← Chapters

မူလရုပ်သွင်ပြန်ပြောင်းပြီ

Vol. 19 Ch. 255

မူလရုပ်သွင်ပြန်ပြောင်းပြီ

Vol. 19 Ch. 255

" စိတ်ဝင်စားစရာပဲ "

ချူးယီက  ထိုဟင်းလင်းပြင် အရိပ်ကို ကြည့်နေရင်းတဲ့  ထိုအရိပ်ရဲ့ စွမ်းအားတွေကို ခံစားနေရပါတယ်။ သည်ဟင်းလင်းပြင် အရိပ်က သိုင်းတာအို ဆန္ဒတစ်ခုကနေ ဖြစ်ပေါ်လာတဲ့ ပုံပါပဲ။ အဲသည် အရိပ်က ကောင်းကင် တာအိုရဲ့ အစွမ်းတွေတောင် ရှိနေတယ်လေ။

သိုင်းတာအို ဆန္ဒတစ်ခုက ကောင်းကင်တာအိုရဲ့ အစွမ်းတွေ ပါဝင် ကိန်းအောင်း နေပြီ ဆိုရင်တော့ ထိုအရာက သေချာပေါက်ကို မြေကမ္ဘာအဆင့် သိုင်းတာအို ဆန္ဒတစ်ခုပါပဲ။ ကောင်းကင်အဆင့် သိုင်းတာအို ဆန္ဒတော့ လုံးဝ ဖြစ်ဖို့ မရှိပါဘူး။

ကောင်းကင်အဆင့် သိုင်းတာအို ဆန္ဒတွေမှာ ဆိုရင်တော့  နတ်ဘုရားတွေရဲ့ စွမ်းအင်တွေ ပါဝင် ကိန်းအောင်း နေတယ်လေ။

" ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေက ပွင့်လာပြီဆိုတော့ ငါလည်း ရုပ်ဖျက်နေစရာ မလိုတော့ဘူး"

လီဖူချန်းက မျက်နှာကို တစ်ချက် ပွတ်သပ်လိုက်တဲ့ အခါမှာတော့ သူ့ရဲ့ မူလရုပ် အသွင်အပြင်ကို  ပြန်ပြောင်း သွားခဲ့ပါတယ်။

"သည်လူက ရုပ်ဖျက်ထားတာပဲ "

လူတစ်ယောက်က လီဖူချန်းရဲ့ မူမမှန်တဲ့ အပြုအမူကို သတိထားလိုက် မိတယ်လေ။

" ဟင်... အဲသည်ကောင်လား ... "

ကံဆိုးတယ်လို့ ပြောရမှာလား။ ဒါမှမဟုတ် ကံကောင်း တယ်လို့ပဲ ပြောရမှာလားတောင် မသိတော့ပါဘူး။ လူတွေ တော်တော်များများက လီဖူချန်းကို သိနေကြပါတယ်။

သည်နှစ်ရဲ့ နှစ်ဝက် တစ်ခုလုံးမှာတော့   ကောင်းကင် နတ်ဆိုးဂိုဏ်းက လီဖူချန်းရဲ့ ပုံတွေကို တိုက်ပွဲတစ်ရာ နယ်မြေရဲ့ မြို့အနှံ့မှာ ကပ်ပြီး အလိုရှိကြောင်း ကြော်ငြာခဲ့တယ်လေ။

" သည်လူက ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ ဖမ်းဝရမ်း ထုတ်ခြင်းကို ခံခဲ့ရတဲ့ သူပဲ။ ကောင်းကင် နတ်ဆိုးဂိုဏ်းက ဖမ်းဝရမ်း စာရွက်တွေကို ပြန်သိမ်းသွားခဲ့ပြီ ဆိုပေမယ့်လို့ သည်လူ့ကို လွယ်လွယ်လေးနဲ့ လွှတ်ပေးမှာ မဟုတ်ဘူး။ ဒါကိုတောင် သည်လူက ရုပ်ဖျက်ထားတာကို ဖျက်လိုက်တယ်ဆိုတော့ တော်တော် ရဲတင်းတဲ့လူပဲ'

