← Chapters

အပိုင်း ၂၅၉

Vol. 19 Ch. 259

အပိုင်း ၂၅၉

Vol. 19 Ch. 259

' ဒါက သိုင်းပညာနဲ့ ပတ်သက်တဲ့ စမ်းသပ်မှုပဲ ဖြစ်ရမယ်။ '

လီဖူချန်းက သူ့ရဲ့ နက်ရွှေမှော်ဓားကို ဆွဲထုတ်လိုက်ပြီး မိစ္ဆာနှင် ဓားသိုင်းကို အစအဆုံး သရုပ်ပြ လိုက်ပါတယ်။

ဒါပေမဲ့ ဘာတုံ့ပြန်မှုမှ မရှိခဲ့ပါဘူး။

' ဘာလည်း ငါ့ရဲ့ ဓားသိုင်းက လုံလောက်မှု မရှိတာလား...'

လီဖူချန်းက သူ့ရဲ့ ပေါင်းချုပ် ဓားကွက်ကို သရုပ်ပြလိုက်ပါသေးတယ်။ ဒါပေမဲ့လည်း အကြောင်း မထူးခဲ့ပါဘူး။

' သည် လျှပ်စီးကြောင်းတွေနဲ့ မိုးကြိုးတွေကို စမ်းကြည့်ဦးမှ။  လီဖူချန်းကို မိုးကြိုးတစ်စင်းကို  ချိန်ရွယ်ပြီး ခုတ်ချ လိုက်ပါတယ်။

ထန်... ဂျလိ...ဂျလိ...

မိုးကြိုးကနေ ထွက်ပေါ်လာတဲ့ သိုင်းပညာ အဆီအနှစ် တစ်ခုက လီဖူချန်းရဲ့ စိတ်ထဲမှာ ပေါ်လာခဲ့ပါတယ်။

" အိုး... လက်စသတ်တော့ သည်လိုကိုး... ... "

လီဖူချန်းက ပဉ္စမမြောက် ဆန်းကြယ် တံခါးရဲ့ စမ်းသပ်ချက်ကို နားလည်သွားခဲ့ပါပြီ။

သည်အဆင့်ရဲ့ စမ်းသပ်ချက်ကတော့  မိုးကြိုး၊ လျှပ်စီးတွေထဲမှာ ခိုဝင် ကိန်းအောင်း နေတဲ့ သိုင်းအဆီအနှစ်တွေကို အခြေခံပြီး  သိုင်းကွက် အသစ်တစ်ကွက် ဖန်တီးပေးရမှာပါ။

ထို့နောက်မှာတော့ လီဖူချန်းက သူရရှိထားတဲ့ သိုင်းပညာ အဆီအနှစ်ကို လေ့လာ လိုက်ပါတော့တယ်။

သူရရှိထားတဲ့ သိုင်းပညာ အဆီအနှစ်ကတော့ ခြေသိုင်းပညာပါပဲ။ သည်ခြေသိုင်း အဆီအနှစ် တစ်ခုလုံးကို လေ့လာပြီးတဲ့ အခါမှာတော့ လီဖူချန်းရဲ့ ခြေသိုင်းက အနည်းငယ်တောင် တိုးတက် လာသလိုပါပဲ။

' သည်ဟာက အဆင့်မြင့် ခြေသိုင်း အဆီအနှစ် အမျိုးအစားပဲ။ '

လီဖူချန်းက သည်နေရာမှာ  တတ်နိုင်သလောက် ကြာကြာနေဖို့ ဆုံးဖြတ် လိုက်ပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ သည်သိုင်းအဆီ အနှစ်တွေက သူ့ရဲ့ သိုင်းပညာ တာအိုအတွက်  တစ်ထောင့် တစ်နေရာကနေ အကျိုးပြုမယ် ဆိုတာကို လီဖူချန်း တစ်ယောက် ခံစားနေရလို့ပါပဲ။

ခြေသိုင်း အဆီအနှစ်တစ်ခုကို ရလိုက်တယ် ဆိုတာ သိုင်းကျမ်း တစ်အုပ်ကို ကိုယ့်ဘာသာကိုယ် လေ့ကျင့်ရတာနဲ့ မတူပါဘူး။

