ရူကျန်းချီ
Vol. 18 Ch. 243
လီဖူချန်းလို မြေကမ္ဘာနယ်ပယ် အဆင့်၅ ပညာရှင် တစ်ယောက် အတွက်ကတော့ ရှောင်ပိုင်ကို ခုခံနိုင်တာတောင်မှ တကယ် အံ့သြစရာ ကောင်းနေပါပြီ။ အခုတော့ လီဖူချန်းက ရှောင်ပိုင်ကိုတောင် လွင့်ထွက် သွားအောင် တိုက်ခိုက် လိုက်တယ်ဆိုတော့ လူတွေ အားလုံးက ဘာပြောလို့ ပြောရမှန်း မသိတော့ပါဘူး။
ကျားနဂါး စာရင်းဝင်တွေ ဆိုတာက နာမည်သက်သက် မဟုတ်ဘူးလေ။ သူတို့တွေက တကယ်ကို အစွမ်းအစ ထက်မြက်တဲ့ သူတွေပါ။
သုံးနှစ်တစ်ကြိမ် ကျင်းပရုံမက ကျားနဂါး ပြိုင်ပွဲကို ဝင်ပြိုင်တဲ့ သူတွေ အကုန်လုံး ကလည်း ဂိုဏ်းအသီးသီးရဲ့ ထိပ်တန်း ပါရမီရှင်တွေပါပဲ။
အဲသည် ပါရမီရှင်တွေ ထဲကမှ လက်ရွေးစင် ပါရမီရှင် လူငယ် ၁၀၈ယောက်သာ ကျားနဂါး စာရင်းထဲမှာ မှတ်တမ်း တင်ခံခွင့် ရှိပါတယ်။
နံပါတ်အရ ကြည့်လိုက်မယ် ဆိုရင်တော့ နံပါတ် ၁၀၁ ဆိုတာက အတော်လေးကို အဆင့်နိမ့် ပါတယ်။ ဒါပေမဲ့ဒါက ကျားနဂါး စာရင်းပါ။ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးရဲ့ ဂုဏ်ယူဖွယ်ရာ စာရင်းတစ်ခုပါ။
လီဖူချန်းနဲ့ ရှောင်ပိုင်ရဲ့ တိုက်ပွဲရလဒ်က ဘယ်လိုပဲ ထွက်ပေါ် လာပါစေလေ။ လီဖူချန်းက ရှောင်ပိုင်ကို အနောက် လွင့်ထွက်သွားအောင် တိုက်လိုက်နိုင်တဲ့ အတွက် လီဖူချန်းရဲ့ အရည်အချင်းက သာမန် မဟုတ်တော့ပါဘူး။ သူက နောက်လာမယ့် ကျားနဂါး ပြိုင်ပွဲမှာ ကျားနဂါး စာရင်းဝင်တွေကို ဖိအားပေးနိုင်မယ့် အစွမ်းအစ ရှိနေပါပြီ။
'ဆန်းကြယ် အဆင့်မြင့် ဓားသိုင်းက ငါထင်ထားတာ ထက်ကို အစွမ်း ထက်ပါလား။ ဒါတောင်မှ ငါက သည်ဓားဆန္ဒကို သေသေချာချာ မထုတ်ဖော် နိုင်သေးဘူး’
ရှောင်ပိုင်ကို ဓားတစ်ချက်တည်းနဲ့ လွင့်ထွက်သွားစေ အပြီးမှာတော့ လီဖူချန်းက သူ့ကိုယ်သူတောင် အံ့သြသွား မိပါတယ်လေ။
“ဆန်းကြယ် အဆင့်မြင့် ဓားသိုင်းလား ... "
ရှောင်ပိုင်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ပြန်ထ လာပါတယ်။
