အပိုင်း ၂၃၃
Vol. 17 Ch. 233
ကြယ်တာရာလမ်းမရဲ့ စတုတ္ထအဆင့်ကတော့ သိုင်းပညာတာအို အဆင့်ပေါ်မှာ ဘယ်လောက်ထိ နားလည်နိုင်စွမ်း ရှိသလဲ ဆိုတာကို စမ်းသပ်တာပါ။
ပထမ အဆင့်က မိုးခြိမ်းသံ။ ဒုတိယ အဆင့်က မြူနှင်းမျက်လုံး။ ပြီးတော့ တတိယအဆင့်က ဆေဘာအသိ။ ပြီးခဲ့တဲ့ အဆင့်တွေ အကုန်လုံးက စိတ်ဝိညာဉ်ခွန်အားကို စမ်းသပ်တာပါ။ မင်းရဲ့ စိတ်ဝိညာဉ်က လုံလောက်တဲ့ အထိ သန်မာ နေသေးသရွေ့တော့ သည်အဆင့် ၃ဆင့် စလုံးကို ကျော်ဖြတ် နိုင်မှာပါပဲ။
ဒါပေမဲ့ စတုတ္ထ အဆင့်ကတော့ အရင်အဆင့်တွေနဲ့ မတူညီဘဲ ကွဲပြား ခြားနားသွားပါပြီ။ ဒါက လူတစ်ယောက်ရဲ့ ထိုးထွင်း သိမြင်မှုကို စမ်းသပ်တာပါ။
မင်းက သိုင်းပညာအပေါ်မှာ ထဲထဲဝင်ဝင် နားလည် သဘောပေါက်နိုင်မှု မရှိရင်တော့ စိတ်ဝိညာဉ် ခွန်အား ဘယ်လောက် ကောင်းကောင်း အလကားပါပဲ။
ဒါပေမဲ့လည်း အရာတိုင်းမှာ ခြွင်းချက်ဆိုတာ ရှိစမြဲပါပဲလေ။ အလွန်အမင်း အားကောင်းတဲ့ စိတ်ဝိညာဉ် အချို့ကတော့ ထက်မြက်တဲ့ ထိုးထွင်း သိမြင်နိုင်စွမ်း တွေကို ပိုင်ဆိုင် နိုင်စေပါသေးတယ်။
လီဖူချန်း တစ်ယောက် ကျွန်းပေါ်ကို ခြေလှမ်း စလှမ်းလိုက်တဲ့ အခါမှာတော့ အနက်ရောင် မျဉ်းလိုင်းတွေက လေထဲမှာ စတင် ဖြစ်ပေါ်လာခဲ့ပါပြီ။ အချို့ မျဉ်းကြောင်းတွေ ကတော့ အဖြောင့်ဖြစ်ပြီး အချို့ကတော့ ကွေးကောက် နေပါတယ်။
အချို့ကတော့ ထက်မြက်တဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေပြီး အချို့ကတော့ ထုံထိုင်းတဲ့ အရှိန်အဝါတွေ ထွက်ပေါ် နေပါတယ်။
အချို့ မျဉ်းကြောင်းတွေ ကတော့ မီးသမျှ ပူပြင်းနေပြီး အချို့ မျဉ်းကြောင်းတွေ ကတော့ ရေခဲသမျှ အေးစက် နေပါသေးတယ်။
ကြည့်ရတာတော့ သည်အနက်ရောင် မျဉ်းကြောင်းတွေ တိုင်းမှာ ကိုယ်ပိုင် အသိစိတ် ဝိညာဉ်တွေ ရှိနေသလိုပါပဲ။ သည်စမ်းသပ်ချက်က အနက်ရောင် မျဉ်းကြောင်းတွေကို သေသေချာချာ လေ့လာပြီး လိုသလို ပေါင်းစပ်ကာ သိုင်းပညာရပ် တစ်ခု ဖြစ်ပေါ်လာအောင် လုပ်ရမှာပါ။ အဲသည် သိုင်းပညာ ကလည်း ဆန်းကြယ် အဆင့်နိမ့် သိုင်းပညာရပ် အဆင့်မှာ ရှိနေရပါမယ်။
