← Chapters

အပိုင်း၂၃၄

Vol. 17 Ch. 234

အပိုင်း၂၃၄

Vol. 17 Ch. 234

တစ်နာရီမျှ အကြာမှာတော့ လီဖူချန်းက မြေကမ္ဘာနယ်ပယ် အဆင့်၅ကို အောင်မြင်စွာနဲ့ ချိုးဖောက် ဝင်ရောက် သွားနိုင်ခဲ့ပါတယ်။

ကြယ်တာရာ စွမ်းအင်ပုလင်း ၉လုံးကလည်း ကုန်သွားခဲ့ပါပြီ။ အခုဆိုရင်တော့ လီဖူချန်းဆီမှာ ကြယ်တာရာ စွမ်းအင်ပုလင်း ၃လုံးသာ ကျန်ပါတော့တယ်။

‘ပထမ တစ်ဆင့်ကို ချိုးဖောက်တာက ကြယ်တာရာ စွမ်းအင် ၃ပုလင်းပဲ ကုန်တယ်။ ဒုတိယအဆင့်ကို ချိုးဖောက်တဲ့ အခါမှာ ကြယ်တာရာ စွမ်းအင် ၉ပုလင်း သုံးလိုက်ရတယ် ဆိုတော့ စုစုပေါင်း ၁၂ ပုလင်း ကုန်သွားတယ်။ တတိယ အဆင့်ကို ချိုးဖောက်မယ် ဆိုရင်တော့ စုစုပေါင်း ကြယ်တာရာ စွမ်းအင် ၃၆ ပုလင်း သုံးရမယ်နဲ့ တူတယ်'

သူ မြေကမ္ဘာ အဆင့်၅ကို ချိုးဖောက် ဝင်ရောက်ခဲ့တဲ့ အတွေ့အကြုံအရ လီဖူချန်းက နောက်တစ်ဆင့်ကို ချိုးဖောက် ဝင်ရောက်ဖို့ အတွက် လိုအပ်တဲ့ ကြယ်တာရာ စွမ်းအင်ပုလင်း အရေအတွက်ကို အကြမ်းဖျင်း တွက်ချက် လိုက်ပါတယ်။

‘တကယ်လို့ ငါက ကြယ်တာရာ လမ်းမရဲ့ ပဉ္စမအဆင့်ကို ကျော်ဖြတ်နိုင်ရင် နောက်ထပ် ကြယ်တာရာ စွမ်းအင်ပုလင်း ၁၆ ပုလင်းရဦးမယ်။ အဲဒါက ငါ့ကို မြေကမ္ဘာ အဆင့်၆ကို မတက်လှမ်း နိုင်စေပေမဲ့ ကျင့်ကြံချိန် တစ်ဝက်လောက်ကို သက်သာ သွားစေနိုင်တယ်ဟ'

လီဖူချန်းက စဉ်းစားနေရင်းနဲ့ မတ်တတ် ထရပ်လိုက်ပါတယ်။

‘ဒါပေမဲ့ ... ငါက ... သည်အဆင့်ကိုကော ကျော်ဖြတ် နိုင်ပါ့မလာ။ ထားလိုက်ပါတော့ကွာ ... ကြိုပြီးတော့ စဉ်းစား မနေတော့ဘူး။ အရင် သွားကြည့်လိုက်မယ်'

လီဖူချန်းက ကြယ်တာရာလမ်းမ ပဉ္စမ နယ်မြေ အပိုင်းအခြားကို ကြည့်နေရင်းနဲ့ ချီတုံချတုံ ဖြစ်နေပါတယ်။ သည်အဆင့်ကို ဖြတ်ကျော် နိုင်ပါ့မလား ဆိုတာကိုတော့ သူကိုယ်တိုင်တောင် မသိတော့ပါဘူး။

