နတ်ဆိုးမီးတောက် ဓားသိုင်း
Vol. 18 Ch. 242
ရှောင်ပိုင်ရဲ့ အစွမ်းအစကတော့ တကယ်ကို ကောင်းပါတယ်။ ဒါကို လီဖူချန်းတစ်ယောက် ပထမ တစ်ခါကတည်းက ကောင်းကောင်းကြီး သိပြီးပါပြီ။
ဒါပေမဲ့ အဲတုန်းကတော့ လီဖူချန်းက အစွမ်းအစအကုန် မထုတ် ရသေးဘူးလေ။
လီဖူချန်း သူ့ရဲ့ လက်တွေ့ တိုက်ခိုက်နိုင်စွမ်းကို အခုချိန်အထိ လျှိုထားတုန်းပါပဲ။
ပြီးတော့ သူက သံနက် ဓားအဆီအနှစ်ကို ထုတ်သုံးဖို့တောင် ကျန်နေပါသေးတယ်။
အနက်ရောင် တိမ်တိုက်တွေနဲ့ ဆင်တူတဲ့ လက်ဝါးတစ်ခုက လီဖူချန်း အပေါ်ကို ကျဆင်း လာခဲ့ပါပြီ။ သည်လက်ဝါးမှာတော့ ပြင်းထန်လှသည့် ချီဖိအားတွေ ပါဝင်နေတဲ့ အတွက် သိုင်းစင်မြင့်တောင်မှ နည်းနည်းညွှတ်ကျ သွားသည့် ပုံပါပဲ။
ရှောင်ပိုင်က လက်ဝါးကို အားကောင်းစေတဲ့ လျှို့ဝှက် နည်းစနစ်ကိုတောင် ထည့်သုံး ထားတာပါ။ ဒါကြောင့် သူ့ရဲ့ လက်ဝါး ရိုက်ချက်က သာမန်ထက်ကို ၂ဆလောက် ပိုအားပြင်း နေပါသေးတယ်။ သာမန် မြေကမ္ဘာနယ်ပယ် အဆင့်၅ ပညာရှင် တစ်ယောက်သာ သည်လက်ဝါး ရိုက်ချက်ကို ခံလိုက် ရရင်တော့ဖြင့် နေရာမှာတင်ကို သွေးအိုင်အဖြစ် ပြောင်းလဲသွားမှာပါ။ ရှောင်ပိုင်က သည်တစ်ကွက် တည်းဖြင့် လီဖူချန်းကို သတ်ဖြတ်ဖို့ ကြံရွယ်ထားသည့် ပုံပါပဲ။
ကျင်ခါ့ရှီကလည်း ထန်ရှိယန်နှင့် အကြီးအကျယ် တိုက်ခိုက် နေရတဲ့အတွက် လီဖူချန်းကို ကာကွယ်ပေးဖို့ မဖြစ်နိုင်တော့ပါဘူး။
“ပျက်စီးစမ်း"
မီးတောက်နေသည့် ဓားအလင်း တစ်ခုက လီဖူချန်းရဲ့ လက်ထဲကနေ ထွက်ပေါ်လာပြီး ရှောင်ပိုင်၏ လက်ဝါးချီတွေကို လောင်ကျွမ်း သွားစေပါတယ်။
ခရပ် ...
လီဖူချန်းရဲ့ ဓားချက်က လုံးဝကို အနုပညာ ဆန်လွန်းလှပါတယ်။ ဓားဦးက လက်ဝါးရဲ့ အားနည်းချက်ဖြစ်တဲ့ အလယ် ဗဟိုထဲကို တိကျစွာ တိုးဝင် သွားခဲ့တယ်လေ။
ရှောင်ပိုင်ရဲ့ လက်ဝါးချီတွေက တိမ်တိုက်ကြီး တစ်ခုလို ထူထပ် နေပေမဲ့လည်း လီဖူချန်းရဲ့ ဓားချီတွေက လွန်ပူတစ်ခုပမာ ထိုးဖောက်သွားတဲ့ အခါမှာတော့ ပြယ်ပျက် သွားခဲ့ရပါပြီ။
ဒါပေမဲ့လည်း လီဖူချန်းက မမြင်ရတဲ့ နောက်ဆက်တွဲ ရိုက်ချက်တွေ ကပ်ပါလာမှာ စိုးတဲ့အတွက် ဘေးကို လှမ်းခုန် လိုက်ပါသေးတယ်။
ဝုန်း ...
