ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေ
Vol. 18 Ch. 246
လူတွေအားလုံးက လီဖူချန်းရဲ့ အဖြေကို စောင့်မျှော် နေကြပါတယ်။
အစောပိုင်းတုန်း ကတော့ သူတို့က လီဖူချန်းကို အထင်အမြင် သေးစွာ ကြည့်ခဲ့ ကြပေမဲ့လည်း အခုချိန်မှာတော့ နတ်ဘုရား တစ်ပါးပမာ ရိုသေ လေးစားစွာ ကြည့်နေကြပါပြီ။
လီဖူချန်းက မြေကမ္ဘာနယ်ပယ် အဆင့်၅နဲ့တောင်မှ ရှောင်ပိုင်နဲ့ ရူကျန်းချီတို့ နှစ်ယောက် ပူးပေါင်း တိုက်ခိုက်တာကို အနိုင်ယူ ခဲ့တာလေ။ သူသာ မြေကမ္ဘာ နယ်ပယ် အဆင့်၇ ဒါမှမဟုတ် အဆင့်၈အထိ ရောက်သွားခဲ့မယ် ဆိုရင် ဘယ်လောက်တောင် အစွမ်းထက် သွားမလည်း ဆိုတာ ဘယ်သူမှ မခန့်မှန်း နိုင်ပါဘူး။ သူက သေချာပေါက် ကျားနဂါး စာရင်းရဲ့ ထိပ်ဆုံး၅၀ အဆင့်ထဲကို ဝင်နိုင်မည့်သူ မဟုတ်ပါလား။
သည်လို တည်ရှိမှုမျိုး ကိုတော့ သူတို့က အဝေးက နေပဲ လေးစား အားကျနေရုံပဲ တတ်နိုင်ပါသည်လေ။
သြော် ... ပါရမီရှင်တွေ ကြားထဲမှာ တောင်မှ ကွာဟချက် တွေက ရှိနေသေးသည် ပဲကိုး။
သည်ကို ရောက်နေတဲ့ သူတွေ အားလုံးဟာ သူတို့ရဲ့ သက်ဆိုင်ရာ ဂိုဏ်းအသီးသီး မှာတော့ ဖူးဖူးမှုတ် ထားခံရသည့် ပါရမီရှင် တွေပါပဲ။ ဒါပေမဲ့ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးနဲ့ ယှဉ်လိုက်ရင်တော့ သူတို့ အားလုံးဟာ သာမန်ရိုးရိုး ပါရမီရှင် အဆင့်မှာပဲ ရှိပါတော့တယ်။
ဒါပေမဲ့ လီဖူချန်း ကတော့ သူတို့နဲ့ မတူညီတဲ့ အဆင့်တစ်ခု မှာပါ။ သူက အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးနဲ့ ယှဉ်ရင်တောင်မှ တကယ့် လက်ရွေးစင် ထိပ်တန်း ပါရမီရှင် တစ်ယောက်အဖြစ် သတ်မှတ်လို့ ရပါသေးတယ်။
တကယ့် ထွဋ်ခေါင် ပါရမီရှင် တွေနဲ့ သာမန် ပါရမီရှင် တွေရဲ့ ကွာဟချက် ကတော့ နောက်ပိုင်းကို ရောက်လာလေလေ ပိုပြီး ကွာဟချက် ကြီးမားလာလေလေ ပါပဲ။
သူတို့အထဲ မှာတော့ အများစုက ကောင်းကင် နယ်ပယ်ကို အသက်၃၀ ဒါမှမဟုတ် အသက်၄၀မှသာ တက်လှမ်း နိုင်တော့မှာပါ။ အဲသည် ကောင်းကင်နယ်ပယ်က သူတို့ တစ်သက်လုံးစာ အတွက်တောင် ဖြစ်သွား နိုင်ပါသေးတယ်။
ထွဋ်ခေါင် ပါရမီရှင်တွေ ကတော့ အသက်၃၀ မတိုင်မီမှာ ကောင်းကင်နယ်ပယ်ကို တက်လှမ်းနိုင်မည့် အပြင် သူတို့ထဲက အများစုက ပြန်လည်ဝင်စားခြင်း နယ်ပယ်ကိုတောင် ရောက်နိုင်ပါသေးတယ်။ တကယ်လို့ ကံအကြောင်း တိုက်ဆိုင်မှုတွေများ ရှိလာခဲ့မယ် ဆိုရင်တော့ တိုက်ပွဲဝိညာဉ် နယ်ပယ်ကိုတောင် တက်လှမ်း သွားနိုင်တဲ့ အခွင့်အရေးတွေ ရှိပါတယ်လေ။
