← Chapters

အပိုင်း၂၆၁

Vol. 19 Ch. 261

အပိုင်း၂၆၁

Vol. 19 Ch. 261

" သည်ကောင်လေးလည်း မဆိုးဘူးဘဲ။ "

ဆံဖြူ အဘိုးအိုက ချူးယီကို စတင်ပြီး အနည်းငယ် စိတ်ဝင်စားလာပါတယ်။

" ဟုတ်တယ် ..."

နံပါတ်၁ အစ်ကိုကြီးကလည်း ထောက်ခံ ပေးရှာပါတယ်လေ။

" မင်းသည် တစ်ခါတော့ ငါ့ဆီကနေ မလုတော့ပါဘူးနော်..."

ဆံဖြူအဘိုးအိုက သေချာအောင် ကြိုမေး ထားလိုက်ပါတယ်။

နံပါတ်၁ အစ်ကိုကြီးက ရယ်လိုက်ပြီး

" စိတ်မပူပါနဲ့ကွာ...။ သူ့ကိုတော့ ငါမလုတော့ပါဘူး။ ပြီးတော့ သည်ကောင်လေးက ငါ့ရဲ့ သတ်မှတ်ချက် စံနှုန်းကို မီဖို့အတွက် အတော်လေး လိုသေးတယ်"

" အေး... ပြီးတာပဲ "

ဆံဖြူ အဘိုးအိုက ဆက်မပြောတော့ပါဘူး။

ကျက်သရေရှိစွာ ချောမောလှပသည့် အမျိုးသမီးကြီးကလည်း စိတ်ဝင်စားစွာဖြင့် ပြောလိုက် ပါသေးတယ်။

"သည်ဆဋ္ဌမမြောက် ဆန်းကြယ် တံခါးကို ကျော်ဖြတ်ဖို့ ဆိုတာက သိပ်တော့မ လွယ်ဘူး။ သည်အဆင့်ကို ကျော်ဖြတ်ချင်တဲ့ သူတွေက သူ့တို့ရဲ့ အသိစိတ် ဝိညာဉ်ကို မပျောက်ကွယ် သွားအောင် သတ်မှတ်ထားတဲ့ အချိန်အထိ  ထိန်းသိမ်းပြီး တောင့်ခံထားရမှာ။  သတ်မှတ်ထားတဲ့ အချိန်အထိ တောင့်ခံနိုင်တဲ့ သူကတော့ သည်စမ်းသပ်ချက်ကို ဖြတ်ကျော်နိုင်မှာပဲ။ သူတို့ နှစ်ယောက် စလုံး အဲသည် အချိန်အထိ တောင့်ခံထားနိုင်မှာလား..."

အချိန်တွေက တဖြည်းဖြည်းနဲ့ ကုန်ဆုံး သွားခဲ့ပါပြီ။

လီဖူချန်းနဲ့ ချူးယီရဲ့ အသိစိတ် ဝိညာဉ်တွေကတော့ လုံးဝကို ပျက်စီး မသွားသေးပါဘူး။

အထူးသဖြင့် လီဖူချန်းရဲ့ စိတ်ဝိညာဉ်ပေါ့လေ။

သူ့ရဲ့ စိတ်ဝိညာဉ်က  ပျက်စီး မသွားတဲ့ အပြင် ပြန်ပြီးတော့ သိပ်သည်း လာပါတယ်။

" ကြောက်ဖို့ ကောင်းလိုက်တဲ့  စိတ်ဓာတ် ကြံ့ခိုင်မှုနဲ့ စိတ်ဝိညာဉ်ပါလား"

ဆံဖြူ အဘိုးအိုက ရေရွတ် မိလိုက်ပါတယ်။

စိတ်ဝိညာဉ် အပိုင်းအစတွေကို လေသင်တုန်း ဓားတွေကြောင့် ပျက်စီး မသွားအောင် တောင်ခံ ထားရတာကိုက အတော်လေး ခက်ခဲနေပါပြီ။

