လူအားလုံးရဲ့ မျက်နှာကို ဖြတ်ရိုက်ခြင်း
Vol. 18 Ch. 239
ရှင်းဝူဟန်က မြေကမ္ဘာနယ်ပယ် အဆင့်၈ကို ရောက်နေပါပြီ။
သူက ကျားနဂါး စာရင်းဝင် မဟုတ်ပေမဲ့လည်း အတော်လေးကို အစွမ်း ထက်သည်ဟု သတ်မှတ်၍ ရသည့် လူအတန်းအစား ထဲကပါပဲ။
သူ့ရဲ့ အရည်အချင်းက ဟုမင်ထက်ကို အစစ အရာရာမှာ သာလွန်ပါတယ်။
ပြီးတော့ သူက ဟုမင်နဲ့ လီဖူချန်းတို့ရဲ့ တိုက်ပွဲကို ကောင်းကောင်းကြီး လေ့လာထား ပါသေးတယ်။
ရှင်းဝူဟန် လေ့လာမိ သလောက် ဆိုရင်တော့ လီဖူချန်းရဲ့ အားသာချက်က တစ်ဖက်လူရဲ့ ဟာကွက်ကို အမြန်ဆုံး ရှာနိုင်တာပါပဲ။
နောက်တစ်နည်းအားဖြင့် ပြောရမယ် ဆိုရင်တော့ လီဖူချန်းက တိုက်ပွဲ အခြေအနေကို သုံးသပ်တဲ့ နေရာမှာ အတော်လေး အားကောင်းပါတယ်။
ဒါပေမဲ့လည်း ရှင်းဝူဟန်က သူ့ကိုယ်သူ တိုက်ပွဲ အခြေအနေ သုံးသပ်တဲ့ နေရာမှာ လီဖူချန်းထက်ကို ပိုပြီး ကောင်းတယ်လို့ ယုံကြည် နေတယ်လေ။
လီဖူချန်းလို မြေကမ္ဘာနယ်ပယ် အဆင့်၅ ပညာရှင်ကို သူက ဘယ်လို အကြောင်းနဲ့မှ ရှုံးစရာ မရှိပါဘူး။
***
ရှင်းဝူဟန်က လီဖူချန်းဆီကို ဓားရောလူပါ ခုန်ဝင် သွားခဲ့ပါတယ်။ ဒါက သူတို့ ဓားရှည်ဂိုဏ်းရဲ့ မူပိုင်နည်းစနစ် ဖြစ်တဲ့ ဓားနဲ့လူ ပေါင်းစပ်ခြင်း နည်းစနစ်ပါပဲ။
သူ့ရဲ့ လှုပ်ရှားမှုတွေက လျှပ်ပြက်သည့် အလားကို လျင်မြန်လွန်း လှပါတယ်။
ချွင် ...
လျှပ်စီး လက်သလို လျင်မြန်လှတဲ့ ရှင်းဝူဟန်ရဲ့ ဓားရှည်က လီဖူချန်းရဲ့ ညာဘက် ရင်ခွင်ထဲကို ဦးတည် လာခဲ့ပါပြီ။
“လျှပ်စီးချီ အတွင်းအားလားဟ”
လီဖူချန်းက အနည်းငယ် အံ့အားသင့်မိ သွားပါတယ်။
လျှပ်စီးဓာတ် ချီအတွင်းအားတွေ ဆိုတာက လျင်မြန်ပြီး ကြမ်းကြုတ် ရက်စက်တဲ့ အမျိုးအစားထဲမှာ ပါတဲ့ ချီအမျိုးအစား တစ်ခုပင် မဟုတ်ပါလား။
သည်လို လျှပ်စီးဓာတ် ချီအတွင်းအားကို အသုံးပြုထားတဲ့ လူတစ်ယောက်ရဲ့ ဓားချက်က သာမန်ဓားသမား တစ်ယောက်ရဲ့ ဓားချက်ထက်ကို ၅ဆလောက် ပိုမြန်လေ့ ရှိတတ်ပါတယ်။
