← Chapters

Stress Test

Vol. 7 Ch. 38

Stress Test

Vol. 7 Ch. 38

ဥရောပအရှေ့ဘက်ခြမ်းရှိ မိသားစုအိမ်လေးတစ်ခု။

အနက်ရောင်ဂေါ့သစ်ဂါဝန်တိုကို စတော့ကင်အနက်နဲ့ တွဲဝတ်ထားတဲ့ မိန်းကလေးက ဆိုဖာခုံပေါ်မှာထိုင်နေပြီး သူ့ကိုဒူးထောက်ခစားနေတဲ့ မိန်းကလေးနှစ်ယောက်ကို ကြည့်လိုက်တယ်။ ရင်းနှီးနေသူတွေဖြစ်တဲ့ စစ်ပွဲနှင်းဆီနဲ့ ဗီးနပ်စ်တို့ပါ။

“ဒီတော့ နင်တို့နှစ်ယောက်က ငါ့ကိုဥရောပကိုဖျက်ဆီးရာမှာ ကူညီပေးမယ်ပေါ့။”

ခစားနေတဲ့ နှစ်ယောက်လုံးက ခေါင်းညိတ်လိုက်ကြတယ်။ သူတို့မျက်လုံးတွေထဲမှာ အငြိုးအတေးကို အတိုင်းသားမြင်နိုင်ပါတယ်။ ဂေါ့သစ်စတိုင်မိန်းကလေးက ရယ်မောလိုက်တယ်။ သူက ထိုင်ခုံကနေ ထလိုက်ပြီး မိန်းကလေးနှစ်ယောက်ကို ကြည့်ကာပြောလိုက်ပါပြီ။

“နင်တို့ကိုယ်နင်တို့ ငရဲညီအစ်မများလို့ ခေါ်တယ်ပေါ့။ ပြီးတော့ သိပ်ကိုလက်စားချေချင်နေကြတယ်မဟုတ်လား။ ကောင်ပြီလေ၊ ဒီနေ့ကစပြီး မင်းတို့ငါ့ကို အရှင်မလို့ခေါ်ရမယ်။ ငါက မင်းတို့အတွက် ဒီနေ့ကစပြီး ဘုရင်မဖြစ်သွားပြီ။”

ခစားနေသူနှစ်ယောက်လည်း သူတို့ဦးခေါင်းတွေကို ညွှတ်ပြီးတော့ ဂေါ့သစ်မိန်းကလေးအကြိုက် စခေါ်လိုက်တယ်။ “အရှင်မဘာခိုင်းခိုင်းလုပ်ပါ့မယ်။”

“ကောင်းပြီလေ၊ နင်တို့ ဗြိတိန်ကို ဘယ်လိုခိုးဝင်ရမလဲ သိတယ်မဟုတ်လား။ သူတို့တွေက ငါ့ရဲ့လမ်းစဥ်မှာ ဝင်ရှုပ်နေတယ်။ ဒီတော့ နည်းနည်းပါးပါး ဆုံးမပေးမှ ဖြစ်တော့မယ်။”

ဂေါ့သစ်ဂါဝန်နဲ့မိန်းကလေးက အိမ်ရဲ့ပြတင်းပေါက်အပြင်ကို ကြည့်လိုက်တယ်။ သူတို့ရှိနေတဲ့ အိမ်ကလွဲလို့ ကျန်တဲ့ပတ်ဝန်းကျင်တစ်ခုလုံးက ကမ္ဘာပျက်ကိန်းရုပ်ရှင်ထဲကအတိုင်းပဲ အပျက်အစီးတွေနဲ့ပြည့်နေတယ်။ လမ်းတွေတံတားတွေ ကျိုးကျနေပြီးတော့

လမ်းမပေါ်မှာ အရိုးခေါင်းတွေပုံလို့နေတယ်။

ကျိုင်းကောင်တစ်ပိုင်း လူတစ်ပိုင်းသတ္တဝါတွေက လမ်းမပေါ်မှာ လျှောက်သွားနေပြီး စားလို့ရတာမှန်သမျှ စားသောက်နေကြတယ်။ ကြွက်တွေကစလို့ သစ်ပင်တွေကအဆုံး စားသောက်ထားတာဖြစ်လို့ ရိုမေးနီးယားနိုင်ငံရဲ့မြို့တော် Bucharest တစ်ခုလုံး ပြားပြားဝပ်နေခဲ့ပါပြီ။

