← Chapters

အဆင့်ကိုးဆင့်ရှိသော အထူးဂြိုဟ်များ

Vol. 70 Ch. 961

အဆင့်ကိုးဆင့်ရှိသော အထူးဂြိုဟ်များ

Vol. 70 Ch. 961

ဖက်တီးလေးမှာ ထိုသို့ဆိုလိုက်ပြီးနောက် လျှပ်စီးကဲ့သို့သော အမြန်နှုန်းမျိုးဖြင့် လှုပ်ရှားလိုက်၏။ ထို့ကြောင့် သူသည် မိုးကောင်းကင်စည်ကြီး၏ အနီးသို့ ချက်ချင်းရောက်ရှိသွားသည်။ ထို့နောက် သူသည် လူတိုင်း၏ရှေ့တွင် သူ၏ ညာဘက်လက်ကို မြှောက်လိုက်သောအခါ ကြယ်လမ်းညွှန် လက်ရိုက်တံ ပေါ်ပေါက်လာ၏။ နောက်ဆုံးတွင် သူသည် လေပေါ်သို့ ခုန်တက်သွားကာ ပေတစ်ထောင်ခန့် ရှည်လျားသည့် မိုးကောင်းကင်စည်ကြီး၏ ဘေးသို့ ရောက်ရှိသွားပြီးနောက် ၎င်းအား အားပါပါ တီးခတ်လိုက်တော့သည်။

ဒုန်း...

ထိုအခါ ဗလုံးဗထွေး ဖြစ်နေသည့် အသံကျယ်ကြီးတစ်သံမှာ ကောင်းကင်ယံကြီးအား တုန်ရီသွားစေ၏။ ထို အသံကြီးမှာ အံ့သြတုန်လှုပ်ဖွယ်ရာ ကောင်းလှပေသည်။ ၎င်းမှာ ကျင့်ကြံသူအားလုံး၏ အသိစိတ်များထဲ၌ ပဲ့တင်ထပ်နေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာလည်း အသက်ရှူသံများ မြန်ဆန်လာရပြီး ကောင်းကင်ယံထဲရှိ တိမ်ပင်လယ်ကြီး ချက်ချင်းဆိုသလိုပင် လွင့်ပါးပျောက်ကွယ်သွားသည်ကို မြင်လိုက်ရတော့သည်။ ထို့နောက် နဂိုတုန်းက ကြည်လင်ပြတ်သားနေခဲ့သည့် ကောင်းကင်ကြီးမှာ ချက်ချင်းဆိုသလိုပင် အနက်ရောင်ပြောင်းသွား၏။

" ပထမဆုံး ဗုံသံက ကောင်းကင်ကြီးကို ဖွင့်လှစ်ပေးတဲ့အသံပဲ။ အံဒီအသံက ကောင်းကင်ကြီးကို ခန်းဆီးလိုက်ကာတစ်ခုလို ဖြစ်သွားအောင် ပြောင်းလဲပြီးတော့ ကြယ်တွေကို ပြတ်ပြတ်သားသား ရုပ်လုံးပေါ်လာအောင် လုပ်ပေးနိုင်စွမ်းရှိတယ် " ဝမ်ပေါင်လဲ့တစ်ယောက် ကောင်းကင်ကြီးအား စိုက်ကြည့်နေသည်ကို သတိထားမိလိုက်သောအခါ သူ၏ဘေးတွင် ရှိနေသည့် အနီရောင်မျဉ်းကြောင်းနှင့် လူပုံစံစက္ကူရုပ်က တည်ကြည်စွာ ရှင်းပြလိုက်၏။

၎င်း ထိုသို့ ရှင်းပြပြီးသွားချိန်တွင် ဖက်တီးလေးမှာ အသံကုန် အော်ဟစ်လိုက်သည်။ ထို့နောက် သူသည် သူ၏ လက်ထဲမှ လက်ရိုက်တံအား ဝှေ့ယမ်းကာ မိုးကောင်းကင်စည်ကြီးအား နောက်ထပ်တစ်ကြိမ် ထပ်၍ တီးခတ်လိုက်ပြန်သည်။ ထိုအခါ ထို စည်ကြီးထဲမှ ဒုတိယမြောက်အသံ ထွက်ပေါ်လာသည်။