ဒါပေမဲ့ လီဖူချန်းကတော့ သူ့ရဲ့ စိတ်ဝိညာဉ် အပိုင်းအစတွေကို ပြန်စုစည်း နေလိုက် ပါသေးတယ်။

လီဖူချန်းရဲ့ စိတ်ဝိညာဉ်က ပိုပိုပြီး သိသာ ထင်ရှားလာတာနဲ့ အမျှ လေသင်တုန်း ဓားတွေရဲ့ တိုက်ခတ်မှု အရှိန်က အားနည်း လာခဲ့ပါပြီ။

" သူ သူ့ရဲ့ ခန္ဓာကိုယ်ကို ပြန်ရဖို့ လုပ်နေတာလား..."

လီဖူချန်းရဲ့ အခြေအနေကို စောင့်ကြည့်နေကြတဲ့ ပဟေဠိ သိုင်းသမားတွေ အကုန်လုံး ကလည်း ပါးစပ် အဟောင်းသား ဖြစ်ကုန်ကြပါပြီ။

နံပါတ်၁ အစ်ကိုကြီး ဆိုသူတောင်မှပဲ လီဖူချန်းကို မျက်တောင် မခတ်စတမ်း စိုက်ကြည့် နေပါတော့တယ်။

လေသင်တုန်း ဓားတွေကို တောင့်ခံထားတယ် ဆိုတဲ့ အရာနဲ့ လေသင်တုန်း ဓားတွေကို ပြန်ဖိအား ပေးနေတယ် ဆိုတာက လုံးဝကို မတူညီသည့် အဆင့်တစ်ခုပင် မဟုတ်ပါလား။

ဒါက မီးတောက်မီးလျှံ နယ်မြေထဲမှာ ထွက်ပေါ်လာတဲ့ ရေနဂါးတစ်ကောင်နဲ့ အစစ်အမှန် နဂါးတစ်ကောင် ကွာခြား သလိုကို ကွာခြားနေတာပါ။

မဟုတ်သေးပါဘူး။ ရေနဂါးတစ်ကောင်နဲ့ အစစ်အမှန် နဂါးတစ်ကောင်  ကွာခြားတာထက်ကို ၁၀ဆလောက် ကွာခြားတယ်လို့ ပြောတာက ပိုမှန်ပါလိမ့်မယ်။

" အစ်ကိုကြီး...  အဲသည် ကောင်လေးကို ကျွန်တော်ယူလို့ ရမလား..."

ဆံဖြူ အဘိုးအိုက အလစ်အငိုက် ဖမ်းပြီး မေးလိုက်ပါတယ်။

" ဆုတောင်းနေလိုက် "

နံပါတ်၁ အစ်ကိုကြီးက ချက်ချင်း ပြန်ဖြေ လာခဲ့ပါတယ်။

***

လီဖူချန်းရဲ့ စိတ်ဝိညာဉ်က  လေသင်တုန်းဓား နယ်မြေ တစ်ခုလုံးရဲ့  ဗဟို အချက်အခြာ နေရာကို ယူထားလိုက်ပါပြီ။

တိုက်ခတ်နေတဲ့ လေတွေကလည်း ရပ်တန့် သွားခဲ့ပါပြီ။

ဟုတ်ပါတယ် ...။ လေသင်တုန်း ဓားတွေပါ ရပ်တန့်ကုန်တာပါ။

လီဖူချန်းရဲ့ စိတ်ဝိညာဉ်ကနေပြီး ရောင်ခြည်တွေ ဖြာထွက်လာပြန်ပါတယ်။

" သည်ကောင်လေးက ကောင်းကင်ဘုံရဲ့ အလိုဆန္ဒကိုတောင် အာခံဖို့ လုပ်နေတာလား..."

