အပိုင်း ၂၃၈
Vol. 17 Ch. 238
“ကျားနဂါး စာရင်းဝင် တစ်ယောက် ပီသပါပေတယ်”
လီဖူချန်းက စိတ်ထဲကနေ ကျိတ်ပြီး ချီးကျူး လိုက်ပါတယ်။ သူက ရှောင်ပိုင် ဘယ်လောက်အထိ အစွမ်းထက်သလဲ ဆိုတာကို ကောင်းကောင်းကြီး ခံစားမိပါတယ်။
ရှောင်ပိုင်ရဲ့ အတွင်းအား ကျင့်စဉ် အဆင့်က သေချာပေါက်ကို အဆင့်၁၅ပါပဲ။ ပြီးတော့ သူ့ရဲ့ ဆန်းကြယ် အလယ်အလတ် လက်ဝါးဆန္ဒကလည်း အတော်လေးကို ပေါက်ကွဲအား ကောင်းပါတယ်။
ရှောင်ပိုင်ရဲ့ တိုက်ပွဲအပေါ် သုံးသပ်နိုင်မှုကို ဟုမင်တစ်ယောက် ဘယ်လိုမှ လိုက်မီမှာ မဟုတ်ပါဘူး။ သည်လက်ဝါး ရိုက်ချက်က လုံးဝကို အချိန်ကိုက် ရောက်လာတာပါ။ လီဖူချန်းက သည်လက်ဝါး ရိုက်ချက်မှာ ဟာကွက်၃ခုပဲ တွေ့ပါတယ်။
“ထွီ ... သည်ကောင်က ငါ့ကို အထင်သေး လှချည်လား။ လျှို့ဝှက်နည်း စနစ်တောင် မသုံးဘဲနဲ့ သည်အတိုင်း လှမ်းရိုက်လိုက်တယ်”
လီဖူချန်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး မီးတောက်ကြယ် ပေါက်ကွဲခြင်း ဓားကွက်ကို အသုံး ပြုလိုက်ပါတယ်။ ဓားရိပ် ဓားရောင်တွေက ပတ်ဝန်းကျင် တစ်ခုလုံး ပြည့်နှက်သွားပြီး ရှောင်ပိုင်ရဲ့ လက်ဝါး ရိုက်ချက်ကို ခုခံလိုက်ပါတယ်။
“အသူရာ ဝိညာဉ်လက်ဝါး"
လီဖူချန်းက သူ့ရဲ့ပထမ လက်ဝါး ရိုက်ချက်ကို ခုခံနိုင်လိုက်တာကို သိလိုက်ရတဲ့ ရှောင်ပိုင်က လူသတ်ချင်စိတ် ပြင်းပြစွာ ဖြစ်ပေါ်လာပြီး ဒုတိယ လက်ဝါး ရိုက်ချက်တစ်ချက် ထပ်ရိုက်လိုက် ပါသေးတယ်။
သည်လက်ဝါး ရိုက်ချက်ကိုတော့ လက်ဝါးကို အားကောင်းစေတဲ့ လျှို့ဝှက်နည်းစနစ် တစ်ခုက အထောက်အကူ ပေးထားတဲ့အတွက် ပထမ လက်ဝါးရိုက်ချက် ထက်ကို ၂ဆကျော်ကျော် ပြင်းထန်ပါတယ်။
“အစ်ကိုရှောင် ... ညီမကို ခက်ခဲအောင် မလုပ်ပါနဲ့ ..."
