← Chapters

အပိုင်း၂၃၁

Vol. 17 Ch. 231

အပိုင်း၂၃၁

Vol. 17 Ch. 231

လီဖူချန်းကတော့ သူ့ရဲ့ ပြေးနှုန်းကို အနည်းငယ် မြှင့်လိုက်ကာ ပြေးထွက် သွားခဲ့ပါပြီ။ ရှဟိုရှီကတော့ လီဖူချန်းရဲ့ ကျောပြင်ကို ကြည့်ရင်းနဲ့ ကျန်နေခဲ့ ပါတော့တယ်။

အတန်ကြာမှာတော့ ရှဟိုရှီက ခပ်ပေါ့ပေါ့လေး ရယ်သွမ်း လိုက်ပါတယ်။

“အား ... နှမြောစရာ ကြီးကွာ…။ သည်ကောင့်ကိုသာ သတ်နိုင် လိုက်ရင်တော့ ငါ့ရဲ့ တာအို ခံယူချက်နဲ့ ကံကြမ္မာက အခုထက် ပိုပြီး ကောင်းလာ လောက်တယ်”

ရှေးလူကြီးတွေ ပြောနေကျ စကားတစ်ခွန်း ရှိပါတယ်။

‘ရှင်ဘုရင်ကို သတ်နိုင်တဲ့သူက ရှင်ဘုရင် ဖြစ်တယ်တဲ့ '

သည်စကားကို ဘယ်သူမှ သက်သေ မပြနိုင်ပေမဲ့လည်း လူအများစု ကတော့ စွဲမြဲစွာ ယုံကြည် တတ်ကျပါတယ်။ ရှဟိုရှီကလည်း ထိုသူတွေထဲက တစ်ယောက်ပါပဲ။ သည်အရှေ့ ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ ဘုရင်အဆင့် အလားအလာ ရှိတဲ့သူတွေက သိပ်ပြီးတော့ များများစားစား မရှိပါဘူး။

တကယ်လို့ သူသာ လီဖူချန်းလို ပါရမီရှင် တစ်ယောက်ကို သတ်လိုက် နိုင်မယ်ဆိုရင် သူ့ရဲ့ ကံကြမ္မာက အများကြီး ပြောင်းလဲ သွားနိုင်ပါလိမ့်မယ်။ ကံကောင်းရင် သူ့ရဲ့ အလားအလာက ကြယ်၆ပွင့် အရိုး တည်ဆာက်ပုံ ပိုင်ရှင်တွေနဲ့တောင် ယှဉ်နိုင်လာဦးမှာပါ။

***

ကြယ်တာရာ လမ်းမကြီးရဲ့ ချီစက်ကွင်းတွေက ပိုပိုပြီး အားကောင်းလာတဲ့ အတွက် လီဖူချန်းရဲ့ ပြေးနှုန်းတွေ ကလည်း လျော့ကျ လာခဲ့ပါပြီ။

လက်ရှိ ကြယ်တာရာ လမ်းမကြီးပေါ်မှာ တိုက်ခတ်နေတဲ့ လေပြင်းတွေက ရေလွှမ်းမိုး တာနှင့်တောင် ဆင်တူ နေပါသေးတယ်။

လူတစ်ယောက်က ခြေကုပ် ကောင်းကောင်း မယူထားနိုင်ရင်တော့ ရေစီးနှင့်အတူ လွင့်ပါ သွားမှာပါ။ ပြင်းထန်တဲ့ လေပြင်း မုန်တိုင်းကြောင့် လီဖူချန်းရဲ့ ခြေလှမ်းတိုင်းက အားအပြည့် စိုက်ထုတ် နေရပါပြီ။ သူ့ရဲ့ အဝတ်အစားတွေမှာလည်း ချွေးတွေက စိုရွှဲနေပါပြီ။

သည်လိုနဲ့ပဲ လီဖူချန်းက တတိယအဆင့်ရဲ့ နောက်ဆုံး အမှတ်ဖြစ်တဲ့ ကျွန်းကြီးကို ရောက်လာ ခဲ့ပါတော့တယ်။ ကြယ်တာရာ လမ်းမရဲ့ ပထမ အဆင့် စမ်းသပ်ချက် ကတော့ မိုးခြိမ်းသံပါ။ ဒုတိယ အဆင့် စမ်းသပ်ချက်ကတော့ မြူနှင်းရဲ့ မျက်လုံးပါ။ တတိယအဆင့် စမ်းသပ်ချက်ကတော့ ဆေဘာရဲ့ အသိပဲ ဖြစ်ပါတယ်။

