အပိုင်း၂၅၀
Vol. 18 Ch. 250
သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲကတော့ အရမ်းကို ပြင်းထန်ပြီး လက်ညီ နေပါတယ်။
နှစ်ယောက်စလုံးက ဓားသမားတွေ ဖြစ်ကြတဲ့အတွက် တိုက်ပွဲက အတော်လေး ကြည့်လို့ ကောင်းနေပါသေးတယ်။
လင်းတန်ရဲ့ ဓားကွက်က မြွေတစ်ကောင်နဲ့ ဆင်တူပြီး ပရိယာယ်မာယာ များလွန်းလှကာ ချန်ယွန်ဟူရဲ့ ဓားကွက်ကတော့ ကျားတစ်ကောင်ပမာ မာန်ဟုန်ပြင်းစွာ ရှိနေပါတယ်။
ဝုန်း
ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပေါ်လာပြီး နှစ်ယောက်စလုံးက အနောက်ကို ပြိုင်တူ ဆုတ်လာကြပါပြီ။
“လင်းတန် ... ငါမင်းကို အထင်သေး လိုက်မိတာပဲ"
ချန်ယွန်ဟူက လေးနက် တည်ကြည်စွာဖြင့် ပြောလိုက်ပါတယ်။
လင်းတန်ရဲ့ အစွမ်းအစက ဟီလျှန်းပေါင်ထက်ကို သာလွန်တယ် ဆိုတာ သိသာ လွန်းနေပါပြီ။ ချန်ယွန်ဟူက သူ့ရဲ့ ပေါင်းချုပ်တိုက်ကွက်ကို ထုတ်သုံး လိုက်တာတောင်မှ လင်းတန်ကို ဒဏ်ရာ မရစေခဲ့ပါဘူး။
“ငါလည်း မင်းကို အထင်သေးခဲ့မိတယ်"
လင်းတန်ကလည်း လေးနက်သည့် မျက်နှာ အမူအရာ ပြောင်းသွားပါပြီ။
သူ့ဆီမှာ သူတို့ ဂိုဏ်သားတွေသာ သိတဲ့ လျှို့ဝှက်ချက် တစ်ခု ရှိပါတယ်။ အဲဒါကတော့ သိပ်မကြာခင်တုန်း ကမှ လင်းတန်က ကျားနဂါး စာရင်း အဆင့်၉၀မှာ ရှိတဲ့ လူငယ်ကို အနိုင်ယူခဲ့တယ် ဆိုတာပါပဲ။ အခု ချန်ယွန်ဟူက အဲသည် လူငယ်ထက်ကို ပိုအားကောင်းတယ် ဆိုတာ သိသာ လွန်းနေပါပြီ။
“အင်း ... ချန်ယွန်ဟူက လင်းတန်ကို အနိုင်ယူ ချင်ရင်တော့ အနည်းဆုံး သိုင်းကွက်၃၀၀လောက် လိုလိမ့်မယ် "
လီဖူချန်းရဲ့ တိုက်ပွဲအပေါ် သုံးသပ်နိုင်စွမ်းက တရားလွန်ကို ထက်မြက်နေတဲ့ အတွက် နှစ်ယောက်စလုံးရဲ့ ဟာကွက်ကို တွေ့နေရပါတယ်။
“ချန်ယွန်ဟူရဲ့ အားနည်းချက်က သူ့ရဲ့ တိုက်ခိုက်ပုံပဲ။ သူက အရမ်းကို ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်တဲ့အတွက် တစ်ဖက် လူကသာ သူ့သိုင်းကွက် ကျွံသွားတဲ့ အချိန်ကိုစောင့်ပြီး ပြန်တိုက်လိုက်မယ် ဆိုရင် ချန်ယွန်ဟူကို အနိုင်ယူဖို့ ဆိုတာ သိပ်မခက်ဘူး။ ဒါပေမဲ့ သည်ဟာကွက်က တစ်စက္ကန့်ရဲ့ ဆယ်ပုံ တစ်ပုံလောက်ပဲ ကြာတယ်ဆိုတော့ တိတိကျကျ တိုက်နိုင်မှပဲ ရလိမ့်မယ်"
“ပြီးတော့ လင်းတန်ရဲ့ သိုင်းကွက်ကလည်း အားနည်းချက်တွေ ရှိနေတာပဲ။ သူက သိုင်းကွက်အပြောင်းအလဲကို အားကိုးပြီး ဓားဦးတည်ရာကို မကြာခဏ ပြောင်းတဲ့အတွက် သူ့ရဲ့ ဓားကွက်အင်အားက မသိမသာလေး လျော့ကျသွားတယ်"
သိုင်းပညာအပေါ် နားလည်နိုင်စွမ်းနဲ့ ပညာရပ်တစ်ခု အပေါ် ဟာကွက် ရှာနိုင်စွမ်း မှာတော့ လီဖူချန်းက ကျားနဂါး စာရင်းထဲမှာ ရှိတဲ့ ပါရမီရှင်တွေ အားလုံးထက် သာလွန်နေပါပြီ။
ဒါကြောင့်သူက နှစ်ဖက်စလုံးရဲ့ အားနည်းချက်ကို ဘေးကနေ ကြည့်ပြီး မြင်နေရပါတယ်။
ထန် ... ထန် ... ချွင် ... ချွင် ... ထန် ...
