အပိုင်း ၂၆၀
Vol. 19 Ch. 260
လီဖူချန်းတစ်ယောက် ပဉ္စမြောက် ဆန်းကြယ် တံခါးကို ဖြတ်ကျော်သွားနိုင်တဲ့ အချိန်အထိမှာတော့ လူငယ် ၅ယောက်က မိုးကြိုးလျှပ်စီး ကမ္ဘာထဲမှာ ကျန်နေပါသေးတယ်။
သူတို့တွေကတော့ ချူးယီ ၊ စုမုယူ ၊ ရှဟိုရှီ ၊ ဟန်ဖန်းနဲ့ လီရှင်းယုတို့ပါပဲ။
ကျန်တဲ့ လူတွေကတော့ စမ်းသပ်ချက်ကနေ ကျရှုံးသွားကြပါပြီ။
အချိန်အတိုင်းအတာ တစ်ခုအထိ အရောက်မှာတော့ ချုးယီ ၊ စုမာယူနဲ့ ရှဟိုရှီ တို့က ပဉ္စမမြောက် ဆန်းကြယ်တံခါးကို ကျော်ဖြတ် သွားနိုင်ကြပါတယ်။
ဟန်ဖန်းနဲ့ လီရှင်းယုတို့ကတော့ ဆန်းကြယ် အလယ်အလတ် သိုင်းပညာကို မဖန်တီး နိုင်ခဲ့တဲ့အတွက် စတုတ္ထမြောက် ဆန်းကြယ် တံခါးကို ကျော်ဖြတ်နိုင်တဲ့ အဆင့်မှာပဲ ကျေနပ်လိုက်ရပါပြီ။
" ချူးယီ၊ စုမုယူနဲ့ ရှဟိုရှီတို့လည်း ပဉ္စမမြောက် ဆန်းကြယ် တံခါးကို ကျော်ဖြတ် သွားကြပြီဟေ့။ လီဖူချန်းကိုပါ ထည့်တွက်မယ် ဆိုရင်တော့ ပဉ္စမဆန်းကြယ်တံခါးကို ဖြတ်ကျော်နိုင်တဲ့ သူက လေးယောက်တောင် ဖြစ်သွားပြီ။ သည်တစ်ကြိမ်ကတော့ စံချိန်တင်ပဲဟ။ "
"အရင်တစ်ခေါက် တုန်းကတော့ ရှဟိုချောင် တစ်ယောက်ပဲ ပဉ္စမမြောက် ဆန်းကြယ်တံခါးကို ဖြတ်ကျော်နိုင်တာကွ။ သည်တစ်ခါက လေးယောက်ဆိုတော့ တကယ့်ကို အံ့သြစရာပဲ"
"လီဖူချန်းကလွဲပြီး ကျန်တဲ့သုံးယောက်က ဆန်းကြယ် ပဉ္စမတံခါးကို ဖြတ်ကျော်ဖို့ အတွက် အဆင့်မီတဲ့ အရိုး တည်ဆောက်ပုံတွေကို ပိုင်ဆိုင်ထားတာပဲ။ လီဖူချန်းက ကြယ်တစ်ပွင့် အရိုး တည်ဆောက်ပုံနဲ့ ဘယ်လိုလုပ်ပြီး သည်အဆင့်အထိ ရောက်လာရတာလဲ...။ ငါကတော့ လီဖူချန်းကို အရမ်း စိတ်ဝင်စားနေပြီကွ။ "
" ငါကတော့ သူတို့ လေးယောက်ထဲက ဘယ်နှစ်ယောက်က ဆဋ္ဌမမြောက် ဆန်းကြယ် တံခါးကို ဖြတ်ကျော် နိုင်မလဲ ဆိုတာကိုပဲ စိတ်ဝင်စားတယ်။ "
" ငါကတော့ ဆဋ္ဌမမြောက် ဆန်းကြယ်တံခါးကို ဘယ်သူမှ မဖြတ်ကျော် နိုင်မှာကိုပဲ စိုးရိမ်တာ...။ ဘာဖြစ်လို့လည်း ဆိုတော့ အခုချိန်အထိ ဆဋ္ဌမမြောက် ဆန်းကြယ်တံခါးကို ဖြတ်ကျော်နိုင်တဲ့ သူက သုံးယောက်ပဲ ရှိနေသေးတာလေ။ "
" မင်းပြောတာကို ငါထောက်ခံတယ်။ ကြယ်ဘုရင် သုံးပါးထဲမှာတောင်မှ နှစ်ယောက်ပဲ ဆဋ္ဌမမြောက် ဆန်းကြယ် တံခါးကို ဖြတ်ကျော်နိုင်ခဲ့တာ..."
