တာအိုဂြိုဟ်၏ ဥပေက္ခာ
Vol. 70 Ch. 963
ထို အခိုက်အတန့်တွင် ကောင်းကင်ယံထဲ၌ လေပြင်းမုန်တိုင်းတစ်ခု တိုက်ခတ်လာ၏။ မရေမတွက်နိုင်လောက်အောင် များပြားသည့် ကြယ်များမှာလည်း ဝင်းလက်စွာ တောက်ပနေကြသဖြင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ တစ်ရောင်တည်း ဖြစ်နေတော့သည်။ တစ်ချိန်ထဲမှာပင် အဆင့်မြင့် ပထမအဆင့် အထူးဂြိုဟ်ငါးလုံးတိတိ ပေါ်ပေါက်လာပြီ ဖြစ်သည်။ ၎င်းတို့မှာ ပညာရှိပုံစံ လူငယ်လေး၏ လျစ်လျူရှူခြင်းကို ခံခဲ့ရသည့်တိုင်အောင် မျှော်လင့်ချက်အပြည့် ရှိနေဆဲဖြစ်ပြီး အစွမ်းကုန် ထွန်းလင်းတောက်ပနေကြ၏။
မြေပြင်ကြီးတစ်ခုလုံးမှာ ကြယ်အလင်းရောင်များ၏ လွှမ်းခြုံခြင်းကို ခံထားရသဖြင့် လူပုံစံ စက္ကူရုပ်ပေါင်းမြောက်မြားစွာမှာ အံ့ဩမှင်တက်နေကြရပြီ ဖြစ်သည်။ သို့သော်... ကောင်းကင်ယံထဲ၌ ပထမအဆင့် အထူးဂြိုဟ်ငါးလုံး ပေါ်ပေါက်လာသည့်တိုင်အောင် တာအိုဂြိုဟ်မှာ ထပ်၍ ပေါ်ပေါက်လာခဲ့ခြင်း မရှိပေ။
နဝမမြောက် ဗုံသံကြီး ပဲ့တင်ထပ်သွားသောအခါ မိုးကောင်းကင်စည်ကြီးဆီမှ တန်ပြန်အားများလည်း ပေါက်ကွဲထွက်ပေါ်လာ၏။ ထို တန်ပြန်အားများအား တောင့်မခံနိုင်ခဲ့သည့် ပထမဆုံး ပါရမီရှင်မှာ အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေး ဖြစ်ပေသည်။ သူသည် တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားပြီး သွေးတစ်ပွက် အန်ထွက်လာသလို သူ၏ ခန္ဓာကိုယ်မှာလည်း ချက်ချင်း ပိန်ချုံးသွားတော့မည့်ပုံ ပေါက်နေ၏။ သူ၏ အသက်စွမ်းအားများ၊ ချီများနှင့် ဝိညာဉ်စွမ်းအားများမှာလည်း ချက်ချင်းဆိုသလိုပင် လျော့ကျသွားရ၏။ သူသည် ဒယိမ်းဒယိုင် ဖြစ်နေပြီး မိုးကောင်းကင်စည်ကြီး၏ ဘေးမှ ပြုတ်ကျလာတော့မည့်အလား ဖြစ်နေတော့သည်။
သို့သော် သူသည် မာန်တင်းကာ အံကြိတ်လိုက်ပြီးနောက် သူ၏ ဝတ်ရုံထဲမှ အနက်ရောင် ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်သည်။ သူသည် ထို ကျောက်တုံး၏ ဂုဏ်သတ္တိအား အတိအကျမသိပါသော်လည်း ၎င်းအား လက်ဖြင့် ညှစ်လိုက်သောအခါ ၎င်းမှာ ချက်ချင်းဆိုသလိုပင် အရည်ပျော်ကျသွားသည်။ ထို့နောက် ၎င်းမှာ အနီးရောင်မီးခိုးငွေ့များအသွင် ပြောင်းလဲသွားပြီး ထို လူငယ်လေး၏ ဒွာရခုနစ်ပေါက်ထဲသို့ စီးဝင်သွားကြ၏။ ထိုအခါ ထိုလူငယ်လေး၏ မျက်နှာမှာ နီမြန်းသွားပြီး နဂိုတုန်းက အားနည်းနေခဲ့သည့် သူ၏ အသက်စွမ်းအားများမှာလည်း ရုတ်တရက်ဆိုသလို ပြန်လည် အားကောင်းလာတော့သည်။
