ကျားဓားရှင်
Vol. 18 Ch. 247
ကောလာဟလတွေ အရ ဆိုရင်တော့ သည်ပဟေဠိ သိုင်းပညာရှင် ၈ယောက်က အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးရဲ့ အစွမ်းအထက်ဆုံး ပညာရှင် အယောက်၂၀ထဲမှာ ပါဝင်ပါတယ်တဲ့။
တချို့က ပြောတာကတော့ အတော်ဆုံး ၈ယောက်ထဲ ကိုတောင် ဝင်နိုင်သေးတယ်တဲ့။
ဒါပေမဲ့လည်း ပဟေဠိ သိုင်းပညာရှင် ၈ယောက်စလုံးက အပြင်လောကကို ထွက်ခဲ့တဲ့ အတွက် အဖြေ တိတိကျကျတော့ မရှိပါဘူး။
သေချာတာ တစ်ခုကတော့ သူတို့ ရှစ်ယောက်သာ ဂိုဏ်းတစ်ခုခု ထဲကို ဝင်လိုက်မယ် ဆိုရင် အဲဒီဂိုဏ်းက အင်အားကြီးတဲ့ ဂိုဏ်းတစ်ခု အဖြစ် အလိုအလျောက် သတ်မှတ် ခံလိုက်ရမှာပါ။
အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ ရှိတဲ့ ဂိုဏ်းအသီးသီးက တပည့်တွေ ကလည်း သည်ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေကို လာပြီး ကံစမ်းကျလေ့ ရှိပါတယ်။
သည်ပဟေဠိ သိုင်းသမား တစ်ယောက်ရဲ့ လက်ရင်းတပည့် ဒါမှမဟုတ် အမည်ခံ တပည့်ဖြစ်ခဲ့မယ် ဆိုရင် တောင်မှပဲ ကံအလွန် ကောင်းတဲ့သူလို့ သတ်မှတ်နိုင်သည် မဟုတ်ပါလား။
ပြန်လည် ဝင်စားခြင်းနယ်ပယ် ပညာရှင် ဆရာတစ်ယောက် ရှိနေတာက မင်းရဲ့ သိုင်းတာအို လမ်းစဉ်ကို လျှောက်လမ်းရာမှာ အများကြီး အထောက်အကူ ပြုနိုင်တယ်လေ။ တစ်ချိန်တည်း မှာပဲ မင်းရဲ့အနောက်မှာ ကျောထောက်နောက်ခံ ကောင်းကောင်းကြီး ရထားတာနဲ့ အတူတူပါပဲ။
သည်ပဟေဠိ သိုင်းသမားတွေက ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲကနေ ဘယ်တော့မှ ထွက်ခွာလေ့ မရှိပါဘူး။ ကောလာဟလ အရဆိုရင်တော့ သူတို့ကို သည်နယ်မြေ ထဲက ထွက်စေချင်ရင်တော့ တန်ဘိုးကြီးကြီး ပေးရတတ်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပိုင်း လောက်ကတော့ ပဟေဠိ သိုင်းသမား တွေထဲက တစ်ယောက်က လျှို့ဝှက်နယ်မြေထဲ ထွက်လာပြီး ဂိုဏ်းတစ်ဂိုဏ်းရဲ့ ပြန်လည်ဝင်စားခြင်း နယ်ပယ် ပညာရှင် တစ်ယောက်နဲ့ ကောင်းကင်နယ်ပယ် ပညာရှင် အများအပြားကို သတ်ပစ်ဖူးပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ အဲသည်ဂိုဏ်းရဲ့ ဂိုဏ်းဝင် တစ်ယောက်က ပဟေဠိ သိုင်းသမား တစ်ယောက်ရဲ့ လက်ရင်းတပည့် တစ်ယောက်ကို သတ်မိသွားလို့ပါ။