အဲဒါကတော့ ခန့်မှန်းချက်ပါပဲ။ တကယ်ကြီး တက်လှမ်းနိုင်မယ် လို့တော့ မဆိုလိုပါဘူး။
လီဖူချန်းကတော့ သူ့ရဲ့ အဖြေကို စောင့်မျှော်နေတဲ့ ကျင်ခါ့ရှီကို ကြည့်ပြီး ခေါင်းခါ ပြလိုက်ပါတယ်။
“ငါက ဆောင်းဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်ရဲ့ အိမ်ရှင် ဖြစ်ဖို့ စိတ်မဝင်စားဘူး"
လီဖူချန်း အတွက်ကတော့ သည်လက်ဖက်ရည် ပွဲတော်ကို ဦးဆောင် ကျင်းပတာက အချိန်ဖြုန်း တာပါပဲ။
သူ့ရဲ့ ကျင့်ကြံမှုနှုန်းနဲ့ ဆိုရင် ၂ နှစ်အတွင်းမှာ အဆင့်တွေ အများကြီး ရောက်သွားနိုင်ပါတယ်။ နောက်၂နှစ်လောက် ကြာရင် သည်လက်ဖက်ရည် ပွဲတော်က သူ့အတွက်တော့ ကလေး ကစားစရာ သက်သက် ဖြစ်နေတော့မှာပါ။
အဲသည်လို ဖြစ်နေမှတော့ သူက ဘာဖြစ်လို့ အချိန်ကုန်ခံပြီး အိမ်ရှင်အဖြစ် ဦးဆောင်ကျင်းပ ပေးရမည်နည်း။
“သူ ... သူငြင်းလိုက် တယ်ဟ"
လူတွေ အားလုံးက ပါးစပ် အဟောင်းသားဖြင့် လီဖူချန်းကို ငေးကြည့် နေကြပါတယ်။
ဆောင်းဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်ကို အိမ်ရှင်အဖြစ် ဦးဆောင်ပြီး ကျင်းပဖို့ ဆိုတာက သူတို့အားလုံးရဲ့ အိပ်မက်လေ။ သည်လက်ဖက်ရည် ပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနိုင်တဲ့ သူက နာမည်ကျော်ကြား လာမှာပါ။ ပြီးတော့ သည်လက်ဖက်ရည် ပွဲတော်ကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပတဲ့သူ တွေဟာ အရင့်အရင်က အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ သူတွေနဲ့ အဆက်အသွယ် ရနိုင်ပါသေးတယ်။ ဒါက သူတို့ရဲ့ အနာဂတ် တက်လမ်းတစ်စ ဆိုရင်လည်း မမှားပါဘူး။
“စိတ်ဝင်စားဖို့ ကောင်းတဲ့ကောင်ပဲ"
ရှန်းလီကတော့ စိတ်မဆိုးဘဲ စိတ်ဝင်စားသည့် ဟန်ဖြင့် ပြုံးတောင် ပြုံးနေ လိုက်ပါသေးတယ်။
ကျင်ခါ့ရှီကတော့ သူမရဲ့ ကမ်းလှမ်းချက်ကို လီဖူချန်းက ငြင်းပယ် လိုက်မယ်လို့ မထင်ထား ခဲ့မိပါဘူး။
ဒါပေမဲ့လည်း သူမက အမူအရာ မပျက်စေဘဲ
“အိုး ... မောင်လေးလီက စိတ်မဝင်စားဘူးကိုး။ အင်းလေ ... ဟုတ်ပါပြီ။ ဒါဆိုလည်း မောင်လေးတန်ကို မေးကြည့် ရမှာပေါ့။ မောင်လေးတန် ... မင်း နောက်တစ်ခေါက် လာမယ့် ဆောင်းဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်ကို အိမ်ရှင်အဖြစ် ဦးဆောင် ကျင်းပဖို့ စိတ်ဝင်စားရဲ့လား ..."
