အပိုင်း ၂၅၂
Vol. 18 Ch. 252
ပေါင်းချုပ်တိုက်ကွက် များများကို ပိုတီထွင် ထားနိုင်လေလေ လူတစ်ယောက်ရဲ့ တိုက်ခိုက်နိုင်စွမ်းက ပိုကောင်းလေလေပါပဲ။
အဆင့်အတန်း နိမ့်ကျတဲ့ ဆန်းကြယ် အလယ်အလတ် ပေါင်းချုပ်ဓားကွက်က ဆန်းကြယ် အလယ်အလတ် အဆင့် ဓားသိုင်းနဲ့ အဆင့်အတန်းချင်း အတူတူပါပဲ။ ဒါပေမဲ့ အဲသည်ပေါင်းချုပ် ဓားကွက်က ခုခံရတာ ပိုခက်ခဲပါတယ်။
အဆင့်အတန်း မြင့်တဲ့ ဆန်းကြယ် အလယ်အလတ် ပေါင်းချုပ်ဓားကွက် ကတော့ ခုခံရ ပိုခက်ရုံမက အလွန်အားကောင်းတဲ့ ပေါက်ကွဲမှု တွေကိုပါ ဖြစ်စေတာပါ။ ပြောရမယ် ဆိုရင်တော့ ဆန်းကြယ် အဆင့်မြင့် ဓားသိုင်း တွေကိုတောင် မီလုနီးပါးပါပဲ။
ဒါပေမဲ့ တစ်ခု သတိပြုရမှာ ကတော့ အဆင့်အတန်း မြင့်တဲ့ ပေါင်းချုပ်သိုင်းကွက် တွေကို ဖန်တီးရတာက သာမန် ပေါင်းချုပ်သိုင်းကွက် တွေထက် ပိုခက်တယ် ဆိုတာကိုပါ။
တစ်နည်းအားဖြင့် ဆိုရရင်တော့ ပေါင်းချုပ် သိုင်းကွက်က အဆင့်အတန်း မြင့်လေလေ ပေါင်းစပ် ဖန်တီးရတာ ပိုခက်လေလေပါပဲ။
ဒါက မင်း ဆန်းကြယ် အလယ်အလတ် အဆင့် ဓားသိုင်းတွေကို ဘယ်လောက် နားလည်သလဲ ဆိုတာနဲ့ မင်းရဲ့ တီထွင်ဖန်တီး ကွန့်မြူးနိုင်စွမ်း ဘယ်လောက် ရှိသလည်း ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။
လူတစ်ယောက်က ဆန်းကြယ် အလတ်အလတ် ဓားဆန္ဒကို အပေါ်ယံပဲ နားလည် သဘာပေါက်မယ် ဆိုရင်တော့ အဆင့်နိမ့် ပေါင်းချုပ်သိုင်းကွက် တစ်ကွက်ကိုသာ တီထွင်နိုင်ပါလိမ့်မယ်။
ဒါပေမဲ့ လူတစ်ယောက်က ဆန်းကြယ် အလယ်အလတ် အဆင့် ဓားဆန္ဒကို နက်ရှိုင်းစွာ သဘောပေါက် နားလည် နိုင်သွားမယ် ဆိုရင်တော့ဖြင့် အဆင့်အတန်း မြင့်တဲ့ ပေါင်းချုပ်သိုင်းကွက် တစ်ကွက်ကို တီထွင် သွားနိုင်မှာပါ။
ပြီးတော့ မင်းက ဆန်းကြယ် အလယ်အလတ် ဓားဆန္ဒကို အဆုံးစွန်သော ကန့်သတ်ချက် အထိ နားလည်သဘောပေါက် နိုင်ပြီ ဆိုရင်တော့ မင်းဖန်တီးလိုက်တဲ့ ပေါင်းချုပ်သိုင်းကွက်က ဆန်းကြယ် အဆင့်မြင့် ဓားကွက်ကိုတောင် ယှဉ်လို့ရတဲ့ အထိ ဖြစ်သွား နိုင်ပါသေးတယ်။
