← Chapters

အပိုင်း၂၆၂

Vol. 19 Ch. 262

အပိုင်း၂၆၂

Vol. 19 Ch. 262

လီဖူချန်းက တွေဝေ နှောင့်နှေးခြင်း မရှိပဲနဲ့ သတ္တမြောက် ဆန်းကြယ် တံခါးဝထဲကို ခုန်ဝင် သွားခဲ့ပါပြီ။

သတ္တမမြောက် ဆန်းကြယ် တံခါးကိုတော့  မြေကမ္ဘာ တံခါးလို့ ခေါ်ပါတယ်။

ဆန်းကြယ်တံခါး ၈ခုစလုံးမှာ နာမည်ကိုယ်စီ ရှိပါတယ်။

ပထမဆုံး တံခါးကတော့  ရွှံ့နွံတံခါးပါ။ ဒုတိယ တံခါးကတော့ တောင်တံခါး ဖြစ်ပါတယ်။ ထို့နောက်မှာတော့ မီးလျှံတံခါး၊ ရေတံခါး ၊ မိုးကြိုးလျှပ်စီး တံခါး၊ လေတံခါး ၊ မြေကမ္ဘာတံခါးနဲ့ ကောင်းကင် တံခါးဆိုပြီး အစဉ်လိုက် ရှိနေပါတယ်။

မြေကမ္ဘာတံခါးနဲ့ ကောင်းကင် တံခါးကိုတော့  ကောင်းကင်နဲ့ မြေကမ္ဘာရဲ့   လျှို့ဝှက်ချက် တံခါး ဆိုပြီးလည်း သိကြပါသေးတယ်။

ဟိုးရှေးပဝေသဏီက စပြီး ယခုချိန်အထိ သည်တံခါး၂ချပ်ကို ဖြတ်ကျော် နိုင်တဲ့သူ မရှိသေးပါဘူး။

မြေကမ္ဘာတံခါးရဲ့ အနောက်မှာတော့  အလွန်ကြီးမားတဲ့ မြေကွက်လပ်ကြီး တစ်ခု ရှိနေပါတယ်။

ကြည့်ရတာတော့ သည်နယ်မြေက  အမိကမ္ဘာမြေနဲ့ ပက်သက်နေတဲ့  ပုံပါပဲ။

လီဖူချန်း တစ်ယောက် မြေကွက်လပ် ပေါ်မှာ မတ်တတ် ရပ်လိုက်တာနဲ့ သည်နယ်မြေရဲ့ ပြင်းထန်လှတဲ့ မြေစွမ်းအားတွေကို ခံစား လိုက်ရပါတယ်။

လီဖူချန်းရဲ့ ခန္ဓာကိုယ် တစ်ခုလုံးက တောင့်တင်း သွားခဲ့သလို အတွေးတွေကလည်း ဝေဝါး သွားခဲ့ပါပြီ။

မျက်စိတစ်မှိတ် အတွင်းမှာပဲ မြေကြီးထဲက ထွက်လာတဲ့ ကျောက်စိုင် ကျောက်သားတွေက လီဖူချန်းကို ဖုံးလွှမ်းသွားပြီး  ကျောက်ရုပ်ကြီး တစ်ခု အသွင်သို့ ပြောင်းလဲ သွားစေပါတယ်။

ဘုံဗိမ္မာန်၈ခု အတွင်းမှာ ရှိနေတဲ့ ပဟေဠိ သိုင်းသမား ၈ယောက်ရဲ့ ရေကန် မျက်နှာပြင်ပေါ်မှာတော့ လီဖူချန်းကို မမြင်ရတော့ပါဘူး။

သည်တံခါး၈ခုကို ဆန်းကြယ် တံခါး၈ခုလို့ သိကြပါတယ်။ ဒါပေမဲ့ ပဟေဠိ သိုင်းသမားတွေက ဆဋ္ဌမမြောက် ဆန်းကြယ် တံခါးအထိကိုပဲ ကြည့်နိုင်စွမ်း ရှိတာပါ။ မြေကမ္ဘာတံခါးနဲ့ ကောင်းကင် တံခါးကိုတော့ သူတို့တွေက ခြေတစ်လှမ်းတောင် မချဘူးပါဘူး။

တိတိကျကျ ပြောရမယ် ဆိုရင်တော့ ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက်နယ်မြေ စတင် ပေါ်ပေါက် လာချိန် ကတည်းကနေ အခုအချိန်အထိ တစ်ဦး တစ်ယောက်ကမှ သတ္တမတံခါးနဲ့ အဋ္ဌမ တံခါးကို မဝင်ဖူးသေးပါဘူး။

