အော်ရိုရာ
Vol. 14 Ch. 199
စက္ကန့်အနည်းငယ်ကြာပြီးနောက်၊ ဂိုဒိုရာမှလူက ပြန်ဖြေသည်။
“ဒီအကျိုးသက်ရောက်မှုကို ရရှိစေနိုင်တဲ့ နည်းပညာတွေ အများကြီးရှိတယ်။ သဘာဝဖြစ်စဉ်တစ်ခုလည်း ဖြစ်နိုင်တယ်။ စကြာဝဠာကြီးမှာ ထူးထူးခြားခြား အဖြစ်အပျက်တွေ အများကြီးရှိတာမို့ သိပ်ပြီး အံ့သြနေဖို့ မလိုပါဘူး။ စက္ကန့်တိုင်းတွင် သောင်းနှင့်ချီသောမျိုးစိတ်များ သေဆုံးပြီး အသက်ပြန်ရှင်လာသည်။ အကြောင်းရင်းကို တိတိကျကျ သိနိုင်ဖို့ ကျွန်တော်တို့ ကိုယ်တိုင် သုတေသန လုပ်ရလိမ့်မယ်။”
ကူဟွေ့က ပြန်ရေးလိုက်သည် “မင်းတို့ ကွင်းဆင်းသုတေသနအတွက် လူတစ်ယောက်ကို ဒီကိုပို့ဖို့ ငါတို့မျှော်လင့်ထားတဲ့အရာပဲ။”
“ခွင့်ပြုချက်ပေးတယ်။ လက်ရှိရက်စွဲ - ၁၀ သြဂုတ် ၆၈၈ ဂလက်ဆီအချိန်။ မစ်ရှင်ကို အချိန်ဇယားထဲ တင်သွင်းပြီးပါပြီ။ ခန့်မှန်းရောက်ရှိမည့်အချိန် ၇ မေ ၆၈၉"
ဂလက်ဆီ၏ ပြက္ခဒိန်ကို အကြီးမားဆုံး လူမှုအဖွဲ့အစည်း သုံးခုက သတ်မှတ်ခဲ့သည်။ ၎င်းကို စကြဝဠာတစ်ခုလုံးတွင် အသုံးပြုသော်လည်း၊ ဒေသသုံးစကားများအသုံးပြုခြင်းကဲ့သို့ နေရာများစွာတွင် ၎င်းတို့၏ကိုယ်ပိုင်ပြက္ခဒိန်ရှိခဲ့သည်။ ယေဘူယျပြက္ခဒိန်ကို များသောအားဖြင့် လူမှုအဖွဲ့အစည်းနှစ်ခုကြား ဆက်သွယ်ရေးတွင်သာ အသုံးပြုကြမည်ဖြစ်ပြီး ထိုအရာက အချိန်တွက်ချက်မှုအတွက် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။
"အကြာကြီးပဲ?" ကူဟွေ့ အံ့သြသွားသည်။
“လှုပ်ရှားမှုတိုင်းက အချိန်ဇယားကို လိုက်နာတယ်။ တောင်းဆိုမှုတွေက တန်းစီရန် လိုအပ်တယ်။ မင်းရဲ့ကမ္ဘာပေါ်က တခြားနိုင်ငံတွေဆီက တောင်းဆိုချက်ကို ငါလက်ခံပြီးပြီမို့လို့ တစ်ချိန်တည်းမှာ ပြေလည်သွားမှာပါ"
ဂိုဒိုရာမှ ဧည့်ကြို၏ အဖြေသည် ပုံမှန်ဖြစ်သည်။ ကူဟွေ့က တော်တော်ရင်းနှီးတယ်လို့ ခံစားရတယ်။ အဲဒါကို တွေးပြီး သဘောပေါက်သွား၏… ဒါက အစိုးရ အရာရှိတွေရဲ့ ပြောပေါက်ဆိုပေါက်နဲ့ အတူတူပဲ မဟုတ်လား။