သို့သော် ထိုကျောက်တုံးလေးမှာ သားရဲတိရစ္ဆာန်များအတွက်သာ ဖန်တီးထားသည့် ဆေးဝါးတစ်မျိုး ဖြစ်နေသည့်ပုံပြင်။ ၎င်း၏ ဆေးစွမ်းမှာ အလွန်အင်မတန်မှ ပြင်းထန်ပေသည်။ သို့ဖြစ်ကာ အကယ်၍ သူသာ ၎င်းအား အသုံးပြုလိုက်မည်ဆိုပါက သူ၏ အသက်စွမ်းအားများမှာ တိုးတက်လာမည် ဖြစ်ပါသော်လည်း အချိန်အကြာကြီး ခံမည့်မဟုတ်ပေ။ ထို့အပြင် အနာဂတ်တွင် သူသည် သူ၏ အသက်စွမ်းအား အမြောက်အမြားကို လက်လွှတ်ဆုံးရှုံးလိုက်ရဦးမည် ဖြစ်သည်။
သို့သော် ထိုလူငယ်လေးမှာ ဂရုစိုက်နေခြင်း မရှိတော့ပေ။ သူသည် တာအိုဂြိုဟ်ကိုသာ ရရှိပိုင်ဆိုင်နိုင်ရန် စိတ်အားထက်သန်နေ၏။ ယခုတွင် သူသည် နဝမမြောက် အချက်အား တီးခတ်ပြီးသွားပြီဖြစ်ရာ ရုတ်တရက်ဆိုသလို ခေါင်းမော့လာပြီး တာအိုဂြိုဟ်အား လိုက်လံရှာဖွေနေတော့သည်။ သူသည် ထို တာအိုဂြိုဟ် ပေါ်ပေါက်လာခြင်းမရှိသေးကြောင်း သေချာသွားသောအခါ အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် ပညာရှိပုံစံ ကျင့်ကြံသူကဲ့သို့ပင် သူ၏ မျက်ဝန်းများထဲ၌ ရူးသွပ်မှုနှင့် အစွဲအလမ်းကြီးမှု အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။
" ဒဿမမြောက် ရိုက်ချက် "
ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာလည်း ထိုနည်းတူပင်။ သူမသည်လည်း နဝမမြောက်အချက်အား တီးခတ်လိုက်ပြီးနောက် အသက်စွမ်းအားများနှင့် ကျင့်ကြံခြင်းစွမ်းအားများ ကုန်ခန်းနေပြီ ဖြစ်သည်။ သူမ၏ အတွင်းကလီစာများ ပေါက်ကွဲပျက်စီးသွားတော့မည့်ဆဲဆဲ ဖြစ်နေပြီး သူမ၏ ဝိညာဉ် တဆတ်ဆတ် တုန်ရီလာချိန်တွင် သူမသည် သူမ၏ ခေါင်းလောင်းလေးအား လှုပ်ယမ်းလိုက်၏။ ထိုအခါ ၎င်း၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းသုံးကြောင်း ပေါ်ပေါက်လာသည်။ သူမသည် သူမ ခံစားနေရသည့် ဝေဒနာများကို ထို ခေါင်းလောင်းလေးပေါ်သို့ လွှဲပြောင်းပေးလိုက်ပြီမှ သူမကိုယ်သူမ တည်ငြိမ်အောင် ထိန်းသိမ်းနိုင်စွမ်း ရှိသွား၏။
သို့သော် သူမသည် အသက်ရှူသံများ လေးလံနေရဆဲပင်။ သူမသည်လည်း အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးနည်းတူ တာအိုဂြိုဟ်အား ရှာမတွေ့ခဲ့သဖြင့် မျက်ဝန်းများထဲ၌ ရူးသွပ်မှု အရိပ်အယောင်များ တောက်ပလာတော့သည်။
" ဒဿမမြောက် ရိုက်ချက် "