ကျက်သရေရှိစွာ ချောမောလှပတဲ့ အမျိုးသမီးကြီးက ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။

" သည်ကောင်လေးက ကောင်းကင်ဘုံကိုတောင် အာခံနေတာပဲ "

အရပ်မြငမြင့် ဗလတောင့်တောင့်နဲ့ လူကြီးကတော့ လီဖူချန်းကို ရတနာ တစ်ပါးလို သဘောထားပြီး တစ်ရှိုက် မတ်မတ် ကြည့်နေပါတယ်။

"သူနဲ့ယှဉ်ရင်တော့ အရင်တစ်ခေါက်က ငါလက်ခံလိုက်တဲ့ လက်ရင်း တပည့်က လုံးဝကို အားနည်းလွန်းတယ်"

မွဲပြာရောင် ဆံပင်နှင့် အဘိုးအိုကလည်း မှတ်ချက် ချလိုက်ပါတယ်။

သူကတော့ ပဟေဠိ သိုင်းသမား ၈ယောက်ထဲမှာဆိုရင် နံပါတ်၄ ဖြစ်တဲ့ သူတစ်ယောက်ပါ။ အရင်တစ်ခေါက် သူလက်ခံလိုက်တဲ့ လက်ရင်း တပည့်ဆိုတာကတော့ တုံလင်ကလန်ရဲ့ ရှဟိုချောင် ဖြစ်ပါတယ်။

အခြား တစ်ဖက်မှာတော့ ချူးယီရဲ့ စိတ်ဝိညာဉ်က လုံးဝကို အခြေခိုင်နေပါပြီ။ သူ့ရဲ့ စိတ်ဝိညာဉ်က ဘယ်လိုမှ ပျက်စီးမယ့် အရိပ်အယောင်ကို မရှိပါဘူး။

ဒါပေမဲ့ သူက လီဖူချန်းလို ပြန်လည် ဖိအားပေးမယ့် အရိပ်အယောင် မျိုးလည်း မပေါ်ပါဘူး။

ချူးယီရဲ့ စိတ်ဝိညာဉ်က လေသင်တုန်း ဓားတွေကို တောင့်ခံနေရုံ သက်သက်ပါပဲ။

အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ လက်ရွေးစင် ဓားတာအို ပါရမီရှင် တစ်ယောက်ဖြစ်တဲ့ ချုးယီက ဓားဘုရင် တစ်ယောက် ဖြစ်လာရမယ်လို့ သစ္စာဆို တိုင်တည်ထားတဲ့ လူတစ်ယောက်ပါ။ အဲသည် အတွက် သူ့ရဲ့ စိတ်ဝိညာဉ် ခွန်အားကလည်း သာမန်တော့ မဟုတ်ပါဘူး။

ဟူး ... ဟူး ... ဟူး...

လေသင်တုန်း ဓားသွားတွေက ချူးယီရဲ့ စိတ်ဝိညာဉ်ကို အညှာတာ ကင်းမဲ့စွာ ပိုင်းဖြတ် နေပါတယ်။

ချူးယီက သည်လေသင်တုန်း ဓားသွားတွေကို ဆက်ပြီး တောင်ခံနိုင်မှာ မဟုတ်တော့ဘူးလို့ ခံစားနေရပါပြီ။ ဒါပေမဲ့ သူက အရှုံး မပေးချင်သေးပါဘူး။

သူ့ရဲ့ ပစ်မှတ်က နံပါတ်၁ ပဟေဠိသိုင်းသမားရဲ့ လက်ရင်း တပည့် ဒါမှမဟုတ် နံပါတ်၂ ပဟေဠိ သိုင်းသမားရဲ့  လက်ရင်း တပည့် ဖြစ်ဖို့ပါပဲ။ အုအချိန်အထိတော့ တစ်စုံတစ်ဦးကမှ သူတို့၂ယောက်ရဲ့ လက်ရင်းတပည့် မဖြစ်နိုင်သေးဘူးလေ။