ဒါကြောင့် ရှင်းဝူဟန်က လီဖူချန်းနဲ့ တိုက်ခိုက်ဖို့ သူ့ကိုယ်သူ ယုံကြည်မှု အပြည့် ရှိနေပုံပါပဲ။
သူ့ရဲ့ လျှပ်စီးလို လျင်မြန်လှသည့် ဓားကွက်တွေကိုတော့ လီဖူချန်း တစ်ယောက် ဘယ်လိုမှ ဟာကွက် ရှာမတွေ့နိုင်ဘူးလို့ ရှင်းဝူဟန်က တွေးထင်ထားပုံ ရပါတယ်။
ရှင်းဝူဟန် တစ်ယောက်ကတော့ အမှားကြီး မှားခဲ့ပါပြီလေ။
လီဖူချန်းရဲ့ သိုင်းကွက်တွေ အပေါ် သုံးသပ်နိုင်မှုက လူသား တစ်ယောက်ရဲ့ အဆင့်ထက်ကို အများကြီး ကျော်လွန် နေပါပြီ။ မြေကမ္ဘာအဆင့် ပညာရှင် တစ်ယောက်ရဲ့ သိုင်းကွက်ကို မဆိုထားနှင့်။ ကောင်းကင်နယ်ပယ် ပညာရှင် တစ်ယောက်ရဲ့ သိုင်းကွက်ကို တောင်မှ လီဖူချန်းက ဟာကွက်ရှာနိုင်စွမ်း ရှိပါတယ်။ အဲသည် ဟာကွက်ကို ထိအောင် တိုက်နိုင်မလား၊ မတိုက်နိုင်ဘူးလား ဆိုတာကတော့ သက်သက် တစ်ပိုင်းပေါ့လေ။
ဘာဖြစ်လို့လဲ ဆိုတော့ ကောင်းကင်နယ်ပယ် ပညာရှင်တွေရဲ့ တိုက်ခိုက်မှုတွေက အလွန်တရာမှ လျင်မြန်လှသည့် အတွက် လီဖူချန်းက ဟာကွက်ကို ရှာတွေ့ရင်တောင်မှ အချိန်မီ တုံ့ပြန်နိုင်မှာ မဟုတ်လို့ပါပဲ။
လီဖူချန်းက အလျင်အမြန်ပင် အနောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်ပြီး ဓားချက် တစ်ချက်ထုတ်ပြီး ခုခံလိုက်ပါတယ်။
ရွှပ် ...
သည်ဓားချက်က တကယ့်ကို နတ်ဘုရားတွေရဲ့ ညွှန်ပြမှုကို ခံထားရသည့် အလား ရှင်းဝူဟန်ရဲ့ ဟာကွက်ထဲကို တိုးဝင် သွားတာပါ။
တကယ်ကို သနားစရာ ကောင်းလှသည့် ရှင်းဝူဟန် ပါပဲလေ။ ဓားကွက်ကို ဆုံးအောင်တောင် မထုတ်ရ သေးခင်မှာပဲ လီဖူချန်းရဲ့ ဓားဦးက သူ့ရဲ့ ဟာကွက်ထဲကို ပြေးဝင်လာခဲ့သည် မဟုတ်ပါလား။ သူသာ ဓားကွက်မပြောင်းဘဲ သည်ဓားကွက်ကို ပြီးဆုံးသည် အထိ ထုတ်နေခဲ့မယ် ဆိုရင်တော့ တစ်ဖက်ရန်သူရဲ့ ဓားဦးက သူ့ရင်ခွင်ထဲကို ရောက်နေတော့မှာပါ။
