← Chapters

တန်ဖိုးမရှိသော ဂြိုဟ်များ

Vol. 70 Ch. 962

တန်ဖိုးမရှိသော ဂြိုဟ်များ

Vol. 70 Ch. 962

ကြယ်သုသာန်အင်ပါယာ၏ ဧကရာဇ်ကြီးမှာ ကျင့်ကြံခြင်းအဆင့် မြင့်မားသူဖြစ်ရာ ထိုကဲ့သို့ ခန့်မှန်းချက်များ ထုတ်ရာ၌ မှားယွင့်းလေ့မရှိပေ။ ထို့ကြောင့် သူ ခန့်မှန်းထားသည့်အတိုင်း မျက်နှာဖုံးနှင့် အမျိုးသမီးမှာ ကိုးကြိမ်အထိ တီးခတ်နိုင်ခဲ့ခြင်း မရှိချေ။

သူမသည် ဆက်လက်တီးခတ်ရန် ဆန္ဒမရှိတော့သည် မဟုတ်ပေ။ သူမသည် လျှို့ဝှက်ပညာရပ်တစ်ခုကိုပင် အသုံးပြုခဲ့ပါသော်လည်း နဝမမြောက် အကြိမ်မှာ ဆဋ္ဌမမြောက်အကြိမ်နှင့် မတူပေ။ ထို့ကြောင့်လည်း ဖက်တီးလေးမှာ သူ၏ လျှို့ဝှက် ပညာရပ်အား အသုံးပြုခဲ့ပြီးနောက် ခြောက်ကြိမ်တိတိ တီးခတ်နိုင်ခဲ့ပါသော်လည်း သူမသည် ကိုးကြိမ်တိတိ တီးခတ်နိုင်စွမ်း မရှိခဲ့ခြင်းဖြစ်သည်။

နဝမမြောက်အချက်နှင့် ဆဋ္ဌမမြောက်အချက်မှာ မိုးနှင့်မြေလို ကွာခြားနေ၏။

သို့ဖြစ်ရာ မျက်နှာဖုံးနှင့် အမျိုးသမီးမှာ အနည်းငယ်ခန့် အားမလိုအားမရ ဖြစ်နေသည့်တိုင်အောင် နောက်ဆုံးတွင် ကျေနပ်လိုက်ရဆဲပင်။ ထို့နောက် သူမသည် အထူးဂြိုဟ်သုံးလုံးထဲမှ ခရမ်းရောင်ဂြိုဟ်တစ်လုံးအား ရွေးချယ်လိုက်ပြီးနောက် လူတိုင်း၏ရှေ့မှ ပျောက်ကွယ်သွား၏။ ထို့နောက် သူမသည် သူမ ရွေးချယ်ခဲ့သည့် ဂြိုဟ်ထဲ၌ ပြန်လည်ပေါ်ပေါက်လာသည်။

နောက်တစ်ဆင့်အနေနှင့် သူမသည် ဖောက်ထွက်နိုင်ရန် ကြိုးစားရမည် ဖြစ်သည်။ ဤနေရာတွင် ထိုသို့ ဖောက်ထွက်ခြင်းမှာ ဘေးအန္တရာယ် လုံးဝမရှိပေ။ ထို့အပြင် ၎င်းမှာ ကြယ်သုသာန် ခရီးစဉ်၏ နောက်ဆုံးအဆင့်လည်း ဖြစ်ပေသည်။

ထိုသို့ဖြင့် ပါရမီရှင်တိုင်းမှာ တစ်ယောက်ပြီးတစ်ယောက် တီးခတ်နေကြပြီး အဆင့်အမျိုးမျိုးရှိသည့် ဂြိုဟ်များကို ရရှိခဲ့ကြ၏။ ကောင်းရှုံ့မှာ ခုနစ်ချက်တိတိ တီးခတ်နိုင်ခဲ့ပြီးနောက် သတ္တမအဆင့် အထူးဂြိုဟ်အား ရရှိပိုင်ဆိုင်သွားခဲ့သည်။ ဝမ်ပေါင်လဲ့နှင့် အဆက်အဆံ သိပ်မလုပ်ဖူးသည့် အခြားနှစ်ယောက်မှာလည်း ခြောက်ချက်နှင့် ခုနစ်ချက်စီ အသီးသီး တီးခတ်နိုင်၏။ သူတို့မှာ အထူးဂြိုဟ်များအား ရရှိပိုင်ဆိုင်သွားပါသော်လည်း ၎င်းတို့မှာ အဆင့်နိမ့် အထူးဂြိုဟ်များသာ ဖြစ်ကြပေသည်။