ငြိမ်းချမ်းရေးမဟာမိတ်တပ်ဖွဲ့ရဲ့မြေပြင်တပ်ဖွဲ့တွေရဲ့

ဝတ်စုံတွေနဲ့လက်နက်တွေကိုလည်း မြို့ရဲ့လမ်းမတွေပေါ်မှာ တွေ့ရပေမဲ့ အသက်ရှင်နေတဲ့ တပ်သားတွေကိုတော့ မတွေ့နိုင်ပါဘူး။ ငြိမ်းချမ်းရေးမဟာမိတ်က စစ်သည်ငါးသောင်းကျော်ကို ရိုမေးနီးယားပို့ခဲ့ပေမဲ့ ငါးပုံပုံတစ်ပုံလောက်က မအောင်မြင်တဲ့ စစ်ဆင်ရေးတွေမှာ သေဆုံးသွားခဲ့ပြီးသားပါ။

ငြိမ်းချမ်းရေးမဟာမိတ်က တချို့နယ်မြေတွေမှာ ကြောက်ခမန်းလိလိထိုးစစ်ဆင်တိုက်ခိုက်နေခဲ့ပေမဲ့ ကျိုင်းကောင်တွေက နေရာအများစုကို ထိန်းချုပ်ထားဆဲဖြစ်ပြီး လူဦးရေသန်းနှစ်ဆယ်လောက်ကို ဝါးမျိုပြီးပြီမလို့ အလွယ်တကူထိန်းချုပ်နိုင်တဲ့ အခြေအနေမျိုးမှာ မဟုတ်တော့ပါဘူး။

“ဒီတစ်ခေါက် ပိုးကောင်ဘုရင်မက လူသားတွေကို တိုက်ခိုက်ဖို့ တုန့်ဆုတ်နေတယ်လို့ကြားတယ်။ တကယ့်ကို တာဝန်မကျေတဲ့ဟာမပဲ။ ဒီတော့လည်း ငါကပဲ သူ့အလုပ်ကိုဝင်လုပ်ပြီး သူ့နေရာမှာ ဝင်ထိုင်ပေးရမှာပေါ့။”

....

အမေရိကန်နိုင်ငံ လော့ဟက်မာတင် ဌာနချုပ်မှာ ပိုးကောင်တွေရဲ့အစည်းအဝေးပွဲက မပြီးသေးပါဘူး။ ဥစာကီက ဘာရွန်ကို မကျေမနပ်ကြည့်နေတယ်။ လက်ရှိသူတို့စုထိထားတဲ့ အင်အားနဲ့ဆိုရင် ကမ္ဘာကို ဖျက်ဆီးနိုင်လောက်တဲ့အထိ များပြားနေပြီဆိုပေမဲ့ ပိုးကောင်ဗိုလ်ချုပ်တွေထဲက တစ်ယောက်ကတော့ ရောက်မလာသေးပါဘူး။

“ကျိုင်းကောင်တွေရဲ့ဗိုလ်ချုပ်ကရော...”

ဘာရွန်ကို ဥစာကီမေးလိုက်တော့ မရေရာတဲ့အဖြေပဲ

ပြန်ရပါတယ်။ “ကျိုင်းကောင်တွေရှိနေတဲ့ ရိုမေးနီးယားကို သွားခဲ့ပေမဲ့ ကျိုင်းကောင်ဗိုလ်ချုပ်ရှိနေတဲ့ လက္ခဏာမတွေ့ရတဲ့အတွက် ထွက်ပေါ်မလာသေးဘူး။ ထင်ရတာပါပဲ။”

ဒါပေမဲ့ ပိုးဖလံမှာတော့ မတူညီတဲ့ သီးခြားအမြင်တစ်ခု ရှိနေပါတယ်။ “ငါတော့ အဲဒီကျိုင်းကောင် ဉာဏ်များနေပြီလို့ထင်တာပဲ။ ပိုးကောင်ဗိုလ်ချုပ်မရှိဘဲနဲ့ ကျိုင်းကောင်တွေက နိုင်ငံတစ်ခုကို ဖျက်ဆီးနိုင်လောက်တဲ့အထိ အားကောင်းမှာမဟုတ်ဘူး။”

“ဆိုလိုတာက ဘာရွန်ကို တစ်ပတ်ရိုက်သွားတာလား။

စိတ်ဝင်စားစရာပဲ။” ယင်ကောင်ဗိုလ်ချုပ်က ဝင်ပြောတယ်။ ရေဂင်လည်း ထိတ်လန့်လာပြီး ဥစာကီကို ပြောလိုက်တယ်။

“ဘုရင်မ၊ သူသာတကယ်ရှောင်နေတာဆိုရင် ပုန်ကန်ဖို့အတွက် ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ သူ့ကိုလိုက်ရှာပြီး ဖြေရှင်းသင့်ပါတယ်။”

ဥစာကီက ဒီစကားကိုကြားတော့ ဟပ်ခနဲရယ်မောလိုက်လေရဲ့။ “သူ့ရဲ့စွမ်းအားက ကျိုင်းကောင်တွေ အစားသောင်းကျန်းလေ ပိုအင်အားကြီးလာလေမဟုတ်လား။ လောလောဆယ် လူသန်းနှစ်ဆယ်လောက်ကို ဝါးမျိုပြီးပြီဆိုတော့ နင်တို့ထဲက ဘယ်သူမှ သူ့ပြိုင်ဘက်မဖြစ်နိုင်သေးဘူး။ အသာလေး သူ့ဘာသာလူလုံးထွက်ပြတဲ့ အချိန်ထိစောင့်ရအောင်။”

.....

