ငါလည်း ဂြိုဟ်တစ်လုံးပဲ
Vol. 70 Ch. 964
သို့သော် ဝမ်ပေါင်လဲ့မှာ တာအိုဂြိုဟ်အား လှမ်းပြောလိုက်ခြင်းမဟုတ်ဘဲ သူ့ကိုယ်သူ သတိပေးလိုက်ခြင်းနှင့် ပိုတူပေသည်။ မိုးကောင်းကင်စည်ကြီးအား တီးခတ်ကာ တာအိုဂြိုဟ်အား ဤနေရာသို့ ဆင့်ခေါ်ခဲ့ပြီးလျှင် တာဝန် ပြီးဆုံးပြီဖြစ်ကြောင်း လူအများစုက မှတ်ယူထားကြ၏။
သို့သော် ဝမ်ပေါင်လဲ့မှာ ထိုသို့ မှတ်ယူထားခြင်းမရှိပေ။ သူသည် သူ၏ ဝှက်ဖဲအားအသုံးပြုကာ နောက်ဆုံးအချိန်အထိ ခက်ခက်ခဲခဲ တိုက်ပွဲဝင်ပြီးမှ တာအိုဂြိုဟ်အား ရရှိပိုင်ဆိုင်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
သို့သော် တာအိုဂြိုဟ်၏ မောက်မာဝင့်ကြွားမှုများကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်မရှည်တော့ပေ။
" မင်းက အရမ်းကို မောက်မာနေတယ်ပေါ့။ အေး။ ငါလည်း မောက်မာတတ်တယ်ကွ " ဝမ်ပေါင်လဲ့မှာ မကျေမချမ်း ဖြစ်နေရပြီဖြစ်သည်။ ထို့ကြောင့် တာအိုဂြိုဟ်ကြီး ဝင်းလက်တောက်ပလာပြီး ခေါင်းလောင်းနှင့် မိန်းမပျိုလေးအား ရွေးချယ်ခါနီး ဆဲဆဲမှာပင် သူသည် ဘယ်ဘက်လက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်၏။ ထိုအခါ စာရွက်လေးတစ်ရွက် ပေါ်ပေါက်လာသည်။
၎င်းမှာ ကြယ်သုဿာန်အင်ပါယာ ဧကရာဇ်ကြီး သူ့အား လက်ဆောင်ပေးခဲ့သည့် စာရွက် ဖြစ်ပေသည်။ ထိုစာရွက်အား မီးရှို့လိုက်သည်နှင့် ကြယ်သုဿာန်အင်ပါယာ၏ ကောင်းချီးပေးမှုအား ရရှိပိုင်ဆိုင်သွားမည် ဖြစ်ပြီး အထူးဂြိုဟ်တစ်လုံးအား ဆင့်ခေါ်နိုင်စွမ်း ရှိသွားမည်ဖြစ်သည်။ ထို စာရွက်လေး ပေါ်ပေါက်လာသည်နှင့် ဝမ်ပေါင်လဲ့မှာ သူ၏ ဘယ်ဘက်လက်အား ထပ်၍ ဝှေ့ယမ်းလိုက်သဖြင့် ၎င်းမှာ ချက်ချင်းဆိုသလိုပင် စတင်လောင်ကျွမ်းလာတော့သည်။ ထိုအခါ ကြယ်သုဿာန်အင်ပါယာထဲမှ မြို့သူမြို့သားများအားလုံးမှာ ရုတ်တရက်ဆိုသလို ဆတ်ခနဲ တုန်ရီသွားကြ၏။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်များထဲမှ မျက်လုံးဖြင့် မမြင်နိုင်သည့် အငွေ့အသက်တစ်မျိုး ထွက်ပေါ်လာသည်။ ထို အငွေ့အသက်များမှာ ကြယ်သုဿာန်အင်ပါယာကြီး၏ နေရာအနှံ့အပြားမှနေ၍ တော်ဝင်နန်းတော်ဆီသို့ တန်းတက်မတ်မတ် ဦးတည်လာနေကြပြီဖြစ်သည်။
သို့ဖြစ်ရာ ထိုစာရွက်လေးအား မီးရှို့လိုက်ခြင်းမှာ အမိန့်တခုကဲ့သို့ပင်။ တစ်အောင့်ခန့် အကြာတွင် အရပ်မျက်နှာအနှံ့ရှိ တိမ်တိုက်များထဲမှ အငွေ့အသက်များ အလုံးအရင်းနှင့် ထိုးထွက်လာကြတော့သည်။ ကြယ်သုဿာန်အင်ပါယာ ဧကရာဇ်ကြီး၏ အငွေ့အသက်များပင် ထွက်ပေါ်လာ၏။ အရက်မျက်နှာအနှံ့မှ ထို အငွေ့အသက်များအားလုံး အတူတကွ စုဝေးသွားချိန်တွင် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးထဲနဲ့ ဟိန်းဟောက်သံတစ်သံ ခပ်သဲ့သဲ့ ထွက်ပေါ်လာ၏။ ထိုအသံကြီးမှာ ကမ္ဘာကြီးတစ်ခုလုံးထဲ၌ ပဲ့တင်ထပ်သွားသဖြင့် တာအိုဂြိုဟ်တစ်လုံးထဲသာ ရှိနေသည့် ကောင်းကင်ယံကြီးထဲ၌ ငါးအကြေးခွံများနှင့်တူသည့် တုန်ခါမှုလှိုင်းများ ပေါ်ပေါက်လာတော့သည်။
