အချစ်ကို တောင့်တခြင်း
Vol. 33 Ch. 460
‘မမမုရဲ့ အဆိပ်ပညာက နတ်ဘုရားတွေတောင် မခန့်မှန်းနိုင်တဲ့ လျှို့ဝှက်ဆန်းကြယ်အဆင့်ကို ရောက်နေပြီပဲ’
ချင်မူ တလေးတစား စုပ်သပ်လိုက်မိသည်။ မုယင်ရွှယ်၏ အဆိပ်ပညာသည် သူ၏အဆိပ်ပညာထက် အဆင့်မြင့်သွားပြီဖြစ်၍ သူမက အမှန်ပင် ထူးချွန်ကြောင်း ဝန်ခံရလိမ့်မည်။ သူမ၏ ထူးခြားသောအတွေးအမြင်များက အဆိပ်လမ်းစဉ်နှင့် အမှန်တကယ် လိုက်ဖက်သည်။
သူနှင့်ယှဉ်ပြိုင်ပြီးနောက် မုယင်ရွှယ်သည် ဆေးဆရာ၏ အယူအဆများကို မှီငြမ်းသုံးသပ်၍ သူမ၏ကိုယ်ပိုင်လမ်းစဉ်အား ရှာတွေ့ခဲ့၏။ ယွီချင်းချန်အနေဖြင့် သူမကို မည်သို့မျှ ယှဉ်နိုင်မည်မဟုတ်ပေ။
ဆေးဆရာ၏ အဆိပ်ပညာက ပြောင်မြောက်သော်လည်း ချင်မူက ဆေးကုပြီး လူ့အသက်ကယ်ရာတွင် အဓိကလေ့လာထားခဲ့သည်။ အဆိပ်ပညာကို နက်နက်နဲနဲ လေ့လာလိုက်စားခြင်းမျိုး မရှိသည့်အတွက် မုယင်ရွှယ် သူ့အား ကျော်တက်သွားသည်မှာ မထူးဆန်းပေ။
ပြိုင်ကွင်းထဲရှိ အဆိပ်ဓာတ်များကိုသာ သုံး၍ ယွီချင်းချန်နှင့် တိုက်ခိုက်နေသူက သူသာ ဆိုလျှင် မဟာဉာဏ်အလင်းပွင့်ကောင်းကင်နတ်ဆိုးကျမ်းစာမှ ဖန်ဆင်းကျင့်စဉ်များအား အားကိုးခဲ့ရလိမ့်မည်။ ယွီချင်းချန်ကို အနိုင်ယူသေးသော်လည်း မုယင်ရွှယ်လောက် လွယ်ကူခဲ့မည်မဟုတ်ပေ။
ချင်မူက ဆေး နှင့် အဆိပ်ကို ယှဉ်တွဲလေ့လာထားပြီး အဆိပ်ကို ဆေး၊ ဆေးကို အဆိပ် ပြောင်းနိုင်သဖြင့် သူနှင့် မုယင်ရွှယ်သာ သူသေကိုယ်သေ တိုက်ခိုက်လျှင် အနိုင်ကို ဆုံးဖြတ်ရခက်လိမ့်မည်။
မုယင်ရွှယ်က ပြိုင်ကွင်းပေါ်မှ ခုန်ဆင်းလာသော်လည်း သူမ၏ခြေဖဝါး မြေပြင်နှင့် မထိခင် နွယ်ပင်ကြီးတစ်ပင် မြေကြီးထဲမှ ထွက်လာပြီး သစ်ရွက်ကြီးများက သူမအား ပင့်မပေးလိုက်သည်။
သူမက ချင်မူ့ကို လက်လှမ်းပေးပြီး သစ်ရွက်ပေါ် ဆွဲတင်လိုက်၏။
သူတို့ခြေထောက်အောက်ရှိ အစိမ်းရောင်နွယ်ပင်ကြီးက မြင့်သထက် မြင့်လာသည်။ မုယင်ရွှယ်က ဂုဏ်ယူနေသောအမူအရာ၊ ဝမ်းသာနေသောအပြုံးဖြင့် ပြိုင်ကွင်းအောက်ရှိ လူများကို လက်ဝှေ့ယမ်းပြလိုက်သည်။ “ကြည့်၊ ငါတို့တွေက အဆိပ်ဆရာတွေဆိုပေမယ့် ဖူးစာဖက်တစ်ယောက် ရှာလို့ရပါသေးတယ်။ ဟော့ဒီက ငါ့ကောင်လေး၊ အလယ်ကမ္ဘာမြေရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်က သိပ်ကိုတော်တာ”
အောက်မှ အားပေးကြွေးကြော်သံများ တစ်ခဲနက် ထွက်ပေါ်လာသည်။
