← Chapters

အပိုင်း ၂၃၂

Vol. 17 Ch. 232

အပိုင်း ၂၃၂

Vol. 17 Ch. 232

လီဖူချန်း တစ်ယောက် ကြယ်တာရာ လမ်းမရဲ့ စတုတ္ထနယ်မြေ အပိုင်းအခြားကို စတင်နေတဲ့ အချိန်မှာပဲ မိုးပြာရောင် ဂိုဏ်းချုပ် အိုးရန်ဝမ်းထင်လည်း တိုက်ပွဲတစ်ရာ နယ်မြေကို ရောက်ရှိလာခဲ့ပါပြီ။

သူက ရောက်လာတာနဲ့ တန်းပြီးတော့ ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ် လီရှုထန်ကို သွားတွေ့ပါတော့တယ်။

“လီရှုထန် ... ငါတို့ မိုးပြာရောင် ဂိုဏ်းရဲ့ ရွှေအဆင့် တိုက်ရိုက်တပည့် လီဖူချန်းကို အလိုရှိကြောင်း ရေးထားတဲ့ ဝရမ်း စာရွက်တွေကို ပြန်သိမ်းပေး။ အဲဒါဆိုရင် ငါက ဘာမှ မဖြစ်ခဲ့သလို နေပေးလိုက်မယ်"

အိုးရန်ဝမ်းထင်က တောင်းဆို လိုက်ပါတယ်။ လီရှုထန်က နှာခေါင်း ရှုံ့လိုက်ပြီး

“ဘာလို့ သိမ်းပေးရမှာလဲကွ။ သူက ငါ့ရဲ့သား လီဝူရှုကို သတ်ခဲ့တာ။ အသက်ကို အသက်နဲ့ပဲ ပြန်လျော်လို့ ရမယ်။ အိုးရန်ဝမ်းထင် ... ငါမင်းကို သတိ ပေးလိုက်မယ်။ သည်ကိစ္စထဲကို ဝင်မပါနဲ့။ ဒါက မင်းတတ်နိုင်တဲ့ ကိစ္စ မဟုတ်ဘူးကွ”

“လီဖူချန်းက မင်းရဲ့သား လီဝူရှုကို သတ်လိုက်တာကို မင်း မြင်လို့လား”

အိုးရန်ဝမ်းထင်က ပြန်မေးလိုက် ပါတယ်။ လီရှုထန်ကတော့ အားရပါးရ ရယ်လိုက်ပြီး

“ငါမမြင်တော့ကော ဘာဖြစ်လဲ။ သံသယ ဖြစ်စရာ လူဆိုတာနဲ့ သတ်ပစ်ဖို့ လုံလောက်နေပြီ မဟုတ်ဘူးလား။ စိတ်မပူပါနဲ့ကွာ ... ငါက လီဖူချန်းကို တစ်ခါတည်း သတ်ပစ်မှာ မဟုတ်ပါဘူး။ ငါက သူ့ကို ကောင်းကင်နတ်ဆိုး ဂိုဏ်းကို ခေါ်သွားပြီး သေသေချာချာ စစ်မေးဦးမှာပါ။ သူက လီဝူရှုကို သတ်ခဲ့တာ မဟုတ်ဘူး ဆိုရင် ငါက သူ့ရဲ့ ဆံခြည် တစ်မျှင်ကိုတောင် ထိခိုင်အောင် မလုပ်ပါဘူး”