သူကိုယ်တိုင်တောင်မှ ဆန်းကြယ် အဆင့်မြင့် သိုင်းပညာကို တတ်သိ နားလည်ခြင်း အဆင့်အထိပဲ လေ့ကျင့်နိုင် သေးတာပါ။ ဒါပေမဲ့ သည်လီဖူချန်း ကတော့ ဆန်းကြယ် အဆင့်မြင့် ဓားသိုင်းကိုတောင် အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်အထိ တတ်ကျွမ်း ထားသည့် ပုံပါပဲ။ ဒါက ရှောင်ပိုင်လို ကျားနဂါး စာရင်းဝင် တစ်ယောက် အတွက်ကတော့ တကယ် အရှက်ရစေသည့် ကိစ္စတစ်ရပ်ပင် မဟုတ်ပါလား။
“ဆန်းကြယ် အဆင့်မြင့် ဓားသိုင်းတွေက ချီအတွင်းအားတွေကို အလွန်အကျွံ ကုန်ဆုံး စေတယ်ကွ။ မင်းဘယ်လောက် အထိ တောင့်ခံထား နိုင်မလဲ ဆိုတာကို စောင့်ကြည့် ကြသေးတာပေါ့ကွာ”
ရှောင်ပိုင်က အသူရာ တိုက်ပွဲဝင် ချီတွေကို လည်ပတ်လိုက်ပြီး လီဖူချန်းဆီကို နောက်ထပ်တစ်ဖန် ပြေးဝင် သွားပြန်ပါတယ်။
“သြော် ... အဲလိုလား ... "
လီဖူချန်းကလည်း သည်ဆန်းကြယ် အဆင့်မြင့် ဓားသိုင်းက သူ့ရဲ့ ချီအတွင်းအား တွေကို အလွန်အကျွံ ကုန်ဆုံးစေမယ် ဆိုတာကို သိပါတယ်။ ဒါပေမဲ့လည်း ရှောင်ပိုင်လို လူတစ်ယောက်က သည်ဓားသိုင်းကို ဘယ်လောက်အထိ ခံနိုင်မှာ မို့လို့လည်းလေ။
သူ့ရဲ့ တိုက်ပွဲ အခြေအနေကို သုံးသပ်နိုင်မှုနဲ့ မိစ္ဆာနှင် ဓားသိုင်းကိုသာ ပေါင်းလိုက်မယ် ဆိုရင် သည်ရှောင်ပိုင်ကိုတော့ အသာလေး အနိုင်ယူလို့ ရပါပြီ။
လီဖူချန်းက နက်ရွှေမှော်ဓားကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်ကာ ခုတ်ချလိုက် ပါတော့တယ်။
“မိစ္ဆာနှင် မီးလျှံ လောင်ကျွမ်းလိုက်စမ်း”
လောင်ကျွမ်းနေတဲ့ မီးလျှံတွေနဲ့ အတူ ကျောက်ရည်ပူတွေလို ပူလောင်လှတဲ့ ဓားချီတွေက အရှိန်အဟုန် ပြင်းပြင်းဖြင့် ရှောင်ပိုင်ဆီကို တိုးဝင် သွားပါတော့တယ်။
လီဖူချန်းရဲ့ ဓားက လုံးဝကို ချိန်သားကိုက်ပါပဲ။ ရှောင်ပိုင်က သည်ဓားချက်ကို တိမ်းရှောင်ချိန် လုံးဝ မရတော့တဲ့ အတွက် ရွေးချယ်စရာ မရှိတော့ပဲ ထိပ်တိုက်ရင်ဆိုင် လိုက်ရပါတော့တယ်။
ဝုန်း ...
ရှောင်ပိုင်က တစ်ကိုယ်လုံး တုန်ယင်သွား ခဲ့ပါတယ်။
“နောက်ထပ် တစ်ခေါက်”
လီဖူချန်းက ရှောင်ပိုင်ကို လုံးဝ အခွင့်အရေး မပေးဘဲ နောက်ထပ် ဓားချက်တစ်ချက် ထပ်ပိုင်း လိုက်ပြန်ပါပြီ။
ရွှပ် ...