ဝမ်ပေါင်လဲ့မှာလည်း သူတို့နည်းတူ သွေးရူးသွေးတန်း ဖြစ်နေရ၏။ သူသည် သူ၏ အသက်ရှူသံအား တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်ရန် ကြိုးစားနေပါသော်လည်း တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီနေရဆဲပင်။ နဝမမြောက် ရိုက်ချက်မှ ထွက်ပေါ်လာသည့် တန်ပြန်အားများကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ကြေမွပျက်စီးသွားတော့မည့်အလား ဖြစ်နေရသည်။ သို့သော် သူသည် တောင့်တင်းခိုင်မာသော အခြေခံ အုတ်မြစ်တစ်ခုနှင့် အခြားသူများထက် သာလွန်သည့် ဝိညာဉ်တစ်ခုအား ပိုင်ဆိုင်ထားသည်ဖြစ်ရာ အားမကုန်သေးပေ။
" ငါ ဆက်တီးနိုင်ပါသေးတယ် "
သူတို့သုံးယောက်မှာ ထို စကားလုံးများအား တစ်ပြိုက်နက်တည်း အော်ဟစ်ကြိမ်းဝါးလိုက်ကြခြင်း ဖြစ်၏။ ထို့ကြောင့် သူတို့၏ အော်သံများမှာ ကမ္ဘာကြီးတစ်ခုလုံးထဲ၌ ပဲ့တင်ထပ်သွားသည်။ ထို့နောက် သူတို့၏ အငွေ့အသက်များမှာလည်း နောက်ထပ်တစ်ကြိမ် ထပ်၍ အားကောင်းလာပြန်သည်။ သူတို့မှာ သူတို့၏ လက်ရိုက်တံများကို တစ်ပြိုင်တည်း ဝှေ့ယမ်းလိုက်ကြပြီး မိုးကောင်းကင်စည်ကြီးအား ဒဿမမြောက်အကြိမ်အဖြစ် ပြိုင်တူ တီးခတ်လိုက်ကြတော့သည်။
ထို့ကြောင့် အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး မိုးကောင်းကင်ကြီးမှာ တုန်ရီသွား၏။ ထို့နောက် ကောင်းကင်ယံကြီးမှာ အရောင်ပြောင်းသွားပြီး လေပြင်းများ စတင်တိုက်ခတ်လာတော့သည်။ မြေပြင်ကြီးမှာလည်း အပြင်းအထန် တုန်ရီနေပြီဖြစ်သည်။ ကောင်းကင်ကြီးတစ်ခုလုံးမှာ ကြယ်ရောင်စုံများဖြင့် လင်းလက်တောက်ပနေရာမှ ရုတ်တရက်ဆိုသလို မှေးမှိန်သွားပြီး မည်းနက်သွားတော့သည်။
ပညာရှိပုံစံကျင့်ကြံသူ ကြိုးစားခဲ့စဉ်တုန်းက အတိုင်းဆိုလျှင် ၎င်းတို့မှာ တာအိုဂြိုဟ် ပေါ်ပေါက်လာတော့မည့် အရိပ်အယောင်များ ဖြစ်ပေသည်။ ထို့ကြောင့် ကြယ်သုဿာန်အင်ပါယာထဲမှ စက္ကူရုပ်ပေါင်း မြောက်မြားစွာမှာ အသက်ရှူသံများ ရပ်တန့်သွားကြပြီး ခေါင်းမော့ကြည့်မိလိုက်ကြ၏။
သို့သော် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးမှာ ဆက်လက်တောင်ခံနိုင်စွမ်း မရှိတော့ပေ။ သူသည် ပါးစပ်ထဲမှ သွေးများ အဆက်မပြတ် ပန်းထွက်လာပြီး ဆံပင်အများစုမှာလည်း မီးခိုးရောင် ပြောင်းသွားပြီ ဖြစ်သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ အောက်သို့ အသံအကျယ်ကြီးမြည်အောင် ပြုတ်ကျလာ၏။ သူ၏ လက်ရိုက်တံမှာလည်း စွမ်းအားများ ဆုံးရှုံးလိုက်ရသဖြင့် ကြေမွပျက်စီးသွားကာ အလင်းမှုန်လေးများအသွင် ပြောင်းလဲသွားပြီး လွင့်ပါးပျောက်ကွယ်သွားတော့သည်။
ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာလည်း သွေးများအန်ထွက်လာပြီး မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေရပြီဖြစ်သည်။ သို့ဖြစ်ရာ သူမသည် အားကောင်းသော စွမ်းအားတစ်မျိုး၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသကဲ့သို့ပင်။ သူမသည် အောက်သို့ ပြုတ်ကျသွားခြင်း မရှိပါသော်လည်း နောက်သို့ မီတာသုံးရာတိတိ တွန်းထုတ်ခံလိုက်ရ၏။ သူမ၏ ခေါင်းလောင်းလေး၏ မျက်နှာပြင်ပေါ်တွင်လည်း အက်ကွဲကြောင်းမြောက်မြားစွာ ပေါ်ပေါက်လာပြီး နောက်ဆုံးတွင် ၎င်းမှာ ပေါက်ကွဲသွားတော့သည်။ သူမ၏ လက်ထဲရှိ လက်ရိုက်တံမှာလည်း ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့သဖြင့် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေး၏ လက်ရိုက်တံကဲ့သို့ပင် စတင် ကြေမွပျက်စီးလာတော့သည်။
သို့သော် ထိုအချိန်တွင် သူမသည် ဘယ်ဘက်လက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်ကာ လျှို့ဝှက် နတ်ဘုရားစွမ်းရည်တစ်မျိုးကို အသုံးပြုလိုက်၏။ ထိုအခါ သူမနှင့်အတူ ကြယ်သုဿာန်မြို့တော်ထဲသို့ ရောက်ရှိလာခဲ့ပြီး အရည်အချင်းစမ်းသပ်ပွဲများကို ကျော်ဖြတ်နိုင်စွမ်း မရှိခဲ့သည့် ပါရမီရှင် ဆယ်ယောက်ကျော်မှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားကြပြီး အသက်စွမ်းများ စုပ်ယူခံလိုက်ရသည့်အလား သူတို့၏ ခန္ဓာကိုယ်များမှာ စတင်ပိန်ချုံးလာကြတော့သည်။
ထိုမျှလောက်နှင့် ရပ်တန့်သွားခြင်းမရှိပေ။ တစ်အောင့်ခန့်အကြာတွင် ထို ပါရမီရှင် ဆယ်ယောက်ကျော်၏ အော်ဟစ်မြည်တမ်းသံများမှာ ရုတ်ခြည်းဆိုသလို ရပ်တန့်သွားပြီး သူတို့၏ ခန္ဓာကိုယ်များနှင့် ဝိညာဉ်များမှာ ပျက်စီးသွားကြတော့သည်။ မျက်လုံးဖြင့် မမြင်နိုင်သည့် စွမ်းအားတစ်မျိုးမှာ သူတို့၏ ခန္ဓာကိုယ်ထဲမှ အရာအားလုံးကို ဝါးမျိုသွားသကဲ့သို့ပင်။ ထိုအချိန်တွင် ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ အသက်စွမ်းအားများ ကုန်ခန်းသွားတော့မည့်ပုံ ပေါက်နေသည့်တိုင်အောင် သူမ၏ လက်ရိုက်တံမှာ ကြေမွပျက်စီးသွားခြင်း မရှိသေးပေ။
