← Chapters

ပြိုင်ပွဲအား မောင်ပိုင်စီးခြင်း

Vol. 005 Ch. 412

ပြိုင်ပွဲအား မောင်ပိုင်စီးခြင်း

Vol. 005 Ch. 412

ယွန်ယွဲ့မြို့တွင် နာမည်ကျော်သော လူငယ်လေး ရီရှောင်ကား ပြိုင်ပွဲတွင် အတော်ဆုံးလည်း ဖြစ်သည်။ သို့သော်လည်း သူ၏ခန္ဓာကိုယ်က ယခု လေထဲတွင် တွဲလောင်းဆွဲ ခံထားရကာ မလှုပ်ရှားနိုင်တော့ပေ။ သူ့လို အားကောင်းသော သူပင်လျှင် ရီဖူရှင်းထံတွင် တစ်ကွက်မျှပင် မခုခံနိုင်ပေ။ ပရိသတ်များက အိပ်မက် မက်နေသလားပင် ထင်မှတ်ရသည်။ ရီရှောင်က တစ်ချက်မှပင် ခံနိုင်ရည် မရှိသည်လား...။ အမှန်တကယ် ဘာဖြစ်နေသနည်း...။

ထိုအရာများ အားလုံးက သူတို့၏ မျက်လုံးရှေ့တွင် ဖြစ်ပျက်နေစဉ် ရီဖူရှင်းကား ထိုနေရာတွင်ပင် အေးဆေးစွာ ရပ်နေသည်။ သူ၏ တည်ငြိမ်သော ပုံစံက ရီရှောင်အား ပြိုင်ဘက်အနေဖြင့် မူလကတည်းက သဘောမထားသည်ကို လူအများက ရိပ်မိလိုက်ကြသည်။

ဝမ်ယွီရိုက ချန်းဖန်အား တိုက်ပွဲကို စေလွှတ်ခဲ့ခြင်း၊ ယူချင်း၏ အနိုင်ယူမှု၊ ရီဖူရှင်းက သူတို့အား ဘယ်အဖွဲ့က တတိယနေရာကို ယူမလဲဟု မေးခြင်းများအား အားလုံးက ပြန်တွေးမိကြသည်။ ထိုအရာများ အားလုံးကို ပြန်တွေးလျှင် ရီဖူရှင်းက သူက တိုက်ပွဲထဲကို ဝင်ရောက် လိုက်သည်နှင့် ကလန်လေးခု၏ ပြိုင်ပွဲအား အနိုင်ရရန် သူ့အတွက် စိန်ခေါ်မှု မရှိသလို ယူချင်းအပြင် ထိုသို့ ထူးခြား ထက်မြက်သော လူနောက်တစ်ယောက် ရှိနေသေးသည်ကိုလည်း သူတို့ သိလိုက်ကြသည်။

ဝမ်ယွီရိုကား ထိုနေရာတွင် ကျောက်ရုပ်လိုပင် ရပ်နေသည်။ သူမ၏ အကူသုံးယောက်က တခြား လူများအားလုံးကို တိုက်ခိုက်နေသည်။ ရီရှောင်က တိုက်ကွက် တစ်ကွက်တည်းဖြင့် ရှုံးနိမ့်သွားရသည့် မြင်ကွင်းကို သူမက ယုံကြည်နိုင်ခြင်း မရှိသေးပေ။ ထိုအရာက သူမအား ကြီးစွာ ထိတ်လန့်စေသည်။ သူမက သည်မတိုင်မီက ရီဖူရှင်းနှင့် ပြောခဲ့သော စကားများကို ပြန်တွေးမိသည်။ သူကား အမှန်ပင် လျှို့ဝှက်ထားခဲ့သည်။ ယခုအချိန်အထိ ရီဖူရှင်းက သူ၏စွမ်းရည်များကို ထုတ်ဖော်ခြင်း မရှိခဲ့ပေ။

