← Chapters

ခြေတစ်လှမ်း ပိုစောသွားခြင်း

Vol. 19 Ch. 256

ခြေတစ်လှမ်း ပိုစောသွားခြင်း

Vol. 19 Ch. 256

နောက်ဆုံး ဘုံဗိမ္မာန် နှစ်ခုထဲမှာတော့  မြင့်မြတ်တဲ့ အရှိန်အဝါတွေ ထွက်ပေါ်နေတဲ့ လူကြီး တစ်ယောက်နဲ့ ခေါင်းတစ်ခုလုံး ဆံပင်တွေ ဖွေးဆွတ် နေအောင် ဖြူတဲ့ အဘိုးအိုတစ်ဦး ရှိနေပါတယ်။ သူတို့ နှစ်ဦးစလုံးကတော့  မျက်လုံး ပိတ်လျက် ထိုင်နေဆဲပါပဲ။

သူတို့ နှစ်ယောက်စလုံးက တစ်ခါမှကို လက်ရင်း တပည့်တွေ လက်မခံဖူးပါဘူး။ သူတို့က အမည်ခံ တပည့် အချို့ကိုသာ လက်ခံဖူးပါတယ်။

သူတို့ နှစ်ယောက်က တပည့် လက်ခံတဲ့ နေရာမှာ ချေးများနေတာ မဟုတ်ပါဘူး။ သူတို့ သတ်မှတ် ထားတဲ့ စံချိန်ကို မီတဲ့ လူငယ်တွေကိုက အရမ်းနည်းနေတာပါ။

အဲသည်အတွက် သူတို့က  တပည့်လက်ခံဖို့ ကိစ္စကို လုံးဝ မျှော်လင့် မထားတော့ပါဘူး။

ဆန်းကြယ် ပထမ တံခါးဝကို ရောက်တဲ့ အခါမှာတော့ လူတိုင်းက ရပ်တန့် လိုက်ကြပါပြီ။

" ဆန်းကြယ်တံခါး...။ မင်းနဲ့ ကံစပ်ရင်တော့ သည်တံခါးတွေကို အလွယ်တကူ ဖြတ်ကျော်နိုင်မှာပဲ။ ဒါပေမဲ့ ကံမစပ်ရင်တော့ သေလုမျောပါး ကြိုးစားရလိမ့်မယ်"

လူတွေ အားလုံးကတော့ မသေချာ၊ မရေရာမှုတွေကို ခံစားနေရပါတယ်။ ကျားနဂါး စာရင်းဝင်တွေ တောင်မှပဲ သည်ခံစားချက်ကနေ မလွတ်မြောက် နိုင်ကြပါဘူး။

"ဘာကို တွေးပြီး ကြောက်နေရမှာလဲ...။ ငါက သည်ပထမ ဆန်းကြယ် တံခါးကို မကျော်ဖြတ်နိုင်စရာ ဘာအကြောင်းမှ မရှိဘူးကွ။ "

လူငယ် တစ်ယောက်ကတော့ ကိုယ့်ကိုယ်ကိုယ် ရဲဆေးတင်ပြီး တံခါးဝထဲကို ဝင်သွား ခဲ့ပါတယ်။

ရွှီး...

ကျောက်တုံး တံခါးမကြီးကို ဝင်သွားတာနဲ့ တစ်ပြိုင်နက် ထိုလူငယ်က လူမြင်ကွင်း ထဲကနေ ပျောက်ကွယ် သွားခဲ့ပါပြီ။

ပထမဆုံး တစ်ယောက် ဝင်သွားပြီ ဖြစ်တဲ့အတွက် ကျန်လူတွေကလည်း တွေဝေ နှောင့်နှေးနေခြင်း မရှိတော့ဘဲ ပထမဆန်းကြယ် တံခါးဝထဲကို လိုက်ဝင် သွားကြပါတယ်။

လီဖူချန်းကလည်း လူတွေရဲ့ နောက်ကနေ လိုက်ဝင် သွားခဲ့ပါတယ်လေ။

ပထမ ဆန်းကြယ်တံခါးရဲ့ တစ်ဖက်ခြမ်းမှာတော့ ထူးခြားတဲ့ နယ်မြေတစ်ခု ရှိနေပါတယ်။

သည်နေရာက ရွှံ့နွံတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုပါပဲ။ မိုးအောက်မြေပြင် တစ်ခုလုံးမှာ ရွှံ့နွံတွေက လွဲပြီး ဘာဆိုဘာမှကို မရှိပါဘူး။

" ကိုယ်ဖော့ပညာကို စမ်းသပ်တာလား..."