ထိုအသံ ထွက်ပေါ်လာသည်နှင့် နက်‌မှောင်နေသော ကောင်းကင်ယံကြီးထဲ၌ နေရာအနှံ့ ပြန့်ကျဲနေသည့် ကြယ်များ ပေါ်ပေါက်လာ၏။ ကောင်းကင်ယံကြီး တစ်ခုလုံးနှင့် ယှဉ်ကြည့်လိုက်မည်ဆိုပါက ထိုကဲ့သို့ပေါ်ပေါက်လာသည့် ကြယ်အရေအတွက်မှာ အလွန်အင်မတန်မှ နည်းပါးပေသည်။ ထို့အပြင် ထိုကဲ့သို့ပေါ်ပေါက်လာသည့် ကြယ်များထဲမှ အများစုမှာ မှေးမှိန်နေကြ၏။ သို့ဖြစ်ရာ ၎င်းတို့မှာ သာမန်ဂြိုဟ်များသာ ဖြစ်ကြောင်း သိသာထင်ရှားပေသည်။

" ဒုတိယမြောက် ဗုံသံက ကြယ်ဆွဲငင်ခြင်း လုပ်ငန်းစဉ်ရဲ့ အစပဲ။ ‌ဗုံသံတွေ ပိုထွက်လာလေလေ ပေါ်ပေါက်လာတဲ့ ကြယ်အရေအတွက်ကလည်း ပိုပြီးတော့များလာလေလေပဲ။ အဲတာမလို့ ဝိညာဉ်ဂြိုဟ်‌တွေနဲ့ အင်မော်တယ်ဂြိုဟ်တွေ ပေါ်ပေါက်လာနိုင်ခြေကလည်း ပိုပြီးတော့ များလာမှာပေါ့။ တကယ်လို့ မိုးကောင်းကင်စည်ကြီးကို ခုနစ်ချက်အထိ တီးနိုင်မယ်ဆိုရင် အထူးဂြိုဟ်တွေ ဆင့်ခေါ်ခွင့်ရှိသွားမှာ။ ခုနစ်ချက်နောက်ပိုင်း ရောက်ရင်လည်း အတူတူပဲ။ အချက်ရေ အများကြီး ပိုတီးနိုင်လေလေ အထူးဂြိုဟ်တွေ ပေါ်ပေါက်လာနိုင်ခြေ ပိုများလာလေလေပဲ "

" ကြယ်သုသာန်အင်ပါယာရဲ့ မှတ်တမ်းတွေအရဆိုရင် မိုးကောင်းကင်စည်ကြီးကို ဆယ်ကြိမ်ထက်ပိုပြီးတော့ တီးခတ်နိုင်မယ်ဆိုရင် တာအိုဂြိုဟ်တစ်လုံးကို ဆင့်ခေါ်ခွင့်ရှိတယ်တဲ့။ ဒါပေမဲ့ အဲဒီ ဖြစ်နိုင်ခြေကတော့ တော်တော်လေးကို နည်းပါတယ်... " ကြယ်သုသာန်အင်ပါယာ ဧကရာဇ်ကြီးမှာ ဝမ်ပေါင်လဲ့တစ်ယောက် မိုးကောင်းကင်စည်ကြီးအား မတီးခင် အရာအားလုံးကို နားလည်ထားစေရန် သေသေချာချာ ရှင်းပြနေသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာလည်း အလွန်အင်မတန်မှ ကျေးဇူးတင်နေတော့သည်။ သူသည် ဧကရာဇ်ကြီးဘက်သို့ လှည့်ကာ တရိုတသေ ဦးညွှတ်လိုက်၏။ ထိုအချိန်တွင် ဖက်တီးလေးမှာ မိုးကောင်းကင်စည်ကြီးအား လေးကြိမ်တိတိ တီးခတ်ပြီးသွားပြီ ဖြစ်သည်။