" ဆဋ္ဌမမြောက် ဆန်းကြယ်တံခါးက အရမ်း ခက်ခဲတယ်ကွ။ ငါတို့ စောင့်ကြည့်ကြတာပေါ့ "
အပြင်ဘက်မှာ ရှိနေတဲ့ လူတွေ အားလုံးကတော့ ရင်ခုန်စွာနဲ့ လူငယ်လေးယောက်ကို အားပေး နေကြပါတယ်။
***
ဆဋ္ဌမမြောက် ဆန်းကြယ် တံခါးရဲ့ နောက်မှာတော့ လေသင်တုန်း ဓားတွေနဲ့ ပြည့်နှက်နေတဲ့ နယ်မြေ တစ်ခု ရှိနေပါတယ်။
လေသင်တုန်း ဓားတွေကတော့ မိုးအောက် မြေပြင်တစ်ခုလုံးကို ပြည့်နှက်နေတာပါ။
အကြီးဆုံး လေသင်တုန်း ဓားကတော့ မိုင်နဲ့ချီအောင် ရှည်လျားပြီး အသေးဆုံး လေသင်တုန်းဓားကတော့ နွားမွေးလောက်ပဲ ရှိပါတယ်။
ရွှပ် ...
လေသင်တုန်း ဓားသွား တစ်ခုက လီဖူချန်းရဲ့ ပခုံးသားတွေကို လှီးဖြတ် သွားခဲ့သလို သွေးတွေကိုလည်း ပန်းထွက် စေခဲ့ပါတယ်။
" အားယား...။ နင့်မေကလွှားတဲ့မှပဲ... သည်လေသင်တုန်း ဓားတွေက တကယ်ကြီး နာတာဟ"
လီဖူချန်းက အထိတ်တလန့်နဲ့ အော်လိုက်ပါတယ်။
အရှေ့က စမ်းသပ်ချက် ငါးခုကတော့ အမြင်အာရုံ မှားစေရုံ သက်သက် ဖြစ်တဲ့အတွက် အခုလို တကယ် ဖြစ်နေသလို မခံစားခဲ့ရပါဘူး။
သည်လေသင်တုန်း ဓားတွေကတော့ တကယ်ကြီးကို နာကျင်စေတယ်လေ။ သည်နာကျင်မှုကိုတော့ ဘယ်လိုမှာ အတုလုပ်လို့ရမှာ မဟုတ်ပါဘူး။ ပြီးတော့ အခုသူ့ဆီကို ဝင်လာတဲ့ လေသင်တုန်းဓားက သေးသေးလေးမို့သာ တော်ပါသေးတယ်။ အိမ်လောက်ကြီးတဲ့ လေသင်တုန်းဓားသာ တိုက်ခတ် လာမယ်ဆိုရင်တော့ လီဖူချန်းတစ်ယောက် နှစ်ပိုင်း ပြတ်နေလောက်ပါပြီ။
ဆဋ္ဌမမြောက် ဆန်းကြယ် တံခါးက ဘာကို စမ်းသပ်တာလည်း ဆိုတာကိုတော့ လီဖူချန်း တစ်ယောက် နားမလည်နိုင်သေးပါဘူး။
ဒါက ခံနိုင်ရည်ကို စမ်းသပ်တာ ဆိုရင်လည်း သည်လောက်ကြီးတဲ့ လေသင်တုန်းဓားတွေ ရှိနေစရာ မလိုဘူးလေ။ သည်မှာ ရှိနေတဲ့ လေသင်တုန်းဓားတွေက ကောင်းကင်နယ်ပယ် ပညာရှင်တွေကို တောင်မှ အမှုန့်ဖြစ်သွားစေဖို့အတွက် လုံလောက်ပါတယ်။
ရွှီး...ရွှီး...ရွှီး...။
