ပိုင်းဖြတ်၍ ပြောင်းလဲခြင်း
Vol. 33 Ch. 458
“ခွေးသူတောင်းစား”
ယွီရို့ယီ သေသွားသည်နှင့် လျို့မိသားစုတစ်စုလုံး ထိတ်လန့်သွား၏။ အနက်ရောင်ခေါင်းတလားများ တဂျိန်းဂျိန်း ပွင့်လာကြပြီး အားကောင်းသန်မာသော အရိပ်တစ်ခုပြီးတစ်ခု ခုန်ထွက်လာကြသည်။
တချို့ခေါင်းတလားများအထဲတွင်မူ မည်သူမျှ မရှိပေ။ ကြောက်မက်ဖွယ်ရာ အားလှိုင်းများသာ ဖြာထွက်လာပြီး ကောင်းကင်အလင်းတန်းများ တောက်ပလာ၏။ အဆင့်မြင့်သိုင်းပညာရှင်များ လူလုံးထွက်မပြသေးသည့်တိုင် အမှန်တကယ် အံ့အားသင့်ဖွယ်ကောင်းနေသေးသည်။
လျို့မိသားစု၏အင်အားကို အတိအကျမသိရသော်လည်း အနောက်ကမ္ဘာမြေ၏ ဩဇာအရှိဆုံးမိသားစုဆယ်စုထဲမှ တစ်စုဖြစ်သည့်အလျောက် ပေါ့ပေါ့သေးသေးတော့ မဟုတ်ပေ။
နတ်သင်္ချိုင်းကုန်းက လျို့မိသားစု၏ အထွတ်အမြတ်မြေဖြစ်ချေရာ ယွီရို့ယီ၏ သေဆုံးမှုက လျို့မိသားစုတွင် တာဝန်ရှိသွားသည်။ ထို့အပြင် အစစ်အမှန်ကောင်းကင်နန်းတော်၏ အဆင့်မြင့်သိုင်းသမားတစ်ယောက် ဖြစ်သည့်အတွက် အစစ်အမှန်ကောင်းကင်နန်းတော်အနေဖြင့် သူတို့အပေါ် အမျက်ရှနိုင်၏။
ဝှစ် ဝှစ် ဝှစ်
အရိပ်များ ချင်မူ့ကို ဝန်းရံလိုက်ကြသည့်အခါ လေအငွေ့အသက်က တမုဟုတ်ချင်း အေးစက်လာသည်။ အလိပ်လိပ်ထနေသည့် အလောင်းကောင်အခိုးအငွေ့များကြားတွင် သူတို့၏မျက်နှာများအား ရှင်းရှင်းလင်းလင်း မမြင်ရရာ လူလား၊ သရဲလား မသဲကွဲပေ။
အရိပ်တစ်ခုက လူငယ်လေးကို စုတ်ဖြဲပစ်တော့မည့်အချိန် ရှုန်းချီအာ၏ လက်ထဲရှိ နဂါးစိမ်းပုတီးစေ့ကို မြင်လိုက်၍ ရှေ့ဆက်တိုးမလာရဲတော့ဘဲ ရပ်သွားသည်။
“အားလုံး ရပ်လိုက်ကြ” လျို့ရိုယင်းက ပျာယာခတ်နေသော အမူအရာဖြင့် အမိန့်ပေးလိုက်သည်။ “အားလုံး မလှုပ်နဲ့”
သူမ ချင်မူ့ကို လှည့်ကြည့်လိုက်သည့်အခါ သူက မည်သည့်ကိစ္စမှ မဖြစ်ပျက်ခဲ့သည့်အလား ကျောက်စိမ်းမျက်လုံးကြီးတစ်လုံးကို ထောင်ကျယ်အိတ်ထဲ ထိုးထည့်နေကြောင်း တွေ့လိုက်ရသည်။
သူမသမီးက လက်ခုပ်လက်ဝါးတီးလျက် ပျော်ရွှင်နေပြီး ချင်မူ့ကို ထပ်လုပ်ပြခိုင်းနေသည်။
