← Chapters

အပိုင်း၂၆၃

Vol. 19 Ch. 263

အပိုင်း၂၆၃

Vol. 19 Ch. 263

" မြေကမ္ဘာအဆင့် ခန္ဓာကိုယ်သန့်စင်တဲ့ နည်းစနစ်ကိုတော့ လွယ်လွယ်နဲ့ ကျင့်လို့ ရမယ် မထင်ဘူး။ အဲသည်ထက် ပိုဆိုးတာက သည်နည်းစနစ်က ဘာလဲဆိုတာကိုတောင်မှ ငါမသိသေးတာပဲ။

လီဖူချန်းက သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပါတယ်။ သူက သည်နည်းစနစ်ကို ဘယ်လိုစပြီး လေ့ကျင့် ရမလဲ ဆိုတာကိုတောင်မှ  မသိဘူးလေ။

ကြည့်ရတာတော့ သည်အင်းကွက်တွေကို သေသေချာချာ အချိန်ပေးပြီး လေ့လာရမယ့် ပုံပါပဲ။

အဲသည် အချိန်မှာပဲ တံခါးပေါက် တစ်ခု လီဖူချန်းရဲ့ အရှေ့မှာ ပေါ်လာတဲ့ အတွက် လီဖူချန်းက အတွေးစကို ဖြတ်ပြီး လှမ်းဝင် လိုက်ပါတယ်။

လီဖူချန်းရဲ့ ခန္ဓာကိုယ်က စောင့်ဆိုင်ရတဲ့ မြေကွက်လပ်ထဲကို ပို့ဆောင်ခြင်း မခံရဘဲနဲ့  ပင်မ လမ်းမပေါ်မှာ ပြန်ပေါ် လာပြန်ပါတယ်။

သူ့ရဲ့ အရှေ့မှာတော့ အဋ္ဌမမြောက် ဆန်းကြယ် တံခါးဖြစ်တဲ့  ကောင်းကင် တံခါးကို ဆီးလို့ ကြိုနေပါပြီ။

" သူက ကျော်ဖြတ် သွားနိုင်တာလား "

ပဟေဠိသိုင်းသမား ၈ယောက်စလုံးက အသက်ရှူဖို့တောင် မေ့သွားတဲ့ ပုံပါပဲ။

သူတို့က လီဖူချန်း တစ်ယောက် သတ္တမမြောက် ဆန်းကြယ်တံခါးကို ကျော်ဖြတ်နိုင်ဖို့ အခွင့်အရေး ရှိတယ်လို့ ခန့်မှန်း ထားပေမယ့်လည်း သိပ်ပြီးတော့ အပြည့်အဝ မျှော်လင့်ထားတာ မဟုတ်ပါဘူး။

အခုတော့ လီဖူချန်းက သတ္တမမြောက် တံခါးကို တကယ်ကြီး ကျော်ဖြတ် သွားခဲ့ပါပြီ။

သူတို့အားလုံး သည်ထူးခြား ဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲကို ရောက်ကတည်းကနေ အခုချိန်အထိ ဘယ်လူငယ် ပါရမီရှင်ကမှ သတ္တမမြောက် ဆန်းကြယ် တံခါးဖြစ်တဲ့ မြေကမ္ဘာတံခါးကို မကျော်ဖြတ် နိုင်သေးပါဘူး။

မဟုတ်ဘူး။ မဟုတ်သေးပါဘူး...။

ဘယ်လူငယ် ပါရမီရှင်ကမှ  မြေကမ္ဘာ တံခါးကို ဝင်ခွင့် မရသေးဘူးဆိုရင် ပိုမှန်ပါလိမ့်မယ်။

လီဖူချန်းက  မြေကမ္ဘာ တံခါးထဲကို ပထမဦးဆုံး ဝင်ဖူးတဲ့ လူဖြစ်သလို  မြေကမ္ဘာ တံခါးကို ပထမဦးဆုံး ဖြတ်ကျော်နိုင်တဲ့ လူလည်း ဟုတ်ပါတယ်။

သူတို့ ၈ယောက်စလုံးက အခုလို အဖြစ်အပျက်မျိုး ဖြစ်လာခဲ့မယ် ဆိုတာကို  စဉ်းတောင် မစဉ်းစား ခဲ့ဖူးပါဘူး။

"အဋ္ဌမမြောက် ဆန်းကြယ်တံခါး ဖြစ်တဲ့ ကောင်းကင်တံခါးပါလား..."