အားနည်းတဲ့ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားတဲ့ သူတွေကတော့ ဆေဘာ အသိနဲ့ တစ်ချက်လောက် ပိုင်းလိုက်ရင်တောင် မေ့မြော သွားစေနိုင်ပါတယ်။

ဆေဘာ အသိဆိုတာက ထိပ်တိုက် ရင်ဆိုင်ဖို့က လွဲပြီး အခြားနည်းလမ်း မရှိပါဘူး။ လီဖူချန်းက ကျွန်းကြီးပေါ်ကို ခြေလှမ်းတစ်လှမ်း ချလိုက်တာနဲ့ တစ်ပြိုင်နက် အလင်းတန်းကြီး တစ်ခုက သူ့အပေါ်ကို တန်းပြီး ကျလာခဲ့ပါတယ်။

အဲသည် အလင်းတန်းကြီးက ဆေဘာအသိ တစ်ခုအသွင် ပြောင်းသွားပြီး လီဖူချန်းရဲ့ စိတ်ဝိညာဉ်ကို ခုတ်ပိုင်း ပစ်လိုက်ပါတယ်။

ချွမ် ...

လီဖူချန်းရဲ့ စိတ်ဝိညာဉ်က ဆေဘာအသိနဲ့ ထိတွေ့လိုက်တဲ့ အခါမှာတော့ တွန့်လိမ်ရှုံ့တွ သွားခဲ့ပါပြီ။

‘အားယား ... ကျင့်ကြံမှု အဆင့်မြင့်တာက သည်နေရာမှာတော့ ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး။ သည်ဆေဘာ အသိကို ခုခံနိုင်တာက ငါ့ရဲ့ စိတ်ဝိညာဉ် ခွန်အားကြောင့်ပဲ'

လီဖူချန်းက သူ့ကိုယ်သူ ပြန်ပြောနေမိပါတယ်။

သည်ဆေဘာ ဓားအသိက လီဖူချန်းရဲ့ စိတ်ဝိညာဉ်ကို အနိုင်ယူနိုင်တဲ့ အထိတော့ အစွမ်း မထက်သေးပါဘူး။ တကယ်လို့သာ ဆေဘာဓားအသိက အခုထက် နှစ်ဆလောက် အားကောင်း လာမယ် ဆိုရင်တော့ ဖြစ်နိုင်ပါလိမ့်မယ်။

ဆေဘာဓား အသိကို ခုခံပြီးတဲ့ အခါမှာတော့ လီဖူချန်းက နောက်ထပ် မော်ကွန်း ကျောက်တိုင်ကြီး တစ်ခုကို တွေ့လိုက် ရပြန်ပါတယ်။

တတိယအဆင့် မော်ကွန်းကျောက်တိုင်ရဲ့ သဘော သဘာဝကလည်း ဒုတိယ အဆင့်က မော်ကွန်း ကျောက်တိုင်နဲ့ အတူတူပါပဲ။

ပထမ တစ်ကြိမ်တည်းနဲ့ သည်အဆင့်ကို မအောင်မြင်တဲ့ သူတွေကတော့ သည်မော်ကွန်း ကျောက်စာတိုင် ပေါ်မှာ အမှတ်အသား ချန်ထားခွင့် ရှိမှာ မဟုတ်ပါဘူး။

သည်တတိယ အဆင့် မော်ကွန်း ကျောက်တိုင်မှာ ရှိနေတဲ့ အမှတ်အသားတွေ ကတော့ ဒုတိယအဆင့်က မော်ကွန်း ကျောက်တိုင်မှာ ရှိနေတဲ့ အမှတ်အသားတွေရဲ့ တစ်ဝက်လောက်ပဲ ရှိပါတယ်လေ။

ဒုတိယအဆင့် မော်ကွန်း ကျောက်တိုင်ရဲ့ ဒုတိယ အုပ်စုထဲမှာ ရှိနေတဲ့ အမှတ်အသား တော်တော်များများ တောင်မှ တတိယ အဆင့် မော်ကွန်း ကျောက်တိုင်ပေါ်မှာ ရှိမနေပါဘူး။

