← Chapters

" ပေါက်ကွဲထွက်စမ်းကွာ..."

Vol. 19 Ch. 258

" ပေါက်ကွဲထွက်စမ်းကွာ..."

Vol. 19 Ch. 258

မီးတောက်မီးလျှံတွေ ကြားမှာ ရှိနေတဲ့ ချူးယီ တစ်ယောက်ကတော့  ဒေါသတကြီးနဲ့ အော်ဟစ်ပြီး  သူ့ရဲ့ဓားကို ခုတ်ပိုင်း ပစ်လိုက်ပါတယ်။

နဂါးတစ်ကောင်ရဲ့ ဟိန်းဟောက်သံတွေနဲ့ အတူ  ရေနဂါးပုံသဏ္ဍန် နဂါးကြီး တစ်ကောင်က မီးတောက် မီးလျှံတွေထဲကနေ ပေါက်ကွဲ ထွက်လာခဲ့ပါပြီ။

ထို့နောက်မှာတော့ မီးတောက်မီးလျှံတွေ ကြားထဲကနေ တံခါးတစ်ချပ် ပေါ်လာခဲ့ပါတယ်။

" ဟူး..."

ချူးယီလည်း ယခုမှသာ သက်ပြင်း ချနိုင်ပါတော့တယ်။

သည်တတိယမြောက် ဆန်းကြယ်တံခါးရဲ့ ခက်ခဲမှုက သည်ထက်ပိုပြီး နည်းနည်းလောက် ပိုခက်ခဲ့မယ် ဆိုရင်တော့ သူက သည်အဆင့်ကို ဖြတ်ကျော် နိုင်တော့မှာ မဟုတ်ပါဘူး။

ထို့နောက်မှာတော့ အခြားသော သူတွေကလည်း မီးတောက်မီးလျှံ နယ်မြေတွေ ထဲကနေ ထွက်လာ နိုင်ခဲ့ပါတယ်။

ပထမဆုံး ထွက်လာတဲ့ သူတွေကတော့ ရှဟိုရှီနဲ့ စုမုယူပါပဲ။

သူတို့ရဲ့ နောက်မှာတော့ လီရှင်းယုနဲ့ ဟန်ဖန်းပါ။

ချန်ယွန်ဟူနဲ့ ရှုဖန်းကတော့ မီးတောက် စပါးအုံးကြီး ပေါက်ကွဲ ထွက်လာတဲ့ အဆင့်အထိသာ လုပ်ဆောင်နိုင်ခဲ့တဲ့ အတွက် ဝမ်းနည်းစွာဖြင့်် လျှို့ဝှက် နယ်မြေထဲကနေ ထွက်သွားခဲ့ရပါပြီ။

ဒုတိယမြောက် ဆန်းကြယ် တံခါးကို ကျော်ဖြတ် နိုင်ခဲ့တဲ့ လူငယ် ၂၀ကျော်မှာတော့ ၉ယောက်သာလျှင် တတိယမြောက် ဆန်းကြယ် တံခါးကို ကျော်ဖြတ် နိုင်ခဲ့ပါတယ်။

အဲသည် ၉ယောက်ထဲမှာ မိုးပြာရောင်ဂိုဏ်းရဲ့ လီရှင်းယုနဲ့ လီဖူချန်းတို့  ပါနေတာကတော့   ဂုဏ်ယူစရာ ကိစ္စတစ်ခုပါပဲ။

ချူးယီက မီးတောက်၊ မီးလျှံ နယ်ပယ်ကနေ ထွက်လာတဲ့ သူတွေထဲမှာ လီဖူချန်းများ ပါလာ မလားဆိုပြီး ရှာနေပါသေးတယ်။

' သူက ထွက်မလာသေးတာလား..."

