မိုးကြိုးတောင်တန်းမြို့၏ တိုက်ပွဲ
Vol. 33 Ch. 459
မိုးလင်းသည်နှင့် မိုးကြိုးတောင်တန်းမြို့တွင် ဆေးရနံ့များ ကြိုင်သင်းနေပြီဖြစ်သည်။ ချင်မူ အနံ့ကို ရှူကြည့်သည့်အခါ အဆိပ်ဓာတ်များမှ ထွက်ပေါ်လာသော အဆိပ်ငွေ့များဖြစ်ကြောင်း သိလိုက်သည်။ သူ အဆိပ်ရှောင်ဆေးလုံးများကို ကပျာကယာ ဖော်၍ နဂါးချီလင်နှင့် ရှုန်းချီအာအား ငုံထားခိုင်းလိုက်၏။
အဆိပ်ဆရာမ မုယင်ရွှယ်၏ မြို့သည် သာမန်မြို့များနှင့် မတူပေ။ အဆိပ်မြက်များ၊ အဆိပ်ပန်းများ၊ အဆိပ်ပိုးကောင်များအား မည်သည့်နေရာတွင်မဆို မြင်ရသည်။ မိုးကြိုးတောင်တန်းမြို့သူမြို့သားများက အဆိပ်ပင်များကို ဥယျာဉ်ခြံဖြင့် စိုက်ပျိုးထားပြီး ပိုးကောင်များကလည်း မြေပြင်ပေါ်တွင် တွားသွားနေကြသည်။ မြို့သူတချို့က အဆိပ်ငှက်များ၊ အဆိပ်သားရဲများကို စီးနင်း၍ သွားလာနေကြ၏။ မြွေစိမ်းများလို အဆိပ်နွယ်များကလည်း အိမ်များကို ဖုံးလွှမ်းထားကြပြီး လူတစ်ယောက်ဖြတ်သွားလျှင် ခေါင်းထောင်ကာ တရှီးရှီး အော်တတ်ကြသည်။ အိုပေါ့ဆမ်ဟုသော သစ်ပင်နေ သားပိုက်ကောင်များလည်း နဂါးချီလင်ဘေးမှ ဖြတ်ပြေးသွားကြပြီး သုံးပေခန့် ရှည်သည့် ကင်းခြေများတစ်ကောင်အား လိုက်ဖမ်းနေကြ၏။
မိုးကြိုးတောင်တန်းမြို့၏ မနက်ခင်းမှာ အလွန်စည်ကားနေသည်။ တစ်ချက်တစ်ချက် အော်သံများလည်း ကြားရသည်။
“ငါချီးတဲ့မှ၊ ဒါ ဘယ်သူ့ အဆိပ်နကျယ်ကောင်တုန်း။ ငါ့မျက်နှာတစ်ခုလုံး ယောင်သွားပြီ။ ဖြေဆေး မြန်မြန်ယူလာခဲ့စမ်း”
“ဘယ်လိုနှလုံးသားမရှိတဲ့သူက လမ်းမပေါ်မှာ ဆေးရည်တွေ လောင်းချထားတာတုန်း။။ ငါ့ခြေထောက် ထုံကျင်ပြီး မည်းသွားပြီ... ပုပ်တောင် ပုပ်တော့မယ်ဟ။ ဘယ်သူ ဒီဆေးရည်တွေ လောင်းချထားတာလဲ။ ခွေးမသား ငါ မင်းကို သေအောင် အဆိပ်ခပ်ပစ်မယ်”
...
