← Chapters

ငါ့ကို ဘယ်တော့မှ မမေ့ရဘူး

Vol. 33 Ch. 461

ငါ့ကို ဘယ်တော့မှ မမေ့ရဘူး

Vol. 33 Ch. 461

အနက်ရောင်ဂါဝန်နှင့် မုယင်ရွှယ်မှာ ပဲစေ့နီနီများကို ငေးကြည့်နေသည်။ ရင်ထဲမှ ရှိုက်တက်လာသော ဝမ်းနည်းစိတ်ကြောင့် သူမ မွှေးရနံ့အိတ်အား ခပ်တင်းတင်း ဆုပ်ကိုင်ကာ ငိုချမိတော့၏။

သူမနှင့် ချင်မူမှာ မတော်တဆ ဆုံတွေ့ခဲ့သော သူစိမ်းများဖြစ်သည့်အတွက် ရင်းရင်းနှီးနှီး ခံစားချက်များ ဖြစ်မပေါ်နိုင်ခဲ့ပေ။ ထိုအချိန်တုန်းက သူ့ကို အထင်ကြီးမိ၍ သိပ်မဆိုးလှ ဟုသာ တွေးခဲ့မိသည်။ သူ၏အကျင့်စရိုက်နှင့် စိတ်နေစိတ်ထားကလည်း သူမအကြိုက်နှင့် ထပ်တူကျခဲ့သည်။

အဆိပ်ဆရာမတစ်ယောက်အတွက် နားလည်ပေးနိုင်သော ယောက်ျားတစ်ယောက် ရှာတွေ့ရန် အလွန်ခက်သည်။ အများစုက သူမအဆိပ်ကြောင့် သေရမည်ကို ကြောက်ကြ၏။

သို့သော် ချင်မူကတော့ သူမကို လက်ခံနားလည်ပေးနိုင်သောလူ ဖြစ်ချေသည်။

အနောက်ကမ္ဘာမြေသားများမှာမူ အဆိပ်ဆရာသခင်များအား လေးစားကြသော်လည်း မချစ်ရဲကြပေ။

တစ်ကိုယ်တည်းဘဝဖြင့် အရိုးထုတ်သွားရသော အဆိပ်ဆရာမများစွာ ရှိ၏။ အဆိပ်ဆရာမများမှာ စိတ်အပြောင်းအလဲ မြန်ပြီး ရက်စက်တတ်သည့်အတွက် မည်သူမျှ မချစ်ရဲသည်မှာလည်း အံ့ဩဖွယ်ရာမရှိပေ။

ချင်မူက သူမပေးခဲ့သော မွှေးရနံ့အိတ်နှင့် ပဲစေ့နီနီများကို သိမ်းထားခဲ့ပြီး အနောက်ကမ္ဘာမြေရှိ မိုးကြိုးတောင်တန်းမြို့ဆီသို့ လာကာ သူမအား ရှာခဲ့သည်။ သူမအတွက် လာခဲ့ခြင်းမဟုတ်ကြောင်း သူ့ကို မုယင်ရွှယ် ရန်တွေ့ခဲ့မိသော်လည်း ပဲစေ့နီနီများကို မြင်သည့်အခါ သူမ၏ နုနယ်သော နှလုံးသားကြိုးမျှင်များ လှုပ်ရှားလာသည်။

မတော်တဆ တွေ့ဆုံခဲ့သော သူစိမ်းများသာ ဖြစ်ခဲ့သော်လည်း မသိလိုက်ဘဲ လွမ်းခဲ့မိသည်များလည်း ရှိနိုင်သည်မဟုတ်ပါ၏လော။

ချင်မူက ဧကရာဇ်နှင့် ဧကရာဇ်အတိုင်ပင်ခံ၏ ဗျူဟာကြောင့်သာ အနောက်ကမ္ဘာမြေဆီသို့ လာခြင်းမဟုတ်၊ သူ့ရင်ထဲတွင် သူမ ရှိနေသေး၍လည်း လာခဲ့ခြင်းဖြစ်သည်။