ကြယ်တာရာလမ်းမ ပဉ္စမ နယ်မြေ အပိုင်းအခြားရဲ့ အစပိုင်း ချီစက်ကွင်း ဖိအားကိုက ကြယ်တာရာလမ်းမ စတုတ္ထ နယ်မြေ အပိုင်းအခြား ချီစက်ကွင်းထက် ၂ဆလောက် ပိုအားကောင်း နေမယ် ဆိုတာ ယုံမှားသံသယ ဖြစ်စရာ မလိုပါဘူး။

“ဘယ်လိုပဲ ဖြစ်ဖြစ်ကွာ ... အတတ်နိုင်ဆုံးတော့ ကြိုးစား ကြည့်ရမှာပဲ။ ငါက ငါ့ရဲ့  ကန့်သတ်ချက်ကို သိပြီး ချိုးဖောက်နိုင်ဖို့ လိုအပ် နေသေးတယ်”

လီဖူချန်းက အသက်ကို တစ်ဝကြီး ရှူသွင်းလိုက်ပြီး ကြယ်တာရာ လမ်းမ ပဉ္စမ နယ်မြေ အပိုင်းအခြား ပေါ်ကို ညာခြေထောက်ဖြင့် စလှမ်း လိုက်ပါတော့တယ်။

ဝုန်း ...

ကြောက်စရာ ကောင်းလှတဲ့ ဖိအားတစ်ခုက လီဖူချန်း အပေါ်ကို ဆင်းသက် လာခဲ့ပါပြီ။ လီဖူချန်းက သူ့ရဲ့ စိတ်ဝိညာဉ် ဆုတ်ဖြဲ ခံလိုက်သလိုတောင် ခံစားနေရပါတယ်။

လီဖူချန်းက သူ့အပေါ် ကျရောက်လာတဲ့ ဖိအားတွေ တောင်ခံထားရင်းနဲ့ အရှေ့ကို ခြေလှမ်း တစ်လှမ်း ဆက်လှမ်း လိုက်ပါတယ်။

အခုချိန်မှာတော့ သူက အရင်လို မပြေးနိုင်တော့ပါဘူး။

***

ဆောင်းဦးမိုးစက်မြို့ ...

လီဖူချန်း ငှားထားတဲ့ ခြံဝင်း အတွင်းမှာတော့ ...

“အံ့သြစရာ ကောင်းလိုက်တာ ... လီဖူချန်း တစ်ယောက် ဘယ်ရောက် သွားပါလိမ့် "

ဖန်ကျင်းဆောင်နဲ့ ဖန်းကျင်းယုတို့ မောင်နှမ နှစ်ယောက်က ခြံဝင်း တစ်ခုလုံး အနှံ့ လိုက်ရှာ သော်လည်း လီဖူချန်းရဲ့ အရိပ်အယောင်ကို လုံးဝ မတွေ့ခဲ့ပါဘူး။

ဖန်ကျင်းယုက

“အစ်ကို ... လီဖူချန်းက အရေးကြီး ကိစ္စ တစ်ခုခုရှိလို့ အပြင် ထွက်သွားတာ ထင်တယ်။ သူက ညီမတို့ကို မနှုတ်ဆက်သေးဘဲ နဲ့တော့ ပြန်သွားမှာ မဟုတ်ဘူး”

ဖန်ကျင်းဆောင်ကလည်း ခေါင်းညိတ်လိုက်ပြီး

“နှမြောစရာပဲ။ တစ်နှစ်မှာ နှစ်ကြိမ်သာ ကျင်းပတဲ့ ဆောင်းဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်က စခါနီးနေပြီဟ။ သည်တစ်ကြိမ် ဆောင်ဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်ရဲ့ အိမ်ရှင်က ချမ်းသာဂိုဏ်းရဲ့ ရွှေအဆင့် တပည့်ဖြစ်တဲ့ ကျင်ခါ့ရှီပဲ။ သူမက အိမ်ရှင် အဖြစ် တာဝန် ယူမှာဆိုတော့ ဂိုဏ်းအသီးသီးက ရွှေအဆင့် တိုက်ရိုက် တပည့်တွေလည်း သေချာပေါက်ကို လာကြမှာ”