ပေါင်းချုပ်သိုင်းကွက် တွေကို တီထွင် ဖန်တီးရာမှာ အခြားသော အခြေအနေ တစ်ရပ် ရှိပါသေးတယ်။
ပေါင်းချုပ်သိုင်းကွက် တစ်ကွက်မှာ ဓားဆန္ဒ တစ်ခုပဲ ပါရမယ်လို့ မသတ်မှတ် ထားပါဘူး။ မင်းပေါင်းစပ် ဖန်တီးနိုင်ရင် နိုင်သလောက် ဓားဆန္ဒ ၂မျိုး ဒါမှမဟုတ် ၃ မျိုးအထိတောင် ပေါင်းထည့်လို့ ရပါသေးတယ်။
ဥပမာ ပြောရမယ် ဆိုရင်တော့ လီဖူချန်း တီထွင်ထားတဲ့ သူ့ရဲ့ ပေါင်းချုပ် ဓားကွက်ပေါ့လေ။ အဲသည် ဓားကွက်ထဲမှာ ဆိုရင် မီးတောက်ကြယ် ဓားဆန္ဒနဲ့ ပြောင်းလဲခြင်း ကိုးကွက် ဓားဆန္ဒပါသည် မဟုတ်ပါလား။
ဓားဆန္ဒနှစ်ခု ပါဝင်တဲ့ ပေါင်းချုပ်ဓားကွက်က ပိုပြီးတော့ အပြောင်းအလဲ များသလို ပိုပြီးတော့လည်း ခုခံရ ခက်ပါတယ်။ ပြီးတော့ သူ့ရဲ့ ပေါက်ကွဲအားကလည်း သာမန် ပေါင်းချုပ် ဓားကွက်တွေထက်ကို ၃ ဆလောက် ပိုအားကောင်းပါတယ်။
သီအိုရီ သဘောတရား အရဆိုရင်တော့ ပေါင်းချုပ်ဓားကွက် တစ်ခုတည်းကိုသာ လုံလောက်တဲ့ အရေအတွက် တစ်ခုအထိ ဓားဆန္ဒတွေ ထည့်သွင်းပေးနိုင်မယ် ဆိုရင်ဖြင့် အဲသည် ပေါင်းချုပ်ဓားကွက်က ဆန်းကြယ် အဆင့်မြင့် ဓားသိုင်းထက်တောင် ပိုပြီး အားကောင်း နိုင်ပါသေးတယ်။ အဲဒါက တကယ် ဟုတ်မဟုတ် ဆိုတာကိုတော့ ဘယ်သူမှ မသိသေးပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ အခုချိန်အထိ တစ်စုံတစ်ဦး တစ်ယောက်ကမှ အဲသည်အဆင့်အထိ ရောက်အောင် မလေ့ကျင့် နိုင်သေးလို့ပါပဲ။
ဓားကွက် တစ်ခုတည်းကို ဓားဆန္ဒတွေ အများကြီး ပေါင်းစပ် ထည့်သွင်း လိုက်မယ်ဆိုရင် အဲသည်ဓားကွက်က အရမ်းကို ထိန်းချုပ်ရ ခက်သွားပါလိမ့်မယ်။
အစောပိုင်း အဆင့်တွေမှာ ဆိုရင်တော့ လီဖူချန်း တစ်ယောက် သူ့ရဲ့ ပေါင်းချုပ် ဓားကွက်ထဲကို ဓားဆန္ဒနှစ်ခု ပေါင်းထည့် ထားသလိုပဲ လွယ်ကူ ချောမွေ့ နေပါလိမ့်မယ်။
ဒါပေမဲ့ ပေါင်းချုပ် ဓားကွက်ထဲမှာ ဓားဆန္ဒတွေ တဖြည်းဖြည်း များလာပြီး ပိုအားကောင်းလာပြီ ဆိုရင်တော့ ပြဿနာက စလာပါတော့မယ်။ ပေါင်းချုပ် ဓားကွက်ထဲမှာ ရှိနေတဲ့ ဓားဆန္ဒတွေက သဟဇာတ မဖြစ်တော့ဘဲ အချင်းချင်း တွန်းကန် တိုက်ခိုက်နေကြမှာ ဖြစ်တဲ့အတွက် ဘယ်လိုမှ အဲသည် ပေါင်းချုပ်ဓားကွက်ကို အသုံးပြုလို့ ရမှာ မဟုတ်တော့ပါဘူး။