ချူးယီက ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။

အချိန် အတော်ကြာထိ  ချုးယီက လီဖူချန်းများ ထွက်လာ မလားဆိုပြီး စောင့်နေဆဲပါပဲ။ နောက်ဆုံးမှာတော့ သူက စိတ်မရှည်တော့တဲ့ အတွက် လီဖူချန်းကို ဆက်မစောင့်တော့ဘဲ  စတုတ္ထမြောက် တံခါးဝထဲကို ဝင်သွား ပါတော့တယ်။

***

စတုတ္ထမြောက် ဆန်းကြယ်တံခါးရဲ့ နောက်မှာတော့  ရေအောက် ကမ္ဘာတစ်ခု ရှိနေပါတယ်။

လီဖူချန်းက စတုတ္ထမြောက် ဆန်းကြယ် တံခါးထဲကို ဝင်လိုက်တာနဲ့ ရောအောက်ထဲကို တန်းရောက် သွားပါတယ်။

ဧရာမ ငါးကြီးတစ်ကောင်ကလည်း သူ့ဆီကို ကူးခတ် လာခဲ့ပါပြီ။

ထိုငါးကြီးက သူ့အနားကို ရောက်လာတဲ့ အခါမှာတော့ သူထင်ထားသလို ငါးအစစ် မဟုတ်ဘူး ဆိုတာကို လီဖူချန်းတစ်ယောက် သိလိုက်ရပါတယ်။ သည်ငါးကြီးက ထူးခြားဆန်းကြယ်ပြီး တန်ဖိုးရှိလှတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ငါးအရုပ် တစ်ခုပါပဲ။

ငါးရုပ်ကြီးရဲ့ ဝမ်းဗိုက်ကတော့ ပွင့်လျက်ရှိနေပြီး ထိန်းချုပ်ခန်း တစ်ခု ရှိနေပါသေးတယ်။

လီဖူချန်းကတော့  ထိုထိန်းချုပ်ခန်းထဲကို ဝင်ပြီး သေသေချာချာ လေ့လာနေပါတယ်။

သည်ထိန်းချုပ်ခန်း ကတော့ အရမ်းကို ရိုးရှင်းလွန်းပါတယ်။ ဖောက်ထွင်း မြင်နိုင်တဲ့ သလင်းကျောက် အပိုင်းအစ တစ်ခုနဲ့ ပဲ့ကိုင်လို့ရတဲ့ တက်မ တစ်ခုသာ ရှိနေတာပါ။

လီဖူချန်းက ထိုတက်မကို လက်နှစ်ဖက်ဖြင့် သေသေချာချာ ကိုင်ပြီး အနည်းငယ် ကွေ့ကြည့်လိုက်တဲ့ အခါမှာတော့ ငါးရုပ်ကြီးကလည်း သူကွေ့လိုက်တဲ့ အတိုင်း လိုက်ကွေ့ လာခဲ့ပါတယ်။ တက်မကို အနည်းငယ် မြှောက်ကြည့်လိုက်တဲ့ အခါမှာတော့ ငါးရုပ်ကြီးက အနည်းငယ် ကြွတက်လာခဲ့သလို  တက်မကို အောက်ဖိချလိုက်တဲ့ အခါမှာတော့ ငါးရုပ်ကြီးက အောက်ကို နိမ့်ဆင်း သွားခဲ့ပါတယ်။

လီဖူချန်းက ထိုတက်မထဲကို သူ့ရဲ့ ချီအတွင်းအားတွေ ပို့ဆောင်ကြည့်လိုက်ပါတယ်။

ဝှီး...

ငါးကြီးရဲ့  ကူးခတ်မှုနှုန်းက  အရင်ကထက် ၁၀ဆလောက် မြန်သွားခဲ့ပါပြီ။

" သည်စတုတ္ထမြောက် ဆန်းကြယ်တံခါးက ဘာကို စမ်းသပ် ချင်တာလည်းဟ"

လီဖူချန်းက သည်စမ်းသပ်ချက်ကို အခုထက်ထိ နားမလည်နိုင်သေးပါဘူး။

တကယ်လို့ သည်စမ်းသပ်ချက်က ချီအတွင်းအား ဘယ်လောက်ကြာကြာ ထောက်ပံ့ ထားနိုင် သလည်းကို စမ်းသပ်တာ ဆိုရင်တော့  လီဖူချန်း တစ်ယောက် သွားပါပြီလေ။ ဘာဖြစ်လို့လဲဆိုတော့ သူ့ထက် ချီအတွင်းအား ကောင်းပြီး ကျင့်ကြံမှု အဆင့်မြင့်တဲ့ သူတွေကို   ဘယ်လိုမှ ယှဉ်နိုင်စရာ အကြောင်း  မရှိလို့ပါပဲ။