ဆောင်းဦးမိုးစက်မြို့ရဲ့ အနီးအနားမှာတော့ ဆောင်းဦးမိုးစက်တောင် ရှိပါတယ်။

ဆောင်းဦးမိုးစက် တောင်က တစ်နှစ်ပတ်လုံး အမြဲတမ်း မိုးရွာလေ့ရှိတဲ့ တောင်တစ်တောင် ဖြစ်ပါတယ်။

ဘယ်သူက စပြီး လုပ်လိုက်တဲ့ အလေ့အထလဲတော့ မသိပါဘူး။ နှစ်စဉ်နှစ်တိုင်း သည်အချိန်လောက် ဆိုရင် ဂိုဏ်းတစ်ဂိုဏ်းရဲ့ ရွှေအဆင့် တိုက်ရိုက်တပည့် တစ်ယောက်က အိမ်ရှင်အဖြစ် ကြီးမှူးပြီး လက်ဖက်ရည် ပွဲတော် ပြုလုပ်လေ့ ရှိပါတယ်။ သည်တစ်ခေါက် လက်ဖက်ရည် ပွဲတော်အတွက် အိမ်ရှင်အဖြစ် ရွေးခံရသူကတော့ ချမ်းသာဂိုဏ်းရဲ့  ရွှေအဆင့် တိုက်ရိုက် တပည့်ဖြစ်တဲ့ ကျင်ခ့ါရှီပါ။

ချမ်းသာဂိုဏ်းက အချောအလှတွေ စုဝေးရာ ဂိုဏ်းတစ်ဂိုဏ်း အဖြစ် ထင်ရှား ကျော်ကြား ပါတယ်။ အဲသည် အချောအလှတွေ ကြားမှာတောင်မှ ကျင်ခါ့ရှီက အလှနတ်သမီး တစ်ပါးအဖြစ် တင်စားခံရတယ် ဆိုတော့ သူမက တကယ်ကို ချောမောလှပမည် ဆိုတာ ယုံမှားသံသယ ဝင်စရာ အကြောင်း မရှိပါဘူး။

သူမက အိမ်ရှင် အဖြစ် ကမကထ ပြုလုပ်ပြီး ကျင်းပတာ ဖြစ်တဲ့အတွက် သည်တစ်ခေါက် လက်ဖက်ရည် ပွဲတော်ကတော့ အနယ်နယ် အရပ်ရပ်က ရွှေအဆင့် တိုက်ရိုက် တပည့်တွေနှင့် အင်မတန်မှကို စည်ကား နေတော့မှာပါပဲ။

ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယုတို့ကတော့ လက်ဖက်ရည် ပွဲတော်ကို တစ်ခါ တက်ဖူးပါတယ်။

ဖန်ကျင်းယုက အကြံပြုလိုက်ပါတယ်။

“အစ်ကို ... ညီမတို့ အကျိုးအကြောင်း ပြောဖို့ အတွက် စာတစ်စောင် ရေးပြီး ထားခဲ့ လိုက်ရအောင်။ တကယ်လို့ လီဖူချန်း ပြန်ရောက်လာရင် သည်စာကို ဖတ်ပြီးတာနဲ့ ညီမတို့နောက်ကို လိုက်လာမှာပဲ”

ဖန်ကျင်းဆောင်ကလည်း လက်ခံ လိုက်ပါတယ်။

“အား ... ဟုတ်သားပဲ။ ငါဘာဖြစ်လို့ ဒါကို မစဉ်းစားမိပါလိမ့်။ ငါ့ညီမကတော့ ဒါမျိုးကျ အရမ်းကို တော်တာပဲကွာ”

သည်လိုနဲ့ပဲ ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယုတို့က လီဖူချန်းရဲ့ အိပ်ရာပေါ်မှာ စာတစ်စောင် တင်ထားခဲ့ပြီး ဆောင်းဦးမိုးစက် တောင်ဆီကို ထွက်သွားခဲ့ပါပြီ။