စင်မြင့်က တုန်ခါ သွားခဲ့ပါတယ်။
ကြည့်ရတာ လီဖူချန်းရဲ့ ခန့်မှန်းချက်က မှန်ကန်နေသည့် ပုံပါပဲ။ ရှောင်ပိုင်က သည်လက်ဝါးချက် ထဲမှာ လျှို့ဝှက်နည်းစနစ် တစ်ခုကို သုံးထားခဲ့တယ်လေ။
“လီဖူချန်းက ရှောင်ပိုင်ရဲ့ လက်ဝါး ရိုက်ချက်ကို ရှောင်လိုက် နိုင်တယ်ဟ"
“သူက အချိန် အကြာကြီးတော့ တောင့်ခံ ထားနိုင်မှာ မဟုတ်ပါဘူးကွာ ... ။ ဒါက ပထမ တိုက်ကွက်ပဲ ရှိပါသေးတယ်”
လူတွေ အားလုံးကတော့ အံ့သြသွား ခဲ့ပါတယ်။ ဒါပေမဲ့ လီဖူချန်းရဲ့ အစွမ်းအစကို လက်ခံချင် သေးသည့်ပုံတော့ မရပါဘူးလေ။
'ခွေးသူခိုး ... ကောက်ကျစ်လိုက်တာ ... ဒုတိယ ရိုက်ချက်ကို ပေါ်တင် မရိုက်ရဲတဲ့ကောင်'
လီဖူချန်းရဲ့ မျက်လုံးအစုံကတော့ ကျဉ်းမြောင်း သွားခဲ့ပါတယ်။
လီဖူချန်းကတော့ ရှောင်ပိုင်ကို တော်တော်လေး ချဉ်သွားခဲ့ ပါပြီ။ ရှောင်ပိုင်က ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ နံပါတ်တစ် ရွှေအဆင့် တိုက်ရိုက်တပည့် ဆိုတဲ့ ဂုဏ်သိက္ခာကို တောင်မှ မထောက်တော့ပဲ ပထမ လက်ဝါးရိုက်ချက် ထဲမှာ ဒုတိယ လက်ဝါး ရိုက်ချက်ကို ခိုးကြောင်ခိုးဝှက် ထည့်သွင်းထား ခဲ့သည်လေ။ လီဖူချန်းသာ အသိမစော ခဲ့ရင်တော့ သည်တစ်ကွက် တည်းနဲ့ကို မရဏလမ်းကို လျှောက်နေရ လောက်ပါပြီ။
“ခွေးမသား ... အယုတ်တမာကောင် ... တွေ့ကြသေး တာပေါ့ကွာ"
လီဖူချန်းက အသက်ကို တစ်ဝကြီး ရှူလိုက်ပြီး ကျောရိုးမကြီး ပေါ်မှာ ရေးထွင်းထားတဲ့ သံနက် ဓားအဆီအနှစ် အင်းကွက်ကို အသက်သွင်းဖို့ စတင် ပြင်ဆင်လိုက်ပါတယ်။
လီဖူချန်းရဲ့ မီးနဂါးချီတွေက ကျောရိုးမကြီး ဆီကို ရောက်သွားတဲ့ အခါမှာတော့ သံနက်ဓားချီတွေ အဖြစ် ပြောင်းလဲ သွားခဲ့ပါပြီ။
သည်သံနက် ဓားချီတွေက တိုက်ရိုက် ပစ်လွှတ်လို့ ရသလို ဓားပေါ်သို့ ပို့ဆောင်ပြီး တိုက်ခိုက်လို့လည်း ရပါတယ်။
ရွှမ်း ...
