← Chapters

စိန်ခေါ်မှု

Vol. 20 Ch. 267

စိန်ခေါ်မှု

Vol. 20 Ch. 267

“မဆိုးဘူး ... တကယ် မဆိုးဘူးပဲ။ သည်ပေါင်းချုပ် ဓားကွက် ငါ ထင်ထားတာထက်ကို အများကြီး ပိုအစွမ်းထက်တယ်”

ရုတ်တရက် နံပါတ်၁ ပဟေဠိ သိုင်းသမားကြီးက မည်သည့် နေရာကနေ ပေါ်လို့ပေါ်လာမှန်း မသိဘဲ လီဖူချန်းရဲ့ အနောက်ဘက်မှာ ရောက်လာခဲ့ပါတယ်။

လီဖူချန်းကလည်း ချက်ချင်းပင် အနောက်ကို လှည့်ပြီး လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေ ပြုလိုက်တယ်လေ။

“ဆရာ”

နံပါတ်၁ ပဟေဠိ သိုင်းသမားကြီးက ခေါင်းတဆတ်ဆတ် ညိတ်လိုက်ပြီး

“ဒါပေမဲ့ မလုံလောက်သေးဘူး ဖူချန်း ...။ ငါက မင်းကို သည်ထက် အားကောင်းတဲ့ ပေါင်းချုပ် ဓားကွက်ကို ဖန်တီး စေချင်တာ  …။ စည်ဓားကွက်ထက် နည်းနည်းလေး ပိုအားကောင်းတာကိုလည်း ဆရာစက မလိုချင်ဘူးနော်။ အနည်းဆုံးတော့ မင်းရဲ့ နောက်ထပ် ပေါင်းချုပ် ဓားကွက်က အခု သည်ဓားကွက်ထက်ကို တစ်ဝက်လောက် ပိုပြီး အားကောင်း စေချင်တယ်။ အရှင်းဆုံး ပြောရမယ် ဆိုရင်တော့ ဆန်းကြယ် အဆင့်မြင့် ပေါင်းချုပ် ဓားကွက်အဆင့် နီးပါးပေါ့ကွာ”

“ဆန်းကြယ် အဆင့်မြင့် ပေါင်းချုပ် ဓားကွက် နီးပါးလား ...”

လီဖူချန်းရဲ့ မျက်နှာ အမူအရာက နည်းနည်းလေး ပြောင်းသွားခဲ့ပါပြီ။

သူ့ရဲ့ ပထမဆုံး ပေါင်းချုပ် ဓားကွက်တောင်မှ အတော်လေးကို အားကောင်းတယ်လို့ ပြောလို့ရတဲ့ အနေအထားမှာပါ။ သူ့ရဲ့ ပထမဆုံး ပေါင်းချုပ်ဓားကွက်က မိစ္ဆာနှင် ဓားသိုင်းထက် ၁၃၀ရာခိုင်နှုန်း ပိုအားကောင်းပါတယ်။ သူ့ရဲ့ ဒုတိယ ပေါင်းချုပ် ဓားကွက်ကတော့ ပထမ ပေါင်းချုပ် ဓားကွက်ထက်ကို ၃၀ရာခိုင်နှုန်း ပိုအားကောင်းပြီး မိစ္ဆာနှင် ဓားသိုင်းထက် ၁၇၀ ရာခိုင်နှုန်းနီးပါး ပိုအားကောင်းတာ ဖြစ်ပါတယ်။ တကယ်လို့ လီဖူချန်းကသာ တတိယမြောက် ပေါင်းချုပ်ဓားကွက်ကို ဖန်တီးမယ် ဆိုရင် အဲသည် ဓားကွက်က မိစ္ဆာနှင် ဓားသိုင်းထက်ကို နှစ်ဆနီးပါး ပိုအားကောင်း နေရမှာပါ။

