← Chapters

ဂိုဏ်းနှစ်ဂိုဏ်းရဲ့ ရန်ပွဲ

Vol. 18 Ch. 249

ဂိုဏ်းနှစ်ဂိုဏ်းရဲ့ ရန်ပွဲ

Vol. 18 Ch. 249

ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေ ဖွင့်ဖို့အတွက် အချိန်နီးစပ် လာတာနဲ့အမျှ အစိမ်းရောင် တိမ်တိုက်မြို့မှာ ဂိုဏ်းအသီးသီးက ထိပ်တန်း ပါရမီရှင်တွေ စုစည်း ရောက်ရှိလာကြပါပြီ။

မြို့အတွင်းက လမ်းမတွေပေါ်မှာ ဆိုရင်လည်း များပြားလှတဲ့ လူငယ်တွေက ပျားပန်းခတ်မျှ လှုပ်ရှား သွားလာ နေပါတယ်။

လီဖူချန်းကတော့ ရုပ်ဖျက်ထားတဲ့ အပြင် နှိမ့်ချပြီးတော့ နေထိုင်နေတဲ့ အတွက် ဘယ်သူမှ သူ့ကို သတိမထား မိကြပါဘူး။ ဘယ်သူမှ သူ့ကို အဖက်မလုပ်ဘူး ဆိုရင် ပိုမှန်ပါလိမ့်မယ်။

သည်ထိပ်တန်း ပါရမီရှင် လူငယ်တွေ ကြားမှာတော့ မြေကမ္ဘာနယ်ပယ် အဆင့်၅ ဆိုတာက သာမန်ပါပဲလေ။ ဒါကြောင့် သူ့ကို ဘယ်သူမှ အဖက် မလုပ်ကြတာ ဖြစ်ပါလိမ့်မည်။

လီဖူချန်း ကလည်း သူ့ကို ဘယ်သူမှ အဖက် မလုပ်တဲ့အတွက် ပိုပြီးတောင် ပျော်နေပါသေးတယ်။

သူ့ကို တစ်ယောက်ယောက်က သတိထား မိလိုက်တာနဲ့ ပြဿနာတွေက တန်းစီ တတ်လာနိုင်သည်လေ။

မြို့ထဲမှာ ပါရမီရှင် အရေအတွက် များလာသည် နှင့်အမျှ ရန်ပွဲတွေ ကလည်း မကြာခဏ ဖြစ်လာကြပါတယ်။ အစိမ်းရောင် တိမ်တိုက်မြို့ရဲ့ အပြင်မှာတော့ နေ့တိုင်းလိုလို တိုက်ပွဲတွေ ဖြစ်နေတာပါပဲ။

အချို့ရန်ပွဲတွေ ကတော့ တစ်ယောက်ချင်း တိုက်ကြတာ ဖြစ်ပြီး အချို့ရန်ပွဲတွေ ကတော့ ဂိုဏ်းလိုက်ကို ချကြတာပါ။

အဲသည်ကြားထဲမှာ မိန်းကလေးကိစ္စ အတွက်နဲ့ သူသေကိုယ်သေ ချကြတဲ့ ကောင်တွေလည်း ရှိပါသေးတယ်။

အချို့ရန်ပွဲတွေ ကတော့ ဘာရန်ငြိုးမှကို မရှိဘဲ မင်းတို့ဂိုဏ်းနဲ့ ငါတို့ဂိုဏ်း ဘယ်ဂိုဏ်းက ပိုသာသလဲ ဆိုပြီး ပလိန်းကြီး ချကြတာပါ။

အခုလည်း မိုးပြာရောင် ဂိုဏ်းနဲ့ ချောင်းစွယ်တိမ်တိုက် ဂိုဏ်းတို့ ပြဿနာ ဖြစ်နေကြပြန်ပါပြီ။

"ချန်ယွန်ဟူ ... မင်းတို့ မိုးပြာရောင်ဂိုဏ်းက ဓားတာအို ဂိုဏ်းပဲ။ ငါတို့ ချောင်းစွယ်တိမ်တိုက် ဂိုဏ်းကလည်း ဓားတာအိုဂိုဏ်းပဲ။ သတ္တိရှိရင် ငါတို့ဂိုဏ်းနဲ့ မင်းတို့ဂိုဏ်း ချမလား။ ဒါမှ ဘယ်ဂိုဏ်းက ပိုကောင်းသလည်း ဆိုတာ သိရမှာပေါ့"