‘ငတုံးလေး၊ သူစိမ်းတစ်ယောက်အတွက်နဲ့ မိုင်တစ်သောင်းခရီးကို လာခဲ့ရလား”

သို့သော် ချင်မူက ထိုကဲ့သို့လူစားမျိုး ဖြစ်ဟန်တူ၏။ သူနှင့် ရှုန်းရှီယွီသည်လည်း မတော်တဆ ဆုံတွေ့ခဲ့သော သူစိမ်းများသာ ဖြစ်သော်လည်း တရားမမျှတမှုကို မျက်ကွယ်မပြုခဲ့ပေ။ သူက သူတို့သားအမိကို နှစ်ခါမတွေးဘဲ သက်စွန့်ဆံဖျား ကယ်တင်ပေးခဲ့သည်။

ရှုန်းရှီယွီတို့ သားအမိက သူနှင့် မည်သို့မျှ မပတ်သက်သော်လည်း ကယ်တင်ပေးခဲ့သေး၏။ သူတို့အတွက် တရားမျှတမှု ပြန်ယူဆောင်ပေးရန် ရှုန်းရှီယွီကို အနောက်ကမ္ဘာမြေဆီသို့ပင် ခေါ်လာခဲ့သည်။

ဧကရာဇ်နှင့် ဧကရာဇ်အတိုင်ပင်ခံ၏ စနက်လည်း ပါသော်လည်း ငတုံးလေး၏ ရည်ရွယ်ချက်က သားအမိနှစ်ယောက်အတွက် တရားမျှတမှု ပြန်ယူဆောင်ပေးရန်သာ ဖြစ်ကြောင်း မုယင်ရွှယ် သေချာသည်။

တခြားသူများ၏ မျက်လုံးတွင် တုံးအသည် ထင်ရသော်လည်း ယင်းက ထိုကောင်လေး၏ ကိုယ်ကျင့်တရား၊ စည်းမျဉ်းဖြစ်သည်။

မိမိ၏ ကိုယ်ကျင့်တရား၊ မိမိ၏ စည်းမျဉ်းမှ သွေဖည်မှု မရှိခြင်းသည် အသိနှင့်အလုပ် တစ်ထပ်တည်းကျခြင်းသာ ဖြစ်၏။

ကိစ္စတစ်ခု၊ ပညာတစ်ရပ်ကို အဆုံးစွန်ထိ သိနားလည်အောင် လေ့လာခြင်းသည် အသိနှင့်အလုပ် တစ်ထပ်တည်းကျခြင်းမည်၏။

သို့သော် နှလုံးသားနှင့် ပတ်သက်လာသည့်အခါ ထိုသို့မဟုတ်ပေ။

နှလုံးသားနှင့်စိတ် တစ်ထပ်တည်းကျခြင်းက အသိနှင့်အလုပ် တစ်ထပ်တည်းကျသည်နှင့် ကွဲပြား၏။

ယင်းက မဟာဆရာသခင်တစ်ဦး၏ စိတ်ထားလက္ခဏာတစ်ရပ် ဖြစ်သည်။

မုယင်ရွှယ် ငေးငိုင်နေမိသည်။

သူတို့နှစ်ယောက် ပထမဆုံးတွေ့တုန်း ရန်သူများဖြစ်ခဲ့သော်လည်း တစ်ယောက်၏ပါရမီများကို တစ်ယောက် ချီးကျူးခဲ့ကြသည်။ ထိုစဉ်က သူမ ရှုံးခဲ့သည်။ သူမ၏အဆိပ်ပညာက သူ၏အဆိပ်ပညာကို ရှုံးခဲ့၍ ထိုကောင်လေးအား အလွန်လေးစားခဲ့မိသည်။ သူ့ကို ပဲစေ့နီနီများ လက်ဆောင်ပေးပြီး အနမ်းခြွေခဲ့သော်လည်း အချစ်မဟုတ်ခဲ့သေးပေ။

