← Chapters

အပိုင်း၂၃၆

Vol. 17 Ch. 236

အပိုင်း၂၃၆

Vol. 17 Ch. 236

“အိုး ... ဒါဆို … မင်းက လီဖူချန်း ဆိုတာပေါ့”

ဟောင်ယုရှန်က အံ့အားသင့်သည့် ပုံဖြင့် ပြောလိုက်ပါတယ်။ လီဖူချန်းကလည်း …

“ဟုတ်ပါတယ်။ ကျွန်တော်က လီဖူချန်းပါ။ ဘာဖြစ်လို့လဲဗျ"ဟု ပြန်မေး လိုက်ပါတယ်။

ဟောင်ယုရှန်က အကြောင်းစုံ ပြန်ရှင်းပြပါတယ်။

“မင်းမသိဘူးလား။ ကောင်းကင် နတ်ဆိုးဂိုဏ်းက မင်းကို ဖမ်းဝရမ်း ထုတ်ထားတယ်လေ။ ငါရှိနေတဲ့ မြို့မှာဆို မြို့အနှံ့မှာ မင်းပုံတွေချည်းပဲ”

“အိုး ... အဲဒီလို ဖြစ်နေတာလား "

အဲသည်သတင်းကို ကြားအပြီးမှာတော့ ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယုတို့က လီဖူချန်းအတွက် စိုးရိမ် သွားကြပါတယ်။ ဂိုဏ်းတစ်ဂိုဏ်းက ဖမ်းဝရမ်း ထုတ်ထားတယ် ဆိုတာ ကောင်းတဲ့အရာ တစ်ခုမှ မဟုတ်တာလေ။

လီဖူချန်းကတော့ မျက်မှောင်ကြုတ် လိုက်မိပါတယ်။ သူထင်တာ မမှားဘူး ဆိုရင်တော့ သည်ကိစ္စက လီဝူရှုကြောင့် ဖြစ်ရတာပါပဲ။

သူခန့်မှန်း ရသလောက် ဆိုရင်တော့ ကောင်းကင် နတ်ဆိုးဂိုဏ်းက လီဝူရှုကိုယ်ထဲမှာ လျှို့ဝှက်နည်းစနစ် တစ်ခုခု ထည့်သွင်း ပေးထား လောက်ပါတယ်။ အဲသည် နည်းစနစ်က လီဝူရှု အသက်ရှင်လျက် ရှိမရှိကို သိနိုင်ပုံပါပဲ။

လီဝူရှု သေသွားပြီ ဆိုတာနဲ့ ကောင်းကင်နတ်ဆိုး ဂိုဏ်းက အကြောင်းစုံ လိုက်စုံစမ်းရင်းနဲ့ သွေးတစ်စက်မြို့မှာ လီဝူရှုတစ်ယောက် လီဖူချန်း အတွက် ဖမ်းဝရမ်း ထုတ်ခဲ့တာကို သိသွားမှာပါ။

ဒါကြောင့် ကောင်းကင်နတ်ဆိုး ဂိုဏ်းက လီဝူရှုသေရတဲ့ အကြောင်းအရင်းက လီဖူချန်းနဲ့ သက်ဆိုင် နေမယ်လို့ ယူဆပြီး ဖမ်းဝရမ်း ထုတ်လိုက်ပုံ ရပါတယ်။ ဟောင်ယုရှန်က ရယ်ပြီး ဆက်ပြောလိုက်ပါတယ်။

