ပေါင်းချုပ်သိုင်းကွက် ဖန်တီးခြင်း
Vol. 18 Ch. 248
ဟီလျှန်းပေါင်ရဲ့ ဆေဘာက တကယ်ကို လျင်မြန် လွန်းလှပါတယ်။ ဘယ်လောက်အထိ မြန်သလည်း ဆိုရင်တော့ ချန်ယွန်ဟူရဲ့ အနီးတစ်ဝိုက်မှာ မှန်ကွဲစတွေ ပျံ့နှံ့နေသည်ဟု ထင်ရလောက်တဲ့ အထိပါပဲ။
ချန်ယွန်ဟူရဲ့ ဓားချက်ကတော့ တစ်ချက်ဆို တစ်ချက်ဟု ပြောရလောက်သည် အထိကို အားမာန်ပါ လွန်းလှပါတယ်။ သူ့ရဲ့ ချီအရှိန်အဝါ တွေက ကျားကြီးတစ်ကောင် ကောင်းကင်ကို ဟိန်းဟောက် နေသလိုပါပဲ။
သည်လိုနဲ့ပဲ သိုင်းကွက်တစ်ရာ ကျော်သွားခဲ့ပါပြီ။ ဒါပေမဲ့ ဘယ်ဘယ်ကမှ အသာ မရသေးပါဘူး။
"ဟားဟား ... ချန်ယွန်ဟl။ ကြည့်ရတာ မင်းက ငါ့လောက် မတိုးတက် လာတဲ့ပုံပဲ။ နောက်တစ်ကွက် ဆိုရင် မင်းရှုံးပြီ"
ဟီလျှန်းပေါင်က ချန်ယွန်ယူရဲ့ ဓားကွက် အသွားအလာကို ကောင်းကောင်းကြီး သိနေတဲ့ ပုံပါပဲ။ သူ့ရဲ့ ဆေဘာ အရှိန်အဝါက လျှပ်စစ် နှင်းနဂါးကြီး တစ်ကောင် အသွင်ပြောင်းသွားပြီး ချန်ယွန်ဟူ ဆီကို တိုးဝင် သွားခဲ့ပါတယ်။
ချန်ယွန်ဟူ ကတော့ နှာခေါင်းတစ်ချက် ရှုံ့ပြီး ဓားကွက်တစ်ကွက် ပြောင်းလိုက်ပါတယ်။
သူ့ရဲ့ ဓားရိပ်ဓားယောင် တွေကတော့ လက်သည်းတွေ၊ အစွယ်တွေ ဖြစ်လာပြီး လျှပ်စစ် နှင်းနဂါးကြီးကို ဆုတ်ဖြဲ ပစ်လိုက်တယ်လေ။
"ဟီလျှန်းပေါင် ... မနှစ်တုန်း ကလည်း မင်းကို ငါအနိုင်ယူ ခဲ့တယ်။ သည်နှစ်မှာလည်း ငါက မင်းကို အနိုင်ယူ ဦးမှာပဲ"
ပြောပြီးတာနဲ့ ချန်ယွန်ဟူက အရှေ့တစ်လှမ်း တိုးသွားပြီး ဓားကို အဆက်မပြတ် ဝှေ့ယမ်းလိုက်ပါတယ်။ သူ့ရဲ့ ဓားရိပ်ဓားယောင် တွေက ဆာလောင်နေတဲ့ ကျားကြီးတစ်ကောင် သားကောင်ကို ခုန်အုပ်သွားသည့် အလား ဟီလျှန်းဟူကို လွှမ်းခြုံ သွားခဲ့ပါပြီ။
"နဂါးရဲ့ အမျက်"
ဟီလျှန်းပေါင် ကလည်း အားကျမခံ သူ့ရဲ့ ဆေဘာကို ဝှေ့ယမ်းပြီး ကာကွယ် လိုက်ပါတယ်။ သူ့ရဲ့ ဆေဘာ အလင်းတန်း တွေကတော့ ဒေါသထွက် နေသည့် နဂါး တစ်ကောင်ပုံဖြင့် ချန်ယွန်ဟူရဲ့ ဓားရိပ်ဓားယောင် တွေနဲ့ ထိပ်တိုက်တွေ့ဆုံ သွားပါတော့တယ်။ သည်သိုင်းကွက် ကတော့ ဟီလျှန်းပေါင်ရဲ့ ပေါင်းချုပ် တိုက်ကွက်ပါပဲ။