“မက်ဒါနာ၊ နင်ပြန်လာပြီလား။” မက်ဒါနာပြန်ရောက်တာနဲ့ ဖရာလီတာက ချက်ချင်းပြေးလာတယ်။ မက်ဒါနာက သူ့ကို စမ်းသပ်မှုကျရှုံးခဲ့တဲ့အကြောင်းပြောတော့ ဖရာလီတာ စိတ်ပျက်သွားတယ်။

“ဒီနေ့နောက်ထပ်လေးကြိမ်လောက် စမ်းခဲ့ပေမဲ့ ဆိုဖီယာလည်း ပင်ပန်းနေပြီဖြစ်သလို ငါလည်း ဖျားချင်နေပြီဆိုတော့ ပြန်လာတာ။”

တစ်ကိုယ်လုံး နွေးနွေးထွေးထွေးဖြစ်နေအောင် ဝတ်ထားပြီး နှာအဆက်မပြတ်ချေနေတဲ့ မက်ဒါနာက နှာမချေအောင် ထိန်းထားရင်း ပြောလိုက်ပေမဲ့ စကားမဆုံးခင်မှာပဲ နှာချေမိသွားတယ်။

ဟက်ချိုး... ဟက်ချိုး...

ဖရာလီတာက မက်ဒါနုာကိုကြည့်နေရင်း နေမကောင်းဖြစ်မှာကို စိုးရိမ်တဲ့အတွက် စားဖိုချောင်ထဲကို မြန်မြန်ပြေးသွားလိုက်တယ်။ “စားဖိုမှူးကြီးရေ၊ စွပ်ပြုတ်ပူပူလေးတစ်ခွက်လုပ်ပေးပါ။”

မက်ဒါနာကတော့ ပခုံးတွန့်ရင်းနဲ့ ဆိုဖီယာကို ကြည့်လိုက်တယ်။ ဆိုဖီယာလည်း သူ့လိုပဲ နှာဆက်တိုက်ချေနေတာဖြစ်ပြီး နားရွက်လေးတွေ နီရဲနေတာမလို့ ချစ်စရာလေးဖြစ်နေတာနဲ့ မက်ဒါနာလည်း မနေနိုင်ဘဲ နားရွက်ရှည်ရှည်လေးတွေကို ဆွဲလိမ်လိုက်မိတယ်။

“အား... နာတယ်ဟဲ့၊ မက်ဒါနာရဲ့။”

“ဒါပေမဲ့ တအားချစ်စရာလေးဖြစ်နေတာကို။”

နောက်တော့ သူတို့နှစ်ယောက် နေ့လယ်စာတည်ခင်းထားတဲ့ စားပွဲဝိုင်းမှာ ဝင်ထိုင်လိုက်တယ်။ မက်ဒါနာတို့အုပ်စုက လူစုံတက်စုံရှိပေမဲ့ အရင်တစ်ခါလိုပဲ သားရဲတွေရှိမနေပြန်ဘူး။ စားဖိုမှူးက ငရုပ်ကောင်းများများနဲ့ စွပ်ပြုတ်လာချပေးတော့ ခန္ဓာကိုယ်နွေးသွားအောင်လို့ ​မြန်မြန်လေးသောက်လိုက်တယ်။

“ဒီတော့၊ အခြေအနေဘယ်လိုရှိလဲ။” ဖရာလီတာက မေးလိုက်တယ်။ အေမီ၊ ဖလေရာ၊ လင်ဒါ၊ ဖရက်နဲ့ လီဆာတို့လည်း စိတ်ဝင်တစားနားထောင်နေကြလေရဲ့။

“အင်း၊ ဘယ်လိုပြောရမလဲ။ ရုတ်တရက်ကြီး ဘုရင်အာသာကို ဆက်ခံရမယ့်သူလို ခံစားမိလာတော့တာပဲ။ သားရဲတွေက ငါ့ကို ဝိညာဥ်တွေရှိတဲ့ ရေကန်ထဲက ဓားကို ဆင်းဆယ်ခိုင်းတယ်လေ။”