မီးပွားတွေကတော့ အရပ် ၁၀မျက်နှာလုံးကို လွင့်ပျံ နေကြပါတယ်။
သိုင်းကွက် ၁၀၀ ...
သိုင်းကွက်၂၀၀ ...
သိုင်းကွက် ၃၀၀ ...
သိုင်းကွက်၃၀၀ ကျော်သွားတဲ့ အခါမှာတော့ နှစ်ဖက်စလုံးက တစ်ဖက်လူရဲ့ ဓားကွက် အပြောင်းအလဲနဲ့ အားနည်းချက် တွေကို သတိပြု မိလာကျပါပြီ။
“အရှုံးပေးစမ်း"
နှစ်ဖက်စလုံး ကတော့ သူတို့ရဲ့ ကိုယ်ပိုင် ပေါင်းချုပ်သိုင်းကွက် တွေကို ထုတ်သုံး လိုက်ပါတော့တယ်။
သူတို့ရဲ့ ဓားပညာ အယူအဆတွေ၊ တိုက်ခိုက်ပုံ နည်းစနစ်တွေ၊ ဓားဦးတည်ချက်တွေ မတူညီပေမဲ့လည်း တူညီတာ တစ်ခုကတော့ သည်သိုင်းကွက်ထဲမှာ ရှိသမျှ အင်အားတွေ အကုန် ထည့်သွင်း ထားတာပါပဲ။
ရွှမ်း ...
ရွှပ် ...
လင်းတန်းရဲ့ ပခုံးသားတွေက ချန်ယွန်ဟူရဲ့ ဓားချက်ကြောင့် ပဲ့ထွက်သွားသလို လူကိုယ်တိုင် ကလည်း အနောက်ကို လွင့်ထွက် သွားခဲ့ပါတယ်။
ဒါပေမဲ့ ချန်ယွန်ဟူကလည်း မသက်သာလှပါဘူး။ သူ့ရဲ့ ရင်ဘတ်ပေါ်မှာလည်း ကန့်လန့်ဖြတ် ဓားဒဏ်ရာကြီး တစ်ခု ဖြစ်ပေါ်နေပါတယ်။
သည်ဓားချက်ကသာ တစ်လက်မလောက် ပိုနက်သွားမယ် ဆိုရင်တော့ ချန်ယွန်ဟူရဲ့ နှလုံးသွေးကြော တွေကို ပျက်စီး သွားစေနိုင်တဲ့ အထိပါပဲ။
ကြည့်ရတာတော့ နှစ်ဖက်စလုံးက တစ်ဖက်လူရဲ့ အားနည်းချက်ကို မိမိရရ တိုက်ခိုက်မိခဲ့ပုံ ရှိပါတယ်။
ချန်ယွန်ဟူရဲ့ ဟာကွက်က သိုင်းကွက်ကို အဆုံးအထိ ထုတ်လိုက်တဲ့ အခါမှသာ ပေါ်လာတာပါ။ ဒါကို လင်းတန်ကလည်း သိတဲ့အတွက် ချန်ယွန်ဟူရဲ့ သိုင်းကွက် အဆုံးအထိ စိတ်ရှည်ရှည်နဲ့ စောင့်ပြီး အမိအရ ခုတ်လိုက်တာပါပဲ။ ဒါပေမဲ့လည်း သူ့ရဲ့ အမူအကျင့် အတိုင်း ဓားကွက်လားရာကို အနည်းငယ် ပြောင်းမိလိုက်တဲ့ အတွက် ချန်ယွန်ဟူရဲ့ ရင်ဘတ်ပေါ်က ဓားဒဏ်ရာက နက်သင့်သလောက် မနက်ဘဲ ဖြစ်သွား ခဲ့ရပါတယ်။ အဲသည် အကျိုးဆက် ကတော့ သူ့ရဲ့ ညာဘက် ပခုံးသားပေါ်က ဒဏ်ရာပါပဲ။ အခုဆိုရင် လင်းတန်က ဓားကိုင်နိုင်ဖို့တောင် အတော်လေး ခဲယဉ်းနေပါပြီ။