ထို့ကြောင့် ကောင်းကင်ယံထဲရှိ ကြယ်အရေအတွက်မှာလည်း တဖြည်းဖြည်းနှင့် ပို၍များလာ၏။ စတုတ္ထမြောက် ဗုံသံ ထွက်ပေါ်လာပြီးချိန်တွင် ကောင်းကင်ယံကြီး တစ်ခုလုံးထဲ၌ ကြယ်များဖြင့်ပြည့်နှက် နေသောကြောင့် ၎င်းတို့မှာ အတူတကွ စုဝေးနေကြသကဲ့သို့ပင် ဖြစ်နေတော့သည်။ ၎င်းတို့မှာ ကောင်းကင်ယံကြီး၏ နှစ်ဆယ်ရာခိုင်နှုန်းတိတိ နေရာယူထားပြီး ဖြစ်သည်။ ထို ကြယ်များဆီမှ ထွက်ပေါ်နေသည့် အလင်းရောင်များမှာလည်း ယခင်တုန်းကနှင့် မတူတော့ပေ။

သာမန်ထက်ပို၍ တောက်ပနေကြသည့် ကြယ်များမှာ သာမန်ဂြိုဟ်များ မဟုတ်ဘဲ ဝိညာဉ်ဂြိုဟ်များ ဖြစ်ကြပေသည်။ ဖက်တီးလေး မိုးကောင်းကင်စည်ကြီးအား လေးကြိမ်တိတိ တီးခတ်ပြီးသွားချိန်တွင် ကောင်းကင်ယံထဲ၌ အခြားအရာအားလုံးထက် ပို၍တောက်ပသည့် ကြယ်အလင်းရောင်တစ်မျိုး ထွက်ပေါ်လာသည်။ ၎င်းမှာ... အင်မော်တယ်ဂြိုဟ် ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာများကို ကြည့်ရှုနေရင်း မျက်ဝန်းများ ထူးဆန်းစွာတောက်ပ၏။ သူ၏ အနိမ့်ဆုံးပစ်မှတ်မှာ အင်မော်တယ်ဂြိုဟ် ဖြစ်နေခဲ့သည် မဟုတ်ပါလော။ ယခုတွင်မူ သူသည် ၎င်းအား မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပြီဖြစ်ရာ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာရတော့သည်။ သို့သော် ထို ခံစားချက်များထဲမှ အများစုမှာ ပြင်းပြသော စိတ်ဆန္ဒများသာ ဖြစ်သည်။

" ဒီ ဖက်တီးလေး အထူးဂြိုဟ်တစ်လုံးကို ဆင့်ခေါ်နိုင်မလားမသိဘူး " ဝမ်ပေါင်လဲ့မှာ ရေရွတ်မိလိုက်၏။ ပြည်သူ့ရင်ပြင်ကြီးထဲတွင်မူ လူတိုင်းမှာ ထိုမြင်ကွင်းအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြ၏။ ဖက်တီးလေး မိုးကောင်းကင်စည်ကြီးအား လေးကြိမ်တိတိ တီးခတ်ပြီးသွားချိန်တွင် ဆွေးနွေးငြင်းခုံသံများ စတင် ထွက်ပေါ်လာတော့သည်။ လူတိုင်းမှာ အထူးဂြိုဟ်တစ်လုံး ပေါ်ပေါက်လာနိုင်ခြေ ရှိမရှိ သိချင်နေကြ၏။

ဖက်တီးလေးမှာလည်း ထိုနည်းတူပင်။ သူသည် စိတ်လှုပ်ရှားနေရုံသာမက ရင်တထိတ်ထိတ်လည်း ဖြစ်နေ၏။ သူသည် မိုးကောင်းကင်စည်ကြီးအား လေးချက်တိတိ တီးခတ်ခဲ့ပြီးနောက် အခက်အခဲများကို စတင်ရင်ဆိုင်လာရပြီဖြစ်သည်။ ပထမဆုံးအချက်မှာ သူ့အတွက် ရေးကြီးခွင်ကျယ် မဟုတ်ခဲ့ပါသော်လည်း စတုတ္ထမြောက်အချက်အတွက် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအား အကုန်လုံးနီးပါးကို ထုတ်သုံးခဲ့ရသဖြင့် ယခုတွင် အားအင်ကုန်ခန်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