လီဖူချန်းရဲ့ ဓားချက်က ရှောင်ပိုင်ရဲ့ ပခုံးသားကို ပွတ်ဆွဲသွားခဲ့တဲ့ အတွင်း သွေးအနည်းငယ် စို့သွားပါတယ်။
“မဖြစ်နိုင်ဘူး ... ငါက တကယ်ပဲ သူ့ရဲ့ ပြိုင်ဘက် မဟုတ်ခဲ့ဘူးလား”
ရှောင်ပိုင်ရဲ့ မျက်လုံးတွေက သွေးကြောမျှင်တွေ ပေါက်ထွက်လု မတတ် ဖြစ်လာခဲ့ပြီး နီရဲလာခဲ့ ပါတယ်။
သူက ကျားနဂါး စာရင်းဝင် တစ်ယောက်လေ။ တကယ်လို့ ဓားအရူး သူတော် ရောက်လာရင်တောင်မှ ရှောင်ပိုင်က ဓားအရူး သူတော်ကို အနိုင်တိုက်နိုင်ဖို့ အတွက် ယုံကြည်မှု ရှိပါတယ်။
အခုတော့ ဘယ်လိုလုပ်ပြီး လီဖူချန်းက သူ့ကို အထက်စည်း ကနေ တိုက်ခိုက် နေနိုင်ရတာလဲ။
ရှောင်ပိုင်က သည်ကိစ္စကို ဘယ်လိုမှ လက်သင့် မခံနိုင်ပါဘူး။
“သေစမ်း”
ရှောင်ပိုင် နောက်ဆုံးတော့ အကြံကုန် ဂဠုန် ဆားချက်ပါပြီ။ သူက လက်နက်ပုန်း တစ်ဆုပ်ကို ထုတ်ပြီး လီဖူချန်းကို ပစ်ထည့် လိုက်ပါတယ်။ သူ့ရဲ့ လက်နက်ပုန်းတွေ ကတော့ လက်ပစ် မြားတိုလေးတွေပါပဲ။
ဒါက ဘယ်သူမှ မထင်မှတ်ထားသည့် အရာတစ်ခုပါ။
လီဖူချန်းနဲ့ ရှောင်ပိုင်က သိပ်ပြီး ကွာဝေးမနေတဲ့ အတွက် လက်နက်ပုန်းတွေက လီဖူချန်းဆီကို အလွန် လျင်မြန်စွာနဲ့ ပြေးဝင်သွားခဲ့ ပါတယ်။
လီဖူချန်းက တစ်ချက် ကြည့်လိုက်တာနဲ့ သည်မြားတို လေးတွေရဲ့ ထိပ်မှာ အဆိပ် သုတ်လိမ်းထားတယ် ဆိုတာကို တန်းသိလိုက်ပါတယ်။
ပြီးတော့ သည်မြားတို လေးတွေရဲ့ အလယ်မှာ သလင်းကျောက် လေးတွေကို မြှုပ်နှံထား ပါသေးတယ်။
သည်သလင်းကျောက် လေးတွေကနေ ထွက်နေတဲ့ မှိန်ဖျော့ဖျော့ အလင်းရောင်တွေက မြားတိုလေးတွေရဲ့ အစွမ်းကို ပိုအားကောင်း လာစေတဲ့ ပုံပါပဲ။ လီဖူချန်း တစ်ယောက်ကတော့ သည်မြားတိုလေးတွေမှာ ချီအကာအကွယ်ကို ဖောက်ဝင်နိုင်တဲ့ အစွမ်းရှိမယ်လို့ ခံစားလာ ရပါတယ်။
“သည်မြားတိုတွေက မလွယ်ဘူး”
လီဖူချန်းက အလျင်အမြန်ပဲ အရိပ်မဲ့ ခြေကွက်ကို နင်းလိုက်ပြီး မြားတိုလေးတွေကို ရှောင်လိုက်ပါတယ်။
ဝှီး ... ဝှစ် ... ဖတ် ... ဖတ် ...
လီဖူချန်းရဲ့ အသိစိတ် အာရုံက မြားတိုလေးတွေရဲ့ လားရာ လမ်းကြောင်းကို တွက်ချက် ပေးထားတဲ့အတွက် သူက လှပ သေသပ်စွာဖြင့် ရှောင်တိမ်း လိုက်နိုင်ပါတယ်။
“ခွေးမသား ... လူယုတ်မာကောင် ... သွားစမ်း ... "
လီဖူချန်းက ရှောင်ပိုင်ရဲ့ အနားကို တစ္ဆေ တစ်ကောင်ပမာ ချဉ်းကပ်သွားပြီး နက်ရွှေမှော် ဓားဖြင့် ပိုင်းလိုက်ပါတယ်။
ဒါပေမဲ့ ရှောင်ပိုင်ကို အလွယ်ယူဖို့ ဆိုတာ ထင်သလောက်တော့ မလွယ်ကူ သေးပါဘူး။ ရှောင်ပိုင်က အကာအကွယ် ဒိုင်းတစ်ခုကို ထုတ်ပြီး သူ့ရှေ့မှာ ကာထားလိုက် ပါတယ်လေ။ ဒါကြောင့် လီဖူချန်းရဲ့ ဓားချက်က ဒိုင်းကိုသာ ခုတ်မိသွားပါတယ်။
ထန် ...
မီးပွားလေးတွေက ပွင့်ထွက်လာပြီး ရှောင်ပိုင်ကတော့ ဒိုင်းနဲ့အတူ အနောက် ၃မီတာ လောက်ကို လွင့်ထွက် သွားခဲ့ပါပြီ။
ဝေါ့ ...
