← Chapters

ရှန်းလီ

Vol. 18 Ch. 245

ရှန်းလီ

Vol. 18 Ch. 245

လီဖူချန်းကတော့ သူ့ရဲ့ကိုယ်ပိုင် အရည်အချင်းနဲ့ သည်လို အခြေအနေအထိ တောင့်ခံထား နိုင်တာကို အလွန် ကျေနပ်နေပါတယ်။

သည်ရူကျန်းချီနဲ့ ရှောင်ပိုင်ရဲ့ ထိုးထွင်း သိမြင်မှုက သူ့ကို မယှဉ်နိုင်ပေ မဲ့လည်း ကောင်းကင်နယ်ပယ် ပညာရှင်တွေရဲ့ အဆင့်ကိုတော့ ယှဉ်နိုင်သည် မဟုတ်ပါလား။

အထူးသဖြင့် ရူကျန်းချီပေါ့လေ။ သူက ကောင်းကင်နယ်ပယ် ထိပ်ပိုင်းက ပညာရှင်တွေရဲ့ ထိုးထွင်း သိမြင်မှုကိုတောင် ယှဉ်နိုင်လောက် ပါတယ်။

“သည်ကောင် နှစ်ကောင်ကိုတော့ ငါ့ရဲ့ ကိုယ်ပိုင် အရည်အချင်းနဲ့ သတ်လို့ရမှာ မဟုတ်ဘူး။ ငါက အခြား ပစ္စည်းတစ်ခု သုံးဖို့ လိုအပ်နေပြီ”

လီဖူချန်းက အနောက်ကို ခုန်ဆုတ်လိုက်ပြီး သိုလှောင်အိတ် ထဲက မြေကမ္ဘာ လက်နက် အပိုင်းအစကို ထုတ်ယူ လိုက်ပါတယ်။

ထို့နောက်မှာတော့ သံနက် ဓားချီတွေကို ပို့ဆောင်လိုက်ပြီး ပစ်လွှတ် လိုက်ပါတော့တယ်။

ဟင် ...

လေထုထဲ မှာတော့ အနက်ရောင် အလင်းတန်းလေး တစ်ခုက ဖျတ်ခနဲ ပေါ်လာပြီး ပြန်ပျောက်ကွယ် သွားခဲ့ပါတယ်။

အား ...

ထို့နောက်မှာတော့ ရှောင်ပိုင်ရဲ့ နောက်ကျောက ပေါက်ထွက်သွားပြီး သွေးတွေ ပန်းထွက် လာခဲ့တယ်လေ။

မြေကမ္ဘာလက်နက် အပိုင်းအစကတော့ သူ့ရဲ့ ခန္ဓာကိုယ်ကို ထုတ်ချင်းပေါက် ဖောက်ထွက် သွားခဲ့ပါပြီ။

သည်ဒဏ်ရာက လုံးဝကို သေစေနိုင်တဲ့ အထိ ပြင်းထန်လှတဲ့ ဒဏ်ရာ တစ်ခုပါပဲ။

“လခွီး ... ငါတော့နာပြီ”

ရှောင်ပိုင်တစ်ယောက် မြေပြင်ပေါ်မှာ လူသေကောင် တစ်ယောက်လို ဆန့်ဆန့်ကြီး လဲသွားတာကို မြင်ရတဲ့ အခါမှာတော့ ရူကျန်းချီက သူ့ရဲ့ အခြေအနေလည်း မကောင်းတော့ဘူး ဆိုတာကို ရိပ်မိ လိုက်ပါတယ်။

သူက သည်ကိစ္စထဲကို ဝင်ပါမိတဲ့ အတွက် သူ့ကိုယ်သူ ကျိန်ဆဲ နေမိပါပြီ။ ရူကျန်းချီက ပွဲကြည့်စင်ပေါ်မှာ ကတည်းက လီဖူချန်းရဲ့ အစွမ်းအစကို သတိထားမိ ပါတယ်။ ဒါပေမဲ့ လီဖူချန်းရဲ့ ထိုးထွင်း သိမြင်နိုင်မှုက သည်လောက်အထိ ပြောင်မြောက် နေမယ်လို့တော့ သူက မမျှော်လင့်ခဲ့ မိပါဘူးလေ။

