← Chapters

အပိုင်း ၂၆၆

Vol. 19 Ch. 266

အပိုင်း ၂၆၆

Vol. 19 Ch. 266

နောက်ပိုင်း အချိန်တွေ တော်တော်များများကိုတော့ လီဖူချန်းက ပေါင်းချုပ် ဓားကွက် ဖန်တီးဖို့ ကြိုးစားနေရင်းနဲ့ပဲ  အချိန်ကုန်လွန် ခဲ့ပါတယ်။

သူ့ဆရာရဲ့ လမ်းညွှန်မှု အချို့ကို ရပြီးနောက်မှာတေ့ာ လီဖူချန်းက ဓားသိုင်း အကြောင်းကို ပိုနားလည်လာခဲ့တဲ့ အတွက် သူ့ရဲ့ ဓားသိုင်း ပေါင်းစပ်ပုံတွေက ပိုပြီး နည်းလမ်းတွေ  ပိုစုံ လာခဲ့ပါတယ်။

ပေါင်းချုပ်ဓားကွက် ဖန်တီးတယ် ဆိုတာက ဓားသိုင်း အပေါ်မှာ ဘယ်လောက် အထိ နားလည်သလဲ ဆိုတာတင် မကပါဘူး။ အခြားသော သူသတိ မပြုမိသည့် အရာတွေ အများကြီး  ပါဝင် ပတ်သက် နေသေးတယ် ဆိုတာကိုတော့ လီဖူချန်း တစ်ယောက် ကောင်းကောင်းကြီး နားလည် သဘောပေါက် သွားခဲ့ပါပြီ။

အတွင်းအားကို စနစ်တကျ လိုသလို အသုံးပြုခြင်း၊ အခြေခံ ခွန်အား၊ ရုတ်တရက် ခွန်အား ပေါက်ကွဲ ထွက်လာမှု တင်မက သူ့ရဲ့ စိတ်ဝိညာဉ် အားကိုပါ ပေါင်းထည့်ဖို့ အတွက်ပါ  စတင် လေ့လာနေပါပြီ။  ဓားကွက်ရဲ့ သတ်ဖြတ်နိုင်စွမ်းအား ကောင်းဖို့ဆိုရင် စိတ်ဝိညာဉ် အားတွေပါ လိုအပ်တယ် ဆိုတာကို လီဖူချန်း တစ်ယောက် နားလည် သဘောပေါက်ခဲ့တယ်လေ။

အခြားတစ်ဖက်မှာလည်း သူ့ရဲ့ ဆန်းကြယ် အလယ်အလတ် ဓားဆန္ဒက တဖြည်းဖြည်း ဖွံ့ဖြိုးလာခဲ့ပြီး  ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒ အဆင့်ကို တရွေ့ရွေ့  ချဉ်းကပ် နေပါတယ်။

***

-      ဒုတိယမြောက် တောင်    -

သည်ရက်ပိုင်း အတွင်းမှာတော့ ဆံဖြူ အဘိုးအိုက ချူးယီကို ကောင်းကောင်း သင်ပြ ပေးနေပါတယ်။

ချူးယီရဲ့ ကျင့်ကြံမှု အဆင့်က တော်တော်လေး မြင့်နေပါပြီ။  ဆံဖြူ အဘိုးအိုရဲ့ သင်ပြမှုပါ   ထပ်ပေါင်း လိုက်တဲ့ အခါမှာတော့ ချူးယီက အရင်ကထက်ကို  ပိုလျင်မြန်စွာနဲ့ တိုးတက် လာနေပါတယ်။

" ငါ့ရဲ့ ဓားတာအိုက ဓားဧကရာဇ်  တာအိုပဲ ...။ မင်းရဲ့ ဓားဘုရင် တာအိုနဲ့ သိပ်မကွာဘူး ။ ငါက မင်းကို  ဆုံးမစကား အနည်းငယ် ပြောလိုက်မယ်။ အဲဒါကို မင်းဘဝ တစ်လျှောက်လုံး မေ့မပစ်လိုက်နဲ့"

