နတ်ဘုရား ကျာပွတ်နဲ့ နတ်ဆိုး မိန်းမပျို
Vol. 18 Ch. 241
ဟုမင်၊ ရှင်းဝူဟန်နဲ့ လျိုကျင်းယွန်တို့ သုံးယောက်ထဲမှာ အရှက်အကွဲဆုံး လူကို ပြပါဆိုရင် လျိုကျင်းယွန်ကိုပဲ ပြရမှာပါ။
ဟုမင်က လီဖူချန်းကို ပထမဆုံး စိန်ခေါ်တဲ့သူ ဖြစ်တဲ့အတွက် လီဖူချန်းရဲ့ အစွမ်းအစကို သေသေချာချာ မသိသေးလို့ ဆိုပြီး အကြောင်းပြချက် ပေးလို့ ရပါတယ်။
ရှင်းဝူဟန်ကတော့ အလွန်အမင်း အရှက်ခွဲခံ ရတာရဲ့ ပြယုဂ်တစ်ခုပါ။
ဒါပေမဲ့ ... လျိုကျင်းယွန်ရဲ့ အဖြစ်အပျက် ကတော့ ရှင်းဝူဟန်ထက်ကို ပိုဆိုးပါတယ်။ သူ့ရဲ့ အဘွားတောင်မှ သည်အဖြစ်အပျက်ကို သိရင် ရှက်လွန်းလို့ သတ်သေသွားနိုင်တဲ့ အဆင့် အထိပါပဲ။ ပြီးရင် သူ့အဖေကလည်း သူ့ကို အိပ်ရာထဲက မထနိုင်တောတဲ့ အထိ ဆော်ဦးမှာပါ။ သူ့ရဲ့ အမေကတော့ သူ့ကို သားအရင်း မဟုတ်ဘဲ မွေးစား ထားတာဟု ကြော်ငြာရင် ကြော်ငြာနေ လောက်ပါတယ်။
ဝေါ့ ...
စဉ်းစားရင်းနဲ့ လျိုကျင်းယွန်က ဘယ်လိုမှ မခံစားနိုင်တော့တဲ့ အတွက် သွေးတစ်လုတ် ထပ်အန်လိုက် ရပြန်ပါပြီ။ သူ့ရဲ့ မျက်လုံးတွေက လုံးဝကို အသက်မဲ့ နေပါတော့တယ်။
ဆောင်းဦးမိုးစက် တောင်ပေါ်မှာ ရှိနေတဲ့ လူတွေအားလုံး ကလည်း ကျောက်ရုပ်ကြီးတွေ အလား ရပ်နေပြီး လီဖူချန်းကို ကြောင်ကြည့် နေပါတယ်။
ချောင်းစွယ် တိမ်တိုက်ဂိုဏ်းက ဆီးနှင်း ဓားသမား လျိုကျင်းယွန်တောင်မှ ရှုံးနိမ့် သွားခဲ့ပြီလေ။ ဒါက လုံးဝကို ပြတ်ပြတ်သားသား ရှုံးနိမ့်သွားတာ မဟုတ်ပါလား။
သည်တိုက်ပွဲ မစခင်တုန်း ကတော့ သူတို့အားလုံးက လျိုကျင်းယွန် အနိုင်ရမယ်လို့ ထင်ကြေး ပေးခဲ့ ကြတာပါ။ အခုတော့ ပြောင်းပြန် အနေနဲ့ လီဖူချန်းက လျိုကျင်းယွန်ကို သာသာယာယာလေး အနိုင်ယူ သွားခဲ့ပါပြီ။
“ငါအိပ်မက်များ မက်နေတာ လားဟ။ ငါ့ကို တစ်ချက်လောက် ရိုက်ကြည့်စမ်းပါ”
“ငါတော့ ဘာပြောလို့ ပြောရမှန်းတောင် မသိတော့ဘူးဟေ့။ လီဖူချန်းရဲ့ အကြောင်းကို တစ်ယောက်လောက် သေသေချာချာ ငါ့ကို ပြောပြ ကြပါလား ... ”