ကူဟွေ့က သက်ပြင်းချကာ ဆက်သွယ်ရေးကို ပိတ်လိုက်သည်။
“တစ်နှစ်စောင့်ရမယ်။ တစ်နှစ်ပြီးရင် ဂြိုလ်သား ဖြစ်စဉ်တွေ ဘယ်လိုဖြစ်လာမလဲဆိုတာ ဘယ်သူသိနိုင်မလဲ။” ကူဟွေ့ခေါင်းယမ်းလိုက်သည်။ “ကံကောင်းတာက၊ ဂြိုလ်သားတွေဟာ ဆက်သွယ်ပြောဆိုနိုင်ပြီး ကြေးစားလုပ်ခြင်းအတွက် စိတ်အားထက်သန်ကြပါတယ်။ သူတို့ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ကြတယ်။”
ကြယ်နဂါးနိုင်ငံ၏ အဆင့်အမြင့်ဆုံး အထက်လူကြီးများ အစည်းအဝေးကို ကျင်းပခဲ့သည်။ ဂြိုလ်သားဖြစ်ရပ်အတွက် လောလောဆယ် ဖြေရှင်းချက်မရှိသောကြောင့်၊ ၎င်းတို့သည် ဖြစ်ရပ်များ ပိုမိုဆိုးရွားမလာမီ ဂျာမီနယ်အဖွဲ့အစည်းကို စစ်ကြေညာခြင်းကို ချက်ခြင်းအာရုံစိုက်ရန်၊ ဂျာမီနယ်အဖွဲ့အစည်းသည် ဤဖြစ်ရပ်ကို အသုံးချ၍ ၎င်းတို့တစ်ကျော့ပြန်လာမည့် ကိရိယာတစ်ခုအဖြစ် အသုံးပြုခြင်းကို တားဆီးရန် ဆုံးဖြတ်လိုက်ကြသည်။
စစ်ဆင်ရေးခရီးအတွက် ကြိုတင်ပြင်ဆင်မှုများ ထပ်မံစတင်လာသည်။
…
ထပ် ထပ် ထပ်
စစ်ဖိနပ်တွေက သတ္တုကြမ်းပြင်ပေါ် နင်းလျှောက်သွားတယ်။ ဟီလာသည် အကွေ့အလှည့်များဖြင့် ပြည့်နေသော စင်္ကြန်သို့ လျှောက်သွားကာ အမူအရာကင်းမဲ့သော မျက်နှာဖြင့် လှည့်ကြည့်လိုက်သည်။ လမ်းဆုံတွေမှာတောင် တုံ့ဆိုင်းမနေခဲ့ပေ။ အော်ရိုရာကို ထိန်းသိမ်းထားသော ဤနေရာနှင့် သူမသည် ရင်းနှီးလွန်းသည်။
စင်္ကြန်၏အဆုံးတွင် ထူထဲသောသတ္တုတံခါးသည် ဟီလာ၏ လမ်းကိုပိတ်ဆို့ထားသည်။ သူမသည် ပေါ့ပါးသော ခြေလှမ်းများဖြင့် လျှောက်လာကာ အလိုအလျောက် အစောင့်သေနတ်များက အချိန်မရွေး ပစ်ခတ်နိုင်သလိုမျိုး သူမအပေါ် အာရုံစူးစိုက်ထားသည်။ အစောင့်နှစ်ယောက်က သတ္တုတံခါးရှေ့မှာ ရပ်ပြီး ဟီလာကို တားလိုက်သည်။
"ငါ့မှာ ခွင့်ပြုချက်ရှိတယ်။" ဟီလာ၏ လေသံက အေးစက်နေသည်။
အစောင့်များသည် လှည့်၍ ထိန်းချုပ်မှုခုံပေါ်တွင် အနည်းငယ် နှိပ်ကာ ဟီလာသည် ၎င်းတို့၏ ခေါင်းဆောင်ထံမှ ခွင့်ပြုချက်တစ်ကြိမ် ရထားကြောင်း သေချာသွားပြီး ခေါင်းညိတ်လိုက်သည်။ "မင်း အချိန်တစ်နာရီ ရတယ်"