အဲဒီနောက်ပိုင်း မှာတော့ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးက ပဟေဠိ သိုင်းသမားတွေရဲ့ လက်ရင်းတပည့် ဆိုတာနဲ့ တော်ရုံတန်ရုံ ကိစ္စရပ် တွေမှာ ဘေးမဲ့ ပေးလိုက်ပါတော့တယ်။
ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့က မလိုအပ်ဘဲနဲ့ ပဟေဠိ သိုင်းသမား တွေနဲ့ ပြဿနာ မဖြစ်ချင်ကြပါဘူး။
ဒါပေမဲ့ ပဟေဠိ သိုင်းသမား တစ်ယောက်ရဲ့ လက်ရင်းတပည့် ဖြစ်ဖို့ဆိုတာက ဆန်းကြယ် ပဉ္စမမြောက် တံခါးကို ဖြတ်ကျော်နိုင်မှ ဖြစ်ခွင့် ရှိတာပါ။
ဒါပေမဲ့လည်း ခြွင်းချက်တွေ ရှိပါသေးတယ်။ ပဟေဠိ သိုင်းသမား တစ်ယောက်ယောက်က မင်းကို စိတ်ဝင်စားပြီး သဘောကျရင်တော့ မင်းက ပထမမြောက် ဆန်းကြယ်တံခါး ကိုပဲ ဖြတ်ကျော် နိုင်ရင်တောင်မှ သူတို့ရဲ့ လက်ရင်းတပည့် ဖြစ်နိုင်ပါသေးတယ်။ ပဟေဠိ သိုင်းသမားတွေ အကုန်လုံးက မင်းကို သဘောမကျဘူး ဆိုရင်တော့ ပဉ္စမမြောက် တံခါးကို ဖြတ်ကျော်နိုင်ရင် တောင်မှပဲ လက်ရင်းတပည့် ဖြစ်ခွင့်ရမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ မင်းက ဆဌမမြောက် တံခါးကိုပါ ဖြတ်ကျော်နိုင်ပြီ ဆိုရင်တော့ သေချာပေါက်ကို ပဟေဠိ သိုင်းသမားတွေ ထဲက တစ်ယောက်ရဲ့ လက်ရင်းတပည့် ဖြစ်ပါပြီ။
လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေ ထဲမှာတော့ ပဉ္စမြောက် တံခါးကို ဖြတ်ကျော်နိုင်တဲ့သူ တွေက လက်၁၀ချောင်းတောင် မပြည့်ပါဘူး။ ဆဌမမြောက် တံခါးကို ဖြတ်ကျော်နိုင်တဲ့ သူတွေ ဆိုရင်တော့ လူ၃ယောက်သာ ရှိပါတယ်။
လီဖူချန်း သိရသလောက် ဆိုရင်တော့ သည်ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေကို အောင်မြင်ဖို့ အတွက်ဆိုရင် မင်းရဲ့ မွေးရာပါ အရိုး တည်ဆောက်ပုံနဲ့ အလားအလာ ကောင်းဖို့ လိုအပ်ရုံမက မင်းရဲ့ အထုံ ပါရမီကလည်း ကောင်းရပါဦးမယ်။
အရိုး တည်ဆောက်ပုံ ကောင်းပြီးတော့ ထူးခြားဆန်းကြယ် လျှို့ဝှက် နယ်မြေထဲကိုတောင် မဝင်နိုင်တဲ့ ပါရမီရှင် တွေတောင် ရှိပါသေးတယ်။
အချုပ်အားဖြင့် ဆိုရမယ် ဆိုရင်တော့ တိုက်ပွဲတစ်ရာ နယ်မြေက အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ ဒါတွေကြောင့်ပဲ ကျော်ကြား နေရတာပါ။ သည်နယ်မြေက ပါရမီရှင်တွေ အချင်းချင်း ဆုံတွေ့ကြတဲ့ နယ်မြေ ဖြစ်တဲ့အပြင် ပါရမီရှင် တွေရဲ့ အရည်အချင်းကို မှတ်ကျောက် တင်ခံလို့ရတဲ့ နယ်မြေတစ်ခုလည်း ဖြစ်နေသေးသည် မဟုတ်ပါလား။
'ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေ။ သည်နယ်မြေက ငါသွားကြည့် သင့်တဲ့ နေရာတစ်ခုပဲ'
လီဖူချန်းက ထူးခြားဆန်းကြယ် လျှို့ဝှက်နယ်မြေကို သွားဖို့အတွက် ဆုံးဖြတ်ချက် ချလိုက်ပါပြီလေ။
သူက ဆောင်းဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်ရဲ့ အိမ်ရှင်အလုပ် ကိုတော့ လုံးဝ စိတ်မဝင်စားလို့ ငြင်းလိုက်တာပါ။ အဲဒါက ကျောထောက်နောက်ခံ အင်အားစုကို မလိုချင်ဘူး ဆိုတဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး။
ပဟေဠိ သိုင်းသမား တစ်ယောက်ရဲ့ လက်ရင်းတပည့် ဖြစ်သွားမယ် ဆိုရင်တော့ ကျောထောက် နောက်ခံကောင်းလည်း ရသွားမည့် အပြင် ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ အန္တရာယ် ကိုလည်း စိတ်ပူစရာ မလိုတော့သည့် အခြေအနေ တစ်ခုကို ရောက်သွားမှာပါ။
ဒါ လုံးဝကို တစ်ချက်ခုတ် နှစ်ချက်ပြတ် အစီအစဉ်ပါပဲ။
သိုင်းတာအို လမ်းစဉ်နောက်ကို လိုက်မယ့်သူ ဆိုတာ တစ်ခါတစ်ရံမှာ အခြားသူ ဖောက်ထားသည့် လမ်းနောက်ကို လိုက်တတ်ဖို့လည်း လိုပါသေးတယ်။
အဲလို မဟုတ်ဘဲ လူသူမရှိတဲ့ နေရာမှာ တစ်ယောက်တည်း လေ့ကျင့် ကိုယ့်ကိုကိုယ် အစွမ်း အထက်ဆုံး ဖြစ်လောက်ပြီ ထင်မှ အပြင်လောကကို ပြန်ထွက်။ ဘယ်လောက်အထိ သမားရိုး ကျလှသည့် ဘဝကြီး ပေတည်း။ လီဖူချန်း ကတော့ ရင်ခုန် စွန့်စားစရာ မရှိသည့် ထိုသမားရိုးကျ ဘဝကြီးကို မဖြတ်သန်း ချင်ပါဘူးလေ။
ပြီးတော့ လူသူမရှိတဲ့ နေရာတစ်ခုမှာ တစ်ယောက်တည်း ကျိတ်ပြီး ကျင့်ကြံ နေတဲ့သူ ကကော ပြိုင်ဘက်ပေါင်း များစွာကို ဖြတ်ကျော် အနိုင်ယူ လာနိုင်သည့် လူတစ်ယောက်ကို အနိုင်ယူ နိုင်မှာတဲ့လား။
လီဖူချန်းကတော့ မထင်ပါဘူး။
ကိုယ့် အရည်အချင်းရဲ့ အဆုံးစွန်ဆုံးသော ကန့်သတ်ချက် တွေကို အမြဲစိန်ခေါ် ကျော်လွှားနိုင်တဲ့ သူတွေမှသာ ပြိုင်ဘက်ကင်း သိုင်းနတ်ဘုရား တစ်ပါး ဖြစ်လာနိုင်တယ်လို့ သူက ယူဆထားပါတယ်။
ဒါကြောင့် လီဖူချန်းက အမြဲတမ်း ကန့်သတ်ချက် တွေကို စိန်ခေါ် ကျော်လွှားဖို့ ကြိုးစား နေရတာပါ။
အခုအချိန် မှာတော့ သူက ပြိုင်ဘက်ကင်းသည့် သူတစ်ယောက် မဖြစ်သေး ပေမဲ့လည်း နောင်လာမယ့် အနာဂတ်ရဲ့ အနာဂတ် တွေမှာ သိုင်းနတ်ဘုရား တစ်ပါး မဖြစ်နိုင်ဘူးလို့ ဘယ်သူမှ မပြောနိုင် သေးပါဘူး။