နောက်တော့ မက်ဒါနာက သူတို့ကို ဖြစ်ခဲ့သမျှဖြစ်စဥ်တွေအကုန်လုံးကို အသေးစိတ်ရှင်းပြလိုက်တယ်။ ပထမတစ်ကြိမ်စမ်းသပ်တာအပြင် ဆိုဖီယာနဲ့ထပ်ပြီးစမ်းကြည့်တဲ့ အခေါက်တွေရောပေါ့။

“တကယ်ပါဟာ၊ အကြိမ်ကြိမ်စမ်းခဲ့ပေမဲ့ နည်းနည်းလေးကို မနီးစပ်တာဟ။ ငါလည်း ဆက်ပြီးစမ်းချင်သေးပေမဲ့ တစ်ကိုယ်လုံးကိုက်ခဲပြီး ဆိုဖီယာလည်း မေ့လဲလုနီးပါး ဖြစ်နေပြီဆိုတော့ ပြန်တပ်ခေါက်လာရတယ်။”

“သားရဲလေးကောင်လုံးရဲ့စွမ်းအားကို ပေါင်းစည်းပေးနိုင်တဲ့ လက်နက်ဆိုတော့ အဲဒီလောက်တော့ရှိမှာပဲ။ အယ်ဖာတစ်ယောက်ချင်းစီရဲ့စွမ်းအားကတင် သိပ်ကိုကြောက်ဖို့ကောင်းနေပြီလေ။”

ဆိုဖီယာက မက်ဒါနာကို နှစ်သိမ့်တဲ့အနေနဲ့ ပြောပါတယ်။ တခြားသူတွေလည်း အဲဒီလက်နက်က သူတို့ရန်သူကို အနိုင်ယူဖို့အတွက် တစ်ခုတည်းသော အခွင့်အရေးဆိုတာ သိတဲ့အတွက် စိတ်ပူနေကြပေမဲ့ ဖရာလီတာက ဟင်းပွဲထဲက စားစရာတွေကို အရင်ကုန်အောင် စားပြီးတဲ့နောက် မက်ဒါနာကို အခုလိုပြောလိုက်လေရဲ့။

“နင့်ကို အမေလာခေါ်သွားလို့ ငါလည်းပြောဖို့မေ့နေတာ။ မြို့ကာကွယ်ရေးစနစ်အတွက် လိုအပ်တဲ့ကုန်ကြမ်းတွေအကုန်လုံး ငါ့စမ်းသပ်ခန်းကိုရောက်နေပြီ။ ဒီညနေ ငါတို့အတူစမ်းကြည့်ကြမလား။”

“အင်း။” မက်ဒါနာလည်း ငြင်းစရာမရှိတာကြောင့် ခေါင်းညိတ်လိုက်တယ်။ ဘုရင်အာသာရဲ့ဓားကိုဆယ်ဖို့က အဓိကဦးစားပေးဖြစ်လာပြီဆိုပေမဲ့ သူတို့မှာ တခြားအရေးကြီးလုပ်စရာတွေလည်း ရှိနေပါသေးတယ်။ ဓားက ရန်သူကို အနိုင်ယူဖို့အသုံးဝင်ပေမဲ့ စွမ်းအင်ဒိုင်းစနစ်က လူသန်းပေါင်းများစွာကို ကာကွယ်ပေးနိုင်မယ့်အရာပါ။ ဒါကြောင့် လစ်လျူရှုထားလို့မဖြစ်ဘူး။

ဒါကြောင့် နေ့လယ်စာစားပြီးတဲ့နောက် မက်ဒါနာကို ဖရာလီတာက ပန်ဒရာဂွန်မိသားစုရဲ့လျှို့ဝှက်စမ်းသပ်ခန်းထဲ ခေါ်သွားတယ်။ မက်ဒါနာနဲ့နျူရေ ပေါင်းပြီးဖန်တီးထားတဲ့ မြို့ကာကွယ်ရေးစနစ်ကို စမ်းသပ်ဖို့ပါ။

....