လမ်းတစ်လျှောက်မှာတော့ ဆောင်းဦးမိုးစက် တောင်ကို ဦးတည် သွားနေတဲ့ ရွှေအဆင့် တိုက်ရိုက် တပည့်တွေ အများကြီးပါပဲ။

“ဟိုတစ်ယောက်က ငွေဝတ်ရုံ ဂိုဏ်းသား ရူကျန်းချီ မဟုတ်ဘူးလား"

ဖန်ကျင်းဆောင်က ဖန်ကျင်းယုကို လက်ညှိုး ထိုးပြလိုက်ပါတယ်။

ရူကျန်းချီ ဆိုတာက ငွေဝတ်ရုံဂိုဏ်းရဲ့ နာမည်ကျော် ရွှေအဆင့် တိုက်ရိုက် တပည့် တစ်ယောက်ပါ။ သူ့ရဲ့ကျင့်ကြံမှု အဆင့်က မြေကမ္ဘာနယ်ပယ် အဆင့်၇ ဖြစ်ပြီး ဖူချောင်းရှန်ထက်ကို အဆပေါင်းများစွာ အစွမ်း ထက်ပါတယ်။

အဲသည်ထက် ပိုအရေးကြီးတာ ကတော့ ရူကျန်းချီက ကျားနဂါး စာရင်းထဲမှာ အဆင့် သတ်မှတ်ချက် ၉၈ ရထားတဲ့ လူငယ်ကြယ်ပွင့် တစ်ဦး ဖြစ်နေတာပါပဲ။

ကျားနဂါး စာရင်း ဆိုတာက အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာရှိတဲ့ လူငယ် ပါရမီရှင်တွေကို ထည့်သွင်း ဖော်ပြထားတာပါ။

ကျားနဂါး စာရင်းရဲ့ အဆင့် သတ်မှတ်ချက်ကိုတော့ သုံးနှစ်တစ်ကြိမ် ပြိုင်ပွဲ ပြုလုပ်ပြီး အဆင့် သတ်မှတ် ပေးပါတယ်။ အဲသည် ပြိုင်ပွဲကိုတော့ ဂိုဏ်းအသီးသီးရဲ့ နာမည်ကျော် ပါရမီရှင်တွေ ပါဝင် ယှဉ်ပြိုင်လေ့ ရှိပါတယ်။

ကျားနဂါး စာရင်းထဲကို ဝင်တဲ့ ပါရမီရှင် လူငယ် အရေအတွက်ကတော့ ၁၀၈ ယောက်ပါ။ အဲသည် စာရင်းထဲကို ဝင်ရောက်နိုင်တဲ့ လူငယ်တွေ ကိုတော့ ထွန်းတောက် လာမည့် ကြယ်ပွင့်များလို့ သတ်မှတ် ကြတယ်လေ။

နောက်ဆုံး ကျင်းပခဲ့တဲ့ ကျားနဂါး ပြိုင်ပွဲကတော့ မနှစ်တုန်းကပါပဲ။ အဲသည်တော့ နောက်နှစ်ဆိုရင် ကျားနဂါး ပြိုင်ပွဲ ပြန်စတော့မှာ ဖြစ်ပါတယ်။

“ကျားနဂါး စာရင်းထဲကို ဝင်ဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး။ ငါတို့ အပူအပင်မဲ့ ဂိုဏ်းမှာတောင်မှ ကျားနဂါး စာရင်းထဲကို ဝင်နိုင်တဲ့ လူငယ် ကြယ်ပွင့် တစ်ယောက်မှ မရှိသေးဘူး”

ဖန်ကျင်းဆောင်က တီးတိုး ရေရွတ် လိုက်မိပါတယ်။

အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ ဆိုရင် ဂိုဏ်းပေါင်း ၁၀၀ နီးပါး ရှိတာပါ။

သင်္ချာနည်းအရ ပြောရမယ် ဆိုရင် ဂိုဏ်းတိုင်း ဂိုဏ်းတိုင်းရဲ့ တပည့် တစ်ယောက် လောက်ကတော့ ကျားနဂါးစာရင်းထဲမှာ ပါသင့်ပါတယ်။