ဒါပေမဲ့ သည်တတိယ အဆင့် မော်ကွန်း ကျောက်တိုင်မှာတေ့ာ အုပ်စု၅စု ခွဲထားပါတယ်။

ပထမအုပ်စု နှစ်စုမှာ ရှိနေတဲ့ အမှတ်အသားတွေ ကတော့ ဒုတိယအဆင့် မော်ကွန်း ကျောက်တိုင်ရဲ့ ပထမ အုပ်စုထဲမှာ ရှိနေတဲ့ အမှတ်အသားတွေ ပါပဲ။ နောက်ထပ် အုပ်စု ၃စုမှာတော့ ဒုတိယအဆင့် မော်ကွန်း ကျောက်တိုင်ရဲ့ ဒုတိယ အုပ်စုထဲက အမှတ်အသားတွေ ရှိနေပါတယ်။

သည်တတိယ အဆင့် မော်ကွန်း ကျောက်တိုင်က တကယ့် ထွဋ်ခေါင် ပါရမီရှင်တွေနဲ့ ရိုးရိုးသာမန် ပါရမီရှင်တွေကို ထပ်ပြီး ခွဲခြား စိစစ်လိုက်ပုံပါပဲ။

လီဖူချန်းကလည်း စုတ်တံကို လှမ်းယူလိုက်ပြီး ပထမ တစ်ကြိမ်လိုပဲ ဓား ဟူသည့် စာလုံးကို စုတ်တစ်ချက်တည်း ရေးလိုက်ပြန်ပါတယ်။ ထို့နောက်မှာတော့ လီဖူချန်းရဲ့ 'ဓား’စာလုံး အမှတ်အသားက မော်ကွန်း ကျောက်စာတိုင် ပေါ်ကို ပျံတက် သွားခဲ့ပါပြီ။

ပဉ္စမ အုပ်စု … စတုတ္ထအုပ်စု ... တတိယအုပ်စု ... ဒုတိယအုပ်စု… ပထမအုပ်စု…။

လီဖူချန်း ထင်ထားခဲ့သည့် အတိုင်းပါပဲ။ သူ့ရဲ့ 'ဓား'စာလုံး အမှတ်အသားက ပထမ အုပ်စုထဲမှာ နေရာ ဝင်ယူလိုက်ပါတယ်။

ပထမ အုပ်စုထဲမှာတော့ အမှတ်အသား တော်တော်များများက မှိန်နေကြပါပြီ။ ယခုလက်ရှိ တောက်ပနေတဲ့ အမှတ်အသားတွေ ကတော့ ဆယ်ဂဏန်း အနည်းစုသာ ရှိပါတော့တယ်။ တောက်ပနေတဲ့ အမှတ်အသားတွေထဲမှာ တောင်မှ အမှတ်အသား ၁၀ခု လောက်ကသာ ယခုလက်ရှိ လူငယ် မျိုးဆက်တွေရဲ့  အမှတ်အသားတွေပါ။

ဘာဖြစ်လို့ သိနေရသလဲ ဆိုတော့ ထိုအမှတ်အသားတွေက လီဖူချန်းရဲ့ ‘ဓား‘စာလုံး အမှတ်အသား ရောက်လာတာနဲ့ ဝိုင်းဝန်း ဖိနှိပ်ဖို့ ကြိုးစားနေလို့ပါပဲ။

ဒါပေမဲ့လည်း လီဖူချန်း ရေးထားတဲ့ ‘ဓား ‘စာလုံး အမှတ်အသားက အလွယ်တကူ ဖိနှိပ်ခံမဲ့ အရာမျိုး မဟုတ်ပါဘူး။ အဲသည်စာလုံး အမှတ်အသားက သူ့ရဲ့ အရှိန်အဝါတွေကို ဖော်ထုတ်လိုက်ပြီး ဖိနှိပ်ဖို့ ကြိုးစားနေတဲ့ အမှတ်အသားတွေကို ပြန်လည် တွန်းလှန် လိုက်ပါတယ်။

သည်အဓိပ္ပာယ်က လီဖူချန်းရဲ့ ပါရမီနဲ့ အလားအလာက သည်အမှတ်အသား ပိုင်ရှင်တွေ အားလုံးရဲ့ ပါရမီနဲ့ အလားအလာထက် ပိုသာနေတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။

လီဖူချန်းရဲ့ ‘ဓား ‘စာလုံး အမှတ်အသား အခုလို အားကောင်းနေရတဲ့ အကြောင်းရင်းကတော့ ပိုင်ရှင်ဖြစ်တဲ့ လီဖူချန်း ကိုယ်တိုင် ရှိနေသေးလို့ ဖြစ်ပါတယ်။