ကျင်ခ့ါရှီက အခြား လူငယ်တစ်ယောက်ကို ကမ်းလှမ်း လိုက်ပါတယ်။
ထိုလူငယ်ကတော့ နတ်တံခါးဂိုဏ်းရဲ့ နံပါတ်၁ ရွှေအဆင့် တိုက်ရိုက်တပည့် တန်ဖန်း ဖြစ်ပါတယ်။ သူ့ရဲ့ အရည်အချင်း ကတော့ လျိုကျင်းယွန်နဲ့ အတူတူပါပဲ။ ဒါပေမဲ့ တန်ဖန်းက လျိုကျင်းယွန်ထက် ပိုငယ်ပါတယ်။ နောက်ထပ် တစ်နှစ်ခွဲလောက် ကြာရင်တော့ သူကလည်း ကျားနဂါးစာရင်း ထဲကို ဝင်နိုင်လောက်တဲ့ အစွမ်းအစ ရှိသူ တစ်ဦးပါပဲ။
(note - 巨阙门 ကို ကျွန်တော်က နတ်တံခါးဂိုဏ်းလို့ ဘာသာပြန်လိုက်ပါတယ်။ သည်ဂိုဏ်းက တရုတ်မှာ တကယ်နာမည်ကြီးခဲ့တဲ့ ဂိုဏ်းတစ်ဂိုဏ်းပါ။ ချိချွင်းမိန် ဂိုဏ်းလို့ ခေါ်ပါတယ်။ သိုင်းကားတို့ သိုင်းဝတ္ထုတို့ ဖတ်တဲ့ သူတွေကတော့ ဓားခုနစ်လက်ဆိုတဲ့ နာမည်လေးကို ကြားဖူးမှာပါ။ ဟုတ်ပါတယ်။ အဲသည်ရတနာဓား ၇လက်ကို သွန်းလုပ်ခဲ့တဲ့ သူက ချိချွင်းမိန် ဂိုဏ်းက ဖြစ်ပါတယ်။)
ကျင်ခ့ါရှီရဲ့ ကမ်းလှမ်းမှုကို ရအပြီးမှာတော့ တန်ဖန်းက လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေ ပေးလိုက်ပြီး”အစ်မတော် ကျင်ရဲ့ ကမ်းလှမ်းမှုကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် တန်ဖန်းက ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ် ခင်ဗျာ ...”ဟု ပြန်ဖြေ လိုက်ပါတယ်။
သူ့ရဲ့ စိတ်ထဲမှာတော့ သူက လီဖူချန်းကို အခွင့်အရေး ပေးတာကို နားမလည်တဲ့ ကောင်ဟု လှောင်ပြောင် နေပါတယ်လေ။
ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယု တို့ကလည်း လီဖူချန်း အစား နှမြော ပေးနေကြပါတယ်။ သည်ဆောင်းဦး ရွက်ကြွေ လက်ဖက်ရည်ပွဲတော် ကျင်းပခဲ့တာက နှစ်ပေါင်း အလွန် ကြာညောင်းခဲ့ပြီ မဟုတ်ပါလား။ သည်လက်ဖက်ရည် ပွဲတော်ရဲ့ အိမ်ရှင်အဖြစ် တာဝန်ယူ ခဲ့ကြတဲ့ လူတွေအားလုံးက ကောင်းကင်နယ်ပယ် အထွတ်အထိပ်က လူတွေချည်းပါပဲ။ အချို့ဆိုရင် ပြန်လည်ဝင်စားခြင်း နယ်ပယ်အဆင့် ကိုတောင် ရောက်နေပါပြီ။
ကောလာဟလ အချို့အရ ဆိုရင်တော့ သည်ဆောင်းဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်ရဲ့ အနောက်မှာ ဆောင်းနှင်းစက် နန်းတော် ရှိနေပါတယ်တဲ့။ သည်ဆောင်းဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်ကို အိမ်ရှင်အဖြစ် ကျင်းပခွင့်ရတဲ့ လူတိုင်းက ဆောင်းနှင်းစက် နန်းတော်ရဲ့ အဖွဲ့ဝင် အဖြစ် သတ်မှတ် ခံရပါတယ်။ ဆောင်းနှင်းစက် နန်းတော်မှာက ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင် အနည်းငယ် ရှိတယ်လေဝ