(သည်နေရာမှာ မေးစရာ တစ်ခု ရှိလာပါပြီ။ မိစ္ဆာနှင်ဓားသိုင်းက ဆန်းကြယ် အဆင့်မြင့် ဓားသိုင်းဆို ...။ ဘယ်လိုလုပ်ပြီး လီဖူချန်းရဲ့ ပေါင်းချုပ် ဓားကွက်က မိစ္ဆာနှင် ဓားသိုင်းထက် ပိုအားကောင်း နေရတာ လည်းပေါ့။ ဟုတ်ကဲ့ပါ ...။ လီဖူချန်းက မိစ္ဆာနှင် ဓားသိုင်းကို အလုံးစုံတတ်သိ နားလည်ခြင်း အဆင့်အထိပဲ လေ့ကျင့်နိုင်ပါ သေးတယ်။ တစ်ဖက်ကမ်းခပ် တတ်မြောက်ခြင်း အဆင့်ကို ရောက်ဖို့ အတွက်ကတော့ မဖြစ်နိုင်သေးပါဘူး။ အဲသည်တော့ မိစ္ဆာနှင် ဓားဆန္ဒကို မရသေးပါဘူး။ သူသာမိစ္ဆာနှင် ဓားဆန္ဒကို နားလည်အသုံးပြု သွားနိုင်ပြီ ဆိုရင်တော့ ဘယ်လောက် အားကောင်းတဲ့ ဆန်းကြယ် အလယ်အလတ် ပေါင်းချုပ် ဓားကွက်ပဲ ဖြစ်ဖြစ် မိစ္ဆာနှင် ဓားဆန္ဒကို ယှဉ်နိုင်စရာ အကြောင်း မရှိပါဘူး။ )

“ဘာလဲ ...။ မင်း တတိယမြောက် ပေါင်းချုပ် ဓားကွက်ကို မလုပ်နိုင်ဘူးလား …”

နံပါတ်၁ ပဟေဠိ သိုင်းသမားကြီးက လီဖူချန်းကို မေးလိုက်ပါတယ်။

လီဖူချန်းကလည်း ယုံကြည်မှု အပြည့်ရှိသည့် လေသံဖြင့်

"ကျွန်တော် လုပ်နိုင်ပါတယ် ဆရာ ...”

သူ့ရဲ့ ရာဇဝင်မှာတော့ သူမလုပ်နိုင်ဘူး ဆိုတာ ဘာမှ မရှိပါဘူး။

သူ့ကိုသာ အချိန် အလုံအလောက် ပေးမယ်ဆိုရင် မိစ္ဆာနှင် ဓားဆန္ဒကိုတောင် နားလည် သဘောပေါက်ပြီး အသုံးပြုနိုင် ပါသေးတယ်။

“မင်းလုပ်နိုင်တယ် ဆိုရင် ပြီးတာပဲ”

နံပါတ်၁ ပဟေဠိ သိုင်းသမားကြီးက ပြုံးရင်းနဲ့ ပြောလိုက်ပါတယ်။

သူက လီဖူချန်းရဲ့ ပါရမီနဲ့ အလားအလာတွေကို ဖြည်းဖြည်းချင်း ဆွဲထုတ်ဖို့ ကြိုးစားနေသည် မဟုတ်ပါလား။

သူ့ရဲ့ အမြင်မှာတော့ လီဖူချန်းရဲ့ ပါရမီနဲ့ အလားအလာတွေက ကောင်းကောင်းကို မဖွံ့ဖြိုးသေးပါဘူး။

အချက်အလက်နဲ့ တိတိကျကျ ပြောရမယ် ဆိုရင်တော့ လူတစ်ယောက်ဟာ သူ့ရဲ့ ပါရမီကို ၁၀၀ရာခိုင်နှုန်း ဖွံ့ဖြိုးလာအောင် လုပ်ဖို့အတွက် များပြားတဲ့ လေ့ကျင့်ခန်းတွေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေကို ကျော်ဖြတ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်လည်း အရိုးတည်ဆောက်ပုံချင်း တူညီတဲ့ လူနှစ်ယောက်ရဲ့ စွမ်းရည်က ထပ်တူမညီဘဲ ကွာခြားချင်တွေ ရှိနေရတာပါ။

'အင်း ... ငါ့ရဲ့ တတိယမြောက် ပေါင်းချုပ် ဓားကွက်ကိုတော့ မျောလွင့်ဓား ဆန္ဒနဲ့ စမ်းကြည့်ရမယ် ထင်တယ်’

လီဖူချန်းက တတိယမြောက် ဓားကွက်ကို ဖန်တီးဖို့အတွက် အခြေခံ တော်တော်လေးကို ရှိနေပါပြီ။

လီဖူချန်းက သူ့ရဲ့ တတိယမြောက် ပေါင်းချုပ် ဓားကွက်ကို ဖန်တီးဖို့ အလုပ်များ နေစဉ်မှာပင် နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးရဲ့ အမည်ခံ တပည့်အချို့က သည်းမခံနိုင်တော့သည့် ပုံဖြင့် တစ်စခန်း ထလာကြပါတယ်။