ဆံဖြူအဘိုးအိုက  ချူးယီကို ဆုံးမ သြဝါဒစကား ပြောနေပါတယ်။

"ဓားဘုရင် တာအိုဆိုတာ  စီမံအုပ်ချုပ်ရတဲ့ ဓားတာအို လမ်းစဉ်ပဲ။ အရာအားလုံးက မင်းရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေရမယ်။ မင်းရဲ့ လက်ထဲက ဓားတောင်မှ မင်းစေလိုရာကို သွားတဲ့ အထိ ထိန်းချုပ် နိုင်ရမယ်။  မင်းက အရာအားလုံးရဲ့ အရှင်သခင်ပဲ။ ပြီးတော့ ဓားဘုရင် တစ်ယောက်ရဲ့ စိတ်နှလုံးကိုလည်း မွေးမြူထားနိုင်ရမယ်။ မင်းက လူတစ်ယောက်ကို မုန်းချင်ရင် မုန်းလို့ရတယ်။ ဒါပေမဲ့ တိုက်ခိုက် ကြပြီဆိုတဲ့ အချိန်မှာတော့ အဲသည် အမုန်းတရားကြီးကို မေ့ဖျောက် ပစ်လိုက်တော့။ အင်း ...ဒါတွေကိုတော့ မင်း သိပ်နားလည်ဦးမယ် မထင်ပါဘူးကွာ။ မင်းဓားပညာကို  ကောင်းကောင်းကြီး နားလည်လာတဲ့ တစ်နေ့ကျရင်တော့ ငါပြောတာတွေကို အလိုလို သဘောပေါက် လာလိမ့်မယ်"

" ဓားဘုရင် တစ်ယောက်ရဲ့ စိတ်နှလုံး…"

ချူးယီက အဲသည် စကားလုံးကိုသာ အခေါက်ခေါက် အခါခါ  ပြန်ရွတ်နေပါတယ်။

ဆံဖြူအဘိုးအိုက သူ့ရဲ့  သြဝါဒစကားကို ထပ်ဆက်ပါတယ်။

" သည်ကမ္ဘာပေါ်မှာ  မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေ ရှိကြတယ်။ ဒါပေမဲ့ အချို့ ပါရမီရှင်တွေကတော့ လမ်းတစ်ဝက်မှာပဲ ကျရှုံးကုန်ပြီး သာမန် လူတွေလို နေထိုင်သွားရတယ်။ အဲဒါ ဘာဖြစ်လို့လည်း သိလား...။  သူတို့က နောက်ထပ် ဆက်လျှောက် ရမယ့်လမ်းကို သေသေချာချာ မသတ်မှတ်ထားလို့ ပဲကွ။ ပါရမီကို အားကိုးတဲ့ ကောင်တွေကတော့ တစ်နေ့မှာ သူတို့ ပါရမီတွေ ကုန်သွားရင် ဘာဆက်လုပ် ရမလည်း ဆိုတာကို မတွေးထားကြဘူး။ ဒါကြောင့်  ပါရမီရှင်တွေက ကျဆုံးကုန်ကြတာ။ ချုးယီ  ... ဆရာပြောတာကို မြဲမြဲမှတ်ထားစမ်း…။      မလျော့သော ဇွဲလုံ့လနဲ့  ကြိုးစားပြီး  ခိုင်မာတဲ့ စိတ်ဆုံးဖြတ် မှုမျိုးရှိတဲ့  နှလုံးသား ပိုင်ရှင်က သာလျှင် သိုင်းတာအို လမ်းစဉ်ကို အဆုံးအထိ လျှောက်လှမ်း နိုင်တာကွ။ ပါရမီဆိုတာမျိုးက သိုင်းတာအို လမ်းစဉ်ရဲ့ ခရီးတစ်ထောက် လောက် အထိပဲ အသုံးဝင်တာ"

စကားဆုံးသွားတာနဲ့ ဆံဖြူအဘိုးအိုက ချူးယီကို ထားခဲ့ပြီး ထွက်သွား ပါတော့တယ်။

ချူးယီရဲ့ ပင်ကိုပါရမီက သူ့ရဲ့ သတ်မှတ်ချက် စံနှုန်းကို မီတယ် ဆိုရုံလေးသာ ဖြစ်ပေမယ့်လည်း သူက ချူးယီကို လက်ရင်း တပည့်အဖြစ် လင်ခံခဲ့ပြီးပြီ ဖြစ်တဲ့ အတွက် အစွမ်းကုန် သင်ပေးရမှာပါပဲ။ ဘယ်လိုပဲ ဖြစ်ပါစေလေ  ချုးယီက သူ့ရဲ့ ပထမဆုံးသော လက်ရင်း တပည့်ပင် မဟုတ်ပါလား။ ပြီးတော့ သူခံယူ ထားတာကတော့ ပင်ကိုပါရမီက အရာရာကို ကိုယ်စား ပြုနိုင်တာ မဟုတ်ပါဘူး။