ဝုန်း
မြေပြင်ကတော့ ကွဲအက် သွားခဲ့ပြီး ကျောက်စရစ်ခဲ တွေကတော့ လေထဲကို ပျံတက် လာခဲ့ပါပြီ။
"ရှေးဟောင်း ဝိညာဉ်ကျား ... သတ်စမ်း"
ချန်ယွန်ဟူ ကလည်း သူ့ရဲ့ ပေါင်းချုပ်သိုင်းကွက်ကို ထုတ်လိုက်ပါတယ်။
သူ့ရဲ့ ဓားကွက် ထုတ်လိုက်တာနဲ့ ကောင်းကင်ကြီးက မည်းမှောင် သွားခဲ့ပြီး မြေပြင်ပေါ်က ဖုန်မှုန့်တွေ၊ ကျောက်စရစ်ခဲ တွေကလည်း ချန်ယွန်ဟူရဲ့ ဓားလမ်းကြောင်း အတိုင်း စီးမျော လိုက်ပါ လာပါတော့တယ်။
လူတွေ အားလုံးက ချန်ယွန်ဟူရဲ့ အပေါ်မှာ ဖြစ်တည်လာတဲ့ ကျားကြီးတစ်ကောင်ရဲ့ ပုံရိပ်ကိုလည်း ထင်ထင်ရှားရှားကြီး မြင်လိုက်ရပါတယ်။
အသွင်အပြင်ကို ကြည့်လိုက်တာနဲ့ ချန်ယွန်ဟူရဲ့ ပေါင်းချုပ် သိုင်းကွက်က ဟီလျှန်းပေါင်ရဲ့ ပေါင်းချုပ်သိုင်းကွက်ထက် အများကြီး အစွမ်းထက်တယ် ဆိုတာ သိသာ လွန်းနေပါပြီ။
ဝုန်း
မြေပြင် တစ်ခုလုံးက သိမ့်သိမ့်တုန်ခါ သွားပြီး ဟီလျှန်းပေါင် ကလည်း အနောက်ကို လွင့်ထွက်သွားပါတယ်။
အခြေခံ စွမ်းရည်ခြင်း ယှဉ်လိုက်မယ် ဆိုရင်တော့ ဟီလျှန်းပေါင်က ချန်ယွန်ဟူနဲ့ လက်ရည်ချင်း အတူတူပါပဲ။
ဒါပေမဲ့ ပေါင်းချုပ် သိုင်းကွက်ခြင်း ယှဉ်လိုက်တဲ့အခါ မှာတော့ ဟီလျှန်းပေါင်က ချန်ယွန်ဟူထက် သိသိသာသာကို အားနည်း နေပါတယ်လေ။
"ကောင်းလိုက်တဲ့ သိုင်းကွက်ကွာ"
အားလုံးက ချီးကျူး လိုက်ကြပါတယ်။ လီဖူချန်းကလည်း ခေါင်းညိတ်ပြီး အသိအမှတ် ပြုလိုက်ပါတယ်။
ဟီလျှန်းပေါင်ရဲ့ ပေါင်းချုပ် တိုက်ကွက်က ရူကျန်းချီရဲ့ ပေါင်းချုပ် သိုင်းကွက်လောက်သာ ရှိပေမဲ့ ချန်ယွန်ဟူရဲ့ ပေါင်းချုပ်သိုင်းကွက် ကတော့ ရူကျန်းချီထက် သိသိသာသာကြီးကို ပြင်းထန်ပါတယ်။
'ဒါကြောင့်လည်း တောင်တစ်တောင်ထက် မြင့်တဲ့ နောက်တစ်တောင် ဆိုတာ အမြဲတမ်း ရှိနေတယ်လို့ ပြောကြတာကိုး ...'
