← Chapters

သတိပြုမိခြင်း

Vol. 19 Ch. 253

သတိပြုမိခြင်း

Vol. 19 Ch. 253

နဂါးဓားသခင်လေး ချူးယီ ရောက်ရှိလာမှုက မြို့အရှေ့ဘက် တံခါးအပြင်မှာ ရှိနေတဲ့ လူတွေ အကုန်လုံးကို  စိတ်လှုပ်ရှား စေခဲ့ပါတယ်။

အရှေ့တိုင်းယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာတော့ အသက်၃၅နှစ် အောက်မှာရှိတဲ့ လူတွေ အကုန်လုံးက လူငယ်တွေပါပဲ။

လက်ရှိလူငယ် မျိုးဆက်ကတော့ ပါရမီနဲ့ အလားအလာ ကောင်းတဲ့ လူငယ်တွေနှင့် ပြည့်နှက်နေသည် မဟုတ်ပါလား။

လက်ရှိ မျိုးဆက် ထဲမှာဆိုရင်  သခင်လေး၆ပါး၊ နတ်မိမယ်၄ဖော်နဲ့  ကြယ်ဘုရင် ၃ပါးတောင်မှ ရှိနေတယ်လေ။

နဂါးဓားသခင်လေး ချူးယီဆိုတာက သခင်လေး ၆ပါးထဲက တစ်ပါး အပါအဝင်ပါ။

နတ်စမ်းရေ တောင်ကြားက စုမုယူကတော့  နတ်မိမယ် ဆိုတဲ့ ဘွဲ့ထူးကို ရယူထားပါတယ်။

နက္ခတ်တာရာဂိုဏ်းရဲ့  သခင်လေးကလည်း   သခင်လေး ၆ပါးထဲက  လူငယ် တစ်ယောက်ပါပဲ။

တုံလင်ကလန်ရဲ့ ရှဟိုချောင်ကလည်း တုံလင် သခင်လေးဆိုတဲ့ ဘွဲ့ထူးကို ပိုင်ဆိုင် ထားသလို  ကောင်းကင် နတ်ဆိုး ဂိုဏ်းမှာတေ့ာ နတ်မိမယ် ရန်ချင်းဟူ ရှိပါတယ်။

သည်လူငယ်တွေ အားလုံးကတော့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေ ဒါမှမဟုတ် ကြယ်၅ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေပါပဲ။

ဟုတ်ပါတယ်။ သည်စာရင်းထဲကို မဝင်သေးတဲ့ အခြားသော ကြယ်၅ပွင့် အထူး အရိုး တည်ဆောက်ပုံ ကျန်ပါသေးတယ်။

ဥပမာအားဖြင့် တုံလင်ကလန်ရဲ့ ရှဟိုရှီပေါ့။

ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေကတော့ သည်အုပ်စုထဲကို အငြင်းပွားစရာ မရှိ ဝင်ရောက် နိုင်ပေမယ့် ကြယ်၅ပွင့် အထူးအရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေကတော့ သူတို့ရဲ့ လက်ရှိ စွမ်းဆောင် နိုင်ပုံတွေကို ထည့်တွက် ခံရပါသေးတယ်။ ရှဟိုရှီကတော့ အခုချိန်မှာ သခင်လေး စာရင်းထဲမှာ ထည့်သွင်းဖော်ပြ မခံရ သေးပေမယ့်လည်း နောင်တစ်ချိန်မှာတော့ ထည့်သွင်း ဖော်ပြခြင်း ခံရမှာပါ။

ကြယ်ဘုရင် သုံးပါးဆိုတာကတော့ အရှေ့ယူနီကွန်း လူငယ်မျိုးဆက်ရဲ့ အထွတ်အခေါင် ပါရမီရှင် သုံးပါးကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ သူတို့ရဲ့ အဆင့်အတန်းက သခင်လေး ၆ပါးနဲ့ နတ်မိမယ် ၄ဖော်ထက်ကို ပိုပြီး အဆင့်မြင့်ပါတယ်။

ပြီးခဲ့တဲ့ တစ်ခေါက်  ကျားနဂါး ပြိုင်ပွဲက ထိပ်ဆုံးလူငယ် သုံးယောက်ကို ကြယ်ဘုရင်တွေလို့ သတ်မှတ်ထားတာပါ။ သူတို့ သုံးယောက်စလုံးရဲ့ အစွမ်းအစတွေက ဘယ်သူမှ နှိုင်းယှဉ်လို့ မရအောင် အစွမ်းထက်တယ် ဆိုတာကိုတော့ မေးနေစရာ မလိုတော့ပါဘူးလေ။