ဝမ်ပေါင်လဲ့မှာ သူတို့အားလုံးအား အစမှအဆုံးအထိ သေသေချာချာ အကဲခတ်ကြည့်ရှုခဲ့၏။ သူသည် သူ့ကိုယ်သူ သူတို့နှင့် နှိုင်းယှဉ်ကြည့်ရင်း မိုးကောင်းကင်စည်အကြောင်း ပို၍ပင် နားလည်လာတော့သည်။

ကျန်ရှိနေသေးသည့် ကျင့်ကြံသူများဖြစ်ကြသော ပညာရှိပုံစံလူငယ်လေး၊ အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူ၊ ခေါင်းလောင်းနှင့် မိန်းမပျိုလေးနှင့် အမှောင်ပညာရပ်ပိုင်ရှင် မိန်းမငယ်လေးတို့မှာ ဝမ်ပေါင်လဲ့ အထင်ကြီးလေးစားရသည့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။

သူတို့အားလုံးထဲတွင် မိန်းမငယ်လေးမှာ အထူးဆန်းဆုံးဖြစ်၏။ သူမသည် အင်အားအကုန် စိုက်ထုတ်ကာ ရှစ်ချက်တိတိ တီးခတ်နိုင်ခဲ့ပြီး ဒုတိယအဆင့် အထူးဂြိုဟ်တစ်လုံးအား ဆင့်ခေါ်နိုင်ခဲ့၏။ သို့သော် နောက်ဆုံးတွင် သူမသည် အရာအားလုံးကို စွန့်လွှတ်ခဲ့နပြီး မည်သည့်ဂြိုဟ်ကိုမှ ရွေးချယ်ခဲ့ခြင်းမရှိပေ။

ထို့ကြောင့် ဧကရာဇ်ကြီးပင်လျှင် အတွေးများထဲ၌ နစ်မျောသွားရပြီး သူမအား အကြိမ်ရေအနည်းငယ်ခန့် ထပ်၍ လှမ်းကြည့်မိလိုက်၏။

ဝမ်ပေါင်လဲ့မှာလည်း အလွန်အင်မတန်မှ အံ့အားသင့်သွားရသည်သာ ဖြစ်သည်။ အကယ်၍ အခြားတစ်ချိန်ချိန်တွင် ဆိုပါက သူသည် ထိုကိစ္စနှင့် ပတ်သက်၍ သေသေချာချာ စဉ်းစားတွေးတောလိုက်မည်သာ ဖြစ်သည်။ သို့သော် ယခုတွင်မူ ထိုကဲ့သို့ စဉ်စားနေရန် အချိန်မရှိပေ။ ကျန်ရှိနေသေးသည့် လူသုံးယောက်၏ စွမ်းဆောင်ရည်များမှာ မှင်တက်ဖွယ်ရာ ကောင်းလွန်းနေသောကြောင့် သူတစ်ယောက်တည်းသာမက ကြယ်သုသာန်အင်ပါယာထဲရှိ လူတိုင်းမှာ အံ့သြတုန်လှုပ်သွားရ၏။