လီဖူချန်းက ကောင်းကင်တံခါးကို အားရပါးရ တစ်ဝကြီး ကြည့်လိုက်ပါသေးတယ်။

ကြည့်လို့ အားရပြီ ဆိုတော့မှ လီဖူချန်းက ကောင်းကင် တံခါးဝထဲကို ဝင်သွားခဲ့တာပါ။

ဖုန်း...

လီဖူချန်း တစ်ယောက် ကောင်းကင် တံခါးကနေ လွင့်ထွက်လာခဲ့ပါတယ်။

သူရဲ့ ဘယ်ဘယ်လက်က အဆက်မပြတ် တုန်ယင်နေသလို လက်ဖဝါး အလယ် တည့်တည့်မှာလည်း တံဆိပ်တစ်ခု ရိုပ်နှိပ် ခံထားရပါတယ်။

သည်တံဆိပ်ကတော့ လီဖူချန်း ဉာဏ်မီနိုင်တာထက်ကို အများကြီး ပိုသွားခဲ့ပါပြီ။  မြေကမ္ဘာတံခါးမှာတုန်းက ရခဲ့တဲ့ အင်းကွက်တွေကမှ နည်းနည်းပါးပါး လေ့လာလို့ ရရင် ရပါဦးမယ်။

ဒါပေမဲ့ သိပ်မကြာခက်မှာပဲ အဲသည် တံဆိပ်က မှိန်ဖျော့ပြီး ပျောက်ကွယ် သွားခဲ့ပါပြီ။ အဲသည်တံဆိပ်ရဲ့ တည်ရှိမှုက ဘယ်တုန်းကမှ မရှိခဲ့ဖူးသလိုကို ပျောက်ကွယ် သွားခဲ့တာပါ။

"ကောင်းကင်ရဲ့ တံဆိပ်နဲ့ မြေကမ္ဘာရဲ့ အင်းကွက် ...။ ဒါတွေက ဘာတွေလည်းကွာ..." လီဖူချန်းက သက်ပြင်း တစ်ချက်  ချရင်းနဲ့ သူ့ကိုယ်သူ ပြန်တည်ငြိမ်အောင် ထိန်းလိုက်ပါတယ်။

ကောင်းကင် တံခါးနောက်က နယ်မြေကတော့  ကျယ်ပြောလှတဲ့ ကြယ်ပင်လယ် ကောင်းကင်ကြီးပါပဲ။ ဒါပေမဲ့ ကြယ်တာရာ လမ်းမနဲ့တော့ မတူညီဘဲ ကွာခြား လှပါတယ်။ ကောင်းကင် တံခါးရဲ့ ကြယ်ပင်လယ် ကောင်းကင်က အရမ်းကို ရန်လိုပြီး အန္တရာယ် အငွေ့အသက်တွေနဲ့ ပြည့်နှက် နေတာပါ။ လီဖူချန်းက ကြယ်ပင်လယ်ထဲကို  ခြေတစ်လှမ်း ချလိုက်ရုံပဲ ရှိပါသေးတယ်။ အလင်းတန်း တစ်ခုက သူ့ဆီကို ပြေးလာပြီး တိုက်ခိုက် တော့တာပါပဲ။ လီဖူချန်းက အဲသည် အလင်းတန်းကို ဘယ်ဘက်လက်နဲ့ ကမန်းကတမ်း ကာလိုက် ပေမယ့်လည်း ဘယ်လိုမှ မတတ်နိုင်တဲ့ အတွက် ကောင်းကင် တံခါးပေါက် ထဲကနေ လွင့်ထွက် လာခဲ့တာ ဖြစ်ပါတယ်။