“အစ်ကိုကြီး ခင်ဗျား ... အစ်ကိုချန်က အစ်ကိုကြီးကို စကားစမြည် ပြောဆိုဖို့အတွက် ဖိတ်ခေါ် လိုက်ပါတယ်”

ယနေ့မှာတော့ အမည်ခံ တပည့်တစ်ယောက်က လီဖူချန်း ဓားသိုင်း လေ့ကျင့်နေတဲ့ နေရာကို ရောက်လာခဲ့ပါပြီ။

“ဘာအကြောင်း ပြောချင်လို့လဲကွ ...။ ငါသည်မှာ အားနေတာမှ မဟုတ်တာ ...”

လီဖူချန်းက အစ်ကိုချန် ဆိုသူ့ရဲ့ အကြောင်းကို သိပါတယ်။

နံပါတ်တစ် ပဟေဠိ သိုင်းသမားရဲ့ အမည်ခံ တပည့်တွေ အကုန်လုံးဟာ ဆန်းကြယ် တတိယတံခါးကို ကျော်ဖြတ် နိုင်သူတွေပါပဲ။ ဒါပေမဲ့ ဆန်းကြယ် စတုတ္ထတံခါးကို ကျော်ဖြတ်နိုင်တဲ့သူ ၂ယောက် ရှိပါသေးတယ်။ အဲသည်ထဲက တစ်ယောက်ကတော့ ချန်ကောင်းရှီ ပါ။ သူက မြစ်ဖျားဂိုဏ်းရဲ့ နံပါတ်၁ တိုက်ရိုက်တပည့် ဖြစ်ပါတယ်။ ပြီးတော့ ချန်ကောင်းရှီက ချောင်းစွယ် တိမ်တိုက်ဂိုဏ်းရဲ့ နံပါတ်၁ တိုက်ရိုက် တပည့်ဖြစ်တဲ့ လုရီထက်ကို ငယ်တဲ့ လူငယ်လေး တစ်ယောက်ပါ။ သူ့ရဲ့ ကျားနဂါးစာရင်း အဆင့်က၆၀ ဖြစ်တဲ့အတွက် အတော်လေး အစွမ်းထက်တဲ့ သူလို့ မှတ်ယူနိုင်ပါတယ်။

“ကျွန်တော်တို့ အားလုံးက ဆရာ တစ်ယောက်တည်းရဲ့ လက်အောက်မှာ ပညာသင်ကြား နေကြတာလေ။ ဒါကြောင့် အစ်ကိုချန်က အစ်ကိုကြီးနဲ့ ခင်မင်ရင်းနှီးမှု ရှိအောင် အရက်လေး ဘာလေး သောက်ရင်း စကားစမြည် ပြောဖို့ ဖိတ်ခိုင်း လိုက်တာပါ ခင်ဗျာ ...”

လီဖူချန်းကို လာရောက်ဖိတ်ခေါ်တဲ့ လူငယ်က အပြုံးတု တစ်ခုကို ပြုံးထားရင်းနဲ့ လီဖူချန်းရဲ့ အဖြေကို စောင့်မျှော်နေပါတယ်။

လီဖူချန်းက ခေါင်းညိတ်လိုက်ပြီး

“ဟုတ်ပြီလေ ...။ မင်းအရင် ပြန်နှင့်လိုက် ...။ ငါခြေလက် သန့်စင်ပြီးရင် လိုက်လာခဲ့မယ်”

ဒါက သူ့ကို စိန်ခေါ်ဖို့ တမင်သက်သက် အကြောင်းပြတယ် ဆိုတာကို လီဖူချန်းလို လူက မသိစရာ အကြောင်းမရှိပါဘူး။

လက်ရင်း တပည့်နဲ့ အမည်ခံတပည့် ဆိုတာက သူတို့ဆရာရဲ့ သတ်မှတ်ချက် တစ်ခုပါပဲ။

တကယ်တမ်း လက်ရှိ အစွမ်းချင်း ယှဉ်မယ်ဆိုရင်တော့ သိပ်ပြီး ကွာခြားနေတာမှ မဟုတ်တာလေ။ အမည်ခံ တပည့်တွေကတောင် လီဖူချန်းထက် ပိုအစွမ်းထက်ရင် ထက်နေပါဦးမည်။