ဒါက ချုးယီရဲ့  ရည်မှန်းချက်ပါ။

" တောင့်ခံထားစမ်း "

သူ့ရဲ့ စိတ်ဝိညာဉ်က မီးစာကုန်ဆီခမ်း ဖြစ်စ ပြုလာပေမယ့်လည်း အတောက်ပဆုံး ထွန်းလင်း နေဆဲပါပဲ။

***

"ငါရဲ့ ကံကြမ္မာကို ဘယ်သူမှ ကြိုးကိုင် ခြယ်လှယ်လို့ မရဘူးကွ။ ဖွဲ့စည်းစမ်း..."

ရုတ်တရက် ဆိုသလို အလင်းတန်းတွေ ဖြာထွက် လာခဲ့ပြီး လီဖူချန်းရဲ့ အသံက လေသင်တုန်းဓား နယ်မြေ တစ်ခုလုံးကို ပဲ့တင်သံ  အထပ်ထပ် ထွက်သွား စေခဲ့ပါပြီ။

ထို့နောက်မှာတော့  လီဖူချန်းရဲ့  ခန္ဓာကိုယ်က တဖြည်းဖြည်း ပြန်ပေါ်လာခဲ့ပါတယ်။

သိပ်မကြာခင် အချိန်အတွင်းမှာပဲ လီဖူချန်းရဲ့ ခန္ဓာကိုယ်က မူလပကတိ အတိုင်း ဖြစ်သွားခဲ့ပါပြီ။

မျက်လုံး ဖွင့်လိုက်တဲ့ အချိန်မှာတော့ လီဖူချန်းက လေသင်တုန်း ဓားတွေကို နောက်ထပ် တစ်ဖန်  ပြန်မြင် လိုက်ရပါတယ်။

သည်တစ်ကြိမ်မှာတော့ လေသင်တုန်းဓားတွေက အရင်လို အစွမ်း မပြနိုင်တော့ပါဘူး။

လီဖူချန်း ကြည့်လိုက်တဲ့ လေသင်တုန်း ဓားတိုင်းက သူ့ရဲ့ အကြည့်ကို မခံနိုင်တဲ့ ပုံဖြင့် ပျောက်ကွယ် သွားကြပါတယ်။

သည်လေသင်တုန်း ဓားတွေက စိတ်စွမ်းအားဖြင့် ဖန်တီးထားသည့် အရာတွေပင် မဟုတ်ပါလား။

မင်းရဲ့ စိတ်ဝိညာဉ် အားက အလွန်အမင်း အားကောင်းသွားပြီ ဆိုရင်တော့  သည်လေသင်တုန်း ဓားတွေက မင်းကို ဒုက္ခ ပေးနိုင်တော့မှာ မဟုတ်ပါဘူး။

" သူက အောင်မြင်သွားတာလား..."

နံပါတ်၁ အစ်ကိုကြီးက လွဲပြီး ကျန်တဲ့ ပဟေဠိ သိုင်းသမား ၇ယောက်က အသက်ရှူဖို့တောင် သတိ မရတော့ဘဲ လီဖူချန်းကို စိုက်ကြည့် နေကြပါတယ်။

သည်ကောင်လေးက ဘာလည်းဟ။ သူက ဆဋ္ဌမမြောက် ဆန်းကြယ် တံခါးကို ကျော်ဖြတ် ချင်ရင်လည်း သတ်မှတ်ထားတဲ့ အချိန်အထိတော့ တောင့်ခံ ထားလိုက်ပါလား။ အခုတော့ သူက စည်းကမ်း သတ်မှတ်ချက်ကို ဖောက်ပြီး သူ့ကိုယ်သူတောင် ပြန်ဖြစ်တည် စေလိုက်သေးတယ်။ ဒါတင် မကသေးဘဲ  လေသင်တုန်း ဓားနယ်ပယ်ထဲက  လေသင်တုန်း ဓားတွေကိုပါ  ဖျက်ဆီး လိုက်သေးတယ်လေ။