လျို့ရိုယင်း ခေါင်းကိုက်လာ၏။ ဘေးရှိ ယွီရိုယီ၏ ကိုယ်နှစ်ပိုင်းကို ကြည့်လျှင် ပို၍ပင် ခေါင်းကိုက်လာမိသည်။
သူမ၏မူလရည်ရွယ်ချက်က ချင်မူနှင့် လျို့ရိုယင်းကို တွေ့ပေးရုံသာ ဖြစ်သည်။ သူတို့နှစ်ယောက် ပြေအေးသည်ဖြစ်စေ၊ တိုက်ခိုက်သည်ဖြစ်စေ လျို့မိသားစု၏အပြင်တွင်သာ လုပ်ရမည်။ သူမတာဝန်က ယွီရိုယွီ လူငယ်လေးကို မသတ်အောင် သတိထားပေးရန်သာ ဖြစ်၏။ အရပ်ခြောက်မျက်နှာအဆင့် ကောင်းကင်နတ်သိုင်းပညာရှင်တစ်ဦးသာ ဖြစ်သော ချင်မူ့ကိုတော့ ထည့်တွက်စရာမလိုပေ။
ထိုသို့ထင်ခဲ့ပါသော်လည်း ယခုလို ဖြစ်သွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ယွီရိုယီမှာ ဝင်လာလျှင်ချင်း ဤခွေးသူတောင်းစားလေးချင်မူကြောင့် နှစ်ပိုင်းပြတ်သွားခဲ့သော်လည်း တရားခံက မည်သည့်ကိစ္စမှ မဖြစ်ပျက်ခဲ့သည့်အလား ပြုမူနေသည်။ အမှန်တကယ် မုန်းချင်စရာကောင်းလှ၏။
ယွီရိုယီကို ခုတ်ခုတ်၊ ထစ်ထစ် ကိစ္စမရှိ။ ပြဿနာက အခင်းဖြစ်ရာနေရာမှာ နတ်သင်္ချိုင်းကုန်းဖြစ်နေခြင်းပင်။ အစစ်အမှန်ကောင်းကင်နန်းတော်သာ လျို့မိသားစုကို သစ္စာဖောက်ဟု စွဲချက်တင်ကာ အပြစ်ပေးလျှင် မည်သို့လုပ်ရမည်နည်း။
‘ဒါပေမဲ့ ဒီခွေးသူတောင်းစားချင်ကို အစစ်အမှန်ကောင်းကင်နန်းတော်ဆီ ပို့ပေးနိုင်ရင် ငါတို့အပြစ်လွတ်နိုင်သေးတယ်’ လျို့ယွီယင်း မျက်တောင်ပုတ်ခတ်လိုက်မိသည်။ ‘ဒါပေမဲ့ နဂါးစိမ်းပုတီးစေ့က မင်းသမီးလေးရဲ့ လက်ထဲမှာဆိုတော့ ဒုက္ခပဲ..’
ထိုအချိန်တွင် မွှေးကြိုင်ချိုအီသော မွှေးရနံ့များနှင့်အတူ အစစ်အမှန်ကောင်းကင်နန်းတော်၏ ကျန်မိန်းကလေးများ ပျံသန်းရောက်ရှိလာကြသည်။ ယွီရိုယီ၏ နှစ်ပိုင်းပြတ်အလောင်းကို မြင်လျှင် သူတို့အားလုံး ဒေါသထွက်သွားကြပြီး မာမာထန်ထန် အော်လိုက်ကြ၏။ “လျို့ရိုယင်း၊ ဒါ ဘာသဘောလဲ”
လျို့ရိုယင်းမှာ ပို၍ပင် ခေါင်းကိုက်လာတော့သည်။ “တရားခံက အလယ်ကမ္ဘာမြေက ဂိုဏ်းသခင်ချင်ပါ။ ငါတို့လျို့မိသားစုနဲ့ မပတ်သက်ဘူး..”