ချင်မူ မိုးကြိုးတောင်တန်းမြို့၏ လမ်းမကြီးအတိုင်း လျှောက်သွားပြီး ဖော်စပ်ထားသည့် အဆိပ်များ ရောင်းချနေသော စျေးသည်များအား တွေ့လိုက်ရသည်။ သူတို့၏စျေးရောင်းသံများက တစာစာ ဆူညံလျက်ရှိ၏။
“မမမုရဲ့ မိုးကြိုးတောင်တန်းမြို့က တော်တော်စည်တာပဲ”
ချင်မူ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည့်အခါ အဖိုးတန်ဆေးပင်များ မြင်လိုက်ရ၍ ဝယ်ယူလိုက်သည်။ စျေးသည်များ ရောင်းချနေသည့် အဆိပ်ဆေးလုံးများကလည်း အရည်အသွေးကောင်းမွန်သဖြင့် ပိုမိုပြင်းသည့် အဆိပ်များအတွက် အခြေခံအဆိပ်အဖြစ် သုံးနိုင်ရာ တချို့တလေ ဝယ်လိုက်သည်။
မသိလိုက်မသိဖာသာဖြင့် အစည်ဆုံးနေရာဖြစ်သော မိုးကြိုးတောင်တန်းမြို့၏ အလယ်သို့ သူ ရောက်လာခဲ့သည်။ မိုးကြိုးတောင်တန်းမြို့၏ အလယ်ခေါင်တွင် စက်ဝိုင်းပုံသဏ္ဍာန် ပြိုင်ကွင်းများ ရှိပြီး ကောင်းကင်နတ်သိုင်းပညာရှင်များ တိုက်ခိုက်နေကြသည်။
ချင်မူ တခဏ ရပ်ကြည့်လိုက်ပြီး ကောင်းကင်နတ်သိုင်းပညာရှင်များ၏ တိုက်ပွဲက သမားရိုးကျတိုက်ပွဲနှင့် မတူညီကြောင်း သတိထားမိလိုက်သည်။ သူတို့၏ပတ်ပတ်လည်တွင် ခရားကြီး၊ ခရားငယ် စုံလင်စွာ ရှိနေပြီး အစိမ်းရောင်သစ်ရွက်များ၊ ပန်းပွင့်များနှင့် မြက်ပင်အမျိုးမျိုးကိုလည်း တွေ့မြင်ရ၏။
ယှဉ်ပြိုင်သူ ကောင်းကင်နတ်သိုင်းပညာရှင်နှစ်ယောက်က မှော်အစီအရင်များကို ထုတ်လွှတ်လိုက်သည့်အခါ အဆိပ်ပိုးကောင်များ၊ အဆိပ်သတ္တဝါများသည် ပြိုင်ဘက်၏ ခရားများထဲရှိ အဆိပ်ပိုးကောင်များ၊ အဆိပ်သတ္တဝါများအား သတ်ကြ၏။ အနိုင်ရသည့်အကောင်က ခရားထဲမှ ထွက်လာပြီး အစိမ်းရောင်သစ်ရွက်ကို စားသည်။ ထိုအခါ ကောင်းကင်နတ်သိုင်းပညာရှင်သည် ခရားထဲသို့ မျိုးစေ့များ အလျင်အမြန် ထည့်ပြီး ထူးဆန်းသောအစီအရင်များ မန်းမှုတ်လိုက်သည်။ အစေ့များမှ အညှောင့်ထွက်လာပြီး တမုဟုတ်ချင်း အပင်ဖြစ်ကာ အသီးများ သီးလာကြ၏။