ပြောချင်တာ ကတော့ လီဖူချန်းက စတုတ္ထ အဆင့်ကို မဖြတ်ကျော်ခင်မှာ ကိုယ်ပိုင် သိုင်းပညာရပ် တစ်ခုကို တီထွင် နိုင်ရပါမယ်။ အဲသည် သိုင်းပညာရပ်ကလည်း ဆန်းကြယ် အဆင့်နိမ့် သိုင်းပညာရပ် တစ်ခု ဖြစ်နေမှသာ သည်စတုတ္ထ အဆင့်ကို အောင်မြင်တယ်လို့ ဆိုနိုင်မှာပါ။
အပြင် လောကမှာတော့ ဆန်းကြယ် အဆင့် သိုင်းပညာရပ် တစ်ခု တီထွင်နိုင်တဲ့ သူတွေကို သိုင်းတာအို ဆရာသခင်တွေလို့ ခေါ်ဝေါ်လေ့ ရှိကြပါတယ်။
အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ သိုင်းပညာရပ် အသစ် တီထွင်နိုင်ဖို့ ဆိုတာ လီဖူချန်း အတွက် အရမ်းကို အလှမ်းဝေးနေလွန်း ပါသေးတယ်။ အခုတော့ အနက်ရောင် မျဉ်းလိုင်းတွေရဲ့ အကူအညီက အဲသည် လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးထားပါတယ်။ သည်မျဉ်းလိုင်းတွေရဲ့ အကူအညီနဲ့ ဆိုရင်တော့ ဆန်းကြယ် အဆင့်နိမ့် သိုင်းပညာရပ်ကို တီထွင်ဖို့ အတွက် သိပ်ပြီး အားစိုက်စရာ မလိုတော့ပါဘူး။ လီဖူချန်းလုပ်ဖို့ လိုအပ်တာ ဆိုလို့ သည်မျဉ်းလိုင်းတွေကို သေသေချာချာ လေ့လာပြီး နားလည်သလို ဆက်ပေးလိုက်ရုံပါပဲ။
“စိတ်ဝင်စားစရာပဲ ... တစ်ကြိမ်လောက် အရင် စမ်းကြည့်ဦးမှ"
လီဖူချန်းက အနက်ရောင် မျဉ်းလိုင်းတွေကို လက်ဖြင့် ထိလိုက်ပြီး သူနှစ်သက်သလို ပြန်စီလိုက်ပါတယ်။
၁၅မိနစ်မျှ ကြာပြီးသွားတဲ့ အခါမှာတော့ ရှုပ်ယှက်ခတ်နေတဲ့ မျဉ်းကြောင်းတွေက လီဖူချန်းရဲ့ ပေါင်းစပ်မှုကြောင့် ဓားတစ်လက် အသွင်ကို ပြောင်းသွားခဲ့ပါပြီ။ သည်ပညာရပ်က သေချာပေါက်ကို ဓားသိုင်း ပညာရပ် ဆိုတာ သိသာနေပါတယ်။
“မရသေးဘူး ... သည်ဓားသိုင်းရဲ့ အဆင့်က အရမ်း နိမ့်နေသေးတယ်”
လီဖူချန်းက အနက်ရောင် မျဉ်းကြောင်းတွေကို တစ်စစီ ပြန်မွှေပစ် လိုက်ပါတယ်။
သူ တီထွင်လိုက်တဲ့ ဓားသိုင်းက အဝါရောင် အဆင့်မြင့် ဓားသိုင်း အဆင့်မှာသာ ရှိနေပါ သေးတယ်။
