သိုင်းလျှို့ဝှက်နယ်မြေ
Vol. 19 Ch. 254
သိုင်းကွက် ၈၀၀... သိုင်းကွက် ၁၀၀၀...။
စွပ် !
ဓားအရူးသူတော် လီရှင်းယုရဲ့ ဓားက လုရီရဲ့ ဘယ်ဘက် ပခုံးကို ထိုးဖောက် သွားခဲ့ပါတယ်။
အနိုင်အရှုံးကလည်း အဖြေပေါ် ခဲ့ပါပြီ။
"လုရီ... မင်းက တကယ့်ကို အသုံးမကျတဲ့ကောင်ပဲ။ ကျားနဂါးစာရင်းထဲမှာ မင်းထက် အဆင့်နိမ်တဲ့ သူရဲ့ အနိုင်တာကိုတောင် ခံလိုက်ရတယ်"
နဂါးဓားသခင်လေး ချူးယီရဲ့ ဘေးနားမှာရှိနေတဲ့ ရုပ်ဆိုးဆိုး လူငယ်က လုရီကို လှောင်ပြောင် လိုက်ပါတယ်။ ထိုလူငယ်ရဲ့ ကျောပေါ်မှာတော့ ဓားမကြီးတစ်လက် ရှိနေပါတယ်။
ရုပ်ဆိုးဓားသမား ကုန်းစွန်းရီ...။
ကောင်းကင် နဂါးဂိုဏ်းရဲ့ နံပါတ်၃ ဓားသမား ဖြစ်ပါတယ်။ ကျားနဂါး စာရင်း အဆင့်၄၈မှာ ရပ်တည်နေတဲ့ လူတစ်ယောက် ဖြစ်ပြီး လုရီထက် အများကြီး အစွမ်းထက်တဲ့ လူတစ်ယောက်ပါ။
" ဟမ့် "
လုရီကတော့ ဘာမှ ပြန်မပြောခဲ့ပါဘူး။
" လီရှင်းယု... မင်းရဲ့ အရည်အချင်းက မဆိုးဘူးဘဲ။ ငါ့ရဲ့ ဓားချက်ကိုကော မင်းခုခံနိုင်ပါ့မလားဆိုတာ ငါသိချင်မိတယ်။ "
ရုပ်ဆိုးဓားသမား ကုန်းစွန်းရီ...။
သူ့ရဲ့ ရုပ်ဆိုးတဲ့ အသွင်အပြင်ကြောင့် ကုန်စွန်းရီက လူတကာကို အလိုလိုနေရင်း မျက်မုန်းကျိုးနေသူ တစ်ယောက်ပါ။ သူက လူတွေရှေ့ ရောက်ရင် သူ့ရဲ့ အစွမ်းကို ထုတ်ပြလေ့ ရှိပါတယ်။ သူနိုင်လောက်မယ့် သူတွေကို ရွေးပြီး စိန်ခေါ်တာကတော့ တစ်ပိုင်းပေါ့လေ။ ကုန်စွန်းရီရဲ့ ရည်ရွယ်ချက်ကတော့ သူက ရုပ်ဆိုး ပေမယ့်လည်း ပါရမီရှင် တစ်ယောက် ဖြစ်နေသေးတယ် ဆိုတာကို ပြသချင်တာပါပဲ။
နဂါးဓားသခင်လေး ချူးယီကတော့ မြင့်မြတ်သည့် မျိုးနွယ်ကနေ မွေးဖွားလာသူ တစ်ယောက် ဖြစ်တဲ့အပြင် မာနကြီးတဲ့ သူတစ်ယောက် ဖြစ်တဲ့ အတွက် ဒါမျိုးအလုပ်တွေကို သိက္ခာ အကျခံပြီး လုပ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကုန်းစွန်းရီ အတွက်ကတော့ ကိုယ်ရည် ကိုယ်သွေးကို ပြသခွင့်ရမည့် အခွင့်အရေးကြီး တစ်ရပ်ပါပဲလေ။
စကားသံ ဆုံးတာနဲ့ ကုန်းစွန်းရီက လီရှင်းယုရဲ့ စကားပြန်ကိုတောင် မစောင့်တော့ဘဲ သူ့ရဲ့ဓားမကြီးကို ဘယ်ဘက်က ကိုင်ကာ ခုတ်ပစ်လိုက်ပါတယ်။