မိန်းမငယ်လေးများက ကျယ်လောင်စွာ ရယ်နေကြသည်။ “အဆိပ်ဆရာမ၊ မမက အလယ်ကမ္ဘာမြေကို တစ်ခေါက်သွားရုံနဲ့ ဖူးစာဖက်ကို ရှာတွေ့ခဲ့တာဆိုတော့လေ ကျွန်မတို့အတွက် အလယ်ကမ္ဘာမြေသား ကောင်လေးတွေကိုရော ဘယ်တော့ ခေါ်လာပေးမှာလဲ”
မုယင်ရွှင်က သူတို့ကို စိတ်လှုပ်ရှားစွာ ငုံ့ကြည့်လိုက်သည်။ “ငါ့ကောင်လေးရဲ့ ကိစ္စတွေ ပြီးသွားရင် နင်တို့အားလုံးကို အလယ်ကမ္ဘာမြေကို ခေါ်သွားပေးမယ်”
“အလယ်ကမ္ဘာမြေမှာ ယောက်ျားတွေက ပိုအဆင့်အတန်းမြင့်တယ်ကြားတယ်။ သွားပြီး ပြောင်းပြန်လှန်ကြရအောင်”
“ဟုတ်တယ် ပြောင်းပြန်လှန်ကြမယ်”
မိန်းကလေးတစ်ယောက်က ပြုံးလျက် ပြောလာ၏။ “အဆိပ်ဆရာမ သဘောကျတဲ့သူ တွေ့ဖို့ဆိုတာ လွယ်တာမဟုတ်ဘူး။ ကျွန်မတို့ ပျော်ပွဲရွှင်ပွဲ ကျင်းပဖို့ လိုတယ်”
မိန်းကလေးများ၏ ရယ်သံလွင်လွင်လေးများ ပဲ့တင်ထပ်သွားသည်။ ထိုအချိန်တွင် တစ်နေရာမှ လူစုတစ်စု ပြေးထွက်လာပြီး ခါး၌ချိတ်ထားသော ဗုံများကို တီးကာ စည်းချက်နှင့်အတူ သီဆိုကခုန်ကြသည်။
မိုးကြိုးတောင်တန်းမြို့မှာ တမုဟုတ်ချင်း ဆူညံသွားပြီး လူငယ်လေးများနှင့် မိန်းကလေးများသည် တစ်ယောက်လက် တစ်ယောက်ဆွဲလျက် အနောက်ကမ္ဘာမြေ၏ ကျေးလက်သီချင်းများအား သီဆိုကြတော့သည်။
ကောင်းကင်နတ်သိုင်းပညာရှင်တချို့က အနောက်ကမ္ဘာမြေ၏ ကောင်းကင်နတ်သိုင်းများကို ထုတ်လွှတ်လိုက်ကြ၍ နွယ်စိမ်းများ၊ အဆိပ်ပန်းပွင့်များနှင့် မြက်များ တဟုန်ထိုး ကြီးထွားလာကြသည်။ အဆိပ်ပညာရှင်လူငယ်၊ မိန်းမငယ်များက ပန်းပွင့်များအကြား သွားလာကာ သီချင်းများ သီဆိုနေကြ၏။ တချို့ဆိုလျှင် နွယ်ရွက်များအပေါ်တွင် ရပ်ကာ လက်တွဲဖော်များနှင့်အတူ ကခုန်နေကြသည်။
ဗုံသံ၊ စည်သံများ တဒုန်းဒုန်း မြည်ဟည်းနေပြီး ကျယ်လောင်ပြတ်သားသော သီချင်းသံကလည်း သာယာနာပျော်ဖွယ်ကောင်းစွာ ပဲ့တင်ထပ်နေတော့သည်။
ချင်မူက သစ်ရွက်ကြီးအပေါ်တွင် ရပ်နေရာမှ အောက်ငုံ့ကြည့်လိုက်သောအခါ လမ်းမကြီး၏အဆုံးမှ ဗိုက်အဖြူ ဖားပြုပ်စိမ်းကြီးတစ်ကောင် လမ်းလျှောက်ထွက်လာသည်ကို မြင်လိုက်ရသည်။ နားရွက်ကားကား သားပိုက်ကောင်တစ်အုပ်လည်း တောက်ပြောင်နေသော သတ္တုအကြေးခွံများကို ကြွားလုံးထုတ်လျက် နောက်မှ လိုက်လာကြ၏။ သူတို့အနောက်တွင် ဖားပြုပ်များက အုံးအွမ်၊ အုံးအွမ် အော်ြမည်လျက် လိုက်ပါလာ၏။
ဖားပြုပ်များက လျှာများထုတ်၍ ရှေ့ရှိ သားပိုက်ကောင်များ၏ သတ္တုအကြေးခွံများကို တချွင်ချွင်မြည်အောင် ရိုက်ခတ်နေကြသည်။