ထို တုန်ခါမှုလှိုင်းများမှာ တဖြည်းဖြည်းနှင့် ပို၍ အားကောင်းလာသလို အရေအတွက်လည်း ပိုမိုများပြားလာ၏။ နောက်ဆုံးတွင် ၎င်းတို့မှာ ပုံရိပ်ယောင် စက္ကူနဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့သည်။ ထို နဂါးကြီးမှာ ကောင်းကင်ယံထဲ၌ အသံကုန်အော်ဟစ်မြည်တမ်းနေ၏။ ထို့ကြောင့် လူအုပ်ကြီးတစ်ခုလုံးမှာ ကြက်သေသေသွားကြသလို ပညာရှိပုံစံ ကျင့်ကြံသူနှင့် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးတို့မှာလည်း ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေရတော့သည်။ ခေါင်းလောင်းနှင့် မိန်မပျိုလေးမှာလည်း တုန်လှုပ်ချောက်ချားသွားပြီး မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရသည်။ တာအိုဂြိုဟ်ကြီးမှာလည ဆတ်ခနဲ တုန်ရီသွားရ၏။ ထိုအချိန်တွင် ထို စက္ကူနဂါးကြီးမှာ မိုးကောင်းကင်စည်ကြီး၏ ဘေးတွင်ရှိနေသည့် ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။
၎င်းမှာ ချက်ချင်းဆိုသလို အောက်သို့ ဆင်းသက်လာပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းသွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားရပြီး ခန္ဓာကိုယ်ထဲ၌ စွမ်းအင်လှိုင်းများ ပေါ်ပေါက်လာသည်ကို ခံစားလိုက်ရသည်။ ထို့နောက် အားအင်များ ကုန်ခန်းနေသည့် သူ၏ဝိညာဉ်မှာ ချက်ချင်းဆိုသလိုပင် အကောင်းပတိအတိုင်း ပြန်ဖြစ်သွားသည်။ ထို့အပြင် ထို စွမ်းအင်လှိုင်းများမှာ ကုန်ခန်းသွားခြင်း မရှိသေးဘဲ သူ၏ ခန္ဓာကိုယ်ထဲ၌ ပြည့်လျှံလာသောကြောင့် နောက်ဆုံးတွင် အပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် ပေါက်ကွဲပေါ်လာတော့သည်။
" ဆယ့်တစ်ချက် " ဝမ်ပေါင်လဲ့မှာလည်း အသက်ရှူသံများ မြန်ဆန်လာပြီး မျက်ဝန်းများတောက်ပလာ၏။ ထို့ကြောင့် သူသည် ခေါင်းမော့ကာ အသံကုန်အော်ဟစ်လိုက်ပြီး လူတိုင်း၏ရှေ့၌ မိုးကောင်းကင်စည်ကြီးဆီသို့ ပြေးသွားလိုက်တော့သည်။ သူ၏ လက်ထဲရှိ လက်ရိုက်တံမှာလည်း ဝင်းလက်တောက်ပလာပြီးနောက် မိုးကောင်းကင်စည်ကြီးပေါ်သို့ ချက်ချင်းဆိုသလိုပင် ကျရောက်သွား၏။ ထို့ကြောင့် ကြယ်သုဿာန်အင်ပါယာ၏ သမိုင်းတစ်လျှောက်လုံးတွင် မိုးကောင်းကင်စည်ကြီးဆီမှ ဆယ့်တစ်ကြိမ်မြောက် ဗုံသံကြီး ပထမဆုံးအကြိမ်အဖြစ် ထွက်ပေါ်လာတော့သည်။
အုန်း...