ပြင်းထန်လှတဲ့ ဓားဖိအားကြီး တစ်ခုက လီရှင်းယုဆီကို ကျရောက်လာခဲ့ပါပြီ။
" ဓား၁၀လက် ဖျက်ဆီးစမ်း "
လီရှင်းယုကလည်း သူ့ရဲ့ ပေါင်းချုပ် ဓားကွက်ကို ထုတ်ကာ ပြန်ခုခံလိုက်ပါတယ်။
" ဝုန်း "
လီရှင်းယုက အနောက်ကို လွင့်ထွက်သွားခဲ့သလို လက်မောင်း တစ်ခုလုံးလည်း ထုံကျင် သွားခဲ့ပါတယ်။
အမှန်အတိုင်း ဆိုရင်တော့ သူက တစ်ဖက်လူရဲ့ ဓားချက်ကို လွတ်လွတ်ကျွတ်ကျွတ် ရှောင်တိမ်းနိုင်စွမ်း ရှိပါတယ်။ ဒါပေမဲ့ ကုန်စွန်းရီက သူ့ရဲ့ ဓားချက်ကို ခုခံနိုင်မလားလို့ ဆိုလာခဲ့တဲ့ အတွက် လီရှင်းယုက မိုက်မိုက်မဲမဲပင် ထိပ်တိုက် ခုခံလိုက်တာပါ။
ကုန်စွန်းရီက ကောင်းကင် နဂါးဂိုဏ်းရဲ့ နံပါတ်၃ ဓားသမားလေ။ လီရှင်းယုက ဘယ်လိုလုပ်ပြီး ကုန်စွန်းရီရဲ့ ဓားချက်ကို ထိပ်တိုက် ရင်ဆိုင်နိုင်စွမ်း ရှိပါမည်နည်း။
ကောင်းကင် နဂါးဂိုဏ်းဟာ အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ အဓိက အင်အားစုကြီး တစ်ခု ဖြစ်တဲ့ အတွက် ကျားနဂါး စာရင်းထဲမှာ ကောင်းကင် နဂါးဂိုဏ်းရဲ့ တပည့်၅ယောက် ပါဝင်ပါတယ်။ ပြီးတော့ အဲသည် ၅ယောက်စလုံး ကလည်း ကျားနဂါး စာရင်းသတ်မှတ်ချက်ရဲ့ ထိပ်ပိုင်းမှာပါ။
" မဆိုးဘူး...။ ဒါပေမဲ့ မင်းက ငါ့ရဲ့ ဒုတိယ ဓားချက်နဲ့ ထိုက်တန်ဖို့ အတွက် အများကြီး လိုသေးတယ်"
ကုန်းစွန်းရီက သူ့ရဲ့ ဓားမကြီးကို ပြန်သိမ်းလိုက်ပါတယ်။
လီဖူချန်းကတော့ သည်ကုန်းစွန်းရီကို လုံးဝ သဘောမတွေ့ပါဘူး။
သိုင်းတာအို လမ်းစဉ်ကို လေ့လာလိုက်စားတဲ့ သူတွေအတွက် ပင်ကို ပါရမီနဲ့ အလားအလာက အရေးကြီးတယ် ဆိုတာကို သူလက်ခံပါတယ်။ ဒါပေမဲ့ စိတ်ဝိညာဉ် စွမ်းအားနဲ့ စိတ်နေစိတ်ထားကလည်း တစ်ထောင့် တစ်နေရာက အရေးကြီးပါသေးတယ်။
အားကောင်းတဲ့ စိတ်ဝိညာဉ် စွမ်းအားနဲ့ ကောင်းမွန်တဲ့ စိတ်နေစိတ်ထား မရှိရင်တော့ မင်းရဲ့ ပင်ကိုပါရမီတွေကို အဆုံးစွန်ဆုံး အထိ ထုတ်ပြနိုင်မှာ မဟုတ်ပါဘူး။ ပင်ကိုပါရမီနဲ့ အလားအလာ အနည်းငယ် အားနည်းပြီး စိတ်ဝိညာဉ် စွမ်းအား အင်မတန် ကောင်းမွန်တဲ့ လူတွေကတော့ အဆုံးစွန်သော ကန့်သတ်ချက်တွေကို ချိုးဖောက်ပြီး ပိုအဆင့်မြင့်တဲ့ အရာတွေကို ရယူနိုင်စွမ်း ရှိလာမှာပါ။