အိုးရန်ဝမ်းထင်က

“လီဖူချန်းက ကောင်းကင်နတ်ဆိုး ဂိုဏ်းထဲကို ရောက်သွားတာနဲ့ အသတ်မခံရဘူး ဆိုရင်တောင် အနည်းဆုံးတော့ အရေခွံ နွှာခံရမှာပဲ။ လီရှုထန် ... ငါမင်းနဲ့ အရည်မရ အဖတ်မရတွေ မပြောတော့ဘူး။ လီဖူချန်းက လီဝူရှုကို သတ်ပစ်လိုက်တယ် ဆိုတာကို မင်းကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မဟုတ်ဘဲနဲ့ လျှောက်စွပ်စွဲ မနေနဲ့။ ဝရမ်း စာရွက်တွေကို ပြန်သိမ်းပေး။ မဟုတ်ရင်တော့ ငါတို့ မိုးပြာရောင် ဂိုဏ်းက မီးကို မီးနဲ့ပဲ ပြန်တိုက် ရလိမ့်မယ်။ အေး ... မင်းတို့က မိုးပြာရောင် ဂိုဏ်းရဲ့ ရွှေအဆင့် တိုက်ရိုက်တပည့် တစ်ယောက်ကို ဖမ်းဝရမ်း ထုတ်တယ်နော်။ ငါတို့ကတော့ မင်းတို့ ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ ရွှေအဆင့် တိုက်ရိုက်တပည့် အကုန်လုံးကို ဖမ်းဝရမ်း ထုတ်မှာ။ မင်းတို့ ကောင်းကင်နတ်ဆိုး ဂိုဏ်းက ရွှေအဆင့် တပည့်တွေ တစ်ယောက်မှ အပြင် ထွက်မလာစေနဲ့”

လီရှုထန်က မျက်လုံး မှေးလိုက်ပြီး

“အိုးရန်ဝမ်းထင် ... မင်းက ပြဿနာကို ပိုကြီးလာအောင် လုပ်နေတာပဲ။ မင်းက သားတစ်ယောက် ဆုံးရှုံး သွားရတဲ့ အဖေ တစ်ယောက်ရဲ့ နာကျင်မှုကို နားလည်နိုင်လို့လား”

အိုးရန်ဝမ်းထင်က ခေါင်းခါလိုက်ပြီး

“ငါ နားမလည်ဘူး။ ဒါပေမဲ့ ငါ သိတာ တစ်ခုရှိတယ်။ မင်းရဲ့ သားကို အပြင် လောကထဲကို လွှတ်လိုက်တာ မင်းပဲ။ သည်လိုတွေ ဖြစ်လာလိမ့်မယ်လို့ မင်း ကြိုတင် မတွေးထားဘူးလား။ ဘာဖြစ်လို့ မင်းရဲ့ သားကို ကောင်းကင်နတ်ဆိုး ဂိုဏ်းထဲမှာပဲ တစ်သက်လုံး သိမ်းမထားတာလဲ”

ထိုစကားကို ကြားလိုက်တာနဲ့ တစ်ပြိုင်နက် လီရှုထန်က အိုးရန်ဝမ်းထင်ကို အစိမ်းလိုက် ဝါးစား ချင်စိတ်တွေတောင် ပေါ်လာပါတယ်။

အိုးရန်ဝမ်းထင် ပြောတာကလည်း ဟုတ်တော့ ဟုတ်ပါသည်လေ။ သူက လီဝူရှုကို အပြင်ဘက် လောကကို စွန့်စားခန်းဖွင့်ဖို့ အတွက် ခွင့်မပြုလိုက် သင့်ပါဘူး။ တိုက်ခိုက်ရေး အတွေ့အကြုံ နည်းတော့လည်း ဘာဖြစ်လဲ။ လီဝူရှုရဲ့ ပါရမီနဲ့ဆိုရင် ဂိုဏ်းတော် အတွင်းမှာ သာမန်အတိုင်း လေ့ကျင့် နေရင်တောင် ကောင်းကင် နယ်ပယ်ကို တက်လှမ်း နိုင်မည့်သူ မဟုတ်ပါလား။

ဒါပေမဲ့လည်း အခုချိန်မှ နောင်တ ရနေလို့တော့ ဘာမှ အသုံး မဝင်တော့ပါဘူး။ လီဝူရှုကလည်း ပြန်ရှင်လာမှာမှ မဟုတ်တော့တာလေ။