“မိစ္ဆာနှင် သတ်ဖြတ်ကွက်”

ရှောင်ပိုင်ကို သမပြီးသွားတဲ့ အခါမှာတော့ လီဖူချန်းက ရူကျန်းချီဆီကို ပြေးဝင်လာပြီး မိစ္ဆာနှင် ဓားသိုင်းထဲက အရက်စက်ဆုံး ဓားကွက်ဖြင့် ခုတ်ပိုင်း လိုက်ပါတယ်။

ရူကျန်းချီက ခုခံဖို့ ကြိုးစားလိုက် ပေမဲ့လည်း ခန္ဓာကိုယ်ပေါ်က ဓားဒဏ်ရာ အမြောက်အမြားက သူ့ကို စိတ်သွားတိုင်း ကိုယ်မပါ စေတော့ပါဘူး။ လက်ရှိသူ့ရဲ့ အခြေအနေက လီဖူချန်းရဲ့ ပြိုင်ဘက်လို့ကို ပြောလို့ မရတဲ့ အဆင့်ကို ရောက်နေပါပြီ။

အခြေအနေကတော့ တကယ့်ကို ပြောင်းပြန်ပါပဲ။

လက်ဖက်ရည် ပွဲတော် အစမှာတုန်း ကတော့ လူတိုင်းက လီဖူချန်းကို အထင်မကြီး ကြပါဘူး။ လူတိုင်းက သူ့ကို ကျင်ခါ့ရှီရဲ့ အကာအကွယ် အားကိုးနဲ့ ရှောင်ပိုင်ကို ရန်စတယ်လို့ပဲ ထင်မှတ် ထားကြတာပါ။ လူတိုင်းက လီဖူချန်းကို ဝေဖန်တယ်၊ ပြစ်တင် ပြောဆိုတယ်၊ လှောင်ပြောင် ဟားတိုက်ကြတယ်။

အခုကတော့ အဲသည်လူတွေ အားလုံးက အသံတစ်သံမှကို မထွက်ရဲတော့ပါဘူး။

လီဖူချန်းလို ကောင်းကင်ဘုံက ကောင်းချီး ပေးထားသည့် ပါရမီရှင် တစ်ယောက်ကို မည်သူက လှောင်ပြောင် ရဲဦးမည်နည်း။

သည်လို ထွဋ်ခေါင် ပါရမီရှင် လူစားမျိုးနှင့် တွေ့သည့်အခါမှာ သူတို့ လုပ်နိုင်တာက နှစ်ခုပဲ ရှိပါတယ်။

မနာလို ဖြစ်ရင်ဖြစ် ဒါမှမဟုတ် လေးစား အားကျရင်ကျ။ သည်နှစ်ခုပါပဲ။

“တော်တော့”

လီဖူချန်းရဲ့ ဓားက ရူကျန်းချီကို ခုတ်ပိုင်းတော့မည့် ဆဲဆဲမှာပင် မိုးခြိမ်းသံ တမျှ ကျယ်လောင်လှသည့် အသံတစ်ခုက လီဖူချန်းကို ဟန့်တား လိုက်ပါတယ်။

လူရိပ်တစ်ရိပ်က ရုတ်တရက် သိုင်းစင်မြင့်ပေါ်ကို ရောက်လာပါပြီ။

လူတွေအားလုံး ကလည်း ရုတ်တရက် ပေါ်လာတဲ့လူကို ပါးစပ် အဟောင်းသားဖြင့် ငေးကြည့် နေကြပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ထိုလူက ကောင်းကင်ပေါ် ကနေ ခုန်ဆင်း လာလို့ပါပဲ။