သစ်ရွက်စိမ်း စားတော်ဆက်ရဲ့ ခုနစ်ထပ်မြောက်မှာ ရှိတဲ့ စားပွဲတွေ အကုန်လုံးကတော့ သိုင်းသမားတွေနဲ့ ပြည့်နှက်နေပါတယ်။ အဲသည်စားပွဲတွေ ထဲက တစ်လုံးမှာတော့ လူငယ်ခုနစ်ယောက် ထိုင်နေပြီး ထိုလူငယ်အုပ်စု ထဲက တစ်ယောက်က ချန်ယွန်ဟူကို စိန်ခေါ်လိုက်တာပါ။

ချန်ယွန်ဟူ ထိုင်နေတဲ့ စားပွဲမှာတော့ လူငယ်ခြောက်ယောက် ရှိနေပြီး အားလုံးက မိုးပြာရောင်ဂိုဏ်းရဲ့ ရွှေအဆင့် တိုက်ရိုက် တပည့်တွေချည်းပါပဲ။ ချန်ယွန်ဟူက ခေါင်းခါလိုက်ပြီး

“လင်းတန် ... မင်းက ချောင်းစွယ်တိမ်တိုက် ဂိုဏ်းရဲ့ ရွှေအဆင့် တိုက်ရိုက်တပည့်တွေ ထဲမှာတောင် အဆင့်၄နေရာ မှာပဲ ရှိတာ။ မင်းက ငါနဲ့ တိုက်ဖို့ အဆင့်မမီဘူး"

ကျားဓားရှင်နဲ့ တိုက်ချင်တယ် ဆိုရင်တော့ တစ်ဖက်လူကလည်း တန်းတူအဆင့် တစ်ခု ရှိနေသင့်သည် မဟုတ်ပါလား။ တကယ်လို့ လျိုကျင်းယွန်က စိန်ခေါ်တယ် ဆိုရင်တောင် သူက လက်ခံပေးမှာပါ။

လင်းတန် ဟုခေါ်သည့် လူငယ်က ရယ်လိုက်ပြီး

“မင်းကလည်း ကျားနဂါး စာရင်းထဲမှာ မပါဘူး။ ငါလည်း ကျားနဂါး စာရင်းဝင် မဟုတ်ဘူး။ အတူတူနဲ့ အနူနူပဲကို မင်းက ဘာကြီးကျယ် နေတာလဲ။ ပြီးတော့ငါက ဂိုဏ်းအချင်းချင်း ချဖို့ စိန်ခေါ်နေတာကွ။ ဘာလဲ ... မင်းတို့ မိုးပြာရောင်ဂိုဏ်းက ငါတို့ ချောင်းစွယ်တိမ်တိုက် ဂိုဏ်းကို ကြောက်တာလား ..."

“ကြောက်တယ် ... ဟုတ်လား။ မင်းမေကြီးတော်ကို ကြောက်ပါလားကွ။ ဘယ်သူက မင်းတို့ကို ကြောက်နေလို့လဲ။ အစ်ကိုချန် ... သည်ကောင်တွေကို မိုးပြာရောင်ဂိုဏ်း အကြောင်း ပြလိုက်ရအောင်”

ရွှေအဆင့် တိုက်ရိုက်တပည့် တစ်ယောက်က ချန်ယွန်ဟူကို ခွင့်တောင်း လိုက်ပါတယ်။

“ငါတို့ အခု မြို့ပြင်မှာ စောင့်နေမယ်။ သတ္တိရှိရင် လိုက်ခဲ့"

လင်းတန်တို့ အဖွဲ့က ထပြီး မြို့ပြင်ကို ထွက်ဖို့ ပြင်ဆင် ကြပါတော့တယ်။

ရန်ပွဲတွေ ဆိုတာက လူငယ်တွေရဲ့ လက်ရည်တွေကို သွေးပေးတဲ့ အရာပါပဲ။ ငယ်ရွယ်စဉ် အချိန်မှာသာ ဘယ်သူ့ မျက်နှာမှ မထောက်ဘဲ စိန်ခေါ်ချင်သလို စိန်ခေါ်ပြီး ရန်ဖြစ်လို့ ရတာပါ။ အသက်ကြီး သွားရင်တော့ ဂုဏ်သိက္ခာတွေကို ငဲ့ရပါပြီလေ။

“မင်းတို့က သည်လောက်အထိ နာချင်နေမှတော့ ချမယ်ကွာ”