သူ့ရဲ့ မသိစိတ်ကတော့ သည်စမ်းသပ်မှုက တက်မနဲ့ သက်ဆိုင်လောက်တယ်လို့ သတိပေး နေပါတယ်။

ငါးရုပ်ကြီးက  ရေထဲမှာ အတန်ကြာအောင် ကူးခတ်နေ အပြီးမှာတော့ ရုတ်တရက် ဆိုသလို အမည်းရောင် အစက်အပြောက်လေးတွေက ငါးရုပ်ကြီးရဲ့ ရှေ့မှာ ပေါ်လာခဲ့ပါပြီ။

သေသေချာချာ ကြည့်လိုက်တဲ့ အခါမှာတော့ ထိုအမဲရောင် အစက်အပြောက်လေး တွေက ငါးအုပ်ကြီး တစ်အုပ်ဆိုတာကို  လီဖူချန်း တစ်ယောက် သိလိုက်ပါတယ်။

အဲသည် ငါးအုပ်ကြီးက အလွန် လျင်မြန်စွာနဲ့ လီဖူချန်း ရှိနေရာကို ကူးခတ်လာပါတယ်။

" ဒါက တုံ့ပြန်မှု အမြန်နှုန်း နဲ့ အသိစိတ်အာရုံ ခွဲခြားနိုင်မှုကို စမ်းသပ်တာပဲ။ "

လီဖူချန်းက သဘောပေါက် သွားခဲ့ပါပြီ။

တုံ့ပြန်မှု အမြန်နှုန်းနဲ့ အသိစိတ် အာရုံဆိုတာက ကျင့်ကြံမှုအဆင့်နဲ့ သက်ဆိုင်တယ် ဆိုပေမယ့်လည်း  အရမ်းကြီး သက်ဆိုင် နေတာမျိုးတော့ မဟုတ်ပါဘူး။

သည်အဆင့် စမ်းသပ်ချက်ကတော့ အခြားလူတွေ အတွက် ခက်ရင် ခက်ပါလိမ့်မယ်။ ဒါပေမဲ့ လီဖူချန်း အတွက်ကတော့  သည်အဆင့်က လုံးဝ ရင်ခုန်စရာ မရှိပါဘူး။

ဘာဖြစ်လို့လည်းဆိုတော့ လီဖူချန်းရဲ့ အသိစိတ်အာရုံက ကောင်းကင်အဆင့် ပညာရှင်တွေနဲ့တောင် ယှဉ်လို့ရသည် မဟုတ်ပါလား။

" စတုတ္ထမြောက် ဆန်းကြယ်တံခါးက  လူတစ်ယောက်ရဲ့ တုံ့ပြန်မှု အမြန်နှုန်းနဲ့ အသိစိတ် အာရုံ ခွဲခြားနိုင်မှုကို စမ်းသပ်တာပဲ။ သည်အဆင့်ကိုကော လူငယ်လေးက ဖြတ်ကျော်နိုင်မှာလား"

" သည်အဆင့်က အခြား မြေကမ္ဘာ နယ်ပယ် အဆင့်၅  ပညာရှင် တစ်ယောက် အတွက်တော့ သိပ်ပြီး အဆင်ပြေလှမှာ မဟုတ်ဘူး။ ဒါပေမဲ့ သည်ကောင်လေးကတော့ သည်အဆင့်ကို ဖြတ်ကျော် နိုင်ပါလိမ့်မယ်။  အခြားဆန်းကြယ် တံခါးတွေ ထက်တော့ နည်းနည်းပိုခက်ရင် ခက်နေမှာပေါ့။ "