ကျားနဂါး စာရင်းဝင်တွေ တောင်မှ ကောင်းကင်ပေါ်မှာ ပျံနိုင်တဲ့ စွမ်းရည် မရှိသေးပါဘူး။ လေထဲမှာ သင့်တော်တဲ့ အချိန်တစ်ခု စာလောက်သာ လေဟုန်စီး နိုင်တာပါ။ ကောင်းကင်ပေါ် ကနေ အခုလို ခုန်ဆင်းလာသည့် သူကတော့ သေချာပေါက်ကို ကောင်းကင်နယ်ပယ် ပညာရှင်ပါပဲ။

ထိုလူငယ် ကတော့ အသက်၃၀ လောက်ပဲ ရှိပါသေးတယ်။

(note- ကျင့်ကြံခြင်း လောကမှာတော့ အသက်၁၆ နှစ်ဆိုတာ ကလေး သာသာပါပဲ။ အသက်၃၀ ဆိုတာက လူငယ်လို့ပဲ သတ်မှတ်ပါတယ်။)

သူ့ရဲ့ မျက်လုံးတွေက လျှပ်စီးတွေလို တလက်လက် တောက်ပနေပြီး လက်တစ်ဖက် ဝှေ့ယမ်း လိုက်တာနဲ့ ကျင်ခ့ါရှီနဲ့ ထန်ရှိယီတို့ရဲ့ တိုက်ပွဲကိုလည်း ရပ်တန့် စေခဲ့ပါပြီ။

“သည်က အစ်ကိုတော်ရဲ့ နာမည်ကို သိခွင့်ရပါရစေ”

ထန်ရှိယီက သိပ်ပြီး မကျေနပ်သည့် ပုံဖြင့် မေးလိုက်ပါတယ်။

ထိုလူငယ်က”ရှန်းလီ”

“အိုး ... လက်စသတ်တော့ အစ်ကိုတော် ရှန်းလီ ဖြစ်နေတာကိုး ...”

ထန်ရှိယီက ချက်ချင်းပဲ အမူအရာ ပြောင်းသွားခဲ့ ပါပြီ။

ရှန်းလီဆိုတာက အရင်တုန်းက ဆောင်းဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်ကို အိမ်ရှင်အဖြစ် တာဝန်ယူ ကျင်းပခဲ့ဖူးတဲ့ လူတစ်ယောက်ပါ။

သူက ကျားနဂါး စာရင်းမှာ အဆင့်၆၈အထိ ရခဲ့ဖူးပါသေးတယ်။ ကောင်းကင် နယ်ပယ်ကို တက်လှမ်းပြီး သွားတဲ့ အချိန်မှာတောင်မှ သူ့ရဲ့ ဂုဏ်သတင်းတွေက တိုက်ရိုက်တပည့်တွေ ကြားမှာ ကျော်ကြား နေတုန်းပါပဲလေ။

ရှန်းလီက ခေါင်းညိတ်လိုက်ပြီး အားလုံးကို ကြည့်လိုက်ကာ …

“သည်ဆောင်းဦး ရွက်ကြွေ လက်ဖက်ရည် ပွဲတော်မှာ သတ်ဖြတ် တာတွေကို ခွင့်မပြုဘူး။ ဒါက သံမဏိ စည်းကမ်းပဲ။ ငါက သည်စည်းကမ်း ဖောက်ဖျက် ခံရတာမျိုးကို မဖြစ်စေချင်ဘူး။ မင်းတို့ အားလုံးလည်း ငါပြောတာကို နားလည်လိမ့်မယ် ထင်တယ်”