ထိုအချိန်တုန်းက သူမ မြင်ခဲ့သည်က သူ၏အဆိပ်ပညာမဟုတ်၊ သူ၏စိတ်နေစိတ်ထား ဖြစ်ခဲ့သည်။

ချင်မူ၏စိတ်နေစိတ်ထားကို သူမ သဘောကျမိခဲ့သည်။

ရှုန်းမိသားစုကိစ္စမှာ သူမနှင့် မကင်းပေ။ သူမအဆိပ်ကြောင့် ရှုန်းမိသားစုဝင်များ၏ သိုင်းစွမ်းရည်များ ပျက်စီးသွားခဲ့သည်။ ထိုအခါမှသာ ယွီမိသားစုက အစစ်အမှန်ကောင်းကင်နန်းတော်ကို အောင်အောင်မြင်မြင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်၏။

လူပေါင်းများစွာ သေကြေပျက်စီးခဲ့ရမှုက သူမနှင့် ပတ်သက်နေသည်။

‘ရှုန်းမိသားစုရဲ့ ကိစ္စက ငါ့ကြောင့် ဖြစ်ရတာ။ ဒါကြောင့် ငါ့ကောင်လေးကို တာဝန်ယူခွင့် မပေးနိုင်ဘူး’

မုယင်ရွှယ် ခေါင်းမော့လိုက်ပြီး ယုံကြည်ချက်တို့က သူမရင်ထဲတွင် တစ်ဖန် ပြန်လည်မွေးဖွားလာသည်။ သူမက ပြုံးလိုက်၏။ “ငါတို့အနောက်ကမ္ဘာမြေမှာ မိန်းမတွေက ဦးဆောင်ရတာ၊ ငါ မီးမွှေးခဲ့တဲ့ ပြဿနာကြောင့် ငါ့ကောင်လေး ဒုက္ခမရောက်စေရဘူး။ မိုးကြိုးတောင်တန်းမြို့သူတို့” သူမအသံက ခံညားမှု၊ စိတ်အားထက်သန်မှုအပြည့်ဖြင့် ပဲ့တင်ထပ်သွားသည်။ “အထုတ်အပိုးတွေ ထုတ်ပြီး စစ်တိုက်ဖို့ ပြင်ကြ”

မိုးကြိုးတောင်တန်းမြို့ထဲတွင် မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းပညာရှင်များသည် အထုတ်အပိုးများ ထုတ်၍ စုဝေးလိုက်ကြ၏။ သူတို့၏ခေါင်းဆောင်ဖြစ်သူကို ကြည့်လိုက်သည့်အခါ တစ်ခါမှ မမြင်ခဲ့ဖူးသော ပုံစံမျိုးဖြင့် စိတ်အားတက်ကြွနေသည်ကို မြင်လိုက်ရသည်။ သူမ၏လှပ‌သောမျက်နှာလေးသည် ပုလဲများသဖွယ် ဝင်းလက်ကြည်လင်နေရာ အလွန်ဆွဲဆောင်မှု ရှိနေတော့၏။

“မမ၊ ကျွန်မတို့ ဘယ်ကိုသွားရမှာလဲ” မိန်းမငယ်လေးတစ်ယောက်က မေးလိုက်သည်။

မုယင်ရွှယ် နန်းတော်ပြတင်းမှ ခုန်ဆင်းလိုက်သည့်အခါ အစိမ်းရောင်နွယ်များက သူမခြေထောက်အောက်သို့‌ ရောက်လာပြီး သူမအား ပင့်မပေးလိုက်သည်။ သူမအသံတွင် ရဲရင့်ခြင်း၊ ယုံကြည်ခြင်းတို့ ပြည့်နှက်နေ၏။ “ဘယ်သွားရမှာလဲ နင်တို့ခဲအိုနောက် ပြန်လိုက်ပြီး ဒီတောင့်တခြင်းပဲစေ့နီအိတ်ကို ပြန်ပေးဖို့ပေါ့။ သူ ဒါကို သေချာသိမ်းထားပြီး ငါ မုယင်ရွှယ်ကို ဘယ်တော့မှ မမေ့အောင်၊ တောင့်တလွမ်းဆွတ်နေရအောင် လုပ်ရမယ်”