လှပတဲ့ မိန်းမပျိုလေး တစ်ယောက်က လီဖူချန်းရဲ့ အရှေ့မှာ ရုတ်တရက် ပေါ်လာခဲ့ပါပြီ။ ထိုမိန်းမပျိုကတော့ ကျင်ခါ့ရှီပါပဲ။ ကျင်ခါ့ရှီက သူမရဲ့ ပန်းပွင့်တစ်ရာ ချုပ်နှောင်ခြင်း ပညာရပ်ကို အသုံးပြုပြီး ရှောင်ပိုင်ရဲ့ အသူရာ ဝိညာဉ်လက်ဝါးကို ဖြိုခွဲလိုက်ပါတယ်။ ရှောင်ပိုင်ကတော့ အကြီးအကျယ် မျက်နှာပျက် နေပါပြီ။ သူက ပထမ လက်ဝါး ရိုက်ချက်မှာ အင်အားအပြည့် မသုံးမိလိုက်တဲ့ အတွက်လည်း နောင်တ ရနေပါသေးတယ်။ လီဖူချန်းက သည်လောက်အထိ အားကောင်း လိမ့်မယ်လို့ သူက လုံးဝ မထင်ထားခဲ့မိပါဘူး။
“မင်း ကံကောင်းသွားတယ် ...။ ဒါပေမဲ့ မိန်းမတစ်ယောက်က မင်းကို အချိန်ပြည့် မကာကွယ် ပေးထားနိုင်ဘူး ဆိုတာကိုတော့ မင်းခေါင်းထဲမှာ မြဲမြဲ မှတ်ထား ...”
“နောက်တစ်ကြိမ် ငါမင်းကို မသတ်ခင်အထိ မင်းရဲ့ အသက်ကို ဖက်နဲ့ လုံလုံခြုံခြုံသာ ထုပ်ထားပေတော့"
ရှောင်ပိုင်က ပြောပြီးသည်နှင့် ဟုမင်ကို ပွေ့ထူကာ သိုင်းစင်မြင့်ပေါ်ကနေ ပွဲကြည့်စင်ကို ပြန်ခုန်တက် သွားပါတယ်။ လီဖူချန်းကတော့ မထီမဲ့မြင် ပြုံးလိုက်ပြီး
“မင်းလည်း ကိုယ့်ကိုယ်ကိုယ် ကံကောင်းတယ်လို့ မှတ်လိုက်။ မဟုတ်ရင် မင်းရဲ့ ကျားနဂါးစာရင်း အဆင့်၁၀၁ ဆိုတဲ့ ဂုဏ်ပုဒ်က ရှိနေတော့မှာ မဟုတ်ဘူး"
ပွဲကြည့်စင်ရဲ့ အပေါ်ထပ်မှာ ပြန်ရောက်နေတဲ့ ရှောင်ပိုင်က လီဖူချန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး
“လီဖူချန်း ... မင်းက တကယ် သေချင်နေတာပဲ”
ရှောင်ပိုင်တင် မကပါဘူး။ အခြား သူတွေကလည်း လီဖူချန်းကို ဒေါသ ထွက်စွာဖြင့် စိုက်ကြည့် ကုန်ပါတယ်။
“သည်လီဖူချန်းက လုံးဝကို စိတ်ကြီး ဝင်နေတာပဲဟ။ ကျင်ခါ့ရှီသာ ကြားမဝင်လာခဲ့ရင် သည်ကောင် အခုလောက်ဆို သေနေလောက်ပြီ။ ဒါကိုတောင်မှ သူက သူ့အဆင့်သူ မသိဘဲ ရှောင်ပိုင်ကို ရန်ပြန်စ နေလိုက်သေးတယ်”
“ကျင်ခါ့ရှီက ရှောင်ပိုင်ကို ဝင်မတားသင့်ဘူး။ သည်ကောင့်ကို သည်အတိုင်း သေခိုင်း လိုက်သင့်တယ်”
“သည်ကောင်က တကယ်ကို အောက်တန်း ကျတာပဲ။ ရှောင်ပိုင်က သူ့ကို လာတိုက်လို့ မရဘူးဆိုတာ ရိပ်မိလို့ အခုလို ပေါက်ပန်းလေးဆယ် လျှောက်ပြောနေတာ ...။ ငါသာ ရှောင်ပိုင်ဆိုရင် သည်ကောင့်ကို သည်အတိုင်း လွှတ်ထားလိုက်မှာ မဟုတ်ဘူး”