ဆောင်းဦးရွက်ကြွေ လက်ဖက်ရည်ပွဲတော် အတွင်းမှာ သတ်ဖြတ်ခြင်း မပြုရဆိုတဲ့ သံမဏိ စည်းကမ်းက ဟိုးရှေးပဝေသဏီ ကတည်းက ချမှတ်ထားတဲ့ စည်းကမ်း ဖြစ်ပါတယ်။ တကယ်လို့ သတ်ဖြတ်မှုတွေ ဖြစ်သွားပြီ ဆိုတာနဲ့ သည်ဆောင်းဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်ကလည်း ဘာအဓိပ္ပာယ်မှ ရှိတော့မှာ မဟုတ်ပါဘူး။

ဒါကြောင့် ကျင်ခ့ါရှီက သတ်ဖြတ်မှုတွေ မဖြစ်လာအောင် အစွမ်းကုန် လိုက်ထိန်းနေတာပါ။ သူမက ဆောင်းဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်ရဲ့ အမည်းစက် အဖြစ် သမိုင်းမတွင်ခဲ့ ချင်ဘူးလေ။

“အစ်ကိုတော် ရှန်းလီ ... စိတ်မပူပါနဲ့ ခင်ဗျာ ... ကျွန်တော်တို့ အားလုံးက သည်စည်းကမ်းကို လိုက်နာမှာပါ”

အခုချိန်မှာတော့ ဘယ်သူမှ ပြဿနာ မရှာရဲတော့ပါဘူး။

ရှန်းလီက ကောင်းကင် နယ်ပယ်ကို မရောက်ခင်တုန်း ကတောင်မှ ကျားနဂါး စာရင်းရဲ့ အဆင့်၆၈ လေ။ အခုတော့ ကောင်းကင် နယ်ပယ်ကိုတောင် ရောက်နေပါပြီ။ သူတို့အားလုံးကို အနိုင်ယူဖို့ ဆိုတာက ရှန်းလီ အတွက်ကတော့ လက်တစ်ဖက် မြှောက်ရုံပါပဲ။ ဘယ်သူကကော ရှန်းလီကို ကလန်ကဆန် ပြုရဲမည်နည်း။

“အေး ... မင်းတို့အခုလို သဘောပေါက်တာကို ငါဝမ်းသာတယ်”

ရှန်းလီက ခေါင်းညိတ် လိုက်ပါတယ်။ ထို့နောက်မှာတော့ သူက ထန်ရှိယင်ကို ကြည့်လိုက်ပြီး …

“မင်း ...။ မင်းကို သည်နေရာက မကြိုဆိုဘူး ...။ တောင်ပေါ်ကနေ ဆင်းသွား ...”

ရှန်းလီက လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ မမြင်ရသည့် စွမ်းအင် တစ်ခုက ထန်ရှိယီကို မပြီး တောင်ပေါ်ကနေ လွှင့်ပစ် လိုက်ပါတယ်။

ထန်ရှိယီကလည်း ထိုစွမ်းအင်ကို လုံးဝ မခုခံရဲပဲ အသာတကြည် လွှင့်ပစ်လိုက်တဲ့ အတိုင်း ပါသွားခဲ့ပါပြီ။

ထို့နောက်မှာတော့ ရှန်းလီက လီဖူချန်းတို့ဘက်ကို ကြည့်လိုက် ပြန်ပါတယ်။ အတန်ကြာ စဉ်းစားနေပြီး နောက်မှာတော့ …

“ရူကျန်းချီ ... ရှောင်ပိုင်ကိုခေါ်ပြီး သည်က ထွက်သွား”

သည်ပြဿနာက လီဖူချန်းရဲ့ အမှား မဟုတ်ဘူးလို့ ရှန်းလီက ဆုံးဖြတ်လိုက်သည့် ပုံပင်။

ရူကျန်းချီက အသံ တစ်စက်တောင် မထွက်ရဲပဲ ရှောင်ပိုင်ကို ဖေးမကာ ဆောင်းဦးမိုးစက် တောင်ပေါ်ကနေ ထွက်သွားခဲ့ ပါပြီ။ သူက တောင်ပေါ်ကနေ မဆင်းခင် လေးမှာတော့ လီဖူချန်းကို စူးရဲစွာ စိုက်ကြည့် သွားပါသေးတယ်။

“အစ်ကိုရှန်းလီ ... ကျွန်တော်တို့မှာလည်း လုပ်စရာလေးတွေ ရှိနေသေးတယ် ခင်ဗျ။ သွားခွင့်ပြုပါဦး ...”

