← Chapters

အပိုင်း၂၃၅

Vol. 17 Ch. 235

အပိုင်း၂၃၅

Vol. 17 Ch. 235

ပဉ္စမအဆင့် ကတော့ သိုင်းပညာကို တကယ် လက်တွေ့ အသုံးချနိုင်ရဲ့လား ဆိုတာ စမ်းသပ်တာပါပဲ။

ရွှီး…

ဟင်းလင်းပြင်ထဲကနေ လူတစ်ယောက် ပေါ်လာပါတယ်။

ထိုလူကတော့ လီဖူချန်းနဲ့ ချွတ်စွပ်တူနေတဲ့ လီဖူချန်း နောက်တစ်ယောက် ပါပဲ။

ထိုလီဖူချန်းရဲ့ လက်ထဲမှာလည်း လီဖူချန်း ကိုင်လေ့ရှိတဲ့ နက်ရွှေမှော်ဓား တစ်လက်ကို ကိုင်ဆွဲ ထားပါသေးတယ်။

(ရှုပ်သွားမှာစိုးလို့ ဒုတိယ လီဖူချန်းကိုတော့ လီဖူချန်း အတုလို့ သုံးလိုက်ပါမယ်။ )

ထိုလီဖူချန်းအတုက လီဖူချန်းကို နက်ရွှေမှော်ဓားနဲ့ ပိုင်းလိုက်ပါတယ်။

ထန် ...

လီဖူချန်းက သူ့ရဲ့ နက်ရွှေမှော်ဓားကို ဆွဲထုတ်လိုက်ပြီး ဓားကွက်တစ်ကွက် ပြန်ထုတ်ကာ ခုခံလိုက်ပါတယ်။

သည်စမ်းသပ်ချက် မှာတော့ ဓားသိုင်း သီးသန့်သာ ထုတ်သုံးခွင့်ရသည့် ပုံပါပဲ။

လီဖူချန်းက သူ့ရဲ့ အတွင်းအားကို ထုတ်သုံးကြည့် လိုက်ပေမဲ့လည်း အတွင်းအားတွေက တစ်စက်မှ ထွက်မလာပါဘူး။

ချွင် ... ချွင် ... ထန် ... ထန် ... …

လီဖူချန်း နှစ်ယောက်ကတော့ အစွမ်းကုန် တိုက်ခိုက် နေကြပါပြီ။

သူတို့ နှစ်ယောက်စလုံးရဲ့ ဓားကွက်တွေကလည်း လုံးဝကို အပိုအလိုမရှိ သေသပ် တိကျလွန်းပါတယ်။

အတွင်းအား မပါသည့် ဓားကွက်တွေ ဖြစ်ပေမဲ့လည်း လီဖူချန်း နှစ်ယောက်ရဲ့ လက်ထဲမှာတော့ ထိုဓားကွက်တွေက အတွင်းအား ပါသည့် ဓားကွက်တွေ ထက်တောင်မှ ပိုပြီး ကြောက်စရာ ကောင်းနေသည်လေ။

“သေလိုက်တော့"

ဓားရောင် တစ်ချက် လက်ခနဲ ဖြစ်သွားပြီး နောက်မှာတော့ လီဖူချန်းက လီဖူချန်း အတုရဲ့ လည်ပင်းကို ခုတ်ပိုင်း ပစ်လိုက် ပါတော့တယ်။

သူ့ရဲ့ အင်မတန် အားကောင်းလှတဲ့ အသိစိတ် အာရုံက လီဖူချန်း အတုရဲ့ အားနည်းချက်တွေနဲ့ ဓားကွက် အသွားအလာကို ဝေဖန် ဆန်းစစ် ပေးနေတဲ့ အတွက် လီဖူချန်းက လီဖူချန်း အတုကို သာသာယာယာပင် အနိုင် ယူလိုက် နိုင်ပါတယ်။

လီဖူချန်း အတွက်ကတော့ သည်ပဉ္စမအဆင့်က စတုတ္ထအဆင့် ထိုးထွင်း သိမြင်မှုကို စမ်းသပ် တာထက်တောင် လွယ်ကူနေသည် မဟုတ်ပါလား။

ဝုန်း ...

