မြေကမ္ဘာအဆင့် ဓားကွက်
Vol. 19 Ch. 265
ပထမတောင်ထွတ်...။
-ပထမ ဘုံဗိမ္မာန်အတွင်းရှိ ပင်မခန်းဆောင် -
နံပါတ်၁ ပဟေဠိ သိုင်းသမားက လက်ရင်း တပည့်ဆိုလို့ လီဖူချန်း တစ်ယောက်ကိုသာ လက်ခံ ထားပေးမယ့် အမည်ခံ တပည့်တွေတော့ တော်တော်များများ လက်ခံထားပါတယ်။
တံခါးပိတ် လေ့ကျင့်နေတဲ့ သူတွေက လွဲပြီး ကျန်တဲ့ အမည်ခံ တပည့်တွေ အားလုံးက ပင်မခန်းဆောင် ထဲမှာ စောင့်ကြို နေကြပါတယ်။ စောင့်ကြိုနေတဲ့ လူတွေကတော့ လူငယ် ခုနစ်ယောက်ပါ။
" အခုကစပြီး သူက မင်းတို့ရဲ့ အစ်ကိုကြီးပဲ"
နံပါတ်၁ ပဟေဠိ သိုင်းသမားက လီဖူချန်းကို ညွှန်ပြပြီး ပြောလိုက်ပါတယ်။
" နှုတ်ဆက်ပါတယ် အစ်ကိုကြီး "
လူငယ်တွေ အားလုံးက လီဖူချန်းကို တညီတညာတည်း နှုတ်ဆက်လိုက်ပါတယ်။ နံပါတ်၁ ပဟေဠိ သိုင်းသမားရဲ့ မျက်စိရှေ့မှာတော့ ဘယ်သူမှ လီဖူချန်းကို မရိုမသေ မလုပ်ရဲပါဘူး။ သူတို့စိတ်ထဲမှာ လီဖူချန်းကို အစ်ကိုကြီးအဖြစ် လက်ခံထားချင်မှ လက်ခံမှာပါ။
လီဖူချန်းကတော့ တည်ငြိမ်စွာပဲ ရှိနေပါတယ်။ သူက အချို့သော လူတွေရဲ့ ခံစားချက်တွေကို မျက်လုံးတွေထဲ ကနေ မြင်နေရပါတယ်။
ပါရမီနဲ့ အလားအလာ ဆိုတာက မသေချာတဲ့ တိုင်းတာမှု တစ်ခုပါ။ အခုလက်ရှိ စွမ်းရည်ကသာ ပဓာန ကျသည် မဟုတ်ပါလား။
ကျင့်ကြံခြင်း လောကမှာတော့ ပါရမီကော စွမ်းရည်ကောပါ ပြည့်စုံနေမှ အခြားလူတွေက လေးစား ကြောက်ရွံ့ ကြမှာပါ။
ဥပမာအားဖြင့် ကြယ်ဘုရင် သုံးပါးပေါ့။
ကြယ်ဘုရင် သုံးပါးက ကျားနဂါးစာရင်းရဲ့ ထိပ်ဆုံး ၃ယောက် ဖြစ်နေပေမယ့် သူတို့ကို ဘယ်သူမှ မကြောက်ကြပါဘူး။
ကြယ်ဘုရင်သုံးပါးကို အနိုင်ယူပြီး သူတို့နေရာကို ဆက်ခံဖို့ ကြံစည်နေတဲ့ လူငယ်တွေမှ အများကြီး ရှိပါတယ်။