" ငါထင်တာ မမှားဘူးဆိုရင်တော့ သည်ကောင်က ပဟေဠိ သိုင်းသမားတွေရဲ့ တပည့်အဖြစ် ခံယူချင်လို့ သည်ကို လာခဲ့တာပဲနေမှာ။ တကယ်လို့ သူသာ ပဟေဠိသိုင်းသမား တစ်ယောက်ယောက်ရဲ့ လက်ရင်းတပည့် ဖြစ်သွားမယ်ဆိုရင် ကောင်းကင် နတ်ဆိုးဂိုဏ်းက သူ့ကို ထိရဲတော့မှာ မဟုတ်ဘူး။ "

" သည်ကောင်က အိပ်မက် မက်နေတာပဲ။ ပဟေဠိ သိုင်းသမား တစ်ယောက်ရဲ့ လက်ရင်း တပည့်ဆိုတဲ့ နေရာတစ်နေရာ ရဖို့က အရမ်းလွယ်တယ်များ ထင်နေတာလား...။ သည်ကောင် ထင်ထားသလို လွယ်နေလို့ကတော့ အရှေ့ယူနီကွန်း တိုက်ကြီး တစ်ခုလုံးမှာ ပဟေဠိ သိုင်းသမားတွေရဲ့ လက်ရင်းတပည့်တွေ ပြည့်နေတော့မှာပေါ့ကွ။ သည်ကောင်က သူ့ကိုယ်သူ အထင်ကြီးပြီး ပေါ်ပင် လုပ်ချင်ရုံသက်သက် သည်ကိုလာတာ  နေမှာပါကွာ။  မယုံရင်  မင်းကြည့်ထားလိုက်...။ သည်ကောင်က ပထမ ဆန်းကြယ် တံခါးကိုတောင် မကျော်ဖြတ်နိုင်ဘဲနဲ့ ပြန်ထွက် လာရလိမ့်မယ်"

"လျှို့ဝှက်နယ်မြေ ထဲကနေ ပြန်ထွက်လာပြီ ဆိုတာနဲ့ ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ ထိပ်သီး ပညာရှင်တွေက သည်ကောင့်ကို ဖမ်းပြီး ကောင်းကောင်း ပညာပေးလိမ့်မယ်။"

လူတွေအားလုံးက လီဖူချန်းကို လှောင်ပြောင် ရယ်မော နေကြပါတယ်။

" အဲသည်ကောင်က လီဖူချန်းပဲ။ သခင်လေး လီဝူရှု သေသွားတာက သည်ကောင်နဲ့ သက်ဆိုင် နေလိမ့်မယ်"

သည်နေရာကို ရောက်နေ့တဲ့ လူတွေထဲမှာ ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ ရွှေအဆင့် တိုက်ရိုက်တပည့် အချို့ ရှိနေပါတယ်။ သူတို့ကလည်း လီဖူချန်းကို သတိပြုမိ သွားပါပြီ။

လီဖူချန်းကတော့ တစ်ယောက်ကိုမှ သောက်ဂရု မစိုက်ဘဲ ဓားအရူး သူတော်တို့ ရှိနေရာဆီသို့သာ ဦးတည် သွားလိုက်ပါတယ်။

ထို့နောက်မှာတော့ သူက လက်နှစ်ဖက်ကို ဆုပ်လိုက်ပြီး နှုတ်ဆက် လိုက်ပါတယ်လေ။

" ဂိုဏ်းတူ အစ်ကိုတော်တို့ ... တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်ကတော့ လီဖူချန်းပါ"

" ငါမင်းအကြောင်း ကြားဖူးတယ်" လီရှင်းယုက အသိအမှတ် ပြုလိုက်ပါတယ်။

ချန်ယွန်ဟူကလည်း ခေါင်းညိတ် ပြလိုက်ပြီး

" ဆေးပင်တစ်ရာ လျှို့ဝှက် နယ်မြေမှာတုန်းက မင်းလုပ်ဆောင်ခဲ့တာတွေ အရမ်းကောင်းတယ်"

သူက ဆေးပင်တစ်ရာ လျှို့ဝှက်နယ်မြေထဲမှာ  လီဖူချန်းတစ်ယောက် ဘယ်လို အစွမ်းပြခဲ့သလည်း ဆိုတာကို ကောင်းကောင်းကြီး ကြားသိခဲ့ပါတယ်။ သည်လို စွမ်းဆောင်ရည်မျိုး ဆိုတာက ဓားအရူးသူတော် လီရှင်းယုသာ စွမ်းဆောင် ပြနိုင်မည့် လူမျိုး မဟုတ်ပါလား။