“မင်းရှုံးပြီ"
ချန်ယွန်ဟူက သူ့ရဲ့ ရင်ဘတ်ပေါ်က ဓားဒဏ်ရာကို ငုံ့ကြည့်ပြီးတဲ့ အခါမှာတော့ မျက်နှာသေကြီးဖြင့် ပြောလိုက်ပါတယ်။
လင်းတန်ကတော့ မျက်နှာကြီး မည်းမှောင် သွားခဲ့ပါပြီ။
တစ်လက်မလေး ... တစ်လက်မလေး ဆိုတဲ့ အရာက သူ့ကို အနိုင်ကနေ အရှုံးကို ပြောင်းသွား စေခဲ့တယ်လေ။ တကယ်လို့ သူသာ သည်ထက်နည်းနည်း ပိုဂရုတစိုက် ရှိခဲ့မယ် ဆိုရင် ချန်ယွန်ဟူက မြေပြင်ပေါ်မှာ မှောက်နေလောက်ပြီ မဟုတ်ပါလား။
“အေး ... ငါရှုံးတယ် "
လင်းတန်က အရှုံးကို ဝန်မခံရဲတဲ့ ငကြောက်တစ်ယောက် မဟုတ်ပါဘူး။ သူက တည်တည်ငြိမ်ငြိမ်ပဲ ရှုံးတာကို လက်ခံလိုက်ပါတယ်။
အခုဆိုရင်တော့ မိုးပြာရောင် ဂိုဏ်းက နိုင်ပွဲ၂ပွဲ နဲ့ ချောင်းစွယ်တိမ်တိုက် ဂိုဏ်းက နိုင်ပွဲ၃ပွဲ ဖြစ်သွားပါပြီ။
ကောင်းကင်ဘုံ ကတော့ မိုးပြာရောင် ဂိုဏ်းသားတွေဘက်ကို အခွင့်အရေး ပေးလိုက်တဲ့ပုံ ပါပဲ။
ဆဋ္ဌမမြောက် တိုက်ပွဲကိုလည်း မိုးပြာရောင် ဂိုဏ်းဘက်က နိုင်သွားပြန်ပါတယ်။
ရလဒ်ကလည်း ၃ပွဲစီ အနိုင်ရထားတဲ့ အတွက် သရေ ဖြစ်နေပါပြီ။
အခုဆိုရင်တော့ နောက်ဆုံး တစ်ပွဲသာ ကျန်ပါတော့တယ်။
“အခြေအနေ ကတော့ နှစ်ဖက်စလုံး သူမသာကိုယ်မသာ ပဲဟေ့။ ကြည့်ရတာတော့ ချောင်းစွယ်တိမ်တိုက် ဂိုဏ်းက မိုးပြာရောင် ဂိုဏ်းကို လုံးလုံးလျားလျားကြီး ဖိနှိပ်နိုင်ပုံ မရဘူး။ သူတို့က မိုးပြာရောင် ဂိုဏ်းထက် သာရင်တောင်မှ နည်းနည်းလေးပဲ သာမှာကွ"
“ဒါက ချောင်းစွယ်တိမ်တိုက် ဂိုဏ်းဘက်က နံပါတ်၁ တိုက်ရိုက်တပည့် လုရီ မပါလို့ပါကွာ။ လုရီက ချန်ယွန်ဟူကို အသာလေး အနိုင်ယူ နိုင်တယ်ကွ"
“မင်းပြောသလိုဆို မိုးပြာရောင် ဂိုဏ်းဘက်က ဓားအရူး သူတော်ကကော ပါနေလို့လားဟ"
“ဓားအရူးသူတော်ရဲ့ ကျာနဂါး စာရင်းအဆင့်က လုရီထက် နိမ့်တယ်ကွ"
“အဲသည်စာရင်းက လွန်ခဲ့တဲ့ တစ်နှစ်ကျော် ကလေကွာ။ အခု အခြေအနေနဲ့ မတူတော့ဘူးကွ။ နောက်တစ်ခေါက် ပြိုင်ပွဲမှာဆိုရင် ထိပ်ဆုံးမှာ ရှိနေတဲ့ ကျားနဂါး စာရင်းဝင်တွေက လွဲပြီး ကျန်တဲ့သူတွေက ကျားနဂါး စာရင်းထဲမှာတောင် ရှိနေနိုင်တော့မယ် မထင်ဘူး"