လီဖူချန်းက မျက်မှောင်ကြုတ် လိုက်ပါတယ်။

သူက ရွှံ့နွံပြင်ပေါ်ကို  လှိုင်းဂယက်တွေတောင် မထစေဘဲ ညင်သာစွာ တက်လိုက်ပါတယ်။

"ထားလိုက်ပါတော့ကွာ ...။ အများကြီး စဉ်းစား မနေတော့ဘူး။ ငါက   အခုမှ  ဆန်းကြယ် ပထမ တံခါးမှာပဲ ရှိနေသေးတာကို "

လီဖူချန်က ဆက်ပြီး စဉ်းစား မနေတော့ဘဲ ကိုယ်ဖော့ပညာကို အသုံးပြုကာ ရွှံ့နွံပြင်တွေ ပေါ်မှာ  စတင် ပြေးလွှားပါတော့တယ်။

သည်ရွှံ့နွံပြင်က အဆုံးသတ် ဆိုတာတောင် မရှိသလိုပါပဲ။ လီဖူချန်းတစ်ယောက် ၂နာရီကျော် တစ်ဟုန်ထိုး ပြေးလွှားနေတာတောင်မှ  အဆုံးကို မမြင်ရသေးပါဘူး။

ပလုံ... ပလုံ...

ဘာအကြောင်းကြောင့်မှန်း မသိရပါဘဲနဲ့ ရွှံ့နွံပြင်က လှိုင်းဂယက်တွေ ထလာခဲ့ပါပြီ။

ရွှံ့နွံပြင် တစ်ခုလုံး တအိအိနဲ့ လှိုင်းဂယက်တွေ ထလာတာက လီဖူချန်းရဲ့ သွားနှုန်းကို လျော့ကျ စေခဲ့ပါတယ်။ ပြီးတော့ ရွှံနွံပြင်ရဲ့ စုပ်ယူမှုက ပိုပြီး အားကောင်းလာသလိုပါပဲ။

လီဖူချန်းက ပြေးလွှားနေတာကို ရပ်လိုက်တဲ့ အခါမှာတော့ လှိုင်းဂယက်တွေက လီဖူချန်းကို အနောက်ဘက် မီတာ တော်တော်များများကို တွန်းထုတ် ပစ်လိုက်ပါတယ်။

' ဒါက သေချာပေါက် ကိုယ်ဖော့ပညာကို စမ်းသပ်တာပဲ ဖြစ်ရမယ်။ '

လီဖူချန်းက လေနက် ကိုယ်ပွားသုံးခု ကိုယ်ဖော့ပညာကို ထုတ်ဖော် အသုံးပြုလိုက်တဲ့ အခါမှာတော့ သူ့ရဲ့ ခန္ဓာကိုယ်က လေးကိုင်းကနေ ပစ်လွှတ်လိုက်တဲ့ မြားတစ်စင်းလို ပြေးထွက် သွားခဲ့ပါပြီ။ သူ့ရဲ့ အရိပ်တွေက ရွှံ့နွံပြင်ပေါ်မှာ ထင်ကျန်ရစ် နေခဲ့တဲ့ အထိကို လီဖူချန်းရဲ့ ပြေးနှုန်းက မြန်ဆန် လွန်းလှပါတယိ။

အဲသည်အချိန်မှာတော့ တခြားသူတွေက ရွှံ့နွံပြင်ပေါ်မှာ ပြေးလွှားရတာကို ပြဿနာ တက်နေပါပြီ။