မိန်းကလေးများက သူမကို အပြစ်တင်ကြိမ်းမောင်းသည်။ “နင်တို့လျို့မိသားစုနဲ့ မပတ်သက်ဘူးဟုတ်လား။ လျို့ရိုယင်း၊ နင်ကတော့ လွယ်လွယ်ပြောလိုက်တာပဲ၊ သေသွားတဲ့တစ်ယောက်က ငါတို့အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ အကြီးအကဲဟဲ့။ နင်တို့လျို့မိသားစု ခေါင်းရှောင်လို့ရမယ်မထင်နဲ့”
တစ်ယောက်က ရန်လိုခက်ထန်သောအမူအရာဖြင့် ရှေ့တက်လာ၏။ “ခေါင်းဆောင်လျို့၊ နင်တို့လျို့မိသားစု အသက်ရှင်ချင်သေးရင် ချင်မျိုးရိုးကို မြန်မြန် ဖမ်းပြီး အစစ်အမှန်ကောင်းကင်နန်းတော်လက်ထဲ အပ်ပါ။ နန်းဆောင်သခင်မအနေနဲ့ နင်တို့ဘိုးဘေးတွေကို ထောက်ထားပြီး သက်ညှာပေးလိမ့်မယ်။ မဟုတ်လို့ကတော့ လျို့မိသားစုတစ်စုလုံး တစ်ယောက်မကျန် သုတ်သင်ခံရမယ်သာမှတ်။ အနောက်ကမ္ဘာမြေရဲ့ သမိုင်းမှတ်တမ်းမှာတောင် မကျန်ခဲ့စေရဘူး”
လျို့ရိုယင်း အံကြိတ်မိလိုက်သည့်အချိန်တွင် ချင်မူ့အသံက သူမနားထဲ ရောက်လာသည်။ အသံက သိချင်စိတ်များပြည့်နေသံ ပေါက်နေ၏။ “မမရို့ယင်း၊ အစစ်အမှန်ကောင်းကင်နန်းတော်က ယွီရိုယီပဲ လာမှာလို့ ပြောခဲ့တာမဟုတ်ဘူးလား။ ကျွန်တော်က သူတစ်ယောက်တည်း ထင်နေတာ။ ဒီမမကြီးတွေက ဘယ်သူတွေလဲဗျ”
လျို့ရိုယင်းက သူ့ကို အစိမ်းလိုက်ဝါးစားတော့မည့်အလား ကြည့်ပြီး ပြောလိုက်၏။ “ယွီရိုယီ ရောက်လာတယ် ပြောခဲ့ပေမယ့် တစ်ယောက်တည်းလို့ ပြောခဲ့လို့လား။ အစစ်အမှန်ကောင်းကင်နန်းတော်က မမကြီးတွေလည်း ပါတယ်လို့ ကျွန်မ မပြောခဲ့ဘူးလား”
ချင်မူ သဘောပေါက်သွား၍ ပြုံးလိုက်မိသည်။ “စိတ်မရှိပါနဲ့ဗျာ၊ ကျွန်တော်က မမကြီးတစ်ယောက်လောက် သတ်လိုက်ရင် လုံလောက်ပြီ ထင်နေတာ”
လျို့ရိုယင်းမှာ ထောင်းခနဲ ဒေါသထွက်သွားသဖြင့် အေးစက်စက် ပြောလိုက်၏။ “ဂိုဏ်းသခင်ချင်၊ အခု ရှင် အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ အကြီးအကဲကို သတ်လိုက်လို့ ကျွန်မတို့လျို့မိသားစုနဲ့ အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ ခင်မင်မှု ပျက်စီးသွားပြီ။ လာပါဦး ကျွန်မကို သင်ပေးစမ်းပါဦး။ ကျွန်မ ဘယ်လိုလုပ်သင့်လဲ”
ချင်မူက ထလာပြီး သူမကို ပြုံးပြ၏။ “မမရိုယင်း၊ ကျွန်တော် ဟယ့်မိသားစုကနေ စောစောကပဲ ပြန်လာတာပါ။ မမရီရီက လောလောဆယ် အာဏာပိုင်မိသားစုတွေကို စုစည်းပြီး အစစ်အမှန်ကောင်းကင်နန်းတော်သခင်မကို နန်းချဖို့ စီစဉ်နေတယ်။ လက်ရှိအစစ်အမှန်ကောင်းကင်နန်းတော်သခင်မက ပုန်ကန်ပြီးမှ နန်းတက်နိုင်ခဲ့တာမဟုတ်လား။ သူ့လုပ်ရပ်တွေက မမှန်ကန်တော့ ကောင်းကင်ဘုံနဲ့ တိုင်းသူပြည်သားတွေ ဒေါသထွက်နေကြတယ်