ထိုအသံကြီးမှာ ကျယ်လောင်လွန်းလှသောကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့သာမက တာအိုဂြိုဟ်ကြီးပင်လျှင် တုန်ရီသွားရ၏။ မိုးကောင်းကင်စည်ကြီးဆီမှ ထွက်ပေါ်လာသည့် အသံလှိုင်းများ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားချိန်တွင် ကမ္ဘာကြီးတစ်ခုလုံး အရောင်မှေးမှိန်သွားသကဲ့သို့ပင်။ အံ့သြတုန်လှုပ်စရာအကောင်းဆုံး အချက်မှာ ကောင်းကင်ယံထဲရှိ တာအိုဂြိုဟ်ကြီး မျက်လုံးဖြင့် မမြင်နိုင်သည့် စွမ်းအားတစ်မျိုး၏ ဆွဲငင်ခြင်းကို ခံလိုက်ရခြင်းပင်။ ထို့ကြောင့် ၎င်းမှာ မှုန်ဝါးဝါး ပုံရိပ်ယောင်တစ်ခုအဖြစ် ရှိနေခဲ့ရာမှ စတင်ရုပ်လုံးပေါ်လာတော့သည်။
၎င်းမှာ ခေါင်းလောင်းနှင့် မိန်းမပျိုလေး ကျိန်ဆိုခဲ့သည့် သစ္စာကြောင့် အစကတည်းက စတင်ရွေ့လျားနေခဲ့၏။ သို့သော် ထိုစဉ်တုန်းက ၎င်းမှာ ၎င်း၏ ဆန္ဒအလျောက် အောက်သို့ ဆင်းသက်လာနေခဲ့ခြင်းသာ ဖြစ်သည်။ ယခုတွင်မူ... ၎င်းမှာ ထို ဆွဲငင်အားကြီးကြောင့် အတင်းအဓမ္မ ဆွဲငင်ခံလိုက်ရခြင်း ဖြစ်၏။
ထို့ကြောင့် အသိဉာဏ်နှင့် စိတ်ခံစားချက်များပိုင်ဆိုင်ထားသည့် တာအိုဂြိုဟ်ကြီးမှာ ဒေါသထွက်သွားရသည်။ ၎င်းမှာ ထိုဆွဲငင်အားဆီမှ လွတ်မြောက်လာအောင် ချက်ချင်းရုန်းထွက်လာ၏။ သို့သော် ၎င်း ထိုကဲ့သို့ ရုန်းထွက်သွားသည်နှင့် ဝမ်ပေါင်လဲ့မှာ မောက်မာဝင့်ကြွားမှု အပြည့်ရှိသော မျက်ဝန်းများဖြင့် မိုးကောင်းကင်စည်ကြီးအား နောက်ထပ်တစ်ကြိမ် ထပ်၍ တီးခတ်လိုက်ပြန်သည်။
" ဆယ့်နှစ်ချက် "
ထိုအခါ မိုးကောင်းကင်စည်ကြီးထဲမှ ထွက်ပေါ်လာသည့် ဗုံသံကြီးမှာ ဤကမ္ဘာကြီးထဲရှိ အသံများအားလုံးကို အစားထိုးလိုက်သကဲ့သို့ပင်။ ထို အသံကြီးကြောင့် ထွက်ပေါ်လာသည့် အသံလှိုင်းများမှာလည်း အလွန်အင်မတန်မှ အားကောင်းနေပြီး လေမုန်တိုင်းကြီးတစ်ခုအသွင် ပြောင်းလဲသွားကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားနေပြီ ဖြစ်သည်။ တာအိုဂြိုဟ်အပေါ်သို့ သက်ရောက်နေသည့် ဆွဲငင်အားမှာလည်း အဆမတန် ပို၍အားကောင်းလာသဖြင့် ကြယ်သုဿာန်အင်ပါယာထဲတွင် ရှိနေကြသည့် သက်ရှိတိုင်းမှာ တစ်ခေါင်းလုံး ထူပူသွားကြတော့သည်။