" မရတော့ဘူး...။ ကိုယ်ဖော့ပညာက ငါ့ရဲ့ အားနည်းချက်ပဲ။ လခွီးပဲဟေ့။ "

လူငယ် တစ်ယောက်က ရွှံ့နွံပြင်ပေါ်မှာ ခုန်ပေါက် ပြေးလွှားနေရတာကို လက်လျှော့ချင်နေပါပြီ။

သည်ရွှံ့နွံပြင်တွေက သာမန် နုန်းမြေတွေနဲ့ မတူပါဘူး။ သည်ရွှံ့နွံတွေက လုံးဝကို စေးကပ်နေတာပါ။ သည်ရွှံ့နွံပြင်ကို ခြေချပြီး အားယူလိုက်တိုင်းမှာ အဲသည် စေးကပ်မှုတွေကနေ ပြန်ရုန်းထွက် ရတာကလည်း အလုပ်တစ်လုပ်ပါပဲ။ အဲသည်ကိစ္စက တစ်ခါတလေ ဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ အကြိမ်တိုင်းမှာ ပြန်ရုန်းထွက် နေရရင်တော့  ပြသနာတစ်ရပ် ဖြစ်လာပါပြီ။ အဲသည်လို ပြန်ပြန်ရုန်းထွက် နေရတာနဲ့တင် အားအင်တွေက အတော်လေး ကုန်ခန်းလာခဲ့တယ်လေ။

"အား "

လူငယ် တစ်ယောက်ကတော့ ဟစ်အော်နေရင်းနဲ့ပဲ ရွှံ့နွံတွေရဲ့ စုပ်ယူခြင်းကို ခံလိုက်ရပါပြီ။ ထိုလူငယ်ကတော့ နုန်းမြေထဲကနေ ဘယ်လိုမှ ပြန်တက် လာနိုင်မှာ မဟုတ်တော့ပါဘူး။ သိပ်မကြာခင်မှာပဲ ရွှံ့နွံတွေက ထိုလူငယ်ကို ဟိုးအောက်ခြေအထိ ဆွဲယူ သွားပါတော့တယ်။

၂နာရီအတွင်းမှာပဲ ထူးခြား ဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲကို ဝင်လာတဲ့ လူငယ် တစ်ဝက်လောက်က ပထမ ဆန်းကြယ် တံခါးမှာတင် ရှုံးနိမ့် သွားကြပါပြီ။

"ညံ့လိုက်တဲ့ ကောင်တွေကွာ ...။ ပထမ ဆန်းကြယ်တံခါးက အပေါ်ယံကြည့်ရင်တော့ ကိုယ်ဖော့ ပညာကို စမ်းသပ်တာပဲ။ ဒါပေမဲ့ သည်စမ်းသပ်ချက်ရဲ့ တကယ့် အစစ်အမှန် ရည်ရွယ်ချက်က ချီအတွင်းအားတွေကို စနစ်တကျ ထိန်းချုပ် ထားနိုင်ရဲ့လား ဆိုတာကို စမ်းသပ်တာကွ။ မင်းတို့တွေက ချီအတွင်းအားတွေကို ရေရှည်အတွက် စနစ်တကျ မထိန်းချုပ် ထားနိုင်ရင်တော့ ဘယ်လိုမှ ဆန်းကြယ် ပထမတံခါးကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူးကွ"

ဘုံဗိမ္မာန်တစ်ခုထဲမှာ ရှိနေတဲ့ ပိန်လှီလှီ လူကြီးတစ်ယောက်က ပထမ ဆန်းကြယ်တံခါးကို ဖြတ်သန်း နေတဲ့ လူငယ်တွေကို နှာခေါင်းရှုံ့ လိုက်ပါတယ်။

လူတစ်ယောက်က ပိုပြီး ဝေးဝေးကို ရောက်လာလေလေ လှိုင်းဂယက်တွေရဲ့ ကြိမ်နှုန်းက ပိုပြီး အားကောင်းလာမှာ ဖြစ်ပြီး လူတိုင်းကို မိန်းမော တွေဝေစေမှာပါ။