ရှင်းဝူဟန်နဲ့ အခြား သူတွေကလည်း သူတို့ အခြေအနေကို သူတို့ ကောင်းကောင်းကြီး သဘောပေါက် ပါတယ်တယ်လေ။ သူတို့သာ ရှန်းလီ ရှိနေတုန်းမှာ မထွက်သွားလို့ ကတော့ ရှန်းလီ ပြန်သွားတာနဲ့ လီဖူချန်းက သူတို့ကို ကောင်းကောင်းကြီး သမတော့မှာပါ။

ရှန်းလီက သူတို့ကို ဂရုတောင်မစိုက်ဘဲ အခြား လူတွေဘက်ကို ကြည့်ကာ …

“နောက်ထပ်အချိန် တစ်နှစ်ခွဲ ကြာရင် ကျားနဂါး ပြိုင်ပွဲက ပြန်စလိမ့်မယ်။ ငါက သည်နေ့ သည်နေရာကို ရောက်လာမှတော့ မင်းတို့ အားလုံးကို ငါ့ရဲ့ သိုင်းတာအို အတွေ့အကြုံတွေကို ပြန်ပြောပြ ပေးမယ်။ မင်းတို့အားလုံး ငါ့ရဲ့ အတွေ့အကြုံတွေ ကနေ တစ်ခုခုကို နားလည် နိုင်ပါစေလို့ မျှော်လင့်ပါတယ်”

ဆောင်းဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်က တစ်နေ့တာပဲ ကျင်းပတာ ဖြစ်ပါတယ်။ အခုတောင်မှ နေ့လယ်ကို ရောက်လာပြီ ဖြစ်တဲ့အတွက် ပြီးဆုံးဖို့ အချိန် ဘယ်လောက်မှ မလိုတော့ ပါဘူးလေ။

“ကျေးဇူးတင်ပါတယ် အစ်ကိုတော် ရှန်းလီ ... "

ကျားနဂါး စာရင်းဝင်ဟောင်း တစ်ယောက်က သူ့ရဲ့ သိုင်းတာအို အတွေ့အကြုံတွေကို ပြောပြပေးမည် ဆိုတဲ့အတွက် လူတွေ အကုန်လုံးက ဝမ်းသာ ကုန်ကြပါတယ်။ သည်အတွေ့အကြုံတွေက သူတို့ကို အနည်းနဲ့ အများတော့ အကူအညီ ဖြစ်စေမည် မဟုတ်ပါလား။

ထို့နောက်မှာတော့ ရှန်းလီက ပင်မ ပွဲကြည့်စင်ပေါ်ကို ပျံတက်သွားပြီး လက်ဖက်ရည် တစ်ခွက်ကို ကိုယ်တိုင် ငှဲ့သောက် လိုက်ပါတယ်။