လေပြေလေးတစ်ခု တိုက်ခတ်သွားအပြီးမှာတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာ ဗရပွ ဖြစ်ပေါ် လာခဲ့ပါပြီ။ တချို့ ဒဏ်ရာတွေကတော့ လီဖူချန်းရဲ့ ခန္ဓာကိုယ်ကို ထုတ်ချင်းဖောက် ပေါက်ထွက် သွားစေပါတယ်။ လီဖူချန်းရဲ့ တစ်ကိုယ်လုံးမှာလည်း သွေးအလိမ်းလိမ်းပါပဲ။
လီဖူချန်းက ဉာဏ်ကောင်းစွာနဲ့ သိုလှောင်အိတ်ထဲက ဆန်းကြယ်အဆင့် ဒိုင်းတစ်ခုကို ထုတ်ပြီး သူ့အရှေ့မှာ ကာထား လိုက်ပါသေးတယ်။
ရွှီး...ရွှီး...ရွှီး...ရွှီး...
သိပ်မကြာပါဘူး။ အဲသည် ဒိုင်းကလည်း လေသင်တုန်းဓားတွေရဲ့ လက်ချက်နဲ့ ဖုန်မှုန့်သာသာ ဖြစ်သွားခဲ့ပါပြီ။
သည်လေသင်တုန်း ဓားတွေက လူသားခန္ဓာကိုယ် မဟုတ်တဲ့ အရာတွေအပေါ်မှာ ပိုပြီး အားကောင်းတဲ့ ပုံပင်။
" ဒါက အလုပ်မဖြစ်ဘူးဟ "
လီဖူချန်းက ခေါင်းခါလိုက်ပါတယ်။ ကြည့်ရတာတော့ သည်စမ်းသပ်ချက်က ကိုယ်ကိုယ်တိုင် လုပ်ဆောင်ရမည့် အနေအထားပါပဲ။
ရွှပ်...
အရာတစ်ခုက လေထဲကို လွင့်ထွက် သွားပါတယ်။ အဲဒါကတော့ လီဖူချန်းရဲ့ လက်ပါ။ ၇မီတာလောက် ရှိတဲ့ လေသင်တုန်းဓား တစ်စင်းက လီဖူချန်းရဲ့ ဘယ်ဘက် ပခုံးကို ခုတ်ဖြတ် သွားခဲ့တယ်လေ။
လီဖူချန်းကတော့ မျက်လုံးပြူး ၊ မျက်ဆံပြူး ဖြစ်နေပါပြီ။ သူက သည်လေသင်တုန်း ဓားတွေကို ဘယ်လိုရှောင်လို့ ရှောင်ရမှန်းကို မသိသေးပါဘူး။
သူက အတတ်နိုင်ဆုံးတော့ ကြိုးစားပမ်းစား ရှောင်ကြည့်ပါသေးတယ်။
ရွှပ် ...
လီဖူချန်းက ကြိုးစား ရှောင်နေရင်းနဲ့ကို လေသင်တုန်းဓားစာ မိသွားပြန်ပါပြီ။
သည်နယ်မြေ တစ်ခုလုံးမှာတော့ လေသင်တုန်းဓားတွေနဲ့ ပြည့်နှက် နေတဲ့အတွက် လီဖူချန်းရဲ့ အသိစိတ် အာရုံကလည်း မကယ်နိုင်တော့ပါဘူး။ သူ့ရဲ့ အသိစိတ်အာရုံက အစွမ်းကုန် ထောက်ပံ့ ပေးထားပေမယ့်လည်း ဘယ်လိုလုပ်ပြီး သည်လောက်များတဲ့ လေသင်တုန်း ဓားတွေကို လီဖူချန်း တစ်ယောက် ရှောင်နိုင်မည်နည်း။
ရွှပ် !