သို့သော် ၎င်း၏ မျက်နှာပြင်ပေါ်တွင်မူ အက်ကွဲကြောင်းများဖြင့် ပြည့်နှက်နေပြီဖြစ်ရာ သူမသည် ၎င်းအား အသုံးပြုကာ မိုးကောင်းကင်စည်ကြီးအား ထပ်၍ တီးခတ်နိုင်တော့မည်မဟုတ်ဘဲ ယာယီမျှသာ ထိန်းသိမ်းထားနိုင်တော့မည် ဖြစ်သည်။ သို့သော် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးနှင့် ပညာရှိပုံစံ ကျင့်ကြံသူတို့နှင့် ယှဉ်လိုက်ပါက သူမသည် အသာစီးရနေကြောင်း သိသာထင်ရှားပေသည်။
" နောက်ဆုံးတော့လည်း... " ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ အသက်ရှူသံများ လေးလံလာပြီး သူမ၏ စိတ်လှုပ်ရှားမှုများကို ချုပ်တည်းနိုင်စွမ်းမရှိတော့ပေ။ သို့သော် သူမ ဝမ်ပေါင်လဲ့ ရှိနေသည့်နေရာသို့ လှမ်းကြည့်မိလိုက်သည့် အချိန်တွင် သူမ၏ စိတ်လှုပ်ရှားမှုများမှာ ရပ်တန့်သွားရတော့သည်။ အဘယ်ကြောင့်ဆိုသော်... ဝမ်ပေါင်လဲ့၏ လက်ရိုက်တံမှာလည်း ပျက်စီးသွားခြင်း မရှိသေးသောကြောင့်ပင်။ ၎င်းမှာ ပျက်စီးသွားဖို့ပင် မဆိုထားနှင့် ၎င်း၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းတစ်ခုတလေပင် ပေါ်ပေါက်လာခြင်း မရှိသေးပေ။
" ရှဲ့တလု " ထို့ကြောင့် ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားရပြီး သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ သူမ၏ အမြင်တွင် ဝမ်ပေါင်လဲ့တစ်ယောက်သာလျှင် တာအိုဂြိုဟ်အား သူမနှင့် ယှဉ်လုနိုင်မည့် ပုံပင်။
ဝမ်ပေါင်လဲ့မှာလည်း ဒဿမမြောက်အချက်အား တီးခတ်ခဲ့ပြီးနောက် စွမ်းအားများ ကုန်ဆုံးသွားခဲ့ရ၏။ သူ၏ ခန္ဓာကိုယ်မှာလည်း တန်ပြန်အားများကြောင့် မြူခိုးများအဖြစ် ပြောင်းလဲသွားခဲ့ရသည်။ သို့သော် ထို အခိုက်အတန့်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ မင်းဧကရာဇ်ချပ်ဝတ်တန်ဆာကြီးအား အပြည့်အဝ ထုတ်သုံးလိုက်သဖြင့် မြူခိုးများအဖြစ် ကွဲထွက်သွားသည့် သူ၏ ခန္ဓာကိုယ်ကြီးမှာ ပြန်လည်စုဝေးသွား၏။ ထို့ကြောင့် သူ၏ လက်ထဲမှ လက်ရိုက်တံမှာလည်း ပျက်စီးသွားခြင်းမရှိပေ။
သို့သော် သူသည် သေမင်းခံတွင်းဝ၌ လမ်းလျှောက်နေရသည့်အလား ခံစားနေရပြီဖြစ်သည်။ သူသည် မိုးကောင်းကင်စည်ကြီး၏ ဘေးတွင် ရပ်နေဆဲ ဖြစ်သည့်တိုင်အောင် သူ၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲပျက်စီးသွားတော့မည့်ဆဲဆဲ အနေအထားသို့ ရောက်နေ၏။ သူသည် ခြေကုန်လက်ပန်းကျနေရပြီ ဖြစ်ပါသော်လည်း စိုးရိမ်တုန်လှုပ်နေခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူ အသုံးမပြုရသေးသည့် ဝှက်ဖဲတစ်ချပ် ရှိနေသေးသောကြောင့်ပင်။ ၎င်းမှာ ကြယ်တာရာယွမ်ယင်ဝိညာဉ်၏ စွမ်းရည် ဖြစ်ပေသည်။