“ငါလည်း သည်တိုက်ပွဲတစ်ရာ နယ်မြေကို အတွေ့အကြုံရဖို့ ထွက်လာခဲ့တာ နှစ်တွေ မနည်းတော့ဘူး။ ဒါပေမဲ့ အခုမှပဲ သည်လို အရှက်မရှိတဲ့ ကောင်ကို မြင်ဖူးတော့တယ်။ နောက်ဆုံးမှာတော့ ငါလည်း အတွေ့အကြုံ အကြီးကြီး တစ်ခု ရခဲ့ပြီဟေ့”
လူတွေ အားလုံးကတော့ လီဖူချန်းရဲ့ အရှက်ကင်းမဲ့မှုနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေမှုကို လှောင်ပြောင် ရှုတ်ချနေပါပြီ။ သူတို့ရဲ့ အမြင်မှာတော့ လီဖူချန်းက ကျင်ခါ့ရှီရဲ့ အကာအကွယ်ကို အသုံးပြုပြီး ဟောင်ဖွာဟောင်ဖွာ လုပ်နေတယ်လို့ ထင်မြင်ယူဆ နေတာပါ။ သူတို့က စဉ်းစားနေရင်းနဲ့တောင် ပိုပြီး ဒေါသထွက်လာသလို ခံစားလာရပါတယ်။
သူတို့ရဲ့ အတွေးထဲမှာတော့ လီဖူချန်းက ဘယ်လို အကြောင်းနဲ့မှ ရှောင်ပိုင်ထက် အစွမ်းထက်စရာ မရှိဘူးလို့ဘဲ ယူဆထားတာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက လုံးဝကို ဖြစ်နိုင်စရာမှ မရှိတာလေ။
“သည်လီဖူချန်းက အရမ်း စိတ်လိုက်မာန်ပါ လုပ်တာပဲ။ ညီလေးဖန် ... ညီမလေး ဖန်။ မင်းတို့ နှစ်ယောက်စလုံး သူနဲ့ သိပ်ပြီး မပတ်သက်ရင် ကောင်းမယ်။ သူက မင်းတို့ နှစ်ယောက်ကိုပါ သူ့ရဲ့ ပြဿနာထဲ ဆွဲသွင်းလိမ့်မယ်"
ဟောင်ယုရှန်က မျက်မှောင်ကြုတ်လိုက်ပြီး ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယုတို့ကို သတိပေး ပြောကြားလိုက်ပါတယ်။ ဖန်ကျင်းယုက အနည်းငယ် တွေဝေနေပြီး
“အစ်ကိုဟောင် ... လီဖူချန်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာ မဟုတ်ဘဲ အမှန်ကို ပြောနေတာကော မဖြစ်နိုင်ဘူးလား ...။ ညီမ သိသလောက် ဆိုရင်တော့ သူက တကယ်ကို အစွမ်းထက်တာနော် "
ဟောင်ယုရှန်က နှာခေါင်း ရှုံ့လိုက်ပြီး
“သူ ဘယ်လောက် အစွမ်းထက်ထက် ... ရှောင်ပိုင်လို ကျားနဂါး စာရင်းရဲ့ အဆင့်၁၀၁ ကို ဘယ်ယှဉ်နိုင်မှာလဲ။ တကယ်လို့ လီဖူချန်းက မြေကမ္ဘာနယ်ပယ် အဆင့်၈ ဆိုရင်တောင် ငါ ယုံပေးလိုက်ဦးမယ်။ အခုတော့ ဘယ်လိုမှ မဖြစ်နိုင်သေးဘူး”
ဖန်ကျင်းဆောင်ကတော့ အတန်ကြာ တွေဝေနေပြီး နောက်မှာတော့ ပြန်ပြောလိုက်ပါတယ်။
“လောကမှာ မဖြစ်နိုင်ဘူး ဆိုတာ မရှိဘူး။ ကျွန်တော်ကတော့ လီဖူချန်းကို ယုံတယ်”