" ငါတို့ ပြန်တွေ့ကြပြီ"

ရှုဖန်းကလည်း လီဖူချန်းကို ပြန်နှုတ်ဆက်လိုက်ပါတယ်။

ရှုဖန်းတစ်ယောက်  လီဖူချန်း ရောက်နေတာကို ဘာလို့မသိလည်း ဆိုတော့  သူက ရှာဖွေဖို့ စိတ်မဝင် စားလို့ပါပဲ။ သူသာ ရှာဖွေကြည့်ခဲ့မယ် ဆိုရင်တော့ သေချာပေါက် လီဖူချန်းကို တွေ့မှာပါ။

"ငါကြားတာတော့ မင်းက ရှောင်ပိုင်နဲ့ ရူကျန်းချီကို အနိုင်ယူခဲ့တယ်ဆို။  အဲသည်သတင်းက မှန်ရဲ့လား..."

ရှုဖန်းက မေးလိုက်ပါတယ်။

သူက ဆောင်းဦး မိုးစက်မြို့ကို ဖြတ်သွားတဲ့ အခါမှာ မရည်ရွယ်ဘဲနဲ့ လီဖူချန်း တစ်ယောက်  ဆောင်းဦးရွက်ကြွေ လက်ဖက်ရည်ပွဲတော်မှာ အစွမ်းပြခဲ့တဲ့ သတင်းကို ကြားခဲ့ရပါတယ်။ ရှောင်ပိုင်နဲ့ ရူကျန်းချီတို့ နှစ်ယောက်ကို အနိုင်ယူနိုင်တယ် ဆိုတာက လီဖူချန်းတစ်ယောက် သူ့ကို သာသွားပြီဆိုတဲ့ အဓိပ္ပာယ်ပင် မဟုတ်ပါလော။

" အိုး... အဲသည်လို အဖြစ်မျိုး ဖြစ်ခဲ့တာလား..."

ချန်ယွန်ဟူကလည်း အံ့သြသွားတဲ့ ပုံပါပဲ။

ရှောင်ပိုင်နဲ့ ရူကျန်းချီဆိုတာ သာမန် လူတွေမှ မဟုတ်တာ။ ပြီးတော့ လီဖူချန်းက မြေကမ္ဘာနယ်ပယ် အဆင့်၅သာ ရှိသေးတာလေ။ သည်စွမ်းရည်က သူ့ကို အံ့သြ သွားစေဖို့အတွက် လုံလောက်ပါတယ်။

လီဖူချန်းကတော့ ခပ်ပေါ့ပေါ့လေး ရယ်သွမ်းလိုက်ပြီး

" ကျွန်တော်က ကံကောင်းပြီး အနိုင်ရခဲ့တာပါဗျာ"

လီရှင်းယုက လီဖူချန်းကို စိုက်ကြည့်လိုက်ပြီး

" အခြေအနေပေးရင် ငါတို့ နှစ်ယောက် တစ်ခါလောက် လက်ရည်စမ်းတာပေါ့ "

တကယ်လို့ လီဖူချန်းကသာ ရှောင်ပိုင်နဲ့ ရူကျန်းချီကို အနိုင်ယူနိုင်တယ်ဆိုရင်  သူ့ရဲ့ စွမ်းရည်က ချန်ယွန်ဟူထက် ဘယ်လိုမှ နိမ့်ကျမှာ မဟုတ်ပါဘူး။

အဲသည်ထက် ပိုအရေးကြီးတာက  လီဖူချန်းဟာ ချန်ယွန်ဟူထက် အများကြီး ငယ်နေသေးတာပါပဲ။

" ဟုတ်ပြီလေ " လီဖူချန်းက ခေါင်းညိတ် လိုက်ပါတယ်။

အခုချိန်မှာတော့ သူက အရမ်းကြီး အားနည်းချင်ယောင် ဆောင်ပြနေလို့ မဖြစ်တော့ပါဘူး။ တစ်ခါတလေမှာ သည်လို အားနည်းချင်ယောင် ဆောင်တာက တစ်ဖက်လူရဲ့ သိက္ခာကို ကျဆင်းစေနိုင်သည် မဟုတ်ပါလား။