ရှင်းဝူဟန်က သူ့အခြေအနေကို သူကိုယ်တိုင် ရိပ်စားမိသည့် အတွက် အလျင်အမြန်ပင် ဓားကွက် ပြောင်းလိုက်ပါတယ်။ သူကလည်း ပါရမီရှင် တစ်ယောက်ပင် မဟုတ်ပါလော။
“အထက် ကောင်းကင်မှ မိုးကြိုးကိုးစင်း”
သည်ဓားကွက် ကတော့ ရှင်းဝူဟန်ရဲ့ အကောင်းဆုံး ဓားကွက် တစ်ကွက်ပါပဲ။ သည်ဓားကွက်ကို အသုံးပြုဖို့ အတွက် သူ့ရဲ့ အတွင်းအား ၈၀ရာခိုင်နှုန်း လောက်ကိုတောင် ထုတ်သုံး ထားရပါတယ်။
ကောင်းကင်ဘုံ ကနေ မိုးကြိုးကိုးစင်း တိုက်ရိုက် ကျလာသည့် အလား လျင်မြန် ရက်စက်လှသည့် ဓားချက် ကိုးချက်က အရပ်မျက်နှာ ပေါင်းစုံကနေ လီဖူချန်းဆီကို တိုးဝင် လာခဲ့ပါပြီ။
ထိုဓားချက် ကိုးချက်က အချင်းချင်း ယှက်သန်းကုန်ပြီး ဓားပိုက်ကွန် တစ်ခုအလား ဖြစ်တည် လာခဲ့ပါတယ်။
“ဟမ့် ... ငါ့ရဲ့ ပြောင်းလဲခြင်း ကိုးကွက်ကိုလည်း မြည်းကြည့်ပါဦး”
စကား အဆုံးမှာတော့ လီဖူချန်းက သူ့ရဲ့လက်ကို ကိုးကြိမ်တိတိ ဝှေ့ယမ်း လိုက်ပါတေ့ာတယ်။
ဝုန်း ...
ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာ အပြီးမှာတော့ ရှင်းဝူဟန်က အနောက်ကို ရုပ်ပျက်ဆင်းပျက် လွင့်ထွက် သွားခဲ့တယ်လေ။
ချွမ် ခလန်လန် ...
ရှင်းဝူဟန်ရဲ့ လက်တွေက ဓားကိုတောင် လက်ထဲမှာ မြဲမြံစွာ မကိုင်ထား နိုင်တော့ပါဘူး။
လီဖူချန်းရဲ့ ပြောင်းလဲခြင်း ကိုးကွက် ဓားသိုင်း သဘောတရားက တစ်ဖက်လူရဲ့ အားကို အငှားရယူပြီး ကိုယ်ပိုင်အားဖြင့် ပေါင်းစပ်ကာ ပြန်လည် တိုက်ခိုက်တဲ့ ဓားသိုင်း အမျိုးအစားပါ။
ရှင်းဝူဟန်က သူ့ရဲ့ အတွင်းအားနဲ့ လီဖူချန်းရဲ့ အတွင်းအား နှစ်ခု ပေါင်းထားသည့် အားကိုတော့ ဘယ်လိုမှ ရင်မဆိုင် နိုင်တော့ပါဘူးလေ။
ဖောက် ... ဖောက် ... ဖောက် ... ဖောက် ...
ရှင်းဝူဟန်ရဲ့ ခန္ဓာကိုယ်ကနေ သွေးတွေ ပန်းထွက် လာခဲ့ပါတယ်။
လီဖူချန်းရဲ့ ပြောင်းလဲခြင်း ကိုးကွက် ဓားသိုင်းက ရှင်းဝူဟန်ကို နောက်ဆုတ်စေရုံ သာမက ဒဏ်ရာ ပြင်းပြင်းထန်ထန်ပါ ရသွားစေသည့် ပုံပင်။
"မင်း ... မင်း ...”