တကယ်လို့ ပင်ကို ပါရမီကသာ အရာရာကို ကိုယ်စားပြု နေလို့ကတော့  သည်ကမ္ဘာကြီးက အလွန်ကို ပျင်းစရာ ကောင်းသွား တော့မှာပါပဲ။

လူတစ်ယောက်ရဲ့ ကံကြမ္မာဆိုတာက ဘယ်သူမှ လာသတ်မှတ်ပေးလို့ မရပါဘူး။ မိမိရဲ့ ကံကြမ္မာက မိမိလက်ထဲမှာ ရှိသည် မဟုတ်ပါလား။

" ဓားဘုရင်ရဲ့ စိတ်နှလုံးသား "

ချူးယီက အဲသည် စကားလုံးကို ထပ်ပြန်တလဲလဲ ရွတ်နေရင်းနဲ့ သူ့ရဲ့ ခန္ဓာကိုယ်ကနေ ဘုရင် အရှိန်အဝါတွေ ထွက်လာပါတယ်။

ထို့နောက်မှာတော့ ချူးယီက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး  ကြုံးဝါး လိုက်ပါတယ်။

" ငါ့လက်ထဲက ဓားက လူတိုင်းရဲ့ ကံကြမ္မာကို ဆုံးဖြတ်နိုင်ရမယ်။ ဒါမှသာ ငါ့ရဲ့ ဓားတာအိုက  ဓားဘုရင် တာအိုလို့ ခေါ်ဝေါ်ရတာနဲ့ ထိုက်တန် လိမ့်မယ်။ ငါချူးယီက လူသားတွေရဲ့ ကန့်သတ်ချက်ကို ကျော်လွန်ပြီး ဓားဘုရင် တစ်ယောက် ဖြစ်လာစေရမယ်ဟေ့..."

- တတိယမြောက်တောင် -

သည်တောင်ပေါ်မှာတော့  ဖီးနစ် မျက်လုံးပိုင်ရှင် လူကြီးက စုမုယူကို လိုအပ်တာတွေ  ညွှန်ပြ နေပါတယ်။

သူ့ရဲ့ မျက်လုံးထဲမှာတော့ စုမုယူက  ချူးယီထက် လုံးဝ နိမ့်မကျပါဘူး။

စုမုယူရဲ့ အားနည်းချက်က အသက်ငယ်တာနဲ့ ဘဝ အတွေ့အကြုံ မရှိတာပါပဲ။

တကယ်လို့ စုမုယူကသာ နောက်ထပ် နှစ်အနည်းကြာမှ ထူးခြား ဆန်းကြယ် လျှို့ဝှက် နယ်မြေထဲကို ဝင်ခဲ့မယ်ဆိုရင်တော့ သေချာပေါက် ဆဋ္ဌမမြောက် ဆန်းကြယ် တံခါးကို ဖြတ်ကျော် နိုင်မှာပါ။

ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေရဲ့ စမ်းသပ်ချက်တွေက တရားမျှတတယ်လို့ သိကြပါတယ်။ ဒါပေမဲ့ အချို့နေရာတွေမှာတော့ တရား မမျှတတာတွေလည်း ရှိပါသေးတယ်။

သည်လောကပေါ်မှာတော့ တစ်ရာ ရာခိုင်နှုန်း တရားမျှတတယ် ဆိုတာကတော့ ရှိမှာ မဟုတ်ပါဘူး။

ဘာဖြစ်လို့လည်း ဆိုတော့ တစ်ခါတရံမှာ အဲသည် တရားမျှတတယ်လို့ သတ်မှတ်ထားတဲ့  အရာတွေက အခြားရှုထောင့် တစ်ဖက်ကနေ ကြည့်လိုက်ရင်  တရားမမျှတမှုတွေ  ဖြစ်နေလို့ပါပဲ။