နှစ်ဖက်လုံးရှိ ကောင်းကင်နတ်သိုင်းပညာရှင်များက အမြစ်များ၊ အသီးများကို အဆိပ်ပိုးကောင်များအား ကျွေးလိုက်ကြပြီး ‘အရာရာတိုင်းတွင် ဝိညာဉ်ရှိသည်’ ကောင်းကင်နတ်သိုင်းက အဆိပ်ပိုးကောင်များကို လျင်မြန်စွာ ကြီးထွားစေ၏။ ပိုးကောင်များက ပြိုင်ဘက်ဆီသို့ အဆိပ်ငွေ့များ၊ အဆိပ်မီးများ မှုတ်ထုတ်နေသည်။ ထို့နောက် အဆိပ်ပိုးကောင်များ အချင်းချင်း တိုက်ခိုက်နေသည့်အချိန် ကောင်းကင်နတ်သိုင်းပညာရှင်များက သိုင်းကွက်များကို ရှောင်တိမ်း၍ အဆိပ်များ ဖော်ကြမည်။
“ပြိုင်ကွင်းထဲမှာ တိုက်ခိုက်နိုင်ဖို့ဆိုရင် အဆိပ်ကို တစ်ထိုင်တည်း ဖော်စပ်တတ်ဖို့ လိုတယ်။ အဆိပ်ပိုးကောင်နဲ့ အဆိပ်ဆေးပင်တွေကိုလည်း ထိန်းတတ်ဖို့ လိုတယ်ဆိုပေမယ့် ဒါက အသင့်အတင့်ပါပဲ။ ဒီကောင်းကင်နတ်သိုင်းပညာရှင်တွေရဲ့ စွမ်းရည်က နိမ့်ကျလွန်းတယ်။ ကြည့်စရာ သိပ်မရှိဘူး’
ချင်မူ ရှေ့ဆက်သွားနေသည့်အချိန် ဝုန်းခနဲ ပြိုင်ကွင်းတစ်ခု နှစ်ခြမ်းကွဲထွက်သွားသည်ကို မြင်လိုက်ရသည်။ ဧရာမပင့်ကူကြီးတစ်ကောင် ထွက်လာပြီး ပြိုင်ကွင်း၏ တစ်ဝက်ကျော်အား နေရာယူထား၏။ ၎င်းက ခပ်စူးစူးအော်မြည်၍ ခန္ဓာကိုယ်ကို လှုပ်ခါရင်း တိမ်တိုက်များကို စုပ်သွင်းကာ အခိုးအငွေ့များ ပြန်မှုတ်ထုတ်လိုက်သည်။ ပတ်ပတ်လည်မှ ရပ်ကြည့်နေကြသော လူများမှာ နောက်ဆုတ်လိုက်ကြရ၏။
ချင်မူမှာ ပင့်ကူကြီးအား တအံ့တဩ ကြည့်လိုက်မိသည်။ “အဆိပ်မြက်တွေ၊ ပန်းပွင့်တွေ၊ ပိုးကောင်ကို အသုံးချပြီး အခုလို အဆိပ်သတ္တဝါတစ်ကောင် မွေးထားနိုင်တာ ကြည့်ရင် ဒီကောင်းကင်နတ်သိုင်းပညာရှင်ရဲ့ အစွမ်းအစက မခေဘူး”
အနက်ရောင်ဝတ်ထားသော အမျိုးသမီးတစ်ယောက်က အဆိပ်ပင့်ကူ၏ ကိုယ်ပေါ်မှ ထလာသည်။ အနက်ရောင်ဇာပဝါက သူမမျက်နှာကို ထားသော်လည်း အရေပြားကို မြင်နေရသေး၏။ သူမမျက်နှာတစ်ပြင်လုံးတွင် ဖားပြုပ်၏ ဗြုပ်ကြီးများလို အဆိပ်ကြွက်နို့များ ပြည့်နေသည်။ “မုယင်ရွှယ်၊ ငါ ပြန်လာပြီ။ အခုချက်ချင်း ဒီကို ထွက်လာခဲ့စမ်း ဘယ်သူက ပိုတော်လဲ ပြိုင်မယ်”
ချင်မူမှာ တမုဟုတ်ချင်း စိတ်လှုပ်ရှားလာပြီး ပွဲကြည့်ရန် ပြိုင်ကွင်းဆီသို့ သွားလိုက်သည်။ မိုးကြိုးတောင်တန်းမြို့၏ ကောင်းကင်နတ်သိုင်းပညာရှင်များလည်း အစုလိုက်အပြုံလိုက် ရောက်လာကြရာ ပြိုင်ကွင်း၏ပတ်ပတ်လည်တွင် ကြိတ်ကြိတ်တိုးနေတော့သည်။