လီရှင်းယုရဲ့ စိတ်ဝိညာဉ် စွမ်းအားနဲ့ စိတ်နေစိတ်ထားကတော့ လီဖူချန်း တွေ့ဖူးသမျှထဲမှာ အကောင်းဆုံးပါပဲ။
လီရှင်းယုရဲ့ မွေးရာပါ အရိုး တည်ဆောက်ပုံသာ နည်းနည်းလေး ပိုကောင်းခဲ့မယ် ဆိုရင်တော့ သူက ကြယ်တာရာ လမ်းမမှာ ယခုထက်ပိုဝေးဝေး လျှောက်လှမ်း နိုင်မယ်လို့ လီဖူချန်းတစ်ယောက် ခန့်မှန်းမိပါတယ်။
" နင်တို့မိုးပြာရောင်ဂိုဏ်းရဲ့ အနာဂတ်ကတော့ နင်နဲ့ လီရှင်းယုကြောင့် ပိုပြီး ကောင်းမွန် လာတော့မှာပဲ။ "
စုမုယူက လီဖူချန်းကို လျှို့ဝှက် အသံပို့ပြီး လှမ်းပြောလိုက်ပြန်ပါတယ်။
လီဖူချန်းက ပြုံးလိုက်ပြီး
" အစ်ကိုတော် ဓားအရူးသူတော်က ငါတို့ မိုးပြာရောင် ဂိုဏ်းရဲ့ ဒဏ္ဍာရီ ဆန်တဲ့ ပြယုဂ်တစ်ခုဟ။ ငါက ဘယ်လိုလုပ်ပြီး အစ်ကိုတော်နဲ့ နှိုင်းယှဉ်လို့ ဖြစ်နိုင်မှာလဲ"
" ဒဏ္ဍာရီ ဟုတ်လား ...။ အဟင့် ... နင်က အဲသည် ဒဏ္ဍာရီကို ကျော်ဖြတ်မယ့် လူပဲ"
စုမုယူက မှတ်ချက် ပေးလိုက်ပါတယ်။
လီဖူချန်းက ဘာမှ မတတ်နိုင်တော့သည့် ဟန်ဖြင့် ပြန်ငြင်းဆို လိုက်ပါသေးတယ်။
" နင်က ငါ့ကို အရမ်း အထင်ကြီးနေပြီ "
စုမုယူက မကျေမနပ်ဖြင့်
" စိတ်ဓာတ် ခံယူချက်ပိုင်းမှာ ဆိုရင်လည်း နင်က လီရှင်းယုထက် မနိမ့်ကျဘူး။ ပါရမီနဲ့ အလားအလာ ဘက်မှာဆိုရင် နင်က သူ့ထက်ကို အများကြီး သာနေသေးတယ်။ ကဲ ... ငါပြောတာ မဟုတ်ဘူးလို့ နင် ငြင်းဦးမှာလား..."
လီဖူချန်းက ရယ်နေရုံက လွဲပြီး ဘာမှ ဆက်မပြောတော့ပါဘူး။
စုမုယူက ဒေါသထွက်နေပြီ မဟုတ်ပါလား။
သူသိထားတာ တစ်ခုကတော့ မိန်းမ တစ်ယောက်ကို ဒေါသထွက်နေတဲ့ အချိန်မှာ ဘာမှဆက်ပြီး အငြင်း မပွားသင့်ဘူး ဆိုတာပါပဲ။
***
ချောင်းစွယ် တိမ်တိုက်ဂိုဏ်းနဲ့ မိုးပြာရောင်ဂိုဏ်း ရန်ပွဲရဲ့ အနိုင်ရရှိသူကို ဆုံးဖြတ်ပြီးပြီ ဖြစ်တဲ့ အတွက် လူတွေ အားလုံးက အစိမ်းရောင် တိမ်တိုက် မြို့ထဲကို ပြန်ဝင်လာခဲ့ကြပါတယ်။
သည်လိုနဲ့ပဲ အချိန်တွေက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပါပြီ။ မျက်စိတစ်မှိတ် အတွင်းမှာပဲ ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေ ဖွင့်ဖို့ အချိန်ကလည်း သုံးရက်သာ လိုတော့တဲ့အထိကို ရောက်လာခဲ့ပါတယ်။
ခြံဝင်းတစ်ခု အထဲမှာတော့......