“သိပ်ပြီးတော့လည်း စိုးရိမ်မနေပါနဲ့ကွာ။ သိပ်မကြာခင်ကပဲ ကောင်းကင် နတ်ဆိုးဂိုဏ်းက အဲသည် ဖမ်းဝရမ်းတွေ အကုန်လုံးကို ပြန်သိမ်း လိုက်ပြီလေ။ ငါထင်တာကတော့ မင်းတို့ မိုးပြာရောင်ဂိုဏ်းက သည်ကိစ္စထဲကို ဝင်ပါလာတဲ့ ပုံပဲ။ ဒါကြောင့် ကောင်းကင် နတ်ဆိုးဂိုဏ်းက ဖမ်းဝရမ်းတွေကို ပြန်သိမ်းသွားတာ ဖြစ်ရမယ်။ ဒါပေမဲ့ မင်း သတိလက်လွတ် မနေနဲ့ဦးနော်။ ဟိုဘက် ပွဲကြည့်စင်ပေါ်မှာ ကောင်းကင်နတ်ဆိုး ဂိုဏ်းက ရွှေအဆင့် တိုက်ရိုက် တပည့်နှစ်ယောက် ရောက်နေတာကို ငါတွေ့လိုက်တယ်။ သူတို့ထဲက တစ်ယောက်က ကျားနဂါး စာရင်းမှာ အဆင့်၁၀၁ ရှိတဲ့ ရှောင်ပိုင်ပဲ”

ဟောင်ယုရှန်က ပွဲကြည့်စင်တစ်ခုကို မသိမသာ ညွှန်ပြလိုက်ပြီး လီဖူချန်းကို ခပ်တိုးတိုး သတိပေး လိုက်ပါတယ်။ လီဖူချန်းကလည်း ဟောင်ယုရှန်ရဲ့ သတိပေး စကားကြောင့် တစ်ဖက် စင်မြင့်ကို လှမ်းကြည့် လိုက်ပါတယ်။ တစ်ဖက် စင်မြင့်ကနေလည်း စူးရဲတဲ့ အကြည့်တစ်စုံက လီဖူချန်းကို စိုက်ကြည့်နေလျက် ရှိပါတယ်။

လေထုထဲမှာတော့ အေးစက်တဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်တွေ ထွက်ပေါ် လာခဲ့ပါပြီ။

“သည်ကောင်က ရှောင်ပိုင်လား ..."

တစ်ဖက် ပွဲကြည့်စင်ရဲ့ ဒုတိယထပ်မှာ ရပ်နေတဲ့ လူငယ် တစ်ယောက်က လီဖူချန်းရဲ့ မြင်ကွင်းထဲကို ဝင်ရောက် လာခဲ့ပါတယ်။ ထိုလူငယ်က လက်နှစ်ဖက်ကို နောက်ကို ပစ်ထားပြီး ဆရာကြီး တစ်ပါး ပုံစံဖြင့် လီဖူချန်းကို စိုက်ကြည့် နေတာပါ။

လီဖူချန်း ခန့်မှန်းမိသလောက် ဆိုရင်တော့ ထိုလူငယ်က အသက်၃၀တောင် မရှိလောက်သေးပါဘူး။ အလွန်ဆုံး ရှိမှ ၂၅ နှစ် ဝန်းကျင်ပါပဲ။ ခံစားချက်မဲ့ဓား ရှုဖန်းနဲ့ ရွယ်တူလောက်ပါပဲ။

ထိုလူငယ်က ပခုံးလောက် ရှိနေပြီဖြစ်သည့် ဆံပင်တွေကို ချည်နှောင်မထားဘဲ သည်အတိုင်း ဖားလျား ချထားပါတယ်။ သူ့ရဲ့ မျက်လုံးတွေကတော့ ဓားတစ်စင်းအလား စူးရှထက်မြနေပြီး မြေကမ္ဘာနယ်ပယ် အဆင့်၈ကိုတောင် ရောက်နေပါပြီ။

သေချာတာ တစ်ခုကတော့ ထိုလူငယ်ကလည်း လီဖူချန်းကို ကောင်းကောင်းကြီး သိနေလောက်တယ် ဆိုတာပါပဲ။ လီဖူချန်း ခန့်မှန်းထားတဲ့ အတိုင်းပါပဲ။