သူ့ရဲ့ လက်ရှိ တစ်ခုတည်းသော အတွေးကတော့ လူသတ်သမားကို ပြန်လက်တုံ့ ပြန်ဖို့ပါပဲ။

အဲဒါကို အိုးရန်ဝမ်းထင်က လီဖူချန်းအတွက် ထုတ်ထားတဲ့ ဝရမ်းကို ပြန်ရုပ်သိမ်းဖို့ လာတောင်းဆို နေပါတယ်။ ဒါက သူ့ရဲ့ ကလဲ့စားချေမှုကို လာရောက် တားဆီးနေတာပါပဲ။ သူ့ရဲ့ ကလဲ့စားချေမှုကို တားဆီးနေတဲ့ သူကတော့ သေသင့်သည်လေ။

“အိုးရန်ဝမ်းထင် ... ငါတို့ချင်း လက်ရည် မစမ်းဖြစ်တာ ၁၀ နှစ်လောက် ရှိနေပြီ ထင်တယ်။ မင်းရဲ့ လက်ရှိ အရည်အချင်းနဲ့ ဆိုရင်တော့ ငါ့ကို ယှဉ်လို့ ဖြစ်နိုင်မယ် မထင်ဘူး။ မင်းအခု ချက်ချင်း ထွက်သွားလိုက်ရင် ကောင်းမယ်။ ဒါမှ မဟုတ်ရင်တော့ မင်းရဲ့ အသက်ကို ငါအာမ ခံနိုင်မှာ မဟုတ်ဘူးနော်“

လီရှုထန်က သူ့ရဲ့ သတ်ဖြတ် ချင်စိတ်တွေ ကိုတောင် ထိန်းမထားတော့ဘဲ အိုးရန်ဝမ်းထင်ကို ထွက်သွား ခိုင်းလိုက်ပါတယ်။ အိုးရန်ဝမ်းထင် ကလည်း လုံးဝ အလျှော့မပေးပါဘူး။

“လာစမ်းပါ။ ငါက မင်းကို ကြောက်မယ် ထင်နေတာလား။ မင်းရဲ့ စကား အတိုင်းတောင် မင်းကို ပြန်ပြော လိုက်ဦးမယ်။ အခုချက်ချင်း လီဖူချန်း အတွက် ထုတ်ထားတဲ့ ဖမ်းဝရမ်းကို ပြန်ရုပ်သိမ်း ပေးစမ်း။ မဟုတ်ရင်တော့ မင်းရဲ့ အသက်ကိုလည်း ငါက အာမ မခံဘူးနော်”

တစ်ယောက်ချင်း တိုက်ပွဲ ဆိုရင်တော့ သူတို့ မိုးပြာရောင် ဂိုဏ်းက ကောင်းကင် နတ်ဆိုးဂိုဏ်းကို ဘယ်တုန်းကမှ မကြောက်ခဲ့ပါဘူး။

“ဟမ့် ... ကောင်းကင်နတ်ဆိုး အသူရာ ... လာစမ်း "

လီရှုထန်က မဆိုင်းမတွပင် ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ ကြယ်၅ပွင့် လျှို့ဝှက် နည်းစနစ် ဖြစ်တဲ့ ကောင်းကင်နတ်ဆိုး အသူရာ နည်းစနစ်ကို ထုတ်သုံး လိုက်ပါတယ်။

သူက ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင် ဖြစ်တဲ့အတွက် ကောင်းကင် နတ်ဆိုး အသူရာ နည်းစနစ်ကို အသုံးပြု အပြီးမှာတော့ သူ့ရဲ့ ချီအရှိန်အဝါတွေက အလွန် အားကောင်းစွာ ထွက်ပေါ် လာခဲ့ပါတယ်။

ပတ်ဝန်းကျင် တစ်ခုလုံးက မြေသားတွေကလည်း ကြွတက်လာသည့် အပြင် လေဟာနယ်တွေ ကလည်း အက်ကွဲကြောင်းတွေ ဖြစ်ပေါ်  လာခဲ့ပါပြီ။