လီဖူချန်းရဲ့ မီးတောက် ဓားချီတွေက ဝဲကတော့ တစ်ခုအသွင် လေထုထဲမှာ လည်ပတ်နေပြီး နောက်မှာတော့ ရှောင်ပိုင်ဆီကို မီးမုန်တိုင်းကြီး တစ်ခုပမာ ပြေးဝင် သွားခဲ့ပါပြီ။
ရှောင်ပိုင်ကလည်း တုံ့ဆိုင်း မနေဘဲ လီဖူချန်းရဲ့ မီးမုန်တိုင်း ဓားချီတွေကို ရိုက်ထုတ်ပစ် လိုက်ပါတယ်။
ဝုန်း ...
ချီအတွင်းအား နှစ်ခု ထိပ်တိုက် အတွေ့မှာတော့ ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်လာပြီး အနီးအနားက ပွဲကြည့်စင်တွေ ကိုတောင် ငလျင်လှုပ်သည့် အလား တုန်ခါ သွားစေပါတယ်။ မသိရင်တော့ သည်ပွဲကြည့်စင်တွေ တောင်မှ အချိန်မရွေး ပြိုကျသွားတော့မည့် အလားပါပဲ။
“အားပါးပါး ... သည်လီဖူချန်းက ရှောင်ပိုင်နဲ့တောင် ထိပ်တိုက် ရင်ဆိုင်နိုင်တဲ့ အစွမ်းအစ ရှိနေတာပဲကွ”
“ဘာတွေ ဖြစ်ကုန်တာလဲဟ ...။ လီဖူချန်းက အစောပိုင်း တိုက်ပွဲတွေမှာ အစွမ်းကုန် မတိုက်တာလား ...”
“အေး ... မင်းပြောတာ ဖြစ်နိုင်တယ်”
လူတွေ အားလုံးကတော့ ဘာပြောလို့ ပြောရမှန်း မသိတော့အောင် ကြောင်အအ ဖြစ်နေကြပါပြီ။
ထန်ရှိယင်နဲ့ ကျင်ခ့ါရှီတို့ရဲ့ တိုက်ပွဲက ပိုပြီး ပြင်းထန်ပေ မဲ့လည်း လူအများစု ကတော့ လီဖူချန်းနဲ့ ရှောင်ပိုင်ရဲ့ တိုက်ပွဲကိုပဲ အာရုံ စိုက်နေပါတယ်။
“အရမ်း အားကောင်းတယ်”
ဟောင်ယုရှန် ကတော့ ပထမဆုံး အကြိမ်အနေနဲ့ လီဖူချန်းရဲ့ အစွမ်းကို အသိအမှတ် ပြုလိုက်ပါပြီ။
သူ့ရဲ့ အရည်အချင်းတောင်မှ လျိုကျင်းယွန်နဲ့ အတူတူလောက်ပဲ ရှိတာပါ။ အတိအကျ ပြောရမယ် ဆိုရင်တော့ လျိုကျင်းယွန်က သူ့ထက်ကို နည်းနည်းလေး ပိုပြီး အစွမ်း ထက်ပါတယ်။ လျိုကျင်းယွန်နဲ့ တိုက်ခိုက်ခဲ့တုန်းက လီဖူချန်း တစ်ယောက် အစွမ်းကုန် မတိုက်ခိုက်ခဲ့ဘူး ဆိုတာက အရမ်းကို သိသာလွန်း နေပါပြီလေ။
ဒါတောင် လီဖူချန်းက မြေကမ္ဘာ နယ်ပယ် အဆင့်၅ပဲ ရှိပါသေးတယ်။ တကယ်လို့ လီဖူချန်းသာ မြေကမ္ဘာနယ်ပယ် အဆင့်၇ ဒါမှမဟုတ် မြေကမ္ဘာနယ်ပယ် အဆင့်၈လောက်ကို ရောက်သွားခဲ့မယ် ဆိုရင်တော့ ဘယ်လောက်အထိ အစွမ်းထက် သွားမလဲ ဆိုတာကို ခန့်မှန်းလို့တောင် ရတော့မှာ မဟုတ်ပါဘူး။
ယခု အချိန်မှာတော့ ဟောင်ယုရှန်ရဲ့ လီဖူချန်း အပေါ်မှာ ရှိနေတဲ့ မကောင်းတဲ့ အမြင်တွေ အကုန်လုံးဟာ နေလာနှင်းပျောက် ဆိုသလို ပျောက်ပြယ် သွားခဲ့ပါပြီလေ။
တစ်ချိန်တည်း လိုလိုမှာပင် လီဖူချန်းက သူ့ရဲ့ စံပြပုဂ္ဂိုလ် တစ်ဦး ဖြစ်လာခဲ့ ပါတော့တယ်။
ဘုန်း ... ဘုန်း ... ဘုန်း ...