လီဖူချန်းက ပထမဦးသော  ဝင်ဖူးတဲ့ သူတစ်ယောက် ပါပဲ။

" သည်ကောင်လေး မြေကမ္ဘာ တံခါးထဲမှာ ဘာတွေ တွေ့ကြုံ ခဲ့မလည်း  မသိဘူး"

ဆံဖြူ အဘိုးအိုက လှမ်းမေးလိုက်ပါတယ်။

နံပါတ်၁ အစ်ကိုကြီးက သူ့ကို ပြန်အဖြေ ပေးလိုက်ပါတယ်။

"သည်ဆန်းကြယ် တံခါး ၈ခုက  တာအို တံခါး၈ခုကို အတုယူပြီး တည်ဆောက် ထားတာ။ သည်တံခါးတွေ တိုင်းမှာ ကောင်းကင်နဲ့ မြေကြီးရဲ့ လျှို့ဝှက်ချက်တွေ ပါဝင်နေသေးတယ်။ အထူးသဖြင့် မြေကမ္ဘာတံခါးနဲ့ ကောင်းကင် တံခါးမှာပဲ။ အဲသည်တံခါး ၂ချပ်မှာ ဆိုရင် ကောင်းကင် တာအိုနဲ့ မြေကမ္ဘာ တာအိုရဲ့ အစကနဦးအဆင့် သဘော တရားတွေတောင် ပါနေသေးတယ်။  သည်ဆန်းကြယ် တံခါး၈ခုမှာက တာအိုတံခါး ၈ချပ်ရဲ့ စွမ်းအင် တစ်သောင်းပုံ တစ်ပုံသာ ပါပေမယ့်လည်း လျော့တွက်လို့ မရဘူးကွ။ သည်မြေကမ္ဘာ တံခါးထဲကို ဝင်နိုင်တဲ့ သူက ကံကောင်းမှု တစ်ခုခုနဲ့တော့ ကြုံမှာ အသေအချာပဲ။  အဲသည် ကံကောင်းမှုကိုလည်း ငါတို့ မှန်းဆနိုင်မှာ မဟုတ်ဘူး"

တာအိုတံခါးတွေ ဆိုတာက ဒဏ္ဍာရီ ပုံပြင်တွေမှာသာ ရှိတော့သည့် အရာတွေပင် မဟုတ်ပါလား။

ရှေးပညာရှင်တွေ ပြောခဲ့တဲ့ စကားတစ်ခွန်း ရှိပါတယ်။ တကယ်လို့ လူတစ်ယောက်က တာအို တံခါးတွေကို မြင်တွေ့ခဲ့မယ် ဆိုရင်တော့ ဒဏ္ဍာရီထဲက တန်ခိုးရှင်တွေ အဆင့်နဲ့ သိပ်မဝေးတော့ ပါဘူးတဲ့။

ဒါတွေကလည်း တစ်ဆင့်စကား တစ်ဆင့် ကြားခဲ့ကြတာပါပဲ။ တာအိုတံခါးတွေက   တကယ်တည်ရှိ နေတာလား ဆိုတာကိုတော့ ယနေ့အထိ ဘယ်သူမှ သေသေချာချာ မပြောနိုင် ကြသေးပါဘူးလေ။

***

လီဖူချန်း တစ်ယောက် ကျောက်ရုပ်ကြီး အဖြစ်ကို ပြောင်းသွားတာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ အတွေးတွေ ကလည်း ရပ်တန့် သွားခဲ့ပါတယ်။

သူရဲ့ အသိစိတ်က အဆုံးမရှိတဲ့ တွင်းနက်ကြီးထဲကို ပြုတ်ကျ သွားခဲ့သလိုပါပဲ။ စဉ်းစား တွေးခေါ်နိုင်စွမ်းတွေ ပျောက်ဆုံး သွားခဲ့သလို ခံစား သိရှိနိုင်စွမ်းတွေလည်း မရှိတော့ပါဘူး။

သည်စမ်းသပ်ချက်ကိုတော့ သူ့ရဲ့ အားကောင်းတဲ့ အသိစိတ် ဝိညာဉ်ကလည်း အထောက်အပံ့ မပေးနိုင်တော့ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ သည်မြေကမ္ဘာ တံခါးမှာက အခြားတံခါး ၆ခုနဲ့ မတူညီဘဲ  ကောင်းကင်နဲ့ မြေကြီးရဲ့  လျှို့ဝှက်ချက်တွေ ပါဝင်နေလို့ပါပဲ။