လီဖူချန်းက စိတ်ထဲကနေ တွေးလိုက်မိပါတယ်။
ထို့နောက်မှာတော့ သူက အစိမ်းရောင် တိမ်တိုက်မြို့တော် ထဲကို ပြန်ဝင်လာခဲ့ပြီး သစ်ရွက်စိမ်း စားတော်ဆက်ကို ပြန်လာကာ စားလက်စ ကြက်ကင်နဲ့ အမြည်းကို စားရင်း သူ့ရဲ့ အနာဂတ်အတွက် အစီအစဉ် ချနေမိပါတယ်။
ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေက သုံးလမှာ တစ်ကြိမ်သာ ဖွင့်တာပါ။ နောက်ဆုံးတစ်ခေါက် ဖွင့်သွားတာက လွန်ခဲ့သည့် တစ်လလောက်က ဖြစ်သည့်အတွက် အချိန်၂လလောက် လိုနေပါသေးတယ်။
နောက်ဆုံးမှာတော့ လီဖူချန်းက သစ်ရွက်စိမ်း စားတောက်ဆက် မှာပဲ အခန်းငှားပြီး သတင်းတွေကို နားစွင့်ထားဖို့ ဆုံးဖြတ်လိုက်ပါပြီ။
သည်သစ်ရွက်စိမ်း စားတော်ဆက်မှာ နေရင်းနဲ့ လီဖူချန်းက အကြောင်းအရာ အတော်များများကို သိလာခဲ့ပါတယ်။
အထူးသဖြင့် ပါရမီရှင် တွေကို ဘယ်လို အတန်းအစားနဲ့ ခွဲခြားထားသည် ဆိုတာကိုပေါ့။
လူတွေ သတ်မှတ်ထားတာ ကတော့ သည်လိုပါ။
ကျားနဂါး စာရင်းရဲ့ ထိပ်ဆုံးသုံးယောက် ကိုတော့ ပထမတန်းစား ပါရမီရှင် တွေလို့ သတ်မှတ်ထားပါတယ်။
ထိပ်ဆုံး၁၀ယောက် ကတော့ ဒုတိယတန်းစား ပါရမီရှင် တွေပါ။
ထိပ်ဆုံးအယောက်၂၀ အတွင်း ဝင်ရင်တော့ တတိယတန်းစား ပါရမီရှင် တွေပါ။
ထိပ်ဆုံးအယောက်၅၀ အတွင်းဝင်ရင်တော့ စတုတ္ထတန်းစား ပါရမီရှင်တွေ အဖြစ်သတ်မှတ်ပြီး ကျန်တဲ့လူတွေ ကတော့ ပဉ္စမတန်းစား ပါရမီရှင်တွေ ဖြစ်ပါတယ်။
သည်အဆင့်အတန်း တွေရဲ့ ကွာဟချက် ကတော့ အလွန် ကြီးမားပါတယ်။
ပထမတန်းစား ပါရမီရှင် တွေက ဒုတိယ တန်းစား ပါရမီရှင် တွေကို တစ်ချက်တည်းဖြင့် အသေသတ် နိုင်သလို ဒုတိယတန်းစား ပါရမီရှင် တွေက တတိယတန်းစား ပါရမီရှင် တွေကို တစ်ချက်တည်းဖြင့် သတ်နိုင်စွမ်း ရှိတယ်လေ။
အထက်တစ်ဆင့်က ပါရမီရှင် တိုင်းဟာ အောက်တစ်ဆင့်က ပါရမီရှင်တိုင်းကို တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်ပါတယ်။