" လေနက် ကိုယ်ပွားသုံးခု "
လီဖူချန်းက ခန္ဓာကိုယ်ကို အဆက်မပြတ် တုန်ခါလိုက်တဲ့ အခါမှာတော့ သူ့ရဲ့ ခန္ဓာကိုယ်ထဲကနေ နောက်ထပ် လီဖူချန်းနှစ်ယောက် ထွက်လာခဲ့ပါတယ်။
အခုချိန်မှာတော့ လီဖူချန်း သုံးယောက်က ရင်ပေါင်တန်း ရပ်နေကြပါပြီ။
" နောက်ဆုံးတော့လည်း ငါက လေနက် ကိုယ်ပွားသုံးခု ဆန္ဒကို နားလည်ခဲ့ပြီပဲ"
လီဖူချန်းက ပြုံးနေရင်းနဲ့ သူ့ရဲ့ ကိုယ်ပွား နှစ်ခုကို ပြန်သိမ်း လိုက်ပါတယ်။
လေနက် ကိုယ်ပွားသုံးခု ဆိုတာက ဆန်းကြယ် အလယ်အလတ် အဆင့် ကိုယ်ဖော့ပညာရပ် တစ်ခုပါ။ တတ်သိနားလည်ခြင်း အဆင့်ကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် ကိုယ်ပွားတစ်ခုကို ထုတ်လာနိုင်မှာ ဖြစ်ပြီး အလုံးစုံ တတ်သိ နားလည်ခြင်း အဆင့်ကို ရောက်သွားရင်တော့ ကိုယ်ပွားနှစ်ခု ထုတ်လာနိုင်မှာပါ။
တစ်ဖက်ကမ်းခတ် ကျွမ်းကျင်တဲ့ အဆင့်ကို ရောက်သွားပြီး လေနက် ကိုယ်ပွားသုံးခု ဆန္ဒကို နားလည်ပြီးတဲ့ အခါမှာလည်း ထုတ်နိုင်တဲ့ ကိုယ်ပွားက နှစ်ခုသာ ရှိနေမှာ ဖြစ်ပေမယ့်လည်း ပိုပြီး အစစ်အမှန် ဆန်လာမှာ ဖြစ်ပါတယ်။
လီဖူချန်းက အသံတစိုးတစိမှ မထွက်ဘဲ ပြေးလိုက်ပါတယ်။ ခြံဝင်း တစ်ခုလုံးမှာတော့ ပတ်ပြေးနေတဲ့ လီဖူချန်း သုံးယောက် ပေါ်လာခဲ့ပါပြီ။ ပြီးတော့ အဲသည် လီဖူချန်း သုံးယောက်ထဲမှာ ဘယ်သူက လီဖူချန်း အစစ်လည်း ဆိုတာကိုတောင် ခွဲလို့ မရပါဘူး။
"သည်လေနက် ကိုယ်ပွားသုံးခု ကိုယ်ဖော့ပညာက ကိုယ်ပွားတွေကို ထုတ်နိုင်စေရုံမက ငါ့ရဲ့ပြေးနှုန်းကိုလည်း အများကြီး မြန်လာစေခဲ့တာပဲ။ သည်လေနက်ကိုယ်ပွား ဆန္ဒနဲ့ဆိုရင်တော့ ငါ့ရဲ့ လှုပ်ရှား သွားလာနိုင်မှုက အရင်ထက်နှစ်ဆ တိုးလာခဲ့ပြီ"
လှုပ်ရှား သွားလာနိုင်မှု နှစ်ဆအထိ တိုးလာခဲ့တယ်ဆိုတာက ဘာလဲ... ...။
ဒါကတော့ လက်ရှိလီဖူချန်းက အရင်က လီဖူချန်းကို တစ်ချက်ထဲနဲ့ သတ်ပစ်နိုင်တယ်လို့ ဆိုလိုချင်တာပါ။
ဒါပေမဲ့လည်း သူ့ရဲ့ ကိုယ်ပိုင် ခံစစ်ကိုတော့ ထိုးဖောက်နိုင်ဖို့ လိုသေးတာပေါ့လေ။