သည်တစ်ကြိမ်မှာတော့ လီဖူချန်းရဲ့ ညာဘက် ခြေထောက် ပြတ်ထွက် သွားပါတယ်။
ဘုံဗိမ္မာန် တစ်ခုထဲမှာ ရှိနေတဲ့ ဆံဖြူ အဘိုးအိုကတော့ ခပ်တိုးတိုးလေး ပြောလိုက်ပါတယ်။ သူက အခုချိန်အထိကို လီဖူချန်းကို အရိပ် တကြည့်ကြည့်နဲ့ အကဲခတ်နေဆဲပါပဲ။
" သည်ဆဋ္ဌမမြောက် ဆန်းကြယ်တံခါးက လူတစ်ယောက်ရဲ့ မဆုတ်မနစ်တဲ့ ဇွဲလုံ့လနဲ့ ခိုင်မာတဲ့ စိတ်ထားကို စမ်းသပ်တာပဲ။ သည်စမ်းသပ်ချက်တော့ လူတစ်ယောက်ရဲ့ စိတ်စွမ်းအားနဲ့ အများကြီး သက်ဆိုင် သွားပြီ။ သည်ကလေးက သည်အဆင့်ကိုကော ဖြတ်ကျော် နိုင်ဦးမှာလား..."
ဇာမဏီမျက်လုံးအစုံနဲ့ လူကြီးကလည်း သူ့ရဲ့ ဘုံဗိမ္မာန်ကနေ လီဖူချန်းကို အကဲခတ်နေတာပါ။
" လူတိုင်းရဲ့ မွေးရာပါ စိတ်ဝိညာဉ် ခွန်အားတွေက မတူညီကြဘူး။ သည်တံခါးက လူတစ်ယောက်ရဲ့ ရဲစွမ်းသတ္တိကို စမ်းသပ်တာ ဆိုရင်လည်း မမှားဘူး။ လူတစ်ယောက်က သေခြင်းတရားနဲ့ ထိပ်တိုက် ရင်ဆိုင်ရတဲ့ အခါမှာကော အရင်လိုပဲ တည်တည်ငြိမ်ငြိမ်နဲ့ ရှိနေနိုင်မှာလား..."
စိတ်ဝိညာဉ် ခွန်အားဆိုတာက တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။
မတူညီတဲ့ လူတွေပေါ်မှာ မူတည်ပြီး စိတ်ဝိညာဉ်တွေက အားကောင်းတာတွေ ရှိသလို ၊ အားနည်းတဲ့ စိတ်ဝိညာဉ် တွေလည်း ရှိပါတယ်။
စိတ်ဝိညာဉ်ဆိုတာက တကယ်ကို ထူးဆန်းတဲ့ အရာတစ်ခုပါ။
အချို့အားကောင်းတဲ့ စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားတဲ့ လူအချို့က တကယ်တမ်းလည်း သေရတော့မယ် ဆိုတာကို သိလိုက်ရတဲ့ အချိန်တွေမှာ ကယောင်ကတမ်းနဲ့ ပေါက်တတ် ကရတွေ လုပ်လေ့ ရှိပါတယ်။
အချို့အားနည်းတဲ့ စိတ်ဝိညာဉ် ပိုင်ရှင်တွေကတော့ တကယ်တမ်း သေခြင်းတရားနဲ့ ကြုံတွေ့ရတဲ့ အခါမှာ မတုန်မလှုပ်ဘဲ ကြောက်စရာ ကောင်းတဲ့ စိတ်ဝိညာဉ် ခွန်အားတွေကို ပိုင်ဆိုင်လာလေ့ ရှိပါတယ်။
သည်ဆဠမမြောက် ဆန်းကြယ်တံခါးရဲ့ စမ်းသပ်ချက်က ရိုးရှင်းမလိုလိုနဲ့ တကယ်တမ်း သေသေချာချာ စဉ်းစား လိုက်ရင်တော့ သွက်သွက်ခါအောင် ရူးသွားလောက်တဲ့ အထိ ရှုပ်ထွေး လွန်းပါတယ်။