ပန်ဒရာဂွန်တွေရဲ့စမ်းသပ်ခန်းက အိမ်တော်နဲ့သိပ်မဝေးပါဘူး။ ​လန်ဒန်မြို့ထဲကို ခနလောက် ကားနဲ့သွားပြီးတဲ့နောက် သူတို့ပိုင်တဲ့စမ်းသပ်ခန်းကို ရောက်လာပါတယ်။ ဝန်ထမ်းတွေလည်းရှိနေပြီး သူတို့က ဖရာလီတာကိုတွေ့တာနဲ့ ဦးညွှတ်ပြီး နှုတ်ဆက်ကြပါတယ်။ မက်ဒါနာလည်း ဖရာလီတာနောက်ကိုလိုက်ပြီး စမ်းသပ်ခန်းထဲ ဝင်လိုက်တယ်။

“ဒီနေရာက ငါတို့မှာရှိတဲ့ အကြီးဆုံးစမ်းသပ်ခန်းပဲ။ ငါတို့လက်နက်တော်တော်များများကို ဒီမှာပဲစမ်းသပ်ခဲ့တာ။ အေမီကိုယ်ပွားတွေနဲ့ နယ်ဆင်သင်္ဘောပျံရော ဒီမှာပဲထုတ်လုပ်ခဲ့တာ။”

မက်ဒါနာက ဖရာလီတာရှင်းပြနေတာကို စိတ်ရှည်ရှည်ထားပြီး နားထောင်ရတယ်။ မကြာခင်မှာပဲ သူတို့တွေ နမူနာပုံကြမ်းဆောက်ဖို့လုပ်ထားတဲ့ နေရာကိုရောက်လာပြီး ဖရာလီတာက အယ်လိုဟင်ကိုပြောလိုက်တယ်။

“အယ်လိုဟင်၊ ငါတို့အတွက် လိုတာတွေအားလုံးပြင်ပေး။”

“ဟုတ်ကဲ့၊ မမလေး။”

နောက်တော့ မက်ဒါနာတို့နှစ်ယောက်က စကားတပြောပြောနဲ့ နည်းပညာပစ္စည်းတွေကို စတပ်တယ်။ “ဖရာလီတာ၊ နင့်ဝတ်စုံကိုရော အဆင့်မြှင့်ဖို့ စိတ်ကူးမရှိဘူးလား။”

မက်ဒါနာ သတိထားမိသလောက် ဖရာလီတာရဲ့ဝတ်စုံကလည်း သူ့ဝတ်စုံလိုပဲ နည်းပညာအကန့်အသတ်နဲ့ ကြုံနေရလောက်ပါပြီ။ ဖရာလီတာက မက်ဒါနာရဲ့စကားကိုကြားတော့ ခေါင်းညိတ်ပြပါတယ်။

“အင်း၊ အဆင့်မြှင့်ဖို့အတွက် ကြိုးစား​ကြည့်ပေမဲ့ ပိုကောင်းအောင်လုပ်ဖို့က သိပ်မဖြစ်နိုင်တော့တဲ့ပုံပဲ။ အဲဒီအစား ငါက ပိုပြီးအသုံးဝင်မယ့် တစ်ခုခုကို ထွင်မလို့စဥ်းစားနေတာ။”

“ဟုတ်ပြီလေ၊ ဘယ်လိုလုပ်မယ်ကြံထားလဲ။” မက်ဒါနာက မေးတော့ ဖရာလီတာက ပခုံးတွန့်ပြတယ်။ ပြီးတော့ နှုတ်ခမ်းပေါ် လက်ညိုးတင်ပြီး အခုလိုပြောလာလေရဲ့။

“ဒါက လျှို့ဝှက်ချက်လေ။ ငါ့ဘာသာငါ ထွင်ချင်တာထွင်မှာပေါ့။ နင့်ကိုပေးသိစရာလိုလို့လား။”

“ဟုတ်ပါပြီ ဟုတ်ပါပြီ။” မက်ဒါနာလည်း ဖရာလီတာကို ဖိအားပေးမနေတော့ဘဲ တတ်နိုင်ကျန်တဲ့ နောက်ဆုံးအစိတ်အပိုင်းတွေကို တပ်လိုက်တယ်။ ပုံကြမ်းမလို့ သူတို့ရှေ့ကပစ္စည်းက အသေးစားပေမဲ့ လူတစ်ရပ်လောက် မြင့်နေပါပြီ။ မြို့တစ်ခုလုံးကို ကာကွယ်မယ့်အပြည့်ဆိုရင်တော့ ဆက်သွယ်ရေးတာဝါတစ်ခုလောက်ရှိမလားပဲ။

“ငါတို့စမ်းကြည့်ကြမလား။” မက်ဒါနာ​က မေးတော့ ဖရာလီတာက ခေါင်းညိတ်ပြတယ်။ ဒါကြောင့် မက်ဒါနာလည်း ခလုတ်ကိုဖွင့်လိုက်တယ်။ ဓာတ်ပေါင်းဖိုအငယ်လေးစားက ချက်ချင်းလှုပ်ရှားလာပြီး အလင်းမှုန်တွေက အပေါက်ဝကနေ ဖြာထွက်လာပြီး မှိုပွင့်လိုမျိုး အမိုးခုံးတစ်ခုဖြစ်လာတယ်။ နောက်တော့ ဖရာလီတာတို့ကိုပါ ဖုံးလွှမ်းသွားပြီး မီတာနှစ်ဆယ်ပတ်လည်ကို ကာကွယ်ပေးထားလေရဲ့။