ဒါပေမဲ့လည်း ပထမတန်းစား အင်အားစုကြီးတွေမှာက ပါရမီရှင် လူငယ်မျိုးဆက်တွေ အများကြီး ရှိနေတယ်လေ။ အရင်တစ်ခေါက် ပြိုင်ပွဲမှာဆိုရင် ထိုလူငယ်တွေကပဲ ကျားနဂါး စာရင်းထဲမှာ အပြိုင်အဆိုင် နေရာ ယူထားကြပါတယ်။

ဒါကြောင့် သာမန်ဂိုဏ်း တစ်ဂိုဏ်းက ပါရမီရှင် တစ်ယောက် အနေနဲ့ကတော့ ကျားနဂါး စာရင်းထဲကို ဝင်ရောက်နိုင်ဖို့ ဆိုတာ အင်မတန်မှ ခက်ခဲ လွန်းလှပါတယ်။

ဒါတောင်မှ ပထမတန်းစား အင်အားစုကြီးတွေ ပြုစု ပျိုးထောင်ထားတဲ့ ပါရမီရှင် လူငယ် အချို့က အသက်အရမ်း ငယ်နေသေးလို့ပါ။ နောက်တစ်ခါ ကျင်းပမဲ့ ကျားနဂါး ပြိုင်ပွဲမှာ ဆိုရင်တော့ ထိုလူငယ်တွေက သေချာပေါက်ကို ပါဝင် လာပါလိမ့်မယ်။

***

ဆောင်းဦးရွက်ကြွေ လက်ဖက်ရည်ပွဲတော် ကတော့ စခါနီးနေပါပြီ။ ဒါပေမဲ့လည်း လီဖူချန်းကတော့ ကြယ်တာရာလမ်းမ လျှို့ဝှက်နယ်မြေထဲမှာ ကျားကုတ်ကျားခဲ ကြိုးစားနေတုန်းပါပဲ။

ကြယ်တာရာလမ်းမ ပဉ္စမ နယ်မြေ အပိုင်းအခြားရဲ့ ချီစက်ကွင်းတွေက လုံးဝကို ကြမ်းတမ်း ခက်ထန်လွန်း လှပါတယ်။

လီဖူချန်းက လမ်းတစ်ဝက်မှာ တစ်ကိုယ်လုံး အဆက်မပြတ် တုန်ယင်နေပြီး မျက်ဖြူဆိုက် နေပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ်က လမ်းလျှောက်ဖို့ မပြောနဲ့ လက်တစ်ချောင်း လှုပ်ဖို့တောင် အနိုင်နိုင်ပါပဲ။ သူ့ရဲ့ စိတ်ဝိညာဉ်ကလည်း နွမ်းဖပ် နေပါတော့တယ်။

“ရွှေရောင်လက်ဖွဲ့ အဆောင် ရှိနေတာ တောင်မှ ငါက ပဉ္စမအဆင့်ရဲ့ အဆုံးကို မသွားနိုင်ဘူးလားဟ။ သောက်ရှက်ကတော့ ဗြန်းဗြန်း ကွဲပါပြီကွာ”

လီဖူချန်းက ခပ်တိုးတိုး ညည်းတွား လိုက်ပါတယ်။

လီဖူချန်းက သူ့ကို ဘာအကြောင်းကြောင့် ရွှေရောင် လက်ဖွဲ့ အဆောင်က ရွေးချယ် လိုက်မှန်းကိုတော့ မသိပါဘူး။

ဒါပေမဲ့ သူသိတာ တစ်ခုကတော့ ရွှေရောင် လက်ဖွဲ့အဆောင်က သူ့ရဲ့ ကံကြမ္မာကို ပြောင်းလဲစေပြီး ဒုတိယအကြိမ် အခွင့်အရေး ပေးခဲ့တာပါ။