"နဂါး အဆင့်အတန်း ခွန်အား ပေါက်ကွဲမှုကို ဖြစ်ပေါ်စေတဲ့ အပြင် ဆဋ္ဌမမြောက် ဆန်းကြယ် တံခါးရဲ့ လေသင်တုန်း ဓားတွေကိုပါ ဖျက်ဆီး လိုက်တယ်။ သည်လို ပါရမီရှင်မျိုးက သည်လောက် နုံချာစုတ်ပြတ်နေတ့ အရှေ့ယူနီကွန်း တိုက်ကြီးမှာ ဘယ်လိုဖြစ်ပြီး ပေါ်လာရတာလဲ..."

ဆံဖြူအဘိုးအိုက လီဖူချန်းကို ကြည့်နေရင်းနဲ့ ပြောလိုက်ပါတယ်။

နံပါတ်၁ အစ်ကိုကြီးက လေသံ မာမာထန်ထန်ဖြင့်

" အရှေ့ယူနီကွန်း တိုက်ကြီးက သေးငယ်နုံချာတာတော့ မှန်တယ်။ ဒါပေမဲ့ သည်တိုက်ကြီးမှာလည်း ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ ပါရမီရှင်တွေ ထွက်လာ နိုင်တာပဲလေ။ တကယ့် အစစ်အမှန် နဂါးတစ်ကောင် ဆိုတာက  လက်သည်းစေ့လောက် ရှိတဲ့ ကုန်းမြေကနေလည်း ပေါ်ထွက် လာနိုင်တာပဲ။

သည်ပဟေဠိ သိုင်းသမားတွေက  ပြန်လည် ဝင်စားခြင်း နယ်ပယ်ထက် အဆင့်မြင့်တဲ့ နယ်ပယ်က ပညာရှင်တွေပါ။ သူတို့က အကြောင်း တစ်စုံတစ်ရာကြောင့် သည်ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲမှာ ပိတ်မိနေတာ ဖြစ်ပါတယ်။ သူတို့က အပြင်လောကကို ထွက်ချင်တိုင်း ထွက်လို့ မရပါဘူး။ သူတို့က အပြင်လောကကို ထွက်ချင်ရင်တော့ သတ်မှတ်ထားတဲ့ တန်ကြေး တစ်ခုကို သိုင်းလျှို့ဝှက်နယ်မြေ အစောင့်အရှောက်ကို ပေးရပါတယ်။  သတ်မှတ်ထားတဲ့ တန်ကြေး ကတော့  အပြင် ထွက်တိုင်းမှာ သူတို့ရဲ့ တန်ခိုးအဆင့်က ပြန်လည် ဝင်စားခြင်း နယ်ပယ်ကို ကျဆင်း သွားတာပါပဲ။  သူတို့က အရှေ့ယူနီကွန်း တိုက်ကြီးမှာ ရှိတဲ့ လူတွေတိုင်း ထင်ကို  ပိုပြီး ဗဟုသုတ များပါတယ်။ မရေမတွက်နိုင်တဲ့ ပထမတန်းစား ပါရမီရှင်တွေကိုလည်း တွေ့ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း လီဖူချန်းလို ပါရမီရှင်ကိုတော့  သူတို့အားလုံးရဲ့ ဘဝမှာ ပထမဦးဆုံး အကြိမ် တွေ့ဖူးတာပါပဲ။

" ပေါ်ခဲ့စမ်း "

လီဖူချန်းက သူ့ရဲ့ အရှေ့ တစ်နေရာကို လက်ညှိုး ထိုးလိုက်တဲ့ အခါမှာတော့ ပတ်ဝန်းကျင် လေထု တစ်ခုလုံးက သိပ်သည်း သွားပြီး တံခါးပေါက် တစ်ပေါက် ဖြစ်လာပါတယ်။