“ဟုတ်ကဲ့” ကျန်မိန်းက‌လေးများက တခစ်ခစ် ရယ်ကာ အော်ဟစ်လိုက်ကြသည်။ “မြန်မြန်လိုက်ကြစို့၊ ဒီလောက် စိတ်ထားကောင်းတဲ့ ခဲအို သူများလက်ထဲ ပါသွားလို့မဖြစ်ဘူး။ ခဲအိုကို ပြန်လုမယ်”

“ခဲအိုကို ပြန်လုမယ်”

ချင်မူ လျို့မိသားစု၏ နတ်သင်္ချိုင်းကုန်းသို့ ပြန်လာခဲ့သည်။ အနက်ရောင်ခေါင်းတလားများက သူ့ကို စောင့်နေပြီး ခြေထောက်များဖြင့် ပြေးလိုက်လာကြသည်။

ကောင်းကင်ယံတွင် အနက်ရောင်ခေါင်းတလားများက တိမ်တိုက်မည်းမည်းများသဖွယ် စုစည်းနေကြ၏။

သူတို့က အလွန်ကြီးမားပြီး ထင်းနေသော ရွှေရောင်ခေါင်းတလားကြီးတစ်လုံးအား သံကြိုးများဖြင့် ဆွဲထား၏။ အဘယ်သို့ပြု၍ ထိုမျှအန္တရာယ်များသောအရာကြီးကို ယူလာခဲ့မှန်း ချင်မူ နားမလည်သော်လည်း လျို့ရိုယင်းက သမီးဖြစ်သူ၏အကြံဖြစ်ကြောင်း ပြောသည့်အခါ မေးခွန်းမထုတ်မိတော့ပေ။

ကလေးမလေး လျို့ကျန့်ချင်းသည် အလွန်ထက်မြက်ပြီး ဉာဏ်များ၏။ သူမက ရွှေရောင်ခေါင်းတလားကြီးကို ယူလာချင်မှတော့ အသုံးတည့်မည့်နေရာ သေချာပေါက် ရှိလိမ့်မည်။

ချင်မူ လျို့မိသားစုကို‌ ခေါ်၍ ဓားမြစ်ဝှမ်းသို့ သွားပြီး ဟယ့်ရီရီတို့နှင့် တွေ့ရန်ပြင်စဉ် အနောက်မှ ကျယ်‌လောင်ပြတ်သားသည့်အသံတစ်သံ ကြားလိုက်ရသည်။ “‌ကောင်လေး၊ ငါ့စောင့်ဦး”

ချင်မူမှာ လှည့်ကြည့်လိုက်သည့်အခါ မှင်သက်သွားမိသည်။ မိုးကြိုးတောင်တန်းမြို့၏ ကောင်းကင်နတ်သိုင်းပညာရှင်များက အပြေးအလွှား လာနေကြသော အဆိပ်သားရဲများ၊ အဆိပ်ပိုးကောင်များအပေါ်တွင် ထိုင်နေကြသည်။ အဆိပ်ပင့်ကူများ ကင်းခြေများ,များ၊ ဖားပြုပ်များ၊ မြွေများ၊ ငှက်များ၊ သားရဲများ၊ နကျယ်များအားလုံး ကောင်းကင်ယံတွင် ပြည့်နေကြ၏။

ကောင်းကင်နတ်သိုင်းပညာရှင်များ၏ အစီအရင်များကြောင့် ဝိညာဉ်ဖွဲ့နေသော အဆိပ်ပင်များလည်း ရှိကြသည်။ အဆိပ်သစ်ပင်လူကြီးများက တရှိန်ထိုး ပြေးလာနေကြလေသည်။ နွယ်ပင်များလည်း ရှိပြီး အဆိပ်ပန်းပွင့်များမှ ပန်းမဒီလေးများက ပွင့်ချပ်များအား တဖျပ်ဖျပ် ခတ်နေကြ၏။ ‌ခြေထောက်များဖြင့် ကုန်းပေါ်တွင် လျင်မြန်စွာ ပြေးနေကြသော အဆိပ်ငါးများပင် မြင်ရသည်။