လီဖူချန်းတစ်ယောက် အသိစိတ်တွေ ပျောက်ဆုံးကာ ကျောက်ရုပ်ကြီး ဖြစ်သွာပြီးတဲ့ နောက်မှာတော့ တာအို အင်းကွက်တွေက သူ့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ  ဖြစ်ပေါ်လာခဲ့ပါတယ်။

အဲဒါကိုတော့ လီဖူချန်း တစ်ယောက်  သိနိုင်တော့မှာ မဟုတ်ပါဘူး။

နောက်ထပ် တစ်နာရီလောက် အကြာမှာတော့ တာအို အင်းကွက်တွေက တဖြည်းဖြည်းနဲ့ လီဖူချန်းရဲ့ တစ်ကိုယ်လုံးကို လွှမ်းခြုံ သွားခဲ့ပါပြီ။

အဲသည် နောက်မှာတော့  လျှို့ဝှက် ဆန်းကြယ်ပြီး မြင့်မြတ်တဲ့ ချီအရှိန်အဝါ တစ်ခုက  ကျောက်ရုပ် ဖြစ်နေတဲ့ လီဖူချန်းဆီကနေ ထွက်ပေါ်လာခဲ့ပါတယ်။

လီဖူချန်းရဲ့ အလေးချိန်ကလည်း တောင်ကြီး တစ်တောင်ထက်ကို ပိုပြီး လေးလံ လာခဲ့ပါတယ်။

မြေကမ္ဘာနယ်မြေ တစ်ခုလုံးမှာ ရှိတဲ့ စွမ်းအင်တွေကလည်း လီဖူချန်းကို ဗဟိုပြုပြီး လည်ပတ် နေကြပါပြီ။

လီဖူချန်းတစ်ယောက်ကတော့ အသိစိတ် ပျောက်နေတဲ့ အတွက် သူ့ခန္ဓာကိုယ်ပေါ်မှာ ဘာဖြစ်လို့ ဖြစ်နေမှန်းကို သိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရွေရောင် လက်ဖွဲ့ အဆောင်ကတော့ ကောင်းကောင်းကြီး သိနေပါတယ်။

ရွှေရောင် လက်ဖွဲ့အဆောင်က ကစဉ့်ကလျား ဖြစ်နေတဲ့ အင်းကွက်တွေကို အစီအစဉ်တကျ  ဖြစ်စေပြီး  လီဖူချန်းရဲ့ ခန္ဓာကိုယ်ထဲမှာ အင်းကွက်တွေကို  တံဆိပ် ရိုက်နှိပ်ထားသလို စွဲကျန် စေပါတယ်။

အချိန်အတော် ကြာသွားတဲ့ အခါမှာတော့ ကျောက်ရုပ်ပေါ်မှာ မိုးပြာရောင် အစက်အပြောက်တွေ စတင် ပေါ်ပေါက် လာခဲ့ပါပြီ။

***

လေသင်တုန်း နယ်မြေထဲမှာတော့... ...။

သတ်မှတ်ထားတဲ့ အချိန် အတိုင်းအတာ တစ်ခုကို ရောက်သွားပြီ ဖြစ်တဲ့ အတွက်   ချူးယီရဲ့ ခန္ဓာကိုယ်က  ပြန်လည်စတင် ဖွဲ့စည်း လာပါတော့တယ်။

ချူးယီတစ်ယောက်  မျက်လုံး ဖွင့်လိုက်တဲ့ အခါမှာတော့  လုံးဝကို ဂုဏ်ယူဝင့်ကြွားတဲ့ အရိပ်အယောင်တွေ  ပေါ်ထွက်လာခဲ့ပါပြီ။

နောက်ဆုံးမှာတော့ သူလည်း ဆဋ္ဌမမြောက် ဆန်းကြယ်တံခါးကို ကျော်ဖြတ်နိုင်ခဲ့ပြီ မဟုတ်ပါလား။

သူ့ရဲ့ ပါရမီနဲ့ အလားအလာက ကြယ်ဘုရင် သုံးပါးထက် လုံးဝ မနိမ့်ကျဘူး ဆိုတာကို သက်သေ ပြနိုင်ခဲ့တယ် ဆိုရင်လည်း မမှားပါဘူး သူက အရှေ့ ယူနီကွန်း တိုက်ကြီးရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ပါရမီရှင် တစ်ယောက် ပါပဲ။