ဒါပေမဲ့ ဒါက လက်ရှိလူငယ် မျိုးဆက်ကိုပဲ ဆိုလိုတာပါ။ အသက်၃၅နှစ် ကျော်သွားပြီ ဖြစ်တဲ့ ပါရမီရှင်တွေကတော့ ထည့်တွက် မခံရတော့ပါဘူး။

လီဖူချန်းရဲ့ မျက်လုံးတွေကတော့ နဂါး ဓားသခင်လေး ချူးယီဆီကို ရောက်နေပါပြီ။

လီဖူချန်းရဲ့ အမြင်မှာတော့ ချုးယီဆီမှာ အားနည်းချက်ကို မရှိသလောက်ပါပဲ။ ချူးယီရဲ့ ချီအရှိန်အဝါက စူးရှထက်မြက်ပြီးတော့ သိပ်သည်း လွန်းလှပါတယ်။ သူ့ကို ကြည့်လိုက်တာနဲ့ ဘယ်နေရာ ဘယ်ထောင့်ကျဉ်းကနေ မဆို အချိန်မရွေး တိုက်ခိုက်လာနိုင်တဲ့ အငွေ့အသက် တွေကိုလည်း ခံစားရပါသေးတယ်။  ဒါကတော့ လုရီနဲ့ လီရှင်းယုတို့ ဘယ်လိုမှ မယှဉ်နိုင်တဲ့ အရာပါ။

' ဒါကြောင့်လည်း သခင်လေး ၆ပါးထဲ ပါဝင်နေတာကိုး...'

လီဖူချန်းက စိတ်ထဲကနေ ချုးယီကို ချီးကျူး လိုက်ပါတယ်။

လွန်ခဲ့တဲ့ ကျားနဂါး ပြိုင်ပွဲတုန်းကတော့ ချူးယီရဲ့ အဆင့်က ၂၈သာဖြစ်ပေမယ့်လည်း သည်တစ်ခေါက်မှာတော့ သေချာပေါက် ထိပ်ဆုံး ၁၅ယောက်ထဲကို  ပါနိုင်ပါပြီ။

' သူက ဆန်းကြယ် အဆင့်မြင့် ဓားသိုင်းဆန္ဒကို နားလည် သဘောပေါက်နေပြီလား... ... '

လီဖူချန်းရဲ့ မသိစိတ်က လက်ခံထားတဲ့ အရာ တစ်ခုကတော့ သည်လူငယ်မျိုးဆက်ထဲမှာ ဆန်းကြယ် အဆင့်မြင့် ဓားသိုင်းဆန္ဒကို နားလည် ထားတဲ့သူ တစ်ယောက်မက ရှိနေမယ်ဆိုတာပါပဲ။

လီဖူချန်းရဲ့ ထိုးထွင်း သိမြင်နိုင်မှုက နံပါတ်၁ ဖြစ်ရင် ဖြစ်နေပါမယ်။ ဒါပေမဲ့လည်း အချို့အရာတွေကတော့ လေ့ကျင့်သား ပြည့်ဝနေမှ နောက်တစ်ဆင့်ကို တက်လို့ရတဲ့ အရာမျိုးပါ။ သူ့ရဲ့ ထိုးထွင်း သိမြင်မှုက သူနဲ့ ထိပ်တန်း ပါရမီရှင်တွေ ကြားက ကွာချက်ကို လျော့ချ နိုင်ပေမယ့်လည်း  အချိန်တော့ လိုပါသေးတယ်လေ။

နဂါးဓားသခင်လေး ချူးယီက ၂၂နှစ် ရှိနေပါပြီ။ သူက လီဖူချန်းထက်ကို ၂နှစ် ကြီးပါတယ်။ ပြီးတော့ သူက မြေကမ္ဘာနယ်ပယ် အဆင့်၉ပါ။  လီဖူချန်းထက် ၂နှစ်ကြီးတယ် ဆိုတာက ၂နှစ် ပိုလေ့ကျင့်ခဲ့တယ် ဆိုတဲ့ သဘောပါပဲလေ။