" သူက သည်အတိုင်း လွင့်ထွက် လာတာလား "

ပဟဠိသိုင်းသမား ၈ယောက်က သို့လောသို့လော ဖြစ်နေကြပါတယ်။

ဆန်းကြယ်တံခါးထဲကို ဝင်ပြီးသွားတာနဲ့ စမ်းသပ်ချက် ကျရှုံးတဲ့ လူပဲဖြစ်ဖြစ်၊ အောင်နိုင်တဲ့ လူပဲဖြစ်ဖြစ် နှစ်မျိုးစလုံးဟာ အခြား တစ်နေရာကို ပို့ဆောင်ခြင်း ခံရမှာလေ။ ဒါပေမဲ့ သည်လီဖူချန်း ကတော့ အများနဲ့ မတူဘဲ တစ်မူထူးပြီး တံခါးပေါက် ထဲကနေ လွင့်ထွက် လာခဲ့တာ မဟုတ်ပါလား။

"ကြည့်ရတာ သည်တံခါးကိုတော့ သူမကျော်ဖြတ်နိုင်ခဲ့ပုံပဲ "

အတန်ကြာ စဉ်းစားနေပြီး နောက်မှာတော့ နံပါတ်၁ အစ်ကိုကြီးက မှတ်ချက် ချလိုက်ပါတယ်။

*****

စောင့်ဆိုင်းနေရတဲ့ မြေကွက်လပ်မှာတော့ လူတစ်ယောက် ပေါ်လာခဲ့ပါပြီ။  ဟုတ်ပါတယ်...။ သူကတော့ လီဖူချန်းပါပဲ။

" လီဖူချန်း ထွက်လာပြီဟေ့ "

" သူက ထူးခြားဆန်းကြယ် သိုင်းလမ်းမပေါ်မှာ အကြာကြီး နေခဲ့တာဆိုတော့ ဘယ်တံခါးအထိ ဖြတ်ကျော် နိုင်ခဲ့လည်း မသိဘူးနော်။ "

"အနည်းဆုံးတော့ ပဉ္စမမြောက် ဆန်းကြယ် တံခါးကို ဖြတ်ကျော် နိုင်မှာပေါ့ကွ။ ဆဋ္ဌမမြောက် တံခါးကို ဖြတ်ကျော် နိုင်လား၊ မဖြတ်ကျော်နိုင်ဘူးလား ဆိုတာကိုတော့ ငါလည်း မခန့်မှန်း တတ်ဘူး"

လူတွေအားလုံးကတော့ လီဖူချန်းကို ကြည့်ပြီး မှတ်ချက် ပေးနေပါတယ်။

"နင် ဆန်းကြယ်တံခါး ဘယ်နှစ်ခုကို ဖြတ်ကျော် နိုင်ခဲ့တာလဲ"

စုမုယူက သူမရဲ့ ချီအတွင်းအားကို အသုံးပြုပြီး လျှို့ဝှက်စွာ မေးလိုက်ပါတယ်။

လီဖူချန်းက တစ်ချက် တုံ့ဆိုင်း သွားပြီး

" ဆဋ္ဌမမြောက် ဆန်းကြယ်တံခါး "

သူက စုမုယူနဲ့ သိပ်ရင်းနှီးတာ မဟုတ်တဲ့ အတွက် အမှန်အတိုင်း ပြောပြ မနေတော့ဘူး။

စုမုယူက လီဖူချန်းကို သေသေချာချာ အကဲခတ် လိုက်ပါသေးတယ်။ လီဖူချန်းကများ သူမကို လိမ်နေသလားပေါ့။

'သည်ကောင်က ဆဋ္ဌမမြောက် ဆန်းကြယ်တံခါးကို ကျော်ဖြတ်နိုင်တယ် ဆိုရင်တောင်မှ ငါ့ထက်အများကြီး နောက်ကျတယ်။ အဲသည်အတွက် သူ့ရဲ့ ရလဒ်က ငါ့လောက် ကောင်းမှာတော့ မဟုတ်ဘူး'