အဲသည်အတွက် သူက ရွှေရောင် လက်ဖွဲ့ အဆောင်ကို စိတ်မပျက် စေလိုပါဘူးလေ။

ရွှေရောင် လက်ဖွဲ့အဆောင် သူ့ကို ရွေးချယ် လိုက်တာက မှန်ကန်တဲ့ ရွေးချယ်မှု တစ်ခု ဆိုတာကို လီဖူချန်းက သက်သေ ပြချင်နေပါ သေးတယ်။

လီဖူချန်းက အံကို တင်းတင်း စေ့လိုက်ပြီး ခြေလှမ်း တစ်လှမ်း ထပ်လှမ်း လိုက်ပါတယ်။

ရပါတယ် ... အဆင်ပြေ နေတုန်းပါပဲ။ အတန်ကြာ အားယူပြီး နောက်မှာတော့ နောက်ထပ် တစ်လှမ်း ဆက်လှမ်း လိုက်ပြန်ပါတယ်။

သည်လိုနဲ့ပဲ ... …

လမ်းမရဲ့ ၆၀ ရာခိုင်နှုန်း အထိ ရောက်လာပါပြီ။

ထို့နောက်မှာတော့ ၇၀ ရာခိုင်နှုန်းပေါ့။

လီဖူချန်းက ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်းမှာ သူ့ရဲ့ အရိုးတွေ ခြေမွှခံနေရတဲ့ အတိုင်းကို ခံစားနေရတာပါ။

၈၀ ရာခိုင်နှုန်း ... ၉၀ ရာခိုင်နှုန်း ...

လီဖူချန်းရဲ့ စိတ်ဝိညာဉ်နဲ့ လူနဲ့က ကပ်မနေတော့ပါဘူး။ သူ့ရဲ့ စိတ်ဝိညာဉ်က အပိုင်းပိုင်း အစစကို ဆုတ်ဖြဲ ခံနေရပါပြီ။

ဒါပေမဲ့လည်း လူကတော့ တရွေ့ရွေ့ ရှေ့ကို ဆက်သွားနေတုန်းပါပဲ။

‘ငါဆက်သွားရမယ် ... ရှေ့ကို ဆက်သွားနေမှ ရမယ်'

လီဖူချန်းရဲ့ မသိစိတ်ကတော့ ရှေ့ကို ဆက်သွားဖို့ တွန်းအား ပေးနေပါသေးတယ်။

ဘယ်လောက်ထိ ကြာအောင် သွားနေမှန်းကို မသိတော့ပါဘူး။

ရုတ်တရက် လီဖူချန်း စိတ်ထဲမှာ ဝုန်းခနဲ အသံတစ်ခု ကြားလိုက်ရပြီး နောက်မှာတော့ လီဖူချန်းရဲ့ စိတ်ဝိညာဉ်က ပြန်အားကောင်း လာပါတယ်။

စိတ်ဝိညာဉ်ခွန်အားဆိုတာက အသိစိတ် အာရုံနဲ့ မတူပါဘူး။

လူတစ်ယောက်ရဲ့ အဓိက စွမ်းအင် အရင်းအမြစ်က စိတ်ဝိညာဉ်ကနေ လာတာပါ။

အသိစိတ်အာရုံ အားကောင်းဖို့ ဆိုရင်တော့ နည်းလမ်း အမျိုးမျိုးနဲ့ ကျင့်ယူလို့ ရနိုင်ပါတယ်။

ဒါပေမဲ့ စိတ်ဝိညာဉ် အားကောင်းဖို့ ဆိုတာကတော့ လူကိုယ်တိုင်နဲ့ပဲ သက်ဆိုင်ပါတယ်လေ။

လီဖူချန်းရဲ့ စိတ်ဝိညာဉ်ကတော့ သူပါရမီတွေ ပျောက်သွားတဲ့ နှစ်တွေကတည်းက အားကောင်း နေခဲ့တာပါ။ ဘယ်လို အနိုင်ကျင့်မှုတွေနဲ့ပဲ ကြုံရသည် ဖြစ်စေ။ လီဖူချန်းကတော့ တစ်ခါမှ စိတ်ဓာတ် အားလျော့ခြင်း မရှိခဲ့ပါဘူး။ သူက တစ်နေ့ကျရင် ကောင်းကင်ဘုံ ကိုးဆင့် အပေါ်ကနေ လောက သုံးပါးကို ငုံ့ကြည့်မယ်လို့ ရည်မှန်းချက် ထားခဲ့တာပါ၊