အမျိုးသမီးတစ်ယောက်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “အဆိပ်ဆရာမတော့ လှုပ်ရှားတော့မယ်”
နောက်တစ်ယောက်ကလည်း စိတ်အားထက်သန်နေ၏။ “အဆိပ်ဆရာမ မလှုပ်ရှားတာကြာပြီ။ ကောလဟာလတွေအရ အဆိပ်ဆရာမ အလယ်ကမ္ဘာမြေကို သွားတုန်းက အဆိပ်ပညာမှာ တစ်ဖက်ကမ်းခတ်တော်တဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်နဲ့ တွေ့ခဲ့တယ်တဲ့။ သူတို့နှစ်ယောက်က မြင်မြင်ချင်း ချစ်မိသွားကြလို့ ... ချစ်သူရည်းစားတောင် ဖြစ်ခဲ့ကြသေးတယ်တဲ့။ အဆိပ်ဆရာမ ပြန်လာရောက်လာတော့ သူ့ရဲ့အဆိပ်ပညာက ကြောက်စရာကောင်းလောက်အောင် တိုးတက်သွားပြီး နတ်ဘုရားတွေတောင် မခန့်မှန်းနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်အဆင့်ကို ဝင်ရောက်သွားပြီကြားတယ်။ ဘယ်သူက သူ့ကို စိန်ခေါ်ရဲမှာလဲ”
“နင် ဒီမိန်းမကို မသိဘူးလား။ သူက အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ အဆိပ်ပညာရှင် ယွီချင်းချန်လေ။ သူလည်း အဆိပ်လမ်းစဉ်မှာ ထိပ်တန်းတစ်ယောက်ပဲ။ အဆိပ်ဆရာမနေရာအတွက် ငါတို့အဆိပ်ဆရာမနဲ့ ပြိုင်ခဲ့ပေမယ့် ရှုံးသွားတယ်။ သူ့မျက်နှာက အဆိပ်ဆရာမကြောင့် ပျက်စီးသွားတာ”
...
ချင်မူ မျက်တောင်ပုတ်ခတ်မိလိုက်သည်။ သူနှင့် မုယင်ရွယ်သည် မည်သည့်အချိန်တုန်းက ချစ်သူရည်းစား ဖြစ်ခဲ့သည်လော။
သူမနှင့် အဆိပ်ချင်း ပြိုင်ခဲ့၍ နှစ်ယောက်လုံး မကောင်းဆိုးဝါးများလို ပုံပျက်ဆင်းပျက် အသွင်ပြောင်းခဲ့ကြရသည်ကတော့ သေချာသည်။
‘ဟုတ်သား သူ ငါ့ကို နမ်းခဲ့တာပဲ’
လူငယ်လေးမှာ သူမအနမ်းကို သတိရလိုက်သည်နှင့် ရင်တဒိန်းဒိန်းခုန်လာသည်။ ထူးခြားသော ခံစားချက်တစ်မျိုးက သူ့နှလုံးသားထဲတွင် ပေါက်ဖွားလာ၏။ သူ ရုတ်တရက် အသိပြန်ကပ်သွားသည်။ ‘သေစမ်း၊ ငါ့ရင်ခုန်သံတွေ မြန်ပြီး သွေးကလည်း မျက်နှာကို ဆောင့်တက်လာတယ်။ အသက်ရှူနှုန်းကလည်း မမှန်တော့ဘူး။ သူ့ကို တွေးလိုက်တိုင်း ရင်ထဲမှာ နွေးထွေးတဲ့ခံစားချက်မျိုး ဖြစ်လာတယ်။ မဟုတ်မှ မမမု ငါ့ကို ခပ်ခဲ့တဲ့ တောင့်တအလွမ်းအဆိပ်ကြောင့် အခုလိုဖြစ်တာများလား။ ဒါပေမဲ့ ဒီအဆိပ်က အန္တရာယ်ရှိတဲ့ပုံမပေါ်တော့ စိုးရိမ်စရာမလိုပါဘူး...’