ပဉ္စမအဆင့်ရဲ့ ကျောက်တိုင် ပေါ်ထွက် လာခဲ့ပါပြီ။

“သည်ကျောက်တိုင်ပေါ်မှာ အမှတ်အသား တစ်ခုမှ မရှိပါလားဟ"

လီဖူချန်းက သူ့မျက်စိကို သူ မယုံနိုင်သည့်ပုံဖြင့် သေသေချာချာ ပြူးပြဲပြီး ကြည့်လိုက်ပါတယ်။

အစက သူထင်ထားတာ ကတော့ သည်အဆင့်ကို ကျော်ဖြတ်နိုင်မည့် သူက တစ်ယောက်၊ နှစ်ယောက် လောက်တော့ ရှိမယ်ပေါ့လေ။

သူက သည်အဆင့်ကို ကျော်ဖြတ်နိုင်တဲ့ ပထမဦးဆုံး လူလို့တော့ တစ်ခါမှာ တွေးထင် မထားခဲ့မိပါဘူး။

လီဖူချန်းက အသက်ကို လေးငါးခါ ဆင့်ရှုလိုက်ကာ စိတ်တည်ငြိမ်အောင် ပြန်ထိန်း လိုက်ပါတယ်။

ထို့နောက်မှာတော့ သူ့ရဲ့ အမှတ်အသား ဖြစ်တဲ့ ဓားဟူသည့် စာလုံးကို ရေးဆွဲ လိုက်ပါ တော့တယ်။

သူ့ရဲ့ အမှတ်အသားက ကျောက်တိုင်ပေါ်မှာ မြုပ်ဝင်သွားတဲ့ အချိန်မှာပဲ ကျောက်တိုင်ထံကနေ အလင်းရောင်တွေ ထိုးထွက်လာပြီး ကြယ်ကောင်းကင်ထဲကို ထိုးဖောက် ဝင်ရောက် သွားခဲ့ပြန်ပါပြီ။

ကြယ်တာရာ လမ်းမရဲ့ ကောင်းကင်ယံ ထက်မှာတော့ ရွှေရောင် အလုံးတွေ အများကြီး ပေါ်ထွက် လာခဲ့ပါတယ်။

သိပ်မကြာခင်မှာပင် ထိုရွှေရောင် အလုံးတွေက ပေါက်ကွဲသွားပြီး ရွှေရောင် မြူမှုန်လေးတွေ အဖြစ် ပြန်ပြောင်း သွားပြန်ပါတယ်။

သည်အဖြစ်အပျက် တွေက လီဖူချန်းကို ဂုဏ်ပြုနေတယ် ဆိုတာ သိပ်ကို သိသာ လွန်းပါတယ်လေ။

“ကြယ်တာရာလမ်းမ လျှို့ဝှက်နယ်မြေ ...။သည်နယ်မြေက သာမန် ကောင်းကင် အဆင့် လျှို့ဝှက်နယ်မြေ မဟုတ်ဘူး ဆိုတာ လုံးဝကို သေချာတယ်။ သည်နယ်မြေထဲမှာ ဘယ်သူမှ မသိတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေလောက်တယ်”

လီဖူချန်းက ရွှေရောင်တွေ လွှမ်းခြုံထားတဲ့ ကောင်းကင်ကြီးကို မော့ကြည့်နေရင်းနဲ့ တွေးလိုက် မိပါတယ်။

ရွှေရောင် အလုံးလေးတွေ ကောင်းကင် တစ်ခုလုံးမှာ ပေါ်လာတာက လူတိုင်းကို အာရုံစိုက် စေလောက်တဲ့ အဖြစ်အပျက် တစ်ခုပင် မဟုတ်ပါလား။ ကြယ်တာရာ လမ်းမပေါ်မှာ ရှိနေတဲ့ လူတိုင်းက ခေါင်းမော့လိုက်ပြီး ကောင်းကင်ကြီးကို တုန်လှုပ် ချောက်ချားစွာဖြင့် ကြည့်လိုက် ကြပါတယ်။