ချန်ယွန်ဟူက အမှန်အတိုင်း ပြောရရင် လင်းတန်တို့နဲ့ ရန်မဖြစ်ချင်ပါဘူး။ ဒါပေမဲ့ သူသာ စိန်ခေါ်မှုကို လက်မခံလိုက်ဘူး ဆိုရင်တော့ သူနဲ့ အတူရှိနေတဲ့ မိုးပြာရောင် ဂိုဏ်းသားတွေရဲ့ စိတ်ထဲမှာ သိမ်ငယ်စိတ်တွေ ဝင်သွားနိုင်သည် မဟုတ်ပါလား။

သည်လိုနဲ့ပဲ ဓားတာအို ဂိုဏ်း၂ဂိုဏ်းက ရွှေအဆင့် တိုက်ရိုက်တပည့် ၁၃ယောက်က သစ်ရွက်စိမ်း စားတော်ဆက် ကနေ ထွက်ပြီး အရှေ့ဘက် မြို့တံခါးဆီကို ဦးတည် သွားကြပါတော့တယ်။

သူတို့နှစ်ဂိုဏ်းရဲ့ ရန်ပွဲအကြောင်းကို အခြားသော လူငယ်တွေက ကြားရပေမဲ့လည်း တစ်ယောက်မှ အဖက်လုပ်ပြီး လိုက်မကြည့်ကြပါဘူး။

မိုးပြာရောင်ဂိုဏ်းပဲ ဖြစ်ဖြစ် ချောင်းစွယ်တိမ်တိုက် ဂိုဏ်းပဲဖြစ်ဖြစ် နှစ်ဂိုဏ်းစလုံးက သူတို့အတွက်တော့ သာမန် ဂိုဏ်းတွေပါပဲ။

တကယ်လို့ ကျားနဂါး စာရင်းဝင် နှစ်ယောက် တိုက်ခိုက်ကြမယ် ဆိုရင်တော့ သူတို့က သွားကြည့်ကြမှာပါ။

လီဖူချန်းကတော့ မိုးပြာရောင် ဂိုဏ်းသားတစ်ယောက် ဖြစ်တဲ့အတွက် ရန်ပွဲ အခြေအနေကို အကဲခတ်ဖို့ အနောက်ကနေ မယောင်မလည်ဖြင့် လိုက်သွားခဲ့ပါတယ်။

အစိမ်းရောင် တိမ်တိုက်မြိုရဲ့ အရှေ့ဘက်တံခါး အပြင်မှာတော့

“လင်းတန် ... မင်းဘယ်လို တိုက်ချင်လဲ”

ချန်ယွန်ဟူက မေးလိုက်ပါတယ်။

လင်းတန်က

“ငါတို့ ချောင်းစွယ်တိမ်တိုက် ဂိုဏ်းက လူ၇ယောက် ရှိတယ်။ မင်းတို့ကတော့ ၆ယောက်ပဲ ဆိုတော့ ၆ပွဲပဲ တိုက်ကြတာပေါ့။ ပွဲရေ များများ ပိုနိုင်တဲ့ဘက်က အနိုင်ပဲ။ ဘယ်လိုလဲ ... မင်းကျေနပ်ရဲ့လား ..."

“ကျေနပ်တယ်”ချန်ယွန်ဟူက ခေါင်းညိတ်ပြ လိုက်ပါတယ်။

“ခဏစောင့်ဦး”

လူရိပ်တစ်ရိပ်က သူတို့ဆီကို မလှမ်းမကမ်း ကနေ ပြေးလာနေပါတယ်။

“ရှုဖန်း”ချန်ယွန်ဟူရဲ့ မျက်လုံးတွေက အရောင်တောက် သွားခဲ့ပါပြီ။

မိုးပြာရောင် ဂိုဏ်းထဲမှာ သူအသိအမှတ် ပြုထားတဲ့ တပည့်တွေ ဆိုလို့ နှစ်ယောက်ပဲ ရှိပါတယ်။ ပထမ တစ်ယောက်က ဓားအရူးသူတော် ဖြစ်ပြီး  ဒုတိယ တစ်ယောက်က ခံစားချက်မဲ့ဓား ရှုဖန်းပါ။