တစ်တန်းစား တည်းမှာ ရှိနေသူ အချင်းချင်း တောင်မှ အဆင့်သတ်မှတ်ချက်တွေ အပေါ်မူတည်ပြီး ကွာဟချက်တွေ ကြီးမား လာပါသေးတယ်။
လီဖူချန်း သိထားသလောက် ဆိုရင်တော့ ကျားနဂါးစာရင်းဝင် အဆင့်၅၂ မှာရှိတဲ့ ပါရမီရှင်က အဆင့်၉၁မှာရှိတဲ့ ပါရမီရှင်ကို တစ်ကွက်တည်းဖြင့် အနိုင်တိုက်နိုင်စွမ်း ရှိပါတယ်။
လူအများစု ကတော့ သာမန် ယေဘုယျ အားဖြင့် ကြည့်လိုက်မယ် ဆိုရင် အစွမ်းအစချင်း တူညီကြပေမဲ့ ပေါင်းချုပ်တိုက်ကွက် ထွက်လာတဲ့ အခါမှာတော့ အနိုင်အရှုံးက အဆုံးအဖြတ် ပေးသွားတာပါပဲ။
"ပေါင်းချုပ်တိုက်ကွက် ... ပေါင်းချုပ်တိုက်ကွက်။ ကြည့်ရတာတော့ ငါပေါင်းချုပ် တိုက်ကွက်တွေကို နည်းနည်းတော့ လေ့လာသင့်နေပြီ ထင်တယ်"
သူ့ရဲ့ လက်ရှိ မိစ္ဆာနှင် ဓားသိုင်းက စွမ်းအားပြင်း တာတော့ မှန်ပါတယ်။ ဒါပေမဲ့ အချိန်တို အတွင်းမှာတော့ တစ်ဖက်ကမ်းခတ်တဲ့ အဆင့်ကို ရောက်နိုင်ဦးမှာ မဟုတ်သေးဘူး။
တကယ်လို့သူသာ ဆန်းကြယ် အလယ်အလတ် အဆင့် ပေါင်းချုပ် သိုင်းကွက်ကို တီထွင်လိုက်နိုင်မယ် ဆိုရင် မိစ္ဆာနှင်ဓားသိုင်း ဆန္ဒကို နားမလည်ခင် အချိန်အတွင်းမှာ အကူအညီ ရနိုင်သည် မဟုတ်ပါလား။
လီဖူချန်းက အကြံရ သွားတာနဲ့ အချိန် မဆိုင်းတော့ဘဲ တစ်ခါတည်း တန်းပြီး အကောင်အထည် ဖော်ပါတော့တယ်။
သူက အလျင်အမြန်ပဲ သူ့ရဲ့ ဆန်းကြယ် အလယ်အလတ် ဓားသိုင်းတွေကို ပြန်ပြီး ဝေဖန်ပိုင်းခြား လိုက်ကာ ပေါင်းစပ် ကြည့်လိုက်ပါပြီ။
ဆန်းကြယ် အလယ်အလတ် ပေါင်းချုပ်သိုင်းကွက် ဆိုတာက ဆန်းကြယ် အလယ်အလတ် ဓားသိုင်းတွေကို အခြေခံကာ ပြန်လည်မွမ်းမံ ထားသည့် ဓားကွက်တစ်ခုပင် မဟုတ်ပါလော။
လီဖူချန်းက ဆန်းကြယ် အလယ်အဆင့် ဓားသိုင်း၃မျိုးကို လေ့ကျင့် ထားပါတယ်။ အဲဒါတွေကတော့ မီးတောက်ကြယ် ဓားသိုင်း၊ မျောလွင့် ဓားသိုင်းနဲ့ ပြောင်းလဲခြင်း ကိုးကွက် ဓားသိုင်းတို့ပါပဲ။
သည်ဓားသိုင်း၃ခုက ကိုယ်ပိုင် ဂုဏ်သတ္တိထူးတွေ ရှိတယ် ဆိုပေမဲ့ မသက်ဆိုင်ဘူး လို့မှ မပြောနိုင်တာလေ။