လီဖူချန်းက ကြက်ကင်ကို တစ်ကိုက် ဆွဲလိုက်ရင်းနဲ့ ထိုလူငယ်တွေရဲ့ စကားဝိုင်းကို နားပြန်စွင့် လိုက်ပါတယ်။
"တိုက်ပွဲတစ်ရာ နယ်မြေမှာက ထူးဆန်းတဲ့ နေရာတွေ အများကြီး ရှိတယ်ကွ။ ဒါပေမဲ့ သည်ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေကတော့ သေချာပေါက်ကို နံပါတ်၁ အထူးခြားဆုံး နယ်မြေပဲ။ ငါကတော့ ပဟေဠိ သိုင်းသမား တစ်ယောက်ရဲ့ အမည်ခံတပည့် ဖြစ်ရရင်ကို ကျေနပ်ပါပြီကွာ"
"ငါမင်းပြောတာကို လက်မခံဘူး။ သည်တိုက်ပွဲ တစ်ရာနယ်မြေ ထဲမှာ အထူးခြားဆုံးနဲ့ အရေးအကြီးဆုံး နယ်မြေက ကြယ်တာရာ လမ်းမ လျှို့ဝှက် နယ်မြေကွ။ ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေက နံပါတ်၂ နေရာမှာပဲ ရှိတယ်"
"ငါလည်း အဲသည်လို ထင်တာပဲကွ။ မင်းက ကြယ်တာရာ လမ်းမရဲ့ အဆင့်တစ်ဆင့်ကို အောင်မြင်ခဲ့ရင် ကြယ်တာရာ စွမ်းအင်ပုလင်း တွေကို ရနိုင်တယ်။ အဲသည် ကြယ်တာရာ စွမ်းအင်ပုလင်းတွေက မင်းရဲ့ ကျင့်ကြံမှုနှုန်းကို ပိုမြန် ပေးနိုင်တယ်ကွ။ ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေကတော့ အဲသည်လို လုပ်ပေးနိုင်စွမ်း မရှိဘူး"
"ပြီးတော့ ထပ်ပြီး ပြောစရာ ရှိတာက ကြယ်တာရာ လမ်းမက အဆင့် ဘယ်နှဆင့် ရှိသလည်း ဆိုတာကို ဘယ်သူမှ မပြောနိုင်သေးဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ သမိုင်းတစ်လျှောက်မှာ ဘယ်သူမှ ကြယ်တာရာ လမ်းမကို မအောင်မြင် နိုင်သေးလို့ပဲ။ အဆင့်အမြင့်ဆုံး ရောက်နိုင်တဲ့သူ တောင်မှ သတ္တမအဆင့် အထိပဲ ရှိသေးတယ်။ တကယ်လို့သာ တစ်ယောက်ယောက်က ကြယ်တာရာ လမ်းမကို အောင်မြင်သွားခဲ့မယ် ဆိုရင် မယုံနိုင် လောက်အောင် ပေါများတဲ့ ပညာရပ် အမွေအနှစ် တွေကို ရဦးမှာကွ"
"ဒါက မင်းရဲ့ အထင်ပဲလေကွာ။ ထူးခြားဆန်းကြယ် လျှို့ဝှက်သိုင်း နယ်မြေက ပိုပြီး လက်တွေ့ ဆန်တယ်ကွ။ မင်းသာ ပဟေဠိ သိုင်းသမား တစ်ယောက်ရဲ့ လက်ရင်းတပည့် ဖြစ်သွားရင် မင်းရဲ့ သိုင်းတာအိုလမ်းကြောင်းက ပိုပြီး လွယ်ကူချောမွေ့သွားမယ့်အပြင် မင်းနောက်မှာ လည်း ကျောထောက်နောက်ခံ ကောင်းကောင်း ရမှာကွ။ ငါကတော့ ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေကိုပဲ အထူးခြားဆုံးနဲ့ အရေး အကြီးဆုံးလို့ ထင်တယ်ကွာ”
"မဟုတ်ဘူးကွ ... ကြယ်တာရာ လမ်းမ ..."
“မဟုတ်ဘူး ... ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် ..."
