← Chapters

ဓားသိုင်း၏ နက်နဲဆန်းကြယ်သော သဘောတရားများ

Vol. 34 Ch. 462

ဓားသိုင်း၏ နက်နဲဆန်းကြယ်သော သဘောတရားများ

Vol. 34 Ch. 462

“ငါတို့ သူတို့နောက် လိုက်သွားပြီး ပုန်းနေသင့်တယ်” ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ချင်မူ၏ အမျိုးသမီးစစ်တပ်ကြီးကို ကြည့်ကာ အေးအေးလူလူ ပြောလိုက်သည်။ “ပါ့ကော်နဲ့ အဲဒီနတ်ဘုရား လှုပ်ရှားမှာကို စောင့်ကြမယ်။ ကျန်တဲ့ကိစ္စတွေကိုတော့ ဂိုဏ်းသခင်ချင် ဖြေရှင်းပေးလိမ့်မယ်”

ရှုန်းရှီယွီမှာ စိတ်နှလုံးသားထဲ ထိခတ်သွားမိ၏။ မဟာမြို့ပျက်တွင် ချင်မူ့အား အကူအညီတောင်းခဲ့တုန်းက သူတို့သားအမိကို ကယ်တင်ခဲ့‌သော ထိုကောင်လေး၌ ကြောက်မက်ဖွယ်ရာ အစွမ်းအစများရှိနေမှန်း မသိခဲ့ပေ။ သူက အနောက်ကမ္ဘာမြေ၌ပင် ယခုလို ဩဇာလွှမ်းမိုးနိုင်နေ၏။

အင်အားကြီးမားသော မိသားစုတစ်စု၏ တပည့်တစ်ဦးသာ ဖြစ်သည်ဟု ထင်ခဲ့သော်လည်း သူ့ကို နားလည်လာသည်နှင့်အမျှ သူ၏ထူးခြားမှုများကြောင့် သူမ တုန်လှုပ်ခဲ့ရသည်။

ဝါးမြို့ကြီးက တရှိန်ထိုး ပြေးနေပြီး ချင်မူနှင့် အနောက်ကမ္ဘာမြေ၏ အာဏာပိုင်မိသားစုများက မြို့မျှော်စင်ထိပ်တွင် ရပ်ကာ စစ်တပ်ကြီးအား ဦးစီးကွပ်ကဲနေသည်။

အ‌နောက်ကမ္ဘာမြေ၏ အာဏာပိုင်မိသားစုများမှာ လေ့ကျင့်ထိန်းကျောင်းထားသော စစ်သည်များမဟုတ်သဖြင့် ဦးစီးကွပ်ကဲရာတွင် အတော်လေး အားထည့်ရသည်။

ကံကောင်းထောက်မစွာဖြင့် ဝင်္ကပါအစီအရင်များတွင် တတ်ကျွမ်းသည့် ဝင်္ကပါဆရာမ ဟယ့်ရီရီက အာဏာပိုင်မိသားစုများကို ဦးစီညွှန်ကြားပေးသည်။ သူမ၏အကူအညီကြောင့် တဖြည်းဖြည်း အဆင်ပြေချောမွေ့လာ၏။

“အ‌နောက်ကမ္ဘာမြေရဲ့ ဓားဆရာမ လော့ယင်ယွီ အလယ်ကမ္ဘာမြေရဲ့ ဂိုဏ်းသခင်ချင်ကို ဂါဝရပြုပါတယ်”

ချင်မူ လှမ်းကြည့်လိုက်သည့်အခါ သူ့ဆီ လျှောက်လာနေသော ဆံပင်ရှည်ရှည်မိန်းကလေးတစ်ယောက်အား မြင်လိုက်ရ၍ ကပျာကယာ အရိုသေပြန်ပေးလိုက်သည်။