ရက်အနည်းငယ် အကြာမှာတော့ လီဖူချန်းရဲ့ ပေါင်းချုပ်သိုင်းကွက် တီထွင်တာက အနည်းတိုးတက်တဲ့ အရိပ်အယောင် ပြလာခဲ့ပါပြီ။ ပေါင်းချုပ်သိုင်းကွက် ဖန်တီးရတာက ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာတယ် လို့လည်း သူက ခံစား လာမိပါတယ်။
ဒါက သိုင်းပညာ တစ်ခုကို အခြေခံထားပြီး မင်းစိတ်တိုင်းကျ သိုင်းကွက်တစ်ကွက် ဖြစ်လာအောင် ဖန်တီးရတာနဲ့ အတူတူပါပဲ။ မင်းတစ်ယောက်တည်း အတွက်သာ သင့်တော်တဲ့ ကိုယ်ပိုင်သိုင်းကွက် တစ်ခု အဖြစ်ပေါ့လေ။
တစ်ရက်မှာတော့ လီဖူချန်းက သစ်ရွက်စိမ်း စားတော်ဆက်ရဲ့ ငါးထပ်မြောက်မှာ နေ့လယ်စာ စားနေပါတယ်။
ထပ် ... ထပ် ... ထပ် ...
သည်ခြေသံ တွေကတော့ လှေကားဘက် ကနေ ထွက်လာတာပါ။
လူနှစ်ယောက်က ၅ထပ်မြောက်ကို ဖြတ်ပြီ ၆ထပ်မြောက်ကို တက်သွားပါတယ်။
“အား”
အဲဒီလူနှစ်ယောက် ထဲက တစ်ယောက်က မမျှော်လင့်ဘဲနဲ့ ပြတင်းပေါက်နားမှာ ထိုင်နေတဲ့ လီဖူချန်းကို ကြည့်မိလိုက်တဲ့ အခါမှာတော့ အာမေဍိတ်သံ တစ်သံ ထွက်လာခဲ့ပါတယ်။
“ညီလေးဟန် ... ဘာဖြစ်တာလဲ"
နောက်ထပ် လူတစ်ယောက်က မေးလိုက်ပါတယ်။
ဟန်ဖန်းက လီဖူချန်းကို မေးငေါ့ ပြလိုက်ပြီး
"အစ်ကိုစု ... သည်လူရဲ့ ချီအရှိန်အဝါ တွေက ကျွန်တော်နဲ့ ရင်းနှီး နေသလို ဖြစ်နေလို့ပါ။ ကြည့်ရတာ ကျွန်တော်နဲ့သူ တစ်နေရာရာ ဆုံဖူးသလိုပဲ"
အစ်ကိုစု ဆိုသူက ရယ်လိုက်ပြီး
"လောကပေါ်မှာ ချီအရှိန်အဝါ တူတဲ့သူတွေ အများကြီးရှိတယ် ညီလေး။ သည်လို အရေးမကြီးတဲ့ သူတွေ အတွက်နဲ့ အချိန်ကုန်ခံ မနေစမ်းပါနဲ့ကွာ။ လာ ... ညီလေး ... အပေါ်ထပ်ကိုပဲ သွားရအောင်”
"ဟုတ်ကဲ့ပါ အစ်ကိုစု"
ဟန်ဖန်းက ခေါင်းညိတ်လိုက်ပြီး အစ်ကိုစု ဆိုသူရဲ့ အနောက်က ကပ်ကာ ၆ထပ်မြောက်ကို တက်လိုက်သွားပါတယ်။
သူက လှေကားထစ် တွေကို တက်နေရင်းနဲ့ လီဖူချန်းကို ကြည့်ကာ စဉ်းစားနေဆဲပါပဲ။
ဟန်ဖန်းရဲ့ မသိစိတ်တွေက လီဖူချန်းနဲ့ သူ အချိန် အတော်ကြာကြာ တွေ့ခဲ့ဖူးတယ်လို့ အသိပေး နေတယ်လေ။