သည်သိုင်းအဆီ အနှစ်ထဲမှာက သိုင်းပညာကို လေ့ကျင့် အောင်မြင်ပြီးခဲ့သူ တစ်ယောက်ရဲ့ အတွေ့အကြုံတွေပါ ပါနေတာပါ။ ဒါက သိုင်းပညာကို တတ်မြောက် နားလည် စေဖို့အတွက် ပိုလွယ်ကူ ပါတယ်။

ရှင်းရှင်းပြောရမယ် ဆိုရင်တော့ ဖြတ်လမ်းကနေ လိုက်ပြီး သိုင်းသင်တာနဲ့ အတူတူပါပဲ။

အချိန်တစ်ခု အထိ လေ့လာလို့ အပြီးမှာတော့ လီဖူချန်း တစ်ယောက် ကိုယ်ပိုင် ခြေသိုင်းကို ဖန်တီး နိုင်ခဲ့ပါပြီ။

ဝုန်း...

လီဖူချန်းရဲ့ ကန်ချက် တစ်ချက်နဲ့တင် ပေါက်ကွဲသံ တစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။

ဝုန်း...ဝုန်း...ဝုန်း... ဝုန်း... ...

လီဖူချန်းရဲ့ ကန်ချက်တွေကတော့ မိုးသက်မုန်တိုင်း ကျနေသလိုပါပဲ။ လီဖူချန်းက ခြေကန်ချက်တွေ ရာနဲ့ချီပြီး ကန်ပစ် လိုက်ပါတယ်။ သူ့ရဲ့ ကန်ချက်တိုင်းက တစ်ချက်ပြီး တစ်ချက် ပိုပို ပြင်းလာသလို၊ ကန်ချက်တွေက စမ်းချောင်း တစ်ခုထဲမှာ စီးဆင်းနေတဲ့ ရေအလျင်အလား ပိုပိုပြီးတော့ ချောမွေ့ ပြေပြစ် လာတယ်လေ။

နောက်ဆုံးမှာတော့ သူ့ရဲ့ ခြေသိုင်းက ဆန်းကြယ် အဆင့်နိမ့် ခြေသိုင်း အဆင့်ကို ရောက်လာခဲ့ပါပြီ။ သည်အတိုင်း ဆက်သွားရင်တော့ ခြေသိုင်း ဆန္ဒတစ်ခုတောင် စတင် မွေးဖွား လာတော့မယ့် ပုံပါပဲ။

ဒါပေမဲ့ ခြေသိုင်း ဆန္ဒတစ်ခု ပြည့်ပြည့်စုံစုံ ဖြစ်လာဖို့ ဆိုတဲ့ အဆင့်ကို ရောက်ဖို့ အတွက်တော့ အများကြီး လိုနေပါသေးတယ်။

လီဖူချန်းကတော့  စိတ်မပျက်သွားဘဲ  ဆက်လက်ပြီးတော့ သူရထားတဲ့ ခြေသိုင်း အဆီအနှစ်ကို လေ့လာနေဆဲပါပဲ။

အချိန်တွေ ဘယ်လောက် ကြာသွားမှန်း မသိတော့တဲ့ အချိန်တစ်ခုကို အရောက်မှာတော့  လီဖူချန်းရဲ့ ခြေကန်ချက်တွေက မိုးကြိုး ပစ်ချက်တွေအလား ပြင်းထန် လာခဲ့ပါပြီ။ သူ့ရဲ့ ခြေကန်ချက် အမြန်နှုန်းကလည်း လျှပ်စီး လက်သည့် အလားပါပဲ။ သူ့ရဲ့ ခြေသိုင်းက အလွန်တရာမှ မြန်ဆန်သလို မှန်းဆရလည်း ခက်လာပါတယ်။

တကယ်လို့  လီဖူချန်းကသာ သာမန် ပါရမီရှင်တွေနဲ့ တိုက်ခိုက်မယ် ဆိုကြပါစို့။  အဲသည် သူတွေက လီဖူချန်းရဲ့ ခြေထောက် လှုပ်လို့ လှုပ်သွားမှန်း မသိခင်မှာကို  ကန်ခံရပြီး လောက်ပါပြီ။

နောက်ထပ် တစ်နာရီမျှ ကြာတဲ့ အခါမှာတော့ လီဖူချန်းရဲ့ ကန်ချက်ကနေ မိုးကြိုးတစ်စင်း ထွက်ပေါ် လာခဲ့ပါတယ်။ အဲသည် မိုးကြိုးက ကောင်းကင်ပေါ်ကနေ ကျဆင်းနေတဲ့ မိုးကြိုးတွေနဲ့ ပြင်းအား အတူတူ လောက်ပါပဲ။ ပြီးတော့ အဲသည်မိုးကြိုးက အခြားမိုးကြိုးတွေနဲ့ လိုက်လျော ညီထွေစွာ ပေါင်းစပ် သွားခဲ့ပါသေးတယ်။

ဝုန်း...ဝုန်း...ဝုန်း......