အနောက်ကမ္ဘာမြေတွင် အဆိပ်ဆရာမ မုယင်ရွှယ်၊ ဝင်္ကပါဆရာမ ဟယ့်ရီရီနှင့် ဓားဆရာမ လော့ယင်ယွီဟူ၍ ဆရာသခင်သုံးဦး ရှိသည်။ ချင်မူ့အနေဖြင့် မုယင်ရွှယ်၊ ဟယ့်ရီရီတို့ဖြင့် ရင်းနှီးထားပြီးဖြစ်ရာ ဓားဆရာမ လော့ယင်ယွီကသာ နည်းနည်းစိမ်းနေ၏။

သူမက အနောက်ကမ္ဘာမြေသူများနှင့် မတူပေ။ အနောက်ကမ္ဘာမြေသူများသည် ရွှေငွေအဆင်တန်ဆာများ၊ သရဖူများ၊ လည်ဆွဲများနှင့် လက်ကောက်များစွာကို ဝတ်ဆင်တတ်သော်လည်း ဓားဆရာမကိုယ်ပေါ်တွင်မူ မည်သည့်အဆင်တန်ဆာကိုမှ မတွေ့ရပေ။

အဝတ်အစားများကလည်း လွန်စွာရိုးရှင်း၏။ သာမန်ဝတ်ရုံတစ်စုံသာ ဝတ်ထားသော်လည်း ရိုးရှင်းသောအလှဖြင့် တင့်တယ်ကြော့ရှင်းနေသည်။ ဆံပင်ကိုလည်း ပြင်ပြင်ဆင်ဆင် ထုံးဖွဲ့မထားပေ။ ရှုပ်ပွမသွားအောင် ရိုးရိုးဖဲကြိုးဖြင့် ချည်ထားသည်။ ကျန်မိန်းကလေးများနည်းတူ သူမ၏ နက်မှောင်သော ဆံပင်များက ခါးလယ်အထိ ကျနေကာ အဖြူ‌ရောင်ဝတ်ရုံဖြင့် ဆန့်ကျင်ဘက် ဖြစ်နေ၏။

ဤမျှရိုးရှင်းစွာ ဝတ်ထားသည့် အကြောင်းရင်းမှာ သူမသည် မည်သည့်အညစ်အကြေးမှ စွန်းထင်းမနေသော ဓားတစ်လက်သဖွယ် ဖြစ်၍ပင်။ အဆင်တန်ဆာများက သူမအတွက် အညစ်အကြေးများသာ ဖြစ်လိမ့်မည်။

သူမအတွက် ဓားသည်သာ သူမ၏ဘဝ၊ ဓားသည်သာ သူမ၏လင်ယောက်ျားဖြစ်နေသည်အထိ ဓားမှလွဲ၍ ပျော်ရွှင်ခြင်း၊ နှစ်သက်ခြင်းကို မခံစားတတ်တော့ပေ။

ချင်မူ သူမအား ကြည့်လိုက်သည့်အချိန်တွင် ဓားတစ်လက် သူ့ကို ချိန်ရွယ်ထားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ ဦးညွတ်အရိုအသေပေးသည်အခါ ဓားရောင်က စူးရှစွာ တောက်ပလာ၏။ ၎င်းက အလွန်တရာ စူးရှထက်မြက်ပြီး သူ၏တာအိုနှလုံးသားတည့်တည့်ကို ချိန်ရွယ်ထားသည်။

ချင်မူက ပြန်လည်ဦးညွှတ်ခြင်းဖြင့် သူမ၏ဓားအာရုံကို အလွယ်တကူ ကာဆီးလိုက်၏။

ဓားဆရာမ လော့ယင်ယွီက ခါးပြန်မတ်ကာ သူ့အား ထူးဆန်းစွာ ကြည့်သည်။ “ဂိုဏ်းသခင်ချင်ကလည်း ဓားပညာရှင်တစ်ယောက်ပဲလား”

ချင်မူက နှိမ့်ချစွာ ဖြေလိုက်သည်။ “မခံယူဝံ့ပါဘူး။ ဒီကမ္ဘာပေါ်မှာ ဓားပညာရှင်တွေ အများကြီးရှိပါတယ်။ ဓားစွမ်းရည်အရ ကျွန်တော့်ထက် ထူးချွန်ကြတာတွေလည်း အများကြီးပါ။ ဒါပေမဲ့ ဓားပညာရပ်နဲ့ပတ်သက်ရင်တော့ ကျွန်တော်လည်း တတ်မြောက်ထားပါတယ်”