ပဟေဠိသိုင်းသမား ၆ယောက်ကတော့ လီဖူချန်းကိုပဲ အသည်းအသန် အကဲခတ် နေပါတယ်။

အခြားသော ပဟေဠိ သိုင်းသမား ၂ယောက်ကတော့ မသိမသာလေးသာ အကဲခတ် နေတာပါ။

သိပ်မကြာခင်မှာပဲ သူတို့၆ယောက်ရဲ့ ထင်မြင်ချက်က တက်တက်စင်အောင် လွဲသွားခဲ့ပြီဆိုတာကို သိလိုက်ရပါပြီ။ သူတို့ရဲ့ မျက်လုံးတွေကတော့  အပြူးသားဖြင့် လီဖူချန်းကို တစ္ဆေသရဲ တစ်ကောင်လို စိုက်ကြည့် နေကြပါတယ်။

လီဖူချန်းရဲ့ တုံ့ပြန်မှု အမြန်နှုန်းနဲ့ အသိစိတ်အာရုံ ခွဲခြားနိုင်မှုက မယုံကြည် နိုင်လောင်အောင်ကို ထက်မြက်နေသည် မဟုတ်ပါလား။

သည်ငါးအုပ်ကြီးက ပတ်ဝန်းကျင် တစ်ခုလုံးကို ဖုံးအုပ်သွားတာ ဖြစ်တဲ့ အတွက် တော်ရုံတန်ရုံ ပါရမီရှင်တွေတောင်မှ ကြောင်အမ်းအမ်း ဖြစ်ပြီးသည် စမ်းသပ်ချက်ကို အရှုံးပေး လိုက်ရနိုင်ပါတယ်။

အစွမ်းထက်လွန်းတဲ့ ပါရမီရှင်တွေကသာ  မတုန်မလှုပ်ဘဲ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်တုံ့ပြန် နိုင်မှာပါ။

ဒါပေမဲ့ လီဖူချန်းကတော့ လွန်ကို လွန်နေပါပြီ။ သူက ငါးရုပ်ကြီးကို သူ့ရဲ့ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုအလား ကျင်လည်စွာ ထိန်းကျောင်းပြီး ငါးအုပ်ကြီးရဲ့ လှစ်ဟာနေတဲ့ နေရာလွတ်တွေ ကြားကို ကူးခတ် သွားလာနေပါတယ်။ မသိရင် မွေးကတည်းက သည်ငါးရုပ်ကြီးကို ထိန်းချုပ် မောင်းနှင် လာခဲ့တဲ့ အတိုင်းပါပဲ။

ပိုပြီးတော့ ဆိုးတာကတော့  လီဖူချန်းက သည်ငါးရုပ်ကြီးကို သိပ်ပြီးတော့ အလေးအနက် မထားဘဲနဲ့ တဟီးဟီး တဟားဟား လုပ်ပြီး ထိန်းချုပ်နေတာပါ။

သူ့ကိုကြည့်ရတာ ကစားစရာ အရုပ်အသစ်တစ်ခု ရသွားတဲ့ ကလေး တစ်ယောက်နဲ့တောင် တူနေပါသေးတယ်။

ပဟေဠိ သိုင်းသမား ၆ယောက်က အခြား လူငယ်တွေကို ကြည့်လိုက်တဲ့ အခါမှာတော့ ထိုလူငယ်တွေက ငါးရုပ်ကြီးကို  ငါးအုပ်ထဲက ငါးတွေနဲ့ ထိမိမှာကို စိုးရိမ်နေတဲ့ အတွက်  ကြောက်ကြောက် လန့်လန့်နဲ့ ထိန်းချုပ်နေရတာကို တွေ့လိုက်ရပါတယ်။

အဲသည် အချက်ကကိုမှ လီဖူချန်းကို အခြားသူတွေနဲ့ ကွဲပြားစေခဲ့တာပါ။

" နင့်မေကလွှားတဲ့မှပဲ ... သည်ကောင်လေးရဲ အသိစိတ် အာရုံက ဘယ်လိုလုပ်ပြီး သည်လောက်အထိ အားကောင်း နေရတာတုန်းဟ"