တဖြည်းဖြည်းနဲ့ လူငယ်တစ်စုက ကိုယ်ထင်ရာ မြင်ရာကို ပြောနေရာ ကနေ အကြီးအကျယ် ငြင်းခုန်တဲ့ အဆင့်အထိကို ရောက်လာပါပြီ။
လီဖူချန်းကတော့ ထိုလူငယ်တွေကို ကြည့်ရင်းနဲ့ ရယ်နေမိပါတယ်။ သူ့အမြင်အရ ဆိုရင်လည်း ကြယ်တာရာ လမ်းမ လျှို့ဝှက်နယ်မြေက နံပါတ်၁ အရေး အကြီးဆုံးနဲ့ အထူးခြားဆုံး လျှို့ဝှက်နယ်မြေပါ။
ကြယ်တာရာ လမ်းမရဲ့ အဆင့်တိုင်း ထူးခြားဆန်းပြားပြီး လျှို့ဝှက်ချက် တွေနှင့် ပြည့်နှက်နေသည် မဟုတ်ပါလား။ သူသေချာပေါက် ခံစားမိတာ ကတော့ ကြယ်တာရာ လမ်းမရဲ့ နောက်ဆုံးအဆင့်ကို အောင်မြင်တဲ့သူက မရေမတွက် နိုင်တဲ့ ပညာရပ် တွေကို အမွေ ဆက်ခံနိုင်မှာပါပဲ။
နောက်ဆုံးအဆင့်ကို မဆိုထား ပါနှင့်ဦး။ ကြယ်တာရာ လမ်းမရဲ့ အဋ္ဌမအဆင့်နဲ့ နဝမအဆင့်ကို ကျော်ဖြတ်နိုင်ရင်တောင်မှ မယုံနိုင်လောက်အောင် များပြားသည့် အမွေအနှစ် တွေကို လက်ခံ ရနိုင်ပါသေးတယ်။
ဒါပေမဲ့လည်း လီဖူချန်းက ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေကိုလည်း မေ့မပစ် နိုင်သေးပါဘူး။
သူ့ရဲ့ လက်ရှိအဆင့်နဲ့ ဆိုရင်တော့ ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေက ပိုပြီး လက်တွေ့ကျသလို ပိုပြီးလည်း အရေးကြီး နေပါတယ်။
“ချန်ယွန်ဟူ ထွက်ပြီး ငါနဲ့လာတိုက်စမ်း”
မိုးခြိမ်းသံလို ကျယ်လောင်လှသည့် အသံတစ်ခုက လမ်းမကြီးဘက် ကနေ ထွက်ပေါ်လာပါတယ်။
သစ်ရွက်စိမ်း စားတော်ဆက်ရဲ့ ၇ထပ်မြောက် မှာတော့ လူငယ်တစ်ယောက် ရှိနေပါတယ်။ ထိုလူငယ်က ပြတင်းပေါက် ပေါ်မှာ မတ်တတ်ရပ်ကာ လမ်းမဘက်ကို ငုံ့ကြည့်လိုက်ပြီး
"ဟီလျှန်းပေါင် ... မနှစ်တုန်းက ငါမင်းကို ဆော်ထားတာတောင် မမှတ်သေးဘူးလား။ မင်းက အခု ထပ်နာ ချင်နေတာလား”
“ချန်ယွန်ဟူ ...။ ဟီလျှန်းပေါင် ...။ နေစမ်းပါဦး ... ငါသည် နာမည်တွေကို ကြားဖူးပါတယ်ဟ"
လီဖူချန်းက သူ့ရဲ့ဦးနှောက်ကို အလျင်အမြန် အလုပ် ပေးလိုက်ပါတယ်။
အတန်ကြာ မှာတော့ လီဖူချန်းက ထိုနာမည် နှစ်ခုကို မှတ်မိ သွားခဲ့ပါပြီ။
ချန်ယွန်ဟူ ဆိုတာက ကျားဓားရှင်ရဲ့ နာမည်ပါ။
ဟီလျှန်းပေါင် ဆိုတာ ခရမ်းရောင် ဆေဘာဂိုဏ်းရဲ့ အကြီးအကဲ ခေါင်ချုပ် ဖြစ်တဲ့ ဟီဆန်းဟူရဲ့ သားဖြစ်ပါတယ်။
ဟီလျှန်းပေါင်က ခရမ်းရောင် ဆေဘာဂိုဏ်ရဲ့ နာမည်ကြီး ရွှေအဆင့် တိုက်ရိုက်တပည့် တစ်ယောက်ပါ။
လီဖူချန်းက သည်နှစ်ယောက်ကို သစ်ရွက်စိမ်းမြို့မှာ လာတွေ့မယ်လို့ လုံးဝ ထင်မထားခဲ့ပါဘူး။
“ပေါက်တတ်ကရတွေ ပြောမနေနဲ့ ...။ သတ္တိရှိရင် ဆင်းခဲ့"