ဆန်းကြယ် အဆင့်နိမ့် ဓားသိုင်းတစ်ခုကို ကိုယ်တိုင် တီထွင်နိုင်ဖို့ ဆိုတာက ထင်ထား သလောက်တော့ မလွယ်ကူသေးပါဘူး။ သည်မျဉ်းလိုင်းတွေကို အခြေခံထားပြီး လုပ်နေတာ တောင်မှ လီဖူချန်း အတွက်တော့ တော်တော်လေးကို ခက်နေပါ သေးတယ်။
ဆန်းကြယ်အဆင့် ပညာရပ်တွေ ဆိုတာက ပညာရပ် ဆန္ဒတွေ ပါဝင်နေရမှာပါ။ ပညာရပ် ဆန္ဒတွေ ပါဝင်လာဖို့ ဆိုရင်တော့ တာအိုလမ်းစဉ်ကို နှံ့နှံ့စပ်စပ်ကို လေ့လာ တတ်ကျွမ်းထားမှ ဖြစ်ပါလိမ့်မယ်။
တစ်နာရီလောက် အချိန် ကြာသွားခဲ့ပါပြီ။ ဒါပေမဲ့လည်း လီဖူချန်းရဲ့ မျဉ်းလိုင်းတွေ ပေါင်းစပ်မှုက အခုထက်ထိကို တိုးတက် မလာခဲ့သေးပါဘူး။ နှစ်နာရီလောက် အကြာမှာတော့ ...
လီဖူချန်းရဲ့ မျဉ်းကြောင်းတွေ ပေါင်းစပ်မှုက တဖြည်းဖြည်း ရုပ်လုံး ကြွလာခဲ့ပါပြီ။ ပညာရပ် ဆန္ဒ သေးသေးလေး တစ်ခုတောင်မှ ဖြစ်တည် လာခဲ့သလိုပါပဲ။
သည်ပညာရပ် ဆန္ဒက ကောင်းကင်ဘုံရဲ့ အလိုအတိုင်း စီးမျောနေပြီး ပုံသဏ္ဌာန် အတိအကျ မရှိတဲ့ စွမ်းအင်တွေရဲ့ ထောက်ပံ့ ပေးခြင်းကို ခံထား ရပါတယ်။
ဟူး ... ဟူး ... ဟူး ...
ရုတ်တရက် လေပြင်းတွေ ဖြစ်ပေါ် လာခဲ့ပါပြီ။
တစ်ချိန်တည်း လိုလိုမှာပင် လီဖူချန်း ပေါင်းစပ်နေတဲ့ မျဉ်းလိုင်းတွေ ကလည်း အစီအစဉ်တကျ ဖြစ်သွားပြီး ဓားဆန္ဒ တစ်ခု မွေးဖွား လာပါတော့တယ်။
သည်ဓားဆန္ဒကို ကြည့်လိုက်တာနဲ့တင် သာမန်ထက် အများကြီး ထူးခြားနေတယ် ဆိုတာကို သိနိုင်ပါတယ်။
“အိုး ... ဆန်းကြယ် အဆင့်နိမ့် ဓားဆန္ဒတောင် ဖြစ်တည် လာခဲ့ပြီလား”
လီဖူချန်းရဲ့ မျက်လုံးတွေက စိတ်လှုပ်ရှားမှုကြောင့် အရောင် တောက်လာခဲ့ပါပြီ။
ကိုယ်ပိုင် ဓားသိုင်း တစ်ရပ်ကို တီထွင်ရတာက သူထင်ထားတာ ထက်ကို အများကြီး ပိုခက်ခဲခဲ့ပါတယ်။ ကံကောင်းစွာနဲ့ သည်မျဉ်းလိုင်းတွေ ရှိနေလို့သာ အချိန် ၂နာရီတည်းနဲ့ ပြီးစီး သွားခဲ့တာပါ။
“ငါသည် ဓားသိုင်းကို လေပြင်း မုန်တိုင်း ဓားသိုင်းလို့ အမည် ပေးလိုက်မယ်"
လီဖူချန်း တီထွင်ခဲ့တဲ့ သည်ဓားသိုင်းမှာက လေပြင်းမုန်တိုင်းရဲ့ သဘော သဘာဝတွေ ပါဝင်နေပါတယ်။ သည်ဓားသိုင်းက ရိုးစင်းပြီးတော့ လျင်မြန်မှုကို ဦးစားပေးတဲ့ ဓားသိုင်းမျိုးပါ။
ဝုန်း ...