“လီဖူချန်းက မြေကမ္ဘာနယ်ပယ် အဆင့်၅ပဲ ရှိသေးတာလေကွာ ...။ သူက ဘယ်လိုလုပ်ပြီး သူ့ထက် အဆင့်၃ဆင့် မြင့်တဲ့ ဆီးနှင်းဓားသမား လျူဝူရှန်းကို အနိုင်ရ သွားရတာလဲ ... ”
“မိုးပြာရောင် ဂိုဏ်းမှာက နာမည်ကျော် ပါရမီရှင်တွေ ဆိုလို့ ဓားအရူး သူတော်နဲ့ ကျားဓားရှင်ပဲ ရှိတာ မဟုတ်ဘူးလား ... ။ သည်လီဖူချန်းက ဘယ်ကနေ ပေါ်လာတာတုံးဟ”
“လခွီးပဲကွာ ... သည်ကောင့်ရဲ့ ဆောင့်ကြွားကြွား မျက်နှာကို ရိုက်နိုင်မယ့်သူ မရှိတော့ဘူး လားဟ”
လီဖူချန်းကတော့ သိုင်းစင်မြင့်ပေါ်မှာ နေပြီး သူတို့ကို မထီမဲ့မြင် အပြုံးဖြင့် စိန်ခေါ် နေသလို ကြည့်နေဆဲပါပဲ။
“ယေး. ... လီဖူချန်းကွ ... ။ မတူရင် လာမတုနဲ့ဟေ့ ...”
ဖန်ကျင်းဆောင်တို့ မောင်နှမကတော့ ကျယ်လောင်စွာ အော်ဟစ်ပြီး အားပေး နေကြပါတယ်။
အရင်အခေါက်တွေ တုန်းကတော့ လီဖူချန်းတစ်ယောက် သေချာပေါက် နိုင်မယ် ဆိုတာကို သိထားတဲ့အတွက် သူတို့က ရင်ကို မခုန်ခဲ့ပါဘူး။
သည်တစ်ခေါက် မှာတော့ လီဖူချန်းက လျိုကျင်းယွန်ကိုတောင် အနိုင်ယူ လိုက်သည်လေ။ ဒါက လုံးဝကို မထင်မှတ်ထားခဲ့တဲ့ အဖြစ်အပျက် တစ်ခုပါပဲ။
သူတို့ရဲ့ ဘေးမှာတော့ ဟောင်ယုရှန်က အတိတ်မေ့တာ လိုလို၊ ရွှေပျောက်တာ လိုလိုဖြင့် မသိချင်ယောင် ဆောင်နေပါပြီ။
“တောက် ... သည်လီဖူချန်းဆိုတဲ့ ကောင်က ဘယ်ကမ္ဘာကနေ ပေါ်လာတာတုံးကွာ ...”
ဟောင်ယုရှန်က ခပ်တိုးတိုး ညည်းညူ လိုက်ပါသေးတယ်။
သည်တစ်ကြိမ် မှာတော့ သူက လီဖူချန်းအပေါ် မှားယွင်းသုံးသပ် မိသွားတယ် ဆိုတာကို လက်ခံ လိုက်ပါပြီလေ။
သည်လီဖူချန်းက သာမန် လူတွေကို သုံးသပ်သလို လုပ်လို့မရတဲ့ ပါရမီရှင်မျိုးပါ။ သူ့ရဲ့ တိုက်ပွဲအပေါ် သုံးသပ်နိုင်မှု ကိုတော့ လျိုကျင်းယွန်တောင် မမီပါဘူး။ လီဖူချန်းရဲ့ သည်ပါရမီ ကိုတော့ ကျားနဂါး စာရင်းဝင်တွေပဲ ယှဉ်နိုင်ပါ လိမ့်မည်။
လီဖူချန်းရဲ့ အစွမ်းအစကို လက်ခံလိုက် ပေမဲ့လည်း ဟောင်ယုရှန်က လီဖူချန်းကို အမြင် မကြည်သေးပါဘူး။ လီဖူချန်းကြောင့် သူက ဖန်မောင်နှမ ရှေ့မှာ သုံးကြိမ်တိတိ အရှက်ကွဲရတာ မဟုတ်ပါလား။
ကျလိ ... ကျလိ ... ခရက် ...