" ဟင်း... နောက်ဆုံးတော့လည်း  ငါက ဆဋ္ဌမမြောက် တံခါးကို ဖြတ်ကျော်နိုင်တဲ့  လေးယောက်မြောက် လူ ဖြစ်လာခဲ့ပြီပဲ။ အပြင်လောကမှာ တစ်နှစ်လောက် စွန့်စားခန်းခရီး ထွက်လိုက်တာနဲ့ကို ငါရဲ့ အဆင့်က  ကြယ်ဘုရင် သုံးပါးနဲ့ ညီမျှသွားတာပဲ။ "

ချူးယီကတော့ သူ့ကိုယ်သူ  ဘယ်သူမှ မယှဉ်နိုင်တဲ့ ပါရမီရှင်ကြီး တစ်ပါးလို့ မှတ်ယူနေပါပြီ။

သိပ်မကြာခင်မှာပဲ တံခါးပေါက် တစ်ခု ပေါ်လာတဲ့အတွက် ချုးယီက ဝင်သွား လိုက်ပါတယ်။

ချူးယီရဲ့ ခန္ဓာကိုယ်ကတော့ လီဖူချန်းလို သတ္တမ ဆန်းကြယ် တံခါးရှေ့မှာ သွားမပေါ်ဘဲ  အလွန် ကြီးမားတဲ့ မြေကွက်လပ် တစ်ခုမှာ သွားပေါ် လာပါတယ်။

သည်မြေကွက်လပ်ကတော့ စောင့်ဆိုင်းရတဲ့ နေရာ ဖြစ်ပုံ ရပါတယ်။ သည်မှာ ရောက်နေတဲ့ လူအားလုံးကလည်း ပထမ ဆန်းကြယ် တံခါးကို ကျော်ဖြတ်နိုင်ခဲ့တဲ့ လူတွေချည်းပါပဲ။

"ချူးယီ ထွက်လာပြီဟေ့။ "

"သူ့မျက်နှာကို ကြည့်လိုက်စမ်း...။ သူက ဆဋ္ဌမမြောက် ဆန်းကြယ် တံခါးကို ကျော်ဖြတ်နိုင်ခဲ့တဲ့ ပုံပဲကွ"

"အံ့သြစရာပဲဟေ့...။ ရှဟိုချောင်တုန်းက ပဉ္စမမြောက် ဆန်းကြယ် တံခါးကိုပဲ ကျော်ဖြတ်နိုင်ခဲ့တဲ့ အတွက်  နံပါတ်၄ ပဟေဠိ သိုင်းသမားရဲ့ လက်ရင်းတပည့် ဖြစ်ခွင့်ရခဲ့တယ်။ ချုးယီကတော့  ဆဋ္ဌမမြောက် ဆန်းကြယ် တံခါးကိုတောင် ဖြတ်ကျော်နိုင်ခဲ့ပြီ။  သူက အနည်းဆုံးတော့ နံပါတ်၃ ပဟေဠိ သိုင်းသမားရဲ့ လက်ရင်း တပည့် ဖြစ်ခွင့် ရမှာပဲ။ ကံကောင်းရင် နံပါတ်၂ ပဟေဠိ သိုင်းသမားရဲ့  လက်ရင်း တပည့်တောင် ဖြစ်ရင် ဖြစ်ဦးမှာကွ"

"သည်တစ်ကြိမ် မှာတော့ စုမုယူနဲ့ ရှဟိုရှီတို့လည်း ပဉ္စမြောက် ဆန်းကြယ် တံခါးကို ကျော်ဖြတ် နိုင်ခဲ့တာပဲကွ။  သူတို့ နှစ်ယောက်ကိုလည်း ပဟေဠိ သိုင်းသမားတွေက လက်ရင်း တပည့်အဖြစ် ရွေးဦးမှာပဲ "

လူတွေ အကုန်လုံးကတော့ ချူးယီကို လေးစား အားကျမှု အပြည့်ဖြင့် ကြည့်နေ ကြပါတယ်လေ။

ချူးယီ၊ စုမုယူ၊ ရှဟိုရှိတို့နဲ့ ယှဉ်လိုက်ရင်တော့ သူတို့က ကံစမ်းရုံ သသက်သက်သာ သည်ထူးခြား ဆန်းကြယ် လျှို့ဝှက် နယ်မြေထဲကို ဝင်ခဲ့ကြတာပါ။

" သူက ဆဋ္ဌမမြောက် ဆန်းကြယ် တံခါးကို တကယ်ပဲ ကျော်ဖြတ် နိုင်ခဲ့တာလား..."