ရီဖူရှင်းက ရီရှောင်အား ထူးမခြားနားစွာ ကြည့်သည်။ ဘန်းခနဲ မြည်သံနှင့်အတူ ရီရှောင်၏ ခန္ဓာကိုယ်က မြေပြင်နှင့် ပြင်းစွာ ထိရိုက်သည်။ သူကား မျက်နှာက ပြာနှမ်းကာ ပါးစပ်မှ သွေးများ အဆက်မပြတ် အန်ရင်းက ထိုနေရာတွင်ပင် မလှုပ်မယှက် နိုင်တော့ဘဲ လဲလျောင်း နေရသည်။ ရီရှောင်က မျက်လုံးကို မှိတ်လိုက်သည်။ ယွန်ယွဲ့စင်မြင့်ထက်တွင် ရီဖူရှင်းက သူ့အား သတ်ခဲ့လျှင်ပင် ဘယ်သူမှ သူ့အား အပြစ်မတင်နိုင်ပေ။

ယွန်ယွဲ့ကုန်သည် အုပ်စု၏ စွမ်းအားအမြင့်ဆုံး နှစ်ယောက်ဖြစ်ကြသော ရီရှောင်နှင့် မိစ္ဆာသွေးလက်ဝါး နေ့ယွန်တို့ နှစ်ယောက်လုံးက အရှက်တကွဲ ရှုံးနိမ့်ခဲ့ကြသည်။ ရှမ်းဖေးယူက ထိုမြင်ကွင်းကို မြင်သောအခါ သူ၏မျက်နှာက ဒေါသကြောင့် နီရဲလာပြီး သူ၏ ကိုယ်ရောင်ကိုယ်ဝါကလည်း လွန်စွာ ရုန့်ရင်းကြမ်းတမ်း လာသည်။

သည်မတိုင်မီက သူက ဝမ်မိသားစု၏ ပြိုင်ပွဲဝင်များ အားလုံးကို ရှင်းပစ်မည်ဟု ပြောခဲ့သည်။ ထိုစကားကို ပြန်တွေးမိလျှင် အဓိပ္ပာယ် ကင်းမဲ့သည်ကို တွေ့ရှိရသည်။ နေ့ယွန်နှင့် ရီရှောင်တို့က ဝမ်မိသားစု၏ အကူတစ်ယောက်မျှကိုပင် အနိုင်မယူနိုင်ခဲ့ကြပေ။

ဖန်းမိသားစုနှင့် လျှပ်စီးကလန်တို့ကလည်း ဖြစ်ပျက်သမျှအား မယုံနိုင် ဖြစ်နေကြသည်။ အမှန်တကယ်အားဖြင့် ထိုအဖြစ်အပျက်များက ခဏအတွင်းတွင် ဖြစ်သွားခြင်း ဖြစ်ပြီး သက်ရောက်မှုက လွန်စွာ ကြီးမားပေသည်။

ရီဖူရှင်း၏ အကြည့်က တစ်ဖန် ဖန်းမိသားစုနှင့် လျှပ်စီးကလန်တို့ထံ ရောက်သွားကာ သူက မေးသည်… “မင်းတို့နှစ်ဖွဲ့ ဒုတိယနဲ့ တတိယကို ဘယ်သူယူမလဲ… မင်းတို့ဘာသာ ဆုံးဖြတ်မလား… ငါတို့ ဆုံးဖြတ်ပေးရမလား…”

လေရှင်းထန်နှင့် ဖန်းယွီတို့ နှစ်ယောက်လုံးက မျက်နှာက သိပ်မကောင်း ကြတော့ပေ။ သူတို့က အချင်းချင်း ကြည့်ကြသည်။ ထို့နောက် လေရှမ်းထန်က ရှမ်းဖေးယူကို ကြည့်ကာ ပြောသည်… “ရှမ်းဖေးယူ… မင်းက သူ့ကို ရင်ဆိုင်ပြီး အချိန် နည်းနည်းဆွဲထား…. ဖန်းယွီ… ငါတို့နှစ်ယောက်က ပွဲကို မြန်မြန် ဖြတ်ကြမယ်…”

“ကောင်းပြီ…” ရှမ်းဖေးယူက အေးစက်စွာ ပြန်ပြောသည်။

“ပြဿနာ မရှိဘူး…” ဖန်းယွီကလည်း ခေါင်းညိတ်သည်။ သူ ရင်ဆိုင်နေရသော သူကား အန္တရာယ် အနည်းဆုံးဟု ခံစားရသော ရီဝူချင်းဖြစ်သည်။