ထိပ်တန်းပါရမီရှင်တွေ ကြားမှာတော့ ၂နှစ်လေ့ကျင့်ချိန် ပိုရတယ် ဆိုတာက ကြီးကြီးမားမား အပြောင်းအလဲ တစ်ခုကိုတောင် ဖြစ်သွား စေနိုင်သည် မဟုတ်ပါလား။

လုရီနဲ့ လီရှင်းယုတို့ကလည်း ချူးယီရဲ့ တည်ရှိမှုကို ခံစားလိုက်ရပါတယ်။

ချူးယီဆီကနေ ထွက်ပေါ်နေတဲ့ ဓားအငွေ့အသက်တွေက အရမ်းကို သိပ်သည်း လွန်းနေတယ်လေ။ ဓားသမား အချင်းချင်း ကတော့ သည်လို တည်ရှိမှုမျိုးကို မျက်လုံးမှိတ် ထားရင်တောင်  ခံစားနိုင်စွမ်း ရှိကြသည် မဟုတ်ပါလား။

ဒါပေမဲ့လည်း သူတို့နှစ်ယောက်က ချူးယီကို အာရုံစိုက်ဖို့ အချိန် မရသေးပါဘူး။ သူတို့နှစ်ယောက်ရဲ့ တိုက်ပွဲက လေးကိုင်းကနေ ပစ်လွှတ်လိုက်ပြီးသား ဖြစ်နေတဲ့ မြားတွေလို ဖြစ်နေပါပြီ။ အနိုင်ရသူကို မသိရမချင်းမှာတော့ နောက်ပြန်ဆုတ်လို့ မရတော့ပါဘူးလေ။

ထန်...ထန်...ထန်... ထန်...

သူတို့ နှစ်ယောက်စလုံးက သိုင်းကွက် သိုင်းဟန်တွေဖြင့် တိုက်ခိုက်တဲ့ အဆင့်ကနေ ကြုံရင် ကြုံသလို ထိုးခုတ်နေတဲ့ အဆင့်အထိ ဖြစ်သွားပါပြီ။

ရွှပ်...

လုရီရဲ့ ခန္ဓာကိုယ်ကနေ  သွေးတွေ ပန်းထွက် လာခဲ့ပါတယ်။

လီရှင်းက သွေးအေးတဲ့ လူတစ်ယောက် ဖြစ်တဲ့အတွက် ချုးယီ ရောက်ရှိလာခြင်းက သူ့အပေါ် ဘာသက်ရောက်မှုမှ မရှိခဲ့ပါဘူး။ ဒါပေမဲ့ လုရီကတော့ ချူးယီကြောင့် စိတ်အနည်းငယ် လွင့်ပျံ သွားခဲ့ပါတယ်။ ဒါက လီရှင်းယုကို အခွင့်အရေး ပေးလိုက်တာနဲ့ အတူတူပါပဲ။

" အဖြေကတော့ ပေါ်လာပြီ "

လက်ရှိ အခြေအနေကြောင့် လီဖူချန်းက သက်ပြင်း အနည်းငယ် ချနိုင်သွားပါတယ်။

သည်လို အခွင့်အရေးလေးက အခြားလူဆိုရင်တော့ ဘယ်လောက်မှ အသုံးချနိုင်မှာ မဟုတ်ပါဘူး။

ဒါပေမဲ့ ဒါကတော့ ဓားအရူးသူတော် လီရှင်းယုပါ။ သူ့ကို အခွင့်အရေးလေး တစ်ချက်ပေးလိုက်တယ် ဆိုတာက နောက်ထပ် နောက်ထပ် အခွင့်အရေးတွေ အများကြီး ပေးရတော့မယ် ဆိုတဲ့ အဓိပါ္ပယ်နဲ့ အတူတူပါပဲ။

သိုင်းကွက်၄၀၀... သိုင်းကွက် ၅၀၀...