ဇာမဏီ မျက်လုံးအစုံနဲ့ လူကြီးကတော့ လီဖူချန်းကို ကျိတ်ပြီး ဆဲရေး တိုင်းထွာ နေပါပြီ။ ဘာဖြစ်လို့လည်း ဆိုတော့ လီဖူချန်းရဲ့ ပါရမီကို နံပါတ်၂အစ်ကိုက သေချာပေါက် သတိထားမိ တော့မယ်လို့ သူက ရိပ်မိလိုက်လို့ပါပဲ။

သူက လီဖူချန်းရဲ့ တုံ့ပြန်မှု နှုန်းက သည်လောက်ကြီး ကောင်းနေတာ မဟုတ်ဘူး ဆိုတာကို သတိထားမိ ပါတယ်။ လီဖူချန်းရဲ့ အဓိက အားသာချက်က အသိစိတ်အာရုံ ပိုင်းခြားနိုင်မှုပါပဲ။  သည်ကိစ္စ တစ်ခုလုံးကို လီဖူချန်းရဲ့ အသိစိတ်အာရုံ ပိုင်းခြားနိုင်မှုက ဦးစီးဦးဆောင် လုပ်ပေးနေတာပါ။ လီဖူချန်းရဲ့ အသိစိတ်အာရုံက တစက္ကန့်ရဲ့ အပုံတစ်ရာ ပုံတစ်ပုံလောက်ကိုမှ  အနားမပေးဘဲ တိတိကျကျ တွက်ချက်ကာ  အန္တရာယ် ကင်းသည့် နေရာတွေကို ညွှန်ပြပေးနေသည် မဟုတ်ပါလား။

" ကြောက်ဖို့ ကောင်းလွန်းတယ်...။ တကယ်ကို ကြောက်စရာပဲ...။ ကောင်းကင် နယ်ပယ် ပညာရှင်တွေတောင်မှ သည်ကောင်လေးလောက် အသိစိတ်အာရုံ ပိုင်းခြားနိုင်မှုမှာ အားကောင်းမှာ မဟုတ်ဘူး"

အရပ်မြင့်မြင့် ဗလတောင့်တောင့်နဲ့ လူကလည်း လီဖူချန်းရဲ့ အသိစိတ်အာရုံ အားကောင်းမှုကို သတိပြုမိပါတယ်။

အခုချိန်မှာတော့ သူက လီဖူချန်းကို သင်ပြပေးဖို့ အတွက် အဆင့်မမီဘူး ဆိုတာကို လက်ခံလိုက်ပါပြီ။  သည်လို ပါရမီရှင်မျိုးကိုတော့ သူ့လက်ထဲမှာ ထားပြီး အလဟသ ဖြစ်စေလို့ မဖြစ်ပါဘူး။ လီဖူချန်းက သွေးတတ်ရင် သွေးတတ်သလို တောက်ပလာမယ့် ကျောက်ရိုင်းတုံးလေး တစ်ပွင့်ပါပဲ။

" အစ်ကိုကြီးနဲ့  နံပါတ်၂ အစ်ကိုတို့ပဲ သည်ကောင်လေးရဲ့ ဆရာဖြစ်ဖို့ ထိုက်တန်တယ်"

အရပ်မြင့်မြင့် ဗလတောင့်တောင့်နှင့် လူကြီးက ခပ်တိုးတိုးလေး ရေရွတ်လိုက်ပါတယ်။

နံပါတ်၁ အစ်ကိုကြီးနဲ့  နံပါတ်၂ အစ်ကိုတို့ကတော့ သူတိုနဲ့ယှဉ်ရင်  အစွမ်းအစက မိုးနှင့်မြေလို ကွာခြားသည် မဟုတ်ပါလား။

" သည်ကလေးက တကယ့် နဂါးပေါက်စ တစ်ကောင်ပဲ။ ကြည့်ရတာတော့ ငါလည်း သူ့ဆရာ ဖြစ်ဖို့ မထိုက်တန်ဘူး ထင်တယ်။  အစ်ကိုကြီးနဲ့ နံပါတ်၂ အစ်ကိုတို့ကပဲ သည်ကောင်လေးကို လေထဲမှာ ပျံနိုင်တဲ့ အစစ်အမှန် နဂါးတစ်ကောင် ဖြစ်လာအောင် သင်ကြားပေးနိုင်မှာ"

