ဝံပုလွေဓားကွက်
Vol. 18 Ch. 251
ဓားအရူးသူတော်ရဲ့ ဂုဏ်သတင်းက အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ တော်တော်လေး ကျော်ကြားပါတယ်။
ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တစ်ယောက် အနေနဲ့ သည်လို အဆင့်အထိ ရောက်လာဖို့ဆိုတာ တကယ် မလွယ်တဲ့ အရာ တစ်ခုပါပဲ။
သူ့ရဲ့ အရိုးတည်ဆောက်ပုံက ကြယ်၄ပွင့် အထူးအရိုး တည်ဆောက်ပုံတောင် မဟုတ်ပါဘူး။ တကယ့်ကို ရိုးရိုးသာမန် ကြယ်၄ပွင့် အရိုး တည်ဆောက်ပုံပါ။
သိတဲ့ အတိုင်းပါပဲ။ ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ ဆိုတာက ဂိုဏ်းတွေထဲ မှာတောင် လက်ရွေးစင်တွေ အဖြစ် သတ်မှတ်ခံရတာ မဟုတ်ပါဘူး။ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ ဆိုရင်တော့ ပြောစရာကို မလိုတော့ပါဘူး။
မိုးပြာရောင်ဂိုဏ်းရဲ့ ရွှေအဆင့် တိုက်ရိုက်တပည့် တွေထဲမှာတောင်မှ ၉၀ရာခိုင်နှုန်းက ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေပါပဲ။
ဒါကိုတောင်မှ ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဓားအရူးသူတော်က မိုးပြာရောင်ဂိုဏ်းရဲ့ ထိပ်ဆုံးနံပါတ်၁ တပည့်နေရာမှာ မားမားမတ်မတ် ရပ်တည် ထားပါသေးတယ်။
သူ့ရဲ့ ထိုးထွင်းသိမြင်မှုနဲ့ သိုင်းပညာအပေါ် နားလည် သဘောပေါက်နိုင်စွမ်းက ရူဖန်းနဲ့ ချန်ယွန်ဟူ တို့ထက်ကို သာလွန်နေတယ် ဆိုတာ လုံးဝသိသာနေသည် မဟုတ်ပါလား။
ဒါကြောင့်လည်း ပြီးခဲ့တဲ့ ကျားနဂါး ပြိုင်ပွဲမှာ ဓားအရူးသူတော်က အဆင့်၁၀၅ ရခဲ့တာပါ။
ဒါပေမဲ့ သူ့ရဲ့ အရိုးတည်ဆောက်ပုံက လီဖူချန်းထက် ကိုတော့ အများကြီး သာနေပါသေးတယ်။
တကယ်လို့ ဓားအရူး သူတော်ရဲ့ ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံကို သာမန်ပဲလို့ သတ်မှတ်မယ်ဆိုရင် လီဖူချန်းရဲ့ ကြယ်၁ပွင့် အရိုးတည်ဆောက်ပုံ ကိုတော့ လုံးဝကို အမှိုက်လို့ သတ်မှတ်ရမှာပါပဲ။
လီဖူချန်း မဟုတ်ဘဲ အခြားကြယ်၁ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ ဆိုရင်တော့ မြေကမ္ဘာနယ်ပယ် ကိုတောင် ရောက်လာမှာ မဟုတ်ဘဲ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်မှာသာ တစ်သက်လုံး နေသွားရမှာပါ။