ရှောင်ပိုင် ရှိနေတဲ့ ပွဲကြည့်စင်နဲ့ အဓိက ပွဲကြည့်စင်ပေါ်က လက်ဖက်ရည်ခွက် နှစ်ခုကတော့ ညှစ်ခွဲ ခံလိုက်ရပါပြီ။
အဲသည် လက်ဖက်ရည် ခွက်တွေကို ညှစ်ခွဲလိုက်တဲ့ သူတွေကတော့ ရူကျန်းချီနဲ့ ရှောင်ပိုင်ပါပဲ။
ရူကျန်းချီကတော့ အရှက်ခွဲ ခံရသလို ခံစားရလို့ပါပဲ။ အထူးသဖြင့် ကျင်ခါ့ရှီရဲ့ အရှေ့မှာ ဖြစ်နေတာက ပိုဆိုးပါတယ်။
သူက လီဖူချန်း အပေါ်မှာ သုံးသပ်မှု မှားယွင်းခဲ့တဲ့ အတွက် ခေါင်းကိုတောင် မဖော်ရဲ တော့ပါဘူး။ ရူကျန်းချီက ကျင်ခါ့ရှီ တစ်ယောက် စိတ်ထဲကနေ ကျိတ်ပြီး သူ့ကို လှောင်ပြောင် နေမယ်ဟု ခံစားနေရ ပါတယ်။
ဒါပေမဲ့ သူမ သိတာကတော့ ကျင့်ခါရှီကလည်း သူ့လို အရှက် ရနေတယ် ဆိုတာပါပဲ။
လျိုကျင်းယွန် သိုင်းစင်မြင့်ပေါ်ကို ခုန်ဆင်းသွား ကတည်းက သူမကလည်း သည်တစ်ကြိမ် မှာတော့ လီဖူချန်း တစ်ယောက် သေချာပေါက် ရှုံးပြီဟု တွက်ထားခဲ့သည် မဟုတ်ပါလား။
“ဟင်း ...”
ကျင်ခါ့ရှီက ခေါင်းကို ခါလိုက်ပြီး သူမရဲ့ ထိုင်ခုံရှိရာကို ပြန်လာခဲ့ပြီး လက်ဖက်ရည်ကြမ်း တစ်ခွက်ကို ငှဲ့သောက် လိုက်ပါတော့တယ်။ သူမကလည်း စိတ်တည်ငြိမ်ဖို့ လိုအပ် နေသည်လေ။
ရူကျန်းချီကတော့ မချိပြုံး ပြုံးလိုက်ပြီး ...
“သည်လီဖူချန်း ဆိုတဲ့ကောင်က အရမ်း ကောက်ကျစ်တာပဲ။ သူက တစ်ချိန်လုံး သူ့ရဲ့ တကယ့် အစွမ်းအစကို လျှိုထားတာပဲ။ ဒါကြောင့် သူက ရှင်းဝူဟန်နဲ့ လျိုကျင်းယွန်ကို အသာလေး အနိုင်ယူလိုက် နိုင်တာ ... ။ သည်ကောင်က တကယ့်ထိပ်သီး ပါရမီရှင် တစ်ယောက်နဲ့ တွေ့ဖို့ လိုနေပြီ။ သည်ကောင့်ရဲ့ အစွမ်းလျှို တိုက်တဲ့ပုံက တကယ့်ထိပ်သီး ပါရမီရှင် တစ်ယောက်နဲ့ တွေ့ရင်တော့ တန်းသေမှာပဲ”
ကျင့်ခါ့ရှီကတော့ ရူကျန်းချီရဲ့ မှတ်ချက်ကို ငြင်းဆို လိုက်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူမက လီဖူချန်းရဲ့ အစွမ်းအစကို ရိပ်စားမိ သလိုလို ခံစားနေရ လို့ပါပဲ။
'လီဖူချန်းက တိုက်ပွဲ အခြေအနေကို သုံးသပ်တဲ့ နေရာမှာတင် တော်နေတာ မဟုတ်ဘူး။ သူက တစ်ဖက်ရန်သူရဲ့ ဟာကွက်ကို ရှာတဲ့ နေရာမှာပါ တော်နေတာ။ ဒါကြောင့်မလို့ သူက ရှောင်ပိုင်ကို ရန်စတာပဲ ဖြစ်ရမယ်”