ခံစားချက်မဲ့ဓား ရှုဖန်းက မိုးပြာရောင်ဂိုဏ်းရဲ့ တတိယမြောက် အတော်ဆုံး တပည့် မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါကလည်း အကြောင်း ရှိပါတယ်။ အကြောင်းအရင်း ကတော့ ရှုဖန်းက ကျင့်ကြံမှုအဆင့် နိမ့်ကျနေတဲ့ အတွက် ဂိုဏ်းတော် ထဲမှာပဲ လေ့ကျင့်နေပြီး အပြင်လောကကို တစ်ခါမှ စွန့်စားခန်း ခရီးတွေ မထွက်သေးလို့ပါ။

အခုတော့ ရှုဖန်းက မြေကမ္ဘာနယ်ပယ် အဆင့်၇ကို ရောက်နေပါပြီ။

“ငါလည်း မိုးပြာရောင်ဂိုဏ်းရဲ့ တိုက်ရိုက် တပည့်ပဲ။ ငါတို့ ခုနစ်ယောက်ချင်း ညီမျှသွားပြီ ဆိုတော့ ခုနစ်ပွဲ တိုက်လို့ရပြီ”

ရှုဖန်းက အခုမှ အစိမ်းရောင် တိမ်တိုက်မြို့ကို ရောက်လာတာပါ။ သူက မြို့ထဲကို ရောက်တာနဲ့ ချန်ယွန်ဟူတို့ ရန်ပွဲအကြောင်း ကြားသိလိုက်ရတဲ့ အတွက် ချက်ချင်း လိုက်လာတာ ဖြစ်ပါတယ်။

“ကိစ္စမရှိဘူး။ အဆင်ပြေတယ်”

လင်းတန်က လက်ခံလိုကိပါတယ်။

သူက ချောင်းစွယ်တိမ်တိုက် ဂိုဏ်းရဲ့ နံပါတ်၄ တပည့် ဖြစ်ပေမဲ့လည်း သူ့ရဲ့ မွေးရာပါ ပါရမီနဲ့ အလားအလာက လျိုကျင်းယွန်နဲ့ မတိမ်းမယိမ်းပါပဲ။ ချောင်းစွယ်တိမ်တိုက် ဂိုဏ်းရဲ့ နံပါတ်၁ တိုက်ရိုက်တပည့် တောင်မှ သူ့ကို အနိုင်မယူ နိုင်ပါဘူး။

လီဖူချန်းကတော့ လူအုပ်ကြားထဲကနေ လင်းတန်ကို အကဲခတ် နေပါတယ်။

“သည်လင်းတန်က မရိုးရှင်းဘူး”

သူ့ရဲ့ အသိစိတ် အာရုံက သတိပေး နေတာကတော့ လင်းတန်ရဲ့ စွမ်းရည်က လျိုကျင်းယွန်ထက် မသာရင်နေမယ် ဘယ်လိုမှ နိမ့်ကျဖို့တော့ မရှိဘူး ဆိုတာပါပဲ။

“ချန်ယွန်ဟူကိုပဲ မျှော်လင့် ကြည့်ရမှာပဲ။ သည်ကောင့်ကိုတော့ သူ ထိန်းနိုင်လောက်မှာပါ”

လီဖူချန်းက မလိုအပ်ဘဲနဲ့ လူမြင်ကွင်းထဲကို မထွက်ချင်သေးပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကောင်းကင်နတ်ဆိုး ဂိုဏ်းရဲ့ ရန်က ရှိနေသေးသည် မဟုတ်ပါလား။

“ငါက ပထမဆုံး တိုက်ပွဲကို တာဝန်ယူလိုက်မယ်။ မင်းတို့ မိုးပြာရောင် ဂိုဏ်းက ဘယ်သူ လာမလဲ“

ချောင်းစွယ် တိမ်တိုက်ဂိုဏ်းက အရပ် အနည်းငယ် ပုတဲ့ လူငယ်တစ်ယောက် ထွက်လာပါတယ်။ သူ့ရဲ့ လက်နက်ကတော့ တစ်တောင်လောက် ရှိသည့် ဓားတိုလေး နှစ်လက်ပါပဲ။

“ငါဝမ်ဟိုက မင်းနဲ့တိုက်မယ်”

မိုးပြာရောင်ဂိုဏ်းဘက် ကတော့ ဝမ်ဟိုဟု အမည်ရသည့် ရွှေအဆင့် တိုက်ရိုက်တပည့် တစ်ယောက် ထွက်လာပါတယ်။

ထန် ... ထန် ... ထန် ... ချွင် ...ချွ င် ...