ဓားဆရာမ လော့ယင်ယွီမှာ ပို၍သိချင်လာပြီး ပြောလိုက်၏။ “ကျွန်မ အလယ်ကမ္ဘာမြေကို သွားပြီး အဲဒီက ဓားပညာကို မြည်းစမ်းကြည့်ချင်နေတာကြာပါပြီ။ ဂိုဏ်းသခင်က အလယ်ကမ္ဘာမြေက ဓားပညာရှင်တစ်ယောက်ဆိုတော့ ဓားပညာမှာ ရှင့်ထက် သာတဲ့သူတွေနဲ့ မိတ်ဆက်ပေးလို့ရမလား”

ချင်မူက တွေးကြည့်ကာ ခေါင်းယမ်းလိုက်သည်။ “ဓားပညာရပ်အဆင့်မှာတော့ ကျွန်တော့်ထက် သာတဲ့သူ သိပ်မရှိလောက်ပေမယ့် ဓားလမ်းစဉ်အဆင့် ရောက်နေကြတဲ့သူတွေ ဘယ်လောက်ရှိလဲဆိုတာတော့ ကျွန်တော် မပြောတတ်ပါဘူး။ ဒါပေမဲ့ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက သေချာပေါက် ကျွန်တော့်ထက် သာတယ်။ ကျွန်တော်တို့ရွာက ဘိုးဘိုးရွာလူကြီးလည်း ရှိသေးတယ်။ သူက ကျွန်တော့်ကို ဓားကွက်သုံးကွက် သင်ပေးခဲ့တဲ့သူပါ။ သူ့ရဲ့ဓားလမ်းစဉ်ကလည်း ထူးခြားတယ်။ ကျန်တဲ့ပညာရှင်တွေနဲ့တော့ သိပ်မသိတဲ့အတွက် မပြောတတ်ပါဘူး”

“လမ်းစဉ်အဆင့်ဟုတ်လား” လော့ယင်ယွီ၏မျက်နှာတွင် စိတ်ပျက်မှုတို့ အထင်းသားပေါ်လာသည်။ “ဓားလမ်းစဉ်အဆင့်ကို တကယ် ရောက်သွားတဲ့သူ ရှိတယ်လား။ ကျွန်မ ဒီလောက်နှစ်‌ပေါင်းများစွာ ကြာတဲ့အထိ ဓားပညာကို အဆုံးစွန်အထိ လေ့လာလိုက်စားခဲ့ပေမယ့် ဓားလမ်းစဉ်အဆင့်ကို မရောက်သေးဘူး။ အဲဒီအဆင့်ကို ဝင်ရောက်သွားတဲ့လူတွေ တကယ်ရှိတာလား”

သူမ စိတ်ပျက်နေသည့်အကြောင်းရင်းကို ချင်မူ နားလည်သည်။ လော့ယင်ယွီသည် အသိအမြင်ကို အဆုံးအထိ လေ့လာ၍ ဓားပညာ၏ နက်နဲဆန်းကြယ်သော သဘောတရားများကို ရှာဖွေနေသော အဆင့်တွင် ဖြစ်သည်။ သဘောတရားများကို နားလည်သဘောထားပြီးဖြစ်သည့်တိုင် ဓားလမ်းကို မမြင်သေး၍ လမ်းစဉ်အဆင့်သို့ မတက်လှမ်းနိုင်ခဲ့ပေ။

အလယ်ကမ္ဘာမြေတွင် ဓားလမ်းစဉ်အဆင့် ဓားသိုင်းပညာရှင်များစွာ ရှိသည်ဟု ချင်မူပြောလိုက်ခြင်းက သူမအတွက် မခံချင်စရာ ဖြစ်သွားသည်။

ဓားပညာရပ်အဆင့်နှင့် ဓားလမ်းစဉ်အဆင့် ဆိုသည်မှာ စာလုံးနှစ်လုံးသာ ကွဲသော်လည်း အဆင့်နှစ်ဆင့်အကြား ကွာခြားမှုက မိုးနှင့်မြေပမာ ကြီးမား၏။