လေပြင်းတွေကလည်း ပြင်းထန်စွာ တိုက်ခတ်လာပြီး ကျောက်စရစ်ခဲလေးတွေ ကလည်း လေထဲမှာ ဝဲပျံနေပါသေးတယ်။

တစ်ချိန်တည်း လိုလိုမှာပင် ကြီးမားတဲ့ အရိပ်ကြီး တစ်ခုက လီရှုထန်ရဲ့ ဦးခေါင်းထက်မှာ ဖြစ်တည်နေပါပြီ။ အဲသည် အရိပ်ကြီးကတော့ ကောင်းကင်နတ်ဆိုး အသူရာကို ကိုယ်စား ပြုထားတာပါ။

“မူလဘူတဓား "

အိုးရန်ဝမ်းထင်ကလည်း အသံ ခပ်အုပ်အုပ်ဖြင့် ရေရွတ် လိုက်ပါတယ်။ ပတ်ဝန်းကျင် လေထု တစ်ခုလုံးမှာတော့ ရုတ်ခြည်းပင် ဓားချီတွေနှင့် ပြည့်နှက် လာခဲ့ပါပြီ။ သည်ဓားချီတွေက ပေါင်းစည်း သွားပြီး ဧရာမ ဓားကြီး တစ်လက် အဖြစ် ပုံဖော် လာခဲ့ပါတယ်။

“သေစမ်းကွာ”

လီရှုထန်က အိုးရန်ဝမ်းထင်ကို လက်ဝါးဖြင့် ရိုက်ချ လိုက်ပါပြီ။ ကောင်းကင်နတ်ဆိုး အသူရာရဲ့ လက်ဝါး ရိုက်ချက်ကလည်း အိုးရန်ဝမ်းထင် ဆီကို ကျရောက် လာခဲ့ပါတယ်။

လက်ဝါးကြီး တစ်ခုနှင့် လက်ဝါးသေး တစ်ခု ပေါင်းပြီး ရိုက်ချလိုက်တဲ့ အင်အားက အိုးရန်ဝမ်းထင်ကို စိစိညက် ကြေသွားစေတဲ့ အထိ ပြင်းထန်လွန်း လှပါတယ်။

“သွားစမ်း"

အိုးရန်ဝမ်းထင်က သူ့ရဲ့ လက်ကို ဓားပုံသဏ္ဌာန် လုပ်ပြီး ခုတ်ချလိုက်ပါတယ်။ သူ့ရဲ့ မူလဘူတဓား ကလည်း ကောင်းကင် နတ်ဆိုး အသူရာကြီးကို ပြန်ပိုင်းချ လိုက်ပါပြီ။

ဝုန်း ... ဝုန်း ... ဘုန်း ... ဘုန်း ...

သူတို့ နှစ်ယောက်ရဲ့ တိုက်ခိုက်မှုက ဘာသိုင်းကွက် သိုင်းဟန်မှ မပါပါဘူး။ ဒါက လျှို့ဝှက် နည်းစနစ်ချင်း ထိပ်တိုက်ရင်ဆိုင်တဲ့ တိုက်ပွဲပါပဲ။ အားကြီးတဲ့သူက အနိုင်ရမှာဖြစ်ပြီး အားနည်းတဲ့ သူကတော့ အကျိုးဆက် ဖိအားဒဏ်ကို တော်တော်လေး ခံရမှာပါ။

တစ်နာရီလောက် အကြာမှာတော့ အိုးရန်ဝမ်းထင်က အသာရလာခဲ့ပါပြီ။

ကောင်းကင်နတ်ဆိုး အသူရာက ဘယ်လောက်ပဲ စွမ်းအား ထက်နေပါစေလေ။ မူလဘူတဓားရဲ့ အဆက်မပြတ် ခုတ်ပိုင်း နေမှုကိုတော့ တောင့်ခံနိုင်စရာ အကြောင်း မရှိပါဘူး။