ချူးယီကတော့ သူ့ဘာသာသူ ဖြေသိမ့်နေပါတယ်။

သူက သိပ်ပြီး မပျော်မရွှင် ဖြစ်နေပေမယ့်လည်း ဖြစ်ပြီးတာတွေလည်း ဖြစ်ပြီး ပါစေတော့ ဆိုပြီး သူက စိတ်ထဲမှာ မထားတော့ပါဘူး။ အခုချိန်မှာ သူ့စိတ်ထဲမှာ ရှိတာကတော့ ဘယ်ပဟေဠိ သိုင်းသမားက သူ့ကို တပည့်အဖြစ် ရွေးချယ်မလဲ ဆိုတာပါပဲ။

သူ့ရဲ့ ရည်ရွယ်ချက်က နံပါတ်၁ ပဟေဠိ သိုင်းသမားနဲ့ နံပါတ်၂ ပဟေဠိ သိုင်းသမားရဲ့ တပည့်ဖြစ်ဖို့ပါ။

" သည်ကောင်က ငါ့ရဲ့ သားကောင် ဖြစ်ထိုက်တယ်။ အခုချက်ချင်းသာ အနောက်ကနေ ကပ်ပြီး ဓားတိုနဲ့ ပြေးထိုး လိုက်ရရင်တော့ကွာ..."

လူအုပ်ကြားထဲမှာတော့ ရှဟိုရှီက လီဖူချန်းကို သွားရည် တမြားမြားနဲ့ ကြည့်နေတယ်လေ။ သူက လီဖူချန်းကို ဓားနဲ့ ပြေးထိုး ချင်စိတ်တွေ တဖွားဖွား ပေါ်နေတဲ့အတွက် အဲသည် စိတ်ဆန္ဒကို မနည်း ဖိနှိပ် ထားရပါတယ်။

မြေကွက်လပ်ရဲ့ အရှေ့မှာတော့ ကျောက်တုံး စင်မြင့်၈ခု ရှိနေပါတယ်။

ဖတ်...ဖတ်...ဖတ်... ...

လူရိပ်၈ခုက ကောင်းကင်ပေါ်ကနေ  ကျောက်တုံး စင်မြင့်တွေဆီကို ဆင်းသက် လာခဲ့ပါပြီ။

အလယ်မှာရှိနေတဲ့ လူနှစ်ယောက်ကတော့ ထူးခြားတဲ့ ကိုယ်ယောင် ကိုယ်ဝါတွေ တောက်ပနေတဲ့ လူကြီးနဲ့ ဆံဖြူ အဘိုးအိုတို့ပါပဲ။

အခြားလူတွေရဲ့ အမည်ခံတပည့် ဖြစ်ဖို့က လွယ်ကူပါတယ်။ သူတို့က ဆန်းကြယ် ပထမ တံခါးနဲ့ ဆန်းကြယ် ဒုတိယတံခါးကို ကျော်ဖြတ်နိုင်တာနဲ့ မျှော်လင့်လို့ ရပါတယ်။ ဒါပေမဲ့ နံပတ်၂ ပဟေဠိ သိုင်းသမားရဲ့    အမည်ခံ တပည့် ဖြစ်ဖို့အတွက် ဆိုရင် အနည်းဆုံးတော့ မင်းက ဆန်းကြယ် တတိယ တံခါးကို ဖြတ်ကျော် ထားနိုင်ရပါမယ်။

ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက်နယ်မြေရဲ့ စမ်းသပ်ချက် အတွင်းမှာတော့   တတိယမြောက် ဆန်းကြယ် တံခါးကို ကျော်ဖြတ် နိုင်တဲ့သူ ၉ယောက်၊ စတုတ္ထမြောက် ဆန်းကြယ် တံခါးကို ကျော်ဖြတ်နိုင်တဲ့သူ ၆ယောက်၊ ပဉ္စမမြောက် ဆန်းကြယ်တံခါးကို ကျော်ဖြတ်နိုင်တဲ့သူ ၄ယောက်နဲ့ ဆဋ္ဌမမြောက် ဆန်းကြယ် တံခါးကို ကျော်ဖြတ်နိုင်တဲ့သူ ၂ယောက် ရှိပါတယ်။

ဆံဖြူအဘိုးအိုက တတိယမြောက် ဆန်းကြယ် တံခါးကို ဖြတ်ကျော်နိုင်တဲ့ လူငယ် ၉ယောက်ထဲက သုံးယောက်ကို  အမည်ခံတပည့် အဖြစ် ကမ်းလှမ်း လိုက်ပါတယ်။

ထိုလူငယ် သုံးယောက်ထဲက နှစ်ယောက်ကတော့  ဆံဖြူ အဘိုးအိုရဲ့ ကမ်းလှမ်းမှုကို လိုလိုလားလားပင် လက်ခံလိုက်ပါတယ်။

နံပါတ်၂ ပဟေဠိ သိုင်းသမားရဲ့ အမည်ခံတပည့် ဖြစ်ခွင့်ရတာကိုက အတော်လေး ကံကောင်း နေပါပြီ။ ပြီးတော့ ထိုလူငယ် နှစ်ယောက်က သူတို့ကိုယ် သူတို့ ယုံကြည်မှု မရှိပါဘူး။ တကယ်လို့ သူတို့က ဆံဖြူ အဘိုးအိုရဲ့ အမည်ခံတပည့် ဖြစ်ခွင့်ကို ငြင်းပယ် လိုက်ပြီးမှ အခြားသော ပဟေဠိ သိုင်းသမားတွေက သူတို့ကို ရွေးချယ်ခြင်း မရှိခဲ့ဘူး ဆိုရင်တော့   သူတို့ရဲ့ ဘဝက '  မြွေပါလည်းဆုံး၊ သားလည်းဆုံး ' ဖြစ်သွားနိုင်သည် မဟုတ်ပါလား။

ဒါပေမဲ့ သူတို့၃ယောက် မသိတာကတော့ ပဟေဠိ သိုင်းသမား ၈ယောက်က သည်လို အခြေအနေတွေ အတွက် အစောကြီး ကတည်းက သဘောတူညီမှု တစ်ခု လုပ်ပြီးခဲ့ပါပြီ။

အဲဒါကတော့ ပဟေဠိ သိုင်းသမား တစ်ယောက်က ရွေးချယ်ထားတဲ့ အမည်ခံတပည့်  ဒါမှမဟုတ် လက်ရင်း တပည့်ကို နောက်တစ်ယောက်က မရွေးချယ် ရတော့ဘူးဆိုတဲ့ သဘော တူညီမှုပါပဲ။

အဲသည်အတွက် ဆံဖြူအဘိုးအို ကမ်းလှမ်းထားတဲ့ သည်လူငယ် ၃ယောက်ကိုတော့ အခြားပဟေဠိ သိုင်းသမားတွေက  ကမ်းလှမ်းတော့မှာ မဟုတ်ပါဘူး။

ဆံဖြူ အဘိုးအို ရွေးချယ်မှု ပြီးသွားတဲ့ အခါမှာတော့ နံပါတ်၁ ပဟေဠိ သိုင်းသမားရဲ့ အလှည့်ကို ရောက်လာပါပြီ။