အခြားသူများ စိတ်နှင့်ကိုယ်နှင့် ပြန်မကပ်နိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများမြန်ဆန်လာပြီး နောက်ထပ်တစ်ကြိမ် ထပ်၍ အော်ဟစ်လိုက်ပြန်သည်။ ထို့နောက် သူသည် ကြယ်သုဿာန်အင်ပါယာကြီးဆီမှ လက်ခံရရှိခဲ့သည့် စွမ်းအားများအားလုံးကို အသုံးပြုကာ မိုးကောင်းကင်စည်ကြီးအား နောက်ထပ်တစ်ကြိမ် ထပ်၍ တီးခတ်လိုက်တော့သည်။
သူ ထိုသို့ တီးခတ်လိုက်သည်နှင့် မိုးကောင်းကင်ကြီးတစ်ခုလုံးမှာ တုန်ရီသွား၏။ ထို့နောက် မည်သူမှ မမြင်ဖူးသော မှုန်ဝါးဝါး အမျှင်အတန်းများ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာပြီး တာအိုဂြိုဟ်ကြီး၏ ပတ်ပတ်လည်၌ ရစ်ပတ်သွားကြသည်။ ၎င်းတို့မှာ ဧရာမ ပိုက်ကွန်ကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး တာအိုဂြိုဟ်ကြီးအား ၎င်း၏ ပုံရိပ်ယောင်ထဲမှ အပြင်ဘက်သို့ ဆွဲထုတ်ရန် ကြိုးစားနေသကဲ့သို့ပင်။
ထို လုပ်ရပ်အား တာအိုဂြိုဟ်အပေါ် ရိုသေလေးစားမှု လုံးဝ မရှိသော လုပ်ရပ်တစ်ခုအဖြစ် အတိုင်းအတာတစ်ခုအထိ သတ်မှတ်နိုင်ပေသည်။ သို့ဖြစ်ရာ အသိဉာဏ်နှင့် စိတ်ခံစားချက်များ ပိုင်ဆိုင်ထားသည့် တာအိုဂြိုဟ်ကြီးမှာ ပို၍ပင် ဒေါသထွက်လာပြီး သွေးရူးသွေးတန်းနှင့် ရုန်းကန်နေတော့သည်။
၎င်းမှာ ရုန်းကန်နေရင်း အံ့ဩမှင်တက်ဖွယ်ရာ အလင်းရောင်များကို ထုတ်လွှတ်နေသဖြင့် ညကောင်းကင်ယံကြီးမှာ နေ့အချိန်သို့ ရောက်သွားသည့်အလား ဖြစ်သွား၏။ ပြည်သူ့ရင်ပြင်ထဲရှိ စက္ကူရုပ်များနှင့် ကြယ်သုဿာန်အင်ပါယာထဲရှိ နေရာအသီးသီးတွင် ရှိနေကြသည့် စက္ကူရုပ်များမှာ အံ့ဩတုန်လှုပ်နေခဲ့ရာမှ သတိပြန်ကပ်သွားကြပြီဖြစ်ရာ အုတ်အော်သောင်းနင်း ဖြစ်သွားကြတော့သည်။
" ဆယ့်သုံးချက်တောင်ပါလား။ ဒီလိုမျိုး ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူးလေ "
" ဘာဖြစ်သွားတာလဲဟ။ ဘာလို့ ငါက သူ တာအိုဂြိုဟ်ကြီးကို ဆွဲငင်နိုင်အောင် ငါကိုယ်တိုင် ကူညီပေးနေသလိုမျိုး ခံစားနေရတာလဲ "