ကြယ်တာရာ လမ်းမရဲ့ ဆဋ္ဌမ နယ်မြေ အပိုင်းအခြား မှာတော့ လူတစ်ယောက် ရှိနေပါတယ်။

ထိုလူရဲ့ ခန္ဓာကိုယ်ကနေ ထွက်နေသည့် ချီအရှိန်အဝါတွေက ရှဟိုရှီထက်ကို အများကြီး ပိုအားကောင်းပါတယ်။

“ကြယ်တာရာ လမ်းမရဲ့ အသိအမှတ် ပြုတာက ၄ခါတောင် ရှိနေပြီ။ ပထမအဆင့်ကို ကျော်ဖြတ် နိုင်ရင်တော့ အသိအမှတ် ပြုတာမျိုး မဖြစ်ဘူး။ သည်လို အသိအမှတ် ပြုတာမျိုးက ဒုတိအဆင့်မှ စတာ။ ဒါဆိုရင် သည်အသိအမှတ် ပြုတဲ့၄ခါက ဒုတိယအဆင့်၊ တတိယအဆင့်၊ စတုတ္ထအဆင့်နဲ့ ပဉ္စမအဆင့်ကို ဖြတ်ကျော်နိုင်လို့ ဖြစ်လာတာပဲ။ သည်ကြယ်တာရာ လျှို့ဝှက် နယ်မြေထဲကို ပထမဦးဆုံး တစ်ကြိမ်တည်းနဲ့ ပဉ္စမအဆင့်အထိ ကျော်ဖြတ်နိုင်တဲ့လူ ပေါ်လာပြီလားဟ"

ထိုလူက စဉ်းစားရင်းနဲ့ ထိတ်လန့် လာပါတယ်။

ကြယ်တာရာလမ်းမ လျှို့ဝှက်နယ်မြေရဲ့ သမိုင်း တစ်လျှောက်မှာ တောင်မှ သည်လို အဖြစ်မျိုးက တစ်ခါမှကို မဖြစ်ဖူးသေးပါဘူး။

သည်လို ဖြစ်ရပ်မျိုးကို ဖြစ်လာစေသည့် ပုဂ္ဂိုလ်ကတော့ နောင်အနာဂတ်မှာ ကြီးမြတ်သည့် ခေါင်းဆောင် တစ်ယောက် ဖြစ်လာမည်မှာ မလွဲဧကန်ပင် မဟုတ်ပါလော။

သူကိုယ်တိုင်တောင်မှ သည်လျှို့ဝှက် နယ်မြေထဲကို ပထမဆုံး အကြိမ် ရောက်ခဲ့တုန်းက စတုတ္ထအဆင့်ကိုပဲ ကျော်ဖြတ် နိုင်ခဲ့တာပါ။ ပဉ္စအဆင့်ကို ဖြတ်ကျော်ဖို့ မပြောနှင့်။ ပဉ္စမအဆင့် အပိုင်းအခြားရဲ့ လမ်းတစ်ဝက်မှာတင် အားပြတ်ပြီး သတိမေ့ လဲသွားခဲ့တာလေ။

***

အချိန် အတော်ကြာ အနားယူပြီး နောက်မှာတော့ လီဖူချန်းက ကြယ်တာရာလမ်းမ ဆဋ္ဌမနယ်မြေ အပိုင်းအခြား ပေါ်ကို ခြေချလိုက်ပါတယ်။

ကြယ်တာရာ လမ်းမရဲ့ ချီစက်ကွင်း ထဲမှာတော့ စိတ်ဝိညာဉ် ဖိအားသာမက ချီအရှိန်အဝါ ဖိအားပါ ပါဝင်လာခဲ့ပါပြီ။

ဘာဖြစ်လို့လဲ ဆိုတော့ သိုင်းပညာရှင် တစ်ယောက်ရဲ့ ချီအရှိန်အဝါက ကြယ်တာရာ လမ်းမ ချီစက်ကွင်း ဖိအားဒဏ်ကို အတော်အသင့် ခံနိုင်ရည် ရှိလို့ပါပဲ။ ချီအရှိန်အဝါ ဖိအားဆိုတာက လူတစ်ယောက်ရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ သက်ဆိုင်တာပါ။ ဒါပေမဲ့ ချီအရှိန်အဝါ တွေက ချီအတွင်းအား တွေကို တိုးလာ နိုင်စေသည့် လျှို့ဝှက် နည်းစနစ် ကြောင့်လည်း အားကောင်း လာနိုင်ပါသေးတယ်။