လူတစ်ယောက်သည် ဓားပညာရပ်တွင် မည်မျှထူးချွန်ထက်မြက်ပါစေ၊ လမ်းစဉ်အဆင့်ဓားသမားများ၏ ရှေ့မှောက်တွင် မပြောပလောက်တော့ပေ။

ချင်မူ၏သိချင်စိတ်များ ပြင်းပြလာပြီး သူက ပြောလိုက်သည်။ “ဓားဆရာမတို့ အနောက်ကမ္ဘာမြေရဲ့ ဓားပညာကို ကျွန်တော် မမြင်ဖူးတော့ အလယ်ကမ္ဘာမြေနဲ့ ဘယ်လိုကွာလဲ သိချင်မိတယ်။ ကျွန်တော်တို့မှာ အခြေခံဓားချက် ဆယ့်လေးချက် ရှိခဲ့ပါတယ်။ ဧကရာဇ်အတိုင်ပင်ခံက အခြေခံဓားချက်သုံးချက် ထပ်တီထွင်လိုက်လို့ စုစုပေါင်း ဆယ့်ခုနစ်ချက် ဖြစ်သွားပေမယ့် မကြာသေးမီကပဲ ကျွန်တော်လည်း နောက်တစ်ချက် တွေ့ရှိသွားလို့ စုစုပေါင်း အခြေခံဓားချက်ဆယ့်ရှစ်ချက် ရှိနေပါပြီ။ အနောက်ကမ္ဘာမြေမှာ အခြေခံဓားချက်ဘယ်နှစ်ချက် ရှိလဲဗျ”

လော့ယင်ယွီ၏မျက်လုံးများ ဝိုင်းစက်သွား၏။ “အလယ်ကမ္ဘာမြေမှာ အခြေခံဓားချက်ဆယ့်ရှစ်ချက်တောင် ရှိနေပြီလား။ ကျွန်မတို့အနောက်ကမ္ဘာမြေမှာ ဆယ့်လေးချက်ပဲ ရှိသေးတယ်။ ဒါပေမဲ့ ကျွန်မတို့ဓားပညာက ဓားဝိညာဉ်ကို အမှီပြုထားတာဆိုတော့ ရှင်တို့ဓားပညာနဲ့ ကွဲ‌လောက်တယ်”

ချင်မူ တမုဟုတ်ချင်း စိတ်လှုပ်ရှားလာသည်။ ယခုရက်ပိုင်း ဓားဝိညာဉ်များနှင့်ပတ်သက်၍ လေ့လာနေခဲ့သော်လည်း များစွာမတိုးတက်ခဲ့ပေ။ ‌လေ့လာစရာက များပြီး အချိန်က မလောက်မငှ ဖြစ်နေခဲ့သည်။ အနောက်ကမ္ဘာမြေမှ လော့ယင်ယွီကဲ့သို့ ဓားသမားတစ်ယောက်နှင့် ဆုံတွေ့ရခြင်းက ရခဲသော အခွင့်အရေးဖြစ်ချေရာ သူက သူမဆီမှ အကြံဉာဏ်များ တောင်းတော့သည်။

နှစ်ယောက်သား သူ၏ပြဿနာများကို အသေးစိတ် ဆွေးနွေးကြရင်း အကျိုးအမြတ်များစွာ ရရှိလိုက်ကြ၏။

အနောက်ကမ္ဘာမြေ၏ ဓားသိုင်းက ဝိညာဉ်များကို အသုံးချ၍ ဓားကွက်ထုတ်ဖော်ခြင်းဖြစ်ရာ ဓားစွမ်းအားသည် နှစ်ဆနီးပါး မြင့်တက်သွား၏။ ချင်မူ့အမြင်တွင် အနောက်ကမ္ဘာမြေ၏ ဓားပညာမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာနှင့် ယှဉ်လျှင် ပျင်းစရာကောင်းပြီး ရှိးရှင်းနေသည်။ ဓားပညာရှင်တစ်ယောက်ဖြစ်သော လော့ယင်ယွီပင်လျှင် အလယ်ကမ္ဘာမြေ၏ ဓားပညာရှင်များနှင့် ယှဉ်ပါက များစွာနိမ့်ကျနေသည်။