သို့သော် သူသည် မိုးကောင်းကင်စည်ကြီးအား အရင်ဆုံး တီးခတ်ရဲလောက်အောင် သတ္တိကောင်းနေခဲ့သည်ဖြစ်ရာ အဆင်သင့်ပြင်ထားပြီးသား ဖြစ်သည်။ ထို့ကြောင့်လည်း သူသည် အသံကုန် အော်ဟစ်မြည်တမ်းလိုက်ပြီးနောက် ဘယ်ဘက်လက်ကို မြှောက်ကာ သူ၏ လည်ပင်းတွင် ချိတ်ဆွဲထားသည့် ကျောက်စိမ်းလည်ဆွဲအား ဆွဲဖြုတ်လိုက်၏။ ထို့နောက် သူ ထိုလည်ဆွဲအား တစ်စစီ ခြေမွှပစ်လိုက်သောအခါ ၎င်းထဲမှ မြူခိုးများ ထွက်ပေါ်လာပြီး ဖက်တီးလေးအား လွှမ်းခြုံသွားတော့သည်။ ထိုအခါ ထို မြူခိုးများထဲတွင် ရှိနေသည့် ဖက်တီးလေး၏ စွမ်းအင်များမှာ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ပေါ်လာပြီး သူသည် သူ၏ လက်ရိုက်တံဖြင့် မိုးကောင်းကင်စည်ကြီးအား နောက်ထပ်တစ်ကြိမ် ထပ်၍ တီးခတ်လိုက်ပြန်သည်။

၎င်းမှာ ပဉ္စမမြောက်အချက် ဖြစ်သည်။

ထိုအချိန်တွင် မိုးကောင်းကင်ကြီးမှာ တုန်ရီသွားပြီး ကြယ်အလင်းရောင်များမှာ ကြယ်စင်စုတစ်ခုအဖြစ် စုစည်းသွားကြ၏။ ကောင်းကင်ထဲရှိ ကြယ်များမှာလည်း ကောင်းကင်ယံကြီး၏ သုံးဆယ်ရာခိုင်နှုန်းတိတိအား နေရာယူထားပြီးဖြစ်သည်။ ၎င်းတို့၏ အငွေ့အသက်များ ပို၍ အားကောင်းလာသည်နှင့်အမျှ အင်မော်တယ်ဂြိုဟ်များမှာလည်း တစ်လုံးပြီးတစ်လုံး ဆက်တိုက်ပေါ်ပေါက်လာ၏။ သို့သော်လည်း အထူးဂြိုဟ်တစ်လုံးမှ ပေါ်ပေါက်လာခြင်းမရှိသေးပေ။

ဖက်တီးလေး၏ ပတ်ပတ်လည်တွင်ရှိနေသည့် မြူခိုးများမှာ လွင့်ပါးပျောက်ကွယ်သွားပြီဖြစ်သလို သူ၏ ခန္ဓာကိုယ်မှာလည်း ဒယိမ်းဒယိုင် ဖြစ်နေပြီ ဖြစ်သည်။ သူသည် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်နေပြီး အားအင်များ ကုန်ခန်းသွားသည့်ပုံ ပေါက်နေ၏။

" သူက အားနည်းလှပါလား " ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ အနည်းငယ်ခန့် အံ့အားသင့်သွား၏။