ရှောင်ပိုင်က လီဖူချန်းရဲ့ ဓားချက် အရှိန်အဟုန်ကို ထိန်းနိုင်သွား ပေမဲ့လည်း သွေးတစ်လုတ် အန်ထုတ်လိုက် ရပါတယ်။
ပွဲကြည့်စင်ပေါ်က လူတွေ အားလုံးကလည်း လီဖူချန်းကို နတ်ဆိုး တစ်ကောင်ပမာ ဝိုင်းကြည့် နေကြပါပြီလေ။
လီဖူချန်ရဲ့ အစွမ်းအစ ကတော့ ပါးစပ်နဲ့ကို ပြောပြလို့ မရတော့တဲ့ အထိပါပဲ။
ရှင်းဝူဟန်ပဲ ဖြစ်ဖြစ်၊ လျိုကျင်းယွန်ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် ရှောင်ပိုင်ပဲ ဖြစ်ဖြစ် သူတို့ အားလုံးကတော့ လီဖူချန်းရဲ့ အနိုင်ယူခြင်းကို ခံလိုက်ရပါပြီ။ လီဖူချန်းက အငြင်းပွားစရာ မရှိ လှလှပပလေးကို အနိုင်ယူ သွားတာပါ။
သူတို့အားလုံးက ဒါတောင်မှ လီဖူချန်း တစ်ယောက် သူ့ရဲ့ အစွမ်းအစတွေကို လျှိုထားသေးတယ်လို့ မသင်္ကာ ဖြစ်နေတုန်းပါပဲ။
“လီဖူချန်းကွ ... ရူးတောင် သွားဦးမယ် ဘာမှတ်နေ သလဲ ...”
ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယုတို့ ကတော့ ခုန်ပေါက်ပြီး အားပေးတဲ့ အဆင့်ကို ရောက်နေပါပြီ။ သူတို့ မောင်နှမ နှစ်ယောက်ကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက် တော့ပါဘူး။
လီဖူချန်းကို စတွေ့ကတည်းက သူတို့မောင်နှမ နှစ်ယောက်ရဲ့ ရင်ထဲမှာ လီဖူချန်းက မဟာပါရမီရှင်ကြီး အဖြစ် နေရာယူထားခဲ့ တာပါ။ အခုတော့ သူတို့ရဲ့ အတွေးတွေက မှန်ကန်တယ် ဆိုတာကို လီဖူချန်းတစ်ယောက် သက်သေ ပြခဲ့ပြီလေ။
“အိုး ... ငါတို့အားလုံးက လီဖူချန်းကို လျှော့တွက်မိ ခဲ့တာပဲ။ သူက ကျားနဂါး စာရင်းဝင်တော့ မဟုတ်ဘူး။ ဒါပေမဲ့ သူက ထွဋ်ခေါင်ပါရမီရှင် အတန်းအစား ထဲကပဲ ဆိုတာ ပြောစရာ မလိုပဲနဲ့တောင် သိသာနေပြီ။ တကယ်လို့ သူသာ နောက်ထပ် နှစ်အနည်းငယ် အထိ မသေဘဲ ရှိနေမယ် ဆိုရင် သည်မျိုးဆက်ထဲမှာ လီဖူချန်းကို ယှဉ်နိုင်မယ့်သူက လက်၅ချောင်းတောင် ပြည့်မှာ မဟုတ်ဘူး”
ကျင်ခါ့ရှီ ကတော့ ထန်ရှိယီနဲ့ တိုက်ခိုက် နေရင်းတောင်မှ လီဖူချန်းအပေါ် မှတ်ချက်ချလိုက် ပါသေးတယ်။
လီဖူချန်းကတော့ ရှောင်ပိုင်ရဲ့ အနောက်ကို ခုန်လိုက်သွားပြီး နောက်ထပ် ဓားချက်တစ်ချက် ထပ်ပိုင်းလိုက် ပြန်ပါတယ်။
ထန် ...