ယူချင်းက အလွန် အားကောင်းသော်လည်း လျှပ်စီးကလန်မှ အကူနှစ်ယောက်အပြင် လျှပ်စီးကလန်မှ ပင်မမျိုးရိုး၏ အတော်ဆုံး ပါရမီရှင်တစ်ယောက် ဖြစ်သော လေရှမ်းထန်အနေဖြင့် ယူချင်းအား အချိန်တိုအတွင်း အနိုင်မယူနိုင်လျှင်ပင် သူ့အား ထိန်းချုပ် ထားနိုင်လောက်ပေသည်။ ရှမ်းဖေးယူက ရီဖူရှင်းအား အချိန်ဆွဲထားနိုင်သရွေ့ သူတို့တွင် အခွင့်အရေး ရှိပေသည်။ ဒုတိယနှင့် တတိယ နေရာမျှလောက်နှင့် သူတို့က သိပ်ကျေနပ်ခြင်း မရှိပေ။

လျှပ်စီးကလန်နှင့် ဖန်းမိသားစုတို့က တိုက်ခိုက်ကာ ဒုတိယနှင့် တတိယနေရာကို ရွေးချယ်ခိုင်းခြင်းကာ ဘာကို ဆိုလိုသနည်း။ ရီဖူရှင်းနှင့် သူ့အဖွဲ့က သည်အတိုင်း ပွဲကြည့်ကာ ဘာမှ အားမထုတ်ရဘဲ ပထမ ရယူသွားမည် ဆိုသည့် သဘောပင်။

“လုပ်တော့…” လေရှမ်းထန်က အော်လိုက်ကာ သူကလည်း ယူချင်းထံသို့ ပြေးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် ဖန်းယွီနှင့် တခြား တန်ခိုးရှင်နှစ်ယောက်ကလည်း ရီဝူချင်းထံ ပြေးဝင်သွားပြီး ရှမ်းဖေးယွန်က ရီဖူရှင်းထံသို့ လျှောက်သွားသည်။

“ဘာလို့ ဒီအထိ သွားချင်ရတာလဲ…” ရီဖူရှင်းက သက်ပြင်းချသည်။ ရှမ်းဖေးယူက သူ့ထံ လျှောက်လာနေရင်းက ကြောက်မက်ဖွယ် ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ် လာနေသည်ကို သူမြင်သည်။ သူ၏ သက်စောင့်ဝိညာဉ်နှင့် ဓမ္မ ထွက်ပေါ်လာသည်။ သို့သော် ရီဖူရှင်းအတွက်မူ ထိုအရာများက သာမန်မျှသာ...။

မရေမတွက်နိုင်သော နွယ်ပင်များက ရွှေရောင် လျှပ်စီးများအလား ရှမ်းဖေးယူထံသို့ တိုးဝင်သွားကြသည်။

ရှမ်းဖေးယူက လျှပ်စီး၏ အမြန်နှုန်းဖြင့် ရွေ့လျားနေခြင်း ဖြစ်သည်။ သို့သော်လည်း နွယ်ပင်များက သူ့ထက် မြန်ဆန်သည်။ ရီဖူရှင်းအား ဗဟိုထား၍ နွယ်ပင်များက တိုက်ပွဲစင်မြင့် တစ်ခုလုံးကို နေရာယူထားကြကာ ရှမ်းဖေးယူထံသို့ တိုးဝင်သွားကြပြီး နေရာအနှံ့မှ ပိတ်ဆို့ထားကြသည်။

ရှမ်းဖေးယူက မာန်တစ်ချက် သွင်းလိုက်သည်။ သူ၏ အမူအရာက လွန်စွာ ခက်ထန်နေသည်။ သူက ပြင်းထန်စွာ တိုက်ခိုက်ပြီး နွယ်ပင်များ ကြားထဲမှ ဖောက်ထွက်ရန် ကြိုးစား၏။ သို့သော် သူ အလွန် ဂုဏ်ယူခဲ့ရသော သူ၏စွမ်းရည်ကား နွယ်ပင် အနည်းငယ်မျှကိုသာ ဖြတ်တောက်နိုင်ခဲ့ကာ ကျန်ရှိနေသော နွယ်ပင်များက နောက်ဆုံးတွင် သူ၏ခန္ဓာကိုယ်အား အထပ်ထပ် ရစ်ပတ် သွားကြတော့သည်။ သူ၏အမူအရာကလည်း လူသေကောင်အလား ဖြူရော့သွားသည်။