ပွဲကြည့် ပရိသတ်တွေ ကလည်း အကြီးအကျယ် ငြင်းခုံ နေကြပါတယ်။
သတ္တမမြောက် ပွဲမှာတော့ မိုးပြာရောင်ဂိုဏ်းရဲ့ ရွှေအဆင့် တိုက်ရိုက်တပည့်က ချောင်းစွယ်တိမ်တိုက် ဂိုဏ်းရဲ့ ရွှေအဆင့် တိုက်ရိုက်တပည့် အပေါ် သိသိသာသာကြီးကို အသာစီး ရနေပါပြီ။
လီဖူချန်းကလည်း အခုမှ သက်ပြင်းရဲရဲ ချနိုင်ပါတော့တယ်လေ။
မိုးပြာရောင်ဂိုဏ်းရဲ့ တိုက်ရိုက်တပည့် တစ်ယောက်ဖြစ်တဲ့ သူကလည်း မိုးပြာရောင်ဂိုဏ်းပဲ နိုင်စေချင်တဲ့ ဆန္ဒရှိသည် မဟုတ်ပါလား ။
“မင်းရှုံးပြီ "
သိုင်းကွက်တစ်ရာ ကျော်လာတဲ့ အခါမှာတော့ မိုးပြာရောင် ဂိုဏ်းသားက လေထဲကို ခုန်တက်လိုက်ပြီး သူ့ရဲ့ဓားကို အဆက်မပြတ် ဝှေ့ယမ်း လိုက်ပါတယ်။
သူ့ရဲ့ ဓားချက်က တစ်ဖက်လူကို လွှမ်းခြုံသွားရုံ သာမက ဒဏ်ရာတွေတောင် ရစေခဲ့တယ်လေ။
“ဟေး ... ငါတို့နိုင်ပြီကွ"
မိုးပြာရောင်ဂိုဏ်း တိုက်ရိုက်တပည့် တွေရဲ့ အော်သံတွေက ဆူညံလို့ သွားခဲ့ပါပြီ။
သူတို့က သုံးပွဲဆက် ရှုံးနေတဲ့ အနေအထား ကနေ လေးပွဲဆက် ပြန်နိုင်သွားခဲ့တာလေ။ ဒါက လုံးဝ မဖြစ်နိုင်တဲ့ အနေအထား တစ်ခုပါပဲ။
ဒါက ရှုဖန်းကြောင့် ဆိုရင်လည်း မမှားပါဘူး။ သူသာ မရောက်လာခဲ့ဘူး ဆိုရင်တော့ မိုးပြာရောင် ဂိုဏ်းက သေချာပေါက်ကို ရှုံးတော့မှာပါ။
ပြီးတော့ ချန်ယွန်ဟူနဲ့လည်း သက်ဆိုင် နေပါသေးတယ်။ သူသာ လင်းတန်ကို အနိုင် မတိုက်ခိုက်ခဲ့နိုင်ဘူး ဆိုရင်တော့ ပွဲက ပြီးသွားပါပြီ။ သူက လင်းတန်ကို အနိုင်လိုက်နိုင်တဲ့ အတွက်ကြောင့်သာ ချောင်းစွယ်တိမ်တိုက် ဂိုဏ်းသားတွေက စိတ်ဓာတ်ကျကုန်တာ မဟုတ်ပါလား။
အဲသည်ပွဲရဲ့ အကျိုးဆက်က နောက်ထပ်နှစ်ပွဲ အထိကို ရိုက်ခတ် စေခဲ့ပါတယ်။
ချောင်းစွယ်တိမ်တိုက် ဂိုဏ်းသားက အရှုံးပေးဖို့ ပြင်နေစဉ်မှာပဲ
“သွားစမ်း"
ဝေါ့ ...