လီဖူချန်းက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတာပဲ ဖြစ်ဖြစ် ကြွားဝါပြောတာပဲ ဖြစ်ဖြစ် ဖန်ကျင်းဆောင် ကတော့ ဂရုမစိုက်ပါဘူး။ လီဖူချန်းက သူနဲ့သူ့ညီမရဲ့ အသက်ကို ကယ်တင် ထားတာလေ။ ဟောင်ယုရှန်ရဲ့ စကားကို သူက ဘာအကြောင်းနဲ့မှ နားထောင်စရာ မရှိပါဘူး။ ဒါက သူ့ရဲ့ အမူအကျင့် မဟုတ်ပါဘူး။ လီဖူချန်းဘက်မှာ ဘယ်သူမှ ရှိမနေရင်တောင်မှ ဖန်ကျင်းယုနဲ့ သူကတော့ လီဖူချန်ကို အားပေး ထောက်ခံနေမှာပါပဲ။
“ဟူး ... မင်းတို့ နှစ်ယောက်ကတော့ လမ်းဆုံးကို ရောက်နေပြီပဲ။ မကြာခင်မှာပဲ မင်းတို့လုပ်ရပ်တွေ မှားလား မှန်လားဆိုတာကို သိလာမှာပါ”
ဟောင်ယုရှန်က ခေါင်းကို ခါယမ်းလိုက်ပါတယ်။ ဒါပေမဲ့လည်း ဘာမှတော့ ဆက်မပြောတော့ပါဘူး။ အဓိက ပွဲကြည့်စင် ပေါ်မှာတော့ ရူကျန်းချီက
“အိုး ... ကြည့်ရတာ ငါ သူ့ကို အရမ်း အထင်ကြီးမိ သွားတဲ့ပုံပဲ။ သည်လို လူစားမျိုးက ဘယ်လိုမှ အနာဂတ်လှမှာ မဟုတ်ဘူး။ သည်ကောင်က ပြဿနာကို မီးထွန်းရှာတဲ့ လူပြက်သာသာပဲ ရှိတယ်။ ကျင်ခါ့ရှီ ... မင်း ရှောင်ပိုင်ကို မတားခဲ့သင့်ဘူး "
သိုင်းစင်မြင့်ပေါ်မှာ ရောက်နေတဲ့ ကျင်ခါ့ရှီကလည်း အနည်းငယ် နောင်တရနေပါပြီ။
သူမက လီဖူချန်းဆီမှာ အလားအလာ ကောင်းတွေ ရှိနေတယ် ဆိုတာကိုတော့ ဝန်ခံပါတယ်။ ဒါပေမဲ့လည်း အလားအလာဆိုတာ အလားအလာ အဆင့်မှာပဲ ရှိနေသေးတာပါ။ အဲသည် အလားအလာတွေက အစစ်အမှန် စွမ်းအင်အဖြစ် မရောက်သေးရင်တော့ နိမ့်ချပြီး နေသင့်သည် မဟုတ်ပါလား။ အခုလို ကိုယ့်အခြေအနေကို ကိုယ်မသိဘဲ လက်လွတ်စပယ် လုပ်နေမယ် ဆိုရင်တော့ လူမုန်းများတာပဲ ရှိပါမည်။ ဘာကောင်းကျိုးမှ ခံစားရမှာတော့ မဟုတ်ပါဘူး။
သူမ သေချာ သိတာကတော့ သူမသာ သည်သိုင်းစင်မြင့် ပေါ်ကနေ ဆင်းသွားပြီ ဆိုတာနဲ့ ရှောင်ပိုင်က သေချာပေါက်ကို လီဖူချန်းကို လာသတ်တော့မှာပါ။
ကျင်ခါ့ရှီက လီဖူချန်းအပေါ် အနည်းငယ် စိတ်ပျက် သွားပေမဲ့လည်း သူမရဲ့ မျက်နှာကို သူမ ပြန်ရိုက်ရမည့် အဖြစ်မျိုးကိုတော့ မဖြစ်စေချင်ပါဘူး။ သည်လက်ဖက်ရည် ပွဲတော်မှာ သတ်ဖြတ်မှုတွေ မပြုလုပ်ရဘူး ဆိုတဲ့ သံမဏိ စည်းကမ်းတစ်ခု ရှိပါတယ်။ ခေတ်အဆက်ဆက် သမိုင်း တစ်လျှောက် မှာလည်း တစ်ခါမှ သတ်ဖြတ်မှုတွေ မဖြစ်ပေါ်ခဲ့ဖူးပါဘူး။ သူမ အိမ်ရှင်အဖြစ် ကြီးမှုးပြီး လက်ခံ ကျင်းပတဲ့ အလှည့်ကျမှ သတ်ဖြတ်မှုတွေ ဖြစ်ပေါ်လာမယ် ဆိုရင် တကယ့်ကို အရှက်ရစရာပင် မဟုတ်ပါလား။