ဓားချက်က ဘယ်လောက်အထိ ပြင်းသလဲ ဆိုတော့ ရှောင်ပိုင်ရဲ့ လက်ထဲက ဒိုင်းတောင် လွင့်ထွက်သွားတဲ့ အထိပါပဲ။
ရှောင်ပိုင်ကတော့ လက်တစ်ခုလုံး ထုံကျဉ်နေပြီး လက်တောင် မမြှောက် နိုင်တော့ပါဘူး။
ရှောင်ပိုင်က အလျင်အမြန် ကုန်းရုန်းထပြီး ပင်မပွဲကြည့်စင် ဘက်ကို ပြေးပါတော့တယ်။ တစ်ယောက်ယောက် ကတော့ လီဖူချန်းကို တားနိုင်ပါစေဆိုတဲ့ မျှော်လင့်ချက်နဲ့ ပေါ့လေ။
“မင်းက ဘယ်ကို ပြေးချင်တာလဲ”
လီဖူချန်းက မိစ္ဆာနှင် ဓားသိုင်းရဲ့ အကောင်းဆုံး ဓားကွက်ကို ထုတ်လိုက်ပါတယ်။
ကြက်သွေးရောင် အနီရိပ် တစ်ခုက ရှောင်ပိုင်ကို ဖုံးလွှမ်းရစ်ပတ် သွားခဲ့ပါပြီ။
ရွှပ် ... ရွှပ် ... ရွှပ် ... ရွှပ် ...
ဓားဒဏ်ရာ အမြောက်အမြားက ရှောင်ပိုင်ရဲ့ ခန္ဓာကိုယ် အနှံ့မှာ ဖြစ်ပေါ် လာခဲ့ပါတယ်။
“အစ်ကိုရူ ... ကျွန်တော့်ကို မကူညီတော့ ဘူးလားဗျာ ...”
ရှောင်ပိုင်က ရူကျန်းကျီကို တိုင်တည်ပြီး အော်ဟစ် အကူအညီ တောင်းလိုက်ပါတယ်။
ရူကျန်းချီက ရှောင်ပိုင်ရဲ့ အကူအညီ တောင်းသံကို ကြားရတဲ့ အခါမှာတော့ မည်းမှောင်ကာ စင်မြင့်ပေါ်ကို ခုန်ဆင်း လာခဲ့ပါပြီ။
လီဖူချန်းကလည်း ရှောင်ပိုင်ကို အဆုံးသတ်ဖို့ နောက်ထပ် ဓားကွက်တစ်ကွက် ပြင်ဆင်နေတဲ့ အချိန်ပါ။
ဝုန်း ...
ရူကျန်းချီရဲ့ ခုန်ချလာတဲ့ အရှိန်က သိုင်းစင်မြင့် တစ်ခုလုံးကိုတောင် တုန်ဟည်းသွားစေ ပါတယ်လေ။
လီဖူချန်းက ဓားကွက်ကို ပြန်သိမ်းလိုက်ပြီး ခြေသုံးလှမ်း ဆုတ်လိုက်ပါတယ်။
ရူကျန်းချီက ရှောင်ပိုင်ရဲ့ အရှေ့ကနေ ပိတ်ရပ်ထားပြီး အေးစက်စက် လေသံဖြင့် …
“မင်းက ဘာဖြစ်လို့ လက်ဖက်ရည် ပွဲတော်မှာ ရမ်းကား နေရတာလဲ ...။ မင်းက ငါတို့ကိုတောင် မျက်စိထဲမှာ မထည့်ထား တော့တာလား ...။ မင်းက အခုလို ငါတို့ကို မထီမဲ့မြင် ပြုလုပ်နေမယ် ဆိုရင်တော့ ငါရူကျန်းချီကလည်း လက်ဖက်ရည် ပွဲတော်ရဲ့ စည်းမျဉ်းကို ဖောက်ဖျက်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး”
သတ်ဖြတ်ချင်သည့် အငွေ့အသက်တွေ ပြည့်နှက်နေတဲ့ ချီအရှိန်အဝါ တစ်ခုက ရူကျန်းချီရဲ့ ခန္ဓာကိုယ်ထဲ ကနေ ထွက်ပေါ်လာ ခဲ့ပါပြီ။ သည်ချီ အရှိန်အဝါတွေက ရှောင်ပိုင်ထက်ကို အများကြီး အားပိုကောင်း ပါတယ်။
ရှောင်ပိုင်က ဒဏ်ရာကြီးကြီး ကျယ်ကျယ်တော့ မရထားပါဘူး။ ဒါပေမဲ့ ရူကျန်းချီသာ ကြားမဝင် လာခဲ့ဘူး ဆိုရင်တော့ သူက လီဖူချန်ရဲ့ လက်ချက်နဲ့ သေချာပေါက်ကို သေတော့မှာပါ။