ဘယ်လိုဖြစ်ရတာလဲ...။

ရှမ်းဖေးယူကလည်း ရီရှောင်ကဲ့သို့သော တူညီသော ကံကြမ္မာနှင့် ကြုံတွေ့ခဲ့ရကာ သူ့အား လေထဲတွင် တွဲလောင်း ချိတ်တွဲထားခြင်းကို ခံရသည်။

“ဒါ မင်းတတ်နိုင်တာလား…” ရီဖူရှင်းက ရှမ်းဖေးယူအား တည်ငြိမ်စွာ ကြည့်ကာ ပြောသည်။ သူက ယွန်ယွဲ့စင်မြင့်ပေါ်ကို တက်လိုက်သည်နှင့် ရှမ်းဖေးယူက သူ့အား ရည်ရွယ်ချက်ရှိရှိဖြင့် တိုက်ခိုက်တော့မည်ကို ရီဖူရှင်းက သိသည်။

ယွန်ယွဲ့ကုန်သည် အုပ်စုက သည်မတိုင်မီက ရီဖူရှင်းတို့အား တစ်ကြိမ် အရှက်တကွဲ နှင်ထုတ်ထားပြီး ဖြစ်ကာ ယခု ယွန်ယွဲ့ပြိုင်ပွဲတွင် သူတို့အား ထပ်မံမြင်တွေ့ရာ ရှမ်းမောင်နှမတို့က နောက်တစ်ဖန် အကွက်ချ ကြံစည်တော့မည်ကို ရီဖူရှင်းသိသည်။ သို့သော် သည်တစ်ကြိမ်ကား ကွာခြားပေသည်။

ရီဖူရှင်းက ယွန်ယွဲ့ကုန်သည် အုပ်စုဘက်သို့ အေးစက်စွာ ကြည့်သည်။ သူက ရီရှောင်၏ ခန္ဓာကိုယ်ကို နွယ်ပင်များဖြင့် ရစ်ပတ်ကာ ယွန်ယွဲ့ကုန်သည် အုပ်စုဘက်ကို လှမ်းသွားသည်။

ရီဖူရှင်းက ရှမ်းဖေးယူအား ချုပ်နှောင်ထားပြီးသော အချိန်တွင် ယူချင်းနှင့် ရီဝူချင်းတို့၏ တိုက်ပွဲကလည်း တစ်ချိန်တည်း ဖြစ်ပျက်နေသည်။

လျှပ်စီးကလန်မှ အဖွဲ့က ယူချင်းထံသို့ ပြေးဝင်လာကြကာ အကူနှစ်ယောက်က ရှေ့ဆုံးမှဖြစ်ပြီး လေရှမ်းထန်က နောက်မှနေ၍ လျှပ်စီးအလင်းတန်း တိုက်ကွက်ဖြင့် ယူချင်းထံသို့ ထုတ်လွှတ်ကာ တိုက်ခိုက်ရန် ကြိုးစားသည်။ တခြားနှစ်ယောက်၏ တိုက်ခိုက်မှုများကလည်း ကြောက်မက်ဖွယ် ကောင်းပေသည်။ သူတို့က စတင်ကတည်းကပင် သက်စောင့်ဝိညာဉ်များနှင့် ဓမ္မများကို အသီးသီး ထုတ်ဖော်ကြကာ အပြင်းထန်ဆုံးသော တိုက်ကွက်များကို ထုတ်ဖော်ကြသည်။

နက်ရွှေရောင် အလင်းတစ်ခုက ယူချင်း၏ ခန္ဓာကိုယ်တွင် စတင် စီးဆင်းလာကာ ကြမ်းတမ်းသော ကိုယ်ရောင် ကိုယ်ဝါများ စတင် ထွက်ပေါ်လာသည်။ တန်ခိုးရှင် နှစ်ယောက်၏ တိုက်ခိုက်မှုများကို ရှောင်ဖယ်မည့်အစား ယူချင်းက သူတို့နှစ်ယောက်ထံသို့ လှမ်းသွားကာ လက်မောင်းများကို လှမ်းဆွဲလိုက်သည်။