ရှင်းဝူဟန်က ဘယ်လိုမှ တောင့်မခံနိုင်တော့ပဲ ဒူးထောက် ကျသွားပါပြီ။
သူက အရမ်းကို အရှက် ရနေပါတယ်။
သူ့ရဲ့ သိက္ခာတွေ ကတော့ ရေစုန်မျောပြီ ဆိုတာကိုလည်း ရိပ်မိနေပါပြီ။
သည်ခံစားချက်က လီဖူချန်းရဲ့ ဓားချက်ကြောင့် နာတာထက် ကိုတောင် ပို၍ ခံစားရ ပါတယ်လေ။
တိုက်ပွဲကို စော့င်ကြည့် နေကြတဲ့ သူတွေ အားလုံးကလည်း ပါးစပ် အဟောင်းသား ဖြစ်နေကြပါပြီ။
ဘာတွေက ဘယ်လို ဖြစ်သွားတာလဲ ...။ ရှင်းဝူဟန်က သည်လိုကြီး ရှုံးသွား ရတာလား ...။ အစောပိုင်း တုန်းကတောင် သူက စင်ပေါ်မှာ ယုံကြည်မှု အပြည့်နဲ့ ရပ်နေတာလေ။ သူက ဘယ်လိုလုပ်ပြီး သည်လောက် အမြန်ကြီး ရှုံးသွားရတာလဲ။ ရှုံးမယ်ဆိုရင် တောင်မှပဲ သိက္ခာဆယ်လို့ ရအောင် နည်းနည်း အကြိတ်အနယ်လောက်တော့ တိုက်သွား သင့်သည်လေ။
သူ့ရဲ့ ဒုတိယ ဓားကွက်က သည်လောက် ကြောက်စရာ ကောင်းတာတောင်မှ လီဖူချန်းရဲ့ ဓားကွက်ကို မယှဉ်နိုင်ဘူး တဲ့လား။
ဆောင်းဦးမိုးစက် တစ်တောင်လုံး ကတော့ အပ်ကျသံကိုတောင် ကြားရသည် အထိ တိတ်ဆိတ် သွားခဲ့ပါပြီ။
ဟောင်ယုရှန်ကလည်း သူ့ရဲ့ လည်ချောင်းထဲမှာ တစ်ခုခု ဆို့နေသည့် အလား အသံတစ်သံမှ မထွက်တော့ပါဘူး။
“အစ်ကိုဟောင် ... ညီမ မပြောခဲ့ဘူးလား ... ရှင်းဝူဟန်က လီဖူချန်းရဲ့ ပြိုင်ဘက် မဟုတ်ပါဘူးလို့”
ဖန်ကျင်းယုကတော့ ဂုဏ်ယူ ဝင့်ကြွားစွာဖြင့် ပြောလိုက်ပါတယ်။
ဟောင်ယုရှန်က ဖန်ကျင်းယုရဲ့ စကားကို ဘယ်လို ပြန်တုံ့ပြန် ရမလဲ ဆိုတာကိုတောင် ပြန်မစဉ်းစား နိုင်တော့ပါဘူးလေ။
သူက လီဖူချန်းရဲ့ အရည်အချင်းကို အသိအမှတ် ပြုလိုက်မိပါတယ်။
အမှန်အတိုင်း ပြောရရင်တော့ ဟောင်ယုရှန်က လီဖူချန်းကို သိပ်ပြီး သဘော မကျလှပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူက လီဖူချန်းကို ဘဝင်မြင့်ပြီး ကြွားလုံး ထုတ်နေသည့် လူလို့ ထင်မိသွားလို့ပါပဲ။
ဒါကြောင့်သူက ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယုတို့ကို လီဖူချန်းနဲ့ ဝေးဝေးနေဖို့ သတိပေး ခဲ့တာလေ။
ဒါပေမဲ့လည်း ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယုတို့က လီဖူချန်းဘက်မှ ကာကွယ် ပြောဆိုပြီး ထောက်ခံ နေခဲ့ဆဲပါပဲ။