ဥပမာအားဖြင့် ဆိုရသော် လီဖူချန်းရဲ့ မီးနဂါးလျှို့ဝှက် နည်းစနစ်ပေါ့။ သည်လျှို့ဝှက် နည်းစနစ်က လီဖူချန်းရဲ့ ချီအရှိန်အဝါတွေကို တစ်ဆင့် ဒါမှမဟုတ် နှစ်ဆင့်လောက် အထိ တိုးလာ စေသည် မဟုတ်ပါလား။

ကြယ်တာရာ လမ်းမရဲ့ စတုတ္ထနယ်မြေ အပိုင်းအခြား ကတည်းက လီဖူချန်းက မီးနဂါး လျှို့ဝှက် နည်းစနစ်ကို အသုံးပြုနေခဲ့ပြီးပါပြီ။

မီးနဂါး လျှို့ဝှက် နည်းစနစ်ကနေ ရလာတဲ့ ချီအရှိန်အဝါတွေက အရမ်းကြီး အကူအညီ မရပါဘူး။ ဒါပေမဲ့လည်း အနည်းဆုံးတော့ လီဖူချန်းက စိတ်သက်သောင့်သက်သာ ဖြစ်လာသလို ခံစားချက် မျိုးတော့ ခံစားရတယ်လေ။

ကြယ်တာရာ လမ်းမရဲ့ ဆဋ္ဌမ နယ်မြေ အပိုင်း အခြားမှာတော့ လီဖူချန်းကို ခါးကုန်းကြီး တစ်ယောက်လို ခါးကုန်းပြီးတော့ ကြိုးစားပမ်းစား သွားနေရတာပါ။

သည်မှာရှိနေတဲ့ ချီစက်ကွင်း ဖိအား လုံးဝ တရားလွန်ကြီးကို အားကောင်းပါတယ်။

“သူများတွေ ပြောတာကတော့ သည်ကြယ်တာရာ လမ်းမကို ဒုတိယ အကြိမ် ပြန်ရောက်လာရင် ခံစားရတဲ့ ဖိအားတွေက ပထမ အကြိမ်လောက် အားမကောင်း တော့ဘူးတဲ့။ အဲသည်စကား ဟုတ်မဟုတ် ဆိုတာကို နောက်မှာ စမ်းကြည့် ရဦးမယ်”

ထိုစကား ပြောပြီးတာနဲ့ လီဖူချန်းက မြေပြင်ပေါ်ကို လဲကျသွား ခဲ့ပါပြီလေ။

သည်ချီစက်ကွင်း ဖိအားကိုတော့ သူဘယ်လိုမှ မတောင့်ခံ နိုင်တော့ပါဘူး။ သည်ဖိအားက သူ့ရဲ့ ကန့်သတ်ချက်ထက် အဆမတန် သာလွန်နေပါပြီ။

ရွှီး

အပြာရောင် အလင်းတန်းတစ်ခုက လီဖူချန်းကို လွှမ်းခြုံသွားပြီး ကြယ်တာရာ လမ်းမ လျှို့ဝှက် နယ်မြေရဲ့ အပြင်ဘက်ကို ပို့ဆောင် ပေးသွား ပါတော့တယ်။

***

ဆောင်းဦး မိုးစက်မြို့ ...

လီဖူချန်း ငှားထားတဲ့ ခြံဝင်း ...

အပြာရောင် အလင်းတန်းတွေနဲ့ အတူ လီဖူချန်း တစ်ယောက် ပြန်ရောက် လာခဲ့ပါပြီ။

ဟူး. ...