တကယ်လို့သာ လီဖူချန်းက ဆောင်းဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်ရဲ့ အိမ်ရှင်တာဝန်ကို လက်ခံလိုက်မယ် ဆိုရင် အလိုအလျောက် ဆောင်းနှင်းစက် နန်းတော်ရဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်သွားမှာပါ။
အဲဒါဆိုရင် လီဖူချန်းရဲ့ ကျောထောက်နောက်ခံက မိုးပြာရောင်ဂိုဏ်း တင်မက ဆောင်းနှင်းစက် နန်းတော်ပါ ဖြစ်သွားပါပြီ။
ဒါပေမဲ့လည်း လူတွေအားလုံးက လီဖူချန်းတို့လို ပါရမီရှင် အတန်းအစားမျိုးကို ကောင်းကောင်းကြီး သိပါတယ်။ ထိုသူတွေက တကယ့် တစ်ဇွတ်ထိုး၊ တဇောက်ကန်း တွေပါ။ သူတို့ကို ဘာမှ သွားအကြံပေးလို့ မရပါဘူး။ သူတို့ လုပ်ချင်တာကိုပဲ လုပ်မည့်သူတွေ ဖြစ်ပါတယ်။
ဆောင်းဦးရွက်ကြွေ လက်ဖက်ပွဲတော်က ပြီးဆုံးသွားပြီ ဖြစ်တဲ့အတွက် အားလုံးကလည်း လူစုခွဲကာ ကိုယ့်လမ်းကိုယ် သွားရတော့မှာပါ။
"လီဖူချန်း ... ငါနဲ့ ငါ့ညီမက အပူအပင်မဲ့ ဂိုဏ်းကို ပြန်ဖို့ ဆုံးဖြတ်ပြီးသွားပြီ။ တကယ်လို့ နောက်နောင်များမှာ ကံအကြောင်း တိုက်ဆိုင်ခဲ့ရင် ပြန်တွေ့ ကြတာပေါ့ကွာ ..."
ဖန်ကျင်းဆောင်က လီဖူချန်းကို နှုတ်ဆက် လိုက်ပါတယ်။
လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး
"ငါတို့ သေချာပေါက် ပြန်တွေ့မှာပါကွ။ မင်းတို့ နှစ်ယောက်ရဲ့ အပြန်ခရီး သာယာ ချောမွေ့ပါစေကွာ”
အခုချိန် မှာတော့ လီဖူချန်းက ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယု တို့ကို တကယ့် မိတ်ဆွေတွေ အဖြစ် သတ်မှတ် ထားလိုက်ပါပြီ။
***
ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယုတို့နဲ့ လမ်းခွဲ အပြီးမှာတော့ လီဖူချန်းက အနည်းငယ် အထီးကျန် လာသလိုတောင် ခံစားလာရ သလိုလိုပါပဲ။
ဒါပေမဲ့လည်း သိပ်မကြာခင် မှာတော့ ထို ခံစားမှုကြီးက လွင့်ပြယ် သွားခဲ့ပါပြီ။
ဘယ်လိုပဲဖြစ်ဖြစ် သိုင်းတာအို လမ်းစဉ် ဆိုတာက တစ်ယောက်တည်း အထီးကျန်စွာ ဖြတ်သန်းရမည့် အရာပင် မဟုတ်ပါလား။
လီဖူချန်း တစ်ယောက် ဆောင်းဦးမိုးစက် တောင်ခြေကို ပြန်ရောက်တာနဲ့ ပထမဦးဆုံး ဆုံးဖြတ် လိုက်တာကတော့ ဆောင်းဦးမိုးစက် မြို့ကို ပြန်မသွားဖို့ပါပဲ။