" သူက အားနည်းတာမဟုတ်ဘူး။ မိုးကောင်းကင်စည်ကြီးကို တီးရတာက ခက်တာ။ အချက်ရေအများကြီး ပိုတီးလေလေ ပိုပြီးတော့ ခက်ခဲလာလေလေပဲ။ မိတ်‌ဆွေလေး။ ကြယ်သုသာန်ရဲ့ သမိုင်းတစ်လျှောက်လုံးမှာ လူတစ်ယောက်တည်း အများဆုံး တီးနိုင်ခဲ့တဲ့ အချက်ရေက ဘယ်လောက်လဲဆိုတာ မင်း သိလား " ကြယ်သုသာန်အင်ပါယာ ဧကရာဇ်ကြီးမှာ ဝမ်ပေါင်လဲ့အား မေးလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ ခေါင်းယမ်းပြလိုက်သဖြင့် ထိုဧကရာဇ်ကြီးမှာလည်း တည်ကြည်စွာ ပြန်ဖြေလိုက်သည်။

" ဆယ်ချက် " ကြယ်သုဿာန်အင်ပါယာ ဧကရာဇ်ကြီး ထိုသို့ ဆိုလိုက်စဉ်မှာပင် ဖက်တီးလေးမှာ စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်၏။ ထို့နောက် သူသည် သူ၏ လျှို့ဝှက်ဆန်းကြယ် ပညာရပ်အား အသုံးပြုလိုက်သဖြင့် တစ်ကိုယ်လုံး တုန်ရီသွားတော့သည်။ ခဏအကြာတွင် သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်းဆိုသလိုပင် ပိန်းချုံးလာသောကြောင့် သူသည် အရိုးစု တစ်ခုကဲ့သို့ ပြောင်းလဲသွားသည့် အလားပင်။ သူသည် ထိုကဲ့သို့ သူ၏ အသက်စွမ်းအားများကို စတေးလိုက်ပြီးနောက် မိုးကောင်းကင်စည်ကြီးအား ဆဋ္ဌမမြောက်အကြိမ်အဖြစ် တီးခတ်လိုက်တော့သည်။

သူ ထိုသို့ တီးခတ်လိုက်သောအခါ ကောင်းကင်ထဲရှိ ကြယ်အလင်းရောင်များမှာ ဝင်းလက်စွာ တောက်ပလာကြ၏။ ၎င်းတို့မှာ ကောင်းကင်ယံကြီးတစ်ခုလုံး၏ လေးဆယ်ရာခိုင်နှုန်းတိတိအား ဖုံးလွှမ်းထားပြီဖြစ်သည်။ ထိုအချိန်တွင် အခြားသော ကြယ်များထက် ပို၍ဝင်းလက်တောက်ပသည့် ကြယ်တစ်လုံးထွက်ပေါ်လာ၏။

" အထူးဂြိုဟ်တစ်လုံးပဲ "

ထိုအခါ အရပ်မျက်နှာအနှံ့မှ အော်ဟစ်အားပေးသံများ ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာ၏။ မျက်နှာဖုံးတပ်ထားသည့် အမျိုးသမီးနှင့် အခြားသူများမှာမူ မျက်ဝန်းများ ထူးဆန်းစွာ တောက်ပသွားကြသည်။ ဖက်တီးလေးမှာ အလွန်အကျွန် အင်အားစိုက်ထုတ်ခဲ့သည့် ပုံပင်။ ထိုအချိန်တွင် သူသည် ပါးစပ်ထဲမှ သွေးတစ်ပွက်ထွက်လာပြီး လေထဲမှ ပြုတ်ကျလာတော့သည်။ သူ၏ လက်ထဲရှိ လက်ရိုက်တံမှာလည်း အားအင်ကုန်ခန်းသွားသဖြင့် တစ်စစီ ကြေမွပျက်စီးသွားကာ အလင်းမှုန်လေးများအဖြစ် ပြောင်းလဲသွားပြီး လွင့်ပါးပျောက်ကွယ်သွားတော့သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ထဲရှိ တစ်လုံးတည်းသော အထူးဂြိုဟ်မှာ ရုတ်တရက်ဆိုသလို မျက်စိကျိန်းစရာကောင်းလောက်အောင် တောက်ပသွား၏။ ထို့နောက် ကြယ်အလင်းရောင်များမှာ ချက်ချင်းဆိုသလိုပင် အောက်သို့ ဆင်းသက်လာပြီး ဖက်တီးလေးအား လွှမ်းခြုံသွားတော့သည်။ ထို့နောက် ထို ကြယ်အလင်းရောင်များမှာ ဖက်တီးလေး၏ ခန္ဓာကိုယ်အား ကောင်းကင်ထဲသို့ ခေါ်ဆောင်သွားပြီး နောက်ဆုံးတွင် လူတိုင်း၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားတော့သည်။ ထိုအခါ ကောင်းကင်ထဲရှိ ကြယ်များများမှာလည်း တဖြည်းဖြည်းနှင့် အရောင်မှေးမှိန်လာပြီး ပျောက်ကွယ်သွားတော့သည်။ အထူးဂြိုဟ်တစ်လုံးသာလျှင် ကောင်းကင်ယံထဲ၌ ငွားငွားစွင့်စွင့် ကျန်ရစ်ခဲ့၏။ အကယ်၍ သေသေချာချာ ကြည့်လိုက်မည်ဆိုပါက ပျောက်ကွယ်သွားခဲ့သည့် ဖက်တီးလေးမှာ ထို ဂြိုဟ်ထဲ၌ ရှိနေသည့်ပုံ ပေါက်နေသည်ကို မြင်လိုက်ရမည်ဖြစ်သည်။