သိပ်မကြာခင်မှာပဲ လီဖူချန်းရဲ့ အမှတ်အသားက နေရာတစ်နေရာကို အတည်တကျ ရသွားခဲ့ပါပြီ။ တစ်ချိန်တည်းမှာပင် ကြယ်တာရာ လမ်းထက်ရဲ့ ကောင်းကင်ယံပေါ်မှာ ရွှေရောင် လျှပ်စီး တစ်စင်းက ဖြတ်သန်း သွားခဲ့ပါတယ်။

သည်ရွှေရောင်လျှပ်စီး ဖြစ်ပေါ်လာရတဲ့ အကြောင်းအရင်းကို သိဖို့ အတွက်ကတော့ ဘယ်သူမှ ဉာဏ်မမီကြပါဘူး။ ကြယ်တာရာ လမ်းမ တစ်လောက်မှာ သွားလာနေကြတဲ့ လူငယ်တွေကလည်း ထို ရွှေရောင် လျှပ်စီးကို တွေ့မြင်ကြပါတယ်။

သည်ရွှေရောင် လျှပ်စီးရဲ့ အနိုင်ယူ လွှမ်းမိုးလိုတဲ့ အငွေ့အသက်တွေ ကလည်း လူငယ်တွေ အားလုံးကို တုန်လှုပ် သွားစေနိုင်ပါသေးတယ်။

“ဘာတွေ ဖြစ်ပြန်ပြီတုန်းဟ "

ကြယ်တာရာလမ်းမရဲ့ တတိယအဆင့် နယ်မြေ အပိုင်းအခြား ပေါ်မှာ တုန်တုန်ယင်ယင်နဲ့ လျှောက်နေတဲ့ ဟန်ဖန်းကလည်း ထိုရွှေရောင် လျှပ်စီးက ကောင်းကင်ပေါ်ကနေ ဖြတ်သန်း သွားတာကို တွေ့လိုက်ရပါတယ်။

“သည်တစ်ကြိမ်ကော ဟိုကောင့် လက်ချက်ပဲလား”

“မဖြစ်နိုင်ဘူး။ သည်ကြယ်တာရာ လမ်းမပေါ်မှာ သွားနေတာက ငါတို့ချည်းပဲမှ မဟုတ်တာ။ သည်တစ်ကြိမ် ဖြစ်တာ တခြား တစ်ယောက်ကြောင့်ပဲ နေမှာပါ။ ဟိုကောင့် လက်ချက်တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

ဟန်ဖန်းက သူ့ရဲ့ ခေါင်းကို အတင်းကာရော ခါယမ်းလိုက်ပြီး သူ့ရဲ့ အတွေးတွေကို မောင်းထုတ် လိုက်ပါတယ်။ ရှဟိုရှီကတော့ ဟန်ဖန်းနဲ့ မတူပါဘူး။ သူက အခုဖြစ်သွားတဲ့ အဖြစ်ပျက်က လီဖူချန်းကြောင့် ဆိုတာကို သေချာပေါက် သိနေပါတယ်။

“ကြယ်တာရာလမ်းရဲ့ အသိအမှတ်ပြုမှု။ သူက တကယ်ပဲ ကြယ်တာရာ လမ်းမရဲ့ အသိအမှတ် ပြုမှုကိုတောင် ရခဲ့တာလား။ တောက် ... သည်ကောင့်ကို မသတ်လိုက်နိုင်တာ နာတယ်ကွာ”

ရှဟိုရှီကတော့ လျှာတွေကို သပ်ပြီး တောက် တစ်ခေါက်ခေါက်ဖြင့် သူ့ကိုယ်သူ အားမလိုအားမရ ဖြစ်နေပါတယ်။

သူက လီဖူချန်းကို သတ်လို့ရတဲ့ အခွင့်အရေးနဲ့ ကြုံခဲ့တာတောင်မှ မိမိရရ အသုံးမချနိုင်ခဲ့သည် မဟုတ်ပါလော။

သူသိထားသလောက် ဆိုရင်တော့ တတိယအဆင့် မော်ကွန်း ကျောက်စာတိုင်ရဲ့ ပထမ အုပ်စုထဲမှာ ကိုယ်ပိုင် အမှတ်အသား ချန်ထားခဲ့နိုင်သည့် သူတွေမှသာ သည်လို ဖြစ်ရပ်မျိုးကို ဖြစ်ပေါ် စေတာပါ။ ကြည့်ရတာတော့ လီဖူချန်းရဲ့ အမှတ်အသားက ပထမ အုပ်စုထဲမှာ ရောက်နေသည့် ပုံပါပဲ။