“ယွီမိသားစု အင်အားကြီးလာတာနဲ့အမျှ မမကြီးတို့ လျို့မိသားစုကလည်း သူတို့စားပွဲပေါ်က ‘ဟင်းခွက်’လေးတစ်ခွက်ပဲ ဖြစ်လာလိမ့်မယ်။ ယွီရိုယီနဲ့ ဒီမမကြီးတွေကတောင် လျို့မိသားစုတစ်စုလုံးကို ခြယ်လှယ်နေနိုင်တာ။ ယွီမိသားစုတစ်စုလုံးဆို မကြောက်ရဘူးလား။ ရှုန်းမိသားစုကိုတောင် သားအမိနှစ်ယောက်ထဲ ကျန်အောင် အကောက်ကြံသုတ်သင်ပစ်နိုင်တဲ့ ယွီမိသားစုနဲ့ ပတ်သက်ပြီး မမကြီးတို့ စိတ်မပူမိဘူးလား”
လျို့ရိုယင်း တုန်လှုပ်သွား၏။ ချင်မူ့စကားက ယုတ္တိရှိချေသည်။ ယွီရိုယီလည်း လျို့မိသားစု၏မြေတွင် သေသွားခဲ့ပြီဖြစ်ရာ အစစ်အမှန်ကောင်းကင်နန်းတော်က လွယ်လွယ်အလွှတ်ပေးမည်မဟုတ်ပေ။ လျို့မိသားစုအနေဖြင့် သုတ်သင်မခံရလျှင်ပင် မြောက်များစွာသော ရတနာများအား အစစ်အမှန်ကောင်းကင်နန်းတော်ထံ ဆက်သရလိမ့်မည်။
ထို့အပြင် လျို့မိသားစုအတွက် ရတနာဆိုသည်မှာ အလောင်းများပင် ဖြစ်၏။
သို့သော် ထိုခွေးသူတောင်းစားချင်မူကိုလည်း ယုံစားမရပေ။ သူက ရည်ရွယ်ချက်ရှိရှိဖြင့် လျို့မိသားစုကို သူနှင့်အတူ ချောက်ထဲဆွဲချပြီး အစစ်အမှန်ကောင်းကင်နန်းတော်အား တိုက်ခိုက်စေချင်နေသည်။ သို့ရာတွင် ဟယ့်ရီရီက အာဏာပိုင်မိသားစုများကို စည်းရုံး၍ ဆွေးနွေးနေသည်ဆိုသော စကားက လျို့ရိုယင်း၏နှလုံးသားအား လှုပ်ရှားသွားစေခဲ့၏။
ယွီမိသားစုက မည်သူ့ကိုမှ ထောက်ထားညှာတာခြင်းမရှိသည့်အပြင် ရှုန်းမိသားစုကိုလည်း ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့သည်။
နန်းဆောင်သခင်မနေရာကို အမြဲသိမ်းပိုက်ထားခဲ့သော ရှုန်းမိသားစုအပေါ် မနာလိုမှုများ ရှိခဲ့ကြသော်လည်း ရှုန်းမိသားစုသည် တရားမျှတစွာ အုပ်ချုပ်ခဲ့၏။
ယွီမိသားစုကတော့ မတူပေ။ ရှုန်းမိသားစုတွင် မိသားစုဝင်တစ်သန်းရှိ၍ အင်အားတောင့်တင်းသော်လည်း ယွီမိသားစုက အားလုံးနီးပါး ကွပ်မျက်ပစ်ခဲ့သည်။ ရှုန်းရှီယွီနှင့် မင်းသမီးလေးသာ အနောက်ကမ္ဘာမြေမှ ထွက်သွားနိုင်ခဲ့သည့်အတွက် သေကံမရောက် သက်မပျောက်ခဲ့ပေ။ သူတို့နှစ်ယောက်မှလွဲ၍ ရှုန်းမိသားစုဝင်တစ်ယောက်မှ မကျန်ခဲ့ပေ။
ဤသည်ကား ရက်စက်သည်ထက်ပင် ပို၏။
‘ငါတို့ ယွီမိသားစုကို တွန်းလှန်နိုင်ခဲ့ရင်...’