ရှောင်ပိုင်ကလည်း ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ လျှို့ဝှက် သတင်းဌာနကနေ လီဖူချန်း အကြောင်းကို ကြားသိပြီးပါပြီ။ ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ်က လီဖူချန်းကို တွေ့ရာသင်္ချိုင်း ဓားမဆိုင်းဘဲ သတ်ပစ်ဖို့ အမိန့်တောင် ပေးထား ပါသေးတယ်။

“ထွီ ... သတင်း အချက်အလက် ဌာနကတော့ လုပ်လိုက်ရင် သောက်တလွဲချည်းပဲ ...။ သူတို့ပြောတော့ လီဖူချန်းက အများဆုံးရှိမှ မြေကမ္ဘာနယ်ပယ် အဆင့်၂တဲ့။ တကယ့်ကို သုံးစားမရတဲ့ ကောင်တွေပါလား ..."

ရှောင်ပိုင်က စိတ်ထဲကနေတောင် သတင်းအချက်အလက် ဌာနက ကောင်တွေကို လှမ်းဆဲနေပါသေးတယ်။

သူတွေ့နေရတဲ့ လီဖူချန်းက မြေကမ္ဘာနယ်ပယ် အဆင့်၅လေ။ ဘယ်လိုလုပ်ပြီးတော့ လျှို့ဝှက် သတင်းဌာနက အဆင့်၃ဆင့်တောင် မှားပြီး ပြောလိုက်ရတာလဲ။

“သည်ကောင်က ကြယ်တာရာလမ်းမ လျှို့ဝှက်နယ်မြေထဲကို ဝင်ပြီး မှော်ဆေးရည် အချို့ ရခဲ့တာပဲ ဖြစ်မယ်”

ရှောင်ပိုင်ကလည်း ရွှေအဆင့် တိုက်ရိုက် တပည့်တစ်ယောက် ဖြစ်တဲ့ အတွက် ဉာဏ်ရည် ထက်မြက်လွန်းတဲ့ ပါရမီရှင် တစ်ယောက်ပါပဲ။ သူက ဖြစ်နိုင်ချေ ရှိတာကို ချက်ချင်း တွေးမိလိုက်တယ်လေ။

ထို့နောက်မှာတော့ ရှောင်ပိုင်က နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်ပြီး သူ့ရဲ့ အကြည့်ကို ရုပ်သိမ်း လိုက်ပါတယ်။

သူက လီဖူချန်းကို ကိုယ်တိုင် တွေ့နေမှတော့ ဘာအကြောင်းနဲ့မှ လီဖူချန်းကို အသက်ရှင်ခွင့် ပေးစရာ အကြောင်း မရှိပါဘူး။ ဒါပေမဲ့လည်း လက်ဖက်ရည် ပွဲတော်က မကြာခင်မှာ စတော့မည် ဖြစ်တဲ့အတွက် လောလို့ မရသေးပါဘူး။

ရှောင်ပိုင်က စိတ်ရှည်တဲ့ လူတစ်ယောက်ပါ။ လီဖူချန်းလို သေလူ တစ်ယောက်ကို နည်းနည်းလေး အချိန်ပို ပေးလိုက်လို့ သူ့အသား ပဲ့မပါသွားဘူး ဆိုတာကို ကောင်းကောင်းကြီး နားလည်ထားပါတယ်။

ရှောင်ပိုင်ရဲ့ အမြင်မှာတော့ လီဖူချန်းက ဘယ်အချိန် ရိုက်သတ်သတ် ရတဲ့ ခြံထဲက ကြက်တစ်ကောင်လိုပါပဲ။

“သည်ကောင်က ကြောက်စရာ ကောင်းတယ်”

လီဖူချန်းက တစ်ဖက်လူဆီကနေ ထွက်နေတဲ့ အေးစက်စက် သတ်ဖြတ်ခြင်း အငွေ့အသက်ကို ကောင်းကောင်းကြီး ခံစားရတယ်လေ။ ရှောင်ပိုင်က ကျားနဂါး စာရင်းရဲ့ အဆင့် ၁၀၁မှာ ရပ်တည်နေတဲ့သူ ဖြစ်တဲ့အတွက် သူ့ရဲ့ အရည်အချင်းက ခံစားချက်မဲ့ဓား ရှုဖန်းထက် အများကြီး သာနေမယ်ဆိုတာ ယုံမှား သံသယ ဝင်စရာ မရှိပါဘူး။