မိုးပြာရောင်ဂိုဏ်းရဲ့ တိုက်ရိုက်တပည့်က သွေးအန်ကာ အနောက်ကို လွင့်ထွက် လာခဲ့ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ် ပေါ်မှာတော့ ဓားဒဏ်ရာ တစ်ခု ရှိနေပါတယ်။
“ကြောက်ဖို့ ကောင်းလိုက်တဲ့ ဓားချီ "
ပွဲကြည့် ပရိသတ်တွေက ဘေးဘီကို ကြည့်လိုက်တဲ့ အခါမှာတော့ လူတစ်ယောက် ပြေးလာနေတာကို တွေ့လိုက်ရပါတယ်။
“အဲဒါ ချောင်းစွယ်တိမ်တိုက် ဂိုဏ်းရဲ့ နံပါတ်၁ တပည့် လုရီပဲ"
“မိုးပြာရောင်ဂိုဏ်း ကတော့ သွားပြီဟေ့။ လုရီကိုတော့ ချန်ယွန်ဟူက ဘယ်လိုမှ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး"
ချန်ယွန်ဟူနဲ့ ရှုဖန်းတို့ ကလည်း မျက်နှာပျက် သွားကြပါပြီ။
စည်းကမ်း သတ်မှတ်ချက်အရ သူတို့ဘက်က နိုင်နေတာကို တစ်ဖက်က စည်ကမ်းဖောက်လာသည် မဟုတ်ပါလား။
လုရီရဲ့ ပြေးနှုန်းက အင်မတန်မှ မြန်လွန်းလှပါတယ်။ မျက်စိတစ်မှိတ် အတွင်းမှာပဲ သူက ရန်ပွဲ ဖြစ်နေရာကို ရောက်လာခဲ့ပါပြီ။ သူ့ရဲ့ မျက်လုံးအစုံက စူးရှ ထက်မြက်လွန်းတဲ့ အတွက် ဘယ်သူမှ သူ့ကို မျက်လုံးချင်း ယှဉ်မကြည့် ရဲကြပါဘူး။
လုရီက ချောင်းစွယ်တိမ်တိုက် ဂိုဏ်းရဲ့ နံပါတ်၁ တိုက်ရိုက်တပည့် ဖြစ်ရုံသာမက ကျားနဂါးစာရင်း မှာလည်း အဆင့်၇၂ ရှိသည် မဟုတ်ပါလား။
“လုရီ ... ဒါ ဘာအဓိပ္ပာယ်လဲ"
ချန်ယွန်ဟူက ဒေါသတွေကို ကြိုးစား သိမ်းဆည်းထားရင်းနဲ့ မေးလိုက်ပါတယ်။
လုရီက ဘယ်သူ့ကိုမှ ဂရုမစိုက်သည့် လေသံဖြင့်
“ဘာအဓိပ္ပာယ်မှ မဟုတ်ဘူး။ မင်းတို့ မိုးပြာရောင် ဂိုဏ်းကို ကြည့်မရလို့"
“ငါကြားထား တာကတော့ မင်းက ကျားနဂါး စာရင်းမှာ အဆင့်၇၂ဆို။ လာစမ်းပါ။ ငါနဲ့ ချရအောင် "
ရှုဖန်းကတော့ ဘယ်သူ့ကိုမှ မကြောက်တဲ့ အတွက် သူ့ဝသီအတိုင်း လုရီကို စိန်ခေါ်လိုက်ပါတယ်။