ပထမအုပ်စု ...။

ရှဟိုရှီ ကိုယ်တိုင်တောင်မှ သူ့ရဲ့ အမှတ်အသားကို ပထမအုပ်စုထဲမှာ ရောက်အောင် ထားနိုင်ပါ့မလား ဆိုတာ မသေချာသေးပါဘူး။

ဒါပေမဲ့လည်းလေ ... အလားအလာ ဆိုတာက အလားပါပဲ။ တကယ် လက်တွေ့ ဖြစ်လာမယ်လို့ တိတိကျကျ ဘယ်သူမှ မပြောနိုင်ပါဘူးလေ။

တတိယအဆင့်ကို ကျော်ဖြတ်ပြီးတဲ့ အခါမှာတော့ နောက်ထပ် ကြယ်တာရာ စွမ်းအင် လေးပုလင်းစာက လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကို စီးဝင်သွား ခဲ့ပြန်ပါတယ်။

အခု လက်ရှိမှာတော့ လီဖူချန်းဆီမှာ တစ်ယောက်စာ ကြယ်တာရာ စွမ်းအင် ၇ ပုလင်း ရှိနေပါပြီ။ ကြယ်တာရာ စွမ်းအင် ၇ပုလင်းကြောင့် လီဖူချန်းရဲ့ မြေကမ္ဘာနယ်ပယ် အတားအဆီးက ပိုပြီး လျော့ရဲ လာသလိုတောင် ခံစားနေရပါတယ်။ မြေကမ္ဘာ နယ်ပယ် အဆင့်၄ အတားအဆီး မှာတောင် အက်ရာတွေ ဖြစ်လာ သလိုပါပဲ။

အဲသည် အဓိပ္ပာယ်ကတော့ လီဖူချန်း တစ်ယောက် ကြိုက်တဲ့ အချိန်မှာ မြေကမ္ဘာနယ်ပယ် နောက်တစ်ဆင့်ကို ချိုးဖောက် ဝင်ရောက်လို့ ရပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

“ငါသည် နေရာကနေ ထွက်တဲ့ အခါကျမှပဲ အဆင့် တက်တော့မယ်"

သည်ကြယ်တာရာ လမ်းမက အဆင့်တက်ဖို့ အတွက် အရမ်းကို အန္တရာယ် များလွန်းလှပါတယ်။ ပြီးတော့ လီဖူချန်း အတွက်က နောက်ထပ် တစ်ဆင့် တက်လည်း သည်ကြယ်တာရာ လမ်းမပေါ်မှာ ထွေထွေထူးထူး အကျိုးရှိလာမှ မဟုတ်တာလေ။

စိတ်ဝိညာဉ် ခွန်အားနဲ့ ကျင့်ကြံခြင်း။ လက်ရှိ အချိန်မှာတော့ လီဖူချန်းရဲ့ စိတ်ဝိညာဉ် ခွန်အားက ပိုပြီးတော့ အလုပ် ဖြစ်နေတယ်လေ။

ကျင့်ကြံခြင်း အဆင့် အနည်းဆုံး ၂ဆင့် တိုးလာမှသာ ကြယ်တာရာ လမ်းမပေါ်မှာ အသုံးဝင်မှာပါ။

'ကြယ်တာရာ လမ်းမရဲ့ စတုတ္ထ နယ်မြေ အပိုင်းအခြား။ သည်အဆင့်ကိုကော ငါကျော်နိုင် မှာလား ...'

လီဖူချန်းက ကြယ်တာရာ လမ်းမရဲ့ စတုတ္ထ နယ်မြေ အပိုင်းအခြားကို ကြည့်ရင်းနဲ့ တီးတိုး ရေရွတ် မိလိုက်ပါတယ်။

ကြယ်တာရာ လမ်းမရဲ့ သည်အဆင့်ကတော့ အခြားအဆင့်တွေနဲ့ အနည်းငယ် ခြားနား နေပါတယ်။ လမ်းမ တစ်လျှောက်လုံးက မှောင်မည်းနေပြီး လေဟာနယ်တွေ ကလည်း အက်ကွဲ နေသည့် ပုံပါပဲ။ ငရဲပြည်ကို သွားတဲ့ လမ်းအလား ခံစား စေရပါတယ်။