ပညာရှိပုံစံကျင့်ကြံသူမှာ ကိုးချက်တိတိ တီးခတ်နိုင်ခဲ့သည့် ပထမဆုံးပါရမီရှင် ဖြစ်ပေသည်။ သူသည် အစွမ်းကုန်ထုတ် ထုတ်သုံးခဲ့ရသဖြင့် အားအင်များ ကုန်ခန်းနေပြီး ဒဿမမြောက်အချက်အား ဆက်လက် တီးခတ်နိုင်စွမ်း မရှိတော့သည့်တိုင်အောင် ထိုနေရာတွင် မတ်တတ်ရပ်နိုင်စွမ်း ရှိနေဆဲပင်။ ယခုတွင် သူသည် ခေါင်းမော့ကာ ကောင်းကင်ယံထဲရှိ ကြယ်များအား ကြည့်ရှုနေ၏။ ထို ကြယ်များထဲတွင် အဆင့်မြင့် ဒုတိယအဆင့် အထူးဂြိုဟ် အမြောက်အမြား ရှိနေရုံသာမက အခြားကြယ်များထက် ပို၍ ဝင်းလက်တောက်ပနေသည့် ကြယ်များလည်း ရှိနေသေးသည်။

အကယ်၍ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုလျှင် အတောက်ပဆုံးသော ကြယ်သုံးလုံးပေါ်တွင် ထူးဆန်းသော သားရဲများ၏ ပုံရိပ်များ ရှိနေသည်ကို မြင်နိုင်ပေမည်။ သို့ဖြစ်ရာ ၎င်းတို့မှာ ကြယ်များနှင့် ပင်မတူတော့ဘဲ သက်ရှိများကဲ့သို့ပင် ဖြစ်နေတော့သည်။

" ကြယ်သုဿာန်ထဲမှာ ပထမအဆင့် အထူးဂြိုဟ် သုံးဆယ့်ခုနစ်လုံးပဲ ရှိတာ။ ဒီ ကောင်လေးက အဲဒီထဲက သုံးလုံးကို ဆင့်ခေါ်နိုင်ခဲ့တာဆိုတော့ တော်တော်လေးကို တမူထူးခြားတာပဲ " ကြယ်သုဿာန်အင်ပါယာ၏ ဧကရာဇ်ကြီးမှာ မျက်ဝန်းများထဲ၌ သဘောကျနေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။ ၎င်း ထိုသို့ ရေရွတ်နေစဉ်မှာပင် ဝမ်ပေါင်လဲ့မှာလည်း ကောင်းကင်ယံထဲရှိ အထူးဂြိုဟ်များအပေါ်သို့ အာရုံရောက်နေသည်။ သို့သော် ထို ကြယ်များမှာ မည်မျှပင် တောက်ပနေစေကာမူ ပညာရှိပုံစံ ကျင့်ကြံသူ၏ အာရုံအား ဖမ်းစားနိုင်စွမ်းမရှိပေ။

သူသည် မလုပ်မယှက်ရပ်ကာ ကောင်းကင်ကြီးအား စိုက်ကြည့်နေဆဲပင်။ သို့သော် သူသည် ပထမအဆင့် အထူးဂြိုဟ်သုံးလုံးအား ကြည့်နေခြင်းမဟုတ်ဘဲ သူနှင့် ရေစက်ပါသည်ဟု ခံစားနေရသည့် တာအိုဂြိုဟ်အား လိုက်လံရှာဖွေနေခြင်းဖြစ်သည်။

" တာအိုဂြိုဟ်ဟ ဘာလို့ မပေါ်လာရသေးတာလဲ " ထို ပညာရှိပုံစံ လူငယ်လေးမှာ အသက်ရှူသံများ မြန်ဆန်လာပြီး ဖြစ်သည်။ သူသည် ဆန္ဒရှိပါက ထို ပထမပဆင့် အထူးဂြိုဟ်သုံးလုံးထဲမှ မည်သည့်ဂြိုဟ်ကိုမဆို ရွေးချယ်ခွင့်ရှိကြောင်း သိရှိထားပြီးဖြစ်သည်။ အကယ်၍ ယခင်တုန်းကအတိုင်းသာဆိုလျှင် သူသည် ၎င်းတို့ထဲမှ တစ်လုံးအား သေချာပေါက် ရွေးချယ်လိုက်မည်သာ ဖြစ်ပါသော်လည်း ယခုတွင်မူ သူ၏ အတွေးထဲ၌ တာအိုဂြိုဟ်သာလျှင် စိုးမိုးထားသည်။