လီဖူချန်းတစ်ယောက် သည်စွန့်စားခန်း ခရီးကို စထွက်ခဲ့တုန်းကတော့ သူ့ရဲ့ ဆန်းကြယ်အလယ်အလတ်ဓားဆန္ဒတွေက စတင်ဖွံ့ဖြိုးမှုတွေ ဖြစ်ပေါ်နေတုန်း မှာပဲ ရှိပါသေးတယ်။
အခုတော့ သူ့ရဲ့ ဆန်းကြယ် အလယ်အလတ် ဓားဆန္ဒတွေက ဖွံ့ဖြိုး ပြီးသွားပါပြီ။
သူ့ရဲ့ အလွန်အားကောင်းတဲ့ အသိစိတ် အာရုံနဲ့ ထိုးထွင်း သိမြင်မှုသာ မရှိခဲ့ဘူး ဆိုရင် လီဖူချန်းက သူ့ရဲ့ ပေါင်းချုပ် ဓားကွက်ထဲကို ဘယ်လိုမှ ဓားဆန္ဒ၂ခု ထည့်သွင်း ထားနိုင်မှာ မဟုတ်ပါဘူး။
တစ်နေ့မှာ သူ့ရဲ့ ဆန်းကြယ် အလယ်အလတ် ဓားဆန္ဒတွေက အဆုံးစွန်သော ကန့်သတ်ချက်ကို ရောက်သွားခဲ့ပြီ ဆိုရင်တော့ လီဖူချန်းတစ်ယောက် ပြဿနာ စတက်တော့မှာပါ။
ဒါပေမဲ့လည်း ကောင်းကင်ဘုံက လူတစ်ယောက်ရဲ့လမ်းကြောင်းကို အမြဲတမ်း ပိတ်ထားမှာ မဟုတ်ပါဘူး။ သည်ပြသနာကို ဖြေရှင်းဖို့ နည်းလမ်း တစ်ခုခုကတော့ ရှိနေဦးမှာပါ။ ဘယ်သူမှ မတွေ့သေး တာလည်း ဖြစ်နိုင်ပါတယ်လေ။
ဒါပေမဲ့ သည်ကိစ္စက ပြောတာကသာ လွယ်တာပါ။ လက်တွေ့မှာတော့ ဘယ်သူမှ မလုပ်နိုင်သေးပါဘူး။
***
ဝံပုလွေ ဓားချက် ထွက်လာတာနဲ့ လီရှင်းယု အတွက် လှုပ်ရှားစရာ နေရာလွတ်တွေ မရှိသလောက် နည်းပါး ကုန်ပါတယ်။
လီရှင်းယုက ဒေါသတကြီးဖြင့် ဓားကို ဝှေ့ယမ်းပြီး လုရီရဲ့ ဓားချီတွေကို ခုတ်ပိုင်း နေရတယ်လေ။ လုရီရဲ့ ဓားချက်က ဧရိယာလိုက်ကို ထိန်းချုပ်ထားတာ ဖြစ်တဲ့အတွက် ဘယ်လိုမှ ရှောင်လို့ မရပါဘူး။
" ဓား၁၀လက် သတ်စမ်း"
လီရှင်းယုက မျက်လုံးအစုံ ကျဉ်းမြောင်းသွားပြီး သူ့ရဲ့ ဒုတိယ ပေါင်းချုပ်ဓားကွက်ကို ထုတ်လိုက်ပါပြီ။
ဘုန်း …
ချီအတွင်းအားလှိုင်း တွေက ပြောင်းပြန် ဖြစ်ကုန်ပြီး လီရှင်းယုကို ဝန်းရံနေတဲ့ ဓားဆန္ဒနဲ့ ဓားချီတွေက လုရီဆီကို ပြန်ပြေးဝင်ကုန်ပါတယ်။