သူတို့နှစ်ယောက်ရဲ့ အစွမ်းအစက သိပ်ပြီး မကွာလှတဲ့ အတွက် လီရှင်းယုက လုရီကို ပြတ်ပြတ်သားသားတော့ အနိုင်မယူနိုင်သေးပါဘူး။

ဒါပေမဲ့ သိုင်းကွက် ၅၀၀ နောက်ပိုင်းမှာတော့ လုရီရဲ့ ချီအရှိန်အဝါတွေက စပြီး အားနည်း လာသလို ခန္ဓာကိုယ်ပေါ်မှာလည်း ဓားဒဏ်ရာတွေ တော်တော်များများ ရှိလာပါပြီ။

တဖြည်းဖြည်းနဲ့တော့ လီရှင်းယုက အထက်စီးကို ရောက်လာနေပါတယ်။

ရန်ပွဲအကြောင်း  သတင်းဖြန့်တဲ့ သူတွေ ရှိနေတာကြောင့် ပွဲကြည့် ပရိသတ်တွေကလည်း ပိုပိုပြီးတော့ များလာနေပါပြီ။

အစောပိုင်းတုန်းကတော့ လင်းတန်နဲ့ ချန်ယွန်ဟူတို့ရဲ့ ရန်ပွဲဆိုတဲ့ အတွက် သိပ်ပြီး လူစိတ်မဝင်စား ခဲ့ပါဘူး။

ဒါပေမဲ့ အခုကတော့ လုရီနဲ့ လီရှင်းယုရဲ့ ရန်ပွဲ  ဖြစ်နေပါပြီ။

ပြီးတော့ မြို့ပြင်မှာ သခင်လေး ၆ပါးထဲက နဂါးဓားသခင်လေး ချုးယီ ရောက်နေတယ် ဆိုတာက လူတွေရဲ့ စိတ်ဝင်စားမှုကို မြင့်တက် စေပါသေးတယ်။

ချူးယီဆိုတာက တွေ့ဖို့ ခဲယဉ်း လှသည့် ပါရမီရှင် လူငယ် တစ်ဦးပင် မဟုတ်ပါလား။

" ဟိုကောင်က နဂါးဓားသခင်လေး ချုးယီဆိုတဲ့ ကောင်လား..."

လူငယ်တွေ ခြံရံထားတဲ့ ရှဟိုရှီကလည်း မြို့ပြင်ကို ရောက်လာပါပြီ။

ဒါက သူ့အတွက်တော့ ပထမဦးဆုံး အကြိမ် ချူးယီကို တွေ့ဖူးတာပါ။ သူ့ရဲ့ မျက်လုံးထဲမှာတော့ တိုက်ပွဲကို ဆာလောင်တဲ့ အငွေ့အသက်တွေ ထွက်နေပါတယ်။ ဒါပေမဲ့ သည်အငွေ့အသက်တွေကိုတော့ သာမန် လူတွေက ခံစားနိုင်မှာ မဟုတ်ပါဘူး။

သူ့ရဲ့ မျက်လုံးထဲမှာ ချူးယီ တစ်ယောက်ကိုပဲ မြင်တဲ့အတွက် ရှဟိုရှီက လီဖူချန်းကို လုံးဝ စိတ်ထဲမှာ မရှိတော့တဲ့ အဆင့်ကို ရောက်သွားပါပြီ။

" သခင်လေး၆ပါးလား... သည်ကောင်တွေက ဘာမို့လို့လည်း ... "

ရှိဟိုရှီက အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ သခင်လေး စာရင်းထဲမှာ မဖော်ပြခံရတဲ့ အတွက် သိပ်ပြီး မကျေနပ်လှပါဘူး။

ပြီးတော့ သူက သည်သခင်လေး ၆ပါးကို သောက်ဂရုစိုက်ဖို့ အစီအစဉ်လည်း မရှိတဲ့ လူတစ်ယောက်ပါ။

တစ်နေ့ကျရင် သူ့ရဲ့ နာမည်ကလည်း လက်ရွေးစင် ပါရမီရှင် စာရင်းထဲမှာ ပါလာမည် မဟုတ်ပါလား။ ဒါကြောင့် သူက ချူးယီကို သိပ်ပြီး ရှိန်မနေပါဘူး။

သူ့ရဲ့ အမြင်မှာတော့ သည်လက်ရွေးစင် ပါရမီရှင် စာရင်းထဲက လူတွေက သူ့ရဲ့ သားကောင်တွေပါပဲ။

ချူးယီကလည်း အာရုံခံစားမှု ကောင်းတဲ့ လူတစ်ယောက် ဖြစ်တဲ့ အတွက် ရှဟိုရှီ ရောက်လာတာကို တန်းပြီး သတိပြုမိ လိုက်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ အကြည့်တွေက လေထဲမှာ ဆုံတွေ့သွားကြပါပြီ။

" တုံလင်ကလန်ရဲ့ ရှဟိုရှီက ငါ့ကို သတ်ချင်နေတာလား..."