"မိုးနတ်မင်းကြီး ... ကျေးဇူးပြုပြီးတော့ နောက်ထပ် လီဖူချန်း တစ်ယောက် သည်လက်ဖက်ရည် ပွဲတော်ထဲမှာ ရှိမနေစေပါနဲ့ "
ကျင်ခါ့ရှီက စိတ်ထဲကနေ အကြီးအကျယ် ဆုတောင်း နေပါပြီ။
“မင်းအရင် ဆင်းသွားလိုက် ...။ ငါ ရှိနေမှတော့ မင်းရဲ့ လုံခြုံရေးကို အာမခံတယ်”
ကျင်ခါ့ရှီက လီဖူချန်းကို စင်ပေါ်ကနေ မြန်မြန် ဆင်းခိုင်း လိုက်ပါတယ်။ လီဖူချန်းသာ နောက်ထပ် စကားတစ်ခွန်း ထပ်ပြောရင်တော့ ရှောင်ပိုင်က သူမကိုလည်း ဂရုစိုက်တော့မှာ မဟုတ်ပါဘူး။ သူမ ကလည်း ရှောင်ပိုင်ကို မတားချင်တော့ပါဘူးလေ။
လီဖူချန်းက မကျေနပ်သေးဘဲ တစ်ခုခုပြောဖို့ ပါးစပ် ပြင်နေတုန်းမှာပင်
“ကျင်ခါ့ရှီ ... ရှောင်ပိုင်က ကျားနဂါး စာရင်းဝင် ဖြစ်ပေမဲ့ ငါကတော့ ကျားနဂါး စာရင်းထဲက မဟုတ်ဘူး။ ငါလီဖူချန်းကို စိမ်ခေါ်မယ် ဆိုရင်တော့ ဘာပြဿနာမှ မရှိဘူးမလား ..."
စကားသံ နှင့်အတူ လူငယ်တစ်ယောက်က စင်မြင့်ပေါ်ကို ခုန်တက် လာခဲ့ပါတယ်။ ကျင်ခါ့ရှီက ခေါင်းညိတ် ပြလိုက်ပြီး
“အင်း ... နင်ဆိုရင်တော့ ငါဝင်ပါနေစရာ အကြောင်းမရှိဘူး"
“ဒါဆို ဟုတ်ပြီလေ။ လီဖူချန်း ... မင်းအချိန်ရှိတုန်း ငါ့ကို ဒူးထောက်ပြီး တောင်းပန် ထားလိုက်တော့။ မဟုတ်ရင်တော့ ငါဆိုတဲ့ ရှင်းဝူဟန်က မင်းရဲ့ လေကြီးလေကျယ် ပြောနေတဲ့ ပါးစပ်ထဲက သွားတွေ အကုန်လုံးကို တစ်ချောင်း မကျန် ရိုက်ချိုးပစ်မယ်”
ရှဝူဟန်က လီဖူချန်းနဲ့ ဘာရန်ငြိုးမှ မရှိပါဘူး။ ဒါပေမဲ့ လီဖူချန်းက ကျင်ခါ့ရှီရဲ့ အကာအကွယ် အောက်ကနေပြီး လေကြီးလေကျယ် ပြောနေတာကို တွေ့ရတဲ့ အခါမှာတော့ ဘယ်လိုမှ ကြည့်မရတော့တဲ့ အတွက် ရှောင်ပိုင်အစား လီဖူချန်းကို ဆုံးမဖို့ အတွက် စင်ပေါ်ကို တက်လာတာပါ။ သူက လီဖူချန်းရဲ့ ပါးစပ်ထဲမှာ သွားတစ်ချောင်းမှ မရှိတော့ဘူး ဆိုရင်ကော အခုလို လေကြီးလေကျယ် ပြောနေနိုင်ဦးမလား ဆိုတာကို သိချင်ပါသေးတယ်။
“မင်းက ရှောင်ပိုင်ကိုယ်စား လာတာလား"