ဒါပေမဲ့လည်း လီဖူချန်း အတွက်ကတော့ ဘာအခက်အခဲမှ ဖြစ်စေမှာ မဟုတ်ပါဘူး။ ဒါက သူ့အတွက်တော့  ကိုယ်ဖော့ပညာကို စမ်းသပ်တဲ့ အဆင့်တစ်ဆင့်ပါပဲ။

နောက်ထပ် တစ်နာရီလောက် ကြာအောင် ရွှံ့နွံပြင်ပေါ်မှာ ပြေးလွှားနေပြီး နောက်မှာတော့ လီဖူချန်းက ထွက်ပေါက်ကို တွေ့လိုက်ရပါပြီ။ ထွက်ပေါက်ကတော့ ရွှံ့နွံပြင်ရဲ့အထက် လေထုထဲမှာ ရှိနေတာပါ။ လီဖူချန်းက ရွှံ့နွံပြင်ပေါ်မှာ ခြေကုပ်အား တစ်ချက် ရယူလိုက်ပြီး လေထဲကို ခုန်တက် လိုက်ပါတယ်။

ဝှစ်...

လီဖူချန်းရဲ့ ခန္ဓာကိုယ်က လမ်းမပေါ်ကို ပြန်ရောက်လာသလို သူ့ရဲ့ အရှေ့မှာလည်း  ဒုတိယမြောက် ဆန်းကြယ် တံခါးမကြီး တစ်ခု ရှိနေပါတယ်။

ဝှစ်...

လီဖူချန်း  ထွက်ပေါက်ထဲက ထွက်လာပြီး သိပ်မကြာခင်မှာပဲ လူရိပ်တစ်ခုက လမ်းမပေါ်ကို ရောက်လာ ပြန်ပါတယ်။

ထိုလူကတော့ နဂါးဓားသခင်လေး ချူးယီပါပဲ။

" ဝိုး "

ချူးယီက  လီဖူချန်းကို တွေ့လိုက်ရတဲ့ အတွက် အနည်းငယ် အံ့အားသင့် သွားခဲ့ပါတယ်။

သခင်လေး၆ပါးထဲက တစ်ယောက် ဖြစ်တဲ့အတွက် ချူးယီက ဘယ်ပညာရပ်မှာမှ အားနည်း မနေပါဘူး။

သူ့ရဲ့ ကိုယ်ဖော့ ပညာကလည်း ဓားသိုင်းလိုပဲ အစွမ်းထက် ပါတယ်လေ။

သူက သည်ပထမမြောက် ဆန်းကြယ် တံခါးကို ပထမဆုံး ကျော်ဖြတ် နိုင်မယ့်သူလို့ ထင်ထားခဲ့တာပါ။ အခုတော့ သူ့ထက်အရင် ဆန်းကြယ် ပထမတံခါးကို ဖြတ်ကျော် နေနိုင်တဲ့သူ တစ်ယောက် ရှိနေခဲ့ပါပြီ။

" စိတ်ဝင်စားစရာပဲ။ ဒါပေမဲ့ သည်ကောင်က ပထမအဆင့်မှာတင်  အားအကုန် သုံးလိုက်တာနေမှာ"

ချူးယီက သည်ကိစ္စနဲ့ ပတ်သက်ပြီးတော့ စိတ်ထဲမှာ ဘယ်လိုမှ မခံစားရပါဘူး။ ဒါက ဆန်းကြယ် ပထမမြောက် တံခါးသာ ဖြစ်တဲ့အတွက် သူက အစွမ်းကုန် မကြိုးစားခဲ့ဘူးလေ။ သူက အင်အား တော်တော် များများကို  ချန်ထားပါသေးတယ်။

ထို့နောက်မှာတော့  ချူးယီက ဒုတိယမြောက် ဆန်းကြယ် တံခါးဝထဲကို ခုန်ဝင်သွားခဲ့ပါပြီ။

'အံ့သြစရာ ကောင်းလိုက်တာ။ ဒါကြောင့်လည်း သူက နဂါးဓား သခင်လေးဆိုပြီး နာမည်ကြီး နေတာ နေမှာပေါ့'