သူ့ရဲ့ သည်ဓား၁၀လက်က ဓားချီ အရေအတွက် ပိုနည်းပေမဲ့ ပိုပြီး အားကောင်း လာသလို ကြောက်စရာ ကောင်းတဲ့ အရှိန်အဝါ တစ်ခုကလည်း ပေါ်လာပါသေးတယ်။
ဝုန်း …
ဝရော … ဝရော …
ကြောက်စရာ ကောင်းတဲ့ ငလျင်ကြီး တစ်ခုက လုရီနဲ့ လီရှင်းယုကို ဗဟိုပြုပြီး လှုပ်ခတ်လာသလို နှစ်ယောက်စလုံး ကလည်း အနောက်ကို လွင့်ထွက် သွားကြပါပြီ။
သူတို့ နှစ်ယောက်ကြားက မဟာမြေကြီး ပေါ်မှာလည်း ထောင်နဲ့ချီတဲ့ ဓားရာတွေ ဖြစ်ပေါ် လာခဲ့ပါတယ်။ မသိရင်တော့ သည်နေရာမှာ မြေကမ္ဘာ ပညာရှင်တွေ အများကြီး တိုက်ခိုက် သွားကြသလိုပါပဲ။
"သည်လို အားကောင်းလို့ပဲ ဒုတိယမြောက် ပေါင်းချုပ်သိုင်းကွက်ကို တီထွင် ဖန်တီးနိုင်တာကိုး "
"လုရီက ကျားနဂါး စာရင်းရဲ့ နံပါတ်၇၂ ပီသ ပါပေတယ်ကွာ။ သည်ပေါင်းချုပ် ဓားကွက်ကို ကျားနဂါး စာရင်းရဲ့ အဆင့်နိမ့်ပိုင်းက လူတွေ ခံနိုင်မှာ မဟုတ်ဘူး"
" ဓားအရူးသူတော် လီရှင်းယု ကလည်း အံ့သြစရာပဲဟေ့။ သူက လုရီကိုတောင် လက်ရည်တူ ယှဉ်ပြိုင်နိုင်တယ်။
ပွဲကြည့်နေတဲ့ လူတွေကတော့ အံ့သြ ကုန်ကြပါပြီ။
ပေါင်းချုပ်သိုင်းကွက် တစ်ကွက် ထွင်တယ်ဆိုတာ လွယ်တဲ့အရာ မဟုတ်ပါဘူး။ အချိန်တွေ အများကြီး ပေးပြီး ပြုပြင် မွမ်းမံနိုင်မှာ ပြီးပြည့်စုံတဲ့ ပေါင်းချုပ်သိုင်းကွက် တစ်ကွက်ကို ရနိုင်တာပါ။
ဒါပေမဲ့ သည်နှစ်ယောက် ကတော့ ဒုတိယမြောက် ပေါင်းချုပ်သိုင်းကွက် ကိုတောင် တီထွင်ဖန်တီး ပြီးသွားပါပြီလေ။
လီရှင်းယုနဲ့ လုရီကတော့ သူတို့ရဲ့ ပေါင်းချုပ် တိုက်ကွက်တွေက တစ်ဖက်လူကို အနိုင်မယူနိုင်ဘူး ဆိုတာ သိသွားကျပြီ ဖြစ်တဲ့ အတွက် အနီးကပ် တိုက်ခိုက် နေကြပါတော့တယ်။
ကျားနဂါး စာရင်းဝင်တစ်ယောက် ဆိုသည့်အတိုင်း လုရီရဲ့ ဓားသိုင်းက တကယ်ပဲ ကောင်းလှပါတယ်။ သူ့ရဲ့ ဓားက ကောင်းကင်ပေါ်မှာ မျောလွင့်နေတဲ့ တိမ်တွေအလား အစိုးမရဘဲ သွားချင်သည့်ဘက်ကို ရုတ်တရက် ပြောင်းပြောင်း သွားပါသေးတယ်။
ဓားအရူး သူတော်ရဲ့ ဓားချက် တွေကတော့ ပစ်မှတ် တစ်ခုတည်းကိုပဲ ဦးတည်နေပါတယ်။ သူက လုရီကို ခေါင်းဖြတ်ဖို့က လွဲပြီး ဘာကိုမှ စိတ်မဝင်စားသည့် ပုံပါပဲ။