ထို့ကြောင့် သူသည် စိုးရိမ်စိတ်များကြီးထွားလာပြီး မျက်ဝန်းများထဲ၌ ရူးသွပ်မှု အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်ကာ နတ်ဘုရားစွမ်းရည်တစ်မျိုး ထုတ်သုံးလိုက်သဖြင့် သူ၏ မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်ပေါက်များထဲမှ သွေးများ စီးကျလာ၏။ ထို့နောက် သူသည် ပါးစပ်ထဲမှ သွေးတစ်ပွက် ထွေးထုတ်ကာ သူ၏လက်ထဲမှ လက်ရိုက်တံအား ဝှေ့ယမ်းလိုက်ပြီးနောက် အစွမ်းကုန်ထုတ်၍ နောက်ထပ်တစ်ကြိမ် တီးခတ်လိုက်ပြန်သည်။

ထိုအခါ ဒဿမမြောက်ဗုံသံနှင့်အတူ ထစ်ချုန်းသံများ ထွက်ပေါ်လာ၏။ ကောင်းကင်ကြီးတစ်ခုလုံးမှာလည်း ပြောင်းပြန်လန်သွားတော့မည့်အလား တုန်ရီနေပြီဖြစ်သည်။ ကြယ်များမှာလည်း တစ်လုံးပြီးတစ်လုံး အဆက်မပြတ် ပေါ်ပေါက်လာနေ၏။ ထိုအချိန်တွင် ပညာရှိပုံစံ ကျင့်ကြံသူ၏ လက်ထဲရှိ လက်ရိုက်တံမှာ တစ်စစီ ကြေမွပျက်စီးသွားသလို သူသည်လည်း အားအင်များကုန်ခမ်းသွားသဖြင့် မြေကြီးပေါ်သို့ ပြုတ်ကျသွား၏။ ခဏအကြာတွင် သူသည် ကြိုးစားရုန်းကန်၍ မတ်တတ်ပြန်ထလာပြီး ရဲရဲနီနေသည့် မျက်ဝန်းများဖြင့် ကောင်းကင်ကြီးအား လှမ်းကြည့်လိုက်သည်။ သူသည် တာအိုဂြိုဟ်အား လိုက်လံရှာဖွေလိုက်ပြီးနောက် လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်ကာ နာကြည်းစွာ ရယ်မောနေလိုက်တော့သည်။

" ကျုပ်က တာအိုဂြိုဟ်ပဲ လိုချင်တာ။ တခြားဂြိုဟ်တွေ အကုန်လုံးက ကျုပ်အတွက် တန်ဖိုးမရှိဘူး "

သူ ထိုသို့ဆိုလိုက်သည်နှင့် ကောင်းကင်ကြီးမှာ ဝင်းလက်စွာ တောက်ပလာ၏။ ထို့နောက် ပထမအဆင့် အထူးဂြိုဟ်များ အပါအဝင် အခြားကြယ်များအားလုံးမှာ စတင်မှေးမှိန်လာတော့သည်။ ထို့နောက် ကောင်းကင်ကြီးတစ်ခုလုံး မည်းနက်သွားသည့် အခိုက်အတန့်တွင် ကြယ်အလင်းရောင် အမျှင်အတန်းတစ်ခုမှာ ရုတ်တရက်ဆိုသလို ကောင်းကင်ထဲမှ ဆင်းသက်လာပြီး ပညာရှိပုံစံ ကျင့်ကြံသူပေါ်သို့ ကျရောက်လာတော့သည်။

ထို့နောက် ကောင်းကင်ယံထဲ၌ အလွန်အင်မတန်မှ ဝင်းလက်တောက်ပနေသည့် ကြယ်တစ်လုံး ပေါ်ပေါက်လာ၏။ ၎င်းမှာ နေမင်းတစ်စင်းကဲ့သို့ တောက်ပနေသဖြင့် ကြယ်များအားလုံး၏ ရှင်ဘုရင်မင်းမြတ်တစ်ပါးကဲ့သို့ ဖြစ်နေတော့သည်။ သို့သော် ၎င်းမှာ အပြည့်အဝ ပေါ်ပေါက်လာခြင်းမရှိဘဲ မှုန်ဝါးဝါးဖြစ်နေသည့် ပုံရိပ်ယောင် တစ်ခုအဖြစ်သာ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထို့အပြင် အောက်သို့ ဆင်းသက်လာခဲ့သည့် ကြယ်အလင်းရောင်များမှာလည်း ထို ပညာရှိပုံစံကျင့်ကြံသူအား ဆွဲငင်နေခြင်းမရှိဘဲ အရန် ရွေးချယ်စရာတစ်ခုအဖြစ်သာ သတ်မှတ်ထားသည့် ပုံပင်။