" ငါ့ရဲ့ ခန္ဓာကိုယ်အစစ် ဒီနေရာကို ရောက်လာပြီးတော့ ငါ့ရဲ့ ကိုယ်ပွားနဲ့ ပေါင်းစည်းသွားမယ်ဆိုရင် ကြယ်တာရာယွမ်ယင်ဝိညာဉ်ရဲ့ စွမ်းရည်ကို အသုံးမပြုရင်တောင် ငါက ဘယ်သူမှ မတီးဘူးတဲ့ ဆယ့်တစ်ချက်မြောက် အချက်ကို တီးခတ်နိုင်စွမ်း ရှိသွားမှာ " ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်နေရင်း ခေါင်းလောင်းနှင့် မိန်းမပျိုလေး၏ ရန်လိုသော အကြည့်များကို သတိထားမိလိုက်၏။ ထို့ကြောင့် သူသည်လည်း ပြုံးဖြဲဖြဲလုပ်ကာ သူမအား စိန်ခေါ်သည့် အကြည့်ဖြင့် ပြန်ကြည့်လိုက်၏။
" နင်... " ထို့ကြောင့် ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ အသက်ရှူသံများ ရပ်တန့်သွားပြီး စကားပြောရန် ပြင်လိုက်၏။ သို့သော် ထိုအချိန်တွင် မည်းနက်နေသည့် ကောင်းကင်ယံကြီးထဲ၌ ထစ်ချုန်းသံကြီးတစ်သံ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာတော့သည်။ ထို မိုးခြိမ်းသံများနှင့်အတူ လျှပ်စီးတန်းများလည်း ပေါ်ပေါက်လာပြီး ကောင်းကင်ကြီးအား ထက်ခြမ်းခွဲပစ်တော့မည့်ပုံ ပေါက်နေ၏။ ထိုသို့ဖြင့် လေထုထဲ၌ မရေမတွက်နိုင်လောက်အောင် များပြားသည့် လျှပ်စီးတန်းများ ပြည့်နှက်နေစဉ် ကောင်းကင်ယံထဲ၌ ဧကရာဇ်တစ်ပါးနှင့်တူသည့် ဂြိုဟ်တစ်လုံး ပေါ်ပေါက်လာတော့သည်။
၎င်းမှာ အပြည့်အဝ ရုပ်လုံးပေါ်လာခြင်း မရှိသေးသောကြောင့် မှုန်ဝါးဝါး ပုံရိပ်တစ်ခုကိုသာ မြင်နေရ၏။ သို့သော် ၎င်းမှာ အထက်စီးမှနေ၍ မောက်မာဝင့်ကြွားမှုအပြည့်ဖြင့် အရာအားလုံးအား ငုံ့ကြည့်နေသည်ဖြစ်ရာ ၎င်းအား မြင်လိုက်ရသည့် လူတိုင်းမှာ ခေါင်းငုံ့သွားကြရသည်သာ ဖြစ်သည်။
ထိုဂြိုဟ်မှာ တာအိုဂြိုဟ် ဖြစ်ပေသည်။
၎င်းမှာ ဒဿမမြောက် ဗုံသံနှင့်အတူ ထွက်ပေါ်လာခြင်းဖြစ်ပြီး ယခုတွင် ကောင်းကင်ယံထဲမှနေ၍ အရာအားလုံးအား အထင်မြင်သေးသည့်မျက်ဝန်းများဖြင့် ကြည့်နေသကဲ့သို့ပင်။ ကြယ်အလင်းရောင်များ ပျံ့လွင့်လာချိန်တွင် ၎င်း၏ မျက်ဝန်းတစ်စုံမှာ မြေပြင်ပေါ်ရှိ အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးနှင့် ခေါင်းလောင်းနှင့် မိန်းမပျိုလေးတို့အား အကဲခတ် ကြည့်ရှုနေသည့်ပုံ ပေါက်နေတော့သည်။