ဘယ်လိုပဲဖြစ်ဖြစ် အမြန်နှုန်းဆိုတာ တိုက်ခိုက်နိုင်အားမှ မဟုတ်တာလေ။ ဒါက အရမ်းကြီးတော့ သိပ်အသုံးမဝင်လှပါဘူး။
ဒါပေမဲ့ သေချာတာ တစ်ခုကတော့ လီဖူချန်းရဲ့ ထွက်ပြေး လွတ်မြောက် နိုင်စွမ်းက အများကြီး ပိုကောင်းသွားခဲ့ ဆိုတာပါပဲ။
လီဖူချန်းသုံးယောက် အရပ်သုံးမျက်နှာကို ခွဲပြီး ပြေးသွားခဲ့ရင် နောက်က လိုက်လာတဲ့ သူက မည်သူ့နောက်ကို လိုက်ရမည်နည်း။
လီဖူချန်း သည်ပညာကို လေ့ကျင့်ရတဲ့ အကြောင်းအရင်းကတော့ တစ်ခုပဲ ရှိပါတယ်။ အဲဒါကတော့ တစ်ဖက်ရန်သူက သူ့ထက် အင်အား ကောင်းနေခဲ့ရင် ထွက်ပြေးဖို့ပါပဲ။
သည်လိုနဲ့ပဲ နောက်ထပ် အချိန်သုံးရက် ကုန်ဆုံးသွားခဲ့ ပြန်ပါပြီ။
အစိမ်းရောင် တိမ်တိုက်မြို့ရဲ့ မိုင်သုံးရာ အကွာမှာတော့ တောင်အမြင့်ကြီး တစ်လုံး တည်ရှိ နေပါတယ်။
အဲသည် တောင်ထိပ်မှာတော့ တစ်ဝက်တပျက် နန်းတော်ရာကြီး တစ်ခု ရှိပါတယ်။ ဘာဖြစ်လို့ တစ်ဝက်တပျက် နန်းတော်လို့ ခေါ်ရသလည်းဆိုတော့ နန်းတော်ကြီးရဲ့ တစ်ဝက်က ယိုယွင်းပျက်စီး နေလို့ မဟုတ်ပါဘူး။ သည်နန်းတော်က တစ်ဝက်သာ မြင်နေရလို့ပါပဲ။ ကျန်တဲ့ တစ်ဝက်ကတော့ အခြားကမ္ဘာ တစ်ခုထဲကို ရောက်နေဟန် တူပါတယ်။
ယနေ့ နံနက်မှာတော့ လူစုလူဝေးကြီးက တောင်ထိပ်ပေါ်မှာ ရောက်ရှိနေပါပြီ။ ထိုလူအုပ်ထဲမှာတော့ လီဖူချန်းလည်း ပါလာပါတယ်။
သူက ခေါင်းကို မော့ပြီး ကြည့်လိုက်တဲ့ အခါမှာတော့ နန်းတော်ရဲ့ တံခါးထိပ်မှာ ဆိုင်းဘုတ် တစ်ခုကို မြင်တွေ့ လိုက်ရပါတယ်။
ဆိုင်းဘုတ်ပေါ်မှာ ရေးထားတာကတော့ 'ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေ' ဆိုတာပါပဲ။
သည်စာလုံးတွေကို ရေးထားတဲ့လူရဲ့ လက်ရေးက ဓားတစ်ချောင်းလို ထက်မြတဲ့ အငွေ့အသက်တွေ အပြင် လျှို့ဝှက် ဆန်းကြယ်တဲ့ အငွေ့အသက် တွေကိုပါ ခံစားရစေပါတယ်။
' ဒါက ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက်နယ်မြေပါလား...'