သာမန် ပညာရှင်တွေ အတွက်ကတော့ စတုတ္ထ နယ်မြေ အပိုင်းအခြား ပေါ်ကို ခြေတစ်လှမ်း ချဖို့ အတွက်တောင် အတော်လေး သတ္တိ မွေးရမှာပါ။

လီဖူချန်း တတိယ အဆင့် အမှတ်ကို ဖြတ်သွားပြီး သိပ်မကြာခင် မှာတော့ ရှဟိုရှီလည်း ရောက်ရှိ လာခဲ့ပါပြီ။

ဆေဘာအသိကို ခုခံပြီးတဲ့ နောက်မှာတော့ ရှဟိုရှီက မော်ကွန်း ကျောက်တိုင်ပေါ်မှာ သူ့ရဲ့ အမှတ်အသားကို စတင် ရေးဆွဲ ပါတော့တယ်။

အမှတ်အသားကို ရေးဆွဲ ပြီးသွားတာနဲ့ ထိုအမှတ်အသားက မော်ကွန်း ကျောက်တိုင်ဆီကို ပျံတက် သွားပါတယ်။

ရှဟိုရှီကတေ့ာ ပြုံးလျက် ရှိနေတုန်းပါပဲ။ သူ့ရဲ့အမှတ်အသားက ဒုတိယအုပ်စုထဲမှာပဲ ရောက်သွားခဲ့တာလေ။ ပထမအုပ်စု ထဲကို ဝင်မသွားနိုင်ခဲ့ပါဘူး။

“စိတ်ဝင်စားစရာပဲ ... အတော်လေး အံ့သြဖို့တောင် ကောင်းနေပြီ"

ရှဟိုရှီက သူ့ရဲ့ ခေါင်းကို မော့လိုက်ပြီး ပထမ အုပ်စုထဲကို ကြည့်လိုက်ပါတယ်။

အဲသည် အထဲမှာတော့ တောက်ပလျက် ရှိနေတဲ့ အမှတ်အသားတွေ အတော်များများ ရှိနေတယ်လေ။ အဲသည် အမှတ်အသားတွေ ထဲက ဓားဟူသည့် စာလုံးကြီးကို တွေ့လိုက်တဲ့ အခါမှာတော့ ရှဟိုရှီက တီးတိုး ရေရွတ် လိုက်ပါတယ်။

“တောက် ... သည်ကောင့်ကို သတ်ပစ် နိုင်လိုက်ရမှာကွာ”

***

“အားပါးပါး ... ပြင်းလိုက်တဲ့ ချီစက်ကွင်း ဖိအားပါလား”

ကြယ်တာရာ လမ်းမကြီးရဲ့ စတုတ္ထ နယ်မြေ အပိုင်းအခြားထဲမှာ သွားနေရတာက ဟာရီကိန်း မုန်တိုင်းကြီး တစ်ခုကို ဆန့်ကျင်ပြီး ဖြတ်ကျော် နေရသလိုပါပဲ။

ခြေကုပ် ကောင်းကောင်းသာ မရယူထားရင်တော့ လူတစ်ကိုယ်လုံးပါ မုန်တိုင်းထဲ ပါသွားပြီး ပျံတက် သွားတော့မှာပါ။ ဟာရီကိန်း မုန်တိုင်းကြီးတွေ ဆိုတာက လူတွေကို ပျံတက် စေရုံသာမက အိမ်တွေကိုပါ လွင့်ပျံ သွားစေတတ်သည့် အမျိုးပါ။

အခု လက်ရှိ စတုတ္ထနယ်မြေ အပိုင်းအခြားရဲ့ ချီစက်ကွင်း ဖိအားက တတိယ နယ်မြေ အပိုင်းအခြားရဲ့ ၂ဆ ရှိပါတယ်။ အဲသည်ထက် ပိုဆိုးတာ အဆုံးပိုင်းကို ရောက်လာလေလေ ချီစက်ကွင်း ဖိအားက ပိုအားကောင်း လာလေလေ ဖြစ်နေတာပါပဲ။

လီဖူချန်း ကိုယ်တိုင်တောင်မှ စတုတ္ထ နယ်မြေ အပိုင်းအခြားရဲ့ နောက်ဆုံး အမှတ်ကို ရောက်နိုင်မလား ဆိုတာကို မသိသေးပါဘူး။ ဒါပေမဲ့လည်း လီဖူချန်းက သူ့မှာရှိနေတဲ့ အရာ မှန်သမျှကို ပေးဆပ်ပြီး သွားနိုင်သလောက် အထိ သွားနေဦးမှာပါ။

***

All Chapters