နောက်ပိုင်း ရွှေရောင် လက်ဖွဲ့အဆောင် သူ့ကိုယ်ထဲကို ဝင်သွားပြီး နောက်မှာတော့ လီဖူချန်းရဲ့ စိတ်ဝိညာဉ်က ပိုပိုပြီးတောင် အားကောင်း လာခဲ့ပါသေးတယ်။

အနှစ်ချုပ် ပြောရမယ် ဆိုရင်တော့ လီဖူချန်းရဲ့ ပါရမီတွေ ပျောက်ဆုံး သွားတဲ့ အဖြစ်အပျက်ကပဲ သူ့ကို အလွန် စိတ်ဓာတ် ခိုင်ကြည်တဲ့၊ စိတ်ဝိညာဉ်ခွန်အား အလွန်ကောင်းတဲ့ လူတစ်ယောက် ဖြစ်လာစေခဲ့တာပါ။

လောကသုံးပါးမှာ အစွမ်းအထက်ဆုံး လူ ဖြစ်ချင်တဲ့စိတ်…။

ရွှေရောင် လက်ဖွဲ့အဆောင်ကို စိတ်မပျက် သွားစေချင်သည့် စိတ်။

သည်အရာတွေ အားလုံး တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားတဲ့ အခါမှာတော့ လီဖူချန်းကို ကြယ်တာရာ လမ်းမ ပဉ္စမနယ်မြေ အပိုင်းအခြားရဲ့ အဆုံးကို ရောက်ရှိစေတဲ့ တွန်းအားတစ်ခု ဖြစ်ပေါ် လာပါတော့တယ်။

လီဖူချန်း တစ်ယောက် ကျွန်းပေါ်ကို ရောက်လာတဲ့ အခါမှာတော့ သူ့ရဲ့တစ်ကိုယ်လုံးက မြစ်ထဲက တက်လာသည်အလား ချွေးတွေဖြင့် စိုရွှဲနေပါပြီ။

သူ့ရဲ့ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်နေပေမဲ့လည်း လီဖူချန်းဆီကနေ ဓားအိမ်ထဲက မထုတ်ရသေးသည့် ဓားတစ်လက်လို အငွေ့အသက်တွေ ထွက်ပေါ် နေပါတယ်။ အဲသည် အငွေ့အသက် တွေက အလွန်အမင်းကို အားကောင်း နေတာပါ။

‘ပဉ္စမအဆင့်ရဲ့ ကျောက်တိုင်မှာကော လူ ဘယ်နှယောက် အမှတ်အသား ချန်ထားခဲ့နိုင်လဲ မသိဘူးဟ'

လီဖူချန်းက သူ့ရဲ့ သိုလှောင်အိတ်ထဲကနေ အဝတ်အစားတစ်စုံ ထုတ်လဲလိုက်ရင်းနဲ့ တွေးမိနေပါသေးတယ်။

ဒါပေမဲ့ လီဖူချန်း မသိတာကတော့ ကြယ်တာရာလမ်းမ လျှို့ဝှက်နယ်မြေရဲ့ သမိုင်း တစ်လျှောက်မှာ ပထမဦးဆုံး တစ်ကြိမ်ထဲနဲ့ ပဉ္စမအဆင့်ကို ကျော်ဖြတ်နိုင်တဲ့ သူက သူ တစ်ယောက်တည်း ရှိတယ် ဆိုတာပါပဲ။

သူက တကယ့်ကို တစ်ဦးတည်းသော လူပါ။

သူ့ရဲ့ရှေ့မှာ ဘယ်သူမှ မရှိနေသလို ... အောင်မြင်သူလည်း တစ်ယောက်မှ မရှိခဲ့ဖူးပါဘူး။

***

All Chapters