လီဖူချန်းက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပါတယ်။ အပေါ်ကို မော့ကြည့်လိုက်တဲ့ အခါမှာ မြင်ရတဲ့ ကောင်းကင်ပြာကြီးနဲ့ တိမ်ဖြူဖြူတွေက သူ့ကို သက်သောင့်သက်သာ ခံစား ချက်မျိုးကို ပေးစွမ်း နေပါတယ်။

“ကြယ်တာရာလမ်းမ လျှို့ဝှက်နယ်မြေက တအား ဖိအား များလွန်းတယ်။ သည်လက်တွေ့ ကမ္ဘာကြီးကမှ နေလို့ထိုင်လို့ ကောင်းတာဟ"

လီဖူချန်းက ခန္ဓာကိုယ်ကို အသားကျသွားအောင် အညောင်းအညာ ဆန့်လိုက် ပါသေးတယ်။

လီဖူချန်း တစ်ယောက် သူ့အိပ်ခန်းထဲကို ပြန်အရောက်မှာတော့ အိပ်ရာပေါ်မှာ တင်ထားတဲ့ စာတစ်စောင်ကို သတိပြုမိ လိုက်ပါတယ်။

စာကို ဖောက်ဖတ်ပြီးတဲ့ အခါမှာတော့ လီဖူချန်းက ခပ်တိုးတိုး လေသံဖြင့်

“ဆောင်းဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော် တဲ့လား…”

ဖန်ကျင်းဆောင် ရေးထားတဲ့ စာထဲကအရ ဆိုရင်တော့ ဆောင်းဦး ရွက်ကြွေ လက်ဖက်ရည် ပွဲတော်ကို ဆောင်းဦး မိုးစက်တောင်မှာ ကျင်းပမှာပါ။ ကျင်းပမည့် အချိန်ကတော့ သည်နေ့ပဲ ဖြစ်ပါတယ်။

အဲသည် လက်ဖက်ရည် ပွဲတော်ကို တက်ရောက်ချင်တဲ့ လူတွေကတော့ သက်ဆိုင်ရာ ဂိုဏ်းရဲ့ ရွှေအဆင့် တိုက်ရိုက် တပည့် ဖြစ်နေရပါမယ်။ သာမန် ငွေအဆင့် တိုက်ရိုက် တပည့်တွေ ကတော့ သည်ပွဲတော်ကို တက်ရောက်ခွင့် မရှိပါဘူး။ သူတို့က အတင်းကာရော တက်ရောက်ခဲ့မယ် ဆိုရင်တော့ သူတို့ကိုယ် သူတို့ အရှက် ခွဲလိုက်တာနဲ့ အတူတူပါပဲ။

ဆောင်းဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်က ကျားနဂါးပြိုင်ပွဲ မစတင်မီမှာပဲ ကျင်းပလေ့ ရှိပါတယ်။ သည်ပွဲတော်ရဲ့ ရည်ရွယ်ချက်ကတော့ ကျားနဂါးပြိုင်ပွဲ အတွက် ကြိုတင် ပြင်ဆင် ထားနိုင်ဖို့ အတွက်ပါပဲ။ သည်လက်ဖက်ရည် ပွဲတော်ကို လာရောက် ဆင်နွှဲကျတဲ့ ရွှေအဆင့်တပည့်တွေက ကြုံရင်ကြုံသလို သိုင်းပညာချင်း ဖလှယ်ကြပါ သေးတယ်။

“ငါသွားရင် ကောင်းမလား"

လီဖူချန်းက အနည်းငယ် ဒွိဟ ဖြစ်နေပါတယ်။

ဆောင်းဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်ဆို တာက သာမန် လက်ဖက်ရည် ပွဲတော်လေး တစ်ခုပဲလေ။ ဂိုဏ်းပေါင်းစုံက ရွှေအဆင့် တိုက်ရိုက် တပည့် အကုန်လုံးကတော့ သည်လက်ဖက်ရည် ပွဲတော်ကို မလာလောက်ပါဘူး။ ရွှေအဆင့် တိုက်ရိုက် တပည့် တစ်ဝက်နီးပါး လာရင်တောင် ကံကောင်း တယ်လို့ ဆိုရမှာပါ။

“အား ... ခေါင်းရှုပ်တယ်ကွာ…။ မစဉ်းစား ချင်တော့ဘူး။ ငါသည်ပွဲတော်ကို သွားတက် လိုက်တော့မယ်။ ဒါက အခြားဂိုဏ်းတွေရဲ့ ရွှေအဆင့် တိုက်ရိုက် တပည့်တွေကို လေ့လာဖို့ အတွက် အခွင့်ကောင်းပဲ "