သို့တိုင်အောင် ဓားဝိညာဉ်က သူမဓားကွက်များ၏ စွမ်းအားကို အလယ်ကမ္ဘာမြေဓားပညာရှင်များ တောင့်တရုံသာ တတ်နိုင်သော အဆင့်အထိ မြှင့်တင်ပေးနိုင်သည်။ သူမ အခြေခံဓားချက်များကို ထုတ်ဖော်ပြသည့်အခါ လှုပ်ရှားမှုတိုင်းတွင် ကြောက်မက်ဖွယ်ရာ စွမ်းအားတို့ ပြည့်နှက်နေ၏။ သူမ၏ သူရဲကောင်းဆန်သော အငွေ့အသက်က ရန်သူကို ကြောက်ရွံ့သွားစေနိုင်သည်။

လော့ယင်ယွီလည်း အလယ်ကမ္ဘာမြေ၏ ပြုပြင်ပြောင်းလဲမှုမှ သယ်ဆောင်ပေးလာသည့် ထူးခြားသောအချက်များကို မြင်တွေ့သွား၏။ အလယ်ကမ္ဘာမြေ၏ ဓားသိုင်းတွင် ခန့်မှန်းမရနိုင်အောင် ပြောင်းလဲမှုပေါင်းများစွာ ကိန်းဝပ်နေသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ချင်မူ တီထွင်ခဲ့သော အခြေခံဓားချက်လေးချက်က ဓားသိုင်းကို ပို၍ပြောင်းလဲသွားစေခဲ့ရာ ဖြစ်နိုင်ခြေပေါင်းများစွာ တည်ရှိလာ၏။

လော့ယင်ယွီက ဝဲကတော့ဓားချက်၊ ရစ်ခွေဓားချက်၊ လွန်သွားဓားချက်နှင့် ချင်မူ တီထွင်ခဲ့သော ဆယ့်ရှစ်ချက်မြောက် ဓားချက်ကို ကစားကြည့်သည်။ သူမက စဉ်းစားပြီးနောက် ပြောလိုက်၏။ “တစ်ခုခု ထူးဆန်းနေသလိုပဲ။ အလယ်ကမ္ဘာမြေရဲ့ အခြေခံဓားချက်ဆယ့်လေးချက်က ကျွန်မတို့အနောက်ကမ္ဘာမြေနဲ့ မကွာပေမယ့် ဒီလေးချက်ကတော့ အခြေခံဓားချက်တွေဖြစ်နေတာတောင် ကျင့်ကြံလေလေ၊ မှော်စွမ်းအင်များများ လိုအပ်လေလေ ဖြစ်နေတယ်။ အထူးသဖြင့် ဂိုဏ်းသခင်ချင် တီထွင်ထားတဲ့ ဓားချက်ပဲ။ တစ်ကြိမ်လေး ထုတ်ဖော်လိုက်တာနဲ့တင် ကျွန်မရဲ့ ကျင့်စဉ်စွမ်းအင်တစ်ဝက်ကျော် ကုန်ခမ်းသွားပြီ။ ဆယ့်ကိုးချက်မြောက် ဓားချက်သာဆိုရင် ကောင်းကင်နတ်သိုင်းပညာတွေရဲ့ ကျင့်စဉ်အားလုံး ကုန်ခမ်းမသွားနိုင်ဘူးလား။ နှစ်ဆယ်မြောက် ဓားချက်ကို ရောက်ရင် ထုတ်ဖော်နိုင်တဲ့သူ ရှိပါ့ဦးမလား”

ချင်မူ ရင်ထဲတွင် ပြင်းပြင်းထန်ထန် လှုပ်ရှားသွားပြီး သွေးသောက်ရဲဘော်တစ်ယောက်ကို ရှာတွေ့သွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏မျက်လုံးများ တောက်ပလာ၏။ “ဆယ့်ကိုးချက်မြောက် ဓားချက်ကို ဓားဆရာမလည်း ခံစားရတယ်လား”