သူ အတွေးများကို လင်ယွိရှို့၊ စစ်ယွင်ရှန်း၊ ဟယ့်ရီရီနှင့် တခြားမိန်းကလေးများဆီ ပို့လိုက်သည့်အခါ နွေးတေးတေးခံစားချက်က တမုဟုတ်ချင်း ပျောက်ကွယ်သွားသည်။
‘တောင့်တအလွမ်းအဆိပ်က ပြန်ဖြေရမခက်ဘူးပဲ’ လူငယ်လေး ဣန္ဒြေပြန်ဆည်လိုက်၏။
“မုယင်ရွှယ် နင် ထွက်မလာရဲဘူးလား” အနက်ရောင်ဝတ်ရုံနှင့် အမျိုးသမီးက ထေ့ငေ့ါကာ ပြောသည်။ “အမြီးကုပ်ပြီး ပုန်းနေတာက နင် ပြဿနာကို ဖြေရှင်းတဲ့ပုံစံလား”
ထိုအခိုက်အတန့်တွင် နူးညံ့ပျော့ပျောင်းသော ရယ်သံလေး ထွက်လာသည်။ အစိမ်းရောင်နွယ်များက မြို့လယ်ရှိ စံအိမ်တစ်အိမ်မှ အစပြု၍ ကြီးမားသထက် ကြီးမားလာကြကာ နဂါးစိမ်းများသဖွယ် ဖြစ်လာကြသည်။ အရွက်များလည်း လျင်မြန်စွာ ပြန့်ကားလာကြပြီး နွယ်များမှာ ပို၍ပင် ရှည်လာကြ၏။
တခဏလေးအတွင်း သုံး,လေးမိုင်အထိ လွှမ်းခြုံသွားပြီး ပြိုင်ကွင်း၏အပေါ်သို့ ရောက်လာသည်။
ဖောက်
ပန်းပွင့်ကြီးတစ်ပွင့်က နွယ်စိမ်းတစ်ပင်ဆီမှ ပေါက်လာပြီး ပြိုင်ကွင်းအပေါ်တွင် တွဲလောင်းကျလာသည်။ ၎င်းပွင့်သွားသည့်အခါ နို့နှစ်ရောင်ကဲ့သို့ အသားဖြူနေသော မိန်းကလေးတစ်ဦး ထွက်လာသည်။ သူမ မြေပေါ်ပင် မရောက်သေးမှာပင် ပြိုင်ကွင်းအပေါ်ရှိ မျိုးစေ့များမှ အညှောင့်များ ထွက်လာကာ နောက်ပန်းကြီးတစ်ပွင့် ပွင့်လာသည်။
မုယင်ရွှယ်က ပန်းပွင့်ကြီး၏ ဝတ်ဆံပေါ်သို့ ခြေဗလာဖြင့် နင်း၍ မြေကြီးပေါ် ဆင်းလိုက်သည်။ သူမက ပြုံးရွှင်စွာ ပြောလိုက်၏။ “ယွီချင်းချန်၊ နင် ငါ့ကို ရှုံးသွားတုန်းက ငါ နင့်ကိုယ်ထဲမှာ ချန်ခဲ့တဲ့ အဆိပ်အကြွင်းအကျန်ကိုတောင် မဖြေရသေးဘူးလား။ တစ်ချိန်တုန်းက လှပချောမောခဲ့တဲ့ နင့်မျက်နှာမှာ ကြွက်နို့တွေ ပြည့်နေတုန်းပဲနော်။ အခု ငါ့ကို လာရှာသေးတယ်ဆိုတော့ သေမင်းကို ဖိတ်ခေါ်နေတာနဲ့ မတူဘူးလားဟင်”
ယွီချင်းချန်က တခစ်ခစ် ရယ်သည်။ “ဒီနှစ်တွေအတွင်း ငါ လုံးဝမတိုးတက်ခဲ့ဘူးလို့ နင် ထင်နေလား။ ငါ နင့်ကို ရှုံးပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတော့ ဘယ်သူက ငါ့မျက်နှာကို ကြည့်ရဲတော့မှာလဲ။ ငါ့လက်တွဲဖော်တွေအားလုံး စွန့်ခွာသွားကြတယ်”
မုယင်ရွှယ်က သူမကို စာနာသွားသည်။ “တကယ်တော့ ငါတို့အဆိပ်ပညာရှင်တွေရဲ့ အနားကို ကပ်လာဝံ့တဲ့သူမရှိပါဘူး။ တစ်ချက်လေးမှားလိုက်တာနဲ့၊ အဆိပ်သင့် သေသွားနိုင်တာကိုး။ အစ်မချင်းချန်၊ ငါတို့က အဆိပ်ဆရာတွေပဲဆိုတော့ အစ်မချင်းချန်ကို ကိုယ်ချင်းစာပါတယ်။ ဒါပေမဲ့...”