ဗုံများ၊ စည်များတီး၍ ကခုန်နေသော ဖားပြုပ်များလည်း ရှိသည်။ ဖားပြုပ်တချို့က သူတို့၏လက်ချောင်းလေးချောင်းဖြင့် ပုလွေတိုများ တီးမှုတ်နေကြ၏။ ကင်းခြေများကြီးတစ်ကောင်ကလည်း စည်းချက်နှင့်အတူ လှုပ်ရှားနေသည်။
တစ်ချက်တစ်ချက် ကင်းခြေများကြီးက ဖားပြုပ်များ၏ ပါးဖောင်းဖောင်းများကို ကန်ကျောက်ကာ အုံးအွမ်အုံးအွမ်ဟု မြည်သံများ ထွက်လာစေတတ်သည်။
ရှေ့ဆုံးရှိ အစိမ်းရောင်ဖားပြုတ်ကြီး၏ ခေါင်းပေါ်တွင် အလွန်လှပသော မိန်းမငယ်လေးတစ်ဦး ဖြည်းဖြည်းချင်း ထလာ၏။ သူမ ကခုန်သီဆိုသည့်အခါ အနက်ရောင်ဂါဝန်လေးမှာ ပျံဝဲလျက်ရှိချေသည်။
...
ချင်မူ သီချင်းထဲ မျောသွားသည်။ အစိမ်းရောင်နွယ်ကြီးက အလွန်မြင့်မားနေပြီဖြစ်သော်လည်း ကခုန်သီဆိုနေသော မြို့သူမြို့သားများကို မြင်နေရဆဲဖြစ်ကာ သာယာနာပျော်ဖွယ် သီချင်းဆိုသံများကိုလည်း ကြားနေရဆဲ ဖြစ်သည်။
အနောက်ကမ္ဘာမြေသူလေးများ၏ စိတ်အားထက်သန်နေသော ခံစားချက်များက လှိုင်းလုံးများသဖွယ် သူ့ကို လွှမ်းခြုံပြီး တစ်လွှာပြီးတစ်လွှာ ရစ်ပတ်ကာ သူ့နှလုံးသားထဲသို့ ဝင်ရောက်လာ၏။
အစိမ်းရောင်နွယ်ပင်ကြီးက ရုတ်တရက် အောက်သို့နှိမ့်ကာ သူနှင့်မုယင်ရွှယ်ကို တစ်လမ်းဝင်တစ်လမ်းထွက် ခေါ်သွားပေးသည်။ နေရာတိုင်းတွင် ထူးဆန်းသော အဆိပ်သတ္တဝါများနှင့် ဝိညာဉ်ဖွဲ့တည်နေသောအရာများက ကခုန်နေကြ၏။ လူတိုင်းက မြူးထူးပေါ့ပါးသော ကကွက်များကို ကကာ လက်များမြှောက်၍ သူနှင့် မုယင်ရွှယ်၏လက်များအား လှမ်းထိကြသည်။
မိုးကြိုးတောင်တန်းမြို့တစ်မြို့လုံး သောင်းသောင်းဖြဖြ ပဲ့တင်ထပ်နေသော ကျေးလက်သံစဉ်ထဲတွင် စိတ်အားထက်သန်မှု၊ ဝမ်းသာပျော်ရွှင်မှုတို့ ကိန်းဝပ်နေပြီး ခြိမ့်ခြိမ့်သဲ ဆူညံနေသည်။ ချင်မူမှာ ပုံပြင်ထဲက တိုင်းပြည်တစ်ပြည်သို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ဧရာမနွယ်ပင်ကြီးများက သူနှင့် မိန်းမလှလေးကို သယ်ကာ ဝမ်းသာပျော်ရွှင်နေသော တိုင်းသူပြည်သားများ ပြည့်နေသည့် လမ်းများတစ်လျှောက် ခေါ်ဆောင်သွားနေသည့်အလားပင်။
သစ်ပင်အမျိုးမျိုးအပေါ်ရှိ မိန်းကလေးများက နွယ်ပင်ကြီး၏ သစ်ရွက်များအပေါ် တက်လာကြပြီး ပန်းကုံးများအား သူတို့လည်ပင်းတွင် စွပ်ပေးကြ၏။