ကျင်ခ့ါရှီက သူမ၏ အတွေးတွေကို ရူကျန်းချီကို ဖွင့်မပြောဘဲ စိတ်ထဲမှာပဲ ထားလိုက်ပါတယ်။
ရှောင်ပိုင်ကတော့ သူညှစ်ခွဲထားတဲ့ လက်ဖက်ရည်ခွက်ကို မြေကြီးပေါ်ကို ပေါက်ချ လိုက်ပါပြီ။ ထို့နောက်မှာတော့ သူက မျက်နှာသေ ကြီးဖြင့် အဓိက ပွဲကြည့်စင်ပေါ်က ကျင်ခါ့ရှီကို စိုက်ကြည့် နေပါတော့တယ်။
နောက်ထပ် အသက်ရှူချိန် အနည်းငယ် ကြာတဲ့ အထိတောင်မှ ရှောင်ပိုင်က သိုင်းစင်မြင့်ပေါ်ကို ခုန်ဆင်း မသွားခဲ့ပါဘူး။
သည်လို အခြေအနေမှာ သူက သိုင်းစင်မြင့်ပေါ် ဆင်းပြီး လီဖူချန်းကို သတ်လိုက်မယ် ဆိုရင် အခြား လူတွေကတော့ ဘာမှပြောမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျင်ခ့ါရှီကသာ နောက်ထပ် တစ်ခေါက် ထပ်တားဆီးခဲ့မယ် ဆိုရင်တော့ သူသာ သိက္ခာကျရမည် မဟုတ်ပါလား။
အခုဆိုရင် အခြားလူတွေရဲ့ အမြင်မှာ သူက လူကြီးလူကောင်း တစ်ယောက် ဆန်ဆန် ပြုမူနေတာလေ။ သူက ကျင်ခါ့ရှီရဲ့ မေတ္တာ ရပ်ခံမှုကြောင့် လီဖူချန်းရဲ့ စော်ကားမှုကို သည်းခံထားသည့်ပုံ ဖြစ်နေသည် မဟုတ်ပါလော။ ရှောင်ပိုင်သာ သိုင်းစင်မြင့်ပေါ်ကို နောက်တစ်ခေါက် ဆင်းသွားလို့ အလားတူ ဖြစ်ရပ်မျိုး ထပ်ဖြစ်လာခဲ့မယ် ဆိုရင်တော့ ကျင်ခါ့ရှီကို ကြောက်လို့ဆိုသည့် အမြင်မျိုးကို လူတွေက မြင်လာ နိုင်ပါသေးတယ်။ အဲသည်အခါ ကျရင်တော့ သူ့ရဲ့ သိက္ခာတွေ ကလည်း ရေစုန်မျော သွားတော့မှာပါ။
'ထိုင်နေရင် အကောင်းသား ... ထသွားမှ ကျိုးမှန်းသိ ' ဆိုတဲ့ အဖြစ်မျိုးကိုတော့ ရှောင်ပိုင်က မဖြစ်ချင်ပါဘူး။
သူလှုပ်ရှားတာနဲ့ လီဖူချန်းက သေချာပေါက် သေမှကို ဖြစ်မှာပါ။ တကယ်လို့ လီဖူချန်းကသာ မသေဘူးဆို ရင်တော့ သူသာ ပြန်ပြီး အရှက်ကွဲမှာပါ။
ဒါကြောင့် ဘာမှ မလှုပ်ရှားတော့ပဲ ကျင်ခ့ါရှီရဲ့ မျက်နှာကြောင့် လီဖူချန်းကို သည်းခံ နေသည့်ပုံ ဖမ်းတာကပဲ အကောင်းဆုံး ဖြစ်မယ်လို့ ရှောင်ပိုင်က ဆုံးဖြတ် လိုက်ပါတော့တယ်။
“ဘယ်သူ ငါ့ကို စိန်ခေါ် ချင်သေးလဲ ... ။ သတ္တိရှိရင် စင်ပေါ်ကို လာခဲ့စမ်း ...”