ရှေ့ဆုံးတွင်တော့ အလွန်စိတ်အားတက်ကြွနေပုံပေါ်သော မုယင်ရွှယ် ရှိသည်။ သူမက ခေါင်းတလားစစ်တပ်ကြီးကို ဖြတ်ကျော်ကာ သူ့ဆီ အပြေးရောက်လာ၏။ ထို့နောက် နဂါးချီလင်၏ခေါင်းပေါ် ခုန်တက်၍ မွှေးရနံ့အိတ်ကို သူ့လက်ထဲ အတင်းထိုးထည့်ပြီး သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ကာ ပါးအပေါ် နမ်းလေသည်။

ချင်မူ ငေးကြောင်နေသည့်အချိန် မိန်းကလေးက သူမကိုယ်သူ အလွန်ဂုဏ်ယူနေသောလေသံဖြင့် ကျယ်‌လောင်စွာ ပြောလိုက်၏။ “ဒီမွှေးရနံအိတ်ကို နင်နဲ့အတူ ထာဝရ သိမ်းထားစေချင်တယ်။ ဘယ်တော့မှ မလွှတ်ပစ်နဲ့။ နင့်ဘဝတစ်လျှောက်လုံး ငါ့ကို ဘယ်‌‌တော့မှ မမေ့နဲ့။ နင် လုပ်နိုင်လား”

ချင်မူက သူရဲကောင်းဆန်ဆန် ကျယ်လောင်စွာ ‌ပြောလိုက်သည်။ “လုပ်နိုင်တယ်”

မုယင်ရွှယ်က ခေါင်းလှည့်၍ မိုးကြိုးတောင်တန်းမြို့သူများအား လက်ဝှေ့ယမ်းပြလိုက်သည်။ “သူက လုပ်နိုင်တယ်တဲ့။ မိန်းကလေးတို့၊ ဒေါ်လေးတို့၊ အစစ်အမှန်ကောင်းကင်နန်းတော်ကို သိမ်းပိုက်ပြီး ကမ္ဘာကြီးကို ပြောင်းလဲပစ်ရအောင်”

သူတို့အနောက်မှ ကြွေးကြော်သံများ ထွက်လာသည်။

နဂါးချီလင်၏ ဘေးရှိ အနက်ရောင်ခေါင်းတလားအသေးလေးတစ်လုံးက အဖုံးပွင့်လာပြီး လျို့ကျန့်ချင်းက ခေါင်းပြူထွက်လာသည်။ သူမက ဆရာမကြီးအထာဖြင့် လက်ပိုက်လျက် နှုတ်ခမ်းဆူနေ၏။

“စပ်စလူးမလေး” လျို့ကျန့်ချင်းက မုယင်ရွှယ်ကို မျက်စောင်းထိုးလိုက်သည်။

လျို့ရိုယင်း၏ ခေါင်းတလားက သူမဘေးနား ရောက်လာပြီး လျို့မိသားစုခေါင်းဆောင်သည် သမီးဖြစ်သူအား တိုးတိုးပြောလိုက်၏။ “မာန်တက်နေတဲ့ ဒီစပ်စလူးမလေးကို စိတ်ထဲထည့်မနေနဲ့။ သူ သေသွားရင် လျို့မျိုးရိုး လုပ်ပစ်ကြမယ်”

“အင်း”

ဓားမြစ်ဝှမ်းထဲတွင် အောင်လံတံခွန်တော်များ တလွင့်လွင့် လှုပ်ခတ်နေသည်။ အနောက်ကမ္ဘာမြေ၏ အာဏာပိုင်မိသားစုများ စုဝေးပြီး တပ်စခန်းများ ချထားကြသဖြင့် ချင်မူမှာ အံ့အားသင့်သွားမိ၏။