အမည်ခံတပည့်တွေ ဆိုတာကလည်း လီဖူချန်းကို စတွေ့ကတည်းက သမဖို့ ချောင်းနေကြတဲ့ သူတွေချည်းပါပဲ။

သူတို့ရဲ့ ဆရာဖြစ်သူ အလစ်ကို စောင့်နေရလို့သာ သည်အချိန်အထိ ကြာနေတာပါ။

သူတို့က လက်ရင်း တပည့်ဖြစ်သူ လီဖူချန်းကို ပေါ်တင်ကြီးတော့ ရန်မရှာရဲပါဘူး။

လီဖူချန်းတစ်ယောက် ဖိတ်ခေါ်ထားတဲ့ နေရာကို ရောက်တဲ့အခါမှာတော့ အမည်ခံတပည့် ၉ယောက်က ကြိုပြီး ရောက်နေကြပါပြီ။

သည်အမည်ခံ တပည့် ၉ယောက်ရဲ့ ခေါင်းဆောင်ဖြစ်သူ ကတော့ သာမန် ရုပ်ရည်ပါပဲ။ ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ် ကြွက်သားတွေကတော့ အတော်လေးကို ကျစ်ကျစ်လျစ်လျစ်နဲ့ တောင့်တင်း နေတာပါ။

ပြီးတော့ သူ့ရဲ့မျက်လုံး အစုံကလည်း ရေခဲသမျှ အေးစက် နေပါတယ်။

ချန်ကောင်းရှီ …

မြစ်ဖျားဂိုဏ်းရဲ့ နံပါတ်၁ တိုက်ရိုက်တပည့် ဖြစ်ပြီး မြေကမ္ဘာနယ်ပယ် အဆင့်၉ ပညာရှင် တစ်ယောက်ပါ။ သူ့ကို လွန်ခဲ့တဲ့ ၁၀လကျော်ကတည်းက နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက အမည်ခံတပည့် အဖြစ် လက်ခံခဲ့တာ ဖြစ်ပါတယ်။

ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲမှာက စည်းမျဉ်းတစ်ခု ရှိပြီးသားပါ။ အဲသည် စည်းမျဉ်းကတော့ တပည့် ဖြစ်သူတွေဟာ ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲမှာ တစ်နှစ်တိတိသာ နေခွင့်ရမှာ ဖြစ်ပါတယ်။ တစ်နှစ်ပြည့်တာနဲ့ သူတို့ဟာ ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲက ထွက်ခွာရမှာ ဖြစ်ပြီး ဘယ်တော့မှ ပြန်လာခွင့် မရှိတော့ပါဘူး။

ချန်ကောင်းရှီက ထူးခြားဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲကနေ ထွက်ခွာရဖို့ အတွက် အချိန် တစ်လကျော်ကျော် နှစ်လနီးပါးသာ ကျန်ရှိနေ တော့တာပါ။ သူက သည်ထူးခြား ဆန်းကြယ် သိုင်းလျှို့ဝှက် နယ်မြေထဲကနေ မထွက်သွားခင်လေးမှာ နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးရဲ့ လက်ရင်းတပည့်တစ်ယောက် ဖြစ်သွားချင်ပါ သေးတယ်။

အပြင်လောကမှာ လျှောက်သွားဖို့ ဆိုတာက မြစ်ဖျားဂိုဏ်းသား ဆိုတဲ့ ဂုဏ်ပုဒ်နဲ့တင် မလုံလောက်ဘူး ဆိုတာကို ချန်ကောင်းရှီ တစ်ယောက် ကောင်းကောင်းကြီး သိရှိထားတယ်လေ။

ဒါကြောင့် သူက လီဖူချန်းကို အနိုင်ယူပြီး နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးရဲ့ အာရုံစိုက်မှုကို လိုချင်နေတာပါ။

“လီဖူချန်း ... မင်းရောက်လာပြီပဲ”

ချန်ကောင်းရှီက လီဖူချန်းကို အစ်ကိုကြီးလို့ မခေါ်ဘဲ နာမည်တပ်ပြီးသာ ခေါ်လိုက်ပါတယ်။

လီဖူချန်းက အဲဒါကို စိတ်ထဲမထားဘဲ နေရာလွတ် တစ်ခုကိုသာ ရှာပြီး ထိုင်ချလိုက်ပါတယ်။ ပြီးတာနဲ့ သူက