လီဖူချန်း တစ်ယောက် ကိုယ်ပိုင်ဓားသိုင်းကို တီထွင်လို့ အပြီးမှာတော့ အနက်ရောင် မျဉ်းလိုင်းတွေက ပျောက်ကွယ် သွားပြီး ကြီးမားလှတဲ့ ကျောက်တိုင်ကြီး တစ်ခု ပြန်ပေါ်လာခဲ့ ပြန်ပါပြီ။
ကျောက်တိုင်ကြီးရဲ့ မျက်နှာပေါ်မှာတော့ နာမည်တစ်ခု ရေးထိုး ထားပါတယ်။
“အဆင့် ရပ်တည်ချက် ကျောက်တိုင်လား"
တစ်ချက် ကြည့်လိုက်တာနဲ့ လီဖူချန်းက ကျောက်တိုက်ကြီးရဲ့ နာမည်ကို ကောင်းကောင်းကြီး ဖတ်လိုက် နိုင်ပါတယ်။ သည်ကျောက်တိုင်ကတော့ အရင် ကျောက်တိုင်တွေလို အုပ်စုတွေ ခွဲမထားဘဲ အဆင့် ရပ်တည်ချက်တွေ ကိုသာ ဖော်ပြထားတာပါ။
ကျောက်တိုင်ကြီးပေါ်က အမှတ်အသား အချို့ကတော့ အရောင်မှိန်လျက် ရှိနေပါပြီ။ တောက်ပနေတဲ့ အမှတ်အသားတွေ ကလည်း သိပ်ပြီး များများ စားစားတော့ ရှိမနေပါဘူး။
အဲသည် အဓိပ္ပာယ်ကတော့ သည်အရှေ့ ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ တောင်မှ ပထမဆုံး တစ်ကြိမ်တည်းနဲ့ ကြယ်တာရာ လမ်းမရဲ့ စတုတ္ထ အဆင့်ကို အောင်မြင်ခဲ့သူ သိပ်မရှိဘူး ဆိုတာကို ပြောချင်တာပါ။
“သည်ကျောက်တိုင် ပေါ်မှာ ရှိနေတဲ့ အမှတ်အသား ပိုင်ရှင်တွေက အလွန် အစွမ်းထက်တဲ့ သူရဲကောင်းတွေနဲ့ ပါရမီ အရမ်းကောင်းတဲ့ လူငယ် မျိုးဆက်တွေပဲ ဖြစ်ရမယ်။ နှမြောစရာပဲကွာ ... ငါနဲ့ သူတို့တွေက လုံးဝကို ရင်းနှီးခွင့် မရှိခဲ့ဘူးလေ။ မဟုတ်ရင်တော့ သည်အမှတ်အသားတွေ ပေါ်က ချီအရှိန်အဝါ တွေကို ခံစားပြီး သည်လူတွေက ဘယ်သူတွေလဲ ဆိုတာ ခန့်မှန်းလို့ ရမှာ”
အရှေ့ယူနီကွန်း တိုက်ကြီးမှာက ထိပ်သီး ပညာရှင်တွေ အများကြီး ရှိပါတယ်။