သို့သော်ငြားလည်း ပညာရှိပုံစံ ကျင့်ကြံသူမှာ တစ်ကိုယ်လုံး တုန်ရီသွားရဆဲပင်။ ထိုအချိန်တွင် သူ၏ အငွေ့အသက်များမှာလည်း အားကောင်းလာသဖြင့် ကြယ်သုသာန်အင်ပါယာထဲရှိ ကျင့်ကြံသူတိုင်းမှာ တအံ့တဩဖြစ်သွားကြ၏။ ထို့နောက် သူတို့အားလုံးမှာ ကောင်းကင်ယံထဲရှိ တာအိုဂြိုဟ်အား ဦးချအရိုအသေပေးလိုက်ကြတော့သည်။

ကြယ်သုသာန်အင်ပါယာ၏ ဧကရာဇ်ကြီးပင်လျှင် ရိုသေလေးစားမှု ပြသသည့်အနေဖြင့် အသာအယာ ဦးညွှတ်လိုက်၏။ ဝမ်ပေါင်လဲ့မှာမူ နှလုံးသားတစ်ခုလုံး ဗြောင်းဆန်းနေရပြီ ဖြစ်သလို မျက်ဝန်းများထဲတွင်လည်း လောဘမီးများ တောက်လောက်လာရပြီဖြစ်သည်။ ထို တာအိုဂြိုဟ်မှာ ဤ ကြယ်သုသာန်ထဲရှိ သူ၏ အကြီးမားဆုံး ပစ်မှတ် ဖြစ်နေသည် မဟုတ်ပါလော။

သို့သော် ထို တာအိုဂြိုဟ်မှာ မောက်မာဝင့်ကြွားလွန်းလှပေသည်။ သို့ဖြစ်ရာ ၎င်းမှာ သက်ရှိများအားလုံး၏ အာရုံစိုက်ခြင်းအား ခံနေရသည်ကို ကျင့်သားရနေသည့် ပုံပင်။ ပညာရှိပုံစံ ကျင့်ကြံသူမှာ အစွမ်းကုန်ထုတ်ကာ မိုးကောင်းကင်စည်ကြီးအား ဆယ်ချက်တိတိ တီးခတ်ခဲ့သည့်တိုင်အောင် ၎င်းအား ပုံရိပ်ယောင်တစ်ခုအနေနှင့် ပေါ်ပေါက်လာအောင်သာ လုပ်နိုင်ခဲ့၏။

ထို့အပြင် ၎င်းမှာ ဝမ်ပေါင်လဲ့အား လုံးဝ အဖက်မလုပ်ပေ။ သို့သော် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးနှင့် ခေါင်းလောင်းနှင့် မိန်းမပျိုလေးတို့မှာမူ ကြယ်အလင်းရောင်များ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရ၏။ ထို့ကြောင့် သူတို့နှစ်ယောက်မှာ နှလုံးသားများ တုန်ရီသွားကြပြီး တစ်ပြိုင်နက်တည်း ပြေးထွက်လာကြတော့သည်။ သူတို့မှာ မိုးကောင်းကင်စည်ကြီးဆီသို့ တန်းတန်းမတ်မတ် ပြေးသွားလိုက်ကြ၏။ သို့ဖြစ်ရာ သူတို့နှစ်ယောက်မှာ မိုးကောင်းကင်စည်ကြီးအား တစ်ပြိုင်နက်တည်း တီးခတ်တော့မည့်ပုံ ပေါက်နေတော့သည်။