မူလဘူတဓား နည်းစနစ်က အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ အစွမ်း အထက်ဆုံး ကြယ်ငါးပွင့် လျှို့ဝှက် နည်းစနစ်မှာ ထိပ်ဆုံး ၅နေရာ အတွင်း စာရင်းဝင်ပြီး ကောင်းကင်နတ်ဆိုး အသူရာ နည်းစနစ် ကတော့ ထိပ်ဆုံး ၁၀ နေရာထဲ ကိုတောင် မဝင်နိုင်သေးပါဘူး။

သူတို့ နှစ်ယောက်ဟာ လူငယ် ဘဝကတည်းက ပြိုင်ဘက်တွေ အဖြစ် အကြိမ်ပေါင်းများစွာ တိုက်ခိုက် လာခဲ့တာပါ။ သူတို့ နှစ်ယောက်ရဲ့ အရည်အချင်းကတော့ သူမသာ ကိုယ်မသာ ပါပဲ။

ဒါပေမဲ့လည်း သူတို့ နှစ်ယောက်စလုံး သက်ဆိုင်ရာ ဂိုဏ်းတော်တွေရဲ့ ကြယ်၅ပွင့် လျှို့ဝှက် နည်းစနစ်ကို လေ့ကျင့် အပြီးမှာတော့ အိုးရန်ဝမ်းထင်က အမြဲတမ်း အသာ ရလာခဲ့ပါတယ်။

ဒါကြောင့် သည်တစ်ကြိမ်မှာ အသာ ရတာကလည်း ထူးထူးခြားခြား အံ့သြ နေစရာတော့ မရှိပါဘူး။ ကောင်းကင် နတ်ဆိုး ဂိုဏ်းရဲ့ ထိပ်ပိုင်းမှာ ရှိနေတဲ့ အကြီးအကဲတွေ ကြောင့်သာ မဟုတ်ရင် မိုးပြာရောင်ဂိုဏ်းက ကောင်းကင်နတ်ဆိုး ဂိုဏ်းထက်တောင် တစ်ဆင့် မြင့်နေလောက်ပါပြီ။

တစ်ယောက်ချင်း တိုက်ပွဲမှာ ဆိုရင်တော့ မိုးပြာရောင်ဂိုဏ်းက ကောင်းကင်နတ်ဆိုး ဂိုဏ်းထက် ပိုပြီး အစွမ်းထက်သည် မဟုတ်ပါလား။

“လာပြန်ပြီ ... သည်မူလဘူတဓား။ မင်းက ဒါကိုသုံးမှပဲ ငါ့ကို အသာရတာပါကွာ”

လီရှောင်ထန်က မကျေမချမ်းဖြင့် ရေရွတ် လိုက်ပါတယ်။ ငယ်ကတည်းက လက်ရည်တူ တိုက်ခိုက် လာသည့် အိုးရန်ဝမ်းထင်က သည်လျှို့ဝှက် နည်းစနစ်ကြောင့်ပဲ သူ့ကို အမြဲတမ်း အသာ ရနေသည်လေ။

“ဟားဟားဟား ... တောင်းပန်ပါတယ်ကွာ ... သည်တစ်ကြိမ်လည်း ငါပဲ နိုင်ပြန်ပြီနဲ့ တူတယ်”

အိုးရန်ဝမ်းထင်ကတော့ အမြဲတမ်း နိုင်နေတော့ ပျင်းတောင် ပျင်းလာပြီ ဆိုတဲ့ မျက်နှာပေးမျိုးဖြင့် မတ်တတ် ရပ်နေပါတယ်။

လီရှုထန်က အေးစက်စက် လေသံဖြင့်

“အိုးရန်ဝမ်းထင် ... ငါတို့ ကောင်းကင်နတ်ဆိုး ဂိုဏ်းက မင်းတို့ မိုးပြာရောင် ဂိုဏ်းကို စစ်ကြော်ငြာမှာ မစိုးရိမ်ဘူးလား။ ငါက သားတစ်ယောက်လုံး ဆုံးရှုံး ထားတာနော်။ မိုးပြာရောင် ဂိုဏ်းက လူသတ် တရားခံကို ကာကွယ် ပေးထားချင်တာလား”