" အဲဒီဖက်တီးလေးက တကယ်ကို အထူးဂြိုဟ်တစ်လုံးနဲ့ ပေါင်းစည်းနိုင်သွားတာပဲ " ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာပြီး မျက်ဝန်းများထဲ၌ ဆန္ဒပြင်းပြနေသည့် အရိပ်အယောင်များ တောက်ပလာတော့သည်။ ထို ဖက်တီးလေးပင်လျှင် အောင်မြင်သွားခဲ့သည်ဖြစ်ရာ သူသည်လည်း အလွယ်တကူ ပေါင်းစည်းနိုင်လိမ့်မည်ဟု သူက ယုံကြည်နေ၏။

" အဲဒီကောင်လေးရဲ့ ကံက ဘယ်ဆိုးလို့လဲ။ အဲဒီ အထူးဂြိုဟ်က အဆင့်အနိမ့်ဆုံး အထူးဂြိုဟ်ဆိုပေမဲ့ ကံကောင်းလို့ အခုလို အသိအမှတ်ပြုခံရတာ " ထိုအချိန်တွင် ကြယ်သုသာန်အင်ပါယာ ဧကရာဇ်ကြီးမှာ ဖြည်းဖြည်းချင်း ဆိုလိုက်၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ စကားထပ်ပြောလိုက်သည်။

" ဥပဒေသ စွမ်းအားတွေပါတဲ့ အထူးဂြိုဟ်တွေကို အဆင့်ကိုးဆင့်ခွဲထားတယ်။ ထိပ်ဆုံးအဆင့်မှာရှိတဲ့ အထူးဂြိုဟ်တွေနဲ့ တာအိုဂြိုဟ်တွေက မိုးနဲ့မြေလို ကွာခြားပေမယ့် ကံကောင်းတယ်ဆိုရင်တော့ တာအိုဂြိုဟ်အဆင့်အထိ တက်လှမ်းနိုင်ခြေရှိတယ်။ ဒါပေမဲ့ ဖြစ်နိုင်ခြေကတော့ တော်တော်လေးကို နည်းတာပါ "

" ဒီကောင်လေးနဲ့ ပေါင်းစည်းသွားခဲ့တဲ့ အထူးဂြိုဟ်က အဆင့်ကိုးဆင့်ထဲက အောက်ဆုံးအဆင့်မှာရှိတဲ့ နဝမအဆင့် အထူးဂြိုဟ်တစ်လုံးပဲ။ အမှန်အတိုင်းပြောရမယ်ဆိုရင် ပထမအဆင့် အထူးဂြိုဟ်ရဲ့ အထက်မှာ နောက်ထပ် အထူးဂြိုဟ်တစ်မျိုး ရှိသေးတယ်။ အဲဒီ ဂြိုဟ်တွေက နှစ်တွေအများကြီး ကြိုးစားခဲ့တာတောင် တာအိုဂြိုဟ်အဆင့်ကို မတက်လှမ်းနိုင်ခဲ့ပေမယ့် အရှုံးကိုလက်မခံဘဲ အမြဲတမ်းကြိုးစားနေကြတာ... အဲဒီ ဂြိုဟ်တွေကို ငါကတော့ ရှေးဟောင်းဂြိုဟ်တွေလို့ ခေါ်တယ်။ ကြယ်သုသာန်ထဲမှာ ဟိုးရှေးပဝေသဏီကတည်းကနေ အခုအထိဆိုရင် အဲဒီလို ရှေးဟောင်းဂြိုဟ် ကိုယ်လုံးတိတိ ရှိတယ် "