အနောက်ကမ္ဘာမြေ ဤကဲ့သို့စုစုရုံးရုံး လှုပ်ရှားနေသည်မှာ ပထမဆုံးအကြိမ် ဖြစ်လိမ့်မည်။ ဟယ့်မိသားစု၊ ဖန်းမိသားစု၊ ကုန်းမိသားစု၊ ရှီမိသားစုနှင့် ဖုမိသားစုတို့၏ အလံ‌တော်အားလုံး မြင့်မြင့်မြှောက်ထားကြသည်။ သူတို့သာမဟုတ်၊ ထပ်လာမည့်လူများလည်း ရှိ‌သေး၏။

အာဏာပိုင်မိသားစုအားလုံးသည် နယ်ပယ်တစ်မျိုးစီတွင် ကျွမ်းကျင်ကြ၏။ ဟယ့်မိသားစုက ဝင်္ကပါပညာ၊ ဖန်းမိသားစုက တောင်ထိန်းချုပ်ပညာ၊ ကုန်းမိသားစုက မြစ်စီးကြောင်းထိန်းချုပ်ပညာ၊ ရှီမိသားစုက မြက်သစ်ပင်ထိန်းချုပ်ပညာ၊ ဖုမိသားစုက မိုးလေဝသထိန်းချုပ်ပညာ အစရှိသဖြင့် အသီးသီး တတ်ကျွမ်းကြသည်။

ကျန်အာဏာပိုင်မိသားစုများတွင်လည်း ကိုယ်ပိုင်စွမ်းရည်များ ရှိကြ၏။

စုဝေးရောက်ရှိနေသူအများစုက အမျိုးသမီးများသာ ဖြစ်သော်လည်း အမျိုးသားအရေအတွက်လည်း မနည်းလှပေ။

အမျိုးသမီးစစ်တပ်ကြီးက ချင်မူအား မှင်သက်မိစေသည်။

ထာဝရငြိမ်းချမ်းရးအင်ပါယာသည်လည်း အမျိုးသမီးများကို အရာရှိနေရာများ ခန့်အပ်၍ စစ်မှုထမ်းခွင့်ပြုထားသော်လည်း အားလုံး၏ နှစ်ဆယ်ရာခိုင်နှုန်းသာ ရှိသည်။ အများစုက အမျိုးသားများ ဖြစ်နေ‌သေး၏။ သို့တိုင်အောင် အနောက်ကမ္ဘာမြေတွင်မူ အမျိုးသမီးများက ရှစ်ဆယ်ရာခိုင်နှုန်း နေရာယူထားပြီး အမျိုးသားများက နှစ်ဆယ်ရာခိုင်နှုန်းသာ ရှိသည်။ ထို့အပြင် အမျိုးသားများမှာ တောက်တိုမည်ရ လုပ်ရသည်က များလေသည်။

‘ဒါက အနောက်ကမ္ဘာမြေရဲ့ အာဏာပိုင်မိသားစုတွေအတွက် ရခဲတဲ့ အခွင့်အရေးတစ်ခုပဲ။ ယွီမိသားစုကိုသာ တွန်းလှန်နိုင်ရင် ရှုန်းမိသားစုမှာလည်း အင်အားမရှိဘူးဆိုတော့ သူတို့အနေနဲ့ အစစ်အမှန်ကောင်းကင်နန်းတော်မှာ နေရာယူနိုင်မယ်။ ဒါကြောင့် သူတို့အားလုံး ပုန်ကန်ဖို့ ရောက်လာကြတာပဲ’

ချင်မူက အသက်ပြင်းပြင်းရှူ၍ လက်သီးဆုပ်ကာ အစစ်အမှန်ကောင်းကင်နန်းတော်ဘက်သို့ လှမ်းကြည့်လိုက်သည်။

သူ အနောက်ကမ္ဘာမြေသို့ လာသည့်ခရီးတွင် နဂါးချီလင်နှင့် ရှုန်းချီအာကိုသာ ခေါ်လာခဲ့သည်။ လူတစ်ယောက်၊ စီးစရာသားရဲတစ်ကောင်၊ အားနွဲ့သောကလေးမလေးတစ်ယောက်၊ ထို့ထက်မပို။ စစ်သည်များလည်း မပါ။ သို့တိုင်အောင် သူသည် အင်အားတစ်သောင်းမကသော အမျိုးသမီးစစ်တပ်ကြီးကို စုစည်း၍ အနောက်ကမ္ဘာမြေ၏ အင်အားအကြီးမားဆုံး အစစ်အမှန်‌ကောင်းကင်နန်းတော်အား တိုက်ခိုက်ရန် ပြင်နေ၏။