အတန်ကြာ အရသာခံပြီးတဲ့ အခါမှာတော့

“မြေကမ္ဘာ နယ်ပယ်မှာတော့ ဆန်းကြယ် အလယ်အလတ် အဆင့် ပညာရပ်ဆန္ဒကို နားလည် သဘောပေါက်ဖို့က အဆုံးစွန်သော ကန့်သတ်ချက်ပဲ။ ဒါကြောင့် မင်းတို့ရဲ့ အရည်အချင်းတွေကို အမြန်ဆုံး တိုးတက် လာစေချင်ရင် ကိုယ်ပိုင် ပေါင်းချုပ် သိုင်းကွက်တွေ တီထွင်ရမယ်။ ငါသိရသလောက် ဆိုရင်တော့ ကျားနဂါး စာရင်းဝင်တိုင်းမှာ ကိုယ်ပိုင်ပေါင်းချုပ် တိုက်ကွက်တွေ ရှိကြတယ်။ သည်ပေါင်းချုပ် သိုင်းကွက်တွေက ဘဝတစ်လျှောက် လေ့ကျင့်လာခဲ့တဲ့ သိုင်းပညာတွေကို အခြေခံပြီး တီထွင်ထားတာ ဖြစ်တဲ့အတွက် အရမ်း အစွမ်းထက်တယ်။ ခုခံနိုင်ဖို့လည်း အတော်လေး ခဲယဉ်းတယ်။

အကျဉ်းချုံး ပြောရမယ် ဆိုရင်တော့ မင်းတို့ရဲ့ ပေါင်းချုပ် တိုက်ကွက်က တိုက်စစ်ပဲ ဖြစ်နေရမယ်။ ခုခံဖို့အတွက် လုံးဝ ဖြစ်မနေရဘူး။ မင်းက ပေါင်းချုပ် တိုက်ကွက်ကို ထုတ်လိုက်ပြီး ဆိုတာနဲ့ အားမာန် အပြည့်နဲ့ တိုက်ခိုက်ရမယ်။ သည်တစ်ကွက် ပြီးတာနဲ့ မင်းဆီမှာ အရှုံး ဒါမှမဟုတ် အနိုင်ဆိုတဲ့ အဖြေပဲ ရှိလိမ့်မယ်”

လူအားလုံးက ခေါင်းညိတ် လိုက်ပါတယ်။

“အစ်ကိုရှန်းလီ ... မြေကမ္ဘာ ပညာရှင် တစ်ယောက်က သူ့ရဲ့အချိန်တွေ အားလုံးကို အသုံးပြုပြီး ပေါင်းချုပ်သိုင်းကွက် ဖြစ်လာအောင် တီထွင်နေတာက အလုပ် ဖြစ်ပါ့မလား ...။ အဲသည် ပေါင်းချုပ် သိုင်းကွက်အတွက် ကုန်ဆုံးမယ့် အချိန်တွေကို ဆန်းကြယ် အဆင့်မြင့် ဓားသိုင်းကို နားလည်အောင် လေ့ကျင့်နေတာ ပိုမကောင်းဘူးလား ...”

တိုက်ရိုက်တပည့် တစ်ယောက်က မေးခွန်း ထုတ်လိုက်ပါတယ်။

ထိုမေးခွန်းကိုတော့ ရှန်းလီရဲ့ ဘေးနားမှာ ရှိနေတဲ့ ကျင်ခ့ါရှီက ပြန်ဖြေကြား ပေးပါတယ်။

“ဆန်းကြယ် အဆင့်မြင့် သိုင်းပညာကို နားလည်အောင် လေ့ကျင့် နေတာက အဆင်ပြေ ပါတယ်။ ဒါပေမဲ့ အနည်းဆုံး အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်ကို ရောက်နိုင်မှ မင်းရဲ့ ဆန်းကြယ်အဆင့်မြင့် သိုင်းပညာက အသုံးဝင် လိမ့်မယ်။ မဟုတ်ရင်တော့ မင်းရဲ့ ဆန်းကြယ် အဆင့်မြင့် သိုင်းပညာက တစ်ဖက်လူရဲ့ ဆန်းကြယ် အလယ်အလတ် ဆန္ဒကိုတောင် ခုခံနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းရဲ့ ကိုယ်ပိုင်ပေါင်းချုပ် သိုင်းကွက်ကတော့ ဆန်းကြယ် အလယ်အလတ် အဆင့် ပညာရပ်ကို အခြေခံပြီး တီထွင်ထားတာ ဖြစ်တဲ့အတွက် ပိုပြီး အသုံးဝင်လိမ့်မယ်။ ဆန်းကြယ် အဆင့်မြင့် သိုင်းပညာကို နားလည်နိုင်ဖို့ ဆိုတာက မြေကမ္ဘာအဆင့် ပညာရှင်တွေ အတွက်တော့ အရမ်းကို ခက်ခဲလွန်းတယ်။ သည် ဆန်းကြယ် အဆင့်မြင့် သိုင်းပညာတွေက အချိန်တိုလေး အတွင်းမှာ နားလည်နိုင်တဲ့ ပညာရပ်မျိုး မဟုတ်ဘူး”