"အိုး ... အဲသည်ကောင်ပဲ"
ဟန်ဖန်း တစ်ယောက် ၆ထပ်မြောက်ကို တက်သွားတာကို မြင်လိုက်တာနဲ့ လီဖူချန်းက တန်းပြီး မှတ်မိ လိုက်ပါတယ်။
ဟန်ဖန်း ဆိုတာက ကြယ်တာရာ လမ်းမပေါ်မှာ တုန်းက သူ့ကို အသားလွတ် အနောက်ကနေ လိုက်ချသည့် ဂြိုဟ်ခုနစ်လုံး ထဲက တစ်ကောင် မဟုတ်ပါလား။
"ကြည့်ရတာ အစိမ်းရောင် တိမ်တိုက်မြို့ထဲကို ပါရမီရှင် လူငယ်တွေ တော်တော်များများ လာစုနေပုံပဲ"
လီဖူချန်း ပြုံးရင်းနဲ့ ခပ်တိုးတိုး ရေရွတ်လိုက်ပါတယ်။
လီဖူချန်းက သူ့ရဲ့ ချီအရှိန်အဝါ တွေကို ဖျောက်ထားရင် ကောင်းမလားလို့ စဉ်းစား လိုက်ပါသေးတယ်။
လူတစ်ယောက်ရဲ့ ရုပ်ကို ပြောင်းရတာက မခက်ပါဘူး။ ဒါပေမဲ့ ချီအရှိန်အဝါကို ပြောင်းရတာကတော့ တကယ်ပဲ ခက်ခဲလွန်းတဲ့ အရာတစ်ခုပါ။ လီဖူချန်းက သူ့ ချီအရှိန်အဝါတွေကို ဖျောက်နိုင်ပေမဲ့လည်း တစ်နေကုန်တော့ မလုပ်နိုင်ပါဘူးလေ။ ချီအရှိန်အဝါကို ဖျောက်ရတာ သူ့ရဲ့ စိတ်ဝိညာဉ်ကို အားလျော့ စေနိုင်ပါတယ်။
"ထားလိုက်ပါတော့ ... ငါ့ရဲ့ လက်ရှိ ကျင့်ကြံမှု အဆင့်နဲ့ဆိုရင် ကြောက်စရာ လူက သိပ်မှ မရှိတော့တာ'
လီဖူချန်းက သူ့ကိုသူ ယုံကြည်မှု ရှိနေပြီ ဖြစ်တဲ့အတွက် ချီအရှိန်အဝါ ဖျောက်ဖို့ အကြံကို ပယ်လိုက်ပါတယ်။
နောက်ထပ်လာတဲ့ ရက်တွေမှာလည်း လီဖူချန်းက သစ်ရွက်စိမ်း စားတော်ဆက်ကို လာပြီး ထမင်းတစ်နပ် စားလိုက် သတင်း နားစွင့်လိုက်နဲ့ အလုပ်ရှုပ် နေဆဲပါပဲ။
ထမင်းစားပြီး သွားတဲ့ အချိန်တွေမှာတော့ သူက သူ့ရဲ့ ပေါင်းချုပ် သိုင်းကွက်ကို ဖန်တီးယူ ရပါသေးတယ်။
***
ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေ မဖွင့်ခင် တစ်လ အလိုမှာတော့ လီဖူချန်းက သူ့ရဲ့ ပေါင်းချုပ်သိုင်းကွက်ကို အကြမ်းဖျဉ်း တီထွင် နိုင်ခဲ့ပါပြီ။
သည်ပေါင်းချုပ် သိုင်းကွက်က မီးတောက်ကြယ် ဓားသိုင်းနဲ့ ပြောင်းလဲခြင်း ကိုးကွက် ဓားသိုင်းကို ပေါင်းစပ် ထားတာပါ။ သိုင်းကွက် တစ်ခုတည်းမှာကို ဓားဆန္ဒ နှစ်ခုစလုံး ပါဝင်ပါတယ်။