ကျက်သရေရှိစွာ ချောမောလှပသည့် အမျိုးသမီးကြီးကလည်း လီဖူချန်းကို လုယူဖို့အတွက် လက်လျှော့လိုက်ပါတယ်။ သူမက လီဖူချန်းရဲ့ ဆရာ မဖြစ်ချင်တော့လို့တော့ မဟုတ်ပါဘူး။ သူမက လီဖူချန်းရဲ့ ဆရာ ဖြစ်ဖို့အတွက် မထိုက်တန်ဘူး ဆိုတာကို သဘော ပေါက်သွားလို့ပါပဲ။

လီဖူချန်းရဲ့ ငါးရုပ်ကြီးက ငါးအုပ်ကြီးကို ဖြတ်ကျော် အပြီးမှာတော့  တံခါးပေါက် တစ်ခုဆီကို ရောက်သွားခဲ့ပါပြီ။

လီဖူချန်းက ငါးရုပ်ကြီးရဲ့ ဝမ်းဗိုက်ကနေ ထွက်လာပြီး တံခါးပေါက်ထဲကို ဝင်သွားပါတော့တယ်။

***

ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေရဲ့ အပြင်မှာတော့......

" တစ်ယောက်ယောက်က  စတုတ္ထမြောက် ဆန်းကြယ်တံခါးကို ဖြတ်သွားနိုင်ခဲ့ပြီဟေ့...။ အဲဒါက နဂါးဓားသခင်လေး ချူးယီတော့ မဟုတ်ဘူးဟ။ အဲသည်လူက လီဖူချန်းပဲ ..."

နန်းတော်ရာရဲ့ ဘယ်ဘယ်အခြမ်း နံရံပေါ်မှာတော့ ဆန်းကြယ် တံခါး၈ခုလုံးကို ပြသထားတဲ့ ပုံရိပ်ယောင်တွေ ရှိနေပါတယ်။  အပြင်ကနေ စောင့်ကြည့်နေတဲ့ လူတိုင်းက လီဖူချန်း တစ်ယောက် စတုတ္ထမြောက် ဆန်းကြယ်တံခါးကို ဖြတ်သွားပြီး ပဉ္စမြောက် တံခါးဝထဲ ဝင်သွားတာကို  ရှင်းရှင်း လင်းလင်းကြီး မြင်လိုက်ရပါတယ်။

လူတွေ အားလုံးနီးပါးက လီဖူချန်းကို တခဲနက် သြဘာ ပေးလိုက်ပါတယ်။

နဂါးဓားသခင်လေး ချူးယီ ဆိုတာက ဘာလဲ...။

သူက အရှေ့ယူနီကွန်း တိုက်ကြီးရဲ့  လက်ရွေးစင် ပါရမီရှင်တွေထဲက တစ်ယောက်လေ။  သခင်လေး ၆ပါးထဲက တစ်ယောက်လည်း ဖြစ်ပါသေးတယ်။ နောင်တစ်ချိန်မှာ ကြယ်ဘုရင် စာရင်းထဲကို ဝင်ရောက် နိုင်မယ့် သူလို့လည်း  သတ်မှတ် ထားသေးသည် မဟုတ်ပါလား။  လီဖူချန်းက ထိုသို့သော လူကို ကျော်ဖြတ် ပြခဲ့တာလေ။

လူတိုင်းရဲ့ အတွေးထဲမှာတော့  အကယ်လို့ တစ်ယောက်ယောက်က ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲမှာ နဂါးဓားသခင်လေး ချုးယီကို ကျော်ဖြတ် နိုင်ခဲ့မယ်ဆိုရင် အဲသည်လူက နတ်မိမယ် စုမုယူ ဒါမှမဟုတ် ရှဟိုရှီပဲ ဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့တာပါ။

" ကြည့်ရတာ ငါတို့က လီဖူချန်းအပေါ်မှာ ကောက်ချက်ချတာ စောသွားတာပဲ။ သူ့ရဲ့ ပါရမီက တကယ်ကို ကောင်းလွန်းတယ်။ "