နောက်ဆုံးမှာတော့ လီဖူချန်းက ဆောင်းဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်ကို တက်ရောက်ဖို့ အတွက် ဆုံးဖြတ် လိုက်ပါပြီ။

သူက မိုးပြာရောင်ဂိုဏ်းရဲ့ ရွှေအဆင့် တိုက်ရိုက် တပည့် တစ်ယောက် ဖြစ်နေတဲ့ အတွက် သည်လက်ဖက်ရည်ပွဲကို တက်ရောက် သင့်တယ်လို့လည်း လီဖူချန်းက စဉ်းစား မိလိုက်တယ်လေ။ သည်ပွဲတော်က သူ့လိုအတန်းစား တိုက်ရိုက် တပည့်တွေ အတွက် သီးသန့် လုပ်ပေးတဲ့ ပွဲတော် တစ်ခုပင် မဟုတ်ပါလား။

ထို့နောက်မှာတော့ လီဖူချန်းက ဆောင်းဦးမိုးစက် မြို့ထဲကနေ ထွက်ခွာလာခဲ့ပြီး ဆောင်းဦးမိုးစက် တောင်ပေါ်ကို ဦးတည် သွားလိုက် ပါတော့တယ်။

***

အထက်မှာ ပြောထားခဲ့သည့် အတိုင်း ဆောင်းဦးမိုးစက် တောင်ကတော့ တစ်နှစ်ပတ်လုံး မိုးတွေ ရွာနေတော့ တာပါပဲ။

လီဖူချန်း တစ်ယောက် ဆောင်းဦးမိုးစက် တောင်ခြေနားကို မရောက်ခင်မှာပင် ကောင်းကင်ကြီးက မှိုင်းညှို့ လာပြီး မိုးတဖွဲဖွဲ ရွာဆင်း လာခဲ့ပါပြီ။

ဆောင်းဦးမိုးစက် တောင်ခြေမှာတော့ ကျောက်သား အဖြူနှင့် ပြုလုပ်ထားတဲ့ လှေကား ထစ်လေးတွေ ရှိနေပါတယ်။ သည်လှေကားထစ်တွေ ကတော့ သင့်ကို တောင်ထိပ်အထိ ခေါ်ဆောင် သွားနိုင်ပါတယ်လေ။

တောင်ထိပ်ပေါ်က လူသံ၊ သူသံတွေကိုတော့ တောင်ခါးပန်း အလယ်လောက်က နေကို ကြားနေရပါပြီ။

သည်တစ်ခေါက် ဆောင်းဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်ကတော့ အရင် အခေါက်တွေထက် စာရင် အတော်လေး လူစည်ကားတယ်လို့ သတ်မှတ်လို့ ရတဲ့ အနေအထားပါပဲ။ အရင် လက်ဖက်ရည် ပွဲတော်တွေ တုန်းက ဆိုရင် အများဆုံးရှိမှာ လူ၁၀၀ လောက်ပဲ တက်ရောက် ကြတာပါ။ သည်နှစ် လက်ဖက်ရည် ပွဲတော်ကို တက်ရောက်တဲ့ လူတွေကတော့ လူ၂၀၀ကျော်လောက်ကို ရှိပါတယ်။

အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးနဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ ရွှေအဆင့် တိုက်ရိုက်တပည့် ၂၀၀ ကျော်ဆိုတာ သိပ်ပြီး မများလှပါဘူး။ ဒါပေမဲ့ နည်းတယ်လို့လည်း သတ်မှတ်လို့ မရတဲ့ အရေအတွက် တစ်ခုပါပဲ။ ပြီးတော့ လက်ဖက်ရည် ပွဲတော်ကို တက်ရောက်တဲ့ လူငယ်တွေ အားလုံးက တစ်ယောက်မှ အဆင့်နိမ့်ကျ မနေပါဘူး။ သည်လူငယ်တွေ အားလုံးက အနာဂတ်မှာ ထင်ရှား ကျော်ကြား လာမည့် အကျော်အမော် လောင်းလျာ လေးတွေပါပဲ။