လီဖူချန်းနဲ့ ရှောင်ပိုင်တို့ကတော့ သိုင်းစင်မြင့်ပေါ်မှာ ထိပ်တိုက်ရင်ဆိုင် နေကြဆဲပါပဲ။
ရှောင်ပိုင်က ကျင့်ကြံမှု အဆင့်မှာ အားသာပြီး အားကောင်းတဲ့ ဆန်းကြယ် အလယ်အလတ် ပညာရပ်ဆန္ဒကို ပိုင်ဆိုင်ထား သလို လီဖူချန်းကလည်း အားကောင်းတဲ့ လျှို့ဝှက် နည်းစနစ်နဲ့ မယုံနိုင်လောက်အောင် ထက်မြက်တဲ့ ဟာကွက် ရှာနိုင်စွမ်း ရှိနေပါတယ်။
“ဝိညာဉ်လက်သည်း အလွှာဖွဲ့စည်းစမ်း”
သူ့ရဲ့ လက်ဝါးသိုင်းက လီဖူချန်းကို မဖိနှိပ်နိုင်ဘူး ဆိုတာ သိသွားတဲ့ နောက်မှာတော့ ရှောင်ပိုင်က လက်သည်းသိုင်းကို ပြောင်းလိုက်ပါတယ်။
သည်လက်သည်း သိုင်းကတော့ ငရဲပြည်မှ ဝိညာဉ် ဆိုတဲ့ လက်သည်းသိုင်း ပါပဲ။
ကောင်းကင် နတ်ဆိုးဂိုဏ်းမှာ ငရဲပြည်မှ တစ္ဆေဆိုတဲ့ လက်သည်း သိုင်းပညာရပ် တစ်ခု ရှိပါတယ်။ ကောင်းကင် နတ်ဆိုးဂိုဏ်းက တပည့်တွေ အကုန်လုံး ထဲမှာတောင်မှ လက်သည်း သိုင်းပညာကို လေ့ကျင့်ပြီး လက်သည်းဆန္ဒကို နားလည်နိုင်တဲ့သူ သုံးယောက်ပဲ ရှိပါတယ်။
အဲသည် ၃ယောက်ကတော့ တစ္ဆေလက်သည်း ကျန်းရွှမ်၊ ရှောင်ပိုင်နဲ့ နောက်ထပ် တပည့် တစ်ယောက်ပါ။
ဒါပေမဲ့ ကျန်းရွှမ်လေ့ကျင့် နားလည်ထားတဲ့ လက်သည်းဆန္ဒက အဆင့်အရမ်း နိမ့်နေသေးတဲ့ အတွက် ရှောင်ပိုင်ရဲ့ လက်သည်း ဆန္ဒနဲ့တော့ ယှဉ်လို့ မရပါဘူး။ ရှောင်ပိုင်ရဲ့ လက်သည်း ဆန္ဒက ကျန်းရွှမ်ထက်ကို အဆ၃၀ လောက် ပိုအစွမ်း ထက်ပါတယ်။
ပြီးတော့ ရှောင်ပိုင် လေ့ကျင့်ထားတဲ့ ငရဲပြည်မှ ဝိညာဉ်ဆိုတဲ့ လက်သည်းသိုင်းက ကျန်းရွှမ် လေ့ကျင့်ထားတဲ့ ငရဲပြည်မှ တစ္ဆေ လက်သည်းသိုင်းနဲ့ နာမည်သာ ဆင်တာပါ။ အဆင့်ကတော့ ကွာခြားပါတယ်။
ရှောင်ပိုင်ရဲ့ လက်သည်းသိုင်းက ဆန်းကြယ် အလယ်အလတ် အဆင့် လက်သည်းသိုင်း ဖြစ်ပါတယ်။