လီဖူချန်းရဲ့ အရှေ့မှာတော့  မိုးကြိုးလျှပ်စီးတွေ ရစ်ပတ် နှောင်ဖွဲ့ထားတဲ့ တံခါးတစ်ခု ပေါ်လာခဲ့ပါပြီ။

' ငါထင်ထားသလိုပဲ။ သည်သိုင်းအဆီ အနှစ်တွေကို အခြေခံပြီး ဆန်းကြယ် အလယ်အလတ် အဆင့် သိုင်းပညာရပ် တစ်ခုကို ကိုယ်တိုင် ဖန်တီးနိုင်မှသာ သည်နေရာကနေ ထွက်ခွင့်ရမှာပဲ။ '

' နောက်ထပ် သိုင်းအဆီအနှစ်တွေကို မိုးကြိုးတွေ ထဲကနေ စုပ်ယူလို့ ရဦးမလား မသိဘူး။ '

လီဖူချန်းက သည်နေရာကနေ ထွက်မသွားချင် သေးပါဘူး။ သည်မိုးကြိုး တွေထဲမှာပါတဲ့ သိုင်းအဆီ အနှစ်တွေက သူ့အတွက်တော့  အတော်လေးကို တန်ဖိုးရှိနေတယ်လေ။

လီဖူချန်းက နောက်ထပ် မိုးကြိုးတစ်စင်းကို ဓားနဲ့ ခုတ်ပိုင်း ပစ်လိုက်ပါတယ်။ ဒါပေမဲ့ သည်တစ်ကြိမ်မှာတော့ ဘာတုံ့ပြန်မှုမှ မရှိခဲ့ပါဘူး။

' ဟာကွာ...။ သည်မိုးကြိုးတွေ ဆီကနေ သိုင်းအဆီအနှစ်ကို တစ်ကြိမ်ပဲ စုပ်ယူလို့ ရတာလားဟ'

' ထားလိုက်ပါတော့ကွာ ...။  လောဘ မကြီးတော့ဘူး။ '

နောက်ဆုံးမှာတော့ လီဖူချန်း တစ်ယောက် ရင်နာနာနဲ့ပဲ သည်မိုးကြိုးနယ်မြေထဲက ထွက်သွား ပါတော့တယ်။

" သည်ကလေးရဲ့ ထိုးထွင်း သိမြင်မှုက ထူးခြား ကောင်းမွန် လွန်းတယ်။ ငါသူ့ကိုပဲ တပည့်အဖြစ် လက်ခံ လိုက်တော့မယ်။ "

ဆံဖြူ အဘိုးအိုက သူ့ရဲ့ ဘုံဗိမ္မာန်ကနေ ပြောလိုက်ပါတယ်။

ဖီးနစ်မျက်လုံးအစုံဖြင့် လူကြီးကတော့ အသနား ခံသည့်ပုံဖြင့်

" နံပါတ်၂ အစ်ကို... ကျွန်တော့်ကို သည်ကောင်လေး ပေးလိုက်ပါလားဗျာ "

ဆံဖြူ အဘိုးအိုက  တဟားဟား ရယ်မောလိုက်ပြီး ...

" နံပါတ်၃ ...မင်းဆီမှာက လက်ရင်း တပည့်တစ်ယောက် ရှိနေပြီးသားလေ။ ဘာဖြစ်လို့ ငါ့ဆီကနေ လာလုနေရတာလဲ..."

ဇာမဏီ မျက်လုံးအစုံဖြင့် လူကြီးက အလျှော့မပေးသေးဘဲ

"နံပါတ်၂အစ်ကို လိုချင်တယ်ဆိုရင် ကျွန်တော့် လက်ရင်း တပည့်နဲ့ သည်ကောင်လေးကို လဲပေးမယ်လေ"

ဆံဖြူ အဘိုးအိုက

"တော်စမ်းပါကွာ ...။ ငါက အရူးလား...။ မင်းရဲ့ လက်ရင်းတပည့်က သည်ကောင်လေးကို ဘယ်လို ယှဉ်နိုင်မှာလဲ..."