ချူးယီက မဲ့ပြုံးတစ်ချက် ပြုံးလိုက်ပါတယ်။

သူကလည်း စိတ်ထား နူးညံ့တဲ့ သူမှ မဟုတ်တာလေ။ သူ့ကို သားကောင် တစ်ကောင်လို သဘောထားပြီး ကြည့်နေတာကို ဘယ်လိုလုပ်ပြီး သည်းခံ နေနိုငိပါမည်နည်း။

သူက  သတ်ဖြတ်ခြင်း အငွေ့အသက်တွေ ဖော်ထုတ်လိုက်ပြီး ရှဟိုရှီကို ပြန်ကြည့်လိုက်ပါတယ်။

ဒါပေမဲ့ အဲသည် အချိန်မှာတော့ ရှဟိုရှီက သူ့ရဲ့ အကြည့်တွေကို ရုတ်သိမ်း သွားခဲ့ပါပြီ။

လူငယ် အများအပြားက မြို့ပြင်ကို ထွက်လာကြတဲ့ အတွက် စုမုယူလည်း ရောက်လာခဲ့ပါတယ်။

နတ်စမ်းရေ တောင်ကြားရဲ့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင် နှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ သူမက နတ်မိမယ် ဘွဲ့ ရထားတဲ့ သူတစ်ယောက်ပါ။ သူမရဲ့ ပါရမီနဲ့ အလားအလာကို မဆိုထားပါနှင့်ဦး။ သူမရဲ့ ရုပ်ရည် သွင်ပြင်ကိုက အခြားသော မိန်းမလှလေးတွေထက် အဆင့် တစ်ဆင့်လောက် မြင့်နေပါသေးတယ်။

သူမက ရောက်လာတာနဲ့ တစ်ပြိုင်နက် ချူးယီနဲ့ ရှဟိုရှီကို တစ်ချက် လှမ်းအကဲခတ် လိုက်ပါတယ်။

ဘာကြောင့်မှန်းတော့ မသိပါဘူး။ စုမုယူ အတွက်ကတော့ သည်ပါရမီရှင် လူငယ် နှစ်ယောက်စလုံးက လီဖူချန်းလောက်ကို ကြောက်စရာ မကောင်းသလိုပါဘဲ။  စုမုယူရဲ့ ရင်ထဲမှာတော့ လီဖူချန်းက  မသိမသာဖြင့် နေရာတစ်နေရာ အပိုင်စား ယူထားခဲ့ပြီ မဟုတ်ပါလား။

" သူကော သည်နေရာကို ရောက်နေမလား မသိဘူး ..."

မိန်းမတွေရဲ့  မသိစိတ်က တကယ်ကိုပဲ ကြောက်စရာ ကောင်းလွန်း လှပါတယ်လေ။

သူမက လီဖူချန်းကို စစချင်း တွေ့တုန်းကတော့ စိတ်ထဲမှာတောင် မရှိခဲ့ပါဘူး။ ဒါပေမဲ့ သင်္ချိုင်းဂူထဲက အဖြစ်အပျက်တွေ အပြီးမှာတော့ သူမက လီဖူချန်းကို မှတ်မှတ်ရရ ဖြစ်လာခဲ့ပါတယ်။

သူမ အတွင်းအား လေ့ကျင့် နေရင်တောင်မှ လီဖူချန်းရဲ့ နုနယ်ပျိုမြစ်တဲ့ မျက်နှာက ဝင်ဝင် ရောက်လာပြီး လာနှောင့်ယှက်တဲ့ အထိပါပဲ။

တကယ်လို့ သခင်လေး၆ပါး၊ နတ်မိမယ် ၄ဖော်နဲ့ ကြယ်ဘုရင်၃ပါး တို့က  တက်သစ်စ ကြယ်ပွင့်တွေဆိုရင် လီဖူချန်းက အမှောင်ထဲက ကြယ်ပွင့် တစ်ပွင့်ပါပဲ။ အမှောင်ထဲမှာ ရှိနေတဲ့ အတွက် လူတွေက သတိမထားမိ သေးပေမယ့်လည်း  တစ်နေ့မှာ အလင်းရောင်တွေ ဟုန်းခနဲ တောက်ပလာမှာပါ။ သည်လို လူမျိုးဆိုတာက ဘယ်လိုပဲ နှိမ့်ချပြီး နေနေပါစေ။ သူတို့ရဲ့ ထက်မြက်မှုကို ကြာကြာ ဖုံးကွယ် ထားနိုင်မှာ မဟုတ်ပါဘူး။