သစ်ပင်ထိပ်များပေါ်တွင် ခြေထောက်များအောက်ချလျက် ထိုင်နေကြသော ကလေးမလေးများလည်း ရှိကြသည်။ သူတို့က သူတို့နှစ်ယောက် မြောက်တက်လာသည်ကို ကြည့်ပြီး လက်ခုပ်လက်ဝါးလေးများ တီးကာ အချစ်သီချင်းများ သီဆိုနေကြသည်။ သီချင်းသံလေးများက နှလုံးသားကြိုးမျှင်များကို တီးခတ်နေသည့်အလား ရင်ခုန်ဖွယ်ရာကောင်းပြီး ကျိုင်းကောင်တစ်အုပ်ကလည်း ခြေထောက်များဖြင့် ဗုံတီးနေကြသည်။
အစိမ်းရောင်နွယ်များက မြို့အလယ်သို့ ဖြန့်ကျက်လျက် အလွန်စည်ကားသိုက်မြိုက်နေသော လမ်းများကြားမှ ဖြတ်ကာ ခပ်ဝိုင်းဝိုင်းအိမ်များအပေါ် အုပ်မိုးပြီး မုယင်ရွှယ်၏ နန်းတော်ခန်းမဆီ ရောက်လာသည်။
ပွင့်နေသော နန်းတော်၏ အပေါ်ထပ်ပြတင်းပေါက်မှတစ်ဆင့် အစိမ်းရောင်နွယ်ပင်ကြီးက လူငယ်နှင့် မိန်းကလေးကို အခန်းထဲ ပို့ပေးလိုက်သည်။
ချင်မူနှင့် မုယင်ရွှယ်က ပြတင်းပေါက် အရှေ့တွင် ရပ်ပြီး အောက်ရှိ လမ်းမထက်၌ ကခုန်နေသော မြို့သူမြို့သားများကို ကြည့်လိုက်ကြသည်။
သူတို့က ပျော်ရွှင်စွာ ကခုန်၍ မပြီးကြသေးပေ။
“ရှက်စရာကောင်းလိုက်တာ” မုယင်ရွှယ်က မျက်နှာကို အုပ်ကာ ပွစိပွစိ ပြောသည်။ “ဒီလိုအောင်ပွဲခံနေတော့ မသိရင် ငါက ဖူးစာဖက်ကို မတွေ့နိုင်တဲ့အတိုင်းပဲ။ သူတို့က ငါ လက်ထပ်တာကို မြင်ချင်နေကြတာလေ”
ချင်မူ သူမကို ကြည့်လိုက်သည့်အခါ အနောက်ကမ္ဘာမြေ၏ အဆိပ်ပညာတွင် နံပါတ်တစ်ဖြစ်သော ဤမိန်းကလေးမှာ ရှက်ရွံ့နေသောအရိပ်အယောင် မရှိကြောင်း မြင်လိုက်ရသည်။ သူမက အလွန်ရဲတင်းနေပြီး တရှိန်းရှိန်း တောက်လောင်နေသော စိတ်အားထက်သန်မှုများကြောင့် တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှုလည်း ရှိနေ၏။
အနောက်ကမ္ဘာမြေ၏ စိတ်အားထက်သန်မှုနှင့် မိုးကြိုးတောင်တန်းမြို့၏ လှပသောမနက်ခင်းက ချင်မူ့အား အတန်ငယ် မိန်းမောသွားစေသည်။
သူ့အတွေးများ ပြန့်ကြဲသွားပြီး ခံစားချက်များထဲ နစ်မျောသွားမိသည်။
ပျော်ပွဲရွှင်ပွဲပြီးနောက် နေ့လည်ရောက်သည့်အခါ မုယင်ရွှယ်မှာ စိတ်လှုပ်ရှားနေသည်ကို မဖုံးဖိနိုင်တော့ပေ။ သူမက ချင်မူ့ပခုံးပေါ်တွင် ခေါင်းမှီပြီး အတော်လေး ပျော်ရွှင်ကျေနပ်နေပုံပေါ်သည်။
နဂါးချီလင်က အဆိပ်ပန်းပွင့်များအကြား၌ သတိကြီးစွာ လျှောက်နေပြီး ပြတင်းပေါက်တွင် ရပ်နေသော လူငယ်နှင့် မိန်းကလေးကို ကြည့်ကာ ခပ်တိုးတိုး ပြောနေ၏။ “ဟိုတုန်းက ဂိုဏ်းချုပ်လည်း ဒီလိုပဲ။ နှစ်တိုင်း အဲဒီ နှာဘူးအဘိုးကြီး ငါ့ကို ထားခဲ့ပြီး အနောက်ကမ္ဘာမြေကို သွားခဲ့တာ.....”