ထိုအခါ အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးမှာ မျက်ဝန်းများထဲ၌ ရူးသွပ်မှု အရိပ်အယောင်များနှင့် စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပလာ၏။ ထို့နောက် သူသည် အစွမ်းကုန်ကြိုးစားကာ မတ်တတ်ထလာပြီး ကောင်းကင်ယံထဲရှိ တာအိုဂြိုဟ်အား လှမ်းကြည့်၍ အော်ဟစ်လိုက်တော့သည်။
" ငါနဲ့အတူ ပေါင်းစည််းပြီး ငါ့ရဲ့ဂြိုဟ် လာလုပ်ပါ။ အဲတာဆိုရင် ငါ မင်းနဲ့အတူ စကြဝဠာကြီးကို သိမ်းပိုက်ပေးမယ်။ ငါ့ရဲ့ တာအိုကို သက်သေပြနိုင်ဖို့အတွက် ရန်သူတွေအကုန်လုံးကို နှိမ်နင်းသတ်ဖြတ်ပေးမယ်။ တာအိုဂြိုဟ်ဆိုတဲ့ မင်းရဲ့နာမည် မပျက်ရစေဖို့ ငါ အာမခံပါတယ် "
သူ ထိုသို့ဆိုလိုက်သည်နှင့် တာအိုဂြိုဟ်၏ အလင်းရောင်များမှာ ပိုမိုတောက်ပလာ၏။ ၎င်းမှာ မှုန်ဝါးဝါး ပုံရိပ်ယောင်တစ်ခုအဖြစ်သာ ရှိနေခဲ့ရာမှ အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေး၏ စကားများကို စိတ်ဝင်စားသွားသဖြင့် အနည်းငယ်ခန့် ရုပ်လုံးပေါ်လာသည့်ပုံပင်။
သို့သော် ထိုအချိန်တွင် ခေါင်းလောင်းနှင့် မိန်းမပျိုလေးမှာ ရုတ်တရက်ဆိုသလို ဒူးထောက်ချလိုက်ပြီး တာအိုဂြိုဟ်အား ရှိခိုးဦးချလိုက်၏။
" ကျွန်မနဲ့အတူ ပေါင်းစည်းမယ်ဆိုရင် ကျွန်မ ရှင့်ရဲ့ လက်အောက်မှာ ကြည်ကြည်ဖြူဖြူ ခစားပေးပါ့မယ်။ ရှင့်ကို ကျွန်မရဲ့ သခင်အဖြစ် သဘောထားပြီးတော့ ရှင့်ရဲ့ လမ်းခရီးစဉ်တစ်လျှောက်လုံးမှာ လိုလေသေးမရှိအောင် ပါရမီဖြည့်ပေးပြီး တာအိုဂြိုဟ်ဆိုတဲ့ ဂုဏ်ပုဒ်ကို စကြဝဠာကြီးတစ်ခုလုံး သိသွားအောင် ကူညီပေးပါ့မယ် "
သူမ၏ နှုတ်မှ ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့် တာအိုဂြိုဟ်မှာ ပို၍ပင် ဝင်းလက်တောက်ပလာ၏။ ၎င်း၏ အလင်းရောင်များမှာ ကမ္ဘာကြီးတစ်ခုလုံးကို ဖုံးလွှမ်းထားပြီဖြစ်သည့်တိုင်အောင် ၎င်းမှာ အပြည့်အဝ ရုပ်လုံးပေါ်လာခြင်း မရှိသေးဘဲ မှုန်ဝါးဝါး ဖြစ်နေဆဲပင်။ သို့သော် ၎င်း၏ စိတ်ဆန္ဒများ မငြိမ်မသက် ဖြစ်နေသည်ကိုမူ လူတိုင်းက သတိထားမိနေပြီဖြစ်သည်။
ထို့ကြောင့် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးမှာ မျက်စိမျက်နှာပျက်သွားရပြီး မျက်ဝန်းများထဲ၌ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာရတော့သည်။ တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သည့် ပညာရှိပုံစံ ကျင့်ကြံသူပင်လျှင် ခေါင်းလောင်းနှင့် မိန်းမပျိုလေးအား လှည့်ကြည့်မိလိုက်၏။