" မင်းက ဘာလို့ သည်လိုအချိန်မှာ မင်းရဲ့ ပင်ကိုရုပ်သွင်ကို ပြလိုက်တာလဲ "

ချန်ယွန်ဟူကတော့ လီဖူချန်းကို စိုးရိမ်သည့် ပုံပါပဲ။

လီဖူချန်းက အမေးကို အမေးဖြင့် ပြန်တုံ့ပြန် လိုက်ပါတယ်။

" တကယ်လို့ ကျွန်တော်သာ ပဟေဠိ သိုင်းသမား တစ်ယောက်ယောက်ရဲ့ လက်ရင်းတပည့်  ဖြစ်သွားခဲ့မယ်ဆိုရင် ကောင်းကင်နတ်ဆိုးဂိုဏ်းက ကျွန်တော့်ကို ထိရဲမယ်လို့ ထင်လား ..."

" ဘယ်ထိရဲပါ့မလဲ"

ရှုဖန်းက ပြန်ဖြေ လိုက်ပါတယ်။ ပြီးတာနဲ့ သူက ဆက်ပြီး ပြောလိုက်ပါသေးတယ်။

"ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ လူတွေက အသက်၃သက် ရှိရင်တောင် ပဟေဠိ သိုင်းသမား တစ်ယောက်ရဲ့ လက်ရင်းတပည့်ကို ထိရဲမှာ မဟုတ်ဘူး။ ပဟေဠိ သိုင်းသမား တစ်ယောက်ရဲ့ အမျက်ဒေါသကို သာမန် ဂိုဏ်းလေးတွေက ဘယ်တောင့်ခံ နိုင်မှာလဲ၊ ဒါပေမဲ့ ပဟေဠိ သိုင်းသမား တစ်ယောက်ရဲ့ လက်ရင်း တပည့် ဖြစ်ဖို့ဆိုတာက မင်းပြောသလောက်တော့ မလွယ်ဘူးထင်တယ်"

ချန်ယွန်ဟူကတော့ ဘာမှတ်ချက်မှ မပေးတော့ပါဘူး။ သူက လီဖူချန်း တစ်ယောက်  ကိုယ့်ကိုယ်ကိုယ် အထင်ကြီး လွန်းနေတယ်လို့ ခံစားနေရလို့ပါပဲ။

ယေဘူယျအားဖြင့် ပြောရမယ်ဆိုရင်  ပဟေဠိ သိုင်းသမား တစ်ယောက်ရဲ့ လက်ရင်းတပည့် ဖြစ်ဖို့အတွက် ဆိုတာ  အနည်းဆုံးတော့ ဆန်းကြယ် ပဉ္စမ တံခါးကို ဖြတ်ကျော်နိုင်ဖို့ လိုပါတယ်။

လီဖူချန်းက ရှောင်ပိုင်နဲ့ ရူကျန်းချီကို အနိုင်ယူခဲ့တယ် ဆိုရင်တောင်မှပဲ   ဆန်းကြယ် ပဉ္ဇမတံခါးကို ဖြတ်ကျော်နိုင်ဖို့ အတွက် မလုံလောက်သေးပါဘူး။

အချို့ ကိစ္စတွေမှာက မင်းကိုယ်မင်း ဘယ်လောက် အထိ ယုံကြည်မှုရှိရှိ ထုတ်ဖော် မပြောသင့်ဘူးလို့ ချန်ယွန်ဟူ ခံယူထားပါတယ်။ ဒါက ကြွားဝါပြောဆိုတာနဲ့ အတူတူပါပဲ။

ပြီးတော့ ကြယ်၆ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်တွေတောင်မှ ပဉ္စမမြောက် ဆန်းကြယ်တံခါးကို ဖြတ်ကျော်နိုင်မယ်လို့  သေချာပေါက် မပြောရဲပါဘူး။

တကယ်လို့ လီဖူချန်းသာ မိုးပြာရောင် ဂိုဏ်းရဲ့ တိုက်ရိုက် တပည့်တစ်ယောက် မဟုတ်ခဲ့ရင်တော့ ချန်ယွန်ဟူက သူ့ကို ကောင်းကောင်းကြီး လှောင်ပြောင် နေပြီးပါပြီ။