မိုးပြာရောင်ဂိုဏ်းရဲ့ နံပါတ်၁ တိုက်ရိုက်တပည့် ဓားအရူး သူတော်တောင်မှ ကျားနဂါးစာရင်းရဲ့ အဆင့်၁၀၅မှာသာ ရပ်တည် နေနိုင်တာပါ။ ဒါပေမဲ့လည်း သည်ကျားနဂါး စာရင်း အဆင့်သတ်မှတ်မှုက လွန်ခဲ့တဲ့ တစ်နှစ်တုန်းက သတ်မှတ်ထားတဲ့ အဆင့်ပါပဲ။

ယခုလက်ရှိ အချိန်မှာတော့ ပိုအစွမ်းထက်တဲ့ လူငယ်တွေ ပေါ်ရင် ပေါ်လာဦးမှာပါ။ မင်းအရင် တစ်ခေါက် ပြိုင်ပွဲမှာ အဆင့် ၁၀၁ ရခဲ့ပေမဲ့ နောက်တစ်ခေါက် ပြိုင်ပွဲမှာ ကျားနဂါး စာရင်းထဲကို သေချာပေါက် ပြန်ဝင်နိုင်မယ်လို့ တရားသေ သတ်မှတ်ထားလို့တော့ မရသေးပါဘူးလေ။

ကျားနဂါး ပြိုင်ပွဲဆိုတာ အမြဲလိုလို ရွက်ပုန်းသီး လူငယ် ကြယ်ပွင့်လေးတွေ ထွက်ပေါ်လာရာ နေရာတစ်ခုပင် မဟုတ်ပါလား ...။

လက်ဖက်ရည် ပွဲတော်က စတင်နေပြီ ဖြစ်သဖြင့် လူငယ်တွေကလည်း ကိုယ့်အစု အဖွဲ့နှင့်ကိုယ် စကားလက်ဆုံ ကျနေ ကြပါတယ်။ လူအားလုံးကလည်း မိုးဖွဲဖွဲလေး အောက်မှာ လက်ဖက်ရည်လေး သောက်လိုက် စကားစမည်လေး ပြောလိုက် လုပ်နေရတာကို နှစ်သက် သဘောကျနေပုံပါပဲ။

ပွဲကြည့်စင်မြင့်တွေက တစ်ခုနဲ့ တစ်ခု အတန်ငယ် ဝေးကွာ နေပေမဲ့လည်း သည်ရွှေအဆင့် တိုက်ရိုက်တပည့်တွေ အတွက်ကတော့ ပြောပလောက်သည့် အကွာအဝေး မဟုတ်ပါဘူး။

သူတို့က အတွင်းအား အနည်းငယ် စိုက်ထုတ် လိုက်တာနဲ့တင် အခြားစကားဝိုင်း ထံက စကားတွေကို ကြားနိုင်ပါတယ်။ တကယ်လို့ သူတို့က အခြားလူတွေကို မကြားစေချင်သည့် အကြောင်းအရာ တစ်ခုခုကို ပြောမည် ဆိုပါကလည်း သူတို့ရဲ့ ချီအကာအကွယ်တွေကို ထုတ်ပြီး ကာထား လိုက်ရုံပါပဲ။

“ယန်ရှန်းယု ... လွန်ခဲ့တဲ့ တစ်လတုန်းက မင်းက ငါ့ရဲ့ ဂိုဏ်းတူ ညီလေးကို အပြင်းအထန် ဒဏ်ရာ ရစေခဲ့တယ်။ ငါက သည်ကိစ္စကို ဒီအတိုင်း မထားလိုက်နိုင်ဘူး။ အခုချက်ချင်း ထွက်ခဲ့စမ်း "

လူငယ်တစ်ယောက်က သိုင်းစင်မြင့်ပေါ်ကို ခုန်တက်သွားပြီး ပွဲကြည့်စင်တစ်ခုကို လက်ညှိုးထိုးကာ စိန်ခေါ်လိုက်ပါတယ်။

“ကျန်းရီ ... မင်းက ကျားအသည်း စားထားလို့ ငါ့ကို စိန်ခေါ်ရဲတာလား ..."