ထန် … ထန် … ထန် …
သူတို့နှစ်ယောက်ရဲ့ ဓားတွေက အချင်းချင်း တွေ့ဆုံလိုက်တိုင်းမှာ မီးပွင့်လေးတွေ ထွက်ပေါ် လာပါသေးတယ်။
သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှု တွေက ဘယ်လောက်အထိ လျင်မြန် လာသလည်းဆိုရင် ဘယ်သူက လီရှင်းယု ဘယ်သူက လုရီဆိုတာ ကိုတော့ သဲသဲကွဲကွဲ မမြင်ရတော့တဲ့ အထိပါပဲ။
" သည်အတိုင်း ဆိုရင်တော့ ကျားနဂါး စာရင်းဝင် တွေကို အထင်သေးလို့တော့ မရဘူးပဲ"
လီဖူချန်းရဲ့ အားကောင်းတဲ့ အသိစိတ် အာရုံက သည်နှစ်ယောက်ရဲ့ တိုက်ပွဲကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့စေပါတယ်။ တိုက်ခိုက်နေသူ နှစ်ယောက် သတိမပြု မိတဲ့ အချက်တွေကို တောင်မှ လီဖူချန်းက မြင်နေရပါသေးတယ်။
သူ့ရဲ့ မျက်လုံးထဲမှာတော့ လုရီရဲ့ ဓားက ကိုယ်ပိုင် အသက်ဝိညာဉ် ရှိနေသလိုပါပဲ။ ပြီးတော့ လုရီရဲ့ ဓားကွက် အပြောင်းအလဲက အရမ်းကို မြန်ဆန်ပြီး မာယာ များလွန်းလှပါတယ်။ အားမပါဘူးဟု ထင်ရသည့် ဓားချက်ကလေး တစ်ချက်ကနေ ရုတ်တရက် တောင်ကြီးတစ်တောင် ကိုတောင် ပိုင်းဖြတ် နိုင်လောက်အောင် အားကောင်းသည့် ဓားချက်တစ်ချက် အဖြစ် ရုတ်ခြည်း ပြောင်းလဲ သွားနိုင်ပါတယ်။
လီရှင်းယုရဲ့ ဓားချက်တော့ လုံးဝကို တိကျပြီး အနုစိတ် လှပါတယ်။ သူ ထုတ်လိုက်တဲ့ ဓားချက်တိုင်းက တစ်လက်မမကျန် အတိအကျ တွက်ချက်ထားသည့် အလားပါပဲ။
သည်နှစ်ယောက်စလုံးရဲ့ ဓားသိုင်းက အလွန်တရာမှ ကောင်းမွန် နေတဲ့အတွက် ဘယ်သူ အနိုင်ရမလည်း ဆိုတာကိုတောင် ခန့်မှန်းလို့ မရတော့ပါဘူး။
သိုင်းကွက် ၁၀၀ … သိုင်းကွက် ၂၀၀။
လုရီနဲ့ လီရှင်းယုရဲ့ တိုက်ပွဲကတော့ တောမီးလိုပါပဲ။
လောင်စရာ မကုန်သေးသရွေ့ ကတော့ အရှိန်အဟုန် ကောင်းကောင်းနဲ့ ဆက်လောင် နေဦးမှာပါ။
'လီရှင်းယုရဲ နိုင်ခြေက ပိုများလာပြီ။ သူ့ရဲ့ ဓားကွက်တွေက လုရီရဲ့ ဟာကွက်တွေထဲကို တဖြည်းဖြည်းနဲ့ ဝင်လာတော့မယ်'
လီဖူချန်းက နောက်ဆုံးမှာတော့ အနိုင်ရနိုင်မည့် လူကို ခန့်မှန်း လာနိုင်ခဲ့ပါပြီ။