ထို့ကြောင့် သူတို့မှာ တစ်ယောက်နှင့်တစ်ယောက် ယှဉ်ပြိုင်နေသည့်ပုံ ပေါက်နေသလို ဖျော်ဖြေးရေးပွဲတစ်ပွဲအား တင်ဆက်တော့မည့်ပုံလည်း ပေါက်နေ၏။ သူတို့မှာ တာအိုဂြိုဟ်၏ အာရုံအား ဖမ်းစားကာ အ‌ရွေးချယ်ခံရအောင် ကြိုးစားနေကြခြင်း ဖြစ်သည်။

သူတို့၏ အပြုအမူများမှာ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုမရှိပါသော်လည်း ကောင်းကင်ယံထဲရှိ တာအိုဂြိုဟ် ပုံရိ‌ပ်ယောင်ကြီးကြောင့် ကြယ်သုသာန်အင်ပါယာ၏ ဧကရာဇ်ကြီးပင်လျှင် စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။ အခြားသူများမှာလည်း ထို စည်းမျဉ်းစည်းကမ်းများအကြောင်း မေ့ပျောက်သွားကြသည့် ပုံပင်။ သူတို့မှာ ကောင်းကင်ယံထဲ၌ တလက်လက် တောက်ပနေသည့် ပုံရိပ်ယောင် တာအိုဂြိုဟ်ကြီးကိုသာ စိုက်ကြည့်နေကြတော့သည်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများအရောင်လက်သွား၏။ သူသည် ထို တာအိုဂြိုဟ်ကြီး သူ့အား လျစ်လျူရှုနေသည်ကို အာရုံခံမိထားပြီးသား ဖြစ်သည်။ သို့သော် ၎င်းမှာ ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်သည်ဟု သူက ယုံကြည်ထား၏။ ယခုတွင် ခေါင်းလောင်းနှင့် မိန်းမပျိုလေးနှင့် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးတို့မှာ မိုးကောင်းကင်စည်ကြီးအား တစ်ပြိုင်နက်တည်း တီးခတ်ကြတော့မည်ဖြစ်ရာ သူသည်သည်လည်း အံကြိတ်ကာ ရှေ့သို့ ခုန်ထွက်သွားလိုက်တော့သည်။ ထို့နောက် သူသည် ပင်မခန်းမကြီး၏ ရှေ့မှ ပျံထွက်သွားလိုက်ပြီး မိုးကောင်းကင်စည်ကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်ပျံသန်းသွားလိုက်၏။

ရှေ့သို့ အလောတကြီးနှင့် ပြေးထွက်သွားသည့် ဝမ်ပေါင်လဲ့မှာ သူ၏နောက်တွင် ရှိနေသည့် ကြယ်သုသာန်အင်ပါယာ၏ ဧကရာဇ်ကြီးအား သတိမထားမိလိုက်ပေ။ ထို ဧကရာဇ်ကြီးမှာ စကားပြောရန် ပြင်လိုက်ပါသော်လည်း မပြောနိုင်ခဲ့ပေ။ ၎င်း၏ မျက်ဝန်းများထဲ၌ စိတ်မကောင်းဖြစ်ကာ နောင်တရနေသည့် အရိပ်အယောင််များဖြင့်သာ ပြည့်နှက်နေ၏။ နောက်ဆုံးတွင် ၎င်းမှာ လေသံတိုးတိုးဖြင့်သာ ရေရွတ်မိလိုက်တော့သည်။

" မင်းကို ရွေးမှာ မဟုတ်ဘူး... "

ထိုအချိန်တွင် မျက်ဝန်းများ အရောင်တလက်လက် တောက်ပနေသည့် ဝမ်ပေါင်လဲ့မှာမူ အရှိန်မြှင့်တင်ကာ ရှေ့သို့ ပျံထွက်သွားလိုက်၏။ ထို့ကြောင့် သူသည် မိုးကောင်ကင်စည်ကြီးဆီသို့ ခေါင်းလောင်းနှင့် မိန်းမပျိုလေးနှင့် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးတို့နှင့် ရှေ့ဆင့်နောက်ဆင့် ဆိုသလို ရောက်ရှိသွားသည်။ ထိုနှစ်ယောက် မိုးကောင်းကင်စည်ကြီးအား တီးခတ်ရန်ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့၏ လက်ထဲ၌ လက်ရိုက်တံကြီး ပေါ်ပေါက်လာပြီး သူသည်လည်း မိုးကောင်းကင်စည်ကြီး၏ အလယ်တည့်တည့်အား အားပါပါ ရိုက်နှက်လိုက်တော့သည်။