" နံပါတ်၂ အစ်ကို ... တကယ်လို့ သည်ကောင်လေးက ကျွန်တော့်ကို ရွေးခဲ့ရင်တော့ နောက်ဆုတ် ပေးရမယ်နော်။ နောက်ကွယ်ကနေ ကျွန်တော် မသိအောင်တော့ လာမမြှူဆွယ်နဲ့"

ဇာမဏီ မျက်လုံးအစုံဖြင့် လူကြီးက လီဖူချန်း သူ့ကိုများ ရွေးခဲ့ရင် ဆိုပြီး မျှော်လင့်ချက်နဲ့ နံပါတ်၂ အစ်ကိုကို ကြိုတင် ပြောထားလိုက်ပါတယ်။

ဆံဖြူ အဘိုးအိုက  ရယ်မောလိုက်ပြီး

" မြူဆွယ်တယ် ဆိုတာက ဘာကို ပြောချင်တာလဲ...။ မင်းသာ သူ့ကို ငါတို့ အားလုံးရဲ့ အကြောင်းကို ပြည့်ပြည့်စုံစုံ ပြောပြထားလိုက်...။ ဒါကိုမှ သူက မင်းကို ရွေးသေးတယ် ဆိုရင်တော့ ငါက ဘာမှ ဝင်မရှုပ်တော့ဘူး"

ဆံဖြူ အဘိုးအိုကလည်း ဘိုင်သေ တွက်ထား ပြီးပါပြီ။ လီဖူချန်းလို ပါရမီရှင် တစ်ယောက်က နံပါတ်၂ ဖြစ်တဲ့ သူ့ကို ကျော်ပြီး နံပါတ်၃ကို ဆရာအဖြစ် ရွေးစရာ အကြောင်း လုံးဝ မရှိပါဘူး။

" မင်းတို့ အားလုံး ရန်ဖြစ်မနေနဲ့တော့ ...။ သည်အတိုင်းဆိုရင် ငါတို့ရဲ့ စည်းလုံးညီညွတ်မှု ပြိုကွဲ သွားနိုင်တယ်။ ငါပဲ အနစ်နာခံပြီး သည်ကောက်လေးကို ယူပေးလိုက်မယ်"

နံပါတ်၁ အစ်ကိုကြီးကလည်း တပည့် လုပွဲထဲကို  ဝင်ပါလာခဲ့ပါပြီ။

" အစ်ကိုကြီး... သူက အစ်ကိုကြီး သတ်မှတ်ထားတဲ့ စံချိန်ကို မီလို့လား...။ စံချိန် မမီရင်တော့ အနစ်နာခံပြီး သည်ကောင်လေးကို တပည့်အဖြစ် လက်ခံမနေပါနဲ့ဗျာ...။ ကျွန်တော်ဘဲ သည်ကောင်လေးကို တပည့်အဖြစ် လက်ခံ လိုက်ပါ့မယ်"

ဆံဖြူအဘိုးအိုက လီဖူချန်းကို တပည့်အဖြစ် လက်ခံခွင့်ရဖို့ အသည်းအသန်    ကြိုးစားနေပါတယ်။

ထူးခြားတဲ့ ကိုယ်ရောင် ကိုယ်ဝါတွေနဲ့ လူကြီးက သူတို့ ၈ယောက်ထဲမှာ အတော်ဆုံးပါ။  ဒါကြောင့် သူက အစ်ကိုကြီး နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။

တကယ်တော့ သူတို့ ၈ယောက်စလုံးဟာ သွေးမတော်၊ သားမစပ်တဲ့ လူတွေပါပဲ။  ဒါပေမဲ့ သူတို့က  သွေးသား အရင်းတွေထက်တောင် ပိုချစ်ခင်ကြတဲ့ သွေးသောက် ညီအစ်ကို၊ မောင်နှမတွေပါ။