လီဖူချန်းက ခပ်တိုးတိုး ရေရွတ်လိုက်မိပါတယ်။
ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေဆိုတာက တစ်ပိုင်းတစ်စ ဖွင့်လှစ်ထားတဲ့ လျှို့ဝှက် နယ်မြေကြီးပါပဲ။ သည်နန်းတော်က သည်ကမ္ဘာက ဆောက်လုပ်ထားတဲ့ နန်းတော်ကြီး မဟုတ်ပါဘူး။ သူက ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေကနေ လာတာပါ။ သုံးလတစ်ကြိမ် သည်နန်းတော် တံခါးတွေက ပွင့်လာလေ့ ရှိပါတယ်။ တစ်စုံတစ်ယောက်က သည်နန်းတော်ထဲကို ဝင်သွားပြီးပြီ ဆိုတာနဲ့ နောက်ထပ်၃လ မပြည့်မချင်း ပြန်ထွက်လာလို့ ရမှာ မဟုတ်ပါဘူး။
သည်တစ်ခေါက်မှာတော့ လူငယ်ပါရမီရှင် တော်တော်များများ သည်နန်းတော်ထဲကို ဝင်ဖို့အတွက် ရောက်လာပါတယ်။
နဂါးဓားသခင်လေး ချူးယီနဲ့ ရုပ်ဆိုး ဓားသမား ကုန်းစွန်းရီ။
နတ်မိမယ် စုမုယူ။
ရှဟိုရှီ။
ချောင်းစွယ်တိမ်တိုက်ဓားသမား လုရီ။
မိုးပြာရောင်ဂိုဏ်းက ဓားအရူးသူတော် လီရှင်းယု ၊ ကျားဓားရှင် ချန်ယွန်ဟူ ၊ ခံစားချက်မဲ့ဓား ရှုဖန်းနဲ့ လီဖူချန်းတို့ပေါ့လေ။
အခြားသော ကျားနဂါး စာရင်းဝင်တွေ ကလည်း အနည်းဆုံး ၁၀ယောက်အထက် ရောက်နေ ပါသေးတယ်။ ကျန်တဲ့လူတွေကိုပါ ထည့်ပေါင်း လိုက်မယ် ဆိုရင်တော့ လူပေါင်း၅၀၀ လောက်ကို ရှိနေပါပြီ။
" ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက်နယ်မြေ ဖွင့်ဖို့အတွက် အချိန် ၁၅မိနစ် ကျန်နေသေးတယ်။ သည်တစ်ကြိမ်မှာကော ပထမ ဆန်းကြယ် တံခါးကို လူဘယ်နှယောက် ဖြတ်သန်း နိုင်မလည်း မသိဘူး"
" ၁၀ယောက်မှာ ၁ယောက် ဖြတ်သန်းနိုင်ရင် ကံကောင်းပေါ့ကွာ ... "
" ပထမတံခါးကို ဖြတ်ကျော်ဖို့ကတောင် အဲလောက် ခက်သလားဟ "
" မင်းက သည်နန်းတော်ထဲကို တစ်ခါမှ မဝင်ဖူးသေးတဲ့ အတွက် အဲသည် အကြောင်းတွေကို ဘယ်သိပါ့မလဲ။ သည်ဆန်းကြယ် တံခါး၈ခုက တစ်ဆင့်ပြီးတစ်ဆင့် ပိုခက် သွားတာမျိုး မဟုတ်ဘူးကွ။ သည်တံခါးတွေက အဆင့်အလိုက် ခွဲထားတာမျိုးလည်း မဟုတ်သေးဘူး။ တံခါးတွေက မင်းနဲ့ သင့်တော်သလား မသင့်တော်ဘူးလား ဆိုတာကိုပဲ ရွေးချယ်တာ။ ဒါမှမဟုတ် မင်းရဲ့ ပါရမီနဲ့ အလားအလာက အရမ်း ကောင်းမွန်နေရင်တော့ ကျော်ဖြတ် နိုင်မှာပေါ့ကွာ။ ဥပမာ ပြောရရင်တော့ကွာ ... မင်းက ဆန်းကြယ် ပထမတံခါးနဲ့ မသင့်လျော်ဘူး ဆိုပါတော့။ ဒါပေမဲ့ မင်းရဲ့ ပါရမီနဲ့ အလားအလာက ဆန်းကြယ် ပထမထပ်ကို ဖြတ်ကျော်နိုင်ဖို့ အတွက် လုံလောက်နေရင်တော့ ဆန်းကြယ် ပထမထပ်နဲ့ မသင့်လျော်ပေမယ့်လည်း ကျော်ဖြတ် သွားနိုင်မှာပဲ"