အခုတော့ သူက သည်မောင်နှမ နှစ်ယောက် ဘာဖြစ်လို့ လီဖူချန်းကို သည်လောက်အထိ ယုံကြည်ထောက်ခံ နေရသလဲဆိုတဲ့ အကြောင်းအရင်းကို နားလည် လိုက်ပါပြီ။
လီဖူချန်း ဆိုတာက သူ့လို လူတန်းစားတွေ မှတ်ချက်ချခွင့် မရှိသည့် ထွဋ်ခေါင် ပါရမီရှင် အတန်းအစား ထဲက တစ်ယောက်ပင် မဟုတ်ပါလား။
ယောင်ယုရှန်က ခေါင်းကို ငုံ့ပြီးသာ နေလိုက် ရပါတော့တယ်။
သူက သည်လို ပါရမီရှင်မျိုးကိုမှ အာပေါင်အာရင်း သန်သန်ဖြင့် ဝေဖန်ပြောဆို မိခဲ့သည်လေ။ ဒါက မိုးကောင်းကင်ကြီးကို မော့ပြီး တံတွေးဖြင့် ထွေးလိုက်တာနဲ့ အတူတူပါပဲ။ အဆုံးမှာတော့ သူထွေးလိုက်သည့် တံတွေးက သူ့မျက်နှာကိုသာ ပြန်ကျလာခဲ့သည် မဟုတ်ပါလား။
တခြား တစ်ဖက်မှာတော့ ရှောင်ပိုင်က ဟောင်ယုရှန်ထက်ကို ပိုပြီး မျက်နှာပျက် နေပါသေးတယ်။
သည်လီဖူချန်းက တကယ့်ကို စိတ်အနှောင့်အယှက် ပေးနေသူပါပဲ။ ဖြစ်နိုင်မယ်ဆိုရင် ရှောင်ပိုင်က လီဖူချန်းကို အစိမ်းလိုက်ကို ဝါးစားချင် နေပါတယ်။ ဒါပေမဲ့ သူ့က လီဖူချန်းကို လက်နဲ့တောင် ထိခွင့်မရဘဲ လီဖူချန်းတစ်ယောက် အစွမ်းပြ နေတာကိုသာ ထိုင်ကြည့် နေရသည်လေ။
“တကယ့် စောက်သုံးမကျတဲ့ ကောင်ကွာ”
ရှောင်ပိုင်က စိတ်ထဲကနေ ရှင်းဝူဟန်ကို ကျိတ်ပြီး ဆဲရေးတိုင်းထွာ နေပါတယ်။ သည်ရှင်းဝူဟန်က လီဖူချန်းကို မယှဉ်နိုင်ပဲ ဘာဖြစ်လို့ အခုလို ရှေ့ထွက်လာ ရသနည်း။ အခုတော့ သူက ရှင်းဝူဟန်လို စောက်သုံးမကျတဲ့ အမှိုက်ကို ကျေးဇူးကြွေးပါ တင်သွားရပါပြီ။ သြော် ... ဒါကြောင့်လည်း ရှေးလူကြီးများက ' ကြမ်းကျွံရင် နုတ်လို့ရသည် ... စကားကျွံရင် နုတ်လို့မရဘူး 'ဟု ပြောထားသည်ပဲ။
ပင်မပွဲကြည့် စင်မြင့်ပေါ်မှာတော့ ...
ရူကျန်းချီနဲ့ ကျင်ခ့ါရှီတို့က တစ်ယောက်ကိုယ် တစ်ယောက် ကြည့်မိလိုက် ကြပါတယ်။
ရူကျန်းချီရဲ့ မျက်နှာက မှောင်မည်းပြီး ညိုပုပ်ပုပ် ဖြစ်နေသလို ကျင်ခ့ရှီရဲ့ မျက်နှာထား ကလည်း နီရဲနေပြီး ရှက်အမ်းအမ်း ဖြစ်နေသည်လေ။
“သည်တစ်ခေါက် ဆောင်းဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်က ဘာတွေ ဖြစ်နေတာလဲ ...။ ငါက လီဖူချန်းအပေါ် ကောက်ချက်ချတာ စောသွားတာလား ...”