လူတိုင်းက လီဖူချန်းလို အသက်၂၀အရွယ်နဲ့ အဘက်ဘက်မှာ ထူးချွန်နေတာမျိုး မဟုတ်ပါဘူး။

" စုမုယူ... ဆရာကတော့ ပဟေဠိ သိုင်းသမားတွေထဲမှာ အဆင့်၃ပဲ ချိတ်တယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့။ မင်းရဲ့ ပင်ကိုပါရမီက အခြားလူတွေထက် နိမ့်ကျနေတာမှ မဟုတ်တာ။  မင်းရဲ့ တိုးတက်မှုနှုန်းက  ဘာယ်သူနဲ့ ယှဉ်ယှဉ်  မရှုံးနိမ့်စေရဘူး ဆိုတာ ဆရာ ရဲရဲကြီး အာမခံတယ်။ ဒါပေမဲ့ ချွင်းချက်တော့ ရှိတယ်။ အဲသည် သူတွေထဲမှာ လီဖူချန်းတော့ မပါဘူး။ "

ဇာမဏီ မျက်လုံးအစုံဖြင့် လူကြီးက ရဲရဲကြီး အာမခံလိုက်ပါတယ်။

သူ့ရဲ့ ယုံကြည်မှုတွေကတော့ စုမုယူ ထံကနေ မြစ်ဖျား ခံလာတာပါ။

သည်မိန်းမငယ်လေးရဲ့ သိုင်းပညာ အပေါ် နားလည် သဘောပေါက်နိုင်စွမ်းက တကယ်ကို မြင့်လွန်းပါတယ်။ တစ်ထွာလောက် ပြလိုက်တာနဲ့ တစ်လံလောက် မြင်တယ် ဆိုတာက သည်လို လူစားမျိုးပဲ ဖြစ်ပါလိမ့်မည်။

" စိတ်ချပါ ဆရာ...။ မုယူက မခိုမကပ်ဘဲနဲ့  ကြိုးစားပါ့မယ်"

စုမုယူက သူမရဲ့ ထိုးထွင်းသိမြင်မှု အပေါ်မှာတော့ လုံးဝကို ယုံကြည်မှု ရှိပါတယ်။ သူမရဲ့  စိတ်ဝိညာဉ် ခွန်အားနဲ့ ကျင့်ကြံမှု အဆင့်ကတော့ ချူးယီကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်ပါလိမ့်မယ်။  ဒါပေမဲ့ သိုင်းပညာအပေါ် ထိုးထွင်းသိမြင်မှု အပိုင်းမှာတော့ သူမက ချူးယီထက် လုံးဝ နိမ့်ကျစရာ အကြောင်း မရှိပါဘူး။

***

လီဖူချန်း အတွက်ကတော့ ပေါင်းချုပ် ဓားကွက် တီထွင် ဖန်တီးရတာက အရမ်းကို လွယ်ကူတယ်လို့ သတ်မှတ်နိုင်သလို  စိမ်ခေါ်မှု တစ်ခုဆိုရင်လည်း မမှားပါဘူး။

သူက ဘယ်လို အမျိုးအစား  ပေါင်းချုပ်ဓားကွက်ကို ဖန်တီး ချင်သလည်း ဆိုတဲ့ အပေါ်မှာသာ မူတည် ပါတယ်။

သူက သာမန် ပေါင်းချုပ် ဓားကွက်ကို ဖန်တီးမှာလား ဒါမှမဟုတ် ကြောက်စရာ ကောင်းလွန်းတဲ့ ပေါင်းချုပ် ဓားကွက်ကို ဖန်တီးမှာလား ။

သူသာ သာမန် ပေါင်းချုပ်ဓားကွက် တစ်ကွက်ကို ဖန်တီးလိုက်မယ် ဆိုရင်တော့ သူ့ဆရာက သေချာပေါက် စိတ်ပျက် သွားမှာပါပဲ။

အဲသည်အတွက် လီဖူချန်းက ကြောက်စရာ ကောင်းလွန်းတဲ့ ပေါင်းချုပ် ဓားကွက် တစ်ကွက်ကို တီထွင်နိုင်ဖို့ လိုအပ်ပါတယ်။

သည်ပေါင်းချုပ် ဓားကွက်ထဲမှာတော့ ဓားဆန္ဒနှစ်ခု ရောနှော မထည့်ထားဖို့ လီဖူချန်းက စဉ်းစား ထားပါတယ်။