သူ ထိုသို့တွေးမိသည့်အခါ အတိုင်းထက်အလွန် စိတ်လှုပ်ရှားလာ၍ အရိုးများပင် တုန်ရီလာပြီး မူလဝိညာဉ်မှာလည်း ပျံထွက်သွားတော့မည့်အလား ဖြစ်လာသည်။

ချင်မူက ရှုန်းချီအာ၏ လက်ကို ဆွဲကာ မုယင်ရွှယ်၊ လျို့ရိုယင်းနှင့် လျို့ကျန့်ချင်းနှင့်အတူ ဝါးမြို့ထဲ ဝင်လိုက်သည်။ ထိုနေရာ၌ စုဝေးနေသော အာဏာပိုင်မိသားစုအားလုံး သူ့ကို စောင့်နေကြ၏။

ချင်မူက မြေကြီးနှင့် ထိလုမတတ် အရိုအသေပေးကာ ကျယ်လောင်စွာ ပြောလိုက်၏။ “အလယ်ကမ္ဘာမြေရဲ့ ကောင်းကင်နတ်ဆိုးဂိုဏ်းသခင် ချင်မူ မမကြီးတို့အားလုံးကို အရိုအသေပေးပါတယ်”

အမျိုးသမီးများလည်း သူ့အား ကပျာကယာ အရိုအသေပြန်ပေးကြသည်။ “ဂိုဏ်းသခင် ထုံးစံတွေ မလိုပါဘူး”

ချင်မူ ရှုန်းချီအာကို လှမ်းတို့လိုက်၍ သူမကလည်း ချက်ချင်း အရိုအသေပေးလိုက်၏။ “ချီအာ ဒေါ်လေးတို့ကို အရိုအသေပေးပါတယ်”

အားလုံး သူမအား အလျင်အမြန် အရိုအသေပြန်ပေးကြသည်။ “မခံယူဝံ့ပါဘူး မင်းသမီးလေး မြန်မြန် ထတော်မူပါ”

ချင်မူက ခါးပြန်မတ်၍ သူတို့အား တောက်ပစွာ ပြုံးပြလိုက်သည်။ “ရဲရင့်ပြတ်သားတဲ့ အမျိုးသမီးတွေ ကောင်းကင်အသစ်မှာ နေအသစ်၊ လအသစ်တွေ ဖန်တီးချင်ရင် ဘယ်သူ တားရဲမလဲ။ မမကြီးတို့၊ ဒီမောင်လေးက အစစ်အမှန်ကောင်းကင်နန်းတော်မှာ မမကြီးတို့ရဲ့ စွမ်းဆောင်နိုင်ရည်တွေကို မြင်တွေ့ချင်လို့ အလယ်ကမ္ဘာမြေကနေ ဒီအထိ လာခဲ့တာပါ။ ကဲ အခု ကျွန်တော်တို့ ခရီးစကြမလား”

ဟယ့်ရီရီက ဝါးမြို့ကို အသက်သွင်းကာ မတ်တပ်ထစေသည်။ တစ်ချိန်တည်းမှာပင် အာဏာပိုင်မိသားစုများ၏ ခေါင်းဆောင်များလည်း အမိန့်များ ထုတ်ပြန်လိုက်၍ မြေငလျင်များ လှုပ်ခတ်လာကာ တိမ်တိုက်များ ပြေးလာ၏။ ထောင်သောင်းချီသော အမျိုးသမီးစစ်တပ်ကြီးကား အစစ်အမှန်ကောင်းကင်နန်းတော်ဆီသို့ ချီတက်သွားချေပြီ။

နဂါးချီလင်မှာ‌ နောက်လှည့်ကြည့်ကာ သက်ပြင်းချမိသည်။ ‘ဂိုဏ်းချုပ်တောင် ဒီလောက်အံ့ဩစရာမကောင်းခဲ့ဘူး။ ဂိုဏ်းသခင်က ဂိုဏ်းသခင်ပါပဲ။ အနောက်ကမ္ဘာမြေကို ရောက်တာဖြင့် မကြာသေးဘူး မိန်းကလေးတွေအများကြီးနဲ့ ရင်းနှီးနေပြီ....’