သည်ငရဲပြည်မှ ဝိညာဉ် လက်သည်းသိုင်းကို ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ ဝါစဉ်ကြီး အကြီးအကဲ တစ်ဦးက ပြန်လည်မွမ်းမံ ထားပေးတာပါ။ သည်ပညာရပ်ရဲ့ မူလ အခြေခံကတော့ ငရဲပြည်မှ တစ္ဆေ လက်သည်း သိုင်းပါပဲ။
သည်လက်သည်း သိုင်းက ငရဲပြည်မှ တစ္ဆေထက်ကို ပိုပြီး ရက်စက် ကြမ်းကြုတ် ပါတယ်လေ။
ရှောင်ပိုင်ရဲ့ လက်သည်း အရိပ်တွေက လီဖူချန်းရဲ့ တစ်ကိုယ်လုံးကို မရေမတွက် နိုင်သည့် ဝိညာဉ်တွေ ချဉ်းကပ်လာသည့် အလား လွှမ်းခြုံ သွားခဲ့ပါပြီ။
“မီးတောက်ကြယ် ... ပေါက်ကွဲစမ်း”
လီဖူချန်းကလည်း တစ်စက်ကလေးမျှ အနောက်ဆုတ်ပေးဖို့ အစီအစဉ် မရှိပါဘူး။ သူရဲ့ မီးတောက်ကြယ် ဓားချီတွေကလည်း မိုးလုံးပြည့်မျှ ထွက်ပေါ်လာ ခဲ့ပါတယ်။
ဖောင်း ... ဖောင်း ... ဖောင်း ...
လက်သည်းရိပ်တွေနဲ့ မီးတောက်ကြယ် ဓားချီတွေ အတွေ့မှာတော့ အဆက်မပြတ် ပေါက်ကွဲမှုတွေ ဖြစ်လာကြပါတယ်။
“မင်းက ငါ့ရဲ့ သိုင်းကွက်တွေကို တကယ်ပဲ ခုခံနိုင်တာလား ...”
ရှောင်ပိုင်က လုံးဝကို စိတ်တို နေပါပြီ။ သူက ကြယ်သုံးပွင့် လျှို့ဝှက် နည်းစနစ်ကို ထုတ်သုံး ထားတာတောင်မှ လီဖူချန်းကို အနိုင်မရ နိုင်သေးဘူးလေ။
“မင်းငါ့ရဲ့ အသူရာ ဝိညာဉ် လက်ဝါးနဲ့ ငရဲပြည်မှ ဝိညာဉ် လက်သည်း နှစ်ခုပေါင်း ထားတာကိုကော ရှောင်နိုင်ဦး မှာလား”
ရှောင်ပိုင်က ဘယ်ဘက်လက်ဖြင့် အသူရာဝိညာဉ် လက်ဝါးသိုင်းကို ဖော်ထုတ်လိုက်ပြီး ညာဘက်လက်ဖြင့် ငရဲပြည်မှ ဝိညာဉ် လက်သည်းသိုင်းကို အသုံးပြု လိုက်ကာ လီဖူချန်းကို ညှပ်ပူးညှပ်ပိတ် တိုက်ခိုက် လိုက်ပါတော့တယ်။
လီဖူချန်းကလည်း အားကျမခံ ပြောင်းလဲခြင်း ကိုးကွက် ဓားသိုင်းဖြင့် ပြန်ခုခံ လိုက်ပါတယ်။ ရှောင်ပိုင်ရဲ့ သိုင်းကွက်တွေက ချေဖျက်ဖို့ ခက်ခဲနေ ပေမဲ့လည်း လီဖူချန်း မတတ်နိုင်တော့တဲ့ အဆင့်အထိကိုတော့ ရောက်မနေသေးပါဘူး။
ဓားရိပ် ဓားယောင်တွေက တရိပ်ရိပ် ပေါ်ထွက် လာခဲ့ကာ ဓားပိုက်ကွန်တွေ အဖြစ် ပြောင်းလဲသွားပြီး လီဖူချန်းကို တစ်ထပ်ပြီးတစ်ထပ် ကာကွယ်ထား လိုက်ပါတယ်။