အမှန်အတိုင်း ပြောရမယ် ဆိုရင်တော့ ဆံဖြူအဘိုးကြီးက  ထင်ထားသလောက် အသက် မကြီးသေးပါဘူး။ သူရဲ့ ဆံပင်ဖြူတွေက မွေးရာပါ ဖြစ်ပါတယ်။  ဟုတ်ပါတယ်...။ သူက  ထူးခြားတဲ့ ကိုယ်ယောင် ကိုယ်ဝါတွေနဲ့ လူကြီးထက်တော့ အသက် အနည်းငယ် ကြီးပါသေးတယ်။

ဒါပေမဲ့ ထူးခြားတဲ့ ကိုယ်ယောင် ကိုယ်ဝါတွေနဲ့ လူကြီးက သူ့ထက် အစွမ်းပိုထက်တာကြောင့် ဆံဖြူ အဘိုးအိုက နံပါတ်၂ နေရာမှာ ရှိနေရတာပါ။

နံပါတ်၁ အစ်ကိုကြီးက " ငါ့ဆီမှာ အမည်ခံတပည့် အချို့တော့ ရှိတယ်။ ဒါပေမဲ့ သည်ကောင်လေးကတော့ ငါရဲ့ လက်ရင်းတပည့် ဖြစ်ဖို့ အဆင့်မီတယ်။ ဒါကြောင့် မင်းငါ့အတွက် စိုးရိမ်နေစရာ မလိုဘူး " ဟု  ပြန်ဖြေ လိုက်ပါတယ်။

နံပါတ်၁ ပဟေဠိ သိုင်းသမား ဖြစ်တဲ့ သူ့အတွက်တော့ လက်ရင်းတပည့် တစ်ယောက် ရဖို့ဆိုတာ အရမ်းကို ခက်ခဲလွန်းတဲ့ ကိစ္စတစ်ရပ်ပါပဲ။

သူက တပည့် လက်မခံချင်တာ မဟုတ်ပါဘူး။ သူ့တပည့် ဖြစ်ရမယ့်လူက လိုအပ်ချက်တွေ အရမ်း များနေလို့ပါ။

သူ့လို အစွမ်းထက်တဲ့ ပညာရှင် တစ်ယောက် အတွက်တော့ စိတ်တိုင်းကျ တပည့်တစ်ယောက် ရဖို့ဆိုတာ မိုးပေါ်က အပ်တစ်စင်းနဲ့ မြေပေါ်က အပ်တစ်စင်း တွေ့ဆုံတာထက်ကို ခက်ခဲလှပါတယ်။

အခုလီဖူချန်းကတော့ လုံးဝကို သူ့စိတ်ကြိုက် တပည့် အမျိုးအစားပါပဲ။

ဆံဖြူအဘိုးအိုက ကူကယ်ရာမဲ့သည့် လေသံဖြင့်

" ဟူး...။ နောက်ဆုံးတော့  စိတ်ကြိုက်တပည့်တစ်ယောက် ရပြီလို့ ထင်ထားခဲ့တာ ..."

နံပါတ်၃ကတော့ ဘာမှဝင်ပြီး မပြောတော့ပါဘူး။ သူ့ရဲ့ အစွမ်းအစက နံပါတ်၁ အစ်ကိုကြီးနဲ့ ယှဉ်လိုက်မယ် ဆိုရင်တော့  ဘာမှမဟုတ်ဘူး ဆိုတာကို သူက ကောင်းကောင်းကြီး နားလည်ပါတယ်။

" နံပါတ်၂ညီလေး ... နည်းနည်းလောက် သည်းခံပြီး စောင့်လိုက်ပါဦး။ ကျားနဂါး ပြိုင်ပွဲမတိုင်မှီမှာ မင်းစိတ်ကြိုက်  လက်ရင်း တပည့်တစ်ယောက်လောက် ပေါ်လာနိုင်ဦးမှာပါကွာ။ ငါတွက်ချက်ထားတဲ့ အတိုင်းဆိုရင်တော့  မဟာပညာရှင်တွေ ပျောက်ဆုံးသွားတဲ့ ခေတ်နောက်ပိုင်း အဆက်ဆက်မှာ  သည်ခေတ် လူငယ်မျိုးဆက်တွေက အားအကောင်းဆုံးပဲ။ မင်းရဲ့ လက်ရင်းတပည့် ဖြစ်ဖို့ အဆင့်မီတဲ့ လူငယ်တစ်ယောက်  ပေါ်လာ နိုင်ပါသေးတယ်။ စိတ်မပျက်ပါနဲ့ "

နံပါတ်၁ အစ်ကိုကြီးက  ဆံဖြူ အဘိုးအိုကို နှစ်သိမ့်လိုက်ပါတယ်။

ဆံဖြူအဘိုးအိုက မအီမသာဖြင့် ခေါင်းညိတ် လိုက်ပြီး

" အဲလိုပဲ မျှော်လင့်ရတော့မှာပေါ့ " ဟု ပြန်ဖြေလိုက်ရပါတယ်။

***

ထူးခြား ဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေရဲ့  အပြင်ဘက်မှာတော့... ...