လော့ယင်ယွီက သူ့ကို ဝမ်းသာအားရ ကြည့်လိုက်သည်။ “ရှင်လည်း ခံစားရတယ်လား”

သူတို့နှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြ၏။

“ဆယ့်ရှစ်ချက်မြောက်ဓားချက်ကို တီထွင်ပြီးတော့ ကျွန်တော် ရှေ့ဆက်သွားချင်ခဲ့တယ်” ချင်မူမှာ စိတ်ရှုပ်လာပြီး သူ့စိတ်တွင် ရှိသမျှအကုန်လုံး ပြောပြလိုက်သည်။ “အဲဒီအချိန်တုန်းက ဆယ့်ကိုးချက်မြောက်ဓားချက် ရှိနေသေးတာ ခံစားခဲ့ရတယ်။ ဒါပေမဲ့ မမရီရီနဲ့ တိုက်ခိုက်နေတာဆိုတော့ ကျွန်တော် အာရုံလွင့်မနေရဲလို့ ဒီခံစားချက်ကို နက်နက်နဲနဲ မတွေးတောခဲ့မိဘူး။ ဆယ့်ကိုးချက်မြောက်ဓားချက် ရှိနေတာကတော့ လုံးဝ သေချာတယ်။ ဓားဆရာမလည်း ဆယ့်ကိုးချက်မြောက်ဓားချက်ကို ခံစားခဲ့ရတယ်ဆိုတော့ မမှားဘူးပဲ”

လော့ယင်ယွီက ခေါင်းညိတ်လိုက်သည်။ “ဆယ့်ကိုးချက်မြောက်ဓားချက်က ကျွန်မတို့နှစ်ယောက်အတွက် ဓားလမ်းစဉ်အဆင့်ကို တက်နိုင်မယ့် သော့ချက်ဖြစ်နိုင်တယ်”

နှစ်ယောက်သား စိတ်လှုပ်ရှားလာသည်။

လူငယ်လေးနှစ်ယောက် ဓားသိုင်းကို အတူတူ လေ့လာပြီး အတွေးအမြင်များ ဖလှယ်နေသည့်မြင်ကွင်းက အတော်များများ၏အာရုံကို ဖမ်းစားနေသည်။ သူတို့၏သိုင်းအဆင့်များက သူတို့နှစ်ယောက်ထက် မြင့်မားသော်လည်း တလေးတစား မချီးကျူးမိဘဲ မနေပေ။

“အခုမှ သတိရတယ်၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာက ပင်လယ်နားနီး ဒေသလေ ၊ ဘာလို့ အလယ်ကမ္ဘာမြေလို့ ခေါ်ကြတာလဲ” ချင်မူ စပ်စုကြည့်လိုက်သည်။

လော့ယင်ယွီက ခေါင်းယမ်းလိုက်၏။ “ကျွန်မက ဓားကိုပဲ စိတ်ဝင်စားတော့ အပြင်ကိစ္စတွေကို မသိဘူး”

ဘေးရှိ ဖန်းမိသားစုခေါင်းဆောင် ဖန်းချိုက်ဒယ်က ပြုံးကာ ဝင်ပြောလာ၏။ “ဂိုဏ်းသခင်ချင်၊ အလယ်ကမ္ဘာမြေဆိုတဲ့ နာမည်က အရင်ကတည်းက ရှိခဲ့တာပါ။ မဟာမြို့ပျက်နဲ့ အရှေ့ပိုင်းမြေပြင်တွေကို ရည်ညွှန်းပါတယ်။ ထာဝရငြိမ်းချမ်း‌ရေးအင်ပါယာအနားက အရှေ့ပင်လယ်ကို ဟိုတုန်းက အရှေ့ကမ္ဘာမြေလို့ ခေါ်ခဲ့တာပါ”