" ဂိုဏ်းတော်ရဲ့ အထက်ပိုင်းက အကြီးအကဲတွေကို အမြန်သတင်းပို့...။ လီဖူချန်းက သည်မှာ ရောက်နေတယ် ဆိုတာကိုပါ ပြော "

ကောင်းကင် နတ်ဆိုးဂိုဏ်းက ရွှေအဆင့် တိုက်ရိုက် တပည့်တွေက အချင်းချင်း လျှို့ဝှက် ပြောဆို နေကြပါပြီ။ သိပ်မကြာခင်မှာတော့ လူငယ် တစ်ယောက်က တောင်ပေါ်က ဆင်းသွားပြီး အစိမ်းရောင် တိမ်တိုက် မြို့ဆီကို ဦးတည် သွားလိုက်ပါတယ်။

" ဟင်...အဲသည်ကောင် ..."

ရှဟိုရှီကလည်း လီဖူချန်းကို သတိပြုမိ သွားခဲ့ပါပြီ။

" သည်ကောင်က  ကြယ်တာရာ လမ်းရဲ့ ပဉ္စမမြောက် အဆင့်ကို ဖြတ်ကျော် နိုင်ခဲ့လား မသိဘူး "

ရှိဟိုရှီ စိတ်ဝင်စားတဲ့ အရာကတော့ လီဖူချန်းက တစ်ယောက် ကြယ်တာရာလမ်းမရဲ့ ပဉ္စမြောက် အဆင့်ကို ဖြတ်သန်း သွားနိုင်လား ၊ မဖြတ်သန်း သွားနိုင်ဘူးလား ဆိုတာကိုပါပဲ။

တကယ်လို့ လီဖူချန်းသာ ကြယ်တာရာ လမ်းမရဲ့ ပဉ္စမအဆင့်ကို ဖြတ်သန်း သွားနိုင်တယ် ဆိုရင်တော့ သူက ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ် လီဖူချန်းကို ရအောင် သတ်တော့မှာပါ။

" အခွင့်အရေး ရရင်တော့ သည်ကောင့်ကို ရအောင်သတ်ရမယ်။ ဒါမှ ငါ့ရဲ့ ကံကြမ္မာက အားကောင်းလာမှာ "

ရှဟိုရှီက သူ့ရဲ့ အကြည့်တွေကို ပြန်ရုတ်သိမ်း လိုက်ပြီး သတ်ဖြတ်ခြင်း အငွေ့အသက်တွေ ပေါ်မလာအောင် ဖုံးကွယ် ထားလိုက်ပါတယ်။

လီဖူချန်းကို မှတ်မိတဲ့ နောက်ထပ် လူတစ်ယောက်ကတော့ ဟန်ဖန်းပါပဲ။ သူက မျက်နှာ ဖြူဖပ်ဖြူလျော်နဲ့ လီဖူချန်းကို ကြည့်နေတာပါ။

သူက လီဖူချန်းကို  ကြယ်တာရာ လမ်းမမှာတုန်းက လက်ဝါးနဲ့ရိုက်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း အရှက်တကွဲ အကျိုးနည်းသာ  ဖြစ်ခဲ့ရသည်သာ မဟုတ်ပါလား။

" ဟမ့်... ထားလိုက်ပါတော့ ...။ သည်ကောင့်ကို ငါကိုယ်တိုင် ဝင်လုပ်စရာ မလိုပါဘူး။ ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ တိုက်ရိုက်တပည့် တစ်ယောက်က လူသွားခေါ်နေပြီပဲကို "

ဟန်ဖန်းက နှာခေါင်းရှုံ့ပြီး တစ်ဖက်ကို လှည့်သွားပါတော့တယ်။

လီဖူချန်းတစ်ယောက် မူလရုပ်သွင်ကို ပြလိုက်ခြင်းက တောင်ထိပ်ပေါ်မှာ အနည်းငယ် လှုပ်ခတ်မှုတွေ ဖြစ်သွားစေပါတယ်။