လီဖူချန်းကတော့ သိုင်းစင်မြင့်ပေါ် ကနေ မထီမဲ့မြင် ပုံစံမျိုးနဲ့ အကုန်လုံးကို ပတ်ပြီး စိန်ခေါ်နေပါပြီ။
လီဖူချန်း ဘက်ကနေ ကြည့်တော့လည်း ဟုတ်ပါသည်လေ။ သူက သူ့ကိုယ်သူ ယုံကြည်မှု ရှိလို့ ရှောင်ပိုင်ကို ပြန်ပြောတာကို လူတွေ အကုန်လုံးက သူ့ကို လေကြီးလေကျယ် ပြောတဲ့သူ ဆိုပြီး သတ်မှတ်ကာ တစ်ယောက်ပြီး တစ်ယောက် ဆုံးမဖို့ ကြိုးစားနေကြသည် မဟုတ်ပါလား။
အခုချိန်မှတော့ လီဖူချန်းက နောက်မဆုတ်တော့ပါဘူး။
'တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်'ပါပဲ။
အဆုံးမှာတော့ နံမှာက နံမှာပါပဲလေ။
“အားယား ... သည်ကောင်က အရမ်းကို ကြီးကျယ်နေတာပဲ။ သူက လက်ဖက်ရည် ပွဲတော်ရဲ့ အိမ်ရှင်ဖြစ်တဲ့ ကျင်ခါ့ရှီကြောင့် ရှောင်ပိုင် ဆင်းမလာ နိုင်တာကို အခွင့်ကောင်း ယူပြီး အကုန်လုံးကို စော်ကားနေတာပဲ။ တစ်ယောက်ယောက်လောက် ထွက်ပြီး သည်ဘဝင်ရူးကို ဆုံးမ ကြပါဦးဟ”
“မင်းအမေလင်မလို့ တနေတာလား ...။ မင်းသတ္တိရှိရင် စင်ပေါ်ကို သွားလိုက်လေ။ လျိုကျင်းယွန်တောင် ရူးသလို ကြောင်သလို ဖြစ်သွားတာ မင်းမတွေ့ဘူးလား ...။ သည်ကောင့်ကို နိုင်မယ့် သူတွေက ကျားနဂါး စာရင်းဝင်တွေက လွဲလို့ အခြားသူ မရှိတော့ဘူးကွ”
“ဟင်း ... မင်းပြောတာ မှန်တယ်”
ပွဲကြည့်စင်တွေပေါ် မှာတော့ ရွှေအဆင့် တိုက်ရိုက် တပည့်တွေက အကြီးအကျယ် ဆွေးနွေးနေ ကြပါပြီ။
သူတို့က စင်ပေါ်မှာ ဆောင့်ကြွားကြွား ရပ်နေတဲ့ လီဖူချန်းကို မမြင်လိုတော့ ပေမဲ့လည်း ဘယ်သူမှ အရှက်ကွဲခံပြီး သိုင်းစင်မြင့်ပေါ်ကို မသွားချင် ကြပါဘူးလေ။
“လီဖူချန်း ... မင်းအသာ ရနေတဲ့အချိန်မှာ ဆင်းလာခဲ့တာ ကောင်းမယ်နော် ...”
ဖန်ကျင်းဆောင် ကတော့ သူ့ရဲ့ ချီအတွင်းအားနဲ့ လီဖူချန်းကို လှမ်းသတိပေး လိုက်ပါတယ်။ သူက လီဖူချန်းတစ်ယောက် သည်ထက်ပိုပြီး ရန်သူများ လာမှာကို ကြည့်မနေ နိုင်တော့ပါဘူး။
“ကျင်ခ့ါရှီ နင်က အရမ်း အားလပ်ချိန်တွေ ပေါနေတယ်ပေါ့လေ။ ငါထန်ရှိယီ ရှိနေတာတောင်မှ နင်က မခန့်လေးစားနဲ့ ဆောင်းဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်ရဲ့ အိမ်ရှင်အဖြစ် တာဝန်ယူထား လိုက်သေးတယ်။ အခုချက်ချင်း နင်တာဝန် ယူထားတဲ့ လက်ဖက်ရည် ပွဲတော်ကို ရပ်လိုက်စမ်း"
ညှို့ဓာတ် ဆွဲဆောင်မှု အားကောင်းလှတဲ့ မိန်းမချော တစ်ယောက်က တောင်ထိပ်မှာ ပေါ်လာပါတယ်။