နောက်ထပ် တစ်ပတ်အကြာ မှာတော့ လီဖူချန်းရဲ့ ပေါင်းချုပ်သိုင်းကွက်က ပိုပြီး ပြည့်စုံ လာခဲ့ပါပြီ။
ဓားတစ်ချက် ထဲမှာကို ဓားအလင်းတန်း ၁၀ခု ပါဝင်ပြီး ထိုဓားအလင်းတန်း တစ်ခုချင်းစီကကို မယုံနိုင်လိုက်အောင် အားပြင်းပြီး တိကျပါတယ်။
ဓားကွက် ပြင်းထန်မှုချင်း ယှဉ်လိုက်မယ် ဆိုရင်တောင် သည်ဓားကွက်က မိစ္ဆာနှင် ဓားသိုင်းထက် ၃၀ ရာခိုင်နှုန်းလောက် အားပိုကောင်းပါတယ်။
ပြီးတော့ သည်ဓားချက်ထဲမှာ မီးတောက်ကြယ်ဓား ဆန္ဒနဲ့ ပြောင်းလဲခြင်းတွင် ဓားဆန္ဒကလည်း ပါနေပါသေးတယ်။
"သည်ဓားကွက်နဲ့ ဆိုရင်တော့ ရူကျန်းချီ နီးပါး အစွမ်းထက်တဲ့သူ ကိုတောင် တစ်ချက်တည်း သတ်ပစ်လို့ ရတယ်"
လီဖူချန်းက သူ့ရဲ့ ပေါင်းချုပ်သိုင်းကွက်ကို အေးအေးဆေးဆေး သုံးသပ် နေပါတယ်လေ။
ထူးခြားဆန်းကြယ် လျှို့ဝှက်သိုင်း နယ်မြေ ဖွင့်မယ့် အချိန်ကလည်း တဖြည်းဖြည်း နီးလာခဲ့ပါပြီ။
သည်နေ့မှာတော့ လီဖူချန်းက ရှဟိုရှီကိုပါ သစ်ရွက်စိမ်း စားတော်ဆက်မှာ တွေ့လိုက်ရပါတယ်။
ရှဟိုရှီက ကျားနဂါး စာရင်းထဲမှာ မပါပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ သူက ရှဟိုချောင်ထက်ကို ငယ်နေလို့ပါပဲ။ ဒါကြောင့်သူက အရင်တစ်ခေါက် ကျားနဂါး ပြိုင်ပွဲမှာ ဝင်မပြိုင်ခဲ့ပါဘူး။ ရှဟိုရှီက ကြယ်တာရာ လမ်းမပေါ်တုန်း ကလို မြေကမ္ဘာနယ်ပယ် အဆင့်၆ မဟုတ်ဘဲ အဆင့်၇ ဖြစ်နေပါပြီ။ သူ့ရဲ့ အရည်အချင်း ကတော့ သေချာပေါက်ကို ရူကျန်းချီထက် အစွမ်းထက်မှာ အမှန်ပါပဲ။
နောက်ထပ် သိပ်မကြာခင် မှာတော့ စုမုယူကလည်း သစ်ရွက်စိမ်း စားတော်ဆက်ကို ရောက်လာပြန်ပါတယ်။
သူမကလည်း ကြယ်တာရာလမ်းမ လျှို့ဝှက်နယ်မြေကို ဝင်ခဲ့ပုံပါပဲ။ သူမရဲ့ ကျင့်ကြံခြင်း အဆင့်က မြေကမ္ဘာနယ်ပယ် အဆင့်၄ ကနေ အဆင့်၆ကို ခုန်တက်လာတယ်လေ။
ဒါပေမဲ့ သူတို့ နှစ်ယောက်ကတော့ လီဖူချန်းကို သတိမပြု မိလိုက်ပါဘူး။
***