လုရီက နှာခေါင်းရှုံ့လိုက်ပြီး
“မင်းအဆင့်လောက်နဲ့ မရသေးဘူး။ မင်းနဲ့ ချန်ယွန်ဟူ နှစ်ယောက်စလုံး လာခဲ့"
“ကိုယ့်ကိုကိုယ် အထင်ကြီး နေတာပဲ။ ရှုဖန်း ... မင်းနောက်ဆုတ်လိုက်"
ချန်ယွန်ဟူလို ကျားဓားရှင်ဘွဲ့ ရထားသည့် သူကို အခုလိုမျိုး လာကျောလို့ ဘယ်လက်ခံ နိုင်မည်နည်း။ ချန်ယွန်ဟူက ရှုဖန်းကို ဖယ်ခိုင်းလိုက်ပြီး စုရီနဲ့ တစ်ယောက်ချင်း ထိပ်တိုက် တွေ့လိုက်ပါတယ်။
ချန်ယွန်ဟူက ကျားတစ်ကောင်လို မာန်ဟုန်ပြင်းစွာဖြင့် လုရီကို ခုန်ပြီး ဓားဖြင့် ပိုင်းချလိုက်ပါတယ်။
ထန်
လုရီက တစ်လက်မတောင် မရွေ့ဘဲ အသာအယာလေး ချန်ယွန်ဟူရဲ့ ဓားချက်ကို ခုခံလိုက်တယ်လေ။
“ကောင်းလိုက်တဲ့ သိုင်းကွက်ပါလား "
လီဖူချန်းက နှုတ်ကနေတောင် ချီးကျူး မိသွားပါတယ်။
သူက လုရီရဲ့ လှုပ်ရှားမှုတွေ အားလုံးကို ကောင်းကောင်းကြီး မြင်နေရပါတယ်။ လုရီက သူ့ရဲ့ဓားဦးဖြင့် ချန်ယွန်ဟူရဲ့ အားအနည်းဆုံး နေရာကို ထောက်ပြီး ခုခံလိုက်သည် မဟုတ်ပါလားဟ။
သူ့ကို ကြည့်ရတာက အားမစိုက်ဘဲ သာမန်ကာလျှံကာ ခုခံလိုက်တယ် ဆိုပေမဲ့ တကယ်တမ်းကတော့ အဲသည်ထက်ကို အများကြီး ပိုရှုပ်ထွေးပါတယ်။ လုရီရဲ့ အဓိက စွမ်းရည်က ချန်ယွန်ဟူနဲ့ သိပ်မကွာလှပါဘူး။ ဒါပေမဲ့ လုရီရဲ့ ဟာကွက် ရှာဖွေနိုင်စွမ်းက ချန်ယွန်ဟူထက်ကို သိသိသာသာပြီး အားကောင်းနေပါတယ်။
“သွားစမ်း"
လုရီက သူ့ရဲ့လက်ကို တစ်ချက် လှုပ်လိုက်တဲ့ အခါမှာတော့ ချန်ယွန်ဟူက အနောက်ကို လွင့်ထွက် သွားပါတယ်။
ထို့နောက်မှာတော့ လုရီက ဖျတ်ခနဲ ပျောက်သွားပြီး ချန်ယွန်ဟူရဲ့ အရှေ့မှာ ပြန်ပေါ်လာခဲ့ပါတယ်။ သူက သူ့ရဲ့ ဓားကိုတောင် မသုံးဘဲ ဘယ်ဘက်လက်ကို ဓားပုံသဏ္ဌာန် လုပ်လိုက်ကာ ချန်ယွန်ဟူရဲ့ ရင်ဘတ်ကို ထိုးစိုက်လိုက်ပါတယ်။
အား ...