လီဖူချန်းကတော့ ထိုတံခါးပေါက်ကနေပဲ ထွက်သွားခဲ့ပါပြီ။

အပြင်ဘက်မှာတော့ ကမ္ဘာကြီး တစ်ခုလုံး ပျက်စီးနေသည့် အလား ဆူညံပွက်လော ရိုက်ကုန်ပါတယ်။

" ဆဋ္ဌမမြောက် ဆန်းကြယ်တံခါးကို ကျော်ဖြတ် သွားတယ် ဟုတ်လား...။ သည်ကောင်က လူရော ဟုတ်သေးရဲ့လားဟ"

"သည်ဘက်ခေတ် မျိုးဆက်ထဲမှာဆိုရင် လူငယ် သုံးယောက်ပဲ ဆဋ္ဌမမြောက် ဆန်းကြယ် တံခါးကို ဖြတ်ကျော် နိုင်ခဲ့တာလေ။  အဲဒါကို သူက တကယ်ကြီး  ဖြတ်ကျော် ပြလိုက်တာလား..."

လူတွေအားလုံးကတော့ ခံစားချက်တွေ ပွင့်ဟ လာကြပါပြီ။

ဆဋ္ဌမမြောက် ဆန်းကြယ်တံခါးကို ဖြတ်ကျော်နိုင်တယ် ဆိုတာက အင်မတန်ကို ထူးခြား လွန်းလှပါတယ်။ အရင်တုန်းကတော့ လီဖူချန်းဆိုတာကို ဘယ်သူမှ မသိခဲ့ပေမယ့် အခုအချိန်ကစပြီး  သူ့ရဲ့ နာမည်ကျော်ကြားမှုက  အရှေ့ယူနီကွန်း တိုက်ကြီးတစ်ခုလုံးကို ပျံ့နှံ့ သွားတော့မှာပါ။

နောက်ထပ် တစ်နှစ်အကြာမှာ ကျင်းပမယ့် ကျားနဂါးပြိုင်ပွဲကတော့ အရင်နှစ်တွေထက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာတော့မှာ အမှန်ပါပဲ။

လီဖူချန်းတစ်ယောက် ဆဋ္ဌမမြောက် ဆန်းကြယ်တံခါးကို ကျော်ဖြတ်သွားတဲ့ ကိစ္စက ကောင်းကင် နတ်ဆိုးဂိုဏ်းရဲ့ အဖွဲ့ဝင်တွေ အတွက်ကတော့ စိတ်မချမ်းမြေ့စရာ ပါပဲလေ။

အစောပိုင်း တုန်းကတော့ သူတို့က လီဖူချန်းကို  ပဟေဠိ သိုင်းသမား တစ်ယောက်ယောက်ရဲ့ လက်ရင်း တပည့်  မဖြစ်ဖို့အတွက် အနည်းငယ် မျှော်လင့် ခဲ့ပါသေးတယ်။

အခုတော့ ဘာမှ မျှော်လင့်စရာ မရှိတော့ပါဘူး။

ဆဋ္ဌမမြောက် ဆန်းကြယ်တံခါးကို ကျော်ဖြတ်နိုင်တဲ့ လူငယ် အားလုံးက  ပဟေဠိ သိုင်းသမား တစ်ယောက်ရဲ့  လက်ရင်းတပည့်   ဖြစ်လာမယ် ဆိုတဲ့ အချက်ကို လူတိုင်း သိထား ပါတယ်။ ဒါက  ပဟေဠိ သိုင်းသမားတွေရဲ့ သံမဏိ စည်းကမ်းပါပဲ။

***

လီဖူချန်းကတော့  ပင်မ လမ်းမကြီးပေါ်က သတ္တမမြောက် တံခါးရှေ့ကို ရောက်နေပါပြီ။

ထိုအချိန်မှာပဲ နံပါတ်၁ အစ်ကိုကြီးက ကျယ်လောင်စွာ အော်ပြော လိုက်ပါတယ်။

"ဟင်းလင်းပြင် အရိပ်ရေ... ကျေးဇူးပြုပြီး သတ္တမမြောက် တံခါးနဲ့ အဋ္ဌမမြောက် တံခါးကို အပြင်လူတွေ ကြည့်မရအောင် ချိပ်ပိတ်ပေးပါလား..."