အဲဒါက ဘာဖြစ်လို့လဲ ဆိုတော့ ကြယ်ဘုရင် သုံးပါးက သူတို့ထက် အစွမ်းမထက်ဘူးလို့ ခံယူထားတဲ့ လူငယ်တွေ အများကြီး ရှိနေလို့ပါပဲ။
လီဖူချန်းက ပါရမီဆိုတာ ဒုတိယ၊ လက်ရှိ စွမ်းရည်ကသာ ပထမ ဆိုတာကို ကောင်းကောင်းကြီး နားလည် ပါတယ်။
အနာဂတ်ဆိုတာက ဘယ်သူမှ ကြိုတင် မမြင်နိုင်ဘူးလေ။ လက်ရှိ ပစ္စုပ္ပန်ကသာ အမှန်တရားပါပဲ။
သူတို့တွေဆီက အစ်ကိုကြီး ဆိုသည့် ရိုသေလေးစားမှုကို ရချင်ရင်တော့ လီဖူချန်း ကိုယ်တိုင်က အလွန်တရာ အစွမ်းထက်နေမှပဲ ရပါတယ်။
'ငါနောက်ထပ် နည်းနည်းလောက် လေ့ကျင့်ပြီးသွားရင်တော့ သည်ကောင်တွေ အကုန်လုံးကို ခေါ်ပြီး ငါ့အစွမ်းကို ပြလိုက်ဦးမယ်။ '
လီဖူချန်း စိတ်ထဲကနေ တေးထား လိုက်ပါတယ်။
သူက အစ်ကိုကြီး နေရာနဲ့ ထိုက်တန်တယ် ဆိုတာကို သက်သေ ပြချင်သေးသည်လေ။
"မင်းတို့အားလုံး ကိုယ့်နေရာကိုယ် ပြန်လို့ရပြီ။ "
နံပါတ်၁ ပဟေဠိ သိုင်းသမားက လက်ကို ဝှေ့ယမ်း ပြလိုက်ပါတယ်။
အမည်ခံ တပည့်တွေကိုတော့ သူက အချိန်ပြည့် သင်ကြားပေးနေတာ မဟုတ်ပါဘူး။ တစ်ခါတစ်ခါ သူစိတ်ကောင်း ဝင်နေမှသာ နည်းနည်းပါးပါး နည်းပေးလမ်းပြ လုပ်တာပါ။ အခြား အချိန်တွေမှာတော့ အမည်ခံ တပည့်တွေက မိမိကိုယ်မိမိ အားကိုးပြီးသာ လေ့ကျင့်ရတာ ဖြစ်ပါတယ်။
ထို့နောက်မှာတော့ အမည်ခံ တပည့်တွေ အကုန်လုံးက ခန်းမထဲကနေ ထွက်သွား ကြပါပြီ။ လီဖူချန်းနဲ့ အတူ ပါလာတဲ့ လူငယ်ကိုလည်း တပည့် အချို့က ခေါ်သွားခဲ့ပါတယ်။
ခန်းမထဲမှာတော့ လီဖူချန်း တစ်ယောက်သာ ကျန်နေခဲ့ပါပြီ။
"ကောင်လေး... မင်းရဲ့နာမည် ဘယ်လိုခေါ်လည်း..."
နံပါတ်၁ ပဟေဠိ သိုင်းသမားက လီဖူချန်းကို မေးလိုက်ပါတယ်။
လီဖူချန်းက ရိုသေ ကျိုးနွံစွာဖြင့်
" ကျွန်တော့်နာမည်က လီဖူချန်းလို့ ခေါ်ပါတယ် ဆရာ "
" လီဖူချန်း...ဟုတ်လား ..."