လျို့ရိုယင်းမှာ ချင်မူ့ကို ကြည့်ကာ တွန့်ဆုတ်နေမိသည်။ လျို့မိသားစု၏ သိုင်းသမားတချို့က ဒေါသထွက်နေကြသော်လည်း ချင်မူ့အဆိုပြုချက်ကို တွေးနေကြသူများလည်း ရှိကြသည်။
ချင်မူက ပြုံးလျက် ပြောလိုက်သည်။ “မမရိုယင်း၊ ရှုန်းမိသားစုမှာ မုဆိုးမတစ်ယောက်နဲ့ ဖတဆိုးလေးတစ်ယောက်ပဲ ကျန်ခဲ့တာပါ။ ရှုန်းရှီယွီအနေနဲ့ နန်းဆောင်သခင်မနေရာကို ပြန်သိမ်းပိုက်နိုင်ခဲ့ရင်တောင် သူတို့နှစ်ယောက်တည်းနဲ့ အနောက်ကမ္ဘာမြေကို ဘယ်လိုအုပ်ချုပ်နိုင်မှာလဲ။ မမကြီးတို့လို အာဏာပိုင်မိသားစုတွေကနေ အကူအညီယူရမှာ မဟုတ်ဘူးလား
“ယွီမိသားစုသာ အစစ်အမှန်ကောင်းကင်နန်းတော်ကို ဆက်သိမ်းပိုက်ထားနိုင်ရင် အုပ်ချုပ်ရေးမှာ မမကြီးတို့ ဝင်စွက်ဖက်လို့မရဘူး။ ဒါပေမဲ့ ရှုန်းမိသားစု ထီးနန်းပြန်ရတဲ့နေ့က အာဏာပိုင်မိသားစုအားလုံး အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာမယ့်နေ့ပဲ”
လျို့ရိုယွင်းက ဆုံးဖြတ်ချက်ချပြီး ချင်မူ့ဘေးရှိ ကလေးမလေးကို ကြည့်လိုက်သည်။ “သမီးလေး၊ သမီးလေးရဲ့ အမြင်ကရော”
ကလေးမလေးက ပြုံးရွှင်စွာဖြင့် ပြော၏။ “မေမေ ဆုံးဖြတ်ပြီးသွားပြီမဟုတ်လား။ သမီးကို ဘာလို့ မေးနေသေးတာလဲ။ မေမေ ဆုံးဖြတ်လို့ရပါတယ်”
ချင်မူ ရှုန်းချီအာနှင့် ရွယ်တူလောက်ရှိသော ကလေးမလေးကို ကြည့်ကာ အလွန်အံ့အားသင့်သွားသည်။ သူ ရှုန်းချီအာကို ကပျာကယာ ပွေ့ပြီး ခပ်ဝေးဝေးသို့ ဆုတ်လိုက်၏။
ကလေးမလေးသည် သေချာပေါက် သာမန်မဟုတ်ပေ။ လျို့ရိုယင်းက လျို့မိသားစု၏အကြီးအကဲများနှင့် ကောင်းကင်အလင်းတန်းများ ထုတ်လွှတ်နေသော ခေါင်းတလားများကို မမေးဘဲ ကလေးမလေး၏အတွေးကို မေးသည်။ ဤအခြင်းအရာမှတစ်ဆင့် ကလေးမလေးသည် ဉာဏ်နီဉာဏ်နက်များပြီး လျို့မိသားစုကို ကိုင်တွယ်ထားသူဖြစ်ကြောင်း သိသာသည်။
သူမက သူ့ကို ချိုသာစွာ ပြုံးပြလိုက်၏။ “ယွီမိသားစုကို ပုန်ကန်ရင်ကောင်းမလား၊ မပုန်ကန်ဘဲ နေရမလား ညီမလေး ဆုံးဖြတ်ရခက်နေတာ။ ဂိုဏ်းသခင်ကြောင့် ရှင်းလင်းသွားပါပြီ”
လျို့ရိုယင်းက အစစ်အမှန်ကောင်းကင်နန်းတော်၏ အမျိုးသမီးများကို ကြည့်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “အစ်မတော်တို့၊ စိတ်မပူပါနဲ့။ အစ်မတော်တို့အားလုံး သေသွားရင် ကျွန်မ ဝိညာဉ်ထည့်ပေးပါ့မယ်။ နိုးလာမယ့်သူတွေက အစ်မတော်တို့ မဟုတ်တော့မှာ တစ်ခုပဲ။ အားလုံး အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ အစ်မတော်တွေကို သေရွာပို့ပေးလိုက်ကြတော့”