အခုချိန်မှာတော့ လီဖူချန်းကို ဘယ်သူမှ မသိကြသေးပါဘူး။ ဒါပေမဲ့ ကျားနဂါး ပြိုင်ပွဲစလို့ လီဖူချန်း တစ်ယောက် ကျားနဂါး စာရင်းထဲကို ဝင်သွားပြီ ဆိုတာနဲ့ သူ့ရဲ့ အရိုးတည်ဆောက်ပုံ အကြောင်းကို လူတိုင်း သိသွားတော့မှာပါ။ အဲဒီအခါ ကျရင်တော့ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးဟာ လီဖူချန်းကြောင့် တုန်လှုပ် သွားပါလိမ့်မယ်။
" ဓားအရူးသူတော် လီရှင်းယု"
လုရီက ဓားအရူးသူတော်ရဲ့ နာမည်ကို ခေါ်လိုက်ပါတယ်။
ပြီးခဲ့တဲ့ တစ်ခေါက် ကျားနဂါးပြိုင်ပွဲ မှာတုန်းက လုရီနဲ့ လီရှင်းယုတို့ တိုက်ခိုက် ခဲ့ဖူးပါတယ်။ အဲသည်တုန်း ကတော့ လုရီက သူ့ရဲ့ အဓိက စွမ်းရည်တွေကြောင့် အနိုင်ရခဲ့တာပါ။ ထိုးထွင်း သိမြင်နိုင်မှုနဲ့ တိုက်ပွဲကို သုံးသပ်နိုင်မှု တို့မှာ လုရီက လီရှင်းယုကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။
အခု တစ်နှစ်ခွဲ ကြာတဲ့အခါ မှာတော့ လီရှင်းယုရဲ့ အဓိက စွမ်းရည်တွေ ကလည်း အရင်ကထက် ပိုကောင်း လာမှာပါပဲ။ ဒီတစ်ခေါက် မှာတော့ လုရီကိုယ်တိုင်က လီရှင်းယုကို အနိုင်ယူဖို့ ယုံကြည်မှု မရှိပါဘူး။
"လီရှင်းယု"
လီဖူချန်းရဲ့ မျက်လုံးတွေကလည်း ဓားအရူးသူတော် ဆီကို ကျရောက်သွားပါတယ်။
( note - ဓားအရူးသူတော် လီရှင်းယုက လီဖူချန်းနဲ့မျိုးရိုး အတူတူပါပဲ။ ဒါပေမဲ့ နေရပ်ဇာတိ ကတော့ ကွဲပါတယ်။)
လီဖူချန်း တစ်ယောက် မိုးပြာရောင် ဂိုဏ်းထဲကို စရောက်လာ ကတည်းက ဓားအရူး သူတော်ဆိုတဲ့ နာမည်ကို အမြဲတစေ ကြားနေရတာပါ။
သူများတွေ ပြောကြတာကတော့ တကယ်လို့ ဓားအရူးသူတော် လီရှင်းယုသာ ကြယ်၅ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် ဖြစ်ခဲ့မယ်ဆိုရင် သူ့ရဲ့ ပင်ကိုအထုံ ပါရမီက အရှေ့ယူနီကွန်း တိုက်ကြီးတစ်ခုလုံး မှာတောင်မှ ထိပ်တန်းအဆင့်မှာ ရှိလောက်ပါတယ်တဲ့။ တကယ့် ပထမတန်းစား ပါရမီရှင် အချို့ကသာ သူ့ကို ယှဉ်ပြိုင်နိုင်မှာပါ။
ဓားအရူးသူတော် တစ်ယောက် ကြယ်၄ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်အဖြစ် မွေးဖွား လာခဲ့တာက တကယ်ကို နှမြောစရာပါပဲ။