နံပါတ်၁ အစ်ကိုကြီးက လီဖူချန်း တစ်ယောက် သတ္တမမြောက် ဆန်းကြယ် တံခါးကို ဖြတ်ကျော် နိုင်လိမ့်မယ်လို့ အာရုံ ရနေပါတယ်။ ဒါပေမဲ့ လီဖူချန်းတစ်ယောက် သတ္တမမြောက် ဆန်းကြယ်တံခါးကို ဖြတ်ကျော် သွားနိုင်တယ်ဆိုတဲ့ သတင်းက ပျံ့နှံ့သွားခဲ့မယ် ဆိုရင် လီဖူချန်းအတွက် မထင်မှတ်ထားတဲ့ ပြဿနာတွေ တက်လာနိုင်ပါတယ်။ အဲသည် သတင်းက လီဖူချန်းကို ကောင်းတာထက် ဆိုးတာတွေပဲ ပိုဖြစ်လာစေမှာပါ။ ဒါကြောင့် နံပါတ်၁ အစ်ကိုကြီးက အမျှော်အမြင် ရှိရှိနဲ့  သတ္တမမြောက် တံခါးနဲ့ အဋ္ဌမမြောက် တံခါးကို  အပြင်လူတွေ မမြင်ရအောင် ချိပ်ပိတ် လိုက်စေတာပဲ ဖြစ်ပါတယ်။

လူတစ်ယောက်က အရမ်းကြီး နှိမ့်ချနေလို့လည်း အဆင်မပြေသလို အရမ်းကြီး ထင်ပေါ် ကျော်ကြား နေရင်လည်း  မျက်စိစပါးမွေး စူးတတ်ပါတယ်။

နံပါတ်၁ အစ်ကိုကြီးက  လီဖူချန်းကို မလိုလားအပ်တဲ့ ပြသနာတွေနဲ့  မကြုံစေချင်ပါဘူး။

နံပါတ်၁ အစ်ကိုကြီးရဲ့ အသံကို ကြားလိုက်တာနဲ့ တစ်ပြိုင်နက်   ဟင်းလင်းပြင် အရိပ်က သူ့ရဲ့ လက်ကို ဝှေ့ယမ်း လိုက်ပါတယ်။ နန်းတော်ရာရဲ့    ဘယ်ဘက် အခြမ်း နံရံပေါ်မှာ ပြသထားတဲ့ တံခါး၈ ခုထဲက သတ္တမမြောက် တံခါးနဲ့ အဋ္ဌမမြောက် တံခါးကတော့ ပျောက်ကွယ် သွားခဲ့ပါပြီ။

" ဘာတွေ  ဖြစ်ကုန်တာလဲဟ "

လူတွေအားလုံးက  မရေမရာ ဖြစ်သွားကြပါတယ်။

" ထားလိုက်ပါတော့ကွာ...။ သတ္တမမြောက် တံခါးနဲ့ အဋ္ဌမမြောက် တံခါးကို ဘယ်သူမှ မဖြတ်ကျော်နိုင်တဲ့ အတွက် ပျောက်သွားတာ နေမှာပေါ့ "

အပြင်မှာ ရှိနေတဲ့ လူတွေကတော့ သတ္တမမြောက် တံခါးနဲ့ အဋ္ဌမမြောက် တံခါးကို ဖြတ်ကျော်နိုင်တဲ့လူ မရှိဘူးဆိုတာကို သိထားတဲ့ အတွက် သိပ်ပြီးတော့လည်း အရေး မလုပ်တော့ပါဘူး။

***

All Chapters