နောက်ဆုံးတော့ ချင်မူ အိပ်မက်မှ နိုးလာပြီး ပြောလိုက်၏။ “မမမု၊ ကျွန်တော်တို့မှာ လုပ်စရာကိစ္စတွေ ရှိသေးတယ်”
မုယင်ရွှယ်၏မျက်နှာမှာ အနည်းငယ် နီမြန်းလာကာ သူမက သူ၏အင်္ကျီစကို မထိတထိ ဆွဲလိုက်သည်။ “ညအထိ စောင့်ပါဦးလား... သိပ်စိတ်မရှည်တာပဲနော်။ နည်းနည်းလောက် ထပ်သည်းခံထားလို့ မရဘူးလား။ ဒါပေမဲ့ နင်... နင် မအောင့်နိုင်တော့ဘူးဆိုလည်း ငါ ... မဟုတ်ဘူး ငါ မလိုက်လျောနိုင်ဘူး။ ငါ နင့်ကို လိုက်လျောပေးလို့ မဖြစ်ဘူး။ ဒီမှာ မိန်းမတွေက ဦးဆောင်ရတာ။ ယောက်ျားတွေကပဲ မိန်းမတွေကို လိုက်လျောပေးရတာ”
ချင်မူ မျက်တောင်ပုတ်ခတ်လိုက်ပြီး သူမ စကားပြောပြီးသည်အထိ စိတ်ရှည်လက်ရှည် စောင့်ပေးလိုက်သည်။ “မမမု၊ ကျွန်တော် အနောက်ကမ္ဘာမြေကို လာတဲ့အကြောင်းရင်းက ရှုန်းရှီယွီတို့သားအမိ အစစ်အမှန်ကောင်းကင်နန်းတော်ကို ပြန်သိမ်းနိုင်အောင် ကူညီပေးဖို့ပါ။ ဒါကြောင့် ကျွန်တော် အခုလို အုတ်အော်သောင်းနင်းဖြစ်အောင် လုပ်ထားတာ။ ဒီကိစ္စက မမမုတို့ အနောက်ကမ္ဘာမြေရဲ့ အတွင်းရေးကိစ္စဆိုပေမယ့် ယွီမိသားစု ရှုန်းမိသားစုကို လုပ်ကြံတဲ့ကိစ္စမှာ မမမုလည်း တာဝန်မကင်းဘူး”
မုယင်ရွှယ်က နဂါးချီလင်နှင့် ရှုန်းချီအာကို လှမ်းခေါ်လိုက်ပြီး ချင်မူ့အနားမှ မခွာသေးပေ။ “ယွီမိသားစု ရှုန်းမိသားစုကို လုပ်ကြံတုန်းက ငါ တကယ် ကူညီပေးခဲ့တာ မှန်ပါတယ်။ ယွီမိသားစုရဲ့ ပါ့ကော်က သိပ်ကြောက်ဖို့ ကောင်းတယ်လေ၊ အဲ့ဒါကြောင့် ရှုန်းမိသားစုကို အဆိပ်ခပ်ပေးခဲ့တာပါ။ ဒါပေမဲ့ ငါ့အဆိပ်က သူတို့အသက်ကို မထိခိုက်မှန်း နင် သိသားပဲ”
ချင်မူ ခေါင်းညိတ်လိုက်သည်။ မုယင်ရွှယ်၏ ပိုးချည်ရစ်ခွေအဆိပ်က လူတစ်ယောက်၏ သိုင်းစွမ်းရည်ကို ဖျက်စီးခြင်းသာ ဖြစ်သည်၊ လူကို အန္တရာယ်မပြုပေ။ ချင်မူ ရှုန်းရှီယွီနှင့် ဆုံခဲ့တုန်းကလည်း သူမမှာ ထိုအဆိပ်ကြောင့် သိုင်းစွမ်းရည်ပျက်စီးနေ၍ ယွီပိုချွမ်ကို ပြန်မတိုက်ခိုက်နိုင်ဘဲ ကူကယ်မဲ့စွာ ထွက်ပြေးလာခဲ့ရခြင်းဖြစ်၏။