“ငါ့ကို စိန်ခေါ်ချင်တဲ့လူ ရှိရင် ငါ့ဆီကို တိုက်ရိုက်လာခဲ့ ...။ ပုဆိုးခြုံပြီး လက်သီးပြ မနေနဲ့တော့ ...။ ငါ့မှာ အချိန် သိပ်မရှိဘူး”

ချန်ကောင်းရှီက ရယ်လိုက်ပြီး

“ဟုတ်ပါပြီကွာ ...။ ငါတို့က မင်းကို သေချာပေါက် စိန်ခေါ် တိုက်ခိုက်မှာပါ။ ဒါပေမဲ့ ငါတို့က အခုချိန်မှာတော့ တစ်ဆရာတည်း လက်အောက်က တပည့်တွေပဲလေ။ ဒါကြောင့် တစ်ခွက်တစ်ဖလား လောက်တော့ အရင် သောက်ကြတာပေါ့။ ငါဆိုတဲ့ ချန်ကောင်းရှီက လောကဝတ် အခြေခံတွေကိုတော့ နားလည် ပါသေးတယ်ကွ”

“ရတယ်။ ငါလည်း သောက်ချင် နေတာနဲ့ အတော်ပဲ”

လီဖူချန်းက အရက် သောက်ဖို့ကိုတော့ ငြင်းစရာ အကြောင်း မရှိပါဘူး။ ပြီးတော့ ဒါကလည်း သိပ်ပြီးတော့ အချိန်ကြာစရာ အကြောင်းမှ မရှိတာလေ။

“ကမ်းပေ့”

“ကမ်းပေ့”

သုံးခွက်လောက် မော့ပြီးတဲ့ အချိန်မှာတော့ လူအားလုံးက တိုက်ပွဲကို ဆာလောင် နေကြပါပြီ။

“အစ်ကိုကြီး ... ကျွန်တော်က လန်းတာအိုပါ။ သိုင်းကွက် အနည်းငယ်လောက် သင်ပြပေးပါဦး”

ခြေတံလက်တံ ရှည်ရှည်၊ မျက်လုံးမျက်ဖန် ကောင်းကောင်းနဲ့ လူငယ်တစ်ယောက်က လီဖူချန်းကို စပြီး စိန်ခေါ်လိုက်ပါတယ်။

“ကျေးဇူးပြုပြီး”

လီဖူချန်းကလည်း မတ်တတ် ထရပ်လိုက်ပါပြီ။

ချန်ကောင်းရှီက

“တရားမျှတမှု ရှိအောင် အားလုံးက ကန့်သတ် ဝင်္ကပါ ထဲမှာပဲ တိုက်လိုက်ရမယ်”ဟု သတိပေး လိုက်ပါတယ်။

သူတို့ ဆုံတွေ့တဲ့ စုရပ်က သာမန် နေရာတစ်ခု မဟုတ်ပါဘူး။ သည်စုရပ်ရဲ့ ဘေးမှာ ကန့်သတ်ချက် ဝင်္ကပါ တစ်ခု ရှိနေပါတယ်။

သည်ဝင်္ကပါထဲကို ဝင်လိုက်တဲ့ လူတိုင်းဟာ လူသား နယ်ပယ်ကို ရောက်ရှိသွားမှာပါ။

ရှင်းရှင်းပြောရမယ် ဆိုရင်တော့ သည်ဝင်္ကပါထဲကို ဝင်လိုက်သူတိုင်းက တရားမျှတစွာပဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ကျင့်ကြံမှု အဆင့် မြင့်တာက သည်ဝင်္ကပါ ထဲမှာတော့ အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ သည်ဝင်္ကပါ ထဲမှာတော့ ကိုယ့်ရဲ့ သိုင်းပညာအပေါ် နားလည်မှုကသာ အဖြေကို ဆုံးဖြတ် ပေးသွားမှာပါ။

ချန်ကောင်းရှီက တရားမျှတစွာ အနိုင် ရယူချင်သူပါ။ သူက ကျင့်ကြံမှုနယ်ပယ် အားကိုးနဲ့ လီဖူချန်းကို အနိုင်ယူရမှာကို ရှက်ပါတယ်။

( note - နောက်ဆုံးတော့ ရှန်းရှ စာစဉ်တွေထဲမှာ တရားမျှတမှုကို လိုလားတဲ့ ပြိုင်ဘက်ကောင်းကို မြင်ခဲ့ဖူးပါပြီဗျာ’)