အဲသည် ထိပ်သီး ပညာရှင်တွေ အားလုံးကလည်း လူငယ်ဘဝတုန်းက ပြိုင်ဘက်ကင်း ပါရမီရှင်တွေ ဖြစ်ခဲ့မှာပါပဲ။ သည်လို ကြယ်တာရာ လမ်းမရဲ့ စတုတ္ထအဆင့် ကျောက်တိုင်မှာ အမှတ်အသား ချန်ထားခဲ့နိုင်သူတွေ ဆိုရင်တော့ သေချာပေါက်ကို ကြီးမြတ်တဲ့ ပညာရှင်တွေ ဖြစ်နေလောက် ပါပြီလေ။
သူတို့ မိုးပြာရောင် ဂိုဏ်းချုပ် အိုးရန်ဝမ်းထင် ဆိုရင်လည်း ငယ်ရွယ်စဉ် အချိန်တုန်းက အခုလက်ရှိ ဓားအရူးသူတော်ထက် မနိမ့်တဲ့ ပါရမီတွေကို ပြသခဲ့တဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ပါ။
နှမြောစရာ ကောင်းတာကတော့ သည်အဆင့် သတ်မှတ်ချက် ကျောက်တိုင်ပေါ်မှာ အိုးရန်ဝမ်းထင်ရဲ့ အမှတ် အသားကို မတွေ့ခဲ့ရတာပါပဲ။
လီဖူချန်း တွက်ဆမိသလောက် ဆိုရင်တော့ နက္ခတ်တာရာ ဂိုဏ်းချုပ်၊ တုံလင်ကလန် ခေါင်းဆောင်နဲ့ နတ်စမ်း ရေတောင်ကြား သခင်တို့ရဲ့ အမှတ်အသားတွေ ကတော့ သည်အဆင့် သတ်မှတ်ချက် ကျောက်တိုင်ပေါ်မှာ ရှိနေမှာပါ။
ဘာဖြစ်လို့လဲ ဆိုတော့ သည်လူတွေ အားလုံးဟာ ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံ ဒါမှမဟုတ် ကြယ်၅ပွင့် အထူး အရိုး တည်ဆောက်ပုံတွေကို ပိုင်ဆိုင် ထားလို့ပဲ ဖြစ်ပါတယ်။
“ငါ့ရဲ့ အဆင့် သတ်မှတ်ချက်ကကော ဘယ်လောက်မှာ ရှိနေမလဲ မသိဘူး "
လီဖူချန်း စုတ်တံကို သေသေချာချာ ကိုင်လိုက်ပြီး သူ့ရဲ့ အမှတ်အသားကို လေထဲမှာ ရေးဆွဲ လိုက်ပါတယ်။
လီဖူချန်းရဲ့ အမှတ်အသားကတော့ ထုံးစံအတိုင်း ဓား ဟူသည့် စာလုံးပါပဲ။ သူက သည် ‘ဓား 'စာလုံး အမှတ်အသားကို စုတ်တစ်ချက်တည်းနဲ့ပဲ ရေးဆွဲ ထားတာပါ။ သူရေးပြီး သွားတာနဲ့ ‘ဓား ‘စာလုံး အမှတ်အသားက ကျောက်တိုင်ပေါ်ကို ပျံတက် သွားခဲ့ပါပြီ။
တတိယအဆင့် ... ဒုတိယအဆင့်… ပထမ အဆင့် ...