ယန်ရှန်းယုဟု အမည်ရသည့် လူငယ် တစ်ယောက်ကလည်း စင်မြင့်ပေါ်ကို ခုန်တက် လာခဲ့ပါတယ်။ သူက သည်လိုအချိန်မျိုးမှာ စိမ်ခေါ် ခံလိုက်ရတဲ့အတွက် သိပ်ပြီးတော့ ကျေနပ်နေဟန်တော့ မရှိပါဘူး။

“မင်းကိုယ်မင်း ဘာထင်နေလို့ ငါက မင်းကို စိန်မခေါ်ရဲရမှာလဲ "

“ရော့ ... ငါ့ရဲ့ လေနတ်ဘုရား လက်သီးကို မြည်းကြည့်စမ်း"

“ဘယ်သူကကော မင်းကို ကြောက်နေလို့လဲကွ ...။ လာစမ်းပါ "

ထို့နောက်မှာတော့ လူငယ် နှစ်ယောက်က သိုင်းစင်မြင့်ပေါ်မှာ အကြီးအကျယ် တိုက်ခိုက် နေကြပါပြီ။ သည်ကျင့်ကြံခြင်း လောကမှာတော့ ဒီလို အဖြစ်အပျက်မျိုးဟာ မကြခဏ ဖြစ်နေကျပါပဲ။ မတည့်တဲ့ ဂိုဏ်းနှစ်ခုရဲ့ တပည့်နှစ်ယောက် တွေ့ရင် သူတို့က သေတဲ့ အထိတောင် တိုက်ခိုက်လေ့ ရှိတတ် ပါသေးတယ်။

သိုင်းကွက်ပေါင်း ၂၀ လောက် တိုက်ခိုက်ပြီး သွားတဲ့ အခါမှာတော့ ယန်ရှန်းယု ဟုခေါ်သည့် လူငယ်က သိသိသာသာကို အသာစီး ရလာပါတယ်။ သူက တစ်ဖက် လူငယ်ရဲ့ ဟာကွက်တွေကို နင်းပြီး သတ်ဖြတ်ဖို့ အထိတောင် လုပ်ဆောင်နေပါပြီ။

“ဆောင်းဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်မှာတော့ သတ်ဖြတ်မှုတွေ မလုပ်ပေး ကြပါနဲ့ရှင်။ ကျေးဇူးပြုပြီး အိမ်ရှင်ဖြစ်တဲ့ ညီမကို မျက်နှာသာ ပေးတဲ့ အနေနဲ့ တိုက်ပွဲကို ရပ်ပေးပါလား ..."

အဲသည် အချိန်မှာပဲ ကျက်သရေရှိပြီး နူးညံ့ သိမ်မွေ့ပုံရတဲ့ မိန်းမပျိုလေး တစ်ယောက်က စင်မြင့်ပေါ်ကို ရောက်လာပြီး တိုက်ပွဲကို ရပ်တန့်ပေးဖို့ တောင်းဆို လိုက်ပါတယ်။

“သေစမ်း"

ယန်ရှန်းယုကတော့ ရပ်တန့်ပေးမည့် ပုံမပေါ်ဘဲ ရက်စက် ကြမ်းကြုတ်စွာ တိုက်လိုက် ပါသေးတယ်။