နံပါတ်၁ ပဟေဠိ သိုင်းသမားက အတန်ကြာ စဉ်းစားပြီး နောက်မှာတော့ ပြုံးလိုက်ကာ
" မင်းနာမည်က အဓိပ္ပာယ် ရှိတယ် "
လူတစ်ယောက်ရဲ့ နာမည်ဆိုတာက အဲသည်လူရဲ့ ဘဝနဲ့ တစ်စိတ်တစ်ပိုင်းတော့ သက်ဆိုင်နေသည် မဟုတ်ပါလား။ လီဖူချန်း ဆိုတဲ့ နာမည်က အတော်လေးကို အဓိပ္ပာယ် ရှိလှပါတယ်။
(note - ဒါကတော့ တရုတ်တွေရဲ့ ရိုးရာ အယူအဆတစ်ခု ဖြစ်ပါတယ်။ ဖူချန်းဆိုတဲ့ နာမည်အဓိပ္ပာယ်ကတော့ အနီးစပ်ဆုံး ဘာသာပြန်ရမယ် ဆိုရင် မျောလွင့်နေတဲ့ ဖုန်မှုန့်လေး ဖြစ်ပါတယ် ခင်ဗျာ။ )
နံပါတ်၁ ပဟေဠိ သိုင်းသမားက ဆက်ပြီး ပြောလိုက်ပါသေးတယ်။
"မင်းနဲ့ ငါက ရှေးရေစက် ပါလာပုံ ရတယ်။ ဓားတာအို လမ်းစဉ်က ငါလျှောက်လမ်းတဲ့ လမ်းစဉ်ပဲ။ သည်အပိုင်းမှာတော့ ငါက မင်းကို အများကြီး အကြံဉာဏ်ကောင်းတွေ ပေးနိုင်တယ်"
ပဟေဠိ သိုင်းသမားတွေ အကုန်လုံးက ပညာရပ် တစ်ခုစီမှာ အလွန် ထူးချွန်ကြသူတွေပါ။ နံပါတ်၁ ပဟေဠိ သိုင်းသမားနဲ့ နံပါတ်၂ ပဟေဠိ သိုင်းသမားတို့ကတော့ ဓားတာအိုကို အထူးပြု လေ့ကျင့် ကြသူတွေ ဖြစ်ပါတယ်။
ဟုတ်ပါတယ်။ ဓားတာအိုကို လေ့ကျင့်တာချင်း တူပေမယ့် နားလည်မှုချင်းကတော့ တူညီမှာ မဟုတ်ပါဘူး။
အချို့ဓား တာအိုတွေက အလွန်တရာ လွတ်လပ်ပြီး ဘာ အချုပ်အခြယ် နှောင်ဖွဲ့မှုမျိုးမှ မရှိပါဘူး။
အချို့ဓား တာအိုတွေကတော့ အလွန်တရာမှာ စည်းကမ်းကြီးပြီး နည်းနည်းလေးမှ အမှားအယွင်း၊ အတိမ်းအစောင်း မခံပါဘူး။
အချို့ ဓားတာအိုတွေကတော့ ခံစားချက်မရှိ၊ သံယောဇဉ် မရှိ၊ လူသား မဆန် ကြတော့ပါဘူး။ ထိုဓားတာအို လမ်းစဉ်ကို လိုက်စားတဲ့ သူတွေက သံယောဇဉ် တစ်စက်လေး ပေါ်လာတာနဲ့ ကျရှုံးပါပြီ။ အဲသည် အတွက် ထိုဓားတာအို လမ်းစဉ်ကို လိုက်စားတဲ့ သူတွေက တတ်နိုင်သမျှ လူတွေနဲ့ အပေါင်းအသင်း မလုပ်ကြပါဘူး။
အချို့ဓား တာအိုတွေကတော့ ငါမှတစ်ပါး အခြား မရှိဆိုတဲ့ စိတ်မျိုးကို မွေးမြူရပါတယ်။ သူ့တို့ကတော့ ကိုယ်ပိုင် ဓားတာအို လမ်းစဉ် အသစ်ကို ဖောက်ပြီး လောက သုံးပါးရဲ့ ဓားဘုရင် ဘွဲ့ကို ခံယူကြလေ့ ရှိပါတယ်။
အချို့ဓား တာအိုတွေကတော့ အကောင်းနဲ့ အဆိုးကြားမှာ လွန်းထိုးပြီး လျှောက်လှမ်း ရပါတယ်။
အခြားသော ဓားတာအို လမ်းစဉ်တွေလည်း အများကြီး ကျန်နေပါသေးတယ်။
နံပါတ်၁ ပဟေဠိ သိုင်းသမားရဲ့ ဓားတာအိုကတော့ ဘာအချုပ်အနှောင်မှ မရှိတဲ့ လွတ်လပ်ခြင်း ဓားတာအိုပါပဲ။
လီဖူချန်းက ခေါင်းညိတ် ပြလိုက်ပါတယ်။ သူက အစောကြီး ကတည်းကနေ သူ့ဆရာထံက ထွက်ပေါ်နေတဲ့ ဓားဆန္ဒ တစ်ခုကို ခံစားနေရတယ်လေ။
နံပါတ်၁ ပဟေဠိ သိုင်းသမားက လီဖူချန်းကို မေးလိုက်ပါတယ်။
" ငါမင်းကို မေးပါဦးမယ်။ ဓားတာအိုဆိုတာ ဘာလဲ..."