အခုသူ နားလည် သဘောပေါက်ထားတဲ့ အရာတွေနဲ့ဆိုရင် ဓားဆန္ဒ တစ်ခုက  လုံလောက် နေပါပြီ။

အဲသည်အတွက် သူက မီးတောက်ကြယ် ဓားဆန္ဒကို ရွေးချယ် လိုက်ပါတယ်။

မီးတောက်ကြယ် ဓားဆန္ဒက ပေါက်ကွဲအား ကောင်းတဲ့ ဓားဆန္ဒ တစ်ခုပါ။ လီဖူချန်းကသာ သည်ဓားဆန္ဒနဲ့ လိုက်ဖက်ညီတဲ့ ပေါင်းချုပ်ဓားကွက် တစ်ကွက်ကို ဖန်တီး ပေးနိုင်ဖို့ လိုပါတယ်။

"ပျက်စီးစမ်း "

လီဖူချန်းက သစ်ကိုင်း တစ်ကိုင်းနဲ့ ကျောက်တုံးကြီး တစ်တုံးကို လှမ်းထိုး လိုက်ပါတယ်။

ဖောင်း…

ပျက်စီး သွားခဲ့ပါပြီ။

ကျောက်တုံးတော့ မဟုတ်ပါဘူး။ သူ့လက်ထဲက သစ်ကိုင်းပါ။

" မရသေးဘူး...။ ငါထည့်ထားတဲ့ အတွင်းအားက အရမ်းများ နေသေးတယ်။ ငါရဲ့ အတွင်းအား ထိန်းချုပ်ပုံ အမှားအယွင်းတွေ ဖြစ်နေတုန်းပဲ "

လီဖူချန်းက ခေါင်းတခါခါနဲ့ ပါးစပ်ကနေ  တတွတ်တွတ် ပြောနေပါတယ်။

သူက သူ့ရဲ့ အတွင်းအားကို လူသားနယ်ပယ် အထိတောင် လျော့ချထားပြီးပါပြီ။ ဒါပေမဲ့ သစ်ကိုင်းက သူ့ရဲ့ အတွင်းအားကို တောင့်မခံ နိုင်သေးပါဘူး။

သူ့ရဲ့ ဆရာဖြစ်သူက စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အတွင်းအားနဲ့ သစ်ကိုင်းခြောက်ကို အသုံးပြုပြီး ဓားကွက်ကို သုံးခဲ့တာလေ။

တကယ်လို့ လီဖူချန်းက သူ့ရဲ့ ပေါင်းချုပ် ဓားကွက်ကို အောင်မြင်ချင်ရင် သူသုံးလိုက်တဲ့ သစ်ကိုင်းတိုင်းဟာ ဘယ်နယ်ပယ်က အတွင်းအားမျိုးကို မဆို ခံနိုင်ရည် ရှိရပါမယ်။ မဟုတ်ရင်တော့ သူ့ရဲ့ ပေါင်းချုပ်ဓားကွက်က မပြည့်စုံတဲ့ ပေါင်းချုပ် ဓားကွက် တစ်ကွက်သာ ဖြစ်နေဦးမှာပါ။

အခုတော့ လီဖူချန်း လက်ထဲက  သစ်ကိုင်းက စိတ်တန်ခိုး ဖွဲ့စည်းခြင်းနယ်ပယ် အတွင်းအား မပြောနဲ့။ လူသားနယ်ပယ်က အတွင်းအားကိုတောင် မခံနိုင်သေးပါဘူး။

အဖြေကတော့ ရှင်းပါတယ်။

လီဖူချန်းက သူ့ရဲ့ အတွင်းအားတွေကို ကျွမ်းကျင်စွာ အသုံး မချနိုင်သေးလို့ပါပဲ။

ပြီးတော့ သူ့ဓားကွက်ရဲ့ စွမ်းအင် ပေါက်ကွဲမှုက မီးတောက်ကြယ် ဓားဆန္ဒနဲ့  လိုက်လျော ညီထွေမှု မရှိသေးလို့ပါ။

အချိန်တွေက လျင်မြန်စွာ ကုန်ဆုံး သွားခဲ့ပါပြီ။

တစ်ပတ် အကြာမှာတော့...