အစစ်အမှန်ကောင်းကင်နန်းတော်၏ အမျိုးသမီးများ ဆဲဆိုပြီး ပြန်တိုက်ခိုက်ကြသော်လည်း နတ်သင်္ချိုင်းကုန်းတွင် လျို့မိသားစုကို အနိုင်ယူရန် ခက်လေသည်။ အစစ်အမှန်ကောင်းကင်နန်းတော်၏ အကြီးအကဲတစ်ယောက်က ရွှေရောင်နတ်ဘုရားခေါင်းတလားကြီးကို ဖွင့်၍ အထဲရှိ အလောင်းကောင်အား လွှတ်ပေးရန် ကြိုးစားသော်လည်း အင်းစာရွက်တစ်ရွက်ကို ခွာလိုက်သည်နှင့် ခေါင်းတလားတစ်ခုမှ ကောင်းကင်အလင်းတန်းများ ဖြာထွက်လာကာ သူမ၏ဒွါရပေါက်များထဲ ဝင်သွားသည်။ သူမ၏မူလဝိညာဉ်မှာ တမုဟုတ်ချင်း အရည်ပျော်သွားပြီး အလောင်းသာ ကျန်ခဲ့တော့၏။
ချင်မူ ကြက်သီးတဖြန်းဖြန်း ထသွားမိသည်။
လျို့မိသားစု၏အစွမ်းအစများက အတိုင်းထက်အလွန် ကြောက်စရာကောင်း၏။ ရှုန်းချီအာ နဂါးစိမ်းပုတီးစေ့ကို ပိုက်ထားခြင်းကြောင့်သာ မဟုတ်လျှင် သူတို့ကို ဖိနှိပ်ရခက်လိမ့်မည်။
ချင်မူ ပို၍ပင်ကြောက်မိသည်မှာ အန္တရာယ်မရှိပုံရသည့် ကလေးမလေးပင် ဖြစ်သည်။ လျို့ရိုယင်း သူမကို သူနှင့်အတူ နေခိုင်းခဲ့ခြင်းမှာ မထူးဆန်းသယောင် ထင်ရခဲ့သော်လည်း အမှန်တွင် အကြံအစည်တစ်ခု ဖြစ်၏။ ကလေးမလေးသာ အငိုက်ဖမ်းတိုက်ခိုက်လိုက်လျှင် ချင်မူနှင့် ရှုန်းချီအာတို့ မည်သည့်နေရာမှ အသက်ထွက်သွားမှန်းပင် သိလိုက်မည်မဟုတ်ပေ။
လျို့ရိုယင်း ခေါင်းဆောင်ခုံတွင် ထိုင်နိုင်သည့် အကြောင်းရင်းက ကလေးမလေးနှင့် ပတ်သက်နေလောက်သည်။
ချင်မူက ပြုံးလိုက်ပြီး သူမကို မေးလိုက်သည်။ “ညီမလေး၊ နင့်နာမည် ဘယ်လိုခေါ်လဲ”
ကလေးမလေးက ခေါင်းမော့လာပြီး သူ့ကို ဖော်ရွေစွာ ပြုံးပြ၏။ “ဂိုဏ်းသခင်ချင်၊ ညီမလေးနာမည်က လျို့ကျန့်ချင်းပါ”
“လျို့ကျန့်ချင်းတဲ့လား”
ချင်မူ ခေါင်းညိတ်လိုက်သည်။ ကလေးမလေး၏ ဖြူစင်သောအပြုံးက သူ၏ ရိုးသားသောအပြုံးနှင့် ပြိုင်နိုင်သည်။ အပြုံးနှစ်ခုလုံးက ရန်သူကို သတိလက်လွတ် ဖြစ်စေနိုင်၏။ မြွေမြွေချင်း ခြေမြင်ဆိုသည့်အတိုင်း လျို့ကျန့်ချင်းအား ရန်မစသင့်ကြောင်း ချင်မူ သိသည်။
‘အနောက်ကမ္ဘာမြေရဲ့ ကလေးမလေးတွေကို လျှော့တွက်လို့မရဘူး’