သူသည် သတ္တုတံခါးကို ဖွင့်လိုက်သည်။ အတွင်းမှ အလင်းရောင်သည် လင်းလက်ပြီး ဟီလာ၏ ကျက်သရေရှိသော်လည်း ရေခဲကဲ့သို့ အေးစက်နေသော မျက်နှာကို တောက်ပစေသည်။
ဆွတ်ဆွတ်ဖြူနေသော အခန်းတစ်ခန်းသည် သူမ၏ မြင်ကွင်းထဲသို့ ဝင်လာသည်။
အလွန်ရိုးရှင်းသည် - ကုတင်တစ်လုံး၊ စားပွဲတစ်လုံး၊ ကုလားထိုင်တစ်လုံး၊ အိမ်သာတစ်လုံး၊ စာအုပ်များအပြည့် စာအုပ်စင်တစ်ခု။
ကုတင်ပေါ်တွင်၊ နတ်သမီးများ၏ အမွေးများကဲ့သို့ ဖြူစင်ပြီး၊ သေးငယ်ပြီး ပိန်လှီသော ကိုယ်လုံးလေးက ခွေခွေလေး လှဲနေသည်။
ဟီလာသည် ဂရုမစိုက်ဘဲ ရှေ့သို့ လျှောက်သွားပြီး အခန်းအပြင်ဘက် ငါးမီတာကို ရပ်တန့်လိုက်သည်။ သူမလက်ကို အခန်းဝန်းပတ်ထားသော မှန်ချပ်ကို ဖိလိုက်သည်။ သူမ ရှေ့ဆက်မသွားနိုင်တော့ပေ။
သူ့မျက်လုံးထောင့်က လှုပ်ခတ်သွားသည်။
နံရံကို ဖိထားသော လက်ဖဝါးက လက်သီး ဖြစ်သွားသည်။ သူမ လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ထားရာ အရိုးတွေ ဖြူစပြုလာသည်။
"ညီမလေး?"
စောင်က လှုပ်လာ၏။ အတွင်းမှ ပြောင်နေသော ခေါင်းသေးသေးလေးသည် သတိထားပြီး ထွက်လာသည်။ သူ့မျက်နှာသည် အာဟာရချို့တဲ့နေသကဲ့သို့ ဖြူဖျော့နေပြီး နေရောင်ခြည်အလုံအလောက်မရသည်မှာ ကြာလှပြီဖြစ်သည်။ ဟီလာကို တွေ့လိုက်ရတော့ သူမမျက်လုံးတွေ မှိတ်တုတ်မှိတ်တုတ်ဖြင့် အံ့သြသွားသည်။
အော်ရိုရာသည် စောင်ကို မြှောက်လိုက်ပြီး မှန်ချပ်ဆီသို့ ယိုင်တိယိုင်တိုင် လမ်းလျှောက်လာသည်။ သူမ၏ ခြေလှမ်းများသည် အားနည်းပြီး အားအင်မရှိပေ။ သူမသည် ဟီလာ၏ ပခုံးလောက်သာ အရပ်ရှည်ပြီး ပိန်ပိန်ပါးပါးမို့ သူ့အရိုးစုသာ ကျန်ခဲ့ပုံရသည်။ သူမ၏ လူနာဝတ်စုံမှ ထွက်ပေါ်လာသော လက်များသည် အပ်အမာရွတ်များ ပြည့်နှက်နေသည်။ အော်ရိုရာသည် ပျော်ရွှင်မှုနှင့်အတူ မှန်ချပ်ဆီသို့ ခုန်ဝင်သွားသည်။ မှန်ချပ်ပေါ် လက်နှစ်ဘက်လုံးကို တင်ပြီး "မင်းငါ့ကို တွေ့ဖို့လာပြီ!"