အကျဉ်းချုံး ပြောရမယ် ဆိုရင်တော့ သည်တံခါးကို ဖြတ်ကျော်နိုင်ဖို့ အတွက် မင်းဆီမှာ လုံလောက်တဲ့ ဇွဲလုံ့လနဲ့ ခိုင်မာတဲ့ စိတ်ထား ရှိရမယ်။ ဒါမှမဟုတ် သေခြင်းတရားနဲ့ တွေ့ဆုံရင်တောင်မှ ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်တဲ့ စိတ်ဝိညာဉ် ခွန်အား ရှိရမယ်။ ပြီးတော့ ချွင်းချက်တွေ ရှိမယ်။ ဒါပါပဲ။
"သိုင်းတာအို လမ်းစဉ်ကို လျှောက်လမ်းတယ် ဆိုတာက သဘာဝ တရားကြီးကို အာခံနိုင်ရမယ်။ ကောင်းကင်ဘုံကို တော်လှန်နိုင်ရမယ်။ ကောင်းကင်ဘုံ ကိုတောင် အာခံပြီး ကိုယ့်လမ်းကိုယ် လျှောက်မယ်လို့ ခံယူထားနိုင်တဲ့ သူတွေမှသာ သည်ဆဋ္ဌမမြောက် တံခါးကို ကျော်ဖြတ် နိုင်မှာပဲ"
နံပါတ်၁ အစ်ကိုကြီးက မှတ်ချက် ချလိုက်ပါတယ်။
ကျန်တဲ့သူတွေ အားလုံးကလည်း ခေါင်းညိတ်ပြီး ထောက်ခံကြပါတယ်။
***
ခြေလက်လေးဖက်စလုံး ပြတ်ထွက်သွားတဲ့ နောက်မှာတော့ လီဖူချန်းရဲ့ စိတ်တွေက တွေဝေမှိန်းမော သွားခဲ့ပါပြီ။ သူက မျက်တောင် တစ်ချက် ခတ်ဖို့ အတွက်တောင်မှ အားမရှိတော့ပါဘူး။
သည်လေသင်တုန်း ဓားတွေက အတုအယောင်တွေ ဆိုတာကို လီဖူချန်း တစ်ယောက် ကောင်းကောင်းကြီး သိပါတယ်။ ဒါပေမဲ့ သူခံစားနေရတဲ့ ဝေဒနာတွေကတော့ လုံးဝအစစ်ပါပဲ။ ဒါကြောင့် လီဖူချန်းက အခုအဖြစ်ဟာ စိတ်ထင်ယောင် ထင်မှား ဖြစ်နေတာလား ဒါမှမဟုတ် တကယ်ပဲ ဖြစ်နေတာလား ဆိုတာကို ဝေခွဲမရတော့ပါဘူး။
အခုချိန်မှာ လီဖူချန်း သေချာသိတာ တစ်ခုတော့ ရှိပါသေးတယ်။ အဲဒါကတော့ နောက်ဆုံးသော အခြေအနေကို မရောက်မီ အထိ လုံးဝ လက်မလျှော့လိုက်ဖို့ပါပဲ။
အဲသည် အချိန်ထိကို တောင်ခံထားနိုင်မလား ဆိုတာကိုတော့ လီဖူခနော် ကိုယ်တိုင်လည်း သေချာ မသိပါဘူး။ ဒါပေမဲ့ အခုချိန်မှာ သူလုပ်နိုင်တာကတော့ ဒါပဲ ရှိသည် မဟုတ်ပါလား။
နောက်တစ်နည်း ပြောရမယ် ဆိုရင်တော့ ဒါက ဘယ်တော့မှ လက်မြှောက် အရှုံးမပေးတတ်တဲ့ သူ့ရဲ့ ညာဉ်ပါပဲ။
ငယ်စဉ်တုန်းက သူ့ရဲ့ ပါရမီတွေ ပျောက်ဆုံး ကုန်တာတောင်မှ သူက လက်မြှောက် အရှုံးမပေးခဲ့ဘူးလေ။
လီဖူချန်းသာ အဲသည် အချိန်တုန်းက လက်မြှောက် အရှုံးပေးလိုက်မယ် ဆိုရင် ရွှေရောင် လက်ဖွဲ့အဆောင်နဲ့တောင် ကြုံတွေ့ခဲ့ရမှာ မဟုတ်ပါဘူး။
***
အဲသည် အချိန်မှာတော့ ချူးယီကလည်း လေသင်တုန်းဓား နယ်မြေထဲကို ဝင်ရောက် လာခဲ့ပါပြီ။
ရွှပ်...ရွှပ်... ...