ကျင်ခ့ါရှီက အစောပိုင်းတုန်းက သူမရဲ့ လီဖူချန်းအပေါ် ထင်မြင် ယူဆချက်တွေကို သံသယ ပြန်ဝင်လာမိပါတယ်။
“ဟူး ...“
သက်ပြင်းရှည်ကြီး တစ်ချက် ချအပြီးမှာတော့ ကျင်ခ့ါရှီက လီဖူချန်းအပေါ်ကို ဘာမှ ထပ်ပြီး မဝေဖန်တော့ဘူးလို့ ဆုံးဖြတ် လိုက်ပါပြီ။ သူမက ဝေဖန်နေမယ့် အစား လီဖူချန်း တစ်ယောက် ဘယ်လောက်အထိ အစွမ်း ပြနိုင်မလဲ ဆိုတာကိုသာ စောင့်ကြည့်ဖို့ ဆုံးဖြတ် လိုက်ပါတော့တယ်။
“ဒါက တကယ် စိတ်ပျက် စရာပဲကွာ။ ငါ သိုင်းစင်မြင့်ပေါ်မှာ ရပ်နေတဲ့ သည်ကောင့်ရဲ့ မျက်နှာပေးကို လုံးဝ ကြည့်မရတော့ဘူး။ သူ့ကို နိုင်တဲ့လူ မရှိတော့ဘူးလားဟ။ ထွက်ပြီးတော့ သည်ဆောင့်ကြွားကြွား ကောင်ကို ဆုံးမပေး ကြပါဦးဟ”
“မင်းမေကြီးတော်မလို့ စင်ပေါ်တက်ပြီး ဆုံးမ ရမှာလား ...။ မင်းလည်း ရွှေအဆင့် တိုက်ရိုက်တပည့် တစ်ယောက် မဟုတ်ဘူးလား ...။ မင်းတက်ပြီး သွားချပါလား ...။ ရှင်းဝူဟန်တောင် မနိုင်တာကို ဘယ်သူက သောက်ရှက် အကွဲခံပြီး သိုင်းစင်မြင့်ပေါ်ကို တက်မှာတုံး ...”
လူတိုင်းက လီဖူချန်းကို ကြည့်မရပါဘူး။ စင်ပေါ်တက်ပြီး လီဖူချန်းကို သွားချရအောင် ကလည်း မဖြစ်နိုင်ဘူး ဆိုတာကို သူတို့က ကောင်းကောင်းကြီး သိနေပါတယ်။ ဒါကြောင့် ဘယ်သူမှတော့ သိုင်းစင်မြင့်ပေါ်ကို အရှက်အကွဲ ခံပြီး တက်မလာ ကြတော့ပါဘူး။ လီဖူချန်းကိုတော့ ကျားနဂါး စာရင်းဝင်တွေမှသာ အနိုင်ယူနိုင်မှာပါ။
သိုင်းစင်မြင့်ပေါ် မှာတော့ ရှင်းဝူဟန်က ကြောင်အအ ဖြစ်နေပါပြီ။ သူက လီဖူချန်းကို အရှက်ကွဲခံပြီး ဆက်တိုက် ရမည်လား ဒါမှမဟုတ် အရှုံးပေးပြီး စင်ပေါ်ကနေ ဆင်းသွား ရမည်လား ဆိုတာကို ဝေခွဲ မရတော့ပါဘူး။
သူက စွမ်းအား အပြည့်ဆုံး ရှိနေတဲ့ အချိန်မှာတောင် လီဖူချန်းကို မနိုင်ခဲ့ဘူးလေ။ အခုတော့ ဒဏ်ရာတွေ ရထားသည့်အပြင် သူ့ရဲ့ စွမ်းအားကလည်း ၂၀ရာခိုင်နှုန်း ဒါမှမဟုတ် ၃၀ရာခိုင်နှုန်း လောက်သာ ကျန်ပါတော့တယ်။ သည်စွမ်းအားလောက်နဲ့ လီဖူချန်းကို သွားတိုက်ရင်တော့ ကိုယ့်သေတွင်း ကိုယ်တူးတာနှင့် အတူတူပင် မဟုတ်ပါလား။