'ငါကြားဖူးတာတော့ ဓားအရူးသူတော်၊ ကျားဓားရှင်နဲ့ ခံစားချက်မဲ့ဓား တို့ရဲ့ ပါရမီနဲ့ အလားအလာက တစ်တန်းစားထဲဆို။ အခုတော့ ဘယ်လိုဖြစ်ပြီး ဓားအရူးသူတော်ရဲ့ ချီအရှိန်အဝါ တွေက ကျားဓားရှင်ထက် ပိုအားကောင်း နေရတာလဲ '
လီဖူချန်းက တွေးလိုက်မိပါတယ်။
"အဲဒါက အစ်ကိုတော် လီရှင်းယု ပဲကွ"
"အစ်ကိုတော် လီရှင်းယုက သည်ကို ရောက်လာပြီ။ အစ်ကိုတော် လီရှင်းယု ရှိနေမှတော့ လုရီက လုပ်ချင်တိုင်း လုပ်လို့ ရတော့မှာ မယုတ်ဘူး။
ဓားအရူးသူတော် ရောက်ရှိလာခြင်းက မိုးပြာရောင် ဂိုဏ်းသားတွေကို အားတက် စေခဲ့ပါတယ်။
လီရှင်းယု ဆိုတာက မိုးပြာရောင် ဂိုဏ်းသားတွေ အတွက်ကတော့ ဒဏ္ဍာရီ တွေထဲက နတ်ဘုရား တစ်ပါးလိုပါပဲ။ သူက မိုးပြာရောင် ဂိုဏ်းကို ဂုဏ်တက်စေတဲ့ ပြယုဂ်တစ်ခုပင် မဟုတ်ပါလား။
သူတို့အားလုံးက ဓားအရူး သူတော်ကို ခြွင်းချက်မရှိ ယုံကြည်ပါတယ်။
" ဟေ့ ဟိုမှာလာနေတာ ဓားအရူးသူတော် လီရှင်းယုပဲကွ။ ပွဲကတော့ ကြည့်ကောင်းပြီဟေ့ "
"တစ်ယောက်က ကျားနဂါးစာရင်းဝင် အဆင့်၇၂။ နောက်တစ်ယောက်က ကျားနဂါးစာရင်းဝင် အဆင့်၁၀၅ ။ အဖြေက သိသာလွန်းနေပြီ မဟုတ်ဘူးလား …"
"အဖြေက မသိနိုင် သေးပါဘူးကွာ။ ကျားနဂါး ပြိုင်ပွဲ ပြီးခဲ့တာက တစ်နှစ် ကျော်ခဲ့ပြီကွ။ အရာအားလုံးက ဖြစ်နိုင်သေးတယ်။ မင်းမတွေ့ဘူးလား … လင်းတန်နဲ့ ချန်ယွန်ဟူ တို့တောင်မှ ကျားနဂါး စာရင်းကို ဝင်နိုင်တဲ့ အစွမ်းအစ ရှိနေပြီကွ။ ဓားအရူးသူတော် ကလည်း သည်တစ်နှစ် အတွင်းမှာ ပိုပြီး တိုးတက်ရင် တိုးတက်လာမှာပေါ့"
ပွဲကြည့် ပရိသတ်တွေ ကတော့ သူတို့ရဲ့ ထင်မြင်ယူဆချက် တွေကို ထုတ်ဖော်ပြောဆို နေကြပါတယ်။
လုရီနဲ့ လီရှင်းယုတို့က ကျားနဂါး စာရင်းမှာ အဆင့် သိပ်မမြင့် ပေမဲ့လည်း နှစ်ယောက်စလုံးက အထိုက်အလျောက်တော့ နာမည်ရှိပြီးသား မဟုတ်ပါလား။ သူတို့နှစ်ယောက်ရဲ့ တိုက်ခိုက်မှုကနေ အတုယူစရာတွေ၊ လေ့လာစရာတွေ အနည်းအကျဉ်းတော့ ရနိုင်ပါသေးတယ်။
"မင်းရောက်လာပြီလား"
ချန်ယွန်ဟူက နှုတ်ခမ်းကနေ စီးကျနေတဲ့ သွေးတွေကို သုတ်ပြီး လီရှင်းယုကို နှုတ်ဆက် လိုက်ပါတယ်။