လီဖူချန်းရဲ့ ဓား စာလုံး အမှတ်အသားက ပထမနေရာကို တန်းပြီးတော့ ရောက်သွားပါပြီ။ လီဖူချန်းရဲ့ အမှတ်အသားက သူ့ကိုယ်သူ ဧကရာဇ် တစ်ပါးလို ပြုမူနေပါတယ်။ သူက ဘယ်အမှတ်အသားရဲ့ အောက်မှာမှ နေချင်ပုံ မရပါဘူး။ သူက ပထမနေရာမှာ ရှိနေတဲ့ အမှတ်အသား ဆီကို ဦးတည် ပျံသန်းသွားပြီး ထိုအမှတ်အသားကို ဖိအား ပေးနေတာပါ။
နဂိုမူလ ပထမနေရာမှာ ရှိနေတဲ့ အမှတ်အသားကလည်း အောက်တစ်ဆင့် ဆင်းပေးမည့် အရိပ်အယောင် မပေါ်ပါဘူး။ ထိုအမှတ်အသားကလည်း အရှိန်အဝါတွေ တောက်ပလာပြီး လီဖူချန်းရဲ့ ‘ဓား’စာလုံး အမှတ်အသားကို ပြန်ပြီး ဖိနှိပ်ဖို့ ကြိုးစား နေပါတယ်။
လီဖူချန်းရဲ့ ‘ဓား ‘စာလုံး အမှတ်အသားကလည်း သည်အတိုင်း ငြိမ်ပြီး ကြည့်မနေပါဘူး။ သူ့ရဲ့ အမှတ်အသား ထံကနေ ကိုယ်ပိုင် အသိစိတ် တစ်ခု ဖြစ်ပေါ်လာပြီး နဂိုမူလ ပထမ နေရာမှာ ရှိနေတဲ့ အမှတ်အသားကို ထပ်မံ ဖိနှိပ် ပစ်လိုက်ပါတယ်။
လီဖူချန်းကတော့ စိတ်ဝင်စားစွာဖြင့် ဘေးကနေ ရပ်ကြည့် နေပါတယ်။
၁၀မိနစ်လောက် အမှတ်အသားနှစ်ခု အပြန်အလှန် ဖိနှိပ်နေပြီး နောက်မှာတော့ မူလပထမ အမှတ်အသားက လီဖူချန်းရဲ့ ‘ဓား‘စာလုံး အမှတ်အသားကို လုံးဝ မယှဉ်နိုင်တော့သည့် ပုံဖြင့် ဒုတိယ နေရာကို ဆင်းသွားခဲ့ပါပြီ။ ထိုအမှတ်အသား ကတော့ လီဖူချန်းရဲ့ ‘ဓား’စာလုံး အမှတ်အသားကို ထပ်ပြီး စိမ်ခေါ်ရဲတော့မည့် ပုံတောင် မပေါ်တော့ဘဲ ရိုသေ ကျိုးနွံစွာဖြင့် ဒုတိယ နေရာမှာ ရပ်တည် နေပါတော့တယ်။ လီဖူချန်းရဲ့ ဓား စာလုံး အမှတ်အသားကတော့ မာနကြီးစွာဖြင့် ဧကရာဇ် တစ်ပါးလို ဝင့်ထည်စွာဖြင့် ပထမ နေရာမှာ မိန့်မိန့်ကြီး ရပ်တည်နေပါပြီ။
ထို့နောက်မှာတော့ အဆင့် သတ်မှတ်ချက် ကျောက်တိုင်ထံကနေ အလင်းတန်းကြီး တစ်ခု ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး ကြယ်ပင်လယ်ထဲသို့ပါ ထိုးဖောက် ဝင်ရောက် သွားပါတော့တယ်။
သည်အလင်းတန်းကြီးက ဘယ်ကို ဦးတည်ပြီး သွားလိုက်သလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါပေမဲ့ သေချာတာ တစ်ခုကတော့ သည်အလင်းတန်းကြီးကို ကြယ်တာရာ လမ်းမ တစ်ခုလုံး ကနေ တွေ့မြင်ရမှာပါပဲ။
ဝုန်း ... ဂျိန်း ဒလိမ်း ...