ရှောင်ပိုင်ရဲ့ လက်ဝါး ရိုက်ချက်နဲ့ လက်သည်း ကုတ်ချက်တွေ ကတော့ တိမ်ဖုံးအုပ် ခံလိုက်ရတဲ့ လလိုပဲ ပျောက်ကွယ် သွားခဲ့ပါပြီလေ။
“ကိုယ့်နေရာကိုယ် ပြန်သွားစမ်း”
ထို့နောက်မှာတော့ လီဖူချန်းက ရှောင်ပိုင်ရဲ့ အားတွေကို သူ့ရဲ့အားတွေ အဖြစ် ပြောင်းလဲလိုက်ပြီး တန်ပြန်တိုက်စစ် ဆင်လိုက်ပါတယ်။
ရွှပ် ... ရွှပ် ... ရွှပ် ... ရွှပ် ...
ပြင်းထန်လှတဲ့ ချီအား လမ်းကြောင်းတွေက ရှောင်ပိုင်ကိုတောင် နောက်ဆုတ် သွားစေတဲ့ အထိပါပဲ။
လီဖူချန်းရဲ့ ဓားသိုင်းက တကယ့်ကို ပြောင်မြောက်လွန်း လှပါတယ်လေ။
မီးတောက်ကြယ် ဓားသိုင်းကတော့ တိုက်စစ်ဆင်တဲ့ နေရာမှာ အထူးကဏ္ဍ တစ်ရပ် အနေဖြင့် တာဝန် ယူထားပြီး ပြောင်းလဲခြင်း ကိုးကွက် ဓားသိုင်းက ခုခံရာနဲ့ တန်ပြန်တိုက်စစ် ဆင်ရာမှာ တာဝန်ယူထား ပါတယ်။ သည်ကြားထဲမှာ မထင်ရင် မထင်သလို မျောလွင့် ဓားသိုင်းက ဝင်လာပါ သေးတယ်။
ပြောရမယ် ဆိုရင် လီဖူချန်းရဲ့ တိုက်စစ်ကော ခံစစ်ကောက ပြီးပြည့်စုံ နေပါပြီ။
တကယ်လို့ လီဖူချန်းက ဆန်းကြယ် အလယ်အလတ် ဓားဆန္ဒ တစ်ခုတည်းကိုသာ နားလည် သဘောပေါက် ထားမယ် ဆိုရင်တော့ ရှောင်ပိုင်ရဲ့ တိုက်ခိုက်မှုကို ဘယ်လိုမှ တောင့်ခံထား နိုင်မှာ မဟုတ်ပါဘူး။
အခြား တစ်ဖက်မှာလည်း ကျင်ခ့ါရှီနဲ့ ထန်ရှယီရဲ့ တိုက်ပွဲက အမြင့်ဆုံး အခြေအနေ အထိကို ရောက်ရှိ နေပါပြီ။
ဒါပေမဲ့လည်း ကျင်ခါ့ရှီက သူမရဲ့ တိုက်ပွဲကို လုံးလုံး အာရုံမစိုက်နိုင်ပဲ လီဖူချန်းရဲ့ တိုက်ပွဲကို လှမ်းအကဲခတ် နေပါသေးတယ်။