ဒါပေမဲ့လည်း သိပ်မကြာခင်မှာပဲ ဘယ်သူမှ လီဖူချန်းကို အရေးမလုပ်တော့ပါဘူး။

အခုအချိန်မှာ အရေး အကြီးဆုံးကတော့ နန်းတော်ရာ တံခါးထဲကို ဝင်ဖို့ပင် မဟုတ်ပါလား။

" သွားမယ် ... ဝင်စို့ ... "

ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက်နယ်မြေထဲကို ဝင်ခွင့်ရှိသေးတဲ့ လူငယ်တွေကတော့  နန်းတော်ရာ တံခါးပေါက်ထဲကို တစ်ယောက်ပြီး တစ်ယောက် ခုန်ဝင်သွားကြပါပြီ။

မျက်စိတစ်မှိတ် အတွင်းမှာပဲ  အုပ်စုအနည်းငယ်သာ တောင်ထိပ်ပေါ်မှာ ကျန်နေပါတော့တယ်။

သည်လူတွေ အားလုံးကတော့  ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲကို  ဝင်ခွင့်မရှိတော့တဲ့ လူတွေပါပဲ။

" ဟူး... တကယ့်ကို နောင်တရစရာပဲကွာ ...။ ငါက ဘာဖြစ်လို့ အခွင့်အရေးကို အလွဲသုံးစား လုပ်မိလိုက်ပါလိမ့်  ...။ တကယ်လို့ အခုချိန်မှာသာ ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲကို ဝင်ခွင့် ရခဲ့ရင်တော့ ငါက သေချာပေါက်ကို ဆန်းကြယ် ပထမတံခါးကို ဖြတ်ကျော်နိုင်မှာပဲ။ အဲဒါဆိုရင်တောင်မှ  ပဟေဠိ သိုင်းသမား တစ်ယောက်ရဲ့ အမည်ခံတပည့်ဖြစ်ဖို့ မျှော်လင့်လို့ ရသေးတယ်။ "

" ငါလည်း အတူတူပါပဲကွာ။ ငါက စွမ်းအားတွေ တိုးတက်လာဖို့ အတွက် လောကြီးပြီး ထူးခြား ဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲကို ဝင်ခဲ့မိတယ်။ အဆုံးသတ်မှာတော့  ဘာမှ ပြန်မရခဲ့ဘူးလေ"

နန်းတော်ရာရဲ့ ဝင်ခွင့်တံခါးကို ကြည့်ပြီး အပြင်မှာ ရပ်ကျန်ခဲ့သူတွေက နောင်တ ရနေကြပါတယ်။

သြော်... နောင်တဆိုတာကလည်း  နောင်မှ တမိသည့်  အရာပင် မဟုတ်ပါလား။

***

နန်းတော်ရာတံခါးရဲ့ အနောက်ဘက်မှာတော့  ရှည်လျားတဲ့ လမ်းမကြီး တစ်ခုက လူတိုင်းကို စောင့်ကြိုနေပါတယ်။

သည်လမ်းမကြီးက  တကယ့်ကို မဟာဧရာမ လမ်းမကြီးပါပဲ။

လမ်းမကြီးရဲ့ အကျယ်က  မီတာရာနဲ့ ချီပြီး ကျယ်သလို  လမ်းမကြီးရဲ့ အရှည်ကလည်း  မိုင်ပေါင်းရာချီ ရှိပါတယ်။

သည်လမ်းမကြီးကိုတော့ ကျောက်တုံး တံခါးမကြီး ၈ခုနဲ့ ပိုင်းခြား သတ်မှတ် ထားပါတယ်။ အဲသည် တံခါးမကြီးတွေကလည်း တစ်ခါဝင်ရင် လူတစ်ရာလောက် ဝင်လို့ ရတဲ့အထိကို ကြီးမား လွန်းပါတယ်။

"အိုး... ဒါတွေက လူတွေ ပြောပြောနေတဲ့ ဆန်းကြယ် တံခါးမကြီး ၈ခုဆိုတာလား "

လီဖူချန်းက တံခါးမကြီး၈ခုနဲ့ တောင်ကြီးတွေကို သတိပြုမိ လိုက်ပါတယ်။ သည်တံခါးမကြီး ၈ခုက  တောင်ကြီး၈ခုရဲ့ တောင်ထိပ်တွေကို ရောက်သွားနိုင်သည့် တံခါးပေါက်တွေ ဖြစ်မည့်ပုံပါပဲ။