လီဖူချန်းရဲ့ မျက်လုံးအစုံက ကျဉ်းမြောင်းသွားပြီး ခန္ဓာကိုယ်ကနေ အေးစက်စက် အငွေ့အသက်တွေ ထွက်ပေါ် လာခဲ့ပါပြီ။
သူက ဘယ်လောက်ပဲ စိတ်တည်ငြိမ်မှု ရှိရှိပါလေ။ အခုလို တစ်ယောက်ပြီး တစ်ယောက် သူ့ကို လှောင်ပြောင် ပြောဆိုနေတာကို ခံရတဲ့အချိန်မှာတော့ ဒေါသ အနည်းငယ် ထွက်နေပါပြီ။
သူက အခြားလူတွေ အာရုံစိုက်တာကို မခံချင်တဲ့အတွက် သူ့အရည်အချင်း ကိုတောင် အပြည့်အဝ မပြထားဘူးလေ။ အခုတော့ သူက သည်အတိုင်း နှိမ့်ချပြီး နေလို့ မရတော့ဘူး ဆိုတာကို သဘော ပေါက်ခဲ့ပါပြီ။
“ရှောင်ပိုင်က ကျားနဂါးစာရင်းထဲက လူငယ်ကြယ်ပွင့် တစ်ယောက်။ ငါ့လိုလူက ရှောင်ပိုင်ရဲ့ ကိုယ်စားဆိုတဲ့ အသုံးအနှုန်းကို မခံယူဝံ့ဘူး။ ဒါပေမဲ့ ... မင်း ...။ ငါက မင်းသောက်ခွက်ကို ရိုက်ချင်လို့ လာခဲ့တာကွ”
ပြောပြီးတာနဲ့ ရှင်းဝူဟန်က သူ့ရဲ့ ဓားရှည်ကြီးကို ဆွဲထုတ်လိုက်ပြီး လီဖူချန်းကို ဓားဦးဖြင့် ချိန်ရွယ်ထား လိုက်ပါတယ်။ ရှောင်ပိုင်ကတော့ လှမ်းပြီး အော်ပြော လိုက်ပါသေးတယ်။
“ရှင်းဝူဟန် ... ရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် ... ငါရှောင်ပိုင်က မင်းကို ကျေးဇူးဆပ်စရာ တစ်ခု ရှိတယ်လို့ မှတ်ထားလိုက်"
“အစ်ကိုရှောင်က အရမ်းကို သဘော ကောင်းလွန်းနေပါပြီ”
ရှင်းဝူဟန်က တစ်ချက် ပြုံးလိုက်ပါတယ်။ သူက သည်ယုန်ကို မြင်လို့ သည်ချုံကို ထွင်ထားတာပါ။ ဒါက သူလိုချင်တာနဲ့ ကွက်တိပါပဲ။
အခြားလူတွေကတော့ ရှောင်ပိုင်ရဲ့ စကားကို ကြားလိုက်ရတဲ့ အခါမှာ နောင်တ ရသလိုတောင် ခံစား လိုက်ရပါတယ်။ သည် ရှင်းဝူဟန်က လုံးဝကို ကွက်ကျော် မြင်လွန်းသည် မဟုတ်ပါလား။ ရှောင်ပိုင်က အခုလို ပြောမယ် ဆိုတာကိုသာ သိခဲ့ရင်တော့ အစောကြီး ကတည်းက သူတို့လည်း လီဖူချန်းကို စိမ်ခေါ် မိမှာပါပဲ။
"ရှင်းဝူဟန်က ဓားရှည်ဂိုဏ်းရဲ့ ထိပ်ဆုံး ရွှေအဆင့် တိုက်ရိုက် တပည့် ၅ယောက်ထဲမှာ ပါတယ်။ သူ့ရဲ့ အရည်အချင်းက ဟုမင်ထက်ကို အများကြီး သာမှာပဲ။ လီဖူချန်းကိုတော့ သူက အသာလေး အနိုင် ယူနိုင်လိမ့်မယ်”
ဟောင်ယုရှန်က ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယုကို ပြောလိုက်ပါတယ်။ ဖန်ကျင်းဆောင် ကတော့ ယုံကြည် စိတ်ချမှု အပြည့်ဖြင့်