ချင်မူမှာ ဖန်းချိုက်ဒယ်၏ စကားကြောင့် ဇဝေဇဝါ ဖြစ်သွားသည်။ “အရှေ့ပင်လယ်က မြေကြီးမှ မရှိတာ ဘယ်လိုလုပ် အရှေ့ကမ္ဘာမြေလို့ ခေါ်တာလဲ”

ဖန်းချိုက်ဒယ်မှာ ဤအကြောင်းကို သေသေချာချာ မလေ့လာဖူး၍ ခေါင်းသာ ယမ်းလိုက်သည်။ “ဒါကတော့ ကျွန်မလည်း မသိဘူး”

“အရှေ့ပင်လယ်က တစ်ချိန်တုန်းက မြေပြင်ဖြစ်ခဲ့လို့ အရှေ့ကမ္ဘာမြေလို့ ခေါ်တာပါ” ဖုမိသားစု၏ ခေါင်းဆောင်ဖုက ဝင်ပြောလိုက်သည်။ “ကျွန်မတို့ ဖုမိသားစုရဲ့ တိမ်တိုက်စာအုပ်ထဲမှာ အရှေ့ကမ္ဘာမြေနဲ့ အလယ်ကမ္ဘာမြေအကြောင်းတွေ မှတ်တမ်းတင်ထားတယ်။ ရေးထားတာအရတော့ အလယ်ကမ္ဘာမြေနဲ့ အလယ်ကမ္ဘာမြေက လက်ရှိပထဝီအနေအထားလို ပိုင်းခြမ်းထားတာ မဟုတ်ဘဲ ဟိုးရှေးရှေးတုန်းက ပထဝီအနေအထားနဲ့ ပိုင်းခြမ်းထားတာတဲ့”

ချူတောင်နတ်ဘုရားကျောင်းဆောင်ကို တွေးမိလိုက်၍ ချင်မူ ဒိန်းခနဲ ရင်ခုန်သွားမိသည်။ ချူတောင်နတ်ဘုရားကျောင်းဆောင်သည် ကြီးကျယ်ခံ့ညားသော တောင်ကြီးတစ်လုံးပေါ်တွင် တည်ဆောက်ထား‌သော်လည်း ပင်လယ်ရေမျက်နှာပြင်အောက် ကိုက်ငါးထောင်၌ နစ်မြုပ်နေခဲ့သည်။

တောင်၏အောက်ခြေက ပင်လယ်ကြမ်းပြင်အောက်ထဲအထိ နစ်ဝင်နေခဲ့၏။

အရှေ့ပင်လယ်သည် တစ်ချိန်တုန်းက အရှေ့ကမ္ဘာမြေဟု ခေါ်သော မြေပြင်ကြီးတစ်ခု ဖြစ်ခဲ့လိမ့်မည်။

သို့သော် ဖုယွင်ရှီ၏ စကားအရ အရှေ့ကမ္ဘာမြေနှင့် အလယ်ကမ္ဘာမြေမှာ လွန်ခဲ့လေပြီးသောခေတ်မှ ပထဝီအနေအထားဖြင့် ပိုင်းခြမ်းထားခံခဲ့ရသည်။ သို့ဆိုလျှင် ခိုင်ဧကရာဇ်ခေတ်၏အရှေ့က ချုံဧကရာဇ်ခေတ် ဖြစ်လောက်၏။

‘ချုံဧကရာဇ်ခေတ်က အရှေ့ကမ္ဘာမြေနဲ့ ပတ်သက်နေတယ်။ အခုခေတ်မှာတော့ အရှေ့ကမ္ဘာမြေက အရှေ့ပင်လယ် ဖြစ်နေပြီ။ ဓားပန်းချီရဲ့ တတိယဓားကွက်ကလည်း ချုံဧကရာဇ်ကပ်ဘေးဆိုတော့ ... ချုံဧကရာဇ်ခေတ်နဲ့ ဆိုင်လောက်တယ်”

ချင်မူ အတွေးထဲ နစ်မျောသွားသည်။ ရွာလူကြီး ဖန်တီးခဲ့သော ဓားပန်းချီတွင် ချုံဧကရာဇ်ကပ်ဘေးဆိုသည့် တတိယဓားကွက် ရှိ၏။ သို့ဖြစ်ရာ ရွာလူကြီးသည် ချုံဧကရာဇ်ခေတ်၏ သမိုင်းကြောင်းတစ်စိတ်တစ်ပိုင်းအား နားလည်လိမ့်မည်။