ချန်ယွန်ဟူက အနိုင်မခံ၊ အရှုံးမပေးတတ်တဲ့ သူတစ်ယောက် ဖြစ်ပေမဲ့လည်း သူ့ရဲ့ လက်ရှိ စွမ်းရည်က လုရီကို ဘယ်လိုမှ မယှဉ်နိုင်ဘူး ဆိုတာကိုတော့ နားလည်ပါသေးတယ်။ သူက မျက်လုံးကြီးမှိတ် အသေခံပြီး တိုက်မယ့် ငတုံးတစ်ယောက်တော့ မဟုတ်သေးပါဘူး။
လီရှင်းယုက ချန်ယွန်ဟူနဲ့ ရှုဖန်းတို့ကို တစ်ချက် ကြည့်လိုက်ပြီး
" မင်းတို့နှစ်ယောက် သည်ကောင် အနိုင်ကျင့် နေတာကို ခံနေရတာလား"
ရှုဖန်းက လီရှင်းယုရဲ့ စကားကြောင့် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိပါတယ်။ လီရှင်းယုရဲ့ အမေးစကားက သူ့ရဲ့ ရင်ဝတည့်တည့်ကို ဖနောင့်ဖြင့် ဆောင့်ကန် လိုက်သလိုပါပဲ။ ဒါပေမဲ့ သူက လီရှင်းယုကို ဘာမှ ပြန်မပြော နိုင်ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ လီရှင်းယု ပြောသလို သူက အနိုင်ကျင့် ခံနေရတာ မလို့ပါပဲ။
သူကလည်း ဓားအရူး သူတော်လို ဓားတာအိုက လွဲပြီး ဘာမှ စိတ်မဝင်စားတဲ့လူ ဖြစ်ချင်ပါတယ်။ ဒါကြောင့်လည်း သူက အမြဲတမ်း ဂိုဏ်းတော်ထဲမှာ နေပြီး ဓားသိုင်းကိုသာ အပတ်တကုတ် လေ့ကျင့်နေတာပါ။
သည်တစ်ခါ စွန့်စားခန်း ခရီးထွက် ခဲ့တာကတော့ ရှုဖန်းရဲ့ အမြင်တွေကို ပြောင်းလဲစေခဲ့ပါပြီ။
ဓားအရူးသူတော် လီရှင်းယုက မွေးကတည်းက ဓားတာအို လမ်းစဉ်အတွက် မွေးဖွားလာခဲ့သူ ဖြစ်ပါတယ်။ သူက အခြားသူတွေလို စွန့်စားခန်း ခရီးတွေ အများကြီး ထွက်ပြီး တိုက်ခိုက်မှု အတွေ့အကြုံတွေ ရှာစရာ မလိုပါဘူး။ လီရှင်းယုဆီမှာ မွေးရာပါ ထိုးထွင်း သိမြင်မှုနဲ့ သိုင်းပညာအပေါ် နားလည်မှုတွေ ပါလာပြီးသား ပါပဲ။
သူကတော့ ဓားအရူးသူတော် မဟုတ်ပါဘူး။ သူက ခံစားချက်မဲ့ဓား ရှုဖန်းပါ။ သူ့ရဲ့ ခံစားချက်မဲ့ ဓားတာအိုက တိုက်ပွဲတွေ အမြဲတမ်း တိုက်နေပြီး အတွေ့အကြုံတွေ ရှာနေနိုင်မှသာ ပိုပြီး တိုးတက်တာ မြန်စေမှာပါ။
အမှားလေး တစ်ခု …
သည်အမှားလေး တစ်ခုကပဲ ရှုဖန်းကို တိုးတက် သင့်သလောက် မတိုးတက် စေခဲ့တာပါ။ မဟုတ်ရင်တော့ ရှုဖန်းက အခုလောက်ဆိုရင် လီရှင်းယုလောက် အစွမ်း မထက်ရင်တောင် ချန်ယွန်ဟူလောက်တော့ အစွမ်းထက် နေလောက်ပါပြီ။