ရှန်းလီက ခေါင်းညိတ်လိုက်ပြီး …

“ကျင်ခါ့ရှီပြောတာ မှန်တယ်။ ဆန်းကြယ် အဆင့်မြင့် သိုင်းပညာကို နားလည် သဘောပေါက် နိုင်ဖို့ထက် ကိုယ်ပိုင် ပေါင်းချုပ် သိုင်းကွက်ကို တီထွင်တာက ပိုလွယ်တယ်။ ဒါကြောင့် ငါက မင်းတို့ကို ကိုယ်ပိုင် ပေါင်းချုပ်သိုင်းကွက် တစ်ကွက် ရလာအောင် တီထွင် သင့်တယ်လို့ အကြံပေးရတာ။ ဒါပေမဲ့ ငါပြောတာကလည်း ခြွင်းချက်တော့ ရှိတာပေါ့။ တကယ်လို့ မင်းရဲ့ ထိုးထွင်း သိမြင်နိုင်မှုက ကောင်းကင်ဘုံက ကောင်းချီး ပေးထားတာ ဆိုရင်တော့ ဆန်းကြယ် အဆင့်မြင့် ဓားသိုင်းကို နားလည်အောင် ကြိုးစားတာက ပိုကောင်းပါတယ်”

ထိုစကားကိုတော့ ရှန်းလီက လီဖူချန်းကို ကြည့်ရင်းနဲ့ ပြောလိုက်တာပါ။

သူက လီဖူချန်းတစ်ယောက် ဆန်းကြယ် အဆင့်မြင့် ဓားသိုင်းရဲ့ အလုံးစုံ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်နေပြီ ဆိုတာကို ရူကျန်းချီနဲ့ ရှောင်ပိုင်တို့ကို တိုက်တုန်း ကတည်းက သတိထားမိ ပါတယ်။

အဲသည်အတွက် သူပြောတဲ့ အကြံပေးချက် တွေက လီဖူချန်း အတွက်တော့ အသုံးမဝင် လှပါဘူးလေ။

လီဖူချန်းက သည်အတိုင်း ဆိုရင် ကျားနဂါး ပြိုင်ပွဲ မရောက်မီမှာ ပိုပြီး အဆင့်မြင့်တဲ့ အခြေအနေ တစ်ခု အထိကိုတောင် တက်လှမ်း သွားနိုင်ဖို့ အခွင့်အရေး ရှိပါတယ်။ တကယ်လို့ လီဖူချန်းသာ တစ်ဖက်ကမ်းခပ် နားလည်တဲ့ အဆင့်ကို ရောက်သွားမယ် ဆိုရင် သူ့ရဲ့ ဓားကွက်က မည်သည့်ပေါင်းချုပ် သိုင်းကွက်ထက်ကို မဆို အနိုင်ယူနိုင်မှာပါ။ ပြီးတော့ သူက ကျားနဂါး စာရင်းရဲ့ ထိပ်ဆုံး အယောက်၅၀ စာရင်းထဲကို အသာလေးတောင် ဝင်သွားနိုင် ပါသေးတယ်။

အယောက်၃၀ အဆင့်အထိ ရောက်မရောက် ဆိုတာကတော့ သည်တစ်နှစ်ခွဲ အတွင်းမှာ လီဖူချန်း တစ်ယောက် ဘယ်လောက်အထိ တိုးတက် လာနိုင်မလဲဆိုတဲ့ အပေါ် မူတည် သွားပါပြီ။