လီဖူချန်းကို လှောင်ပြောင်ခဲ့တဲ့ သူတွေ အကုန်လုံးကတော့ မျက်နှာကို မီးမြှိုက် ထားသည့်အလား ပူစပ်ပူလောင် အရသာမျိုးကို ခံစားနေရပါတယ်။

" ဟမ့်... စောင်ကြည့် လိုက်စမ်းပါကွာ။ သည်ကောင်က ပဉ္စမြောက် ဆန်းကြယ် တံခါးကိုတော့ ဖြတ်ကျော်နိုင်မှာ မဟုတ်ပါဘူး။ "

လူအချို့ကတော့  လီဖူချန်းကို မနာလိုစွာဖြင့် ပုတ်ခတ်နေကျဆဲပါပဲ။

"လခွီးပဲဟေ့...။ သည်ကောင်က တကယ်ကြီးကို စတုတ္ထမြောက် ဆန်းကြယ်တံခါးကို ဖြတ်ကျော် သွားတာပဲ"

ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ တိုက်ရိုက် တပည့်တွေကတော့  စိတ်ညစ် နေကြပါပြီ။

လီဖူချန်းတစ်ယောက် ဆန်းကြယ် တံခါးတွေကို ပိုဖြတ်ကျော်နိုင်လေလေ၊ ပဟေဠိသိုင်းသမား တစ်ယောက်ယောက်ရဲ့ လက်ရင်း တပည့် ဖြစ်နိုင်ခြေက ပိုများ လာလေလေပင် မဟုတ်ပါလော။

ဒါက လုံးဝကို အန္တရာယ်များတဲ့ အခြေအနေ တစ်ရပ်ပါပဲ။ လီဖူချန်းက  ပဟေဠိ သိုင်းသမား တစ်ယောက်ရဲ့ လက်ရင်းတပည့် ဖြစ်သွားပြီ ဆိုတာနဲ့ ကောင်းကင် နတ်ဆိုးဂိုဏ်းက  လီဖူချန်းကို မျက်စောင်းနဲ့တောင် ထိုးလို့ရတော့မှာ မဟုတ်ပါဘူး။

***

ပဉ္စမမြောက် တံခါးရဲ့ နောက်မှာတော့  လျှပ်စီး၊ မိုးကြိုးတွေနဲ့ ပြည့်နှက်နေတဲ့ ကမ္ဘာတစ်ခု ရှိပါတယ်။

ကောင်းကင် တစ်ခုလုံးကို လျှပ်စီးတိမ်တွေက ဖုံးလွှမ်းနေသလို မိုးကြိုးတွေကလည်း မကြာခဏ ပစ်နေပါသေးတယ်။

လီဖူချန်းကတော့ တည်ငြိမ်စွာနဲ့ ရပ်နေပြီး လျှပ်စီးနဲ့ မိုးကြိုးတွေကို လေ့လာ အကဲခတ် နေတယ်လေ။

"သည်လျှပ်စီးနဲ့ မိုးကြိုးတွေတိုင်းက သိုင်းကွက်တွေပဲ"

အချိန်အတော်ကြာ လေ့လာခဲ့ပြီး နောက်မှာတော့ လီဖူချန်းက သည်လျှပ်စီးတွေနဲ့ မိုးကြိုးတွေရဲ့ ရည်ရွယ်ချက်ကို ရိပ်စား မိသွားခဲ့ပါပြီ။

အဲသည်အချိန်မှာပဲ မျက်စိ မှိတ်ထားတဲ့  ဆံဖြူ အဘိုးကြီးက မျက်စိပွင့်လာပြီး လီဖူချန်းကို စတင် အကဲခတ် လိုက်ပါတယ်။

တစ်ချိန်တည်း လိုလိုမှာပင်  ထူးခြားတဲ့ ကိုယ်ရောင် ကိုယ်ဝါတွေ တောက်ပနေတဲ့ နံပါတ်၁ ပဟေဠိ သိုင်းသမားကလည်း မျက်လုံး ပွင့်လာခဲ့ပါတယ်လေ။

***

All Chapters