‘ရွာလူကြီး၊ ကျွန်တော် ရွာလူကြီးကို ကယ်ဖို့ ဖုန်းတုဆီ သေချာပေါက် လာခဲ့မယ်’ လူငယ်လေးသည် ခိုင်မာစွာ စိတ်ပိုင်းဖြတ်လိုက်၏။

ရုတ်တရက် ဟယ့်ရီရီ၏အသံ သူ့နားထဲ ရောက်လာသည်။ “အစစ်အမှန်ကောင်းကင်နန်းတော်ကို ရောက်တော့မယ်။ အားလုံး အသင့်ပြင်ထားကြ”

ဓားဆရာမ လော့ယင်ယွီက ရုတ်ခြည်း ထရပ်ပြီး လော့မိသားစုထံသို့ လျှောက်သွားသည်။ ဖုယွင်ရှီ၊ ဖန်းချိုက်ဒယ်၊ မုယင်ရွှယ်နှင့် လျို့ရိုယင်းတို့လည်း သူတို့၏စစ်တပ်များဆီ လျှောက်သွားကြ၏။

ချင်မူက မြို့မျှော်စင်ထက်တွင် ရပ်၍ အရှေ့သို့ မျှော်ကြည့်ရင်း ရင်တဒိန်းဒိန်း ခုန်လာသည်။ ကြီးကျယ်ခမ်းနားသော တောင်ကြီးများက ကိုယ်သုံးထောင်အမြင့် ဘီလူးကြီးများသဖွယ် တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေကြသည်။

တောင်ကြီးများသည် ဖန်ရှုမြို့တွင် ချင်မူ ရင်ဆိုင်ခဲ့ရသော တောင်ဘီလူးကြီးနှင့် တူသည့်အပြင် ပို၍ပင်ကြီးမားကာ အန္တရာယ်များ၏။ သူတို့အပြင် ဓားများသဖွယ် ထောင်မတ်နေသော ဓားတောင်ထွတ်များလည်း ရှိသည်။

ခေါင်းလောင်းအသွင် ခေါင်းလောင်းတောင်ထွတ်များ

ဒယ်အိုးအသွင် ဒယ်အိုးတောင်ထွတ်များ

စေတီအသွင် စေတီတောင်ထွတ်များ

အဆောက်အဦအသွင် အဆောက်အဦတောင်ထွတ်များ

ထိုတောင်ထွတ်အားလုံးသည် အသွင်အမျိုးမျိုး ရှိနေသည့် ဝိညာဉ်လက်နက်များ ဖြစ်ကြ၏။

သူတို့အပြင် အချိုးကိုးသွယ်၊ အကွေ့အကောက်ဆယ့်ရှစ်ခုဖြင့် တရှိန်ထိုး စီးဆင်းနေသော မြစ်ရှည်ကြီးတစ်စင်းလည်း ရှိသည်။ တဝုန်းဝုန်း စီးကျနေသော သက်တံ့ရေတံခွန်တစ်ခုကိုလည်း မြင်ရသည်။ ကောင်းကင်ယံတွင်လည်း တိမ်ပင်လယ်တစ်စင်းအား ခပ်ရေးရေး မြင်ရသည်။ မိုးကြိုးလျှပ်စီးများက တစ်ချက်တစ်ချက် ဖျိုးဖျပ်လက်လာတတ်၏။

တိမ်ပင်လယ်ထဲတွင် ရွှေရောင်တောက်နေသော နန်းဆောင်များအား တွေ့ရသည်။

အနောက်ကမ္ဘာမြေ၏ အစစ်အမှန်ကောင်းကင်နန်းတော်။

အနောက်ကမ္ဘာမြေ၏ အထွတ်အမြေမြေကား ချင်မူ ထင်ထားသည်ထက် ရင်ဆိုင်ရခက်နေချေပြီ။

All Chapters