ထိုမိန်းမပျိုက အလိုမကျသည့် ပုံဖြင့် သူမရဲ့ လက်တစ်ဖက်ကို ဝှေ့ယမ်း လိုက်ပါတယ်။ ထို့နောက်မှာတော့ ပန်းပွင့်လေး တစ်ပွင့်က လေထဲမှာ ရုတ်တရက် ပေါ်လာပြီး ယန်ရှန်းယုရဲ့ တိုက်ခိုက်မှုကို တားဆီးခုခံ လိုက်ပါပြီ။

“ဟမ့် ... ကျန်းရီ ...။ ငါမင်းကို သည်တစ်ခါတော့ ကျင်ခါ့ရှီရဲ့ မျက်နှာကြောင့် လွှတ်ပေးလိုက်မယ်။ နောက်တစ်ကြိမ် ငါမင်းကို ထပ်တွေ့ရင်တော့ သေချာပေါက်ကို သတ်ပစ်မယ် ဆိုတာ မြဲမြဲ မှတ်ထား ..."

ယန်ရှန်းယုက နှာခေါင်း တစ်ချက် ရှုံ့လိုက်ပြီး သိုင်းစင်မြင့်ပေါ်ကနေ ပြန်ဆင်း သွားပါတယ်။

ကျင်ခါ့ရှီက ကျားနဂါးစာရင်းထဲမှာ ပါဝင်တဲ့ လူငယ်ကြယ်ပွင့် တစ်ဦးပါ။ သူမသာ စိတ်ဆိုးပြီး တိုက်ခိုက် လာခဲ့မယ် ဆိုရင် သူ့အနေဖြင့် တစ်ကွက်တောင် ခုခံနိုင်ဖို့ မသေချာတဲ့အတွက် ယန်ရှန်းယုက နောက်ဆုတ် ပေးလိုက်ရတာပါ။

“လခွီးပဲကွာ "

ကျန်းရီက အင်မတန်မှ အရှက် ရနေပါတယ်။ သူက ယန်ရှန်းယုကို စတင် စိန်ခေါ်တဲ့သူ ဖြစ်ပေမဲ့ သူသာလျှင် ရှုံးနိမ့်ခဲ့တယ်လေ။ သည်ကိစ္စက သူ့သိက္ခာတွေကို ရေစုန်မျှောစေသည် မဟုတ်ပါလား။

“ကျင်ခါ့ရှီ ... သည်အညတရ လူငယ်လေးရဲ့ စွမ်းရည်က အဆင့်မမီပါဘူး။ ကျွန်တော် ပြန်လိုက်ပါတော့မယ်"

ကျန်းရီက ကျင့်ခါရှီကို လက်နှစ်ဆုပ်ကာ အရိုအသေ ပေးပြီး ဆောင်းဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်ကနေ ထွက်သွား ပါတော့တယ်။ ယန်ရှန်းယုက ကျန်းရီနောက်ကို လိုက်သွားဖို့ ပြင်လိုက်သေးပေမဲ့လည်း အတန်ကြာ စဉ်းစား အပြီးမှာတော့ မလိုက်သွားတော့ဘဲ ကျန်နေခဲ့ပါတယ်လေ။

ကျင်ခါ့ရှီက သက်ပြင်း တစ်ချက် ချလိုက်ရုံကလွဲပြီး ဘာမှတော့ ပြန်မပြောပါဘူး။ ထို့နောက်မှာတော့ သူမက မြေပြင်ပေါ်ကို ခြေဖျားတစ်ချက် တို့လိုက်ပြီး သူမ လာရာ ပွဲကြည့်စင်ပေါ်ကို ပြန်သွား လိုက်ပါတယ်။

“ကျင်ခါ့ရှီက နာမည်ကျော်မယ် ဆိုရင်လည်း ကျော်လောက် ပါပေတယ်”

လီဖူချန်းဘေးမှာ ရပ်နေတဲ့ ဟောင်ယုရှန်က ချီးကျူး လိုက်ပါတယ်။ ဖန်ကျင်းယုကလည်း လေးစား အားကျသည့် လေသံဖြင့်