“စက်က အလုပ်တော့လုပ်သားပဲ။ အဓိကက ဒီဒိုင်းရဲ့ခံနိုင်ရည်ကို ငါတို့သိဖို့ပဲ။” ဖရာလီတာက ပြောရင်းဆိုရင်းနဲ့ ဒိုင်းနံရံနားအထိလျှောက်လာပြီး စွမ်းအင်ဒိုင်းကို စေ့စပ်လက်အိတ်ဝတ်ထားတဲ့ လက်နဲ့ထိုးချလိုက်တယ်။

ဘုန်း....

အလင်းဒြပ်စင်တွေက ချက်ချင်းလှိုင်းထသွားပြီး ပြန်ကန်အားတစ်ခုကို ထုတ်ဖော်တဲ့အတွက် ဖရာလီတာလည်း ခပ်မြန်မြန်ပဲ နောက်ဆုတ်လိုက်ရပါတယ်။ “တန်ပြန်တိုက်ခိုက်ရေးစနစ်လည်း ပါတာပဲလား။”

မက်ဒါနာက ခေါင်းညိတ်ပြတယ်။ “ဒိုင်းအကာကို တိုက်ခိုက်လာရင် ခုခံရုံတင်မကဘဲ တန်ပြန်အားလှိုင်းတွေကိုပါ ထုတ်ပေးလိမ့်မယ်။ ဒီတော့ အားနည်းတဲ့ ပိုးကောင်တွေ ဒိုင်းကိုဝင်တိုးရင် ငါတို့ဘာမှမလုပ်ရသေးခင်မှာပဲ ဒိုင်းက သုတ်သင်ပစ်လိမ့်မယ်။”

“စိတ်ကူးကတော့ မဆိုးဘူးပဲ။ Stress Test လုပ်ကြည့်ကြမလား။”

“ကောင်းပြီလေ။”

Stress Test ဆိုတာက နည်းပညာပစ္စည်းတစ်ခုရဲ့အကန့်အသတ်ကို သိရတဲ့အထိ တိုက်ခိုက် စမ်းသပ်ကြည့်တာမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ မက်ဒါနာနဲ့ဖရာလီတာက စက်ကိုပြန်ပိတ်လိုက်ပြီး စမ်းသပ်ခန်းထဲကနေ ထွက်လာတယ်။ နောက်တော့ သူတို့ဆိုင်ရာဝတ်စုံတွေကို ပြန်ဝတ်ပြီး စမ်းသပ်ခန်းထဲ ပြန်ဝင်ပါတယ်။

“ဟေး၊ သခင်မလေးတို့ သူတို့ပစ္စည်းသစ်ကို Stress

Test လုပ်တယ်မယ်ထင်တယ်။”

ဝန်ထမ်းတချို့လည်း သတိထားမိသွားကြပြီး အပြင်ကနေ ရပ်ပြီးစောင့်ကြည့်ကြတယ်။ စမ်းသပ်ခန်းရဲ့နံရံတစ်ဖက်က အပြင်ကနေ စောင့်ကြည့်လို့ရအောင် ကျည်ကာမှန်နဲ့ဆောက်ထားတာဖြစ်လို့ ဖရာလီတာနဲ့ မက်ဒါနာတို့ လုပ်နေတာတွေမှန်သမျှကို မြင်ရပါတယ်။

“စကြတာပေါ့။” ငွေရောင်စစ်သည်ဝတ်စုံဝတ်ထားတဲ့ မက်ဒါနာက စက်ကိုဖွင့်လိုက်ပြီး အကာအကွယ် အဝိုင်းထဲကနေ ထွက်လိုက်တယ်။ နောက်တော့ ငွေရောင်စစ်သည်ဝတ်စုံရဲ့Void Stream အားကုန်သုံးပြီး ဒိုင်းအကာကိုထိုးချလိုက်တယ်။

ဘုန်း....