ရှုဖန်းက မဲ့ပြုံးတစ်ချက် ပြုံးရင်းနဲ့ ခေါင်းခါလိုက်ပါတယ်။
သူက သူ့ရဲ့ အမှားကို ရှာတွေ့သွားပြီ ဖြစ်တဲ့အတွက် လီရှင်းယု အကြောင်းကိုလည်း ဆက်မတွေး တော့ပါဘူး။
ဘာဖြစ်လို့လည်း ဆိုတော့ သူက ခံစားချက်မဲ့ဓား ရှုဖန်း ဖြစ်နေသည် မဟုတ်ပါလား။
" အားယား … သည်လီရှင်းယု ကတော့ လူမှုရေးတောင် နားမလည်တဲ့ ကောင်ပဲဟ "
လီဖူချန်းက ရယ်လိုက်မိပါတယ်။
လီရှင်းယုက သည်လောက်လူတွေ အများကြီးရှေ့ မှာတောင်မှ မာနကြီးသည် ဆိုတဲ့ ကျားဓားရှင်နဲ့ ခံစားချက်မဲ့ဓားကို 'မင်းတို့နှစ်ယောက် အနိုင်ကျင့် ခံနေရတာလား' လို့ ပေါ်တင်ကြီး ပြောချလိုက်သည် မဟုတ်ပါလား။
လီဖူချန်းက လီရှင်းယုရဲ့ စိတ်ရင်းအမှန် ကိုတော့ ခံစားမိပါတယ်။ သူက ရှုဖန်းနဲ့ ချန်ယွန်ဟူ တို့ကို သိက္ခာချချင်လို့ ပြောလိုက်တာ မဟုတ်ပါဘူး။ လီရှင်းယုက သူမြင်တဲ့ အတိုင်းကိုသာ တဲ့တိုးကြီး ပြောလိုက်တာပဲ ရှိပါတယ်။
" ကြည့်ရတာ သည်ကောင်က ဓားတာအို လမ်းစဉ်က လွဲပြီး ဘာမှ မသိဘူး ထင်တယ်"
လီဖူချန်းက ကောက်ချက်ချ လိုက်ပါသေးတယ်။
လီရှင်းယုရဲ့ ချီအရှိန်အဝါ တွေက ဓားမုန်တိုင်းနဲ့ ဆင်တူပြီး လုရီရဲ့ ချီအရှိန်အဝါထက် လုံးဝ မနိမ့်ကျပါဘူး။
" လီရှင်းယု … အရင်တစ်ခေါက်တုန်း ကတော့ မင်းက ငါ့ရဲ့ ဓားချက်သုံးချက် ကိုတောင် မခံနိုင်ခဲ့ဘူး။ မင်းက တစ်နှစ်လောက် ကြာသွားတာနဲ့ ငါ့ကို အနိုင်ယူနိုင်မယ် ထင်နေတာလား …"
လုရီက စကားတိုက် စစ်ထိုးပြီး လီရှင်းယုရဲ့ စိတ်ဓာတ်အင်အား ပြိုကွဲသွားအောင် လုပ်ဖို့ ကြိုးစား လိုက်ပါသေးတယ်။
လီရှင်းယုကတော့ တစ်ခွန်းပဲ ပြန်ပြောလိုက်ပါတယ်။
" တိုက်ရအောင်"
သူက စကားပြော နေရတာကို စိတ်မဝင်စားပါဘူး။ လီရှင်းယုရဲ့ အမြင်မှာတော့ ဒါက အပို အလုပ်ကြီးပါပဲ။
လုရီက ဘာဆက်ပြောလို့ ပြောရမှန်းမသိ ဖြစ်သွားပါတယ်။ သူက ဓားအရူး သူတော်ရဲ့ အမူအကျင့်ကို သိမထားတဲ့ အတွက် အခုလို ဖြစ်သွားရတာပါ။
" မင်းတိုက်ချင်တယ် ဆိုတော့လည်း တိုက်ကြတာပေါ့"
လုရီက စကားဆက် မပြောတော့ပဲ ဓားကို တစ်လက်မချင်း ဆွဲထုတ်လိုက်ပါတယ်။
" ဓားရိပ်တစ်ရာ သတ်စမ်း "