ထိုအခါ ပထမဆုံး‌ဗုံသံကြောင့် ကောင်းကင်ကြီးမှာ အရောင်ပြောင်းသွား၏။ တာအိုဂြိုဟ်ကြီးမှာမူ သက်ရှိများအားလုံးကို တစ်ချက်ငုံ့ကြည့်လိုက်ပြီးနောက် ကောင်းကင်ယံထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။ ၎င်းမှာ မိုးကောင်းကင်စည်ကြီးအား တီးခတ်နေသည့် လူသုံးယောက်ထဲမှ မည်သူက ၎င်းအား ပြန်လည်ပေါ်ပေါက်လာအောင် လုပ်နိုင်လိမ့်မည်နည်းဟု စမ်းသပ်လိုသည့်ပုံပင်။

ဒုတိယမြောက်ဗုံသံကြောင့် မှေးမှိန်နေသည့် ကောင်းကင်ယံထဲ၌ ကြယ်အလင်းရောင်များ ပြန်လည်ပေါ်ပေါက်လာ၏။ သို့သော် ထို ကြယ်အလင်းရောင်များမှာ နည်းပါးနေရုံသာမက အလွန်အင်မတန်မှ မှေးမှိန်နေသေးသည်။ သို့ဖြစ်ရာ ၎င်းတို့အား သက်ရှိများအဖြစ် သတ်မှတ်ကြည့်လိုက်မည်ဆိုပါက ၎င်းတို့မှာ စိတ်ဓာတ်များ ညှိုးငယ်နေသည့်ပုံ ပေါက်နေတော့သည်။

တတိယမြောက် ဗုံသံကြောင့် ကောင်းကင်ယံထဲ၌ တုန်ခါမှုလှိုင်းများ ထွက်ပေါ်လာ၏။ ကြယ်အသစ်များလည်း ထပ်၍ ပေါ်ပေါက်လာသည့်တိုင်အောင် ၎င်းတို့မှာ မှေးမှိန်နေကြဆဲပင်။ သူတို့သုံးယောက် စတုတ္ထမြောက်အချက်နှင့် ပဉ္စမမြောက်အချက်တို့အား တီးခတ်ပြီးသွားသောအခါမှသာ ထို ကြယ်များမှာ စတင် ဝင်းလက်တောက်ပလာကြတော့သည်။ တစ်ချိန်ထဲမှာပင် ၎င်းတို့မှာ သာမန်ဂြိုဟ်များ၊ ဝိညာဉ်ဂြိုဟ်များနှင့် အင်မော်တယ်ဂြိုဟ်များအဖြစ် အသီးသီး ပြောင်းလဲသွားကြ၏။

ထို့နောက် ဆဋ္ဌမမြောက်၊ သတ္တမမြောက်နှင့် အဋ္ဌမမြောက်ဗုံသံများ ဆက်တိုက်ဆိုသလိုထွက်ပေါ်လာကြသည်။

ထိုအခါ ကောင်းကင်ကြီးမှာ ထပ်၍ တုန်ရီသွားပြီး ကြယ်ပေါင်းမြောက်မြားစွာ တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာကြ၏။ ၎င်းတို့မှာ ကောင်းကင်ယံထဲ၌ ပြည့်နှက်နေကြပြီ ဖြစ်သည်။ ထို့အပြင် သူတို့သုံးယောက်မှာ တစ်ယောက်ပြီးတစ်ယောက် တီးခတ်နေကြသည်ဖြစ်ရာ အထူးဂြိုဟ်များ၏ စွမ်းအားများမှာလည်း ယခင်တုန်းကနှင့် မတူလောက်အောင် ပေါက်ကွဲထွက်ပေါ်လာတော့သည်။ မရေမတွက်နိုင်လောက်အောင်များပြားသည့် အဆင့်နိမ့် အထူးဂြိုဟ်များ၊ အလယ်အလတ်အဆင့် အထူးဂြိုဟ်များနှင့် ရာပေါင်းများစွာသော အဆင့်မြင့် တတိယအဆင့် အထူးဂြိုဟ်များသာမက ဒုတိယအဆင့် အထူးဂြိုဟ်များပါ ပေါ်ပေါက်လာကြပြီဖြစ်သည်။