အကာအကွယ်က လှိုင်းထသွားပြီး အသံကျယ်ကြီးထွက်လာတယ်။ တန်ပြန်အားက ငွေရောင်စစ်သည်ကို နောက်ပြန်တွန်းထုတ်ပေမဲ့ ခြေလှမ်းနှစ်လှမ်းစာပဲ

ဆုတ်လိုက်ရတာပါ။ မက်ဒါနာက ကိုယ်ဟန်ကိုပြန်ပြင်လိုက်ပြီး လက်ဝှေ့သမားတစ်ယောက်လိုမျိုး ခုန်ဆွခုန်ဆွလုပ်ရင်း ဆက်တိုက်ထိုးကန်တိုက်ခိုက်ရင်း တန်ပြန်လှိုင်းတွေကို ရှောင်ဖို့လုပ်တယ်။ ငါးမိနစ်လောက်အထိ မနားတမ်းတိုက်ခိုက်ပြီးမှ ရပ်လိုက်ပါတယ်။

ဖရာလီတာကတော့ စမ်းသပ်ချက်ဒေတာတွေကို ချရေးနေပြီး ပြောလိုက်တယ်။ “မဆိုးဘူးပဲ၊ ငွေရောင်စစ်သည်ဝတ်စုံရဲ့ထိုးချက်တွေက A rank ခံစစ်အထူးပြုတွေတောင် တောင့်ခံနိုင်တာမျိုးမဟုတ်ဘူး။ ငါးမိနစ်လုံးလုံး ကာကွယ်ပေးနိုင်ခဲ့ပြီး ဆက်တိုက်တန်ပြန်နိုင်တယ်။ ဒါပေမဲ့ တန်ပြန်အားလှိုင်း တကယ်သက်ရောက်လာဖို့က ၂.၄၅ စက္ကန့်ကြာတယ်။ သိပ်မကြာဘူးထင်ရပေမဲ့ အဆင့်မြင့်မြူတန့်တစ်ယောက် ပြန်တုံ့ပြန်နိုင်တဲ့ အနေအထားပဲ။”

“တန်ပြန်စွမ်းအားက တိုက်ခိုက်ခံရတဲ့အားအပေါ် မူတည်တယ်။ ခပ်ကြမ်းကြမ်းလေး စမ်းကြည့်ကြတာပေါ့။”

မက်ဒါနာက ပြောလိုက်ပြီး ဓားကိုကျောကနေဖြုတ်လိုက်ပြီး မြေဆွဲအားရှစ်ဆအထိမြှင့်ကာ ခုတ်ချလိုက်တယ်။ ဒိုင်းအကာကို ဓားထိတာနဲ့ စွမ်းအင်ဒိုင်းပုံပျက်သွားပြီး စက်ဝိုင်းပုံတိတိကျကျမဖြစ်တော့ဘူး။ ဒါပေမဲ့ မကြာခင်မှာပဲ ငွေရောင်စစ်သည်တောင်မှ တောင့်မခံထားနိုင်တဲ့ တွန်းကန်အားတစ်ခုထွက်လာပြီး ဓားကိုနောက်ပြန်လွင့်သွားစေတယ်။ တန်ပြန်အားလှိုင်းပါ တိုက်ခိုက်လာပြီး ငွေရောင်စစ်သည်ရော Archmegaပါ နောက်ဆုတ်လိုက်ရတယ်။

ခွမ်း.... ခရက်... ခရက်....

အဆင့်အမြင့်ဆုံး ကျည်ကာမှန်နဲ့ ကာထားတဲ့စမ်းသပ်ခန်း နံရံတွေတောင် အက်သွားပြီး ဝန်ထမ်းတွေ အထိတ်တလန့်ဖြစ်ကုန်ပါတယ်။ ဖရာလီတာလည်း အဲဒီတန်ပြန်နိုင်စွမ်းကြောင့် အထင်ကြီးသွားတယ်။

“S rankတစ်ယောက်ကိုတောင် ပြန်ကန်ထုတ်နိုင်တဲ့ စွမ်းအားပဲ။ သတိမထားဘဲ အမှတ်တမဲ့တိုက်မိရင် တန်ပြန်အားကြောင့် S rankတွေ ဒဏ်ရာရပြီး ကံမကောင်းရင် သေတောင်သေသွားနိုင်တယ်။”

Archmegaထဲမှာရှိနေတဲ့ ဖရာလီတာ ပြောလိုက်ရင်း ရှေ့ထွက်လာတယ်။ ဝတ်စုံမှာတပ်ထားသမျှ ဒုံးကျည်တွေ စက်သေနတ်တွေနဲ့ စပြီးပစ်တယ်။ ကျည်ဆန်တွေရော ဒုံးကျည်တွေရောကို ဒိုင်းကတားဆီးပြီး ပြန်ပစ်တဲ့အတွက် ကျည်ကာမှန်လည်း လုံးဝကွဲသွားပြီး အပြင်ကလူတွေ ဒဏ်ရာရမှာစိုးတဲ့အတွက် ဖရာလီတာက ပစ်ခတ်နေတာကို ရပ်လိုက်ပါတယ်။