လီဖူချန်းက စိတ်ထဲကနေ ကျိတ်ပြီး ချုးယီကို ချီးကျူး လိုက်ပါတယ်။

ပထမမြောက် ဆန်းကြယ် တံခါးက တကယ်ကို မလွယ်ကူတဲ့ အရာပါ။ လီဖူချန်း ကိုယ်တိုင်တောင်မှ လေနက် ကိုယ်ပွားသုံးခု ကိုယ်ဖော့ပညာကို ထုတ်သုံးခဲ့တဲ့ အတွက် အခုလို လျင်လျင်မြန်မြန်နဲ့ ပထမမြောက် ဆန်းကြယ် တံခါးကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

နဂါးဓားသခင်လေး ချူးယီတစ်ယောက်  အခုလို လျင်လျင်မြန်မြန်နဲ့ သူ့နောက်ကနေ ကပ်ပြီး ထွက်လာ နိုင်လိမ့်မယ်လို့ လီဖူချန်းက မမျှော်လင့်ထားခဲ့ပါဘူး။

လီဖူချန်းကလည်း ချူးယီ ဒုတိယမြောက် တံခါးဝထဲကို ဝင်သွားတာကို မြင်လိုက်တာနဲ့ တုံ့ဆိုင်း မနေတော့ဘဲ လိုက်ဝင် သွားခဲ့ပါတယ်။

နောက်ထပ် အချိန်အနည်းငယ် အနည်းငယ် အကြာမှာတော့  ရှဟိုရှီ ၊စုမုယူနဲ့ အခြား လူငယ်တွေကလည်း ပထမ ဆန်းကြယ် တံခါးကို ဖြတ်ကျော်နိုင်ခဲ့ပြီး ဒုတိယ ဆန်းကြယ်တံခါးဝ ရှေ့ကို ရောက်လာခဲ့ပါပြီ။

သူတို့ကတော့ ဆန်းကြယ်ဒုတိယ တံခါးဝထဲကို မဝင်သေးဘဲ အနည်းငယ် လေ့လာ လိုက်ပါသေးတယ်။

ဆန်းကြယ် ဒုတိယ တံခါးဝရဲ့ အနောက်မှာရှိနေတဲ့ ဟင်းလင်းပြင်ကြီးက သူတို့ကို ဖိအား ပေးနေခဲ့သည် မဟုတ်ပါလား။

***

ဆန်းကြယ် ဒုတိယ တံခါးနောက်မှာတော့ အလွန်မတ်စောက်တဲ့ တောင်ထွတ် တစ်ခု ရှိနေပါတယ်။

သည်တောင်က အလွန်မတ်စောက်တဲ့ အပြင် အမှီအတွယ် လုံးဝမရှိသည် အထိ ချောမွေ့ နေပါသေးတယ်။ ပြီးတော့ သည်နေရာရဲ့ မြေဆွဲအားက  အလွန်အားကောင်း နေတဲ့အတွက်  ခုန်တက် သွားဖို့လည်း မဖြစ်နိုင်ပါဘူး။

တောင်ခြေမှာတော့ လီဖူချန်း တစ်ယောက် အကြံထုတ်ရ ခက်နေပါပြီ။ လီဖူချန်းရဲ့ အရှေ့မှာတော့ မီတာ၃၀မြင့်ပြီး မီတာ၂၀ကျယ်တဲ့ ကျောက်တုံး တံခါးကြီးတစ်ခု  ရှိနေပါတယ်။ အဲသည် ကျောက်တုံးတံခါးရဲ့ တံခါးတွေကတော့ တင်းတင်းစေ့စေ့ ပိတ်ထားတဲ့ပုံပါပဲ။

အဲသည် တံခါးရှေ့မှာ ရပ်နေရတာကိုက အလွန်ကြီးမားတဲ့ ချီအရှိန်အဝါ တစ်ခုကို ခံစားရပါတယ်။

" ငါက သည်တံခါးကို တွန်းဖွင့်ရမှာလား "

လီဖူချန်းက ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။

ထို့နောက်မှာတော့ လီဖူချန်းက လက်နှစ်ဖက်မှာ အတွင်းအားတွေ စုစည်းစေလိုက်ပြီး ကျောက်တုံး တံခါးမကြီးကို ဖိတွန်း လိုက်ပါတော့တယ်။

ဝရော... ဝရော...