" ပျက်စီးစမ်း "

လီဖူချန်းက သူ့လက်ထဲက သစ်ကိုင်းနဲ့ ကျောက်တုံးကြီး တစ်တုံးကို  ဆောင့်ထိုး လိုက်ပါတယ်။ သူသုံးထားတဲ့ အတွင်းအားကတော့ လူသားနယ်ပယ် အတွင်းအားပါပဲ။

ဘန်း …

ကျောက်တုံးကြီးက တစ်စီ ကြေမွ သွားခဲ့ပါပြီ။

သူ့လက်ထဲက သစ်ကိုင်းကလည်း နည်းနည်းတော့ ကျိုးပဲ့ သွားပါတယ်။

" နောက်ဆုံးတော့ လမ်းစပေါ်ကို ရောက်လာပြီပဲ။ "

လီဖူချန်းက အခုမှ သက်ပြင်းချနိုင်ပါတော့တယ်။

ပထမ ဘုံဗိမ္မာန်ထဲမှာ ရှိနေတဲ့ နံပါတ်၁ ပဟေဠိ သိုင်းသမားကြီးကလည်း တစ်ချက် ပြုံးလိုက်ပါတယ်။ သူက လီဖူချန်းကို ရေကန်မျက်နှာပြင်ပေါ်ကနေ မြင်ရနေသည် မဟုတ်ပါလား ။

လီဖူချန်းရဲ့ ထိုးထွင်း သိမြင်နိုင်မှုက တကယ်ပဲ အားကောင်း လွန်းလှပါတယ်။ သူက ဓားဆန္ဒ တစ်ခုတည်းကို အသုံးပြုပြီး သည်အဆင့်အထိ ရောက်လာအောင် ဖန်တီး နိုင်ခဲ့တယ်လေ။ အထူးသဖြင့် ပေါက်ကွဲအား ကောင်းလွန်းတဲ့ ဓားဆန္ဒကို ထိန်းချုပ်ပြီးတော့ပေါ့။

လောကကြီးပေါ်မှာ သန်းနဲ့ချီတဲ့ ဓားဆန္ဒတွေ ရှိပါတယ်။ အချို့ဓား ဆန္ဒတွေကိုတော့ ကျင်ကျင်လည်လည် ထိန်းချုပ်နိုင်ဖို့ ခက်ခဲ လွန်းလှပါတယ်။ လီဖူချန်းရဲ့ မီးတောက်ကြယ် ဓားဆန္ဒက ထိန်းချုပ်ဖို့ ခဲယဉ်းတဲ့ ဓားဆန္ဒ အမျိုးအစားပါပဲ။

ပြောင်းလွယ် ပြင်လွယ်ရှိတဲ့ ဓားဆန္ဒမျိုး ဒါမှမဟုတ် ယင်နဲ့ယန် မျှတနေတဲ့ ဓားဆန္ဒမျိုး ဆိုရင်တော့ လီဖူချန်းက ပိုပြီး ထိန်းချူပ်ရ လွယ်သွားမှာပါ။

သည်လိုနဲ့ပဲ နောက်ထပ် အချိန်သုံးရက် ကုန်ဆုံးသွားခဲ့ ပြန်ပါတယ်။

အခုတော့ လီဖူချန်း တစ်ယောက် သစ်ကိုင်းတွေကို မထိခိုက်စေဘဲနဲ့ ကျောက်တုံးကြီးတွေကို အပိုင်းပိုင်း အစစဖြစ်အောင် လုပ်ဆောင် နိုင်ခဲ့ပါပြီ။

"ဟုတ်ပြီ...။ စိတ်တန်ခိုး ဖွဲ့စည်းခြင်း နယ်ပယ် အတွင်းအားနဲ့ စကျင့်လို့ ရပြီ"

လီဖူချန်းရဲ့ စိတ်တန်ခိုးဖွဲ့စည်းခြင်းနယ်ပယ် အတွင်းအားက နဂိုကတည်းကမှ အရမ်း အားကောင်းတာပါ။ သစ်ကိုင်းနဲ့ သူ့ရဲ့ ပေါင်းချုပ် ဓားကွက်ကို ထုတ်သုံးလိုက်ရင်တော့ သေချာပေါက်ကို သစ်ကိုင်းက တစ်စစီ ဖြစ်သွားမှာပါပဲ။

ဒါပေမဲ့ ဒါက လီဖူချန်းအတွက် ပြဿနာ မဟုတ်ပါဘူး။

သူက ထိုးထွင်း သိမြင်မှု အပိုင်းမှာ အားနည်းနေတဲ့ လူမှ မဟုတ်တာ။

သူလိုနေတာဆိုလို့ ဓားတာအို အခြေခံ သဘောတရားနဲ့ လုံလောက်တဲ့ အချိန် အတိုင်းအတာ တစ်ခုပါပဲ။