သူတို့ နှစ်ယောက်စလုံး ကတော့ လျင်မြန်စွာ တိုက်ခိုက်နေပါပြီ။

အရပ်ပုပုနဲ့ လူငယ်က ဝမ်ဟိုထက် ဓားရေးမှာ သာနေတယ် ဆိုတာကတော့ ငြင်းမရပါဘူး။ ထိုလူငယ်က ဓားတိုလေး နှစ်လက်ကို ကျွမ်းကျင်စွာ ဆော့ကစားပြီး ဝမ်ဟိုကို ဖိနှိပ်ထားပါတယ်။

သိုင်းကွက်၂၀ ကျော်လာတဲ့အခါ မှာတော့ ဝမ်ဟိုတစ်ယောက် ရှုံးသွားခဲ့ရပါပြီ။

ဒုတိယပွဲလည်း မိုးပြာရောင် ဂိုဏ်းဘက်က ရှုံးပါတယ်။

တတိယပွဲ မှာလည်း ထူးမခြားနားပါပဲ။

သုံးပွဲ ပြီးသွားတဲ့ အခါမှာတော့ ချန်ယွန်ဟူနဲ့ ရှုဖန်းတို့ရဲ့ မျက်နှာတွေက မကောင်းတော့ပါဘူး။

သူတို့ရဲ့ မိုးပြာရောင်ဂိုဏ်းက သုံးပွဲဆက်တိုက် ရှုံးသွားပြီ ဖြစ်တဲ့အတွက် နောက်တစ်ပွဲ ထပ်ရှုံးလိုက်တာနဲ့ ပွဲက ပြီးပါပြီ။ မိုးပြာရောင်ဂိုဏ်းရဲ့ သိက္ခာတွေလည်း ရေစုန် မျောတော့မှာပါ။

“ချန်ယွန်ဟူ ... သည်တစ်ပွဲကိုတော့ ငါဝင်တိုက်တော့မယ်"

ရှုဖန်းက တိုက်ပွဲကို ဆာလောင်စိတ် အပြည့်နဲ့ ပြောလိုက်ပါတယ်။

“အေး”

ချန်ယွန်ဟူ ကလည်း သဘောတူပါတယ်။ ရှုဖန်းကိုယ်တိုင် ဝင်တိုက်ပြီ ဆိုမှတော့ မနိုင်စရာ မရှိတော့ပါဘူး။

တကယ်လို့ သူနဲ့ ရှုဖန်းသာ ကျင့်ကြံမှုအဆင့် အတူတူပဲ ဆိုရင် ချန်ယွန်ဟူ ကိုယ်တိုင်တောင်မှ ရှုဖန်းကို အနိုင်တိုက် နိုင်ဖို့ ယုံကြည်ချက် မရှိသည်အထိ ရှုဖန်းက အစွမ်းထက်သည် မဟုတ်ပါလား။

“ကျင်လုံ ... မင်းထွက်ပြီး ရင်ဆိုင်လိုက်။ တစ်ဖက်လူကို လျှော့မတွက်နဲ့”

လင်းတန်က သူ့ဘေးက လူငယ်တစ်ယောက်ကို ရှုဖန်းနဲ့ ရင်ဆိုင်ဖို့ စေလွှတ်လိုက်ပါတယ်။

ကျင်လုံက ပြုံးလိုက်ပြီး

“စိတ်မပူပါနဲ့ အစ်ကိုလင်း ... ကျွန်တော်က ဘယ်သူ့ကိုမှ အထင်သေးပြီး မတိုက်ဖူးပါဘူး။ ကျွန်တော်သူ့ကို အနိုင်ယူပြီး ပြန်လာခဲ့မယ်"

ကျင်လုံက ချောင်းစွယ်တိမ်တိုက် ဂိုဏ်းရဲ့ နံပါတ်၇ တိုက်ရိုက်တပည့် ဖြစ်ပါတယ်။

သူက တိုက်ပွဲတစ်ရာ နယ်မြေကို ရောက်လာကတည်းက ပါရမီရှင် တော်တော်များများကို အနိုင်ယူ ပြီးပါပြီ။ ဒါကြောင့်သူက လုံးဝကို ယုံကြည်မှု အပြည့် ရှိနေပါတယ်။

တိုက်ပွဲကတော့ စပါပြီ။

ကျင်လုံနဲ့ ရှုဖန်းတို့ နှစ်ယောက်စလုံးက ပထမ တစ်ကွက်မှာ ကတည်းက တစ်ဖက်လူကို အသာစီး ရချင်တဲ့ အတွက် အစွမ်းကုန် တိုက်လိုက်ကြပါတယ်။

သူတို့နှစ်ယောက်ရဲ့ တိုက်ခိုက်မှုက ဘယ်လောက်အထိ ပြင်းထန်သလည်း ဆိုတော့ လီဖူချန်း တစ်ယောက် ပင့်သက်တောင် ရှိုက်လိုက်ရတဲ့ အထိပါပဲ။

ထန် ... ထန် ... ထန် ...