ထိုမိန်းမပျိုက ပွဲကြည့်စင် တစ်ခုရဲ့ ခေါင်မိုးပေါ်မှာ ရပ်နေပြီး ကျင်ခ့ါရှီကို ပြောလိုက်တာပါ။
သည်မိန်းမပျိုက အသက်၂၀လောက်ပဲ ရှိဦးမည့် ပုံပါပဲ။ သူမနဲ့ ကျင်ခ့ါရှီက သက်တူရွယ်တူ ပါပဲလေ။ သူမက ကျင်ခါ့ရှီရဲ့ အလှကို မီဖို့ အနည်းငယ် လိုသေးပေမဲ့လည်း သူမမှာ ကိုယ်ပိုင် အားသာချက် ရှိနေပါသေးတယ်။ အဲဒါကတော့ အရမ်း ညှို့အားကောင်းပြီး ဆန့်ကျင်ဘက်လိင် ပုရိသတွေကို ရာဂစိတ်တွေ ထကြွလာအောင် လှုံ့ဆော် နေနိုင်တာပါပဲ။
အနက်ရောင် မိစ္ဆာသားရဲ အရေခွံကို ဝတ်ဆင်ထားတဲ့ မိန်းမပျိုရဲ့ ရွှေရင်အစုံ မို့မို့က ယောက်ျားသားတွေကို ရင်ခုန်နှုန်း မြန်စေသည့် အပြင် သူမရဲ့ တင်းရင်း လှပနေတဲ့ ပေါင်တံ အလှကလည်း မဟာပုရိသ အပေါင်းကို အာခေါင်တွေ ခြောက်ကပ် လာစေတယ်လေ။
“အိုး ... သူမက နတ်ဘုရားကျာပွတ် နတ်ဆိုး မိန်းမပျို ထန်ရှိယီဟ။ ကျားနဂါး စာရင်းထဲမှာ အဆင့်၈၉ ရှိတယ်။ မင်းတို့ရဲ့ ခေါတောအား တစ်ထောင် အကြည့်တွေကို အမြန် ရုပ်သိမ်းကြ”
“သူမက ကျင်ခ့ါရှီရဲ့ ကမ္ဘာရန်ပဲ။ သူတို့နှစ်ယောက် တွေ့လိုက်တိုင်းမှာ ရန်မဖြစ်တဲ့ အခါဆိုတာ မရှိသလောက်ပဲ”
“ငါကြားတာ ကတော့ အရင် တစ်ခေါက်တုန်းက သူတို့နှစ်ယောက် တိုက်ပွဲမှာ ထန်ရှိယီ ဒဏ်ရာရ သွားတယ်တဲ့။ သူမက ကျင်ခ့ါရှီကို ကလဲ့စား ပြန်လာချေတာပဲ ဖြစ်ရမယ်”
“ပွဲကြီး ပွဲကောင်းပဲဟေ့”
လူတွေအားလုံးက တန်ရှိယီရဲ့ နာမည်ကို ကြားဖူးပြီးသားပါပဲ။
ကျင်ခါ့ရှီက မတ်တတ် ထရပ်လိုက်ပြီး ...
“ထန်ရှိယီ ... နင့်မှာ ဘာကိစ္စပဲ ရှိရှိ ... လက်ဖက်ရည်ပွဲတော် ပြီးမှ ရှင်းမယ်။ သည်ပွဲတော် အတွင်းမှာတော့ ပြဿနာ လာမရှာစမ်းပါနဲ့ ...”
“ဟင့် ... ငါက သည်ပွဲတော် အတွင်းမှာပဲ ပြဿနာရှာချင်တယ် ဆိုရင်ကော နင်ဘာ တတ်နိုင်လဲ ...”
အရိုးဖြူ ကျာပွတ်တစ်ခုက ထန်ရှိယီရဲ့ လက်ထဲမှာ ပေါ်လာခဲ့ပါပြီ။
သူမရဲ့ လက်ကို တစ်ချက် လှုပ်လိုက်တဲ့ အခါမှာတော့ အရိုးဖြူ ကျာပွတ်က ကျင်ခ့ါရှီဆီကို ဦးတည်သွား ပါတော့တယ်။ သူမရဲ့ ကျာပွတ် ရိုက်ချက်က မိုးခြိမ်းသံ အလား ကျယ်လောင်လှပြီး လေဟာနယ်တွေကိုပါ အက်ကွဲသွားစေ ပါတယ်လေ။
“ပန်းပွင့်တစ်ရာ ချိပ်ပိတ်စမ်း”
လေထုထဲမှာ ပန်းပွင့်လေးတွေ ဖြစ်ပေါ်လာပြီး ထန်ရှိယီရဲ့ ကျာပွတ် ရိုက်ချက်ကို ခုခံသွား ခဲ့ပါတယ်။
ကျင်ခ့ါရှီက အေးစက်စက် လေသံဖြင့် ...