အရပ်၈ပေနီးပါး ရှိသည့် ဟီလျှန်းဟူက လမ်းမပေါ်ကနေ ကျားဓားရှင်ကို စိန်ခေါ်နေပါတယ်။
“အေး ... ငါလာပြီ”
ကျားဓားရှင် ချန်ယွန်ဟူက တိုက်ပွဲကို အမြဲတစေ ဆာလောင်နေသည့် လူပါ။ သူက ဟီလျှန်းပေါင်ရဲ့ စိန်ခေါ်သံကို ကြားတာနဲ့ တုံ့ဆိုင်းမနေဘဲ လူရော၊ ဓားပါ တစ်ခါတည်း ပြတင်းပေါက်ကနေ ခုန်ချ သွားခဲ့ပါပြီ။
“ဒါက အစိမ်းရောင် တိမ်တိုက်မြို့ပဲ။ မင်းနဲ့ငါ မြို့ပြင်မှာ တိုက်ကြမယ်"
ဟီလျှန်းပေါင်က အစိမ်းရောင် တိမ်တိုက်မြို့ အတွင်းမှာ မတိုက်ခိုက်ရဘူး ဆိုတဲ့ စည်းကမ်းချက်ကို သိပါတယ်။ ဒါကြောင့်သူက ကျားဓားရှင်ကို စိန်ခေါ်ပြီး အရှေ့ဘက် မြို့တံခါးကြီး ဆီကို ပြေးထွက် သွားပါတော့တယ်။
ချန်ယွန်ဟူ ကလည်း အနောက်ကနေ ပြေးလိုက် သွားခဲ့ပါပြီ။
"ငါတို့လည်း လိုက်သွား ကြည့်ကြရအောင်ဟေ့။ သည်လူ နှစ်ယောက်က အတော်လေး အစွမ်းထက်မယ့် ပုံပဲ"
"မင်းပြောတာ ဟုတ်တယ်။ သူတို့ နှစ်ယောက်စလုံးက မြေကမ္ဘာ နယ်ပယ် အဆင့်၉မှာ ဆိုတော့ ပွဲကြီးပွဲကောင်းပဲဟ။ သွားကြစို့"
လူတွေ အများကြီးက လိုက်သွားတဲ့ အတွက် လီဖူချန်းကလည်း မယောင်မလည်နဲ့ လိုက်သွားခဲ့ပါတယ်။
သူက ကျားဓားရှင် ချန်ယွန်ဟူရဲ့ အစွမ်းအစ ကိုလည်း သိချင်နေတယ်လေ။
သူရောက်သွားချိန် မှာတော့ အရှေ့ဘက် မြို့ရိုးတံခါး အပြင်ဘက်မှာ ချန်ယွန်ဟူနဲ့ ဟီလျှန်းပေါင်က အကြီးအကျယ် တိုက်ခိုက် နေကြပါပြီ။
သူတို့ နှစ်ယောက်စလုံးက အရပ်၈ပေ နီးပါးရှိတဲ့ လူထွားကြီးတွေ ဖြစ်ကြတဲ့ အတွက် တိုက်ပွဲဟာ သာမန်လူတွေ တိုက်တာထက်ကို ပိုပြီး ရုန်းရင်းဆန်ခတ် ဖြစ်နေပါတယ်။
သူတို့လက်ထဲက ဆေဘာနဲ့ ဓားတွေက တစ်ချက် လွှဲလိုက်တိုင်းမှာ ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုန်တထောင်းထောင်း ထစေတဲ့ အထိပါပဲ။
"အားပါးပါး ... ပြင်းလိုက်တဲ့ အားတွေပါလား။ သူတို့နှစ်ယောက်ရဲ့ အစွမ်းက ကျားနဂါးစာရင်း အောက်ပိုင်းက သူတွေထက်တောင် ပိုကောင်းနေသေးတယ်"
"တော်သေးတယ်ဟေ့ ။ ပွဲကြီးပွဲကောင်း လွှတ်သွားတော့မလို့။ သည်နှစ်ယောက်က ကျားနဂါးစာရင်း ထဲကို သေချာပေါက် ဝင်နိုင်တယ်ကွ"
ပွဲကြည့် ပရိသတ် တွေကတော့ အမျိုးမျိုး မှတ်ချက် ပေးနေကြပါတယ်။
“တကယ် အားကောင်းတာပဲ"
လီဖူချန်းက တိုက်ပွဲကို လေ့လာနေရင်းနဲ့ နှစ်ယောက်စလုံးရဲ့ အစွမ်းအစကို အသိအမှတ် ပြုလိုက်ပါတယ်။ သည်နှစ်ယောက်ရဲ့ စွမ်းရည်က ရှောင်ပိုင်နဲ့ ရူကျန်းချီထက်ကို သာနေသည် မဟုတ်ပါလား။
***