“ငါနောက်တစ်ခါ ထပ်ပြောလိုက်မယ်။ လီဖူချန်းက မင်းရဲ့သား လီဝူရှုကို သတ်လိုက်တာပါလို့ ဘယ်သူ ပြောတာလဲ။ မင်းကိုယ်တိုင်ကကော မြင်လိုက်လို့လား ... မင်းမှာ သက်သေ ပြစရာကော ရှိလို့လား။ မင်းတို့ ကောင်းကင် နတ်ဆိုးဂိုဏ်းက စစ်ဖြစ်ချင်တယ် ဆိုရင်လည်း ရတယ်လေ။ ချကြတာပေါ့။ ငါတို့ မိုးပြာရောင် ဂိုဏ်းကလည်း မင်းတို့ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ အင်အား၇၀ ရာခိုင်နှုန်းလောက် ပြုတ်သွားအောင် ပြန်တိုက်နိုင် ပါသေးတယ်။ ဟား ... ဟား ... မင်းတို့ ကောင်းကင် နတ်ဆိုး ဂိုဏ်းသာ အင်အား ၃၀ရာခိုင်နှုန်း လောက်ပဲ ကျန်နေရင်တော့ ဝိညာဉ် ကဝေဂိုဏ်းက ပျော်ပျော်ပြီး ဝါးမျို သွားမှာပဲ"

ကောင်းကင် နတ်ဆိုးဂိုဏ်း တစ်ဂိုဏ်းတည်းနဲ့ ထိပ်တိုက် တွေ့ရမယ် ဆိုရင်တော့ မိုးပြာရောင်ဂိုဏ်းက လုံးဝကို ကြောက်စရာ မရှိပါဘူး။ မိုးပြာရောင်ဂိုဏ်း ကြောက်တာက ကောင်းကင်နတ်ဆိုး ဂိုဏ်းက ခရမ်းရောင် ဆေဘာဂိုဏ်း ဒါမှမဟုတ် ဝိညာဉ် ကဝေဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ပြီး လာတိုက်မှာ ပါကိုပဲ။

ဒါပေမဲ့လည်း အခုလို ဂိုဏ်းချင်း စစ်ပွဲ ဖြစ်မယ် ဆိုရင်တော့ ထိုဂိုဏ်းနှစ်ဂိုဏ်း စလုံးက ကောင်းကင်နတ်ဆိုး ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ဖို့ စဉ်းစား ရလောက်သည် အထိတော့ မတုံးအပါဘူး။

ရှေးလူကြီးတွေ ပြောနေကျ ဆိုရိုး တစ်ခုတောင် ရှိပါသေးတယ်။

“ယုန်တစ်ကောင် ပိုသေသွားလို့ မြေခွေး ဝမ်းနည်းရတယ် ဆိုတာ မရှိပါဘူးတဲ့"

အဓိပ္ပာယ်ကတော့ မိုးပြာရောင်ဂိုဏ်းနဲ့ ကောင်းကင် နတ်ဆိုးဂိုဏ်း စစ်ဖြစ်လို့ နှစ်ဂိုဏ်းလုံး အင်အားတွေ ပြုတ်ပြုတ်ပြုန်း သွားရင်တောင်မှ အခြားဂိုဏ်းတွေက ဝမ်းနည်းနေမှာ မဟုတ်ဘူးလို့ ပြောချင်တာပါ။ ဂိုဏ်းနှစ်ခုစလုံး ပြိုကွဲသွားရင် သူတို့အတွက် ပိုပြီးတော့ ကောင်းသေးသည် မဟုတ်ပါလား။

“ဟီးဟီး ... အိုးရန်ဝမ်းထင် … မင်းတို့ မိုးပြာရောင် ဂိုဏ်းကို ငါ တစ်နေ့ မြေလှန် ပစ်နိုင်မယ့် အချိန်တော့ ရှိလာဦးမှာပါကွာ။ အခုတော့ အချိန် မကျသေးဘူးလို့ ငါထင်တယ်”