"စိတ်ဝင်စားစရာပဲ။ ကြည့်ရတာတော့ မိုးပြာရောင်ဂိုဏ်းနဲ့ ချောင်းစွယ်တိမ်တိုက် ဂိုဏ်းမှာလည်း လူတော် တစ်ယောက်စ၊ နှစ်ယောက်စ ရှိနေတာပဲကွ"
ရုတ်တရက် လူငယ်တစ်စုက လုရီနဲ့ လီရှင်းယုတို့ တိုက်ခိုက်နေတဲ့ နေရာကို ရောက်လာကြပါတယ်။
ထိုလူငယ်တွေ အားလုံးက နဂါးပုံ ပါဝင်တဲ့ ရွှေရောင်ဖျော့ဖျော့ ဝတ်ရုံရှည်တွေကို ဝတ်ဆင် ထားပါသေးတယ်။
ထိုလူငယ်အုပ်စုရဲ့ ခေါင်းဆောင်ကတော့ ခေါင်းပေါ်မှာ ရွှေသရဖူ တစ်ခုကို ဆောင်းထားပြီး မျက်နှာက တစ်လောကလုံး သူ့လုပ်စာ ထိုင်စားနေသည့် အလားပါပဲ။ သူ့ရဲ့ ဘယ်ဘက်ခါး ပေါ်မှာတော့ ဓားတစ်ချောင်း ချိတ်ဆွဲထားပြီး ညာဘက်မှာတော့ ပလွေ တစ်ချောင်း ရှိနေပါတယ်။
တစ်ချက်တစ်ချက် သူ့ရဲ့ အကြည့်တွေက အလွန်စူးရှ လှပြီး ခန္ဓာကိုယ် ကနေလည်း မြင့်မြတ်တဲ့ တော်ဝင် အရှိန်အဝါတွေ ထွက်ပေါ်နေပါသေးတယ်။ ခြုံပြောရမယ် ဆိုရင်တော့ ထိုလူငယ်က ဓားတို့ရဲ့ အထွတ်အခေါင် ဓားဘုရင် တစ်ဦးလိုပါပဲ။
" အဲဒါက ကောင်းကင်နဂါးဂိုဏ်း တပည့်တွေပဲ"
" ဒါဆိုရင် အဲသည်လူငယ်က နဂါးဓား သခင်လေး ချုးယီပေါ့"
ကောင်းကင်နဂါးဂိုဏ်း ဆိုတာက အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ ရှိတဲ့ အကျော်ကြားဆုံး ဓားဂိုဏ်းကြီး နှစ်ဂိုဏ်းထဲက တစ်ဂိုဏ်းပါ။
ဒါကြောင့် လူတော်တော်များများ ကလည်း သူတို့ကို မှတ်မိပါတယ်။
မိုးပြာရောင် ဂိုဏ်းတို့၊ ချောင်းစွယ်တိမ်တိုက် ဂိုဏ်းတို့နဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့ ကောင်းကင်နဂါးဂိုဏ်း အများကြီး ပိုအဆင့်မြင့်ပါတယ်။
နဂါးဓား သခင်လေး ချူးယီ ဆိုတာကတော့ ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင် ဖြစ်ပြီး ရာစုနှစ်တစ်ခုမှာ တစ်ယောက်သာ ပေါ်ထွန်းတယ်လို့ သတ်မှတ် ခံထားရတဲ့ ဓားပါရမီရှင် တစ်ယောက်ပါ။
သူက ကျားနဂါး စာရင်းမှာ အဆင့်၂၈ ရထားတဲ့ သူတစ်ယောက်လည်း ဖြစ်ပါသေးတယ်။