ကျောက်တုံး တံခါးမကြီးက  ကျယ်လောင်စွာ မြည်ဟည်းပြီး  ပွင့်သွားခဲ့ပါပြီ။ သည်ကိစ္စက လီဖူချန်း အတွက်တော့ နည်းနည်း လွယ်ကူ နေသလိုပါပဲ။

" ဟားဟား... ဒါပဲကွ။ ငါ့ရဲ့ အတွင်းအားကို သည်တံခါးက ဘယ်လိုလုပ်ပြီး ခံနိုင်မှာလည်း "

လီဖူချန်းက  ဝမ်းသာ ပျော်ရွှင်စွာဖြင့် ဟစ်ကြွေး လိုက်ပါတယ်။

ဒါပေမဲ့လည်း သူ့ရဲ့ အပျော်တွေက သိပ်ပြီး ကြာရှည် မခံခဲ့ပါဘူးလေ။

ဘာဖြစ်လို့လည်းဆိုတော့ ပထမ  ကျောက်တုံးတံခါးရဲ့ နောက်မှာ  မီတာ၅၀နီးပါး မြင့်တဲ့ နောက်ထပ် ကျောက်တုံး တံခါးတစ်ခုက သူ့ကို စောင့်ကြိုနေလို့ပါပဲ။

သည်တံခါးကိုတော့  လီဖူချန်းက အစစ်အမှန် ငရဲမီးတောက် အတွင်းအားနဲ့တင် တွန်းဖွင့်လို့ မရတော့ပါဘူး။

လီဖူချန်းက မီးနဂါး လျှို့ဝှက်ကျင့်စဉ်ရဲ့ အကူအညီကိုပါ ယူလိုက် ရပါသေးတယ်။

မီတာ၅၀မြင့်တဲ့ ကျောက်တုံး တံခါးကြီးရဲ့ နောက်မှာတော့ မီတာ၁၀၀ မြင့်တဲ့ တံခါးမကြီး တစ်ခုက လီဖူချန်းကို ဆီးကြိုနေဆဲပါပဲ။

" ဟိုက်ရား "

လီဖူချန်းက  ရှိသမျှ အားသုံးပြီး တံခါးကို တွန်းဖွင့် လိုက်ပေမယ့်လည်း တံခါးမကြီးက တုတ်တုတ်မျှ မလှုပ်လာခဲ့ပါဘူး။

" မင်းက ငါ့ကို စမ်းတာပေါ့လေ။ "

လီဖူချန်းက နဖူးကနေ စီးကျနေတဲ့ ချွေးတွေကို သုတ်လိုက်ပါတယ်။ အတန်ကြာ  အမောဖြေပြီး နောက်မှာတော့  သူက နက်ရွှေမှော်ဓားကို ထုတ်ကာ ကျောက်တုံး တံခါးမကြီးကို ခုတ်ပိုင်း ပစ်လိုက်ပါပြီ။

ဖတ် ...

လီဖူချန်းရဲ့ ဓားချီတွေက ကျောက်တုံး တံခါးကို ထိလိုက်တာနဲ့  ပျောက်ကွယ် သွားခဲ့ပါတယ်။

" ဟာကွာ... သည်တံခါးက လက်နက် အားကိုးပြီး ဖွင့်လို့ မရဘူးလားဟ။  အေးပါကွာ ... ဒါဆိုရင်တော့လည်း ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုး ရတော့မှာပေါ့။ "

လီဖူချန်းက တံခါးမကြီကို ဖျက်ဆီးပြီး ဝင်ရောက်မယ့် သူ့ရဲ့အကြံကို  ရုတ်သိမ်း လိုက်ရပါပြီ။ ထို့နောက်မှာတော့ သူက ဗလာနယ် လက်ဝါးကို အသုံးပြုကာ တံခါးမကြီးကို တွန်းဖွင့်လိုက်ပါတယ်။

ဗလာနယ် လက်ဝါးက လူတစ်ယောက်ရဲ့ လက်မောင်းအားကို ပိုကောင်းလာစေတဲ့ လျှို့ဝှက် နည်းစနစ် ဖြစ်တဲ့အတွက် တံခါးကို တွန်းဖွင့်တဲ့ နေရာမှာတော့ မီးနဂါး လျှို့ဝှက်နည်း စနစ်ထက် ပိုအလုပ် ဖြစ်ပါတယ်လေ။

ကရီ...ကရိ ...

ကျောက်တုံး တံခါးမကြီးက အနည်းငယ် လှုပ်သွားခဲ့ပါတယ်။ ဒါပေမဲ့ ပွင့်လာမယ့် အရိပ်အယောင်တော့ မပေါ် သေးပါဘူး။

" ပွင့်စမ်းကွာ "

လီဖူချန်းက အံကို တင်းတင်း စေ့ထားပြီး မေးကြောကြီးများ ထောင်ထလာတဲ့ အထိ အားစိုက်ထုတ်ကာ တွန်းဖွင့်လို က်ပါတယ်။ လီဖူချန်းက သူ့ရဲ့ စိတ်ဝိညာဉ် ခွန်အားတွေကိုပါ  သည်တံခါးမကြီးကို တွန်းဖွင့်တဲ့ နေရာမှာ အာရုံ စိုက်ထားပါပြီ။

ဂျလိန်း...ဂျလိမ်း... ဂျလိမ်း ...

ကျောက်တုံး တံခါးမကြီးက နောက်ဆုံးမှာတော့ လီဖုချန်းရဲ့ တွန်းအားကို တောင့်မခံ ထားနိုင်တော့ပါဘူး။

" လက်စသတ်တော့ သည်လိုကိုး  "

လီဖူချန်းက ဆန်းကြယ် ဒုတိယတံခါးရဲ့ စမ်းသပ်မှုကို နားလည်သွားခဲ့ပါတယ်။

သည်စမ်းသပ်ချက်က လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် ခွန်အားတင် မကဘဲ စိတ်ဝိညာဉ် ခွန်အားကိုပါ စမ်းသပ်တဲ့ စမ်းသပ်ချက် တစ်ခုပါပဲ။

သိုင်းပညာရှင် တစ်ယောက်ရဲ့ စိတ်ဝိညာဉ် ခွန်အားက အားကောင်း နေမယ်ဆိုရင်တော့ သည်တံခါးကို ဖွင့်တဲ့ နေရာမှာ ပိုမို လွယ်ကူ သွားစေမှာပါ။

ဒါပေမဲ့ အဲသည် သိုင်းပညာရှင်က ကျောက်တုံး တံခါးမကြီးကို တွန်းဖွင့်ဖို့ လိုအပ်တဲ့ ခွန်အားလည်း ရှိနေရပါဦးမယ်။

မီတာ၁၀၀မြင့်တဲ့ ကျောက်တုံး တံခါးကြီးကို တွန်းဖွင့်အပြီးမှာတော့ နောက်ထပ် ကျောက်တုံး တံခါးတွေ မရှိတော့ပါဘူး။

အဲသည်အတွက် လီဖူချန်းက  အေးအေး သက်သာပဲ အဲသည် စမ်းသပ်ချက် နယ်မြေရဲ့ ထွက်ပေါက်ကနေ ပြန်ထွက် လာခဲ့လိုက်ပါတယ်။

လုံးဝကို ပြဇာတ်ဆန်ဆန် အဖြစ်အပျက်က အဲသည်မှာ စဖြစ်လာတော့တာပါပဲ။  လီဖူချန်းက ဆန်းကြယ်  ဒုတိယမြောက် တံခါးကို ဖြတ်ကျော် လိုက်တာနဲ့  ချူးယီကလည်း သူနဲ့ ဘေးချင်းကပ် လိုက်လာတာပါပဲ။ ချူးယီက လီဖူချန်းထက်ကို  ခြေလှမ်း တစ်လှမ်းစာသာ နောက်ကျသွားတာပါ။