“မင်းငါ့ကို ဒူးထောက်ပြီး သနားညှာတာဖို့ တောင်းပန် ခိုင်းမယ်ဆို ...။ အခုမင်း ဘာလုပ်တာလဲ ...။ ငါမင်းကို ဒူးထောက်ဖို့ စောင့်နေတယ်လေ ... ။ သည်ကို အမြန်လာပြီး ငါဒူးထောက်အောင် လုပ်လိုက်စမ်းပါ”
လီဖူချန်းက စူးရှတဲ့ မျက်လုံးအစုံနဲ့ ရှင်းဝူဟန်ကို စိုက်ကြည့်ပြီး ပြန်လည် လှောင်ပြောင် လိုက်ပါတယ်။
ရှင်းဝူဟန်က ရှက်နေသော်လည်း သူ့သိက္ခာကို အတတ်နိုင်ဆုံး ပြန်ဆယ်ဖို့ အတွက် ကြိုးစား လိုက်ပါသေးတယ်။
“လီဖူချန်း မင်းငါ့ကို သည်လောက်အထိ လှောင်ပြောင်နေစရာ မလိုဘူးကွ။ အစောပိုင်းတုန်းက ငါနည်းနည်း သတိလက်လွတ် ဖြစ်သွားလို့သာ မင်းငါ့ကို နိုင်သွားတာ”
“သတိလက်လွတ် ဖြစ်တယ် ဟုတ်လား ...။ မင်းရဲ့ အကြောင်းပြချက်က ကောင်းလှချည်လား ... ။ အစောပိုင်းတုန်းက ငါ့ရဲ့ တန်ပြန် ဓားကွက်က မင်းကို သုံးကြိမ်တိတိ သတ်လို့ရတယ် ဆိုတာကိုကော မင်းသိရဲ့လား ...။ ငါက ဆောင်းဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်ရဲ့ စည်းမျဉ်းကြောင့် မင်းကို ညှာတာ ပေးလိုက်တာ ...”
ရှင်းဝူဟန်က မျက်နှာကြီး နီနေပြီး ဘာပြောလို့ ပြောရမှန်းတောင် မသိတော့ပါဘူး။ လီဖူချန်း ပြောလိုက်တဲ့ စကားလုံးတွေက မှန်နေသည် မဟုတ်ပါလား ...”
“လီဖူချန်း ... မင်းက နည်းနည်းတော့ မလွန်လွန်ဘူးလား ...။ မင်းက ရှင်းဝူဟန်ကို နိုင်နေပြီပဲလေ။ ဘာဖြစ်လို့ သူ့သိက္ခာတွေကို အဆုံးစွန်အထိ ချနင်းချင် ရတာလဲ ... ။ ဒါက သိုင်းပညာရှင်ကောင်း တစ်ယောက်ရဲ့ အမူအကျင့် မဟုတ်ဘူး။ မင်းရဲ့ သည်အမူအကျင့်ကို ကြည့်လိုက်တာနဲ့ မင်းက သိုင်းတာအို လမ်းစဉ်ကို ဖြစ်မြောက်အောင် လျှောက်လှမ်း နိုင်မယ့်သူ မဟုတ်ဘူး ဆိုတာကို ငါရဲရဲကြီး အာမခံတယ်”
ပွဲကြည့်စင် တစ်ခုရဲ့ ဒုတိယ ထပ်မှာတော့ လူငယ် တစ်ယောက်က လီဖူချန်းကို စိုက်ကြည့် နေပါတယ်။ ထိုသူက မာနကြီးဟန် တူပြီး သူ့ကိုယ်သူ ယုံကြည်စိတ်ချမှု အပြည့် ရှိနေပုံပါပဲ။
“မင်းက ဘယ်သူလဲ ...”လီဖူချန်းက ထိုလူငယ်ကို စိုက်ကြည့်ပြီး မေးလိုက်ပါတယ်။
လူငယ်က ပြုံးလိုက်ပြီး ...