လီဖူချန်းက စဉ်းစားလိုက်ပြီး အတန်ကြာမှ
" ဓားကိုသုံးပြီး သတ်ရတာပါ ဆရာ...။ ဒါက ဓားတာအိုပါပဲ "
" မင်းရဲ့ အဖြေက မရိုးရှင်းဘူးလား ... "
နံပါတ်၁ ပဟေဠိ သိုင်းသမားက ထပ်မေး လိုက်ပြန်ပါတယ်။
လီဖူချန်းက တုံ့ဆိုင်း မနေဘဲ
"ဒါက အရိုးရှင်းဆုံးနဲ့ အမှန်ဆုံး သဘောတရားပါပဲ ဆရာ...။ တကယ်လို့ ဓားတစ်လက်က မသတ်ဖြတ်နိုင်မှတော့ ဘယ်လိုလုပ်ပြီး ဓားတာအိုလို့ သတ်မှတ်လို့ ရနိုင်မှာလည်း ...။ အဲဒါက ဓားတာအို ဆိုရင်တောင်မှ မပြည့်စုံတဲ့ ဓားတာအိုပါပဲ"
နံပါတ်၁ ပဟေဠိ သိုင်းသမားက အားရပါးရ ရယ်မောလိုက်ပြီး
" ဟုတ်ပါပြီကွာ...။ မင်းပြောတာ မှန်ပါတယ် ။ ဓားဆိုတာက သတ်ဖြတ်ဖို့ပါပဲ။ နောက်တစ်ခု မေးဦးမယ်ကွာ ...။ တကယ်လို့ ဓားဆိုတာသာ မရှိတော့ဘူးဆိုရင် မင်းဘာလုပ်မလဲ... "
" ဓားတစ်လက် ဖန်တီးလိုက်မှာပါ ဆရာ…"
လီဖူချန်းက သူ့ဆရာရဲ့ သည်မေးခွန်းကိုတော့ စဉ်းတောင်စဉ်းစား မနေတော့ပဲ တန်းဖြေ လိုက်ပါတယ်။
သည်အဖြေကိုတော့ သူက နားလည် ထားသလိုသာ ဖြေလိုက်တာပါ။
နံပါတ်၁ ပဟေဠိ သိုင်းသမားက ဘာမှ ဆက်မမေးတော့ဘဲ လီဖူချန်းကိုသာ သေသေချာချာ စိုက်ကြည့် နေပါတော့တယ်။
အတန်ကြာမှ သူက ပြုံးလိုက်ပြီး
" လီဖူချန်း ... မင်းက ငါ့ရဲ့ ဓားတာအိုနဲ့ လိုက်ဖက်လွန်းတယ်။ ဓားဆိုတာက သတ်ဖြတ်ဖို့ သက်သက်ပဲ။ ပြီးတော့ ဓားဆိုတာက မင်းလက်ထဲမှာ ကိုင်ထားတဲ့ ဓားကိုပဲ ဆိုလိုတာ မဟုတ်ဘူး။ အရာအားလုံးက ဓားဖြစ်နိုင်တယ်။ အဓိက ကတော့ အဲသည်ဓားကို ကိုင်ထားတဲ့ လူပဲ။ ဥပမာ အားဖြင့် ပြောရမယ်ဆိုရင် လမ်းဘေးမှာ ရှိနေတဲ့ သစ်ကိုင်းခြောက် တစ်ခုတောင်မှ တကယ့် ဓားသမား တစ်ယောက်ရဲ့ လက်ထဲကို ရောက်သွားခဲ့ရင် ဓားတစ်လက် ဖြစ်သွားမှာပဲ။ ငါ့နောက် လိုက်ခဲ့ ... "