" ဝိုး... သူက တကယ်ကြီးကို ပဉ္စမမြောက် ဆန်းကြယ်တံခါးကို ဖြတ်ကျော် သွားနိုင်တယ်ဟ။ "

" ပဉ္စမမြောက် ဆန်းကြယ်တံခါးကို ကျော်ဖြတ်သွား နိုင်ပြီဆိုတော့ လီဖူချန်းက ပဟေဠိ သိုင်းသမား တစ်ယောက်ရဲ့ တပည့်ဖြစ်ဖို့ သေချာသလောက် ရှိသွားပြီကွ။ "

လူအားလုံးနီးပါးက လီဖူချန်းကို သြဘာ ပေးနေကြပါပြီ။

ဒါပေမဲ့ အဲသည် သူတွေထဲမှာတော့ ကောင်းကင်နတ်ဆိုး ဂိုဏ်းသားတွေ မပါပါဘူး။

လီဖူချန်း တစ်ယောက် ပဟေဠိသိုင်းသမားတစ်ယောက်ရဲ့  လက်ရင်း

တပည့်ဖြစ်ဖို့ ဆိုတာက မြေကြီး လက်ခတ်မလွဲ သေချာနေပါပြီ။ သူတို့ကောင်းကင် နတ်ဆိုးဂိုဏ်းက လီဖူချန်းကို ဘယ်လိုမှ ပြဿနာရှာလို့ ရတော့မှာ မဟုတ်ပါဘူး။

ပဟေဠိသိုင်းသမားတွေက ကြော်ငြာချက် တစ်ခု ထုတ်ပြန် ခဲ့ဖူးပါတယ်။

တကယ်လို့ လူငယ်အချင်းချင်း ပြဿနာ တက်ကြတယ် ဆိုရင်တော့ သူတို့က ဝင်ပါမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ လက်ရင်း တပည့်တွေကို  အကြီးပိုင်းပညာရှင်တွေက ဖိအားပေးမယ် ဆိုရင်တော့ ပဟေဠိ သိုင်းသမားတွေကလည်း သည်အတိုင်း ရပ်ကြည့်နေမှာ မဟုတ်ပါဘူး။

ပဟေဠိသိုင်းသမားတွေ ဝင်ပါလာပြီ ဆိုရင်တော့ ပြသနာ အလွန်ကို ကြီးသွားတော့မှာပါ။ သူတို့ကို ဘယ်သူမှ ထိန်းနိုင်မှာ မဟုတ်ပါဘူး။

သည်နန်းတော်ကြီးမှာ ပေါ်နေတဲ့ ဟင်းလင်းပြင် အရိပ်ဆိုတာက ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေရဲ့ အစောင့်အရှောက်ပါ။ ပဟေဠိ သိုင်းသမားတွေက ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေကနေ ထွက်ချင်တယ် ဆိုရင်တော့  ထိုက်သင့်တဲ့ အဖိုးအခတစ်ခု ပေးရပါတယ်။ အဲဒါကတော့ သူတို့ရဲ့ ကျင့်ကြံမှု နယ်ပယ်ကို လျှော့ချလိုက်တာပါပဲ။ ပဟေဠိ သိုင်းသမားတွေက လျှို့ဝှက်နယ်မြေရဲ့ အပြင်ကို ထွက်လာမယ် ဆိုရင်တော့ ပြန်လည် ဝင်စားခြင်း နယ်ပယ်မှာပဲ ရှိနေမှာပါ။

ဟူး...ဟူး...ဟူး...ဟူး... ...