" ဒါ ပြိုင်ဘက်ကင်း ပါရမီရှင်ပဲ။ ငါ တာအိုဂြိုဟ်ရဲ့ အမျက်ဒေါသတွေကို အာရုံခံမိနေပြီ။ ဘုရားရေ။ သူက တာအိုဂြိုဟ် သူ့ကို အသိအမှတ်ပြုလာအောင် လုပ်နေတာမှ မဟုတ်ပဲ။ တာအိုဂြိုဟ်ကို မရရအောင် လိုက်ဖမ်းနေတာပဲကွ "
လူအုပ်ကြီးတစ်ခုလုံးမှာ ဆူညံပွက်လောရိုက်နေကြပြီဖြစ်သည်။ ကြယ်သုဿာန်အင်ပါယာ ဧကရာဇ်ကြီးပင်လျှင် မျက်ဝန်းများထဲ၌ အထူးတဆန်းဖြစ်နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာရ၏။ အခြေအနေများမှာ သူ မှန်းဆထားသည့်အတိုင်း ဖြစ်မလာခဲ့ဘဲ ပြောင်းလဲသွားပြီ မဟုတ်ပါလော။ သို့သော် သူသည် သေသေချာချာ စဉ်းစားတွေးတောကြည့်လိုက်ပြီးနောက် ရှဲ့တလု၏ လုပ်ရပ်များမှာ သူ၏ အကျင့်စရိုက်နှင့် ကိုက်ညီမှုရှိနေသည်ဟု ခံစားလိုက်ရ၏။ ထို့အပြင် သူ၏ နောက်ကြောင်းရာဇဝင်ကိုပါ ထည့်သွင်းစဉ်းစားကြည့်လိုက်မည်ဆိုပါက သူ ထိုကဲ့သို့ ပြုမူရဲနေသည်မှာ မထူးဆန်းကြောင်း သိလိုက်ရမည်သာဖြစ်သည်။
ဧကရာဇ်ကြီးပင်လျှင် ထိုကဲ့သို့ အတွေးများထဲ၌ နစ်မျောသွားရသည်ဖြစ်ရာ ပညာရှိပုံစံ ကျင့်ကြံသူနှင့် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးတို့မှာဆိုလျှင် အထူးတလည် ဖော်ပြနေစရာပင် မလိုတော့ပေ။ သူတို့နှစ်ယောက်စလုံးမှာ အတွေးများယောက်ယက်ခတ်သွားရပြီး ဝမ်ပေါင်လဲ့အား သရဲတစ္ဆေတစ်ကောင်ကဲ့သို့ စိုက်ကြည့်နေကြပြီဖြစ်သည်။
ခေါင်းလောင်းနှင့် မိန်းမပျိုလေး တစ်ယောက်သာလျှင် တစ်ကိုယ်လုံး တုန်ရီနေပြီး မျက်ဝန်းများထဲ၌ ရူးသွပ်မှု အရိပ်အယောင်များနှင့် ဒေါသမီးလျှံများဖြင့် ပြည့်နှက်နေ၏။ သူမသည် ရှေ့သို့ပြေထွက်သွားပြီး ဝမ်ပေါင်လဲ့အား တားဆီးချင်ပါသော်လည်း မစွမ်းနိုင်တော့ပေ။ ထို့ကြောင့် သူမသည် ဝမ်ပေါင်လဲ့တစ်ယောက် မိုးကောင်းကင်စည်ကြီးအား တီးခတ်နေစဉ် တာအိုဂြိုဟ်ကြီး၏ အမျက်ဒေါသများ ပေါက်ကွဲထွက်ပေါ်လာနေသည့် မြင်ကွင်းအား လက်ပိုက်ကြည့်နေရတော့သည်။