“ထန်ရှိယီ ... နင် အရမ်း မလွန်လာနဲ့ ... "
“အဆုံးမဲ့ ရိုက်ချက်”
ထန်ရှိယီက ကျင်ခါ့ရှီကို ကျာပွတ်နဲ့ပဲ စကားပြန် ပြောချင်သည့် ပုံပင်။
သူမရဲ့ ကျာပွတ် ရိုက်ချက်တွေက ဖြာထွက် လာခဲ့ပြီး ကျင်ခ့ါရှီကို လွှမ်းခြုံ သွားခဲ့ပါပြီ။
ဒုန်း ...
အဲသည် အချိန်မှာပဲ သိုင်းစင်မြင့်ပေါ်ကို လူရိပ်တစ်ရိပ် ခုန်ဆင်း လာခဲ့ပါတယ်။
ထိုလူရိပ် ကတော့ ရှောင်ပိုင်ပါပဲ။
သူက နတ်ဘုရားကျာပွတ် နတ်ဆိုးမိန်းမပျို ထန်ရှိယီနဲ့ ကျင်ခ့ါရှီတို့ တိုက်ခိုက် နေတာကို အခွင့်ကောင်းယူပြီး လီဖူချန်းကို သတ်ဖို့ ဆုံးဖြတ် လိုက်တာပါ။
“လီဖူချန်း ... အခုမင်းကို ဘယ်သူ ကယ်နိုင်ဦး မှာလဲ ...။ သေစမ်း ...”
ရှောင်ပိုင်က သည်အခွင့်အရေးကို စောင့်နေတာ အရမ်း ကြာခဲ့ပါပြီလေ။ ထန်ရှိယီနဲ့ ကျင့်ခါ့ရှိတို့ နှစ်ယောက်တိုက်ပွဲက အနည်းဆုံးတော့ သိုင်းကွက် တစ်ရာလောက် ကြာဦးမှာပါ။
သည်အချိန် အတွင်းမှာတော့ သူက လီဖူချန်းကို သေချာပေါက် သတ်နိုင်ပါတယ်။ ကျင်ခါ့ရှီကလည်း လီဖူချန်းကို သတ်လိုက်တဲ့ အတွက် သူ့ကို အပြစ်တင်ရုံက လွဲပြီး ဘာမှ တတ်နိုင်မှာ မဟုတ်ပါဘူးလေ။
“လီဖူချန်းကတော့ ကံဆိုးပြီဟေ့ ...။ ရှောင်ပိုင်က အခု သူ့ကို အေးအေးဆေးဆေး သတ်လို့ ရသွားပြီ”
“နည်းတောင် နည်းသေးတယ် ...။ ဘယ်သူက သူ့ကို ဆောင့်ကြွားကြွား လုပ်ခိုင်း နေလို့လဲ ...။ သည်သောက်ရူး မြန်မြန်သေရင် ပိုကောင်းတာပေါ့ ...”
“ရှောင်ပိုင် ... အဲသည် ဘဝင်ရူးကို အမြန် သတ်ပါဟ”
လူတွေအားလုံး ကတော့ ရှောင်ပိုင်ကို အားပေး နေပါတယ်။
လီဖူချန်းကတော့ ပွဲကြည့်စင်ပေါ်က လူတွေကို သောက်ဂရုကို မစိုက်ပါဘူး။ သူက ရှောင်ပိုင်ကို မထီမဲ့မြင် ကြည့်လိုက်ပြီး ...
“ရှောင်ပိုင် ... ငါ သည်အခွင့်အရေးကို စောင့်နေခဲ့တာ အရမ်းကြာနေပြီ။ ကျင်ခ့ါရှီက ကြားထဲက ကန့်လန့်ကန့်လန့် ပါနေလို့ မင်း ကံကောင်းနေတာ ...”
***