တောင်ထိပ်တိုင်းမှာလည်း ဘုံဗိမ္မာန် တစ်ခုစီ ရှိနေကြပါတယ်။

ဘုံဗိမ္မာန် ခြောက်ခုထဲမှာ ရှိတဲ့ လူ၆ယောက်ကတော့  ဝင်ရောက်လာတဲ့ လူငယ်တွေကို အကဲခတ် နေပါတယ်။

" သုံးလ ပြည့်သွားပြန်ပြီ။ သည်တစ်ကြိမ်မှာကော လူငယ် ပါရမီရှင်လေးတွေ ပါလာဦးမှာလား..."

မွဲပြာရောင် ဆံပင်တွေကို ပိုင်ဆိုင်ထားတဲ့ အဘိုးအို တစ်ယောက်က  ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။

" ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကတော့ နံပါတ်လေး အဘိုးကြီးက  လက်ရင်း တပည့်တစ်ယောက် ရလိုက်တော့ ပြောအား ရှိတာပေါ့ကွာ။ ငါလည်း သည်တစ်ခါမှာတော့ ငါနဲ့ကိုက်ညီတဲ့ လက်ရင်းတပည့် တစ်ယောက်လောက် ရချင်မိတယ်ကွာ"

ဇာမဏီ မျက်လုံး အစုံဖြင့် လူကြီး တစ်ယောက်ကလည်း ခပ်ပေါ့ပေါ့  ရယ်သွမ်း လိုက်ပြီး ပြောလိုက် ပါသေးတယ်။

တော်ဝင်ဆန်ပြီး ကျက်သရေ ရှိလှသည့် အမျိုးသမီးကြီး တစ်ယောက်ကလည်း " ငါကတော့ မိန်းကလေး တပည့်ပဲ  လက်ခံချင်တာ။ သည်တစ်ကြိမ်မှာတော့ ငါ့မျက်လုံးထဲကို ဝင်လာနိုင်တဲ့ မိန်းကလေး တစ်ယောက် ပါလာရင် ကောင်းမှာပဲ"

သည်လူ၆ ယောက်ကတော့ တပည့် လက်ခံဖို့အတွက် အရမ်းကို စိတ်အား ထက်သန်နေ့တဲ့ ပုံပါပဲ။ သူတို့ထဲက အချို့က  အမည်ခံ တပည့်တွေ လက်ခံခဲ့သလို အချို့ကလည်း လက်ရင်း တပည့်တွေ လက်ခံ ထားပြီးပါပြီ။

ဒါပေမဲ့လည်း လက်ရင်း တပည့်တွေကတော့  အမည်ခံ တပည့်တွေထက် စာရင်   အတော်လေးကို နည်းနေပါသေးတယ်။ လက်ရင်း တပည့်တစ်ယောက် ဖြစ်လာဖို့ ဆိုတာက အနည်းဆုံးတော့ ပဉ္စမမြောက် တံခါးကို ဖြတ်ကျော်နိုင်ဖို့ လိုအပ်သည် မဟုတ်ပါလား။ သူတို့ရဲ့ မျက်လုံးထဲမှာ ဘယ်လောက်ပင် သဘောကျ နေပါစေလေ။ ပဉ္စမမြောက်တံခါးကို မဖြတ်ကျော် နိုင်သေးဘဲနဲ့တော့ လက်ရင်း တပည့်တစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။

ဒါပေမဲ့ လူငယ် တစ်ယောက်ကသာ ဆဋ္ဌမမြောက် တံခါးကို ဖြတ်ကျော်နိုင်ခဲ့ရင်တော့ သူတို့ အားလုံးက အဲသည်လူငယ်ကို လက်ရင်း တပည့်အဖြစ် သတ်မှတ်ပြီး ပညာကုန် သင်ပေးကြမှာပါ။

ဆဋ္ဌမမြောက် ဆန်းကြယ်တံခါးကို ဖြတ်ကျော်နိုင်တဲ့ လူငယ်တွေဆိုတာက မရှိသလောက်ကို ရှားပါးလွန်းတဲ့အတွက် သူတို့က လက်လွှတ် မခံနိုင်ပါဘူးလေ။

***

All Chapters