လီရှုထန်က အမူအရာ ချက်ချင်း ပြန်ပြောင်း သွားပါတယ်။ ထို့နောက်မှာတော့ တည်ငြိမ်စွာဖြင့်

“ဟုတ်ပြီလေ ...။ ငါအခုပဲ လီဖူချန်းအတွက် ထုတ်ထားတဲ့ ဖမ်းဝရမ်းတွေကို ပြန်ရုပ်သိမ်း ခိုင်းလိုက်မယ်။ ဒါပေမဲ့ သူ့ရဲ့ ဘေးကင်းမှုကိုတော့ ငါ အာမ မခံဘူးနော်။ ဒါက တိုက်ပွဲ တစ်ရာ နယ်မြေလေ။ မတော်တဆ သည်ကောင်လေးက မိစ္ဆာသားရဲကြီးတွေ ဒါမှမဟုတ် အခြား ပညာရှင်တွေ လက်ချက်နဲ့ သေသွား နိုင်သေးတယ်"

လီရှုထန်က လီဖူချန်း သေသွားရင် သူ့ကို အပြစ် လာမတင်နဲ့ ဆိုပြီး ကြိုကာ ထားတာပါ။

“ဖြစ်တယ် ...။ မင်းတို့ ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ စနက်သာ မပါစေနဲ့။ မင်းတို့ရဲ့ စနက် ကြောင့် လီဖူချန်း သေသွားရတယ် ဆိုတာကို သိရင်တော့လား။ ဟင်းဟင်း ... ဘယ်သူ ပြောနိုင်မှာလဲ။ မင်းတို့ ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ ရွှေအဆင့် တပည့်တွေလည်း လမ်းလျှောက်ရင်း ချော်လဲပြီး သေတာတို့ ဒါမှဟုတ် အိပ်နေရင်း ယောင်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေတာတွေလည်း ဖြစ်ရင် ဖြစ်လာမှာပေါ့”

အိုးရန်ဝမ်းထင်ကလည်း လုံးဝကို အလျော့ မပေးပါဘူး။ သူက လီရှုထန်ကိုတောင် ပြန်ပြီး ခြိမ်းခြောက် လိုက်ပါသေးတယ်။ ခြိမ်းခြောက်လို့ အားရပြီး ဆိုတော့မှ သူက ထွက်သွား ပါတော့တယ်။

ထို့နောက်မှာတော့ အိုးရန်ဝမ်းထင်က လျှို့ဝှက် သတင်း အချက်အလက် ဌာနက အကြီးအကဲတွေကို ဆင့်ခေါ်လိုက်ပြီး လီဖူချန်းကို အမြန်ဆုံးနည်းဖြင့် ရအောင်ရှာဖို့ အမိန့် ပေးလိုက်ပါတယ်။

***

ကြယ်တာရာလမ်း လျှို့ဝှက်နယ်မြေ။

ကြယ်တာရာလမ်းရဲ့ စတုတ္ထ နယ်မြေ အပိုင်းအခြား မှာတော့ လီဖူချန်း တစ်ယောက် ချွေးသံတရွှဲရွှဲ ဖြစ်နေရုံမက လျှာက အရှေ့ကို ထွက်နေပြီး မျက်ဖြူ ဆိုက်နေပါပြီ။

သူ့ရဲ့ မျက်နှာကလည်း အရင်လို သွေးရောင် မလွှမ်းတော့ဘဲ ဖြူဖပ် နေပါတော့တယ်။

'ငါလက်လျှော့ လိုက်လို့ မရသေးဘူးကွ။ စတုတ္ထ အဆင့်ကိုတော့ ပြီးအောင် လျှောက်သွား ဦးမယ်”