နံပါတ်၁ ပဟေဠိ သိုင်းသမားက လက်တစ်ချက် ဝှေ့ယမ်း လိုက်တဲ့ အခါမှာတော့ အလင်းတန်း တစ်ခုက သူတို့ နှစ်ယောက်ကို လွှမ်းခြုံ သွားခဲ့ပါတယ်။ သူတို့နှစ်ယောက် ပြန်ပေါ်လာတဲ့ အချိန်မှာတော့ တောင်ထိပ် တစ်နေရာကို ရောက်နေခဲ့ပါပြီ။
သည်နေရာမှာတော့ သစ်ပင်တွေ သိပ်မရှိဘဲ လေပြင်းတွေသာ တိုက်ခတ် နေပါတယ်။
တောင်ထိပ်ပေါ်မှာ ရပ်နေတဲ့ သူတို့နှစ်ယောက်ရဲ့ ဝတ်ရုံစတွေကလည်း လေထဲမှာ လွင့်မျော နေပါတယ်။
နံပါတ်၁ ပဟေဠိ သိုင်းသမားက
"ဆန်းကြယ်တံခါး ၈ဆိုတာ လူတစ်ယောက်ရဲ့ အရည်အချင်း အမျိုးမျိုးကို စမ်းသပ်တာပဲ။ အဲသည် အရည်အချင်းတွေကို ဓားသိုင်းထဲမှာ ပေါင်းထည့်လို့ ရတယ်"
"ပထမ ဆန်းကြယ်တံခါးက အတွင်းအား ထိန်းချုပ် နိုင်စွမ်းကို စမ်းသပ်တာပဲ။ "
"ဒုတိယ ဆန်းကြယ်တံခါးကတော့ လူတစ်ယောက်ရဲ့ ကိုယ်ပိုင် ခွန်အားနဲ့ စိတ်ဝိညာဉ် ခွန်အားကို စမ်းသပ်တာ "
"တတိယ ဆန်းကြယ် တံခါးကတော့ ခွန်အား ပေါက်ကွဲနိုင်မှုကို စမ်းသပ်တာ ဖြစ်တယ်"
"စတုတ္ထ ဆန်းကြယ် တံခါးကတော့ တုံ့ပြန်နိုင်စွမ်းနဲ့ အသိစိတ်အာရုံ ပိုင်းခြား နိုင်စွမ်းကို စမ်းသပ်တာ"
"ပဉ္စမ ဆန်းကြယ် တံခါးကတော့ လူတစ်ယောက်ရဲ့ စိတ်ကူးဉာဏ် ကွန့်မြူး နိုင်စွမ်းကို စမ်းသပ်တာ"
"ဆဋ္ဌမ ဆန်းကြယ် တံခါးကတော့ အလျှော့မပေးတဲ့ ဇွဲနဲ့ စိတ်ဝိညာဉ် ခွန်အားကို စမ်းသပ်တာ ဖြစ်တယ်။
" သတ္တမမြောက် ဆန်းကြယ် တံခါးကတော့ မင်းပဲ သိမှာပေါ့"
ထို့နောက်မှာတော့ နံပါတ်၁ ပဟေဠိ သိုင်းသမားက သစ်ကိုင်းခြောက် တစ်ခုကို ကောက်ယူ လိုက်ပြီး
" သေချာကြည့်ထား..."
ပြောပြီးတာနဲ့ သူက အားနည်းတဲ့ ချီအတွင်းအား တစ်ခုကို လည်ပတ် လိုက်ပါတယ်။ ချီအရှိန်အဝါကို ကြည့်လိုက်တာနဲ့ အဲသည်ချီ အတွင်းအားက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က ဆိုတာကို သိနိုင်ပါတယ်
ရွှပ်...