သူကတော့ လူငယ် တစ်ယောက်ကို  အမည်ခံ တပည့် အဖြစ် ကမ်းလှမ်း လိုက်ပါတယ်။

ထိုလူငယ်က အတန်ကြာ စဉ်းစားပြီး နောက်မှာတော့ ကမ်းလှမ်းမှုကို လက်ခံ လိုက်ပါတော့တယ်။

နောက်ဆုံးမှာတော့ လီဖူချန်းနဲ့ အခြားလူငယ် ၅ယောက်သာ ကျန်နေပါတော့တယ်။

သူတို့ ၆ယောက် စလုံးကတော့ စတုတ္ထမြောက် ဆန်းကြယ် တံခါးကို ကျော်ဖြတ်နိုင်ခဲ့တဲ့ သူတွေပါ။ သူတို့ကတော့ ပဟေဠိ သိုင်းသမားတွေရဲ့ လက်ရင်း တပည့်ဖြစ်ဖို့ အတွက် အများကြီး မျှော်လင့်လို့ ရနေပါပြီ။

ဘယ်ပဟေဠိ သိုင်းသမားက ဘယ်သူ့ကို ရွေးမလည်း ဆိုတာကိုပဲ စောင့်ကြည့် ရတော့မှာပါ။

"  မင်းက ငါ့ရဲ့  လက်ရင်း တပည့်ဖြစ်ဖို့ စိတ်ဝင်စားရဲ့လား "

နံပါတ်၈ ပဟေဠိ သိုင်းသမားဖြစ်တဲ့ ပိန်လှီလှီနဲ့ လူက ဟန်ဖန်းကို  ကမ်းလှမ်း လိုက်ပါတယ်။

" ကျွန်တော် စိတ်ဝင်စားပါတယ် ခင်ဗျာ "

ဟန်ဖန်းက နံပါတ်၈ ပဟေဠိ သိုင်းသမားရဲ့ တပည့်ဖြစ်ဖို့ စိတ်မဝင်စား ပေမယ့်လည်း  မတတ်နိုင်တဲ့ အဆုံးမှာ ကမ်းလှမ်းမှုကို လက်ခံ လိုက်ပါတယ်။ အခြားသော ပဟေဠိ သိုင်းသမားတွေက သူ့ကို ကမ်းလှမ်းတော့မှာ မဟုတ်ဘူး ဆိုတာကို ဟန်ဖန်း တစ်ယောက် ရိပ်စား မိနေသည်လေ။

" မင်းက ငါ့ရဲ့ လက်ရင်း တပည့် တစ်ယောက် ဖြစ်ချင်ရဲ့လား '

နံပါတ်၆ ပဟေဠိ သိုင်းသမားဖြစ်တဲ့ အရပ်မြင့်မြင့် ဗလ တောင်တောင့်နဲ့ လူက ရှဟိုရှီကို ကမ်းလှမ်း လိုက်ပါတယ်။

ရှဟိုရှီက လုံးဝကို စိတ်ပျက် သွားခဲ့ပါပြီ။ သူက ပဉ္စမမြောက် ဆန်းကြယ် တံခါးကိုတောင် ကျော်ဖြတ် ခဲ့တာလေ။ ဘယ်လိုလုပ်ပြီး နံပါတ်၆ ပဟေဠိ သိုင်းသမားက သူ့ကို ရွေးချယ်ခဲ့ရတာလဲ။ သူတို့ အုပ်စုထဲမှာ စတုတ္ထမြောက် တံခါးကိုသာ ဖြတ်ကျော် နိုင်ခဲ့တဲ့ လီရှင်းယု တစ်ယောက်လုံးတောင် ကျန်နေသေးသည် မဟုတ်ပါလား။

သူကလည်း ရွေးချယ်စရာ မရှိတဲ့အတွက် လက်ခံ လိုက်ရပါတယ်။

" ကျွန်တော် ဖြစ်ချင်ပါတယ် "

အရပ်မြင့်မြင့် ဗလ တောင့်တောင့်နှင့် လူက ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပါပြီ။ ရှဟိုရှီရဲ့ ခွန်အားက အတော်လေး ကောင်းတဲ့ အတွက် သူ့ရဲ့ သိုင်းပညာတွေနဲ့ လိုက်ဖက်ညီမှာ အမှန်ပါပဲ။

" မင်းကကော ငါ့ရဲ့ လက်ရင်း တပည့် ဖြစ်ချင်ရဲ့လား..."