လီဖူချန်းတစ်ယောက် ဝင်္ကပါ အစီအရင်ထဲကို ဝင်လိုက်တာနဲ့ တစ်ပြိုင်နက် သူ့ရဲ့ ချီအတွင်းအားက လူသားနယ်ပယ် အဆင့်ကိုးအထိ လျော့ကျ သွားတာကို သတိပြုမိ လိုက်ပါတယ်။ လီဖူချန်းက မီးနဂါးလျှို့ဝှက် နည်းစနစ်ကို ထုတ်သုံးပြု လိုက်တာတောင်မှ သူ့ရဲ့ ချီအတွင်းအားတွေက လူသားနယ်ပယ် အဆင့်၉ထက် ပိုမတိုးလာပါဘူး။

“ထူးဆန်းလိုက်တဲ့ ဝင်္ကပါ အစီအရင်ပါလား”

လီဖူချန်းကတော့ ထူးခြားဆန်းကြယ် လျှို့ဝှက်နယ်မြေရဲ့ လျှို့ဝှက် ဆန်းကြယ်ပုံတွေကို တွေးဆလို့တောင် မမီနိုင်တော့ပါဘူး။

သာမန်ဂိုဏ်းတွေ မပြောနဲ့။ အရှေ့ယူနီကွန်း တိုက်ကြီးရဲ့ အင်အားစုကြီးတွ ေတောင်မှ သည်လို ဝင်္ကပါမျိုးကို ပိုင်ဆိုင်ထားနိုင်တဲ့ အရည်အချင်းမျိုး မရှိပါဘူးလေ။

ကန့်သတ် ဝင်္ကပါ ထဲမှာတော့ လန်းတာအိုနဲ့ လီဖူချန်းတို့က တစ်ယောက်နဲ့တစ်ယောက် ၁၀မီတာ အကွာမှာ မျက်နှာချင်းဆိုင် ရပ်နေကြပါပြီ။

“အစ်ကိုကြီး ... သတိထားပါ”

လန်းတာအိုက သူ့ရဲ့ ဓားရှည်ကို ဆွဲထုတ်လိုက်တဲ့ အခါမှာတော့ ကြေက်စရာ ကောင်းလှတဲ့ ဓားအငွေ့အသက်တွေ ထွက်ပေါ် လာခဲ့ပါတယ်။

လန်းတာအိုက နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးရဲ့ အမည်ခံ တပည့် ဖြစ်ရင်ဖြစ်မှာပါ။ ဒါပေမဲ့ သူက နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးရဲ့ လမ်းညွှန်မှုတွေကို အတော်အသင့် ရရှိပြီးပါပြီ။ အဲသည်အတွက် သူက ဒုတိယမြောက် ပေါင်းချုပ် သိုင်းကွက်ကိုတောင် တီထွင် ထားနိုင်ခဲ့ပါတယ်။

“မင်း စွမ်းသလောက်သာ တိုက်စမ်းပါ”

လီဖူချန်းက တည်ငြိမ်စွာနဲ့ ရှိနေဆဲပါပဲ။

“လေဓား ... ဝေ့ဝဲ တိုက်ခိုက်ခြင်း”

လင်းတာအိုက သူ့ရဲ့ ပထမ ပေါင်းချုပ် ဓားကွက်ကို ထုတ်သုံး လိုက်ပါပြီ။

သည်ဓားကွက်က သည်လျှို့ဝှက် နယ်မြေထဲကို မရောက်ခင် ကတည်းက သူတီထွင် ဖန်တီးထားတဲ့ ပေါင်းချုပ်ဓားကွက် ဖြစ်ပါတယ်။ သည်ဓားကွက်ရဲ့ စွမ်းအားက ဆန်းကြယ် အလယ်အလတ် ဓားသိုင်းထက်တောင် ပိုအားကောင်း ပါသေးတယ်။

သည်ဓားကွက်က တစ်ဖက်လူရဲ့ အရည်အချင်းကို စမ်းသက်ရုံ သက်သက်ပါပဲ။ သည်လို ဓားကွက်လေးနဲ့ လီဖူချန်းကို အနိုင်ယူနိုင် လိမ့်မယ်လို့ တွေးထား ရလောက်တဲ့ အထိတော့ လင်းတာအိုက မတုံးအသေးပါဘူး။

“မင်းရဲ့ တကယ့် ဓားသိုင်းကို ထုတ်သုံးစမ်းပါကွာ ...။ အချိန်ကုန်အောင် မလုပ်ချင်စမ်းပါနဲ့ ...”