လီဝူရှုရဲ့ သေဆုံးမှုက လွယ်လွယ်နဲ့ ပြီးပြတ်သွားမယ့် ကိစ္စ မဟုတ်ပါဘူး။ သူ့ကို ဖမ်းဝရမ်း ထုတ်ထားတာက ရုပ်သိမ်း လိုက်ပေမဲ့လည်း
ကောင်းကင် နတ်ဆိုးဂိုဏ်းက အမှောင်ထဲ ကနေ လူပ်ရှား နေဦးမှာပါပဲ။ အခုချိန်လောက် ဆိုရင် ကောင်းကင်နတ်ဆိုး ဂိုဏ်းက ထိပ်သီး ပညာရှင် တွေက ဆောင်းဦးမိုးစက် မြို့အဝင်ပေါက် ကနေ သူ့ကို စောင့်နေလောက်ပါပြီ။
တိုက်ပွဲ တစ်ရာနယ်မြေက အလွန် ကြီးမား ကျယ်ပြန့်တာကြောင့် လီဖူချန်းအတွက် သွားစရာနေရာ သိပ်မရှားလှပါဘူး။
သည်တစ်ကြိမ် မှာတော့ လီဖူချန်းက သူ့ကိုသူ အသက်၂၅၊ ၂၆ နှစ်အရွယ် လူငယ်တစ်ယောက် အဖြစ် ရုပ်ဖျက်ထားပါတယ်။ သူ့ရဲ့ ပုံစံက ကြည့်လိုက်ရင် လုံးဝယဉ်ကျေး သိမ်မွေ့တဲ့ လူငယ် တစ်ယောက်လိုပါပဲ။
သူ့ရဲ့ အခုပုံစံ ကိုတော့ ဖန်ကျင်းဆောင်နဲ့ ဖန်ကျင်းယု တို့တောင်မှ မှတ်မိနိုင်မှာ မဟုတ်ပါဘူး။
လီဖူချန်း ထင်ထား ခဲ့သလိုပါပဲ။
လီဖူချန်း တစ်ယောက် ဆောင်းဦးမိုးစက် မြို့ထဲက ထွက်သွားတာနဲ့ တစ်ပြိုင်နက် ကောင်းကင်နတ်ဆိုး ဂိုဏ်းက သိုင်းပညာရှင် တစ်အုပ် ရောက်လာ ကြပါသေးတယ်။
ရောက်လာတဲ့ သူတွေ အကုန်လုံးကလည်း ကောင်းကင်နယ်ပယ် ပညာရှင်တွေ ချည်းပါပဲ။
ဒါပေမဲ့ အဲသည် အချိန်မှာ လီဖူချန်းက တခြား မြို့တစ်မြို့ ကိုတောင် ရောက်နေပြီ ဖြစ်တဲ့အတွက် သူတို့တွေက လီဖူချန်းကို ရှာလို့တွေ့မှာ မဟုတ်တော့ပါဘူး။
***
အစိမ်းရောင် တိမ်တိုက်မြို့တော် ...
သစ်ရွက်စိမ်း စားတော်ဆက် ...
သည်စားတော်ဆက်က အထပ်၉ထပ် ရှိပြီး အစိမ်းရောင် တိမ်တိုက်မြို့တော်ရဲ့ နာမည် အကြီးဆုံး နေရာ တစ်ခုပါပဲ။
ဂိုဏ်းအသီးသီးက ထိပ်တန်းတပည့် တွေကလည်း အစိမ်းရောင် တိမ်တိုက်မြို့ကို ရောက်ခဲ့ရင် သည်သစ်ရွက်စိမ်း စားတော်ဆက်ကို အရောက်လာပြီး ထမင်းတစ်နပ် စားကျလေ့ ရှိပါတယ်။
သစ်ရွက်စိမ်း စားတော်ဆက်ရဲ့ ၅ထပ်မြောက်မှာတော့ လီဖူချန်း တစ်ယောက် ကြက်ကင်ကို ဘယ်ဘက်က ကိုင်ပြီး တစ်ကိုက်စားလိုက် ညာဘက်က အရက်အိုးကို မော့လိုက်နဲ့ ဇိမ်ကျနေပါတယ်။
"မင်းတို့အားလုံး ကြားပြီးပြီလား ... တုံလင်ကလန်ရဲ့ ရှဟိုချောင်က ပဉ္စမမြောက် ဆန်းကြယ်တံခါးကို ဖြတ်ပြီး ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲကို ဝင်သွားနိုင်တယ်တဲ့"
"ပြီးတော့ သူက ပဟေဠိ သိုင်းသမား တစ်ယောက်ရဲ့ လက်ရင်းတပည့် တစ်ယောက် အဖြစ်တောင် သတ်မှတ် ခံလိုက်ရသေးတယ် ဆိုပဲ"