လီဖူချန်းက ရှောင်ပိုင်နဲ့ လုံးဝ လက်ရည်တူ တိုက်ခိုက် နေတာကို မြင်လိုက်ရတဲ့ အခါမှာတော့ သူမက လုံးဝကို အံ့သြမိ သွားခဲ့ပါပြီ။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ ရှောင်ပိုင်က ကျားနဂါး စာရင်းထဲက အဆင့်၁၀၁ မဟုတ်ပါလား။ သူမ ကိုယ်တိုင်တောင်မှ ရှောင်ပိုင်ကို အနိုင်ယူချင်တယ် ဆိုရင် အားအနည်းငယ် စိုက်ထုတ် ရပါဦးမည်။ ဒါကိုတောင်မှ လီဖူချန်းလို မြေကမ္ဘာနယ်ပယ် အဆင့်၅ ပညာရှင်က ရှောင်ပိုင်ကို အခုချိန်အထိ အရေးမနိမ့်ဘဲ လက်ရည်တူ တိုက်ခိုက် နေနိုင်တယ် ဆိုတော့ ကျင်ခ့ါရှီက လီဖူချန်းကို ဘယ်လိုပြောလို့ ပြောရမှန်းကို မသိတော့ပါဘူး။
ဒါက သူမကို ဘယ်လိုလုပ်ပြီး မအံ့သြပဲ နေနိုင်စေ မည်နည်း။
“ကျင်ခါ့ရှီ ... နင်က တိုက်ပွဲအတွင်းမှာ စိတ်လွင့် နေရင်တော့ ရှုံးဖို့သာ ပြင်ထားလိုက်တော့ ...”
ထန်ရှိယီရဲ့ ကျာပွတ် ရိုက်ချက်တွေ ပုံသဏ္ဌာန် အမျိုးမျိုးနဲ့ ကျင်ခ့ါရှီဆီကို တိုးဝင် လာခဲ့ပါတယ်။
“ထန်ရှိယီ ... နင်နဲ့ငါကတော့ တစ်ယောက်ယောက် ရှုံးမှကို ဖြစ်တော့မှာပဲ။ ငါ့ကို အဆိုး မဆိုနဲ့တော့ ...”
ကျင်ခ့ါရှီကလည်း ထူးဆန်းတဲ့ လက်ပုံ သဏ္ဌာန်တွေကို ပုံဖော် လိုက်ပါပြီ။
ရုတ်တရက် ကောင်းကင်ပေါ်ကနေ ပန်းမိုးတွေ ရွာချလာပြီး ကျာပွတ် ရိုက်ချက်တွေကို ပိတ်လှောင်ပစ် လိုက်ပါတယ်။
***
ရှောင်ပိုင်ကတော့ တိုက်ခိုက် နေရင်းနဲ့ လီဖူချန်းကို တဖြည်းဖြည်း ကြောက်ရွံ့ လာခဲ့ပါပြီ။
သူက မိုးပြာရောင်ဂိုဏ်းမှာ နတ်ဆိုးတစ်ကောင် ရှိနေမယ်လို့ တစ်ခါမှကို တွေးထင် မထားမိခဲ့ပါဘူး။
(note -သည်နေရာမှာ သုံးတဲ့ နတ်ဆိုးဆိုတဲ့ အသုံးအနှုန်းက ကြောက်စရာ ကောင်းလှတဲ့ ပါရမီရှင်ကို ဆိုလိုတာပါ။)
မိုးပြာရောင်ဂိုဏ်းရဲ့ ဓားအရူး သူတော်က အစွမ်းထက်တာ မှန်ပါတယ်။ ဒါပေမဲ့ အဲသည် ဓားအရူး သူတော်က မြေကမ္ဘာနယ်ပယ် အဆင့်၅ကို ရောက်နေပါပြီ။
ရှောင်ပိုင်က လီဖူချန်းကို လုံးဝသတ်နိုင်မှ နောက်ကြောင်းအေးမယ် ဆိုတာကို နားလည် သွားပါပြီလေ။
သူက ကြယ်သုံးပွင့် လျှို့ဝှက် နည်းစနစ် ဖြစ်တဲ့ အသူရာ တိုက်ပွဲဝင် ချီတွေကို စုစည်းလိုက်ပြီး လီဖူချန်းဆီကို ခုန်ဝင် သွားပါတော့တယ်။