" အဆင့်ကိုးဆင့် ဟုတ်လား။ ပြီးတော့ ပထမအဆင့်ရဲ့ အထက်မှာ ရှေးဟောင်းဂြိုဟ်တွေ ရှိနေသေးတယ် ဟုတ်လား " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွားရ၏။ သူ ထိုအကြောင်းများနှင့် ပတ်သက်၍ အသေးစိတ်မေးမြန်းရန် ပြင်လိုက်စဉ် ဒုတိယမြောက် ပါရမီရှင်မှာ ရှေ့သို့ ပျံထွက်လာပြီး မိုးကောင်းကင်စည်ကြီးဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။

ထို ဒုတိယမြောက် ပါရမီရှင်မှာ မျက်နှာဖုံးနှင့်အမျိုးသမီး ဖြစ်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ဝင်တစား ဖြစ်သွားရ၏။ သူမသည် ပြင်ပနယ်မြေထဲမှ ရောက်ရှိလာသည့် အစွမ်းအထက်ဆုံး ပါရမီရှင်များထဲမှ တစ်ယောက်ဖြစ်နေသည် မဟုတ်ပါလော။ ထို့ကြောင့် ပညာရှိပုံစံလူငယ်လေးနှင့် အခြားသူများမှာလည်း စိတ်ဝင်စားသွားရတော့သည်။

သူမ၏ အပြုအမူများမှာ ဖက်တီးလေးထက် အဆပေါင်းများစွာ ပို၍ သာလွန်နေ၏။ သူမသည် မိုးကောင်းကင်စည်ကြီး၏ အနီးသို့ ရောက်ရှိသွားသည်နဲ့ လက်ထဲ၌ လက်ရိုက်တံ ပေါ်ပေါက်လာပြီး မျက်စိတစ်မှိတ် အတွင်းတွင် ငါးကြိမ်ဆက်တိုက် တီးခတ်လိုက်သည်။

ထို့ကြောင့် မကြာသေးမီတုန်းကမှ ကောင်းကင်ယံကြီးထဲမှ ပျောက်ကွယ်သွားခဲ့သည့် ကြယ်စင်စုကြီးမှာ ချက်ချင်းဆိုသလိုပင် ပြန်လည် ပေါ်ပေါက်လာသည်။ ဝမ်ပေါင်လဲ့မှာ ထို အမျိုးသမီး၏ မျက်နှာအား မမြင်နိုင်ပေ။ သူမသည် တည်ကြည်မှု အပြည့်ရှိသော အမူအရာဖြင့် ဆဋ္ဌမမြောက်အချက်နှင့် သတ္တမမြောက်အချက်တို့အား ဆက်တိုက် တီးခတ်လိုက်ပြန်သည်။

ထိုနှစ်ချက် တီးခတ်ပြီးသွားချိန်တွင် ကောင်းကင်ထဲ၌ လေမုန်တိုင်းတစ်ခု ပေါ်ပေါက်လာတော့သည်။ ကြယ်များမှာ ကောင်းကင်ယံကြီး တစ်ခုလုံး၏ ခုနစ်ဆယ်ရာခိုင်နှုန်းအား ဖုံးလွှမ်းထားပြီဖြစ်သလို ၎င်းတို့ထဲတွင် အထူးဂြိုဟ် အမြောက်အမြား ရှိနေပြီလည်း ဖြစ်သည်။ ၎င်းတို့ထဲမှ အချို့မှာဆိုလျှင် သာမန်ထက်ပင် ပို၍ ဝင်းလက်တောက်ပနေကြ၏။ သို့ဖြစ်ရာ ၎င်းတို့မှာ အဆင့်နိိမ့် အထူးဂြိုဟ်များ မဟုတ်ဘဲ အလယ်အလတ်အဆင့် အထူးဂြိုဟ်များ ဖြစ်ရပေမည်။