အခုတော့ ရူကျန်းချီက ကြားဝင်လာပြီ ဖြစ်တဲ့အတွက် ရှောင်ပိုင်က လီဖူချန်းကို လုံးဝ ကြောက်စရာ မလိုတော့ပါဘူးလေ။
“လီဖူချန်း ... သည်နေ့ကတော့ မင်းရဲ့ သေနေ့ပဲ”
လီဖူချန်း မသေသေးသရွေ့ ကတော့ ရှောင်ပိုင်က ဘယ်လိုမှ စားဝင်၊ အိပ်ပျော်မှာ မဟုတ်ပါဘူး။
“လီဖူချန်းကို သွားကူညီ ရအောင်”
ရူကျန်းချီကပါ သိုင်းစင်မြင့်ပေါ်ကို ဆင်းလာတာကို တွေ့လိုက်ရတဲ့ အခါမှာတော့ ဖန်ကျင်ဆောင်နဲ့ ဖန်ကျင်းယုတို့ ကလည်း စင်ပေါ်ကို အမြန်လိုက်သွားဖို့ ကြိုးစား လိုက်ပါတယ်။
“မင်းတို့နှစ်ယောက် သည်မှာပဲ ငြိမ်ငြိမ်နေပြီး ပွဲကြည့်နေတာ ကောင်းမယ်”
ရှင်းဝူဟန်နဲ့ ဓားရှည်ဂိုဏ်းက အခြားရွှေအဆင့် တိုက်ရိုက် တပည့်တွေက ဖန်ကျင်းဆောင်နဲ့ ဖန်းကျင်းယု တို့ကို ကြားထဲကနေ ဟန့်တားထား လိုက်ပါတယ်။ ပြီးတော့ ချောင်းစွယ်တိမ်တိုက် ဂိုဏ်းကလည်း ဖန်းကျင်းဆောင်တို့ရဲ့ အခြေအနေကို အကဲခတ် နေဆဲပါပဲ။
“မင်းတို့နှစ်ယောက် ငါ့ကိစ္စထဲကို ဝင်မပါလာနဲ့။ အန္တရာယ်များတယ်”
လီဖူချန်းကလည်း ဖန်ကျင်းဆောင်တို့ကို သိုင်းစင်မြင့်ပေါ်ကို မတက်လာဖို့ တားလိုက်ပါတယ်။
“ခွေးလိုကောင် ... မင်းက ကိုယ့်ကိုယ်ကိုယ် အရင် စိုးရိမ်ရင် ပိုကောင်းမယ်။ မင်း သိုင်းစင်မြင့်ပေါ်မှာ ရမ်းကားချင်တိုင်း ရမ်းကား နေတာကို ငါကြည့်နေတာ ကြာပြီ။ အခုတော့ ငါက မင်းကို မှတ်လောက် သားလောက်အောင် ပညာပေးတော့မယ်”
အစောကြီး ကတည်းက လီဖူချန်းကို သမချင် နေတာပါ။ လီဖူချန်းကို သင်ခန်းစာ ပေးရုံလောက်နဲ့တော့ ကျင်ခ့ါရှီကလည်း သူ့ကို အပြစ်တင်မှာ မဟုတ်ပါဘူး။
ရှောင်ပိုင်က အကူအညီ တောင်းတဲ့ အတွက် ဆင်းပြီး သွားကူညီတာ ပါလို့ အကြောင်းပြချက် ပေးနိုင်တာပဲလေ။
“ဟီးဟီး ... ခဏနေကျရင် မင်းကငါ့ကို သတ်ပေးပါတော့လို့ တောင်းပန်ရတဲ့ အထိ နှိပ်စက်ပြမယ်။ လီဖူချန်း ... မင်းရဲ့ အနာဂတ်ကတော့ ရှိနေတော့မှာ မဟုတ်ဘူး ...”
ရှောင်ပိုင်ကတော့ အစောပိုင်း တုန်းကလို လူကြီးလူကောင်း ပုံစံ မဖမ်းနိုင်တော့ ပါဘူး။ သူက လီဖူချန်းကို အစိမ်းလိုက်ကို ဝါးစားချင် နေတာပါ။
သူရဲ့ ဟန်ဆောင်ထားတဲ့ ပြီးပြည့်စုံတဲ့ ဂုဏ်ယူစရာ ပုံရိပ်ကတော့ လုံးဝ ပျောက်ကွယ် သွားခဲ့ပါပြီ။
သူက လီဖူချန်းကို ချက်ချင်း မသတ်သေးပဲ ၅ရက်လောက် ဖမ်းထားပြီးကို နှိပ်စက်ချင် နေပါသေးတယ်။
***