ဆောင်းဦးမိုးစက် တောင်ထိပ်ကတော့ အလွန်တရာမှ ညီညာ ပြန့်ပြူးလှပါတယ်။ ပြီးတော့ သည်နေရာမှာ ပွဲကြည့်စင် တော်တော် များများကိုလည်း ဆောက်လုပ် ထားပါသေးတယ်။

သည်ပွဲကြည့်စင်တွေကိုတော့ သိုင်းစင်မြင့်တစ်ခုကို ဗဟိုပြုပြီး အရပ်မျက်နှာ အနှံ့မှာ ဆောက်လုပ်ထားတာပါ။

သိုင်းစင်မြင့်ကိုတော့ ပိုပြီး ခိုင်ခံ့နေစေရန် ကြယ်တွေရဲ့ အသွားအလာကို မူတည် တွက်ချက်ပြီး အခိုင်အမာ တည်ဆောက် ထားတာပါ။ ရွှေရောင် အရှိန်အဝါတွေက ကောင်းကင်ကို ကိုယ်စားပြုပြီး ကျောက်စိမ်း အရှိန်အဝါကတော့ မြေကမ္ဘာကို ကိုယ်စားပြု ထားပါတယ်။

“လီဖူချန်း ... ဒီဘက်ကို လာခဲ့”

ပွဲကြည့်စင် တစ်ခုပေါ်မှာ ရှိနေတဲ့ ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယုတို့ကတော့ လီဖူချန်းကို တွေ့လိုက်တာနဲ့ ဝမ်းသာအားရ အော်ခေါ် လိုက်ပါတယ်။

ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယုရဲ့ ဘေးနားမှာတော့ လူငယ်တစ်ယောက် ရှိနေပါသေးတယ်။ ထိုလူငယ်က ဘာဖြစ်လို့ ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယုတို့ ဣန္ဒြေသိက္ခာ မဆည်နိုင် လောက်အောင် အော်ခေါ်နေရတဲ့ အဆင့်အထိ ရောက်သွားတာလဲ ဆိုတာကို စဉ်းစားနေတဲ့ ပုံပါပဲ။

ဖန်ကျင်းဆောင်ရဲ့ အသံကို ကြားပြီးတဲ့ အခါမှာတော့ လီဖူချန်းက ပွဲကြည့်စင်ပေါ်ကို ဖျတ်ခနဲ ခုန်တက်လိုက်ပါတယ်။

“လီဖူချန်း ... မင်းက အချိန်မီလေး ရောက်လာတာပဲဟေ့။ သည်လက်ဖက်ရည် ပွဲတော်ကိုသာ မင်းမလာခဲ့ရင် နှမြောစရာပဲ”

ဖန်ကျင်းဆောင်ကတော့ ရယ်ရင်းနဲ့ လှမ်းပြော လိုက်ပါတည်။

လီဖူချန်းက ပြုံးလိုက်ပြီး

“ငါက ဝယ်စရာ ပစ္စည်း အချို့ရှိလို့ ရှေးဟောင်းပစ္စည်း လမ်းကြားကို သွားနေတာဟ။ ငါပြန်လာတော့ မင်းစာကို တွေ့တာနဲ့ ဖောက်ဖတ်ပြီး သည်ကို တန်းလာခဲ့တာပဲ”

ဖန်ကျင်းဆောင်က ခေါင်းညိတ်လိုက်ပြီး သူ့ဘေးက လူနဲ့ မိတ်ဆက် ပေးလိုက်ပါတယ်။

“လီဖူချန်း ... သူကတော့ ... ငါတို့ အပူအပင်မဲ့ ဂိုဏ်းက ငါ့ရဲ့ ဂိုဏ်းတူ အစ်ကိုပဲ။ ဟောင်ယုရှန် လို့ ခေါ်တယ်”

"အစ်ကိုဟောင် ... သူကတော့ မိုးပြာရောင် ဂိုဏ်းရဲ့ ရွှေအဆင့် တိုက်ရိုက်တပည့် လီဖူချန်းတဲ့"

***

All Chapters