တခဏကြာသော် အစစ်အမှန်ကောင်းကင်နန်းတော်မှ အမျိုးသမီးများကို လျို့မိသားစု၏ သိုင်းပညာရှင်များ သတ်ဖြတ်ပြီးသွား၍ ချင်မူက လျို့ကျန့်ချင်းနှင့် ရှုန်းချီအာကို ခေါ်သွားသည်။ လျို့မိသားစု၏ အကြီးအကဲတစ်ယောက် အမြစ်တစ်မြစ်ကို ထုတ်ပြီး အစစ်အမှန်ကောင်းကင်နန်းတော်မှ သိုင်းသမားများ၏ အလောင်းအပေါ် ပုတ်လိုက်သည်ကို သူ မြင်လိုက်ရ၏။ ရုတ်တရက် အလောင်းကောင်များ ထလာသည်။
၎င်းက ဝိညာဉ်နှိုးပေးသော လျို့မိသားစု၏ အစီအရင်ဖြစ်သည်။ ချင်မူ ကျင့်ကြံခဲ့သော ဝိညာဉ်တစ်သောင်းသဘာဝကျင့်စဉ်တွင် အစီအရင်များစွာ ရှိသော်လည်း အလောင်းကောင်ထဲတွင် ဝိညာဉ်နိုးထလာခြင်းမှာ အတော်လေး ထိတ်လန့်ဖွယ်ရာ ကောင်းနေသေး၏။
“ဂိုဏ်းသခင်ချင်၊ အလောင်းကောင်တွေကနေ အသက်ရှင်လာတဲ့ ဝိညာဉ်တွေဟာ မူလလူရဲ့ ဝိညာဉ်မဟုတ်ဘူး” လျို့ကျန့်ချင်းက မလှမ်းမကမ်းရှိ လျို့ရိုယင်းကို ကြည့်ကာ ခပ်တိုးတိုး ပြောသည်။ “သူက လျို့ရိုယင်းမဟုတ်သလို၊ ကျွန်မကလည်း သူ့သမီးမဟုတ်ဘူး”
ချင်မူ ဇဝေဇဝါဖြစ်သွားသည်။ “ဒါတောင် သူ့ကို မေမေလို့ ခေါ်သေးတာပေါ့။ သူကလည်း ညီမလေးကို သမီးလေးကို ခေါ်နေသေးတယ်လေ”
“လျို့မိသားစုဝင်တွေက တစ်ယောက်နဲ့တစ်ယောက် အမျိုးမတော်ကြဘူး။ သွေးချင်းရင်းနှီးမှုလည်း မရှိဘူး။ ကျွန်မတို့က သွေးအေးသတ္တဝါတွေလိုပဲ” လျို့ကျန့်ချင်းက ညှို့မှိုင်းနေသောအမူအရာဖြင့် ပြော၏။ “ဒါပေမဲ့ သူ့ကို မေမေလို့ ခေါ်လိုက်တဲ့အချိန်မှာ ကျွန်မ အသက်ရှင်သွားသလို နွေးထွေးမှုကို ခံစားရတယ်။ သူလည်း အဲဒီလိုပဲ ခံစားရတယ်”
ချင်မူက သူတို့ဆီ လျှောက်လာနေသော လျို့ရိုယင်းကို ကြည့်ကာ ပြုံးလိုက်၏။
အလောင်းကောင်များမှ မွေးဖွားလာသော ဝိညာဉ်များသည် သွေးအေးကြသော်လည်း လူသားဆန်သော ခံစားချက်များရှိကြ၏။ သွေးနွေးသတ္တဝါဖြစ်သော်လည်း လူသားမဆန်သော လူသားများနှင့် တခြားစီပင်။
“ဂိုဏ်းသခင်ချင် အခု စိတ်ကျေနပ်ပြီလား” လျို့ရိုယင်းက အပြုံးမဟုတ်သော အပြုံးဖြင့် သူ့ကို ကြည့်နေသည်။
ချင်မူ ကျယ်လောင်စွာ အော်ရယ်ပြီး ဦးညွတ်အရိုအသေပေးလိုက်၏။ “မမရို့ယင်း၊ ခွင့်လွှတ်ပါ။ ဒါမဲ့ မမရိုယင်းလည်း ကျွန်တော့်ကို ကျန့်ချင်းနဲ့ အတူထားခဲ့တာပဲ မဟုတ်လား”
လျို့ရိုယင်းက သူ့ကို ပြန်အရိုအသေးကာ သက်ပြင်းချသည်။ “ဒါပေမဲ့ ရှင့်လောက် မရက်စက်သေးပါဘူး”