" အလယ်အလတ် စတုတ္ထအဆင့်ပဲ " သူ၏ ဘေးတွင် ရှိနေသည့် ကြယ်သုဿာန်အင်ပါယာ ဧကရာဇ်ကြီးမှာ သဘောကျနှစ်သက်နေသည့် အမူအရာဖြင့် ဆိုလိုက်၏။

" သူ ဒီလောက်နဲ့ မရပ်သင့်ဘူး "

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ ထိုအချိန်တွင် မျက်နှာဖုံးနှင့် အမျိုးသမီးမှာ အဋ္ဌမအကြိမ်မြောက်အဖြစ် တီးခတ်လိုက်တော့သည်။ သို့သော် သူမသည် ထပ်မတီးနိုင်တော့သည့် ပုံပင်။ သူမသည် ရှစ်ကြိမ်တိတိ တီးခတ်ပြီးသွားသောအခါ တစ်ကိုယ်လုံး တုန်ရီသွားပြီး သူမ၏ အငွေ့အသက်များမှာလည်း အလွန်အင်မတန်မှ အားနည်းလာတော့သည်။

ထိုအချိန်တွင် ကောင်းကင်ကြီးမှာ ရုတ်တရက်ဆိုသလို ဝင်းလက်တောက်ပသွား၏။ ကြယ်များမှာလည်း ကောင်းကင်ယံကြီး၏ ရှစ်ဆယ်ရာခိုင်နှုန်းတိတိအား ဖုံးလွှမ်းထားပြီဖြစ်သည်။ ၎င်းတို့၏ အရေအတွက်မှာ သန်းထောင်ပေါင်းများစွာအထိ ရှိနေပြီဖြစ်ပြီး တစ်လုံးနှင့်တစ်လုံး ပူးကပ်နေကြ၏။

ထို ကြယ်များထဲတွင် အခြားသောကြယ်များထက် အစစအရာရာ ပို၍သာလွန်နေသည့် ကြယ်သုံးလုံး ရှိပေသည်။ ၎င်းတို့မှာ ကောင်းကင်ယံထဲရှိ အမြင့်ပိုင်းတစ်နေရာတွင် ရှိနေကြ၏။ ၎င်းတို့၏ အလင်းရောင်များမှာ ဘေးပတ်ဝန်းကျင်တစ်ခုလုံးအား အလင်းပေးထားနိုင်လောက်အောင် အားကောင်းနေသည်။

ထိုအခါ ကြယ်သုဟာန်အင်ပါယာ ဧကရာဇ်ကြီးမှာ မျက်ဝန်းများ ထူးဆန်းစွာ တောက်ပသွားပြီး လေသံတိုးတိုးဖြင့် ရေရွတ်မိလိုက်၏ " အဆင့်မြင့် အဆင့်နှစ် အထူးဂြိုဟ်ပဲ။ တကယ်လို့ သူသာ နောက်ထပ်တစ်ချက် ထပ်တီးနိုင်မယ်ဆိုရင် အဆင့်မြင့် အဆင့်နှစ် အထူးဂြိုဟ်တွေ အကုန်လုံးကို ဆင့်ခေါ်နိုင်သွားမှာ။ အဆင့်တစ် အထူးဂြိုဟ်တစ်လုံး ပေါ်ရင်တောင် ပေါ်လာနိုင်တယ် "

" သူ ဆက်ပြီးတော့ မတီးနိုင်တော့တာ နှာမြောစရာပဲ။ တခြားအကူအညီတွေ ရရင်တောင် သူက ဆက်တီးနိုင်တော့မှာ မဟုတ်ဘူး "

All Chapters