"ဘာ ... ပဉ္စမမြောက် ဆန်းကြယ်တံခါးလား။ လခွီးတဲ့မှပဲ ... လွန်လှချည်လားကွာ။ ပထမမြောက် ဆန်းကြယ်တံခါးကို ဖြတ်ဖို့တောင်မှ အသည်းအသန် ကြိုးစား နေရတာကို သူက ဘယ်လိုလုပ်ပြီး ပဉ္စမမြောက် ဆန်းကြယ်တံခါးကို ဖြတ်သွား နိုင်တာတုန်းဟ"
"သည်ရှဟိုချောင်က ကြယ်၅ပွင့် အထူး အရိုးတည်ဆောက်ပုံ ပိုင်ရှင် ပီသ ပါပေတယ်ကွာ။ သူ့ရဲ့ အရိုးတည်ဆောက်ပုံ အရည်အသွေးက ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ကိုတောင် မီလုမီခင်ပဲ။ ပြီးတော့ သူ့ရဲ့ ထိုးထွင်း သိမြင်နိုင်စွမ်းက ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေရဲ့ ထိုထွင်း သိမြင်နိုင်စွမ်းနဲ့ တန်းတူ လိုက်နေတာကွ။ ဒါကြောင့်လည်း ပြီးခဲ့တဲ့ ၁၀စုနှစ် တစ်ခုလုံး ဘယ်သူမှ မကျော်ဖြတ်နိုင်တဲ့ ပဉ္စမမြောက် ဆန်းကြယ်တံခါးကို ကျော်ဖြတ် နိုင်ခဲ့တာ ဖြစ်ရမယ်"
"ရှဟိုချောင်က ငါတို့ရဲ့ အဆင့်အတန်း မဟုတ်ဘူးကွ။ တခြားတစ်ယောက် အကြောင်း ပြောကျရအောင်ကွာ"
“ဟုတ်တယ်ကွ။ ရှဟိုချောင် အကြောင်း ပြောတာက ငါတို့ကို စိတ်ဓာတ် ကျစေတယ်"
လီဖူချန်းရဲ့ ဘေးချင်းကပ် ခုံမှာတော့ သောက်စားပျော်ပါး နေကြတဲ့ လူငယ်တစ်စု ရှိနေပါတယ်။
“တုံလင်ကလန်က ရှဟိုချောင်လား ..."
လီဖူချန်းက ကြယ်တာရာလမ်းမ ပေါ်မှာ တွေ့ခဲ့တဲ့ တုံလင်ကလန်ရဲ့ ရှဟိုရှီကို တောင်မှ သတိရ လိုက်မိပါတယ်။
သူအမှတ် မမှားဘူး ဆိုရင်တော့ ရှဟိုရှီနဲ့ ရှဟိုချောင်က တုံလင်ကလန်ရဲ့ ကြယ်၅ပွင့် အထူးအရိုး တည်ဆောက်ပုံပိုင်ရှင် နှစ်ယောက်ပါ။ သူတို့နှစ်ယောက်ရဲ့ အရည်အချင်းက မတိမ်းမယိမ်း ပါပဲ။ သည်အတိုင်း ဆိုရင်တော့ လီဖူချန်း တစ်ယောက် ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေကို ဝင်မယ်ဆိုရင် စတုတ္ထမြောက် ဆန်းကြယ်တံခါး ကိုတော့ သေချာပေါက် ကျော်ဖြတ် နိုင်မှာပါပဲ။
ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေဆိုတာက ကြယ်တာရာ လမ်းမ လျှို့ဝှက်နယ်မြေလို လျှို့ဝှက် ဆန်းကြယ်မှုတွေ ပြည့်နှက်နေသည့် နေရာတစ်ခု ဖြစ်ပါတယ်။
သည်နယ်မြေ မှာတော့ ဆန်းကြယ် တံခါးပေါက် ၈ပေါက်ရှိပြီး ပဟေဠိ သိုင်းပညာရှင် ၈ယောက် ရှိပါတယ်။
သည်ပဟေဠိ သိုင်းပညာရှင် ၈ယောက်စလုံး ပြန်လည် ဝင်စားခြင်း နယ်ပယ်အဆင့်ကို ရောက်နေပါပြီ။
ပြီးတော့ သူတို့ ၈ယောက်စလုံးက ပညာရပ် တစ်မျိုးစီကို ထူးချွန်စွာ တတ်မြောက် ထားပါသေးတယ်။
***