စုမုယူနဲ့ ရှဟိုရှီကတော့  သိချင်စိတ် ပြင်းပြစွာဖြင့်  ချုးယီကို စိုက်ကြည့်နေပါတယ်။

သူတို့နှစ်ယောက်က လေသင်တုန်းဓားတွေရဲ့ ကြောက်စရာ ကောင်းပုံကို ကောင်းကောင်းကြီး ခံစားခဲ့ရသည် မဟုတ်ပါလား။

ချူးယီကတော့ ဘယ်သူ့ကိုမှ သောက်ဂရု မစိုက်ဘဲ ခပ်တည်တည်သာ ရပ်နေပါတယ်။ အတန်ကြာမှာတော့ သူက တစ်ခုခုကို သတိရလာခဲ့ပါပြီ။

" ဟိုကောင် ဘယ်ရောက်နေတာလဲ "

ချူးယီက လူအုပ် ကြားထဲကို ရှာဖွေ လိုက်ပေမယ့် လီဖူချန်းကို မတွေ့ခဲ့ရပါဘူး။

ဆန်းကြယ်ပထမ တံခါးကို ဖြတ်ကျော်နိုင်တဲ့ သူတိုင်းက သည်ထူးခြား ဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲမှာ ယာယီနေခွင့် ရပါတယ်။

လီဖူချန်းက ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲကနေ ကန်ထုတ် ခံလိုက်ရတာတော့ လုံးဝ မဖြစ်နိုင်ပါဘူး။

" သည်ကောင်က အထဲကနေကို ထွက်မလာသေးတာလား "

ချူးယီက စိတ်ထဲကနေ မသိုးမသန့် ခံစားလာရပါတယ်။

ဆဋ္ဌမမြောက် ဆန်းကြယ် တံခါးကို ကျော်ဖြတ်ဖို့ ကြိုးစားတဲ့ လူတိုင်းက သတ်မှတ်ထားတဲ့ အချိန်တစ်ခုအထိ တောင့်ခံနိုင်ရမယ် ဆိုတာကိုတော့ ချူးယီ တစ်ယောက် ကောင်းကောင်းကြီး သိပြီးပါပြီ။

လီဖူချန်း တစ်ယောက် ဆဋ္ဌမမြောက် ဆန်းကြယ် တံခါးထဲမှာ ရောက်နေပြီ ဆိုတာကို ချူးယီက တွက်ဆ မိလိုက်ပါတယ်။

နောက်ထပ် တစ်နာရီကြာတဲ့အထိ လီဖူချန်း တစ်ယောက် ထွက်မလာသေးတဲ့ အခါမှာတော့ ချူးယီက မျက်နှာ ပျက်ချင်ချင်  ဖြစ်နေပါပြီ။

လီဖူချန်း တစ်ယောက် အထဲမှာ အချိန်ပိုကြာလေလေ  ဆဋ္ဌမမြောက် ဆန်းကြယ် တံခါးကို ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေး ပိုများလေလေပင်  မဟုတ်ပါလား။

ချူးယီက သူကလွဲပြီး နောက်ထပ် တစ်ယောက် ဆဋ္ဌမမြောက် ဆန်းကြယ်တံခါးကို ဖြတ်ကျော် သွားနိုင်မည့် အဖြစ်မျိုးကို မလိုချင်ပါဘူး။

ပြီးတော့ လီဖူချန်းက ဓားသမား တစ်ယောက် ဖြစ်နေပါသေးတယ်။

နောက်ထပ် ၂နာရီကြာတဲ့အထိ လီဖူချန်း ထွက်မလာသေးတဲ့ အခါမှာတော့ ချူးယီရဲ့ မျက်နှာကြီးက  ညိုပုတ်ပုတ် အရောင် ပြောင်းသွားခဲ့ပါပြီ။

***

မြေကမ္ဘာ တံခါး အနောက်က မြေကွက်လပ် ထဲမှာတော့ ... ...

ခရက်...