ရုတ်တရက် ဆိုသလို လူရိပ်အချို့က  ကောင်းကင်ပေါ်ကနေ ဆင်းသက် လာကြပါတယ်။ သူတို့အားလုံးက ကောင်းကင် နယ်ပယ်အဆင့် ပညာရှင်တွေပါပဲ။

" လီဖူချန်း ထူးခြားဆန်းကြယ် လျှို့ဝှက် နယ်မြေထဲမှာ ရောက်နေတယ် ဆိုတာ သေချာရဲ့လား "

ကောင်းကင်နယ်ပယ် ပညာရှင် တစ်ယောက်က ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ တိုက်ရိုက် တပည့် တစ်ယောက်ကို လှမ်းမေးလိုက်ပါတယ်။

ထိုတိုက်ရိုက် တပည့်က  တုန်တုန်ယင်ယင်ဖြင့်

" အကြီးအကဲခင်ဗျား...။ သူက  ပဉ္စမမြောက် ဆန်းကြယ်တံခါးကို ဖြတ်ကျော်သွားပါပြီ။ ကျွန်တော် ထင်တာကတော့... ... "

" ဘာ...။ လီဖူချန်းက ပဉ္စမမြောက် ဆန်းကြယ် တံခါးကို ဖြတ်ကျော်သွားပြီလား..."

အခုရောက်လာကြတဲ့ ကောင်းကင်နယ်ပယ် ပညာရှင်တွေ အားလုံးက ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ အတွင်းစည်း အကြီးအကဲတွေပါပဲ။ သူတို့အားလုံးက လီဖူချန်းရဲ့ အကြောင်းစုံ သိလိုက်ရတဲ့ အခါမှာတော့ အလွန်အမင်း အံ့သြသွားကြပါပြီ။

သူတို့အားလုံးက လီဖူချန်းရဲ့ ပါရမီနဲ့ အလားအလာ အကြောင်းကို ကောင်းကောင်းကြီး သိထားပါတယ်။ ဒါပေမဲ့ သည်လောက်ကြီး အထိ    ပါရမီ ကောင်းလိမ့်မယ်လို့တော့ မထင်ထားခဲ့ပါဘူး။

ပဉ္စမမြောက် ဆန်းကြယ်တံခါးကို ဖြတ်ကျော်နိုင်ခဲ့တဲ့ လူတွေအားလုံးဟာ တကယ့် လက်ရွေးစင် ပါရမီရှင်တွေ ဖြစ်ပါတယ်။ သူတို့အားလုံးဟာ ကြယ်၆ပွင့် အရိုး တည်ဆောက်ပုံ ရှိသူတွေ ဒါမှမဟုတ် ကြယ်ငါးပွင့် အထူးအရိုး တည်ဆောက်ပုံ ပိုင်ရှင်တွေပါ။ ဒါပေမဲ့  လီဖူချန်းကတော့ ကြယ်တစ်ပွင့် အရိုးတည်ဆောက်ပုံ ပိုင်ရှင်သာ မဟုတ်ပါလား...။

" လခွီးပဲဟေ့...။ သည်ကောင်လေးက ဘယ်လိုလုပ်ပြီး သည်လောက်အထိ ပါရမီ ကောင်းနေရတာလဲ..."

" ငါတို့ သူ့ကို သည်အတိုင်း ထားလို့တော့ မရဘူးနော်။ ဂိုဏ်းချုပ်ကြီးက ဘယ်လိုပဲ ဖြစ်ဖြစ် လီဖူချန်းကို ရအောင် ဖမ်းခဲ့ဖို့ မှာလိုက်တာ..."

" ဟုတ်တယ်...။ မတတ်နိုင်ဘူးကွာ...။  လီဖူချန်းကို မရရအောင်တော့ ဖမ်းခေါ်သွားရမှာပဲ။ ပဟေဠိ သိုင်းသမားတွေက  ချက်ချင်းကြီးတော့ ငါတို့နောက်ကို လိုက်လာနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ငါတို့က လီဖူချန်းကို ဖမ်းရုံတင် ဖမ်းမှာဆိုတော့ သိပ်ပြီး ပြသနာ မကြီးလောက်ဘူး ထင်တယ်။"

သူတို့တွေက လက်ဗလာနဲ့တော့ မပြန်ချင်ပါဘူးလေ။ အဲသည်အတွက်   လီဖူချန်းကို မရရအောင် ဖမ်းသွားဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ကျန်တဲ့ကိစ္စကတော့ ကောင်းကင်နတ်ဆိုး ဂိုဏ်းချုပ်ကြီးနှင့်သာ သက်ဆိုင်သည် မဟုတ်ပါလား...။

***

All Chapters