“ဟူး…” ယူချင်းက လူတစ်ယောက်ကို လက်တစ်ဖက်စီဖြင့် ပုရွက်ဆိတ်များအလား ဆွဲကိုင်ကာ လေထဲကို ပျံတက်သွားသည်။ ထိုအခိုက်တွင် လူတိုင်းက ထိုတန်ခိုးရှင် နှစ်ယောက်အား လုံးဝ လျစ်လျူ ရှုထားကြပြီး ဖြစ်သည်။ ယူချင်း၏ ရှေ့တွင် သူတို့က မည်သို့ ပါရမီရှင်များဟု ခေါ်ဆိုနိုင်မည်နည်း...။

ယူချင်းက လူနှစ်ယောက်အား ဆွဲကိုင်ကာ လေရှမ်းထန်ရှိနေရာ မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်လာသည်။

“ရွှီး.. ရွှီး…” ကောင်းကင်မှ တစ်ဆင့် ယူချင်းထံသို့ ခရမ်းရောင် လျှပ်စီးများ ဆင်းသက် လာသော်လည်း ယူချင်း၏ခန္ဓာကိုယ်မှ နက်ရွှေရောင် အလင်းများကိုပင် ဖောက်ထွင်းနိုင်စွမ်း မရှိဘဲ ယူချင်း သယ်ဆောင်လာသော တန်ခိုးရှင်များကိုသာ ပိုမိုဒဏ်ရာ ရစေသည်။

“ဘန်း…” ယူချင်း၏ ဆင်းသက်လာသော အရှိန်အဟုန်ကြောင့်ပင် လေရှမ်းထန်အား ပြင်းထန်စွာ တုန်ခါစေသည်။

“ယား..”

လေရှမ်းထန်က ကျယ်လောင်စွာ တစ်ချက် မာန်သွင်းက ဟန်ချက်ကို ထိန်းလိုက်သည်။ ချက်ချင်းပင် သူ၏ခန္ဓာကိုယ်အား လျှပ်စီးများ လည့်ပတ် စီးဆင်းသွားကာ မိုးကြိုးနတ်ဘုရားအလား ထင်မှတ်ရစေသည်။ သို့သော်လည်း ယူချင်းက သတိထားမိဟန်ပင် မတူဘဲ ရှေ့ကို တစ်လှမ်းတိုးကာ ကန်ကျောက် လိုက်သည်။ မြန်ဆန်စွာပင် လေရှမ်းထန်က သူ၏လက်နှစ်ဖက်ကို ပေါင်းစပ်ကာ လျှပ်စီးလုံးတစ်ခု ဖန်တီးလျက် ယူချင်း၏ ခြေထောက်သို့ ပစ်လွှတ်လိုက်သည်။

ဘန်းခနဲ မြည်သံနှင့်အတူ လေရှမ်းထန်၏ ပါးစပ်မှ သွေးများ ယိုစီးကျလျက် မြေပြင်ပေါ်တွင် ဒူးထောက်နေသည်ကို မြင်ရသည်။ တခြား တန်ခိုးရှင်နှစ်ယောက်မူကား မြေပြင်ပေါ်တွင် ဖရိုဖရဲ လဲလျောင်းနေသည်ကို မြင်ကြရသည်။

“သူက အရမ်း အားကောင်းတယ်…” လေရှမ်းထန်က ခေါင်းမော့ကာ ယူချင်းအား ကြည့်သည်။ ယူချင်းက သူ့ရှေ့တွင် လာရပ်သော အချိန်တွင်မှ ယူချင်းက သူ့အား ညှာလိုက်ခြင်း ဖြစ်ကြောင်းကို သိလိုက်သည်။ မဟုတ်လျှင် သူ၏အခြေအနေက ကောင်းမည် မဟုတ်ပေ။

“ကျုပ်... အရှုံး... ပေး..” လေရှမ်းထန်က တွန့်ဆုတ်စွာဖြင့် အော်ဟစ်ရန် ပြင်လိုက်သော်လည်း ယူချင်းက သူ၏လည်ပင်းကို လာရောက် ဆုပ်ကိုင်ကာ မောက်မာစွာ ပြောသည်… “မင်းရဲ့ အလှည့်ကို စောင့်ဦး..”