ပြီးခဲ့တဲ့ တစ်ခေါက် ပြိုင်ပွဲတုန်းကတော့ ချုးယီက အသက် အရမ်းငယ်သေးတဲ့ အတွက် ကျားနဂါး စာရင်းမှာ အဆင့်၂၈ပဲ ရခဲ့တာပါ။ သည်တစ်ခေါက် ကျားနဂါး ပြိုင်ပွဲကျရင်တော့ ချုးယီက ထိပ်ဆုံး၁၀ယောက် စာရင်းထဲကိုပါ ဝင်နိုင်တဲ့ အစွမ်းအစ ရှိနေပါပြီ။
အချို့ကလည်း ထိပ်ဆုံး၃ယောက် စာရင်းထဲကိုပါ ဝင်နိုင်မယ်လို့ ထင်ကြေး ပေးကြပါသေးတယ်။
" ချူးယီက သည်ကို ဘာလာ လုပ်တာလဲဟ "
" ဘာလာလုပ်ရမှာလဲ ... သူလည်း ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက်နယ်မြေ ထဲကို ဝင်မလို့ လာတာပေါ့ကွ"
"ဒါပေါ့ကွ ... ချူးယီက အရင်တစ်ခါတုန်းက ပဉ္စမမြောက် ဆန်းကြယ်တံခါး ကိုပဲ ဖြတ်ကျော် နိုင်ခဲ့တာလေ။ သူ့လို ပါရမီရှင် တစ်ယောက်က သည်အဆင့်လောက်နဲ့ ဘယ်ကျေနပ် တင်းတိမ်နိုင်ပါ့မလဲ။ သူ ဒီတစ်ခါ လာတာက ဆဋ္ဌမမြောက် တံခါးကို ဖြတ်ကျော်ဖို့ အတွက်ပဲ ဖြစ်ရမယ်"
ချူးယီက ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲကို တစ်ခါ ဝင်ခဲ့ပြီးပါပြီ။ အဲသည် အခေါက်တုန်း ကတော့ သူက ပဉ္စမ မြောက်တံခါးကို ဖြတ်ကျော် နိုင်ခဲ့ပါတယ်။ သူက ပဟေဠိ သိုင်းသမား တစ်ယောက်ရဲ့ တပည့်ရင်း ဖြစ်ခွင့် ရခဲ့ပေမဲ့လည်း မယူခဲ့ပါဘူး။
ပဟေဠိ သိုင်းသမားတွေက နံပါတ်စဉ် အလိုက် အစွမ်းတွေ ကွာဟကြပါတယ်။
နံပါတ်၈ ပဟေဠိ သိုင်းသမားက စွမ်းရည် အညံ့ဆုံး ဖြစ်ပြီး နံပါတ်၁ ပဟေဠိ သိုင်းသမားက စွမ်းရည် အကောင်းဆုံးပါ ။ ဒါပေမဲ့ နံပါတ်၁ ပဟေဠိ သိုင်းသမားနဲ့ နံပါတ်၂ ပဟေဠိ သိုင်းသမားက စွမ်းရည်ချင်း သိပ်မကွာဘူး လို့လည်း ပြောကြပါတယ်။
ချူးယီက ထိပ်ဆုံးပဟေဠိ သိုင်းသမား နှစ်ယောက်ထဲက တစ်ယောက်ရဲ့ တပည့်ဖြစ်ဖို့ ရည်မှန်းထားတာပါ။
ပြီးတော့ ထိပ်ဆုံးမှာရှိတဲ့ ပဟေဠိ သိုင်းသမား နှစ်ယောက်က အခုထက်ထိ တပည့် လက်မခံ ထားသေးပါဘူး။ ဒါကြောင့်လည်း သူက ဆဋ္ဌမမြောက် တံခါးကို ဖြတ်ကျော်ချင်နေတာ ဖြစ်ပါတယ်။ တကယ်လို့ ချူးယီသာ ဆဋ္ဌမမြောက် တံခါးကို ဖြတ်ကျော်နိုင်ပြီ ဆိုရင်တော့ ထိပ်ဆုံး ပဟေဠိ သိုင်းသမား နှစ်ယောက်ထဲက တစ်ယောက်ရဲ့ လက်ရင်းတပည့် ဖြစ်ဖို့ သေချာသွားပါပြီ။
***