လေသင်တုန်းဓား နယ်မြေထဲကို ရောက်ရောက်ချင်းမှာပဲ သူက ဓားချက်၂ချက် ခံလိုက် ရပါတယ်။
" အား...။ ဆဋ္ဌမမြောက် ဆန်းကြယ်တံခါးက ဘာကို စမ်းသပ်တာလဲဟ"
ချုးယီက နာကျင်စွာနဲ့ ညည်းတွား လိုက်ပါတယ်။
ရွှီး...ရွှီး ...ရွှီး... ...
နောက်ထပ် လေပြင်း တစ်ချက် တိုက်ခတ်လာတဲ့ အခါမှာတော့ ချူးယီရဲ့ ခြေထောက် နှစ်ဖက်စလုံးက ပေါင်ရင်းကနေ ပြတ်ထွက် သွားခဲ့ပါပြီ။
ချူးယီက သည်တစ်ခါမှာတေ့ာ အသံထွက်ပြီးတောင် မညည်းနိုင်တော့ပါဘူး။
သည်နာကျင်မှုတွေက လုံးဝကို အစစ်အမှန်ပင် မဟုတ်ပါလား။
" ငါက ဓားဘုရင် ဖြစ်မယ့်ကောင်ကွ။ မင်းက ငါ့ကို အနိုင်ယူနိုင်မှာလား..."
သူ့ဆီကို နောက်ထပ် ပြေးဝင်လာတဲ့ ၁၀မီတာနီးပါး လေသင်တုန်း ဓားကြီးကို ကြည့်ရင်းနဲ့ ချူးယီက ကြုံးဝါး အော်လိုက်ပါသေးတယ်။
ရွှပ် …
လေသင်တုန်း ဓားကြီးက ချူးယီကို ခါးကနေပြီး ပိုင်းဖြတ် သွားခဲ့ပါပြီ။
***
နောက်ထပ် သိပ်မကြာခင်မှာတော့ စုမုယူနဲ့ ရှဟိုရှီကလည်း လေသင်တုန်းဓား နယ်မြေကို ဝင်ရောက် လာပါတော့တယ်။
သူတို့ နှစ်ယောက်ကလည်း တူညီတဲ့ အဖြစ်အပျက်မျိုးကို ကြုံရတာပါပဲ။
ရှဟိုရှီနဲ့ ယှဉ်ရင်တော့ စုမုယူက အနည်းငယ် တောင့်ခံ နိုင်ပါသေးတယ်။
ရှဟိုရှီက အသားအနာခံပြီး စွန့်စားရတာမျိုးကို မကြိုက်ပါဘူး။ ဒါကြောင့် သူက သည်ဆဋ္ဌမမြောက် ဆန်းကြယ်တံခါးနဲ့ ဘယ်လိုမှကို သင့်တော်မှာ မဟုတ်ပါဘူး။
သူ့ရဲ့ အသိစိတ်က ဒါဟာ စမ်းသပ်ချက် တစ်ခုပဲဟု လက်ခံ ထားပေမယ့်လည်း ခန္ဓာကိုယ်ကတော့ သည်နာကျင်မှုတွေဟာ အစစ်လို့ သက်သေ ပြနေတယ်လေ။
" သေစမ်းကွာ...။ ဒါက ဘယ်လို စမ်းသပ်မှုမျိုးလဲ..."