“သေစမ်းကွာ”
ရှောင်ပိုင်က လီဖူချန်းရဲ့ ဓားချီတွေကို ရိုက်ထုတ်ပစ် လိုက်ပြီး လက်သည်းဖြင့် ကုတ်ချ လိုက်ပါတယ်။
သူ့ရဲ့ ကျင့်ကြံအဆင့်က ပိုမြင့်တဲ့ အတွက် ချီအကာကွယ်က ပိုကောင်းတယ် ဆိုတာကို သိထားတဲ့ ရှောင်ပိုင်က အနီးကပ် တိုက်ခိုက်ဖို့ကိုပဲ ရွေးချယ် လိုက်တာပါ။
သည်နည်း စနစ်ကတော့ အလုပ်ဖြစ်တဲ့ ပုံပါပဲ။ လီဖူချန်းက သူ့ရဲ့ လက်သည်း ကုတ်ချတ်ကို မခုခံနိုင်တဲ့ အတွက် အနောက်ကို ခုန်ဆုတ် သွားခဲ့ပါတယ်။
“ခုခံဦးလေ ... ဘာဖြစ်လို့ မခုခံပဲ နောက်ဆုတ် သွားတာလဲ ...”
ရှောင်ပိုင်ကတော့ အရူးတစ်ယောက်လို သွေးရူးသွေးတန်း လိုက်တိုက်ခိုက် နေပါသေးတယ်။
"မိစ္ဆာနှင် မီးလျှံဓားသိုင်း ... လာစမ်း”
လီဖူချန်းက အားရပါးရ မာန်သွင်းလိုက်ပြီး ဓားသိုင်း တစ်ခုကို ပြောင်းလိုက်ပါတယ်။
ကြောက်စရာ ကောင်းလှအောင် ပူပြင်းလှတဲ့ ဓားအရှိန်အဝါ တစ်ခုက ကောင်းကင်သို့ တိုင်အောင် လွင့်ပျံ သွားခဲ့ပါတယ်။ သည်ဓားသိုင်းရဲ့ အရှိန်အဝါက ရှောင်ပိုင်ကို အနောက်ဘက် မီတာ တော်တော်ဝေးဝေး အထိကိုတောင် နောက်ဆုတ် သွားစေခဲ့ပါပြီ။
မိစ္ဆာနှင် ဓားသိုင်းက ဆန်းကြယ် အဆင့်မြင့် ဓားသိုင်းတစ်ခု ဖြစ်ပါတယ်။ လီဖူချန်းက သည်ဓားသိုင်းကို တစ်ဖက်ကမ်းခပ်တဲ့ အဆင့်အထိ မရောက်သေး ပေမဲ့လည်း အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်ကို ရောက်နေပါပြီ။ သည်အဆင့်နဲ့ တောင်မှပဲ မိစ္ဆာနှင် ဓားသိုင်းရဲ့ စွမ်းပကားက မီးတောက်ကြယ် ဓားသိုင်းထက်ကို ၃၀ ရာခိုင်နှုန်းလောက် ပိုအားကောင်း နေပါသေးတယ်။
“ရှောင်ပိုင်က လီဖူချန်းရဲ့ ဓားချက်ကြောင့် အနောက်ကို လွင့်ထွက် သွားတာလား ...”
ဆောင်းဦးမိုးစက် တောင်ထိပ် တစ်ခုလုံးကတော့ အာမေဍိတ်သံ တွေဖြင့် ပြည့်နှက် သွားခဲ့ပါပြီလေ။
***