“ကျွန်တော့်မှာလည်း ရွေးစရာမရှိလို့ပါ။ အဲဒီလိုမှမလုပ်ရင် မမရိုယင်းနဲ့ ဘယ်လိုလုပ် ပူးပေါင်းနိုင်တော့မှာလဲ” ချင်မူ နတ်ဘုရား၏ခေါင်းတလားကို ကြည့်ပြီး စပ်စုကြည့်လိုက်သည်။ “အဲဒီနတ်ဘုရားခေါင်းတလားထဲမှာ ဘယ်သူရှိတာလဲ။ သူ့ကို ဘာလို့ချိတ်ပိတ်ထားတာလဲ။ စောစောက ခေါင်းတလားတချို့ဆီကနေ ကောင်းကင်အလင်းတန်းတွေ ထွက်လာတာ မြင်လိုက်ရတယ်။ သူတို့ကလည်း နတ်ဘုရားတွေ၊ မိစ္ဆာတွေပဲလား”
လျို့ရိုယင်းက ခေါင်းယမ်းလိုက်သည်။ “သေပြီး ပြန်ရှင်လာတဲ့ အကြီးအကဲတွေက သူတို့ရဲ့ ရုပ်အလောင်းတွေကို နတ်ဘုရားအဆင့်အထိ မြှင့်တင်ထားကြတာပါ။ ဒါပေမဲ့ ရွှေရောင်ခေါင်းတလားထဲက နတ်ဘုရားနဲ့တော့ မတူဘူး။ အဲဒီနတ်ဘုရားခေါင်းတလားထဲက နတ်ဘုရားက နတ်ဘုရားအစစ်ပဲ”
ချင်မူမှာ တအံ့တဩ ထခုန်လိုက်မိပြီး ခေါင်းတလားကို စပ်စပ်စုစု ကြည့်လိုက်မိသည်။
ရုတ်တရက် လျို့ကျန့်ချင်းက ချောင်းဟန့်လိုက်၍ လျို့ရိုယင်း သဘောပေါက်သွားသည်။ “မှောင်တော့မှာပဲနော်.... ဂိုဏ်းသခင် ဒီမှာ တစ်ညနားပြီး မနက်ဖြန်မှ ခရီးဆက်ပါလား။ ဂိုဏ်းသခင် ဒီမှာ နားမယ်ဆိုရင် ကျွန်မခေါင်းတလားကို... ဖွင့်ထားပါ့မယ်”
ချင်မူ ခေါင်းကျိန်းသွားပြီး အရိုးထဲထိ စိမ့်အေးသွားသည်။ သူက ကမန်းကတန်း ပြောလိုက်၏။ “ကျွန်တော် အဆိပ်ဆရာမမုယင်ရွှယ်ကို ဆက်ဆက်လာတွေ့မယ်လို့ ကတိပေးထားပြီးဖြစ်နေလို့ပါ။ ကတိပေးပြီး မသွားဖြစ်တာလည်း တစ်နှစ်နီးပါး ရှိရော့မယ်။ အချိန်လည်း မရှိတော့ဘူးဆိုတော့ ချီအာနဲ့ ကျွန်တော် မြန်မြန်သွားမှ ဖြစ်မှာပါ။ နှုတ်ဆက်ပါတယ်နော် လိုက်မပို့ပါနဲ့တော့” သူက မြန်မြန်ပြောပြီးသည်နှင့် ရှုန်းချီအာ၏ လက်သေးသေးလေးကို ဆွဲကာ နဂါးချီလင်အား လှမ်းခေါ်လိုက်သည်။ သူတို့သုံးယောက်သား နတ်သင်္ချိုင်းကုန်း၏အပြင်သို့ ခပ်သုတ်သုတ် ထွက်သွားကြ၏။
ချင်မူက နဂါးချီလင်၏ တင်ပါးကို ခပ်ပြင်းပြင်း ရိုက်ပြီး အရှိန်တင်စေလိုက်သည်။
လျို့ရိုယင်းက သမီးဖြစ်သူကို ခေါ်၍ အပြင်ထွက်လိုက်သော်လည်း သူတို့အဝေးရောက်သွားသည်ကိုသာ မြင်လိုက်သည်။ သူတို့နှစ်ယောက်လုံး စိတ်ပျက်သွားပြီး မချင့်မရဲ ဖြစ်သွားကြသည်။
“လူသားလို ချစ်ပေးနိုင်တဲ့ အဖေတစ်ယောက်ရှာဖို့ ဘာလို့ဒီလောက် ခက်နေတာလဲ...” လျို့ကျန့်ချင်းက စိတ်ပျက်အားလျော့စွာ ပြောသည်။
“မပူပါနဲ့ မေမေ သမီးလေးအတွက် ဖခင်ကောင်းတစ်ယောက် ရှာပေးပါ့မယ်” လျို့ရိုယင်းက သူမကို နှစ်သိမ့်ပေးလိုက်သည်။