နံပါတ်၁ ပဟေဠိ သိုင်းသမားက သစ်ကိုင်းခြောက်ကို ဆက်ခနဲ အရှေ့ကို တွန်းထုတ် လိုက်ပါတယ်။
လီဖူချန်းက နံပါတ်၁ ပဟေဠိ သိုင်သမားရဲ့ လက် ဘယ်လိုလုပ် သွားသလဲ ဆိုတာကိုတော့ သေသေချာချာ မမြင်လိုက်ရပါဘူး။ သူသိတာကတော့ တောင်ထိပ်ပေါ်မှာ ရှိနေတဲ့ သစ်ပင်ကြီး တစ်ပင်ရဲ့ ပင်စည်က ထုတ်ချင်းဖောက် ပေါက်နေပြီ ဆိုတာပါပဲ။ ပြီးတော့ အပေါက်က တစ်ခုထဲ မဟုတ်ပါဘူး။ မရေမတွက်နိုင်တဲ့ အပေါက်ငယ်လေးတွေ အများကြီး ရှိနေပါသေးတယ်။
ဝုန်း …
သစ်ပင်ကြီးကတော့ ပေါက်ကွဲကာ အပိုင်းပိုင်း၊ အစစ ဖြစ်သွားခဲ့ပါပြီ။
" ကြောက်ဖို့ ကောင်းလိုက်တဲ့ ဓားသိုင်းပဲ"
လီဖူချန်းက မျက်လုံး ပြူးထွက် သွားခဲ့ပါတယ်။
သည်ဓားချက်ကနေပြီး လီဖူချန်းက အများကြီး သိလိုက်ရပါတယ်။
သည်ဓားချက်မှာပါတဲ့ အတွင်းအားက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ်က အတွင်းအားပါပဲ။ ဒါပေမဲ့ သုံးသွားတဲ့ အတွင်းအားက အပိုအလို မရှိ လုံးဝကို ကွက်တိပါ။ အပြစ်ပြောစရာ လုံးဝ ရှာမတွေ့ပါဘူး။ ဓားကွက်က လုံးဝကို အားမပါသလိုနဲ့ ချီပေါက်ကွဲအားတွေက တစ်ဆင့်ချင်း တစ်ဆင့် မြှင့်တက် သွားခဲ့တာပါ။
ဓားကွက်ရဲ့ အမြန်နှုန်းကတော့ ပြောစရာကို မလိုတော့ပါဘူးလေ။
သည်ဓားကွက်ကို ကြည့်လိုက်တာနဲ့ လီဖူချန်းက သူလေ့လာ လိုက်စားရမယ့် အရာတွေ အများကြီး ရှိနေသေးတယ် ဆိုတာကို ရိပ်စား မိလိုက်ပါတယ်။
သူက သည်ဓားကွက်ထဲမှာ သူမသိလိုက်တာ ဘာတွေများ ရှိနေဦးမလည်း ဆိုတာကိုတောင် တွေးပြီး စိုးရိမ် နေမိပါသေးတယ်။
နံပါတ်၁ ပဟေဠိ သိုင်းသမားက လီဖူချန်းကို ကြည့်လိုက်ပြီး …
"မင်းသည် ဓားကွက်ကို ၁၀ ရာခိုင်နှုန်းလောက် နားလည် သွားရင်တောင်မှ ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒကို နားလည် သဘောပေါက် နိုင်လိမ့်မယ်။ တကယ်လို့ မင်းက သည်ဓားကွက်ကို ၂၀ ရာခိုင်နှုန်းလောက် သဘောပေါက် သွားရင်တော့ ဆန်းကြယ် အထွတ်အထိပ် ဓားဆန္ဒကိုတောင် နားလည် သွားနိုင်တယ်။
" ဒါက မြေကမ္ဘာအဆင့် ဓားကွက်လား..."