လီဖူချန်း တိုးတက် နေသလို အခြားသော ပါရမီရှင်တွေကလည်း တိုးတက် နေမှာပါပဲ။

တကယ်လို့ လူတစ်ယောက်က အခြား သူတွေကို ကျော်ဖြတ်ချင်တယ် ဆိုရင်တော့ အခြား သူတွေထက်ကို ပိုပြီး မြန်မြန်ဆန်ဆန် တိုးတက်သင့်သည် မဟုတ်ပါလား။

နောက်ပိုင်း ကျန်ရှိနေတဲ့ အချိန်တွေကိုတော့ ရှန်းလီက ပေါင်းချုပ်သိုင်းကွက် တီထွင် ဖန်တီးရာမှာ လိုအပ်တဲ့ အရာတွေကို ရှင်းပြရင်းနဲ့ပဲ အချိန်ကုန် သွားစေပါတယ်။

ကောင်းကင်ကြီး ကလည်း တဖြည်းဖြည်း မှောင်မည်း လာခဲ့ပါပြီ။

အဲသည် အချိန်မှာတော့ ရှန်းလီက ကျင့်ခါရှီကို မျက်ရိပ်ပြ လိုက်ပါတယ်။ ကျင်ခါ့ရှီကလည်း ချက်ချင်းပင် မတ်တတ် ထရပ်လိုက်ပြီး …

“ကဲကဲ ...။ သည်နှစ် ဆောင်းဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်ကိုတော့ သည်မှာတင်ပဲ အဆုံးသတ် လိုက်ပါပြီ။ အခုလို လာတက်ရောက် ပေးကြတဲ့ လူတွေအားလုံး ကိုလည်း ကျေးဇူး တင်ပါတယ်ရှင်။ နောက်တစ်ခေါက် လက်ဖက်ရည် ပွဲတော်ကိုတော့ နောက်ထပ် ၂နှစ်ကြာမှပဲ ပြန်ကျင်းပ ပါတော့မယ်။ ညီမ တရားဝင် ကမ်းလှမ်းချင်တာ ကတော့ နောက်ထပ်တစ်ခေါက် ဆောင်ဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်ကို အိမ်ရှင်အဖြစ် လီဖူချန်းက ဦးဆောင်ကျင်းပ ပေးဖို့ပါပဲ။ လီဖူချန်း အဆင်ပြေပါ သလားရှင် ...”

(note - ကျွန်တော်ကတော့ သည်စာစဉ်ကို တရုတ်ကနေ eng လို ပြန်တဲ့ကောင်ကို အရမ်းဆဲချင် နေပါပြီ။ သည်သောက်ရူးက အစောပိုင်းမှာ လက်ဖက်ရည် ပွဲတော်ကို ကျင်းပတဲ့ အချိန်က biannualလို့ ရေးထားတာပါ။ biannual ဆိုတာက တစ်နှစ်မှာ နှစ်ကြိမ် ကျင်းပတာကို ဆိုလိုတာပါ။ နှစ်နှစ်တစ်ကြိမ် ကျင်းပတဲ့ ပွဲတော် ဆိုရင်တော့ biennial လို့ ရေးရမှာပါ။ ပြီးတော့ သည်ငနဲက ထိုးထွင်းသိမြင်မှု ရေးလိုက်၊ အသိစိတ် အာရုံ ရေးလိုက် တိုက်ပွဲအပေါ် သုံးသပ်နိုင်မှု ရေးလိုက်နဲ့ အမျိုးမျိုး ပြောင်းပြီး ဘာသာပြန် နေပါတယ်။ မြန်မာပြန်တဲ့ ကျွန်တော်ကတော့ သည်ကောင့်ကို စိတ်တွေ အရမ်း ရှည်နေပါပြီ။)

***

All Chapters