မုယင်ရွှယ်၏မျက်နှာက ညှို့မှိုင်းသွားသည်။ “ယွီမိသားစု ရှုန်းမိသားစုတစ်စုလုံးကို ရက်ရက်စက်စက် သတ်ပစ်ခဲ့မယ်လို့ ငါ မထင်ထားခဲ့ဘူး.. ဒါပေမဲ့ သိခဲ့ရင်တောင်မှ သူတို့ကို ကူညီရဦးမှာပဲ”
ချင်မူ သူမကို နားမလည်သလို ကြည့်လိုက်မိသည်။
မုယင်ရွှယ်က သက်ပြင်းချလိုက်၏။ “မုမိသားစုနဲ့ မိုးကြိုးတောင်တန်းမြို့သူမြို့သားတွေအားလုံးရဲ့ အသက်က ငါ့ပခုံးပေါ်မှာလေ။ ငါသာ စကားနားမထောင်ရင် ယွီမိသားစုက ငါ့လူတွေကို ထိပါးလိမ့်မယ်။ အဆိပ်ဆရာမအနေနဲ့ ငါ့လူတွေအတွက်လည်း တွေးပေးရသေးတယ်။ နိုင်းခွေကတော့ ငါ့ကို သိပ်မုန်းနေမှာပဲ ဟုတ်တယ်မလား”
ရှုက်ရွံ့မှုက သူမမျက်နှာထက်တွင် လှစ်ခနဲ ပေါ်လာသော်လည်း သူမက လျင်မြန်စွာ ဖုံးကွယ်လိုက်သည်။ သူမအမူအရာက အေးစက်သွားပြီး ပြောလိုက်၏။ “သူ ငါ့ကို မုန်းလည်း မတတ်နိုင်ဘူး။ သူ့အတွက်နဲ့ ငါ့မိသားစုရဲ့ အသက်တွေကို လောင်းကြေးမထပ်နိုင်ဘူး”
“ကျွန်တော် လာရတဲ့အကြောင်းရင်းကို သိတယ်မလား”
မုယင်ရွှယ်သည် မုမိသားစု၏ခေါင်းဆောင် ဖြစ်သည့်အပြင် သူမ၏အဆက်အသွယ်များက များပြားပြီး မြန်ဆန်၏။ သူမက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “သိတယ်၊ နင် အနောက်ကမ္ဘာမြေကို ဝင်လာပြီး အစစ်အမှန်ကောင်းကင်နန်းတော်က ဝရမ်းထုတ်လိုက်ကတည်းက ဘာအတွက် လာမှန်း သိခဲ့တာပဲ။ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင်၊ နင်က ရည်မှန်းချက်ကြီးလွန်းတယ်။ ယောက်ျားမိန်းမကြားက သံယောဇဉ်လေးအတွက်နဲ့ သက်စွန့်ဆံဖျား လာမှာမဟုတ်ဘူး။ နင်က ငါ့အတွက် ဒီကို လာတာမဟုတ်ဘူး။ ငါ့ကို လက်ထပ်ဖို့ လာတာမဟုတ်ဘူး။ နင်က နင့်ရဲ့မဟာအကြံအစည်ကြီးကို အကောင်အထည်ဖော်ဖို့ လာတာ”
သူမ၏အငွေ့အသက်က ရုတ်ခြည်း အေးစက်လာသည်။ “နင်က အနောက်ကမ္ဘာမြေကို ပြောင်းပြန်လှန်ပြီး ပြောင်းလဲပစ်ချင်တယ်။ နင့်ရည်မှန်းချက်က အနောက်ကမ္ဘာမြေကို ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့လက်အောက် သွင်းဖို့ပဲ။ ဒါကြောင့် ရှုန်းရှီယွီကို အစစ်အမှန်ကောင်းကင်နန်းတော်ရဲ့ သခင်မနေရာ ပေးလိုက်တာ အမြန်ဆုံးနည်းလမ်း ဖြစ်မယ်။ ရှုန်းရှီယွီကလည်း ကလဲ့စားချေချင်နေတာဆိုတော့ နင်နဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ အတိုင်ပင်ခံရဲ့ စကားကို နားထောင်ရုံလွဲပြီး တခြားရွေးစရာမရှိဘူး။ သူ နန်းဆောင်သခင်မ ပြန်ဖြစ်တာနဲ့ အစစ်အမှန်ကောင်းကင်နန်းတော်က ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ပူးပေါင်းကြောင်း ကြေညာလိမ့်မယ်”
ချင်မူ သက်ပြင်းချလိုက်မိသည်။ အနောက်ကမ္ဘာမြေသို့ ရောက်ပြီးနောက် ထူးဆန်းသော အမျိုးသမီးများကို သူ တွေ့ခဲ့ရ၏။ ရိုးရှင်းသော်လည်း ထက်မြက်သည့် ဟယ့်ရီရီ၊ အလွန်ဉာဏ်များသော လျို့မိသားစု၏ သားအမိ ။ အားလုံးက အတိုင်းထက်အလွန် ထူးချွန်ကြပြီး အမြင်လည်း ကျယ်ကြသည်။
သူတို့အရှေ့ရှိ မုယင်ရွှယ်လည်း ထူးချွန်ထက်မြက်၏။
“ငါ ရှုန်းမိသားစုအပေါ် အကြွေးတင်နေပေမယ့် အကြွေးတင်နေတာလေးအတွက်ကြောင့်နဲ့ ငါ့မိသားစုရဲ့ အသက်တွေကို မစတေးနိုင်ဘူး။ နင်က ပါ့ကော်နဲ့ မတွေ့ဖူးသေးလို့ သူ့ရဲ့သိုင်းစွမ်းရည်ကို မသိသေးပေမယ့် ငါကတော့ သိတယ်။ သူ ဘယ်လောက် ကြောက်စရာကောင်းမှန်း ငါ သိတယ်။ အစစ်အမှန်ကောင်းကင်နန်းတော်မှာ သက်ရှိနတ်ဘုရားတစ်ပါး ရှိနေတာကိုလည်း ငါ သိတယ်။ နင်တို့တွေ ဘယ်လောက်သန်မာပါစေ၊ အနောက်ကမ္ဘာမြေရဲ့ အဆင့်မြင့်သိုင်းပညာရှင်တွေကို နင် စုစည်းနိုင်ပါစေ သူတို့ကို မနိုင်,နိုင်ဘူး။ သေမင်းခံတွင်းဝထဲ ပြေးဝင်သွားတာနဲ့ အတူတူပဲ”
“ကျွန်တော် မလာခဲ့သင့်ဘူး” ချင်မူက ဝမ်းနည်းစွာ ပြောပြီး မတ်တပ်ထရပ်လိုက်သည်။
မုယင်ရွှယ် ရင်ထဲတွင် တုန်လှုပ်သွားပြီး ထရပ်လိုက်သည်။ “ငါ နင့်ကို မသေစေချင်ဘူး။ နင် သွားချင်သပဆိုရင်တော့ ငါ တားမှာမဟုတ်ဘူး။ အနောက်ကမ္ဘာမြေရဲ့ အမျိုးသမီးတွေဟာ ထွက်သွားချင်တဲ့ ယောက်ျားတစ်ယောက်ကို ဆွဲထားရိုးထုံးစံ မရှိဘူး”
ချင်မူက အရိုအသေပေးလိုက်သည်။ “မမမု၊ နှုတ်ဆက်ပါတယ်” ထို့နောက် သူ နန်းတော်၏အပြင်သို့ လှည့်ထွက်လာ၏။
“နင်” မုယင်ရွှယ်က အံတင်းတင်းကြိတ်၍ အော်ပြောသည်။ “နင် သေရမှာနော် သိလား”
ချင်မူက သူမအား လှည့်ပြုံးပြလိုက်သည်။ “ကျွန်တော် သူတို့ကို ကယ်ခဲ့တုန်းက သေလောက်နိုင်မှန်း သိပေမယ့် ကယ်ပေးခဲ့သေးတယ်။ မမမု၊ ကျွန်တော် ဖိအားပေးပြီး ကူညီခိုင်းမှာ မဟုတ်ပါဘူး”
