်ရောင်ကိုယ်ဝါ တစ်ခု သူ့ထံမှ ဖြာထွက်လာသည်။ ရီရှောင်က သူ့၏ခန္ဓာကိုယ်အား ရွှေရောင်အလင်းများ လင်းဖြာလျက် ရှေ့ကို လျှောက်လာသည်။

ဘန်းခနဲ မည်သံနှင့်အတူ ရီရှောင်က ရီဖူရှင်းထံကို တစ်ဟုန်ထိုး ပြေးလာသည်။ ကြောက်မက်ဖွယ် ကောင်းသော လက်ဝါးပုံရိပ်တစ်ခု ပေါ်လာကာ လေဟာနယ်ကို ဖြတ်ကျော်လျက် ရီဖူရှင်းထံကို လာရောက် ဆုပ်ကိုင်သည်။ ရီဖူရှင်းက သူ့ထံ ပြေးဝင်လာသော ရီရှောင်အား ကြည့်နေရင်းက သူ၏ မျက်လုံးများက ပိုမိုစူးရှသွားသည်။ လေတိုးသံများနှင့်တူ မရေမတွက်နိုင်သော နွယ်ပင်များက ရုတ်တရက် ကောင်းကင်ယံကို ဖုံးလွှမ်းသွားသည်။ သူတို့က ရီရှောင်ထံသို့ မြန်ဆန်စွာဖြင့် တိုးဝင် သွားကြသည်။

“မှော်တိုက်ကွက်က ခုနကနဲ့ မတူတော့ဘူး…” လူတိုင်း၏ အမူအရာများ ပြောင်းလဲ သွားကြသည်။ ထိုတိုက်ကွက်က နွယ်ပင်တစ်ထောင် ချုပ်နှောင်တိုက်ကွက်နှင့် တူဟန် ရသော်လည်း အရောင်အဆင်းနှင့် သိပ်သည်းမှုက လွန်စွာ ကွာခြားသွားသည်။

ကြောက်မက်ဖွယ် နွယ်ပင်များက ရောက်ရှိလာသော လက်ဝါးပုံရိပ်အား ရစ်ပတ်သွားသည်။ ထို့နောက် နွယ်ပင်များက ဆက်လက်၍ ရီရှောင်ထံကို တိုးဝင်သွားသည်။ နွယ်ပင်များက အလွန် များပြားပြီး အလွန်လည်း မြန်ဆန်ပေသည်။ ရီရှောင်၏ အမူအရာက ပြောင်းလဲသွားကာ သူ၏ခန္ဓာကိုယ် အနီးတွင် များစွာသော ဧရာမလက်ဝါးပုံရိပ်များ ဖြစ်ပေါ်လာပြီး နွယ်ပင်များကို ကာကွယ်ရန် ကြိုးစားသည်။ သို့သော်လည်း နွယ်ပင်များက အဆုံးသတ်ဟန်မရဘဲ ခဏအတွင်းတွင်ပင် သူ့အား နွယ်ပင်များကြားထဲတွင် နစ်မြုပ်သွားသည်ကို မြင်ရသည်။ ထို့နောက်တွင် သူ့အား ကောင်းကင်တွင် နွယ်ပင်များဖြင့် ရစ်ပတ်လျက် တွဲလောင်း ဆွဲထားသည်ကို မြင်ကြရသည်။

ရီရှောင်က သူ၏ခန္ဓာကိုယ်ကို ကိုယ်တိုင် ထိန်းချုပ်၍ မရတော့ဟု ခံစားရသည်။ သူကား လေထဲတွင် ဆွဲမြှောက်ခံထားရပြီး မလှုပ်ရှားနိုင်တော့ပေ။ မရေမတွက်နိုင်သော လူများက ထိုမြင်ကွင်းကို ကြည့်ကာ ရင်ထိတ်သွားကြသည်။

သူက အမှန်တကယ် ရီရှောင်လား...။

***

All Chapters