ဟီလာသည် သူ့လက်များကို အလျင်အမြန် ဆန့်ထုတ်လိုက်ပြီး မှန်ချပ်မှ အော်ရိုရာ၏ လက်ဖဝါးများကို ဖိလိုက်သည်။ သူမ မငိုမိအောင် မြိုသိပ်ရင်း တိုးတိုးလေးမေးလိုက်သည်။ “အခုတလော… မင်းအဆင်ပြေရဲ့လား”
“ဓာတ်ခွဲခန်းအင်္ကျီအဖြူဝတ်တဲ့လူတွေက မကြာခဏ မလာတော့ဘူး။ နောက်ဆုံး ဆေးထိုးတာက လွန်ခဲ့တဲ့ ဆယ့်သုံးရက်လောက်က ဖြစ်နေပြီ။” အော်ရိုရာ၏ ကြီးမားသော မျက်လုံးများက မျက်တောင်တဖျတ်ဖျတ်ခတ်ကာ သူမ ယောင်ယောင်လေး ပြုံးပြသည်။
ဟီလာက မကျေမနပ်ပြုံးသည်။ အော်ရိုရာ၏ ခန္ဓာကိုယ်ပေါ်ရှိ အပ်အမာရွတ်များကို သူမ ကြည့်လိုက်ရာ သူမ၏ နှလုံးသာကို ဓါးနှင့် မြန်မြန်ထိုးနေသလို ခံစားရသည်။ သူမထံမှ သွေးများကို အကြိမ်ရေနည်းနည်းသာ ဘာကြောင့်စုပ်ထုတ်နေသည်ကို သူမ သိသည်။ ၎င်းမှာ အော်ရိုရာက နှေးကွေးစွာ ပြန်လည် ကောင်းမွန်လာခြင်းကြောင့် ဖြစ်သည်။ သူမ၏ သွေးနှင့် ရိုးတွင်းခြင်ဆီ ထုတ်ယူလိုက်တိုင်း၊ ပြန်လည်ကောင်းမွန်ရန် အချိန်ပိုလိုအပ်သည်။
သူမ၏ စွမ်းရည်သည် တစ်စုံတစ်ယောက်၏ အသက်စွမ်းအားကို ခံစားနိုင်စေသည်။ တစ်ချိန်က နေကဲ့သို့ တောက်ပခဲ့ဖူးသော အော်ရိုရာ၏ အသက်စွမ်းအားသည် ယခုအခါ အချိန်မရွေး ငြိမ်းသွားနိုင်သည့် ဖယောင်းတိုင်မီးကဲ့သို့ ဖြစ်နေ၏။
သူမ၏ အသက်စွမ်းအားမှာ ညှိုးနွမ်းလာသည်။
အော်ရိုရာက ထိုင်ပြီး ဒူးကို ဖက်ထားသည်။ “အစ်မ ပုံပြင်တွေ ပြောပြပါဦး။ အစ်မ အရင်တစ်ခေါက်က ပြောလို့မပြီးသေးတာကို သမီးကြားချင်တယ်"
ဟီလာလည်း ထိုင်ချလိုက်ပြီး မှန်ချပ်ကို မှီလိုက်သည်။
"ငါတို့အရင်တုန်းက ဘယ်မှာရပ်ခဲ့တာလဲ" သူမ တိုးတိုးလေး ပြော၏
“အမ်…” အော်ရိုရာက ခေါင်းညိတ်ပြီး စဉ်းစားတယ်။ “ဦးလေး ဇီးရိုးလို့ ခေါ်တဲ့တစ်ယောက် စခန်းကနေ လွတ်သွားတယ်။ ဘာဆက်ဖြစ်တာလဲ။ အစ်မက သူနဲ့ ရန်ဖြစ်တာလား။”
ခဏစဉ်းစားပြီးနောက် ဟီလာသည် နူးညံ့ညင်သာသောလေသံဖြင့် ဇာတ်လမ်းကို ဆက်ပြောသည်။
…