" ဘာမှ ရေးကြီးခွင်ကျယ် မဟုတ်ပါဘူးကွာ။ ကောင်မလေးတွေကို ရည်းစားစကား လိုက်ပြောရတာနဲ့ တူတူပဲ။ ကိုယ့်ကိုယ် အဖက်မလုပ်တာထက်စာရင် စိတ်ဆိုးနေတာက ပိုကောင်းတယ်လေ " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများ မှေးသွား၏။ သူသည် အစွမ်းကုန်ထုတ်ရန် အဆင်သင့်ပြင်ထားပြီးရာ တာအိုဂြိုဟ်၏ ဂုဏ်ပုဒ်များကိုပင် အထူးတလည် ဂရုစိုက်နေခြင်းမရှိတော့ပေ။ သူ မိုးကောင်းကင်စည်ကြီးအား ဆယ့်သုံးချက်တိတိ တီးခတ်ခဲ့သည့်တိုင်အောင် မလုံလောက်သေးသည့်ပုံပင်။ တာအိုဂြိုဟ်ကြီးမှာ ဒေါသတကြီးနှင့် အဆက်မပြတ် ရုန်းကန်နေသောကြောင့် ၎င်းအား ရစ်ပတ်ထားသည့် အမျှင်အတန်းများမှာလည်း စတင်ပြတ်တောက်လာတော့သည်။
" မပြီးသေးဘူးကွ " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ ဝင်းလက်တောက်ပသွား၏။ သူသည် သူ တစ်ချိန်လုံး ချုပ်တည်းထားခဲ့သည့် ကြယ်တာရာယွမ်ယင်ဝိညာဉ်၏ စွမ်းအားများကို ထုတ်သုံးကာ မိုးကောင်းကင်စည်ကြီးအား ထပ်၍ တီးခတ်တော့မည်ဖြစ်သည်။ သို့သော် သူ၏ ကြယ်တာရာယွမ်ယင်ဝိညာဉ်၏ စွမ်းအားများ ထွက်ပေါ်မလာနိုင်ခင်မှာပင်...
သူ အချုပ်အနှောင်ကြီးအား ပြန်လည်ပြုပြင်ကာ အနက်ရောင်စက္ကူပင်လယ်ကြီးထဲမှ ထွက်ခွာလာခဲ့ပြီးနောက် ခံစားခဲ့ရသည့် ဤကမ္ဘာကြီးထဲရှိ နွေးထွေးကြင်နာမှု အငွေ့အသက်များမှာ ရုတ်ခြည်းဆိုသလို အားကောင်းလာတော့သည်။
ထို အငွေ့အသက်များမှာ သမုဒ္ဒရာကြီးတစ်စင်းနှင့် တူပြီး ကြယ်သုဿာန်ထဲရှိ သက်ရှိသက်မဲ့ အရာအားလုံးဆီမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းတို့မှာ ချက်ချင်းဆိုသလိုပင် အတူတကွ စုစည်းသွားကြပြီး စိတ်ဆန္ဒတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ၎င်းမှာ သက်ရှိသက်မဲ့ အရာအားလုံး၏ စိတ်ဆန္ဒဖြစ်သလို ကြယ်သုဿာန်ကြီး တစ်ခုလုံး၏ စိတ်ဆန္ဒလည်းဖြစ်ပေသည်။ ထို စိတ်ဆန္ဒကြီးမှာ ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာနေပြီ ဖြစ်သည်။
ထို စိတ်ဆန္ဒကြီး စုစည်းသွားသည်နှင့် ဝမ်ပေါင်လဲ့မှာ အံ့ဩတုန်လှုပ်သွားရပြီး သူ၏ ခန္ဓာကိုယ်မှာ လေပေါ်သို့ အလိုလို မြောက်တက်သွား၏။ ထို့နောက် စိတ်ဆန္ဒပေါင်း မြောက်မြားစွာမှာ သူနှင့်အတူ တစ်သားတည်း ပေါင်းစည်းသွားကြသဖြင့် သူ၏ အမြင်အာရုံမှာ တစ်ခဏမျှ ဝေဝါးသွားရသည်။ ထို့နောက် သူသည် ဤ ကမ္ဘာကြီးထဲရှိ အရာအားလုံးအဖြစ် ပြောင်းလည်းသွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ခေါင်းမော့လာပြီး ကောင်းကင်ကြီးအား လှမ်းကြည့်လိုက်၏။ သူသည် ကောင်းကင်ယံထဲတွင် အခြား မည်သည့်ကြယ်မှ ရှိမနေဘဲ တာအိုဂြိုဟ်တစ်လုံးတည်းသာ ရှိနေသည်ကို မြင်လိုက်ရသည်။ သို့သော် ထိုအခိုက်အတန့်တွင် ထို တာအိုဂြိုဟ်မှာ တုန်ရီသွား၏။ သို့ဖြစ်ရာ ထို တာအိုဂြိုဟ်မှာ ၎င်း အမုန်းတီးရဆုံး လူပုဂ္ဂိုလ် ယခုလောက်အထိ ကံကောင်းနေလိမ့်မည်ဟု ထင်မှတ်မထားသည့် ပုံပင်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ ကြယ်တာရာယွမ်ယင်ဝိညာဉ်မှာ စတင်လည်ပတ်လာ၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း တစ်ခေါင်းလုံး ထူပူသွားရပြီး သူ၏ရှေ့တွင် မြင်နေရသည့် အရာအားလုံး ရုတ်ခြည်းဆိုသလို ပြောင်းလဲသွားသည့်အလား ခံစားလိုက်ရ၏။ ထို့နောက် သူသည် ကောင်းကင်ယံထဲရှိ အခြားသော ကြယ်များအားလုံးကိုပါ တစ်လုံးမကျန် မြင်လိုက်ရတော့သည်။ ၎င်းတို့အားလုံးမှာ သူ၏မျက်လုံးရှေ့၌ ပေါ်ပေါက်လာကြ၏။ ထိုကြယ်များထဲတွင် ပထမအဆင့်ဂြိုဟ် သုံးဆယ့်ခုနစ်လုံးကဲ့သို့သော အထူးဂြိုဟ်များပင် ပါဝင်ပေသည်။
ထို့အပြင် ... ရှေးဆန်သည့် အငွေ့အသက်များ ထုတ်လွှတ်နေကြသည့် ကြယ်ကိုးလုံးလည်း ရှိနေသေးသည်။ ၎င်းတို့မှာ သက်တမ်းရင့်နေပါသော်လည်း အခြားကြယ်များထက် ပို၍ ဝင်းလက်တောက်ပနေကြ၏။ သို့ဖြစ်ရာ တာအိုဂြိုဟ်ပြီးလျှင် ၎င်းတို့မှာ အလင်းလက်ဆုံးဖြစ်ပေသည်။
ဝမ်ပေါင်လဲ့မှာ ထို ကြယ်ကိုးလုံးသည်... ကြယ်သုဿာန်အင်ပါယာဧကရာဇ်ကြီး ပြောခဲ့သည့် ရှေးဟောင်းဂြိုဟ်များဖြစ်ကြောင်း ချက်ချင်းသိလိုက်၏။
သူသည် ၎င်းတို့အား စိုက်ကြည့်နေခြင်းဖြစ်သလို ၎င်းတို့မှာလည်း သူ့အား စိုက်ကြည့်နေသည်။
ထူးဆန်းသည်မှာ ဝမ်ပေါင်လဲ့သည် ၎င်းတို့၏ အောက်တွင် ရှိနေသည့်တိုင်အောင် သူသည် ၎င်းတို့အား ငုံ့ကြည့်နေသည်ဟု ခံစားနေရခြင်းပင်။ ထို ရှေးဟောင်းဂြိုဟ်ကိုးလုံးမှာမူ ဝမ်ပေါင်လဲ့၏ အထက်တွင် ရှိနေသည့်တိုင်အောင် သူ့အား မော်ကြည့်နေရသကဲ့သို့ ဖြစ်နေ၏။
သို့ဖြစ်ရာ သူကိုယ်တိုင်မှာလည်း... ဂြိုဟ်တစ်လုံး ဖြစ်နေသကဲ့သို့ပင်။