ကြယ်ရောင်စုံ ကောင်းကင်ပြင် ထဲမှာတော့ မိုးခြိမ်းသံတွေ ထွက်ပေါ်လာပြီး မရေမတွက် နိုင်တဲ့ ရွှေရောင် လျှပ်စီးကြောင်းတွေ ဖြစ်ပေါ် လာခဲ့ပါပြီ။ သည်လျှပ်စီးကြောင်းတွေ မိုးခြိမ်းသံတွေက လီဖူချန်းရဲ့ အောင်မြင်မှုကို ဂုဏ်ပြု နေသည်နှင့်တောင် တူနေပါသေးတယ်။
လီဖူချန်း တတိယ အဆင့်ကို ဖြတ်ကျော် ခဲ့တုန်းကတောင်မှ ရွှေရောင်လျှပ်စီး တစ်ချက်ပဲ လက်ခဲ့တာပါ။
***
စတုတ္ထ အဆင့်ကို ဖြတ်ကျော်ပြီးတဲ့ အခါမှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲကို ကြယ်တာရာ စွမ်းအင် ၈ပုလင်းစာ စွမ်းအင်တွေ ထပ်မံ စီးဝင် လာခဲ့ပါတယ်တယ်။
အခု ဆိုရင်တော့ လီဖူချန်းဆီမှာ ကြယ်တာရာ စွမ်းအင် ပုလင်း စုစုပေါင်း ၁၅ ပုလင်း ရှိနေပါပြီ။
သည်စွမ်းအင်တွေက အရမ်းကို ပြည့်လျှံနေတဲ့ အတွက် လီဖူချန်းက မအီမသာ ခံစား နေရပါတယ်။ သူက လုံးဝကို အဆင့်တက်ဖို့ လိုအပ်နေပါပြီလေ။
“သည်အတိုင်း ဆိုရင်တော့ ငါအဆင့်တက်မှပဲ ရတော့မယ်။ မဟုတ်ရင် ငါ့ရဲ့ စွမ်းအင် ဗဟိုချက်မ ပင်လယ်က သည်ကြယ်တာရာ စွမ်းအင်တွေကို ထိန်းထား နိုင်တော့မှာ မဟုတ်ဘူး”
လီဖူချန်းက အလျင်အမြန် ကြာပန်း ပုံသဏ္ဌာန် ထိုင်လိုက်ပြီး မြေကမ္ဘာနယ်ပယ် အဆင့်၄ကို ချိုးဖျက် ဝင်ရောက်ဖို့ အတွက် ပြင်ဆင်လိုက်ပါတယ်။
ထို့နောက် မှာတော့ သူက အစစ်အမှန် ငရဲမီးတောက် အတွင်းအားတွေကို လည်ပတ် စီးဆင်း စေလိုက်ပါပြီ။
ဝုန်း ...
၁၅မိနစ်တောင် မကြာလိုက်ပါဘူး။ လီဖူချန်းက မြေကမ္ဘာ နယ်ပယ် အဆင့်၃ကနေ မြေကမ္ဘာ နယ်ပယ် အဆင့်လေးကို ချိုးဖောက် ဝင်ရောက် သွားပါတော့တယ်။
အဲသည် ပိုဝမ်းသာစရာ ကတော့ သူ့ရဲ့ စွမ်းအင်ဗဟို ချက်မထဲမှာ စွမ်းအင်တွေ လှစ်ဟ နေတာမျိုး မရှိဘဲ လုံးဝကို အခြေတကျ ဖြစ်နေတာပါပဲ။
တစ်ချိန်တည်း လိုလိုမှာပင် လီဖူချန်း ဆုအဖြစ်ရခဲ့တဲ့ ကြယ်တာရာ စွမ်းအင် သုံးပုလင်းကလည်း ကုန်ဆုံး သွားခဲ့ပါတယ်။
“အား ... မအီမသာ ဖြစ်နေတုန်းပဲဟ။ ရှုပ်ပါတယ်ကွာ ... မြေကမ္ဘာနယ်ပယ် အဆင့်၅ကိုပါ ချိုးဖောက် ဝင်ရောက်လိုက်တော့မယ်”
လီဖူချန်းက သူ့ရဲ့ သိုလှောင်အိတ်ထဲကနေ ဆေးလုံးတစ်ဆုပ် နှိုက်ယူလိုက်ပြီး ဝါးစား ပစ်လိုက်ပါတော့တယ်။
***