ဓားတာအို အခြေခံ သဘောတရားတွေကိုတော့ သူ့ရဲ့ ဆရာက နေ့ည မပြတ်ကို လာပို့ချ နေတယ်လေ။ အဲသည် အတွက် လီဖူချန်းက ဓားတာအို သဘောတရား အပိုင်းကို လုံးဝ စိတ်ပူ နေစရာ မလိုပါဘူူး။

သင့်တော်တဲ့ အချိန်တစ်ခုကို ရောက်သွားတာနဲ့ တစ်ပြိုင်နက် လီဖူချန်းရဲ့ ပေါင်းချုပ် ဓားကွက်က ပြီးပြည့်စုံ သွားတော့မှာပါ။

သည်လိုနဲ့ဘဲ...အချိန်တွေက လျင်မြန်စွာ ကုန်ဆုံး သွားခဲ့ပြန်ပါပြီ။

ယနေ့မှာတော့  လီဖူချန်း တစ်ယောက်  ကျောက်တုံးကြီး တစ်တုံးရှေ့မှာ ရပ်နေပါတယ်။

သူ့ရဲ့ လက်ထဲမှာတော့ သာမန် သစ်ကိုင်းလေး တစ်ကိုင်း ...။

အဲသည် သစ်ကိုင်းကနေ  ချီအငွေ့အသက်တွေတောင် လုံးဝမခံစားရပါဘူး။

" ပေါက်ကွဲစမ်းကွာ "

လီဖူချန်းက သစ်ကိုင်းကို ဆောင့်ထိုး လိုက်တာနဲ့ တစ်ပြိုင်နက် လေထုထဲမှာ သစ်ကိုင်းရိပ်တွေ အများကြီး ပေါ်ထွက်လာခဲ့ပါတယ်။

ဝုန်း …

ကျောက်တုံးကြီးက အပိုင်းပိုင်း အစစ ကြေမွ သွားရုံသာမက ကျောက်တုံးအောက်မှာ ရှိနေတဲ့ မြေပြင်ကလည်း ချိုင့်ဝင် သွားခဲ့ ပါသေးတယ်။

ဒါပေမဲ့ လီဖူချန်းရဲ့ လက်ထဲက သစ်ကိုင်းကတော့ ပကတိ အကောင်းအတိုင်းပါပဲ။

" ဒုတိယမြောက် ပေါင်းချုပ်ဓားကွက်က ပြီးပြည့်စုံသွားခဲ့ပြီ။ "

လီဖူချန်းရဲ့ မျက်လုံးကတော့ ကြောက်စရာ ကောင်းလောက်အောင်ကို တလက်လက် တောက်ပ နေခဲ့ပါတယ်။

တစ်လလောက် ကြာပြီး သွားတဲ့ နောက်မှာတော့ သူ့ရဲ့ ဒုတိယမြောက် ပေါင်းချုပ် ဓားကွက်ကို ဖန်တီးနိုင်ခဲ့ပြီ မဟုတ်ပါလား။

သည်ဓားကွက်က လျင်မြန်တယ်၊ ကြမ်းတမ်းတယ်။ ပြီးတော့ ထိန်းမနိုင်သိမ်းမရကို ပေါက်ကွဲအား ကောင်းလွန်းပါတယ်။ သည်ဓားကွက်က  မီးတောက် ကြယ်ဓားဆန္ဒနဲ့ လုံးဝကို လိုက်ဖက် ညီလွန်းပါတယ်။

ဒါပေမဲ့ လုံးဝကို ထိန်းမနိုင် သိမ်းမရတာမျိုးတော့ မဟုတ်ပါဘူး။ လီဖူချန်း ကျင်လည်စွာ ထိန်းချုပ်နိုင်တဲ့  ထိန်းမနိုင် သိမ်းမရ ပေါက်ကွဲအား မျိုးပါ။

" ငါ သည်ဒုတိယ ပေါင်းချုပ် ဓားကွက်ကို  ' ပေါက်ကွဲခြင်းဓား ' လို့  နာမည်ပေးလိုက်မယ်"

လီဖူချန်းက ပထမ ပေါင်းချုပ် ဓားကွက်ကိုတေ့ာ 'စီးမျောခြင်းဓား' လို့ အမည် ပေးထားသည်လေ။

***

All Chapters