ဂျာမီနယ်အဖွဲ့အစည်း၏ ခေါင်းဆောင်ရုံးခန်းတွင် အထက်လူကြီးတစ်တန်းသည် စားပွဲခုံရှေ့တွင် ရပ်ကာ အဖွဲ့အစည်းအတွင်းရှိ အခြေအနေအမျိုးမျိုးကို အစီရင်ခံနေသည်။
ခေါင်းဆောင်က တည့်တည့်ကြီး ထိုင်နေသည်။ မျက်နှာဖုံးရဲ့ နောက်ကွယ်က အမူအရာက ဘာလဲဆိုတာ ဘယ်သူမှ မသိကြပေ။ သူ့နှာခေါင်းအောက်တွင် လက်အိတ်အနက်ရောင် ဝတ်ထားသော လက်နှစ်ဖက်ကို အုပ်ထားသည်။ “ဂြိုလ်သား ဖြစ်ရပ်ဆန်းဟာ နိုင်ငံ၆နိုင်ငံရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပေမယ့် ကြာရှည်မခံပါဘူး။ အနည်းဆုံးတော့ ဂြိုလ်သားတွေက ငါတို့ပြန်ကောင်းလာဖို့ အချိန်တစ်ခုပေးခဲ့တယ်။ အသင့်ပြင်ထားပါ၊ ရန်သူက အန်ဒရီရာကို အချိန်မရွေး ကျူးကျော်လာနိုင်တယ်” သူက ပြောသည်။
အရာရှိများက ခေါင်းညိတ်ကာ သဘောတူကြသည်။
ခေါင်းဆောင်က ပတ်ပတ်လည်ကိုကြည့်ကာ မေးလိုက်၏။ "ဆိုက်ဘာလော့စ် ဘယ်မှာလဲ"
“မကြာသေးမီက ပရောဂျက်တချို့မှာ အောင်မြင်မှုတွေ ရရှိခဲ့တယ်၊ သူ အလုပ်ရှုပ်နေတယ်။”
ခေါင်းဆောင်သည် ရုတ်တရက် ထရပ်ကာ ကြီးမားသော ခြေလှမ်းများဖြင့် ထွက်ခွာသွားသည်။
…
Electrolux သည် အလွန်ခံစားရပြီး မျက်ရည်များ စီးကျလာသည်။
တစ်လကြာ ပိတ်လှောင်မှု ကြုံပြီးနောက် နောက်ဆုံးတွင် သူ့ကို ပြန်လွှတ်ပေးခဲ့သည်။
မလွယ်ကူခဲ့ပေ!
သူသည် ထောင်ထဲတွင် ပိတ်မိနေသော်လည်း ဖိုရမ်များကို သူအာရုံစိုက်နေပြီး ဂျာမီနယ်အဖွဲ့အစည်းသည် အခြားကစားသမားများကိုလည်း ဖမ်းမိကြောင်း သူသိသည်။ သူလွတ်လာပြီးနောက်၊ ကစားသမားများပါ၀င်သော အထူးယူနစ်ကို စေလွှတ်ခဲ့သည်။ ဂြိုလ်သားယူနစ်ဟု ခေါ်။ ဦးနှောက်ဆေးကြောခြင်း ခံရခြင်းကြောင့် အဖွဲ့အစည်းကို သော့ခတ်ခံထားရသော ကံမကောင်းသည့်ကစားသမားများ အားလုံးပင်ဖြစ်သည်။
သူသည် အဆင့်များစွာနောက်ကျနေသော်လည်း Electrolux သည် အဆင့် A အလားအလာရှိသော သူ၏ ‘အက်စ်ပါ’စွမ်းရည်ဖြင့် အဆင့်တက်သရွေ့ သူသည် အခြားကစားသမားများထက် သေချာပေါက် အားကောင်းလိမ့်မည်ဟု ယုံကြည်နေသည်။