ချူးယီက သူ့ထက် ခြေတစ်လှမ်း ဦးသွားတဲ့လူကို ကြည့်လိုက်တဲ့ အခါမှာတော့  ထပ်ပြီး အံ့သားသင့် သွားရ ပြန်ပါတယ်။ ထိုလူက လီဖူချန်းပင် ဖြစ်နေသည် မဟုတ်ပါလား။

' ကြည့်ရတာ သည်ဆန်းကြယ် တံခါးတွေက လူတစ်ယောက် ချင်းစီရဲ့  ကျင့်ကြံမှု အဆင့်ကို မူတည်ပြီး  စမ်းသပ်တာ ဖြစ်ရမယ်။ ဒါကြောင့် ချူးယီက ငါ့ထက် ခြေတစ်လှမ်း နောက်ကျနေတာ"

လီဖူချန်းက အခြေအနေမှန်ကို မှန်းဆ မိလိုက်ပါတယ်။

ချူးယီကတော့ လုံးဝကို မကျေမနပ် ဖြစ်နေပါပြီ။

သူက ဆန်းကြယ် ပထမ တံခါးမှာတုန်းကတော့ အစွမ်းကုန် အားမစိုက်ခဲ့ပါဘူး။ ဒါပေမဲ့ သည်တစ်ကြိမ်မှာတော့ ချုးယီက အားကုန် သုံးပြီးမှာသာ  ဆန်းကြယ် ဒုတိယ တံခါးကို ဖြတ်ကျော် နိုင်ခဲ့တာပါ။

"သည်ကောင်က  သည်စမ်းသပ်ချက်ဟာ စိတ်ဝိညာဉ် ခွန်အားနဲ့ ခန္ဓာကိုယ် ခွန်အားကို စမ်းသပ်တယ် ဆိုတာကိုများ ကြိုသိနေတာလား "

ချူးယီက အဖြစ်နိုင်ဆုံး အရာတစ်ခုကို ကောက်ချက် ချလိုက်ပါတယ်။

" မဆိုးဘူး...။ သည်ကလေး နှစ်ယောက်က သည်လောက် အချိန်တိုလေး အတွင်းမှာ  ဒုတိယမြောက် ဆန်းကြယ်တံခါးကို ဖြတ်ကျော်လာနိုင်တာပဲ။ "

" ကြည့်ရတာတော့ သူတို့ နှစ်ယောက်စလုံးရဲ့ စိတ်ဝိညာဉ် ခွန်အားက အတော် ကောင်းနေတဲ့ ပုံပဲ။ သည်နှစ်ယောက် စလုံးက အနည်းဆုံးတော့  စတုတ္ထမြောက် ဆန်းကြယ် တံခါးကို ဖြတ်နိုင်လိမ့်မယ်။ "

" ငါကတော့ သူတို့ နှစ်ယောက်စလုံး ပဉ္စမမြောက် ဆန်းကြယ် တံခါးကိုပါ ဖြတ်နိုင်လိမ့်မယ်လို့ ထင်တာပဲ"

ပဟေဠိ သိုင်းသမား ၆ယောက်ကတော့ သူတို့ရဲ့ ဘုံဗိမ္မာန်ကနေ ထိုင်ပြီး လူတိုင်းကို လေ့လာ အကဲခတ် နေပါတယ်။

သူတို့ရဲ့ အရှေ့မှာတော့  ရေကန်ငယ်လေး တစ်ခုရှိပြီး အဲသည် ရေကန်လေးရဲ့ ရေမျက်နှာပြင် ပေါ်မှာတော့ လီဖူချန်းနဲ့ ချူးယီရဲ့ ဖြတ်သန်းလာပုံ အဆင့်ဆင့်ကို ပြန်လည်ပြသပေးနေတယ်လေ။

ကြည့်ရတာတော့ သည်ရေကန်မျက်နှာပြင်က  ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲကို ဝင်လာတဲ့ လူတိုင်းကို ပြသပေးနိုင်တဲ့ ပုံပါပဲ။

***

All Chapters