“အစ်မကျင်က ကျားနဂါး စာရင်းမှာ အဆင့်၈၈ လေ။ သူမက သည်လက်ဖက်ရည် ပွဲတော်ထဲမှာတော့ ထိပ်သီး ပညာရှင် တစ်ယောက်ပဲ။ သူမ ရှိနေရင်တော့ ဘာသတ်ဖြတ်မှု မျိုးမှ ဖြစ်လာမှာ မဟုတ်ဘူး”

“ဒါပေါကွ။ ကျင်ခါ့ရှီသာ အစွမ်းမထက်ဘူး ဆိုရင် ဘယ်လိုလုပ်ပြီး ဆောင်းဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်ကို အိမ်ရှင် အဖြစ် ကျင်းပခွင့် ရမှာလဲ ...”

ဖန်ကျင်းဆောင်ကလည်း ထောက်ခံပါတယ်။

“ကျားနဂါး စာရင်းရဲ့ အဆင့်၈၈တဲ့လား ... "

လီဖူချန်းက အစောပိုင်းတုန်းက ကျင့်ခါရှီရဲ့ လှုပ်ရှားမှုကို ကြည့်ပြီး သူမရဲ့ စွမ်းရည်ကို အကဲဖြတ် နိုင်ပါတယ်။ လီဖူချန်း ကိုယ်တိုင်တောင်မှ ကျင်ခါ့ရှီကို မနိုင်လောက်ပါဘူး။

ယန်ရှန်းယုရဲ့ စွမ်းရည်က ဖူချောင်းရှန်လောက်ပါပဲ။ ယန်ရှန်းယုက အားကုန်သုံးပြီး တိုက်ခိုက်မယ် ဆိုရင်တောင်မှ ကျင်ခါ့ရှိက ဘာနည်းစနစ်မှ မသုံဘဲ ခွန်အားချည်း သက်သက်ဖြင့် သူ့ရဲ့ တိုက်ခိုက်မှုကို ဟန့်တား နိုင်ပါလိမ့်မယ်။

“သူမရဲ့ ဆန်းကြယ် အလယ်အလတ် ပညာရပ်ဆန္ဒက လျှို့ဝှက်ပြီး နားလည်ရ ခက်တယ်။ ပြီးတော့ သူမရဲ့ တိုက်ခိုက်မှုက ပညာရပ်နဲ့ တစ်သားတည်း ကျနေပြီ။ ကြည့်ရတာ သူမ လေ့ကျင့်ထားတဲ့ အတွင်းအား ပညာရပ်က အဆင့်၁၅ထက် နိမ့်စရာ အကြောင်း မရှိဘူး။

ဆန်းကြယ် အထွတ်အထိပ် အတွင်းအား ပညာရပ်ရဲ့ အဆင့်၁၅အထိ ရောက်အောင် လေ့ကျင့်နိုင်တဲ့ သူက သူတစ်ယောက်တည်း ရှိတာ မဟုတ်ဘူး ဆိုတာကိုတော့ လီဖူချန်း တစ်ယောက် ကောင်းကောင်းကြီး သိထားပါတယ်။

သူက ထိုးထွင်း သိမြင်မှု အားကိုးနဲ့သာ သည်အဆင့်အထိကို ရောက်လာခဲ့တာပါ။ ပညာရပ်ကို ထဲထဲဝင်ဝင် နားလည် သဘောပေါက်ဖို့ ဆိုရင်တော့ လေ့ကျင့်ချိန် တော်တော်လေး ပေးရဦးမှာပါ။

ကျင်ခါ့ရှီကတော့ အသက်၂၀ ကျော်နေပြီ ဖြစ်တဲ့အတွက် ဆန်းကြယ် အထွတ်အထိပ် အတွင်းအား ကျင့်စဉ် တစ်ခုကို ကျင့်ခဲ့တဲ့ သက်တမ်းက အနည်းဆုံးတော့ ၃ နှစ်လောက် ရှိနိုင်ပါတယ်။ ဒါကြောင့် သူမက လီဖူချန်းလို အဆင့်၁၅ အထိ ရောက်နေလောက်ပါပြီ။