လီဖူချန်းက လင်းတာအိုရဲ့ ဓားချက်ကို မိစ္ဆာနှင် ဓားသိုင်းဖြင့်သာ ကာကွယ် လိုက်ပါတယ်။

လင်းတာအိုကတော့ အနောက်ကို ခြေလှမ်း၇လမ်းလောက် ဆုတ်လိုက်ရပါပြီ။

လင်းတာအိုရဲ့ ပေါင်းချုပ် ဓားကွက်က အားနည်းလွန်းတဲ့ အတွက် မိစ္ဆာနှင် ဓားသိုင်းကိုတောင် မယှဉ်နိုင်ခဲ့ပါဘူး။

“ဟုတ်ပြီလေ ... ဟုတ်ပါပြီကွာ ...”

“လေမုန်တိုင်း သတ်ဖြတ်ခြင်း ဓားကွက် လာစမ်း ...”

လင်းတာအိုက အသက်ကို တစ်ဝကြီးရှူပြီး ဓားကွက် ပြောင်းလိုက်ပါတယ်။ သူ့ရဲ့ မျက်လုံးတွေက အရမ်းကို ထက်မြက်တဲ့ ပုံစံ ပြောင်းသွားသလို လက်ထဲက ဓားကလည်း မုန်တိုင်းသမျှ ပြင်းထန် လာခဲ့ပါပြီ။ သည်ဓားကွက်ရဲ့ သတ်ဖြတ်ခြင်း အငွေ့အသက်တွေက ပတ်ဝန်းကျင် တစ်ခုလုံးကိုတောင် အသက်ရှူရ ခက်ခဲသွားစေ ခဲ့ပါတယ်။

“အရမ်း အားနည်းတယ်”

လီဖူချန်းကတော့ သူ့ရဲ့ ပေါင်းချုပ် ဓားကွက်ကိုတောင် အသုံးမပြုဘဲ မိစ္ဆာနှင် ဓားသိုင်းဖြင့်သာ ခုခံလိုက်ပြန်ပါပြီ။ သူ့ရဲ့ ဓားက လန်းတာအိုရဲ့ ဟာကွက်ထဲကို တိုးဝင် သွားပါတယ်။

ကြောက်စရာ ကောင်းလှတဲ့ ဓားမုန်တိုင်းကြီး ကတော့ လီဖူချန်းရဲ့ ဓားချက် တစ်ချက်တည်းနဲ့တင် ပျက်စီး သွားခဲ့ပါပြီလေ။

ဒုတိယ ဓားချက် တစ်ချက်တောင် ထုတ်စရာ မလိုတော့ပါဘူး။

“ဆန်းကြယ် အဆင့်မြင့် ဓားသိုင်းကိုပဲ သုံးလိုက်တာလား”

ချန်ကောင်းရှီက စိတ်ဝင်စားစွာဖြင့် လီဖူချန်းကို အကဲခတ် နေပါတယ်။

သူက တစ်ချက်ကြည့် လိုက်တာနဲ့တင် လီဖူချန်း တစ်ယောက် ပေါင်းချုပ် ဓားကွက်ကိုတောင် အသုံးမပြုလိုက်ဘူး ဆိုတာကို သိပါတယ်။

ပေါင်းချုပ် ဓားကွက်တွေ ဆိုတာက အရမ်းကို ပြင်းထန်လွန်းတဲ့ ဓားကွက်တွေပါ။ ပြီးတော့ ပေါင်းချုပ် ဓားကွက်တွေမှာက ထူးခြားတဲ့ အရည်အသွေး တစ်ခု ပါဝင်နေပါတယ်။ အခု လီဖူချန်း သုံးလိုက်တဲ့ ဓားကွက်ထဲမှာတော့ အဲသည် ထူးခြားတဲ့ အရည်အသွေး တစ်ခု ပါရှိ မနေပါဘူး။ ဒါကြောင့် ချန်ကောင်းရှီက လီဖူချန်း သုံးလိုက်တဲ့ ဓားသိုင်းကို ဆန်းကြယ် အဆင့်မြင့် ဓားသိုင်းလို့ ကောက်ချက် ချလိုက်တာပဲ ဖြစ်ပါတယ်။

***

All Chapters