“လျိုကျင်းယွန်”
“ဟေး ... အဲဒါ လျိုကျင်းယွန်ကွ။ နောက်ဆုံးတော့ လီဖူချန်းဆိုတဲ့ ဆောင့်ကြွားကြွား ငနဲကို ဆုံးမမယ့်သူ ပေါ်လာပြီပဲ”
“သည်လျိုကျင်းယွန်က ချောင်းစွယ် တိမ်တိုက် ဓားဂိုဏ်းရဲ့ လက်ရွေးစင် တပည့် တစ်ယောက်ကွ။ သူ့ရဲ့ ကျင့်ကြံမှု အဆင့်က မြေကမ္ဘာနယ်ပယ် အဆင့်၈ကို ရောက်နေပြီ။ လီဖူချန်းကို အနိုင်ယူဖို့ ဆိုတာက လျိုကျင်းယွန် အတွက်တော့ ငှက်ပျောသီး ခွာစားသလို လွယ်လွယ်လေးပဲကွ”
လူတွေ အားလုံးကတော့ တစ်ဖန်ထပ်ပြီး စိတ်အားတက်ကြွ လာကြပါပြီ။ အရှေ့ယူနီကွန်း တိုက်ကြီးမှာက ဂိုဏ်းတွေက မှိုတွေလို ပေါများ လှပါတယ်။ လူတိုင်းက ဂိုဏ်းတိုင်းရဲ့ ရွှေအဆင့် တိုက်ရိုက်တပည့် တွေကိုတော့ မသိနိုင်ပေမဲ့ တကယ့် ထိတ်ထိတ်ကြဲ လက်ရွေးစင် တပည့်တွေရဲ့ နာမည်တွေကိုတော့ သိထားကြပါတယ်။
ဥပမာအားဖြင့် ပြောရမယ် ဆိုရင်တော့ မိုးပြာရောင်ဂိုဏ်းရဲ့ ဓားအရူး သူတော်နဲ့ ကျားဓားရှင်ပေါ့။ သူတို့နှစ်ယောက် စလုံးကိုတော့ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးက ရွှေအဆင့် တိုက်ရိုက် တပည့်တွေက သိကြပါတယ်။
“လျိုကျင်းယွန် ... အေး ဟုတ်ပြီ။ မင်းက ငါနဲ့ တိုက်ချင်တာလား ... ရတယ်လေ။ လာခဲ့လိုက် ...”
လီဖူချန်းကလည်း လျိုကျင်းယွန်ရဲ့ အကြောင်းတွေကို ကြားဖူးပါတယ်။ သူက ချောင်းစွယ် တိမ်တိုက်ဂိုဏ်းရဲ့ ဒုတိယမြောက် အတော်ဆုံး တိုက်ရိုက် တပည့်ပါ။ သူ့ရဲ့ အဆင့်အတန်းက မိုးပြာရောင် ဂိုဏ်းရဲ့ ကျားဓားရှင်နဲ့ အတူတူပါပဲ။ လျိုကျင်းယွန်က ခံစားချက်မဲ့ဓား ရှုဖန်းထက်တောင် အဆင့်မြင့် ပါသေးတယ်။
တိတိကျကျ ပြောရမယ် ဆိုရင်တော့ ခံစားချက်မဲ့ဓားက လျိုကျင်းယွန်ကို မယှဉ်နိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ခံစားချက်မဲ့ဓား ရှုဖန်းက ဓားအရူးသူတော်၊ ကျားဓားရှင်တို့နဲ့ တစ်တန်းစား တည်းပါပဲ။ သူ့ရဲ့ ပါရမီနဲ့ အလားအလာက ထိုနှစ်ယောက်နဲ့ ယှဉ်ရင် ဘယ်လိုမှ နိမ့်ကျ မနေပါဘူး။
ရှုဖန်းရဲ့ အဓိက လိုအပ်ချက်ကတော့ ကျင့်ကြံမှု အဆင့်အတန်း နိမ့်နေတာပါ။ ဓားအရူး သူတော်နဲ့ ကျားဓားရှင်တို့က ကြယ်တာရာ လမ်းမ လျှို့ဝှက် နယ်မြေကို ဝင်ပြီးချိန်မှာ ရှုဖန်းကတော့ မဝင်ရသေးပါဘူး။
တကယ်လို့ ရှုဖန်းသာ ကြယ်တာရာ လမ်းမ လျှို့ဝှက် နယ်မြေထဲကို ဝင်ပြီးရင်တော့ မြေကမ္ဘာနယ်ပယ် အဆင့်၆ကနေ အဆင့်၈ လောက်ကို ရောက်သွားမှာပါ။
အဲသည်အချိန် ဆိုရင်တော့ လျိုကျင်းယွန်ကို ခံစားချက်မဲ့ဓား ရှုဖန်းက အနိုင်ယူ နိုင်လောက်ပါတယ်။
***