သူမက ပြုံးလိုက်ပြီး သူမအမူအရာက ရွှင်လန်းလာသည်။ “ငါကတော့ အချစ်စစ်နဲ့ တွေ့ပြီးသွားပြီ။ သူကလည်း အဆိပ်ပညာရှင်ပဲ။ တစ်လောကလုံးမှာ နံပါတ်သုံးလေ။ ငါ့ချစ်သူလေးက ငါ့ကို လာတွေ့ဖို့ အနောက်ကမ္ဘာမြေထဲတောင် ရောက်နေပြီ။ ဒါကြောင့် အစ်မချင်းချန် ၊ အစ်မနဲ့အတူ အပျိုကြီး လိုက်လုပ်မပေးနိုင်တဲ့အတွက် ဒီညီမလေးကို ခွင့်လွှတ်ပါနော်”
ချင်မူ မအောင့်အည်းနိုင်ဘဲ ပြုံးလိုက်မိသည်။ မုယင်ရွှယ်သည် အမြဲထက်မြက်ပြီး ထူးဆန်းသူဖြစ်၏။ သို့သော် သူမနှင့် တွေ့ရန်အတွက်သာ အနောက်ကမ္ဘာမြေသို့ သူ လာခဲ့ခြင်းမဟုတ်ပေ။
ယွီချင်းချန်က ရယ်ပြီး ပြောသည်။ “နင့်မှာ ရှိသလို၊ ငါ့မှာလည်း တစ်ယောက်ရှိတယ်။ ငါ့လူက နင့်လူထက် အဆတစ်ရာ သာတယ်။ သူက အဆိပ်ပညာမှာ သူမတူတဲ့စွမ်းရည်တွေ ပိုင်ဆိုင်ထားတဲ့ လိုလန်ရွှေနန်းတော်ရဲ့ မှော်ဆရာသခင်ပဲ။ သူ လမ်းပြပေးလို့ ငါ့အဆိပ်ပညာက ဝိညာဉ်အဆင့်ကို ရောက်သွားပြီ။ မုယင်ရွှယ်၊ အပျက်မလေး၊ ငါ နင့်ဆီက အဆိပ်ဆရာမဘွဲ့ကို ပြန်လုရုံတင်မကဘူး၊ နင့်ကို အသေဆိုးနဲ့ သေရအောင် လုပ်ပြမယ်”
မုယင်ရွှယ်၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ “လိုလန်ရွှေနန်းတော်ရဲ့ မှော်ဆရာသခင် ဟုတ်လား။ မှော်ဆရာအဆိပ်နဲ့ ဝိညာဉ်အဆိပ်ကြောင့် နာမည်ကြီးတဲ့ မှော်ဆရာသခင်လား။ အစ်မယွီ ငါ့ကို လာရှာရဲတာလည်း အံ့ဩစရာမရှိပါဘူး။ အဲဒီမှော်ဆရာသခင်က နယ်နယ်ရရမှ မဟုတ်တာကိုး”
ယွီချင်းချန်က သူမကို ထေ့ငေါ့သည်။ “အခု ကြောက်နေပြီလား။ အပျက်မလေး ငါ ဒီနေ့ နင်နဲ့ လောင်းကြေးထပ်မယ်”
မုယင်ရွှင် ပြုံးလိုက်ပြီး ပြောလိုက်သည်။ “ကြောက်မိတဲ့အထိတော့ မဟုတ်ပါဘူး။ ချစ်သူလေးနဲ့ ပြိုင်ပြီးကတည်းက ငါ့အဆိပ်ပညာက တဟုန်ထိုး အဆင့်မြင့်သွားပြီ။ အရင်ကလို မဟုတ်တော့ဘူး။ အစ်မယွီမပြောနဲ့၊ မဟာမှော်ဆရာသခင်ကြီး လာရှာရင်တောင်မှ လက်ဖျောက်လေးတစ်ချက် တီးလိုက်ရုံနဲ့ သူ့ကို သေအောင် အဆိပ်ခပ်နိုင်သေးတယ်။ ဒါပေမဲ့ အစ်မယွီက လာစိန်ခေါ်မှတော့ လက်မခံရင် ဘယ်ကောင်းပါ့မလဲ။ ဘာနဲ့ လောင်းကြေးထပ်ချင်လဲ ပြောပါ”