ကျောက်ရုပ် ဖြစ်နေတဲ့ လီဖူချန်း ကိုယ်ပေါ်မှာ အက်ကွဲရာ တစ်ခု ဖြစ်လာခဲ့ပါတယ်။

ချက်ချင်း ဆိုသလိုပင် ဒုတိယမြောက် အက်ကွဲရာ ပြီးတော့ တတိယမြောက် အက်ကွဲရာတွေ  ထပ်ဖြစ် လာခဲ့ပါတယ်။

အချိန်တစ်ခဏ အတွင်းမှာပဲ မရေမတွက်နိုင်တဲ့ အက်ကွဲကြောင်းတွေ ပေါ်လာပြီး လီဖူချန်းကို ဖုံးအုပ်ထားတဲ့ ကျောက်သား ကျောက်စိုင်တွေက ပြိုကွဲ ပျက်စီး လာကြပါပြီ။

နောက်ဆုံး ကျောက်သား အပိုင်းအစ ပျက်စီးသွားတဲ့ အခါမှာတော့  လီဖူချန်း တစ်ယောက် သတိပြန်ဝင် လာပါတော့တယ်။

"ဘာတွေ ဖြစ်သွားတာလဲ ... "

လီဖူချန်းက သူဘာဖြစ်လို့ ဖြစ်သွားမှန်းတောင် မသိလိုက်ပါဘူး။

ဆဋ္ဌမမြောက် ဆန်းကြယ်တံခါးကို ကျော်ဖြတ်တုန်းကတောင်မှ သူ့ရဲ့ အသိစိတ်ဝိညာဉ်က ဖြစ်ပျက်သွားတာ မှန်သမျှကို သိနေပါသေးတယ်။ သည်သတ္တမြောက် ဆန်းကြယ် တံခါးဖြစ်တဲ့ မြေကမ္ဘာ တံခါးမှာတော့ ဘာမှကို မသိလိုက်ရပါဘူး။

လီဖူချန်းက သူ့ခန္ဓာကိုယ်ကို စစ်ဆေးလိုက်တဲ့ အခါမှာတော့ သူ့လက်ဝါး ပြင်ပေါ်မှာ မှိန်ဖျော့ဖျော့ အင်းကွက်တွေ ရှိနေတာကို သတိပြုမိ လိုက်ပါတယ်။

သူ့ရင်အုပ်ပေါ်မှာလည်း နောက်ထပ် အင်းကွက်တွေ ရှိနေပါသေးတယ်။

"သည်အင်းကွက်တွေ..."

လီဖူချန်းက လုံးဝ အံ့သြသွားခဲ့ပါပြီ။

သည်အင်းကွက်တွေက လက်နက် ကိရိယာတွေမှာ ရေးထွင်းတဲ့ အင်းကွက်တွေနဲ့ တူနေသလို  အတွင်းအား လည်ပတ်ရာ လမ်းကြောင်းကို ပြနေတာနဲ့လည်း တူနေပါသေးတယ်။

" ဒါက မြေကမ္ဘာအဆင့် ခန္ဓာကိုယ်သန့်စင်တဲ့ နည်းစနစ်လား "

မြေကမ္ဘာအဆင့် ခန္ဓာကိုယ် သန့်စင်တဲ့ နည်းစနစ်တွေ ဆိုတာက လုံးဝကို ထူးခြား ဆန်းကြယ်တဲ့ နည်းစနစ်တွေပါပဲ။ လီဖူချန်းဖတ်ဖူးတဲ့ ကျမ်းစာတွေမှာ ဖော်ပြထားတာကတော့  မြေကမ္ဘာအဆင့် ခန္ဓာကိုယ် သန့်စင်တဲ့ နည်းစနစ်ကို အောင်မြင်သွားတဲ့ လူတစ်ယောက်ရဲ့ အသွေးအသားတွေက လက်နက်တစ်ခု သွန်းလုပ် လိုက်တာနဲ့တောင် တူပါသေးတယ်။  လုံးဝကို ဖျက်ဆီးလို့ မရနိုင်အောင်ကို မာကျောလွန်းပါသတဲ့။

လူတစ်ယောက်ကသာ မြေကမ္ဘာအဆင့် ခန္ဓာကိုယ် သန့်စင်တဲ့ နည်းစနစ်ကို အမြင့်ဆုံး အဆင့်အထိ ရောက်အောင် လေ့ကျင့်နိုင်ခဲ့မယ် ဆိုရင်တော့ ကျင့်ကြံခြင်း နယ်ပယ် တူတဲ့သူတွေကို လုံးဝ ကြောက်စရာ မလိုတော့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တူညီတဲ့ ကျင့်ကြံခြင်း နယ်ပယ် တစ်ခုမှာဆိုရင် ဘယ်သူမှ သူ့ခန္ဓာကိုယ်ကို ဒဏ်ရာရအောင် ပြုလုပ်နိုင်စွမ်း မရှိလို့ပါပဲ။

***

All Chapters