" မင်းပြောတာ မှန်တယ်။ ဒါပေမဲ့ မင်းပြောဖို့ တစ်ခု ကျန်ခဲ့သေးတယ်။ ဆန်းကြယ်ပထမ တံခါးကို မကျော်ဖြတ်နိုင်တဲ့ လူတွေက နောက်တစ်ခါ ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲကို ဝင်ခွင့် မရှိတော့ဘူး။ ဒါကြောင့် ငါက သည်လျှို့ဝှက် နယ်မြေထဲကို အစောတလျင် မလာဘဲနဲ့ သေသေချာချာ ပြင်ဆင်နေခဲ့တာပဲ။ "
" ဟုတ်ပကွာ ...။ ငါသာ အခုလက်ရှိ စွမ်းရည်နဲ့ ဆိုရင်တော့ သေချာပေါက်ကို ဆန်းကြယ်ပထမ တံခါးကို ဖြတ်ကျော်နိုင်မှာပါ။ ဒါပေမဲ့... ငါက လျှို့ဝှက်နယ်မြေထဲကို ဝင်ခွင့် မရှိတော့ဘူးကွာ"
သည်တောင်ထိပ်ကို ရောက်နေတဲ့ သူတိုင်းက ထူးခြားဆန်းကြယ် လျှို့ဝှက်နယ်မြေထဲကို ဝင်မယ့်သူတွေ မဟုတ်ပါဘူး။ အချို့က ထူးခြားဆန်းကြယ် လျှို့ဝှက်နယ်မြေထဲကို တစ်ကြိမ် ဝင်ခဲ့ပြီးပါပြီ။ သူတို့က ပထမတံခါးကို မဖြတ်ကျော်နိုင်တဲ့ အတွက် သည်ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲကို ဝင်ခွင့် မရှိတော့ပါဘူး။ သူတို့က သည်ကိုလာပြီး အားပေးရုံသက်သက် လာခဲ့ကြတာပါ။
ဂျလိမ်း... ဂျလိမ်း...ဝေါ...
၁၅မိနစ်လောက် ကြာတဲ့ အခါမှာတော့ တောင်ထိပ်ပေါ်မှာ သက်တန့်တွေ ပေါ်ပေါက်လာခြင်းနဲ့ အတူ နန်းတော်ရာရဲ့ တံခါးတွေဟာ ရုတ်တရက် ပွင့်လာခဲ့ပါပြီ။
"ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေ ပွင့်လာပြီဟေ့ "
လူငယ်တွေအားလုံးက အသက်တောင် ပြင်းပြင်း မရှုရဲဘဲ နန်းတော်ရာကို စိုက်ကြည့် နေကြပါတယ်။
ထို့နောက်မှာတော့ ခန့်ညားထည်ဝါလှတဲ့ လူရိပ်တစ်ခုက လေထုထဲမှာ ထွက်ပေါ်လာခဲ့ပါပြီ။ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခြမ်းက ဟင်းလင်းပြင် နယ်မြေထဲကို ရောက်နေပါတယ်။
"ထူးခြား ဆန်းကြယ် လျှို့ဝှက် နယ်မြေထဲကို ဝင်ခွင့် မရှိတော့တဲ့ လူတွေ ဇွတ်တိုးဝင်ဖို့ မကြိုးစားကျနဲ့။ မဟုတ်ရင်တော့ အပြစ်ပေးခြင်းကို ခံရလိမ့်မယ်"
ထိုလူရိပ်က သြဇာအာဏာသံ အပြည့်ဖြင့် သတိပေးလိုက်ပါတယ်။
သတိပေးချက်ကို ကြားပြီး နောက်မှာတော့ ဘယ်သူမှ ထူးထူးခြားခြား ပြောင်းလဲ သွားတာမျိုး မရှိပါဘူး။
သည်အရိပ်က ပဟေဠိ သိုင်းသမားတစ်ယောက် မဟုတ်သလို ကိုယ်ပိုင် အသက်ဓာတ်လည်း မရှိပါဘူး။
ဒါပေမဲ့ သည်အရိပ်က အင်မတန် စွမ်းအား ကြီးမားပါတယ်။
တစ်ခါက ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တစ်ယောက် ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲကို အတင်းဝင်ဖို့ ကြိုးစား ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ထိုပညာရှင်က ဟင်းလင်းပြင် အရိပ်ရဲ့ တိုက်ကွက် တစ်ကွက်တည်းနဲ့တင် ပျောက်ကွယ် ပျက်စီး သွားတာပါပဲ။ သည်ဟင်းလင်ပြင် နယ်မြေ အရိပ်က ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေထက်ကို ပိုစွမ်းအား ကြီးတယ်ဆိုတာ သိသာ လွန်းလှပါတယ်။
***