လေရှမ်းထန် အသံ မထွက်နိုင်တော့...။

သည်ပြိုင်ပွဲ၏ နောက်ဆုံးနေရာက ယွန်ယွဲ့ကုန်သည် အုပ်စုအတွက်ဖြစ်သည်။ လေရှမ်းထန်က ပြိုင်ပွဲမှ အရှုံးပေး ထွက်ခွာလိုလျှင်ပင် ယူချင်းက သဘောတူမည်မဟုတ်ပေ။ သည်ပြိုင်ပွဲ၏ အဆင့် သတ်မှတ်ချက်အား ရီဖူရှင်းက သတ်မှတ်မည်...။

***

ရီဝူချင်းဘက်တွင်ကား ဖန်းယွီက လေဓာတ်စွမ်းအင်များကို သုံးလျက် ရီဝူချင်းကို လှည့်ပတ်နေကြသည်။ သူတစ်ယောက်တည်းသာ မဟုတ်ဘဲ နောက် တန်ခိုးရှင် နှစ်ယောက်လည်း ဖန်းယွီ၏ လေဓာတ် အထောက်အပံ့ အားကိုးဖြင့် မြန်ဆန်စွာ လှုပ်ရှားကာ ချောင်းမြောင်း နေကြသည်။

ရီဝူချင်းမူကား တစ်ဖက်တည်းသော လက်ဖြင့် ဓားတစ်လက်ကို ကိုင်ကာ မျက်လုံးကို မှိတ်ထားလျက်ပင် တည်ငြိမ်စွာ ရပ်နေသည်။

“တိုက်တော့…” ဖန်းယွီက ပါးစပ်ဟလိုက်သည်နှင့် ရီဝူချင်းက လှုပ်ရှားသည်။ သူတို့မြင်လိုက်သည်ကား ဓားအလင်းတစ်ချက်ပင်...။ ချက်ချင်းပင် ဖန်းယွီနှင့် သူ၏အဖော်များက ရီဝူချင်း၏ဓားက သူတို့၏လည်ပင်းပေါ်ကို ရောက်ရှိပြီး ဖြစ်သည်ဟု ခံစားလိုက်ကြရသည်။

သူ၏ဓားက အမှန်ပင် ဖန်းယွီ၏ လည်ပင်းပေါ်တွင် ရောက်ရှိနေသည်။ တခြား နှစ်ယောက်မူကား သူတို့၏ လည်ပင်းပေါ်တွင် သွေးစအနည်းငယ် ထွက်နေသည်ကို မြင်ကြရသည်။ ထိုဓားချက်ကသာ အနည်းငယ်မျှ အထဲကို နစ်ဝင်ခဲ့လျှင် သူတို့ကား သေဆုံးသွားပြီး ဖြစ်ရပေမည်။ ဓားတစ်ချက်က အားလုံးကို အဆုံးသတ်ရန် လုံလောက်ပေသည်။

ချပ်… ချပ်… ချပ်…

တိတ်ဆိတ်နေသော ထိုနေရာ တစ်ခုလုံးတွင် ရီဖူရှင်း၏ ခြေသံကိုသာ ကြားကြရသည်။ ယူချင်းနှင့် ရီဝူချင်းတို့၏ တိုက်ပွဲက ပြီးဆုံးသွားသော်လည်း သူက ထိုမျှ တိုတောင်းသော အကွာအဝေးကို လမ်းလျှောက်၍ မပြီးသေးပေ။ ထိုမျှလောက်သော အချိန်က တိုက်ပွဲ ကြာမြင့်ချိန် ဖြစ်ပေသည်။

နောက်ဆုံးတွင် ရီဖူရှင်း၏ ခြေသံက ရပ်သွားသည်။ သူက လူနှစ်ယောက်အား နွယ်ပင်များဖြင့် ရစ်ပတ်လျက် ယွန်ယွဲ့ကုန်သည် အုပ်စုဘက်သို့ မျက်နှာမူ၍ လျှောက်လာသည်။

“ဘယ်သူက တတိယ ယူမလဲ…” သည်မတိုင်မီက ပြောခဲ့သော စကားကို လူတိုင်းက သတိရကြသည်။

***

All Chapters