“နင့်လူနဲ့ လောင်းကြေးထပ်မယ်” ယွီချင်းချန်က ရုတ်တရက် ပြိုင်ကွင်းအောက်ရှိ ချင်မူ့ဆီသို့ လက်ညှိုးထိုးကာ တခစ်ခစ် ရယ်လိုက်သည်။ “နင့်လူရဲ့ အသက်နဲ့”
တမုဟုတ်ချင်း ချင်မူ့ပတ်ဝန်းကျင်တွင် မည်သူမှ မရှိတော့ပေ။ အကုန်လုံးက မြေစာပင်ဖြစ်မည်စိုး၍ ရှောင်ထွက်သွားကြ၏။ သူတစ်ယောက်တည်းသာ ရပ်လျက်ကျန်ခဲ့သည်။ ရှုန်းချီအာကိုပင် နဂါးချီလင်က ခေါ်သွားသည်။
ချင်မူမှာ အံ့အားသင့်သွားပြီး ပြိုင်ကွင်းအပေါ်သို့ မော့ကြည့်ကာ ပြုံးပြလိုက်ကာ သူ့ဘာသူ တွေးမိသည်။ ‘အနောက်ကမ္ဘာမြေရဲ့ ခြေရာခံအတတ်က တော်တော်မိုက်တာပဲ။ ငါ ဘယ်တော့မှ မလွတ်ဘူး’
မုယင်ရွှယ်မှာ စိတ်အားတရှိန်ရှိန် တက်သွားပြီး ပြိုင်ကွင်းပေါ်မှ ခုန်ဆင်းရန် ပြင်လိုက်သော်လည်း ရပ်လိုက်သည်။
ပြိုင်ကွင်းထဲ ရောက်နေပြီဖြစ်သည့်အတွက် ခုန်ဆင်းလိုက်လျှင် အရှုံးပေးလိုက်သလို ဖြစ်မည်။ မတိုက်ခိုက်ရဘဲ ရှုံးသွားလိမ့်မည်။
“ကောင်းပြီလေ၊ ငါ့လူနဲ့ လောင်းကြတာပေါ့” မုယင်ရွှယ်က စိတ်လှုပ်ရှားစွာဖြင့် ပြိုင်ဘက်ကို လှည့်ပြုံးပြလိုက်သည်။ “နင်က ငါတို့အနောက်ကမ္ဘာမြေရဲ့ ဝိညာဉ်နိုးထအစီအရင်နဲ့ ဝိညာဉ်အဆိပ်ကို ပေါင်းစည်းပြီး ပြိုင်ကွင်းပေါ်က အဆိပ်ဓာတ်တွေနဲ့ ဒီလိုသတ္တဝါကြီးကို ဖန်တီးလိုက်တာပဲ။ အမှန်တကယ် ထူးခြားပါပေတယ်။ အရင်တစ်ခေါက်နဲ့ယှဉ်ရင် တိုးတက်လာတာ မှန်တယ်။ ဒါပေမဲ့ ငါလည်း ပြိုင်ကွင်းပေါ်က အဆိပ်ဓာတ်တွေကို သုံးပြတတ်တယ်”