ရှဟိုရှီက ရူးသွပ်လု မတတ်ကို ဖြစ်နေပါပြီ။
" သူများတွေ လုပ်နိုင်သလို... ငါလည်း လုပ်နိုင်ရမယ်"
စုမုယူရဲ့ အတွေးကတော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။
တကယ်လို့သူ ဆဋ္ဌမမြောက် ဆန်းကြယ် တံခါးကို တစ်ယောက်မှ ဖြကျော် မသွားနိုင်ခဲ့ဘူး ဆိုရင်တော့ သူမက သည်လောက်အထိ ကြိုးစားပမ်းစား တောင့်ခံနေမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အခုတော့ သည်ဆဋ္ဌမမြောက် ဆန်းကြယ်တံခါးကို ကျော်ဖြတ် သွားနိုင်တဲ့ လူတွေ ရှိနေပြီလေ။ သူမက ထိုလူတွေထက် ဘယ်နေရာမှာမှ အားနည်းနေစရာ အကြောင်း မရှိပါဘူး။
ဒုတိယ ဘုံဗိမ္မာန် အတွင်းမှာ ရှိနေတဲ့ ဆံဖြူ အဘိုးအိုကတော့ ခေါင်းတခါခါဖြင့် ရယ်မော နေပါတယ်။
" မင်းတို့က စမ်းသပ်ချက်ကို ရိုးရိုးလေး ထင်နေတာလား။ သည်စမ်းသပ်ချက်က ဘယ်လိုလုပ်ပြီး သည်လောက် အထိ ရိုးရှင်းမှာလည်း...။ မင်းတို့က ကြိုးစားပမ်းစား တောင့်ခံ ထားရုံနဲ့ သည်အဆင့်ကို ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး။ သိပ်မကြာခင်မှာပဲ မင်းတို့ရဲ့ ခန္ဓာကိုယ်က အမှုန်အမွှားလေး တစ်ခု ဖြစ်သွားပြီး မင်းတို့ရဲ့ စိတ်ဝိညာဉ်ကလည်း တစ်စစီ ဖြစ်သွားလိမ့်မယ်။ အဲဒါ ကိစ္စကိုကော မင်းတို့က ဖြေရှင်းနိုင်မှာလား..."
" အစ်ကိုကြီး ပြောသလိုပဲပေါ့...။ ကောင်းကင်ဘုံကိုတောင် အာခံရဲတဲ့ စိတ်နှလုံးသား ပိုင်ရှင်တွေသာ သည်အဆင့်ကို ဖြတ်ကျော် နိုင်လိမ့်မယ် "
ဇာမဏီ မျက်လုံးအစုံဖြင့် လူကြီးကလည်း လူငယ်လေးယောက် စလုံးကို အကဲခတ် နေပါတယ်။
ရွှပ်...ရွှပ်...
လီဖူချန်းရဲ့ ခန္ဓာကိုယ်က အပိုင်းအပိုင်း ပြတ်သွားခဲ့သလို သူ့ရဲ့ စိတ်ဝိညာဉ် အသိစိတ် ကလည်း ကစဉ့်ကလျား ဖြစ်နေပါပြီ။
သူက အခုဆိုရင် ဘာဝေဒနာမျိုးကိုမှ မခံစားရတော့ပါဘူး။ သူ့ရဲ့ အသိစိတ် ဝိညာဉ်က လေနဲ့အတူ မျောလွင့်နေပြီး လေသင်တုန်း ဓားတွေရဲ့ တစ်စိတ်တစ်ပိုင်းတောင် ဖြစ်လာသလိုပါပဲ။ သူက သူ့ရဲ့ ကိုယ်ပိုင် အတွေးတွေကိုလည်း ထိန်းချုပ် မထားတော့ဘဲ လေစီးကြောင်း အတိုင်းသာ တဖြည်းဖြည်း မျောလွင့် နေပါတော့တယ်။
လေသာရာဘက်ကို မျောပါသွားလိုက်... လေနှင်ရာ ဘက်ကို လိုက်သွားလိုက်နဲ့ပေါ့လေ။
သူ့ရဲ့ စိတ်ဝိညာဉ်က တဖြည်းဖြည်းနဲ့ အားနည်းလာပြီး မှေးမှိန်ဖျာ့တော့ သွားခဲ့ပါပြီ။
" အား..."