လီရှင်းယုကတော့ လုရီ ဓားထုတ်နေတာ ကိုတောင် ပြီးအောင် မစောင့်တော့ပဲ ဦးအောင် တိုက်လိုက်ပါပြီ။ သူက တိုက်ပွဲကို အကြာကြီးဆို တိုက်ချင်ပုံ မရပါဘူး။ သူ့ဆီကနေ ပထမဆုံး ထွက်လာတဲ့ ဓားကွက်ကတော့ သူ့ရဲ့ ပေါင်းချုပ် ဓားကွက်ပါပဲ။
ပတ်ဝန်းကျင် လေထု တစ်ခုလုံးက ဓားချီတွေနှင့် ပြည့်နှက်သွားပြီး ဓားကိုင်ဆောင်ထားတဲ့ လီရှင်းယုရဲ့ ပုံရိပ်တွေက မရေမတွက် နိုင်အောင် များပြား လာခဲ့ပါတယ်။
"ဘာသိုင်းကွက်လည်းဟ"
ဘေးက ကြည့်နေတဲ့ လီဖူချန်းတောင်မှ မျက်လုံးပြူး သွားခဲ့ပါပြီ။
သိုင်းကွက်တွေအပေါ် နားလည်နိုင်မှု မှာတော့ ဘယ်သူမှ သူ့ကို မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ သိုင်းကွက် ကျင့်သားရနေမှု မှာတော့ သူက လီရှင်းယုကို မမီနိုင် သေးပါဘူးလေ။
လီဖူချန်းက လွန်ခဲ့တဲ့ နှစ်လကမှ အသက်၂၀ ပြည့်ခဲ့တာပါ။ လီရှင်းယု ကတော့ အသက်၁၃နှစ်သား ကတည်းက မိုးပြာရောင် ဂိုဏ်းထဲကို ဝင်ခဲ့တာဖြစ်ပြီး အသက်၂၆နှစ် ပြည့်ပြီးပါပြီ။
သည်လောက်နှစ်တွေ အကြာကြီး လေ့ကျင့်ထားတဲ့ လီရှင်းယုရဲ့ ဓားသိုင်း ထုတ်ပုံက သူ့ထက် အများကြီး သာနေတာ အံ့သြစရာတော့ မဟုတ်ပါဘူး။
လုရီကတော့ အသက်တစ်ဝကြီး ရှူလိုက်ပြီး သူ့ရဲ့ ပေါင်းချုပ်သိုင်းကွက်ကို ပြန်ထုတ်လိုက်ပါပြီ။ လုရီရဲ့ ခေါင်းပေါ်မှာ နှစ်ဖက်သွားဓား သဏ္ဌာန် ပုံရိပ်တစ်ခု ဖြစ်ပေါ် လာခဲ့ပါတယ်။
ရွှမ်း … ရွှမ်း … ရွှမ်း …
ထို့နောက်မှာတော့ ပတ်ဝန်းကျင် လေထု တစ်ခုလုံးကို လုရီရဲ့ ဓားရိပ်တွေက ပြန်ဖုံးအုပ် သွားပြီး လီရှင်းယုရဲ့ ပုံရိပ်တွေကို ပျောက်ကွယ် သွားစေပါတယ်။
လီရှင်းယုရဲ့ ပုံရိပ်တွေကို ပျောက်ကွယ် သွားစေပြီး နောက်မှာတော့ လုရီက နောက်ထပ် ပေါင်းချုပ်ဓားကွက် တစ်ကွက် ပြောင်းလိုက်ပါတယ်။
" ဝံပုလွေ ဓားသိုင်း"
လုရီရဲ့ နောက်မှာ ဝံပုလွေ ပုံသဏ္ဌာန် အရိပ်တစ်ခု ထပ်ပြီး ပေါ်လာ ခဲ့ပြန်ပါပြီ။
'ပေါင်းချုပ်သိုင်းကွက် နောက်တစ်မျိုးလားဟ'
လီဖူချန်းက အံ့သြသွားပါတယ်။ ကြည့်ရတာတော့ ကျားနဂါး စာရင်းဝင် တော်တော်များများက ပေါင်းချုပ်တိုက်ကွက် ၂မျိုး ဒါမှမဟုတ် ၃မျိုးအထိ တီထွင် ဖန်တီးထားနိုင်ခဲ့တဲ့ ပုံပါပဲ။
***