ရေပင်လယ်ဂြိုလ် ပေါ်ရှိ တရုတ်နိုင်ငံသားမဟုတ်သော ဤကဲ့သို့သော ကစားသမားသည် အဆန်းမဟုတ်ပေ။ အချို့သော ပေါ့ပေါ့ပါးပါး ကစားသမားများသည် မည်သည့်ဂြိုဟ်၏ အခြေစိုက်စခန်းဖြစ်သည်ကို ဂရုမစိုက်ကြပေ။ သူတို့ စိတ်ကြိုက် ဂြိုလ်သစ်တွေကိုပဲ ရွေးကြ၏။ အစပျိုးဂြိုလ်တိုင်းတွင် နိုင်ငံအသီးသီးမှ ပေါ့ပေါ့ပါးပါး ကစားသူများရှိသည်။
ဦးနှောက်ဆေးကြောထားသော ဂြိုလ်သားများကို ယူနစ်တစ်ခုတည်းတွင် ထည့်သွင်းရန်မှာ ဆိုင်ဘာလော့စ်၏ အကြံအစည်ဖြစ်ပြီး၊ ခေါင်းဆောင်က လက်ခံခဲ့သည်။ မသေနိုင်သော ဂြိုလ်သားများသည် စစ်ပွဲတွင် ဗျူဟာမြောက်တန်ဖိုးရှိသည်ဟု ယူဆ၏။
ခေါင်းဆောင်သည် ဂြိုလ်သားများအတွက် လေ့ကျင့်ရေးနှင့် အမှန်တကယ် တိုက်ခိုက်ရေး အစီအစဥ်များကို အတိအကျ ရေးဆွဲရန် တိုက်ပွဲနည်းပြတစ်ဦးကို တာဝန်ပေးအပ်ခဲ့သည်။
ထိုအချိန်တွင်၊ ဆိုင်ဘာလော့စ်သည် အခြားသုတေသနဓာတ်ခွဲခန်းတွင် ရှိနေသည်။ အထူးဒီဇိုင်း အလုံပိတ်အိုးတစ်လုံးရှေ့တွင် သူရပ်နေ၏။ ဘေးဘက်ရှိ သုတေသနဝန်ထမ်းများသည် စက်ကိရိယာများကို ချိန်ညှိနေကြသည်။ အိုးထဲတွင် စမ်းသပ်မှုတစ်ခုရှိ၍ ရူးသွပ်ခြင်းနှင့် နာကျင်ခြင်းများဖြင့် ပြည့်နှက်နေသော အော်သံကို အတွင်းမှ ကြားနိုင်သည်။
အချိန်အတော်ကြာပြီးနောက်၊ အလုံပိတ်အိုးအတွင်းပိုင်းသည် တိတ်ဆိတ်သွားသည်။ တံခါးပွင့်လာပြီး အထဲရှိအရာကို မြင်နိုင်သည်။
၎င်းသည် သူ၏အရိုးများအတွင်းသို့ ချိတ်ဆက်ထားသည့် စက်ပိုင်းဆိုင်ရာ ပြင်ပကိုယ်ထည် အစိတ်အပိုင်း အမျိုးမျိုးကို အပြည့်အ၀ တပ်ဆင်ထားသူဖြစ်သည်။ သူ၏အရေပြားသည် ပျော့ပျောင်း၍ ဆွဲဆန့်နိုင်သော သတ္တုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ၏ ထိပ်ပြောင်သော ဦးခေါင်းနှင့် နေရာတိုင်းတွင် စက်ယန္တရားများဖြင့် သူ့ခန္ဓာကိုယ် အရွယ်အစားမှာ အတော်အတန် ကြီးထွားလာသည်။ သူကြည့်ရတာ သားရဲတစ်ကောင်လိုပင်။
ဤလူသည် [စူပါစစ်သည်ပရောဂျက်]၊ ပထမဆုံးစမ်းသပ်ခံ နံပါတ် (၁) မှလွဲ၍ အခြားသူမဟုတ်ပေ။