ထို့ကြောင့် ကောင်းကင်ကြီးတစ်ခုလုံးမှာ စကားလုံးများနှင့်ပင် ဖော်ပြ၍မရနိုင်လောက်အောင် ခမ်းနားထည်ဝါနေတော့သည်။

ခေါင်းလောင်းနှင့် မိန်းမပျိုလေးနှင့် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးတို့အတွက် မိုးကောင်းကင်စည်ကြီးအား ရှစ်ကြိမ်တိတိ တီးခတ်နိုင်ရန်မှာ မခက်ခဲပေ။ သို့သော် ထိုသို့ တီးခတ်ပြီးနောက် ခံစားလိုက်ရသည့် ဖိအားများနှင့် မောပန်းနွယ်နယ်မှုများကြောင့် သူတို့မှာ အသက်ရှူသံများ မြန်ဆန်လာရပြီး မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြဆဲပင်။ ဝမ်ပေါင်လဲ့မှာလည်း ထိုနည်းတူပင်။ သူသည် သူ၏ရှေ့တွင် မိုးကောင်းကင်စည်ကြီးအား တီးခတ်ခဲ့သည့်လူများ ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို ရင်ဆိုင်နေရပြီဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူ တစ်ချက် တီးခတ်လိုက်သည့် အချိန်တိုင်း သူ၏ ခန္ဓာကိုယ်နှင့်ဝိညာဉ်အား မုန်တိုင်းတစ်ခု ဖြတ်တိုက်သွားသကဲ့သို့ ခံစားလိုက်ရသောကြောင့်ပင်။ သို့ဖြစ်ရာ သူတို့မှာ လက်ရိုက်တံဖြင့် ရိုက်နေရခြင်း မဟုတ်ဘဲ သူတို့၏ ကိုယ်ပိုင်အသက်စွမ်းအားများကို အသုံးပြုကာ ရိုက်နေရသကဲ့သို့ ဖြစ်နေတော့သည်။

အဋ္ဌမမြောက် ရိုက်ချက်တွင် သူ၏ ဝိညာဉ်တစ်ခုလုံး တုန်ရီသွားရသဖြင့် ဝမ်ပေါင်လဲ့မှာ အမြင်အာရုံများဝေဝါးသွားရ၏။ သူသည် ချက်ချင်းဆိုသလိုပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါသော်လည်း နဝမမြောက်အချက်အား ရိုက်နိုင်ရန် အများကြီး ပေးဆပ်ရမည်ဖြစ်ကြောင်း သိလိုက်သည်။

" ဘာမှ ရေးကြီးခွင်ကျယ်မဟုတ်ပါဘူး။ ငါ ဆယ်ကြိမ်တိတိ မရရအောင် ရိုက်ရမယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးလိုက်ပြီးနောက် ရက်စက်ကြမ်းကြုတ်မှု အပြည့်ရှိသော အမူအရာဖြင့် အံကြိတ်လိုက်၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ လက်ထဲမှ လက်ရိုက်တံအား ဝှေ့ယမ်းလိုက်ပြီး သတ်ဖြတ်လိုစိတ်များ ထုတ်လွှတ်နေသည့် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးနှင့် မျက်ဝန်းများ အရောင်တလက်လက် တောက်ပနေသည့် ခေါင်းလောင်းနှင့် မိန်းမပျိုလေးတို့နှင့်အတူ မိုးကောင်းကင်စည်ကြီးအား ကိုးချက်မြောက်အဖြစ် ရိုက်နှက်လိုက်တော့သည်။

All Chapters