သူ့ရဲ့ ခန္ဓာကိုယ်က အပိုင်းပိုင်း အစစဖြစ်ပြီး အမှုန်အမွှားတွေ အဖြစ် ပြောင်းလဲ သွားချိန်မှာတော့ ရှဟိုရှီက ကြောက်လန့် တုန်လှုပ်စိတ်တွေ ဖြစ်ပြီး စမ်းသပ်ချက်ကို ဘယ်လိုမှ တောင့်မခံ နိုင်တော့ပါဘူး။
သူက သည်စမ်းသပ်ချက်ကို အရှုံးပေး လိုက်ပါပြီ။
ထို့နောက်မှာတော့ ရှဟိုရှီရဲ့ ခန္ဓာကိုယ်က ပြန်ဖြစ်တည် လာခဲ့ပါတယ်။ ပြီးတာနဲ့ တစ်ပြိုင်နက် အလင်းတန်း တစ်ခုက သူ့ကို သယ်ဆောင် သွားပြီး ဆဋ္ဌမမြောက် ဆန်းကြယ်တံခါး အပြင်ဘက်ကို ပို့ဆောင် လိုက်ပါတယ်။
" တစ်ယောက်တော့ ကျရှုံးသွားပြီ "
ဆံဖြူ အဘိုးအိုက ခေါင်းခါ လိုက်ပါတယ်။
" သည်တစ်ယောက်က သိပ်ပြီးတော့ မဆိုးဘူး။ ငါကတော့ သူ့ကို တပည့်အဖြစ် လက်ခံ လိုက်တော့မယ်"
ပဟေဠိ သိုင်းသမားတွေထဲက တစ်ယောက်ကတော့ ရှဟိုရှီကို တပည့် အဖြစ် မျက်စိ ကျသွားပါတယ်။
စုမုယူကတော့ စမ်းသပ်ချက် အစကနေ အဆုံးအထိ တစ်ခါမှကို ကြောက်စိတ် မဝင်ခဲ့ပါဘူး။ ဒါပေမဲ့ သူမရဲ့ စိတ်ဝိညာဉ်ကတော့ ရစရာ မရှိအောင်ကို ပျက်စီး သွားခဲ့ပါပြီ။ သူမရဲ့ စိတ်နှလုံးသားက ကောင်းကင်ဘုံကို အာခံရဲလောက်တဲ့ အထိ အားမကောင်းသေးသည့် ပုံပါပဲ။
စုမုယူက လီဖူချန်းနဲ့ သက်တူရွယ်တူသာ ရှိသေးတဲ့အတွက် အရမ်းကို ငယ်နေပါသေးတယ်။ ပြီးတော့ သူမက ငယ်စဉ်တောင်ကျေး ကလေး ဘဝတည်းက ပန်းခင်းလမ်းကိုသာ လျှောက်ခဲ့ရသူ ဖြစ်တဲ့အတွက် သူမရဲ့ ဘဝ အတွေ့အကြုံက မလုံလောက်သေးပါဘူး။
နောက်ထပ် နှစ်အနည်းငယ်လောက် ကြာသွားရင်တော့ သူမက ဆဋ္ဌမမြောက် ဆန်းကြယ် တံခါးကို ကျော်ဖြတ်ကောင်း ကျော်ဖြတ်နိုင်ပါလိမ့်မယ်။
စုမုယူက ဆဋ္ဌမမြောက် ဆန်းကြယ်တံခါးကို ကျော်ဖြတ်ရာမှာ ကျရှုံးခဲ့ပေမယ့်လည်း ဇာမဏီ မျက်လုံးအစုံဖြင့် လူကြီးက သူမကို ရွေးလိုက်ပါသေးတယ်။
အခုချိန်မှာတော့ ချူးယီနဲ့ လီဖူချန်းတို့ နှစ်ယောက်သာလျှင် ဆဋ္ဌမမြောက် ဆန်းကြယ် တံခါးရဲ့ စမ်းသပ်ချက်ကို မကျရှုံးဘဲ တောင့်ခံ ထားနိုင်တော့တာပါ။
***