နံပါတ်၅ ပဟေဠိ သိုင်းသမားကတော့ ကျက်သရေရှိစွာ ချောမော လှပသည့် အမျိုးသမီးကြီးပါ။

သူမကတော့ လီရှင်းယုကို ကမ်းလှမ်း လိုက်တာ ဖြစ်ပါတယ်။

သူမက လီရှင်းယုရဲ့ စိတ်ထဲမှာ ဓားကလွဲပြီး ဘာမှ မရှိတာကို သတိပြုမိ လိုက်တယ်လေ။ သည်လို လူမျိုးကတော့ အနာဂတ်မှာ ပိုပြီး တောက်ပ လာနိုင်မှာပါ။

" ဟုတ်ကဲ့ "

လီရှင်းယုကတော့ သာမန် လေသံဖြင့်သာ ပြန်ဖြေ လိုက်ပါတယ်။ သူက စိတ်ပျက်တာတွေ ၊ ဝမ်းသာတာတွေကိုတောင် ခံစားရပုံ မပေါ်ပါဘူး။

" စိတ်ဝင်စားစရာပဲ "

အမျိုးသမီးကြီးကတော့ လီရှင်းယုကို ပြုံးပြီး ကြည့်နေပါတယ်။

စုမုယုကို လက်ရင်း တပည့်အဖြစ် ကမ်းလှမ်း လိုက်တဲ့ သူကတော့ နံပါတ်၃ ပဟေဠိ သိုင်းသမား ဖြစ်တဲ့ ဇာမဏီ မျက်လုံးပိုင်ရှင် လူကြီးပါပဲ။

စုမုယူကလည်း လိုလိုလားလားပင် လက်ခံ လိုက်ပါတယ်။

" နံပါတ်၁လား ဒါမှမဟုတ် နံပါတ်၂လား " ချုးယီကတော့ အလွန်အမင်းကို ဝမ်းသာနေပါပြီ။

နံပါတ်၃ ပဟေဠိ သိုင်းသမားက သူ့ကို မရွေးချယ် သွားမှတော့ နံပါတ်၁ ပဟေဠိ သိုင်းသမား ဒါမှမဟုတ် နံပါတ်၂ ပဟေဠိ သိုင်းသမားက သူ့ကို မျက်စိ ကျနေပြီဆိုတာ အရမ်းကို သိသာနေပြီလေ။

ဘယ်သူမှ သူ့ကို မရွေးဘူး ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။

" မင်းက ငါ့ရဲ့ လက်ရင်း တပည့်ဖြစ်ဖို့ အဆင့်မီတယ်။"

ထင်ထားတဲ့ အတိုင်းပါပဲ။ ဆံဖြူအဘိုးအိုက ပြုံးပြီး ချူးယီကို လှမ်းပြော လိုက်ပါတယ်။

" ချူးယီက ဆရာ့ကို စိတ်မပျက် စေရပါဘူး "

ချူးယီက ယုံကြည်မှု အပြည့်ဖြင့် ပြန်ဖြေ လိုက်ပါတယ်။

နောက်ဆုံးမှာတော့ နံပါတ်၁ ပဟေဠိ သိုင်းသမားနဲ့ လီဖူချန်းတို့သာ ကျန်ပါတော့တယ်။

နံပါတ်၁ ပဟေဠိ သိုင်းသမားက  သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်ပြီး  " မင်းက ငါ့ရဲ့ လက်ရင်း တပည့်ဖြစ်ဖို့ သတ်မှတ်ထားတဲ့ စံနှုန်းတွေထက် အများကြီး ကျော်လွန်နေတယ်။ လူငယ်လေး... မင်းက ငါ့ကို ဆရာအဖြစ် သတ်မှတ်နိုင်မလား ..."

သူ့ရဲ့ စကားကြောင့် လူတွေအကုန်လုံးက  လီဖူချန်းကို ကြောင်ပြီး ကြည့်ကုန်ကြပါတယ်။

***

All Chapters