“ကြည့်ရတာ ဒီနမူနာအသေးလေးကိုတောင် တော်ရုံ

S rankတွေ ဖျက်ဆီးလို့ရမယ့်ပုံမပေါ်ဘူး။ ဒါပေမဲ့ ဒီထက်ပိုပြီး စမ်းသပ်ရင်လည်း ဘေးကလူတွေထိခိုက်မှာစိုးရသေးတယ်။”

မက်ဒါနာက ပြောလိုက်တယ်။ ဒါပေမဲ့ ဖရာလီတာကတော့ စက်ကိုသွားပိတ်လိုက်ပြီး စမ်းသပ်ခန်းရဲ့အပြင်ကို ယူသွားဖို့လုပ်ပါတယ်။ “အထဲမှာစမ်းလို့မရရင် အပြင်မှာသွားစမ်းကြတာပေါ့။ နင့်ခွေးလည်းပါလားတယ်မဟုတ်လား၊ မက်ဒါနာ။”

မက်ဒါနာလည်း ခေါင်းညိတ်လိုက်ပြီး နောက်ကနေ လိုက်တယ်။ မကြာခင်မှာပဲ သူတို့တွေ မြို့ပြင်ကို ရောက်လာပြီဖြစ်ပြီး စမ်းချောင်းလေးတစ်ခုရဲ့ဘေးမှာ စက်ကို ပြန်စဖွင့်လိုက်တယ်။ ဖရာလီတာက အနားမှာ သွားလာနေတဲ့သူတွေ ရှိမရှိအတည်ပြုဖို့ ပတ်ပျံကြည့်ပြီးတဲ့နောက် ပြန်ဆင်းလာပြီး ခေါင်းညိတ်လိုက်ပါတယ်။

“စကြတာပေါ့။” ဖရာလီတာက သူ့ရဲ့အလင်းဒြပ်စင်လောင်ချာကို အသုံးပြုပြီး ဒိုင်းကိုဖောက်ဖို့ကြိုးစားပါတယ်။ ဒါပေမဲ့ အလင်းဒြပ်စင်ဗုံးတွေလည်း ပြန်ကန်ထွက်လာပြီး သူ့ကိုယ်သူတောင် နှစ်ချက်သုံးချက်လာစင်တယ်။

“မဆိုးဘူးပဲ၊ ဒီလိုဆိုရင်ရော။” ဖရာလီတာက ရှိသမျှ

စွမ်းအားတွေကို စုစည်းလိုက်ပြီး ရင်ဘက်က အကာတွေ ပွင့်လာတယ်။

[Ultimate Skill: Dragon Blast]

မျက်စိကန်းလုနီးပါး အပြာရောင်အလင်းတန်းကြီး ထွက်ပေါ်လာပြီး စွမ်းအင်ဒိုင်းကို သွားရောက်ထိမှန်တယ်။ အလင်းတန်းက အလင်းရောင်ပြန်သလိုမျိုး

ကောင်းကင်ပေါ်ကို ထောင်တက်သွားပြီး ဒိုင်းကပျက်စီးတော့မလိုမျိုး တုန်ခါနေခဲ့ပေမဲ့ အတော်ကြာတဲ့အထိ မပျက်စီးဘဲ ကျန်ရှိနေတာကြောင့် ဖရာလီတာက ပစ်ခတ်နေတာကို ရပ်လိုက်ပါတယ်။

“ဒီအတိုင်းဆိုရင် စွမ်းအင်ဒိုင်းမပျက်စီးခင် ငါ့ဝတ်စုံစွမ်းအင် အရင်ကုန်သွားလိမ့်မယ်ထင်တယ်။ နင့်ရဲ့အလင်းတန်းက ပိုအားပြင်းတယ်မဟုတ်လား။ စမ်းကြည့်မလား။”

မက်ဒါနာလည်း ခေါင်းညိတ်လိုက်ပြီး ခေါင်းသုံးလုံးခွေးကြီးနဲ့ ပေါင်းစပ်ကာ အလင်းတန်းနဲ့စတင်ပစ်ခတ်တယ်။ အချိန်အတော်ကြာတဲ့အထိ ပျက်စီးမသွားသေးဘဲ ဒိုင်းကတောင့်ခံထားပေမဲ့ အရွယ်အစားက တဖြည်းဖြည်းသေးလာတယ်။ နောက်ဆုံးတော့ မက်ဒါနာလည်း လက်လျှော့ပြီး ပစ်ခတ်နေတာကို ရပ်လိုက်ပါတယ်။

“ဒီအစိတ်အပိုင်းသေးသေးလေးကို ငါတို့ဘာသာတောင် မဖျက်ဆီးနိုင်ဘူး။ မြို့တစ်ခုလုံးကို ကာမယ့်ဒိုင်းဆိုရင် ပိုပြီးအစွမ်းထက်လိမ့်မယ်။”

All Chapters