သူမ၏ခြေဖဝါးက ပန်းဝတ်ဆံများကို ညင်ညင်သာသာ ထိလိုက်သည့်အခါ အဆိပ်ပန်းပွင့်များ ပွင့်လာပြီး အဆိပ်ပိုးကောင်များ၊ အဆိပ်ဖားပြုပ်များ ပေါ်လာ၏။ “အစ်မချင်းချန်၊ နင်က ဝိညာဉ်အဆင့်မှာပဲ ရှိသေးပေမယ့် ငါက အဆိပ်ပညာနဲ့ပတ်သက်သမျှ အရာရာတိုင်းကို ထုံးလိုမွှေ၊ ရေလိုနှောက် နားလည်တဲ့ လမ်းစဉ်အဆင့်ကို ရောက်နေပြီ။ နင်က ငါ့ထက် တစ်ဆင့်သာပြီး အသာစီးယူနိုင်မယ် ထင်နေပေမယ့် ဘယ်သူက အစကတည်းက သာနေမှန်း နင် မသိခဲ့ဘူး”
အံ့ဩဖွယ်ရာကောင်းစွာနှင့် အဆိပ်ပန်းပွင့်များ၊ အဆိပ်မြက်များ၊ အဆိပ်ပိုးကောင်များနှင့် အဆိပ်ဖားပြုပ်များသည် အသွင်ပြောင်းလဲကြလာ၏။ ရုပ်သွင်တစ်ခုပြီးတစ်ခု၊ အဆိပ်ဓာတ်တစ်မျိုးပြီးတစ်မျိုး ဆင့်ကဲပြောင်းလဲနေသည်။ သူမ၏ဖန်ဆင်းအစီအရင်မှာ ထူးဆန်းပြီး ဆန်းကြယ်သည်ဟု ဆိုရလိမ့်မည်။
ချင်မူ တလေးတစား စုပ်သပ်မဆုံးဖြစ်နေသည်။ မုယင်ရွှယ်သည် သူ့ကို ရှုံးပြီးကတည်းက ‘အရာရာတိုင်းတွင် ဝိညာဉ်ရှိသည်’ ဆိုသော ကျင့်စဉ်တွင် အဆုံးမရှိ တိုးတက်လာခဲ့၏။ သူမ၏ဖန်ဆင်းကျင့်စဉ်ကပင် လျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းလာသည်။
ယွီချင်းချန်က မာန်သွင်းအော်ဟစ်လိုက်ရာ သူမခြေထောက်အောက်ရှိ ပင့်ကူကြီးက ခြေထောက်များအား ဝှေ့ယမ်းလိုက်သည်။ ပြိုင်ကွင်းက သိပ်မကျယ်သဖြင့် အဆိပ်ပင့်ကူကြီး လှုပ်ရှားသည့်အခါ မုယင်ရွှယ်အတွက် ရှောင်ရန် နေရာမရှိပေ။
အဆိပ်ပင့်ကူကြီး၏ ဝမ်းဗိုက်အောက်ရှိ အဆိပ်ဥများ ပွင့်လာပြီး ပင့်ကူသေးသေးလေးများက ပြိုင်ကွင်းတစ်ကွင်းလုံးကို လွှမ်းခြုံကာ မုယင်ရွှယ်ဆီ ပြေးနေကြသည်။
သို့တိုင်အောင် အဆိပ်ပင့်ကူများမှာ သူမထံ မရောက်ခင်မှာပင် တောင့်တင်းပြီး ပြိုကွဲကုန်၏။ ဧရာမပင့်ကူကြီးလည်း စူးစူးဝါးဝါး တစ်ချက်အော်ကာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသည်။
ယွီချင်းချန်က ကပျာကယာ ပျံတက်ပြီး ဒေါသတကြီး အော်ဟစ်သည်။ “ငါ နင့်ကို လာရှာဦးမယ်”
“နောက်ဘဝမှပေါ့”
မုယင်ရွှယ် အင်္ကျီလက်အိုးကို ခါလိုက်သည့်အခါ ယွီချင်းချန်မှာ သွေးပေါက်များအဖြစ် ပြိုကွဲသွားတော့သည်။