လီဖူချန်းက မေးလိုက်ပါတယ်။
နံပါတ်၁ ပဟေဠိ သိုင်းသမားက ပြုံးလိုက်ပြီး
" ဒါက ငါ စိတ်ကူးပေါက်ရာ လုပ်လိုက်တဲ့ ရိုရိုး ဓားချက် တစ်ချက်ပဲ ။ ဒါပေမဲ့ ငါက မြေကမ္ဘာ အဆင့် ဓားဆန္ဒ တစ်ခုကို ထည့်ထားတယ်ဆိုတော့ ...။ အင်း... သည်ဓားကွက်က မြေကမ္ဘာ အဆင့် ဓားကွက်လို့ သတ်မှတ်လို့ ရပါတယ်"
" မြေကမ္ဘာအဆင့် ဓားဆန္ဒ "
လီဖူချန်းက ပါးစပ် အဟောင်းသား ဖြစ်သွားခဲ့ပါပြီ။
လီဖူချန်းက ပဟေဠိ သိုင်းသမား၈ယောက်ကို ပြန်လည် ဝင်စားခြင်း နယ်ပယ် ပညာရှင်တွေ လို့သာ သိထားတာပါ။ သည်အတိုင်း ဆိုရင်တော့ သူသိထားတာတွေက အမှားတွေပါပဲ။
ပဟေဠိ သိုင်းသမားတွေက ပြန်လည် ဝင်စားခြင်း နယ်ပယ် အထက်က ပညာရှင်တွေ ဖြစ်မှာ အသေအချာပါပဲ။
' ဒါပဲကွ... ဒါမှ ငါ့ဆရာ '
လီဖူချန်းက စိတ်ထဲကနေ ကြုံးဝါး လိုက်ပါသေးတယ်။
သူ့ဆရာက သူထင်ထားတာထက်ကို အများကြီး အစွမ်းထက်နေသည် မဟုတ်ပါလား...။
သူ့ဆရာရဲ့ သည်သာမန် ဓားချက်လေး တစ်ချက်ကကိုမှ အရှေ့ယူနကွန်း တိုက်ကြီးမှာ ရှိနေတဲ့ ပြန်လည် ဝင်စားခြင်း နယ်ပယ်က ထိပ်သီး ပညာရှင်တွေ အကုန်လုံးကို သတ်ပစ်နိုင်စွမ်း ရှိပါတယ်။
သူ့ဆရာက သည်လျှို့ဝှက် နယ်မြေထဲကနေ စိတ်ထင်တိုင်း ထွက်လို့ မရလို့သာပေါ့။ မဟုတ်ရင်တော့ လီဖူချန်းက အရှေ့ယူနီကွန်း ဓားဧကရာဇ်ရဲ့ တပည့်ဆိုပြီး နာမည်ကြီး နေလောက်ပါပြီ။
" မင်းက အချိန်တို အတွင်းမှာတော့ ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒကို နားလည် နိုင်ဦးမှာ မဟုတ်ဘူး။ ပထမဆုံး ငါစဉ်းစားထားတာကတော့
မင်းကို အလွန်အစွမ်းထက်တဲ့ ဆန်းကြယ် အလယ်အလတ်အဆင့် ပေါင်းချုပ် ဓားကွက် ဖန်တီးခိုင်းဖို့ပဲ"
နံပါတ်၁ ပဟေဠိ သိုင်းသမားက လီဖူချန်းရဲ့ လက်ရှိ အခြေအနေကို ကောင်းကောင်းကြီး ရိပ်စားမိပါတယ်။
ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒတွေ ဆိုတာက ကောင်းကင်နယ်ပယ် ပညာရှင်တွေ သာလျှင် နားလည် သဘောပေါက်ပြီး အသုံးပြုနိုင်တဲ့ အရာပါ။ မြေကမ္ဘာအဆင့် ပညာရှင်က ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒကို နားလည် သဘောပေါက်ပြီး အသုံးပြုနိုင်ဖို့ ဆိုတာက လုံးဝကို အခွင့်အရေး မရှိသလောက်ပါပဲ။
***