စုမုယူက သူမရဲ့ မသိစိတ်က လှုံ့ဆော်နေတဲ့ အတွက် အသိစိတ်အာရုံကို ဖြန့်ကြက်ပြီး လီဖူချန်းကို ရှာလိုက်ပါတယ်။ သူမရဲ့ ခန့်မှန်မှုက မမှားပါဘူး။ သူမက လီဖူချန်းကို ရှာတွေ့လိုက်ပါပြီလေ။

ဘာမှ သံသယ ရှိနေစရာ မလိုပါဘူး။ ထိုသူက ရုပ်ဖျက်ထားတဲ့ လီဖူချန်းဆိုတာ  သူမအတွက်တော့ သေချာ လွန်းနေပါတယ်။

"ဟွန့်... နင်က နောက်ကွယ်မှာ ပုန်းချင်နေတယ်ပေါ့လေ"

စုမုယူက လီဖူချန်းကို တွေ့သွားတဲ့ အတွက် ပျောက်ဆုံးနေသည့် ရတနာတစ်ခု ပြန်ရှာတွေ့သလို ခံစားလိုက်ရတယ်လေ။

" လီဖူချန်း...  ကြည့်ရတာ နင်က တော်တော် တိုးတက်လာတာပဲ "

စုမုယူက လီဖူချန်းကို လျှို့ဝှက်ပြီး အသံ ပို့လိုက်ပါတယ်။

လီဖူချန်းက မသိမသာ ပြုံးလိုက်ပြီး

" ဟဟ ... ကြည့်ရတာတော့ ငါက နင့်ရဲ့ မျက်စိ အောက်ကနေ လွတ်အောင် မပုန်းနိုင်ဘူးဘဲ"

သူက စုမုယူ ရောက်လာတာ  မြင်လိုက်တာနဲ့ နောက်ဆက်တွဲ ဖြစ်လာမည့် အရာတွေကို  ကြိုတင်ခန့်မှန်း ထားပြီးပါပြီ။

" နင်က ဘာဖြစ်လို့ ရုပ်ဖျက်ထားတာလဲ...။ နင့်နောက်ကို ဘယ်သူတွေ လိုက်နေတာတုန်းဟ "

စုမုယူက မေးလိုက်ပါတယ်။

လီဖူချန်းက

" မသိချင်ပါနဲ့ စုမုယူရယ်... ။ ဒါပေမဲ့ ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက်နယ်မြေ ဖွင့်ပြီဆိုရင်တော့  ငါက ရုပ်အမှန်နဲ့ ဝင်မှာပါ။ "

လီဖူချန်းက တစ်ချိန်လုံး ရုပ်ဖျက်ထားဖို့တော့ အစီအစဉ် မရှိပါဘူး။ သူက ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက်နယ်မြေ ဖွင့်ပြီ ဆိုတာနဲ့ သူ့ရဲ့ နဂိုရုပ်သွင်ကို ပြန်ပြောင်းဖို့ စဉ်းစားထားပါတယ်။

သူသာ ပဟေဠိ သိုင်းသမား တစ်ယောက်ရဲ့ လက်ရင်း တပည့်တစ်ယောက် ဖြစ်သွားပြီ ဆိုတာနဲ့ ကောင်းကင် နတ်ဆိုးဂိုဏ်းက  သူ့အပေါ် ဘာမှ လုပ်နိုင်တော့မှာ မဟုတ်ဘူးလို့ သူက ယုံကြည် ထားပါသေးတယ်။ ပြီးတော့ သူက လီဝူရှုကို သတ်ခဲ့တဲ့ တရားခံမှ မဟုတ်တာလေ။

ဒါပေမဲ့ လီဖူချန်း ကြောက်နေတာ တစ်ခုတော့ ရှိပါသေးတယ်။ အဲဒါကတော့ ပဟေဠိ သိုင်းသမားတွေက အရိုး တည်ဆောက်ပုံကို အခြေခံပြီး တပည့်ရွေးမှာကိုပါပဲ။

အဲသည်လိုသာ ရွေးရင်တော့ လီဖူချန်းလည်း ဘာမှ တတ်နိုင်တော့မှာ မဟုတ်ပါဘူး။

***

All Chapters