မုယင်ရွှယ်မှာ စိုးရိမ်ပူပန်နေပြီး ခြေဆောင့်နင်းလိုက်၏။ “နင် သေရင်တောင် ငါ နင့်ကို မတွေးတော့ဘူး”
ချင်မူက ရယ်လိုက်ပြီး ဖက်တီးနဂါးနှင့် ရှုန်းချီအာကို မျက်နှာချင်းဆိုင်လိုက်သည်။
“ဒီမြို့ရဲ့ နွေးထွေးမှုကို ငါ မြင်ခဲ့ရပြီးပြီ။ ဖက်တီးနဂါး သွားစို့”
နဂါးချီလင်မှာ ဇဝေဇဝါ ဖြစ်နေသော်လည်း နန်းတော်အောက်သို့ ပြေးဆင်းပြီး မြို့ပြင်ထွက်လာသည်။
“ခဲအို...” လမ်းတစ်လမ်းတွင် မိန်းကလေးတစ်ဦးက တဟုန်ထိုး ပြေးထွက်လာသော ချင်မူ့အား ငေးကြည့်နေ၏။
ချင်မူက မွှေးရနံ့အိတ်တစ်အိတ်ထုတ်၍ မိန်းကလေးဆီ ပစ်ပေးကာ ကျယ်လောင်စွာ ပြောလိုက်သည်။ “ကျွန်တော့်ပင်ကိုယ်သဘာဝကိုက တုံးအလွန်းပါတယ်။ အဲဒါကို ပြောင်းလဲဖို့ ခက်တယ်။ ကျွန်တော်ကြောင့် တစ်မြို့လုံး အလုပ်ရှုပ်သွားတာ အားနာပေမယ့် ဘယ်တော့မှ မလာခဲ့ဖူးသလိုပဲ မှတ်ထားလိုက်ပါ”
မုယင်ရွှယ်က သူ ပျောက်ကွယ်သွားသည့်တိုင်အောင် ငေးကြည့်နေသည်။
သူမ နန်းတော်အပြင်ထွက်လာသည့်အခါ မိုးကြိုးတောင်တန်းမြို့တစ်မြို့လုံး ရှုပ်ပွနေသည်ကို မြင်လိုက်ရသည်။ မနက်က ပျော်ပွဲရွှင်ပွဲမှ ခြေရာလက်ရာများ နေရာအနှံ့ပြန့်ကြဲနေသည်။ ဖားပြုပ်များက ဖြည်းဖြည်းချင်း ရှင်းလင်းနေကြပြီး မူးနေကြသူများကို ဆွဲခေါ်နေကြ၏။
လမ်းတစ်လမ်းသို့ ရောက်သည့်အခါ မိန်းကလေးများက သူမကို ကြည့်နေကြပြီး တစ်ယောက်က သူမဆီ ပြေးလာသည်။ “မမ၊ ခဲအိုကလေ....”
“သူ ထွက်သွားပြီ” နှုတ်ဖျားမှ ထွက်သွားသောအသံမှာ သူမအသံပင် ဟုတ်လေရဲ့သလားဟု မုယင်ရွှယ် တွေးမိသွားသည်။ “သူ... ပြန်မလာလောက်တော့ဘူး..”
မျက်နှာကို ထိလိုက်သည့်အခါ မျက်ရည်များ ကျနေသည်ကို သူမ သိလိုက်ရ၏။
“ခဲအိုက ကျွန်မကို ဒီဟာပေးခိုင်းခဲ့တယ်။ မမဟာ ထင်တယ်” ချင်မူနှင့် တွေ့ခဲ့သော မိန်းကလေး၏လက်ထဲတွင် ရွှေရောင်ဟင်္သာငှက်မောင်နှံပုံစံ ချည်ထိုးထားသည့် မွှေးရနံ့အိတ်တစ်အိတ် ရှိနေ၏။
မုယင်ရွှယ်က မွှေးရနံ့အိတ်ကို ဖွင့်ပြီး တောင့်တခြင်းပဲ့စေ့နီနီများ ထုတ်လိုက်သည်။