ဘေးပတ်ပတ်လည်ရှိ စက္ကူရုပ်များမှာလည်း မျက်နှာအမူအရာ အမျိုးမျိုး ပြောင်းလဲသွားကြပြီး ခေါင်းလောင်းနှင့် မိန်းမပျိုလေးအား စိုက်ကြည့်နေပြီ ဖြစ်သည်။ ထိုအချိန်တွင် ကြယ်သုဿာန်အင်ပါယာ ဧကရာဇ်ကြီး၏ မျက်ဝန်းများမှာ ဝင်းလက်တောက်ပသွားပြီး ခေါင်းယမ်းလိုက်တော့သည်။
" ငါတို့လို ကျင့်ကြံသူတွေဆိုတာ ဘယ်မျိုးနွယ်စုကပဲဖြစ်ဖြစ် စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေရှိတယ်။ ဂြိုဟ်တွေနဲ့ ပေါင်းစည်းပြီး ဂြိုဟ်အဆင့်ကို တက်လှမ်းနိုင်ဖို့ ကြိုးစားနေတဲ့အချိန်မှာ ဂြိုဟ်တွေကို လက်အောက်ခံအဖြစ် သဘောထားပြီး ကိုယ့်ကိုယ်ကိုယ် သခင်အဖြစ် သဘောထားရမှာ။ တာအိုဂြိုဟ် ဖြစ်နေရင်တောင် အဲဒီ ထုံးတမ်းအစဉ်အလာအတိုင်းပဲ လုပ်ရမှာ။ အဲတာကို ဘာလို့ အခုလိုစကားတွေ ပြောလိုက်ရတာလဲ "
အကယ်၍ ထိုစကားများကို ပြောခဲ့သည့်သူမှာ ကြယ်သုဿာန်အင်ပါယာမှ ကျင့်ကြံသူတစ်ယောက်သာ ဖြစ်နေမည်ဆိုပါက ဧကရာဇ်ကြီးမှာ သေချာပေါက် ပြင်းပြင်းထန်ထန် အပြစ်ပေးလိုက်မည်သာ ဖြစ်သည်။ သို့သော် ယခုတွင်မူ ထိုသို့ ဆိုခဲ့သည်သူမှာ ပြင်ပနယ်မြေထဲမှ ပါရမီရှင်တစ်ယောက် ဖြစ်နေသည်ဖြစ်ရာ သူသည် လျစ်လျူရှုထားရန်သာ ဆုံးဖြတ်လိုက်ရ၏။ သူ၏ မျက်ဝန်းထဲတွင်မူ အထင်မြင်သေးသည့် အရိပ်အယောင်များ ပေါ်ပေါက်လာသည်။
" ဒီလောက် မောက်မာဝင့်ကြွားနေတဲ့ တာအိုဂြိုဟ် ဘယ်သူ့ကို ရွေးမလဲဆိုတာ ကြည့်ကြတာပေါ့ "
တာအိုဂြိုဟ်၏ ရွေးချယ်မှုမှာ ရင်ခုန်စရာ သိပ်မကောင်းတော့ပေ။ ယခုတွင် ၎င်း၏ အလင်းရောင်များမှာ ချက်ချင်းဆိုသလိုပင် အားကောင်းလာ၏။ ထို့အပြင် နဂိုတုန်းက ပညာရှိပုံစံကျင့်ကြံသူနှင့် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးတို့ပေါ်တွင် ရှိနေခဲ့သည့် အလင်းရောင်များပင်လျှင် ပျောက်ကွယ်သွားပြီး ခေါင်းလောင်းနှင့် မိန်းမပျိုလေးပေါ်၌ စတင်စုဝေးလာကြပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာမူ ၎င်းအတွက် အရေးမပါသည့် လူတစ်ယောက်ကဲ့သို့ပင်။ ၎င်းမှာ ယခုအထိ သူ့အား ဥပေက္ခာပြုထားဆဲ မဟုတ်ပါလော။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာပျက်သွားရ၏။ သို့သော် သူသည် သူ၏လက်ထဲမှ လက်ရိုက်တံအား ငုံ့ကြည့်လိုက်ပြီးနောက် မပွင့်တပွင့် ပြုံးမိသွားသည်။ ထို့နောက် သူသည် မောက်မာဝင့်ကြွားမှု အပြည့်ရှိသော မျက်နှာအမူအရာဖြင့် ခေါင်းမော့လာပြီး ဆိုလိုက်တော့သည်။
" ဟိတ်။ ငါ မပြီးသေးဘူးလေ “