ထို့နောက်မှာတော့ ရွှေအဆင့် တိုက်ရိုက်တပည့် တော်တော်များများ စင်ပေါ်တက်လာပြီး လက်ရည် စမ်းကြပါသေးတယ်။

စင်ပေါ်ကို တက်လာတဲ့ သူတိုင်းက ပါရမီရှင်တွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ ချီအရှိန်အဝါ၊ သိုင်းကွက် အခင်းအကျင်း၊ သိုင်းကွက် အလှည့်အပြောင်းနဲ့ လျှို့ဝှက် နည်းစနစ်တွေ အားလုံးက ထိပ်တန်း အဆင့်မှာပါပဲ။ သူတို့ရဲ့ သိုင်းကွက်တွေကို လေ့လာနေရင်းနဲ့ လီဖူချန်း တစ်ယောက် အရင်က သတိမထားမိ တာတွေကို သတိပြုမိ လာပါတယ်။

“ဟုမင် ... စင်ပေါ်တက်ပြီး လီဖူချန်းကို စိန်ခေါ်လိုက်။ ငါ သူ့ရဲ့  အစွမ်းအစကို သိချင်တယ်”

ရှောင်ပိုင်က သူ့နံဘေးမှာ ရှိနေတဲ့ လူငယ် တစ်ယောက်ကို ခပ်တိုးတိုး ပြောလိုက်ပါတယ်။

ဟုမင်က နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ပြီး

“အစ်ကိုရှောင် ... သည်ကောင့်ကို ကျွန်တော် သိုင်းကွက် ၁၀ကွက် အတွင်းမှာတောင် ဒဏ်ရာ အကြီးအကျယ် ရအောင် လုပ်လို့ရတယ်။ နှမြောစရာပဲ ... သည်လက်ဖက်ရည် ပွဲတော် အတွင်းမှာ သတ်ဖြတ်တာကို ကျင်ခါ့ရှီက လက်ခံမှာ မဟုတ်ဘူး"

“တစ်ဖက်လူကို အထင်မသေးနဲ့။ ဒါပေမဲ့ သတ်လို့ ရတဲ့ အခွင့်အရေး ကြုံရင်တော့ သတ်သာ သတ်ပစ်လိုက်။ ကျန်တာကို ငါရှင်းလိုက်မယ်”

ရှောင်ပိုင်က လီဖူချန်းကို မျက်စိထဲမှာတောင် မထည့်ထားပါဘူး။ တကယ်လို့ ကျင်ခါ့ရှီသာ မရှိခဲ့ရင် သူကိုယ်တိုင် ဆင်းပြီးတောင် လီဖုချန်းကို သတ်ပစ် လိုက်ချင်ပါသေးတယ်။

“အစ်ကိုရှောင် ... ဖြစ်ပါ့မလား ...။ ကျင်ခါ့ရှီက ကျွန်တော့်ကို သည်အတိုင်း ကြည့်နေမှာ မဟုတ်ဘူးနော်…"

ဟုမင်က အနည်းငယ် ချီတုံချတုံ ဖြစ်နေပါတယ်။ ရှောင်ပိုင်က အရန်ကော ဟူသည့် အကြည့်မျိုးဖြင့် ဟုမင်ကို ကြည့်လိုက်ပြီး ...

“သွားမှာသာ သွားစမ်းပါကွာ ...။ မင်းက လီဖူချန်းကို သတ်လိုက်လို့ ကျင်ခါ့ရှီက မင်းကို ပြန်သတ်လိမ့်မယ် ထင်နေတာလား "

“အစ်ကိုရှောင် ပြောတာလည်း ဟုတ်တာပဲ“

ထို့နောက်မှာတော့ ဟုမင်က ပွဲကြည့်စင် ပေါ်ကနေ ဆင်းပြီး သိုင်းစင်မြင့်ပေါ်ကို တက်သွား ပါတော့တယ်။

***

All Chapters