လီဖူချန်းကတော့ သူ့ရဲ့ ကန့်သတ်ချက်ကို သိရအောင် စမ်းသပ်နေတာပါ။ လူဆိုတာက အမြဲတမ်း ပေါ့ပေါ့ပါးပါး ရှင်သန်နေလို့မှ မဖြစ်နိုင်တာလေ။ ဓားတစ်လက်က ဘယ်လောက်ပင် ထက်ပါသည် ပြောပြော မသွေးတာ ကြာရင်တော့ သံချေးတက်ပြီး တုံးလာမှာပါပဲ။

လီဖူချန်းက တစ်ကိုယ်လုံး တုန်ယင်နေပြီး ချွေးတွေ တပြိုက်ပြိုက် ကျနေပေမဲ့လည်း သူ့ရဲ့ ကန့်သတ်ချက် အဆုံးအစွန် အထိ မရောက်သေးဘူး ဆိုတာကို ခံစားနေရပါတယ်။

“ဆက်သွားထား ... သွားထား လီဖူချန်း ... ဒါက မင်းရဲ့ ကန့်သတ်ချက် မဟုတ်သေးဘူးကွ”

လီဖူချန်းကတော့ သူ့ကိုယ်သူ အားပေးနေရင်းနဲ့ တရွေ့ရွေ့ ခရီးဆက် နေဆဲပါပဲ။

နောက်ဆုံးမှာတော့ လီဖူချန်းက စတုတ္ထအဆင့်ရဲ့ အတားအဆီး ဖြစ်တဲ့ ကျွန်းကြီးကို တွေ့လိုက်ရပါပြီ။ လီဖူချန်းကို အသက်ကို တစ်ဝကြီး ရှူလိုက်ပြီး ကျွန်းကြီးပေါ်ကို ခြေချလိုက်ပါတယ်။

လီဖူချန်း တစ်ယောက် စတုတ္ထအဆင့်ရဲ့ အတားအဆီးဆီကို မရောက်မှာပဲ ဟန်ဖန်းကတော့ ကြယ်တာရာ လမ်းမ လျှို့ဝှက် နယ်မြေထဲကနေ ကန်ထုတ် ခံလိုက်ရပါပြီ။

ဟန်ဖန်းက တတိယအဆင့်ရဲ့ ဆေဘာအသိကို မတောင့်ခံနိုင်ခဲ့ပါဘူး။ ဟန်ဖန်း ထွက်သွားပြီး တစ်နာရီလောက် အကြာမှာတော့ ရှဟိုရှီကလည်း ကြယ်တာရာလမ်းမ လျှို့ဝှက် နယ်မြေထဲကနေ သယ်ထုတ် ခံသွားရပါတော့တယ်။

သူကတော့ စတုတ္ထ နယ်မြေ အပိုင်းအခြားရဲ့ လမ်းတစ်ဝက် မှာတင် လက်မြှောက် အရှုံး ပေးသွားခဲ့တာပါ။

သည်ကြယ်တာရာ လမ်းမရဲ့ သမိုင်း တစ်လျှောက်မှာတော့ ပထမ တစ်ကြိမ်တည်းနဲ့ စတုတ္ထ နယ်မြေ အပိုင်းအခြား အထိ ရောက်လာနိုင်တဲ့ သူတွေက နှယ်နှယ်ရရတော့ မဟုတ်ပါဘူး။ သူတို့တွေထဲက အများစုက တတိယအဆင့် မော်ကွန်းကျောက်တိုင်ရဲ့ ပထမအုပ်စုထဲမှာ ကိုယ်ပိုင် အမှတ်အသား ချန်ထားနိုင်ခဲ့တဲ့ သူတွေပါပဲ။ ရှဟိုရှီကတော့ ဒုတိယ အုပ်စုထဲမှာပဲ အမှတ်အသား ချန်ထား ခဲ့နိုင်တာပါ။ ဒါကြောင့် သူက အခြားလူတွေနဲ့ ယှဉ်ရင်တော့ အနည်းငယ် လိုအပ် နေသေးတယ်လို့ ဆိုရမှာပါပဲ။

***

All Chapters