ချန်ယွန်ဟူရဲ့ မျက်နှာက ဖြူဖွေး သွားသလို ရင်ဘတ် ကနေလည်း သွေးတွေ ပန်းထွက် လာခဲ့ပါပြီ။
သူက လုရီကို ဘယ်လိုမှ မယှဉ်နိုင်ဘဲ ပြတ်ပြတ်သားသား ရှုံးနိမ့် သွားခဲ့တာပါ။
ဒါက သူ့ရဲ့ အဓိက စွမ်းရည်အား မကောင်းလို့ မဟုတ်ဘဲ သူ့ရဲ့ တိုက်ပွဲအပေါ် သုံးသပ်နိုင်မှုက လုရီထက်ကို သိသိသာသာကြီး အားနည်း နေလို့ပါပဲ။
လူနှစ်ယောက်ရဲ့ အဓိက စွမ်းရည်တွေ တူညီနေတဲ့ အခါမှာ ထိုးထွင်း သိမြင်နိုင်စွမ်းက စကားပြောပါတယ်။
လီဖူချန်း ကတော့ သူများနဲ့ မတူဘဲ ထိုးထွင်း သိမြင်နိုင်စွမ်းမှာ အားကောင်းပြီး အဓိက စွမ်းရည်တွေမှာ အားနည်း နေတာပါ။
တကယ်လို့ သူသာ အဓိက စွမ်းရည်တွေမှာ အားကောင်းနေခဲ့မယ် ဆိုရင်တော့ဖြင့် ဆောင်းဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်မှာတုန်းက ရှောင်ပိုင်နဲ့ ရူကျန်းချီ ကိုတောင် တစ်ချက်တည်းနဲ့ သတ်ဖြတ်နိုင်မှာပါ။
အဓိက စွမ်းရည်တွေ ဆိုတာကတော့ လူတစ်ယောက်ရဲ့ ကျင့်ကြံမှု အဆင့်၊ ပညာရပ်ဆန္ဒ အဆင့်နဲ့ လျှို့ဝှက်နည်းစနစ် အဆင့်တို့ကို ဆိုလိုတာပါ။
ချန်ယွန်ဟူတစ်ယောက် ရှုံးသွားပြီ ဆိုတာကို သိလိုက်တာနဲ့ ရှုဖန်းက အလျင်အမြန်ပဲ ခုန်ဝင်သွားပြီး လုရီကို တိုက်ခိုက်လိုက်ပါတယ်။
ရွှပ်
ရှုဖန်းက ချန်ယွန်ဟူ ထက်တောင် အားနည်းတာ ဖြစ်တဲ့အတွက် လုရီကို ဘယ်လိုမှ မယှဉ်နိုင်ဘဲ လွင့်ထွက် သွားပြန်ပါတယ်။
“ငါဝင်ပါမှ ဖြစ်တော့မယ်"
သူ့ရဲ့ ဂိုဏ်းတူ အစ်ကိုတော်တွေကို လုရီက ကောင်းကောင်း သမနေတာကို မြင်လိုက်ရတဲ့ အခါမှာတော့ လီဖူချန်းက ဘယ်လိုမှ စိတ်မထိန်း နိုင်တော့အတွက် ဝင်ပါဖို့ စိတ်ဆုံးဖြတ် လိုက်ပါပြီ။
“နောက်ဆုတ်စမ်း"
လီဖူချန်းက တိုက်ပွဲထဲကို ခုန်ဝင်ဖို့ လုပ်နေစဉ်မှာပဲ ရုတ်တရက် ဓားမုန်တိုင်းကြီး တစ်စင်း ရောက်လာပြီး လုရီကို တိုက်ခိုက်လိုက်ပါတယ်။
သည်ဓားမုန်တိုင်းရဲ့ အရှိန်အဝါက မူလဘူတဓား လျှို့ဝှက် နည်းစနစ်နဲ့တောင် အနည်းငယ် ဆင်တူ နေပါသေးတယ်။
“အဲဒါ ဓားအရူး သူတော်ပဲ "
လူအချို့ ကတော့ ထိုဓားချက် ပိုင်ရှင် လူငယ်ကို မှတ်မိနေပုံပါပဲ။
***