“ရှင်းဝူဟန်က လီဖူချန်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး "
တကယ်လို့ ရှောင်ပိုင်ဆိုရင်တော့ ဖန်ကျင်းဆောင်က အခုလို ယုံကြည်မှု မရှိပါဘူး။ ဒါပေမဲ့ လီဖူချန်းနဲ့ တိုက်မယ့်သူက ရှင်းဝူဟန်ဆိုတော့ ဖန်ကျင်းဆောင်က လုံးဝကို လီဖူချန်းနိုင်မယ် ဆိုတာ ယုံကြည် နေပါတယ်။
“ညီမလည်း အစ်ကိုနဲ့ အတွေးတူတယ်။ လီဖူချန်းက သေချာပေါက်ကို နိုင်မှာ"
ဖန်ကျင်းယုကလည်း လီဖူချန်းကို ယုံကြည်မှု အပြည့်ဖြင့် အားပေး နေပါတယ်။
“သွားပြီ ... သွားပြီ ...။ မင်းတို့ ကတော့ လီဖူချန်းရဲ့ ပြုစားတာကို ခံလိုက်ရပြီ"
ဟောင်ယုရှန်ကတော့ သည်မောင်နှမ နှစ်ယောက်ကို လက်မြှောက်လိုက်ပါပြီ။ လီဖူချန်းက သည်မောင်နှမ နှစ်ယောက်ကို သူ့ဘက် ပါလာအောင် ဘာဆေးတွေ ကျွေးပြီး ဆွဲဆောင် ထားမှန်းကို မသိတော့ပါဘူး။ ဖန်ကျင်းဆောင်ကတော့ တည်ကြည် လေးနက်စွာဖြင့်
“အစ်ကိုဟောင် ... အစ်ကိုက လီဖူချန်းနဲ့ သိပ်မပေါင်းဖူး သေးလို့ပါ။ ဒါကြောင့် အစ်ကိုက သူ့ရဲ့ ကြောက်စရာ ကောင်းတဲ့ ပါရမီတွေကို မသိသေးတာ။ ဒါကိုတော့ ကျွန်တော် နားလည်ပေးလို့ ရပါတယ်။ ဒါပေမဲ့ အစ်ကိုက လီဖူချန်းကို သိပ်ပြီး လက်လွတ်စပယ် မပြောသင့်ဘူးလို့တော့ ကျွန်တော် ထင်တယ်”
"အေးပါကွာ ... အေးပါဟ.… ငါနားလည်ပါပြီ ... မင်းရဲ့ သူရဲကောင်း ပါရမီရှင်ကြီး လီဖူချန်း ငါတို့ကို ဘယ်လို အံ့သြစရာတွေ လုပ်ပြမလည်းဆိုတာကို စောင်ကြည့်ကြ သေးတာပေါ့လေ”
ဟောင်ယုရှန်က ဆက်မပြောဘဲ စကားစကို ဖြတ်လိုက်ပြီး သိုင်းစင်မြင့်ပေါ်ကိုပဲ အာရုံစိုက်လိုက်ပါတော့တယ်။
ရှင်းဝူဟန်နဲ့ ၁၀မီတာ အကွာလောက်မှာ ရပ်နေပြီးတော့ လီဖူချန်းက
“မင်းသည်ကိစ္စနဲ့ ပတ်သက်ပြီး နောင်တ မရပါစေနဲ့လို့ ငါမျှော်လင့်ပါတယ်”
လီဖူချန်းက သူ့ရဲ့ နှုတ်ခမ်းကို တွန့်ရုံမျှ ပြုံးထားပြီး မီးနဂါး လျှို့ဝှက် နည်းစနစ်ကို ပြန်ဖြေလျော့ လိုက်ကာ ဗလာနယ် လက်ဝါးကို အသုံးပြုထားပါတယ်။
“နောင်တ ဟုတ်လား ...။ င့ါရဲ့ အဘိဓာန်မှာ နောင်တဆိုတဲ့ စကားလုံး မရှိဘူးကွ”
ရှင်းဝူဟန်က လီဖူချန်းကို လှောင်ပြောင်လိုက်ကာ သူ့လက်ထဲက ဓားဖြင့် လျင်မြန်စွာ ခုတ်ပိုင်း ပစ်လိုက်ပါပြီ။
***