ရှုဖန်းရဲ့ ဓားချက်က ကျင်လုံထက်ကို ပိုမြန်နေတဲ့ အတွက် တိုက်ပွဲကတော့ အဖြေ အနည်းငယ် ပေါ်နေပါပြီ။

ကျင်လုံကတော့ မျက်နှာကြီး နီရဲနေပြီး အရှုံးမပေးသေးဘဲ တန်ပြန်တိုက်စစ် ဆင်ဖို့ ကြိုးစား နေပါသေးတယ်။

ဒါပေမဲ့လည်း ရှုဖန်းက ကျင်လုံကို ပြန်တိုက်ဖို့ အခွင့်အရေး တစ်ခါတောင် မပေးပါဘူး။ ရှုဖန်းရဲ့ ဓားက ကျင်လုံရဲ့ ဟာကွက်တွေထဲကို တစ်ချက်ပြီးတစ်ချက် အနားမပေးဘဲ ဆင့်ကာဆင့်ကာ ဝင်နေပါတယ်။ ကျင်လုံက သူ့ဓားကွက်ရဲ့ စွမ်းရည်ကို ၅၀ ရာခိုင်နှုန်းထက် ကျော်အော်တောင် မသုံးနိုင်ဘဲ တရစပ် ဝင်လာတဲ့ ဓားချက်တွေကို ခုခံ နေရပါပြီ။

' ရှုဖန်းရဲ့ ခံစားချက်မဲ့ ဓားတာအိုက တကယ်ကြောက်စရာ ကောင်းတာပဲ။ သည်ကောင့်ကိုသာ ပွဲစကတည်းက အထက်စီးကနေ တိုက်ခိုက်ခွင့် ပေးလိုက်ရင်တော့ ငါတောင် တိုက်ပွဲ အခြေအနေကို ပြန်ပြောင်းနိုင်မှာ မဟုတ်ဘူး”

ချန်ယွန်ဟူက သူ့ဘာသာသူ စိတ်ထဲကနေ တွေးမိလိုက်ပါတယ်။

သိုင်းကွက် ၂၀ ကျော်လာတဲ့ အချိန်မှာတော့ ကျင်လုံတစ်ယောက် အရှုံး ပေးလိုက်ရပါပြီလေ။ တိုက်ပွဲ အစကနေ ဆုံးတဲ့အထိ သူက ရှုဖန်းကို တစ်ကြိမ်လေးတောင် ပြန်တိုက်ခွင့် မရလိုက်ပါဘူး။

လင်းတန်ကတော့ အေးအေးဆေးဆေး ပါပဲ။ သူတို့ ချောင်းစွယ်တိမ်တိုက် ဂိုဏ်းက အခုမှ တစ်ပွဲ စရှုံးတာလေ။ နောက်ထပ် နှစ်ပွဲ ဆက်ရှုံးရင်တောင်မှ သရေပဲ ရှိပါသေးတယ်။ ဒါပေမဲ့ မိုးပြာရောင်ဂိုဏ်း ကတော့ နောက်တစ်ပွဲ ရှုံးတာနဲ့ ပွဲပြီးပြီ မဟုတ်ပါလား။

“ချန်ယွန်ဟူ ... ငါတို့ နှစ်ယောက် တိုက်ကြမလား ..."

ဒါပေမဲ့ လင်းတန်က ပွဲကို ဆက်မကြား ချင်တော့တဲ့ အတွက် ချန်ယွန်ဟီနဲ့ ထိပ်တိုက် တွေ့ဖို့ကိုပဲ ဆုံးဖြတ်လိုက်ပါတယ်။

“ငါလည်း အဲဒါကို ပြောချင်နေတာ”

ချန်ယွန်ဟီက ဖျတ်ခနဲ လှုပ်ရှားလိုက်တဲ့ အခါမှာတော့ လင်းတန်ရဲ့ အရှေ့ ဆယ်မီတာလောက်ကို ရောက်သွားပါတယ်။

***

All Chapters