အဝေးရှိ ကောင်းကင်ယံတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ရှုန်းရှီယွီသည် တိမ်တိုက်တစ်ခုအပေါ်၌ ရပ်၍ ကြီးကျယ်ခံ့ညားသော မြင်ကွင်းကြီးကို လှမ်းကြည့်နေကြ၏။

ရှုန်းရှီယွီမှာ ကြက်သေသေကာ မည်သည်ကိုမျှ မပြောနိုင်တော့ပေ။

ဧကရာဇ်အတိုင်ပင်ခံလည်း ဆွံ့အနေ၏။

“ဧကရာဇ်အတိုင်ပင်ခံ၊ ဒီလိုဖြစ်လာမယ်လို့ ရှင် တွေးမိရဲ့လား” ရှုန်းရှီယွီမှာ စိတ်နှင့်ကိုယ် ပြန်ကပ်သွား၍ သူမဘေးရှိ သက်လတ်ပိုင်းလူအား မေးကြည့်လိုက်သည်။ “အရင်နိုင်းခွေဖြစ်တဲ့ ကျွန်မတောင်မှ ဂိုဏ်းသခင်လို လုပ်နိုင်စွမ်းမရှိဘူး။ သူက စကားလေးတစ်ခွန်းတည်းနဲ့ လူပေါင်းထောင်ချီကို စုဝေးနိုင်ခဲ့တယ်။ ဂိုဏ်းသခင်ချင်က နည်းနည်း ကြောက်စရာမကောင်းဘူးလား”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံမှာ ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းချကာ ပြောလိုက်သည်။ “သူ့ကို အစစ်အမှန်ကောင်းကင်နန်းတော် အာရုံစိုက်မှာ သိထားပေမယ့် ဒီလောက်တော်မယ် မထင်ထားဘူး။ အစစ်အမှန်ကောင်းကင်နန်းတော်တော့ ဒီကိစ္စကြောင့် ထိတ်လန့်နေလောက်ပြီ။ ပိုကောင်းတာက ပါ့ကော်အနေနဲ့ လူလုံးထွက်ပြရုံကလွဲပြီး ရွေးစရာမရှိတော့တာပဲ။ သူ့အခြေအနေမကောင်းတာနဲ့ အစစ်အမှန်ကောင်းကင်နန်းတော်ထဲမှာ ပုန်းနေတဲ့ နတ်ဘုရားလည်း လူလုံးထွက်ပြရလိမ့်မယ်။ အဲဒီအချိန်ကျရင် သူ့ကို အသေသတ်နိုင်မယ့် အခွင့်အရေးရပြီ....”

သူ့မှာ ကြီးကျယ်ခံ့ညားသော အမျိုးသမီးစစ်တပ်ကြီးကို ကြည့်ကာ ကြောက်လန့်တုန်ရီလာပြီး ခေါင်းယမ်းလိုက်မိသည်။ “ကြောက်စရာကောင်းလွန်းတယ်။ ဒီစည်းလုံးညီညွတ်မှုမျိုးက ကြောက်စရာကောင်းလွန်းတယ်။ ဒါပေမဲ့ ဂိုဏ်းသခင်ရဲ့ ပါရမီလည်း ပါတယ်။ ငါတောင်မှ သူ မလိမ့်တပတ်လုပ်လို့ ကောင်းကင်တန်ခိုးရှင်ဂိုဏ်းထဲ ဝင်ခဲ့ရသေးတာပဲ။ ဒီ‌ကောင်စုတ်လေးသာ ပုန်ကန်လို့ကတော့...”

All Chapters