ဓားသိုင်းနှင့် ဓားဒဏ်ရာ
Vol. 34 Ch. 463
ကောင်းကင်ယံရှိ နန်းဆောင်များမှ အမျိုးသမီးများ ပျံထွက်လာပြီး တောင်ထိပ်အသီးသီးအပေါ်တွင် ဆင်းသက်လိုက်ကြသည်။ ချင်မူ အာဏာပိုင်မိသားစုများကို စုရုံး၍ စစ်ချီတက်လာသည့် သတင်းအား အစစ်အမှန်ကောင်းကင်နန်းတော် ကြားထားပြီးဖြစ်၏။
ဘုန်း
တောင်ထွတ်ကြီးတစ်ခု ရုတ်တရက် ပေါက်ကွဲသွား၍ မရေမတွက်နိုင်သော ကျောက်တုံးကျောက်ခဲများ အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသည်။ တောင်ထွတ်ကြီးသည် ဘီလူးကြီးတစ်ကောင်ဖြစ်လာ၏။
တောင်ဘီလူးကြီးက မြေကြီးထဲမှ ခြေထောက်ကြီးများကို ဆွဲထုတ်ကာ ခါလိုက်သည်။
ဟယ့်ရီရီ လက်ကာလိုက်၍ ဝါးမြို့ကြီးက ရပ်လိုက်သည်။
သူတို့အရှေ့ရှိ တောင်ဘီလူးကြီးက ဖြည်းဖြည်းချင်း ငြိမ်သက်သွားသည်။ ၎င်း၏လက်ဝါးကြီးမှာ ဧကတစ်ထောင်မျှ ကြီးမားပြီး ကောင်းကင်ယံတွင် ဖြတ်သွားသည့်အခါ လေပြင်းများ တိုက်ခတ်လာ၏။ လက်ဝါးကြီးက ဓားပုံသဏ္ဍာန် တောင်ထွတ်တစ်ခုကို ဆုပ်ကိုင်လိုက်သည်။
တောင်ဘီလူးကြီးက ဓားပုံသဏ္ဍာန်တောင်ထွတ်ကို ဖြည်းဖြည်းချင်း နှဲ့ကာ ဆွဲထုတ်နေသည်။
ကျောက်တုံးများ လိမ့်ထွက်လွင့်စင်ကုန်သည်။ တောင်ဘီလူးကြီး ဓားအား ပင့်မြှောက်လိုက်သည့်အချိန်တွင် ကပ်ငြိနေသော ကျောက်ခဲမြေကြီးများ လိမ့်ဆင်းကွာကျလာပြီး သံချေးတက်နေသော သတ္တုသား ပေါ်လာ၏။
မှုန်ဝါးနေသော မြူခိုးများအကြားရှိ ဧရာမဓားကြီးနှင့် တောင်ဘီလူးကြီးကို မြင်သည့်အခါ ချင်မူ့မျက်နှာက လေးနက်သွားသည်။
အစစ်အမှန်ကောင်းကင်နန်းတော်၏ နောက်ခံက အလွန်အင်အားကြီးမားလှပြီး အလယ်ကမ္ဘာမြေ၏ အထွတ်အမြတ်မြေများထက်ပင် သာလွန်၏။ တာအိုဂိုဏ်းဖြစ်စေ၊ မဟာမိုးခြိမ်းသံကျောင်းတော်ဖြစ်စေ၊ ကောင်းကင်နတ်ဆိုးဂိုဏ်းပင် ဖြစ်စေ၊ ထိုမျှကြောက်မက်ဖွယ်ရာနောက်ခံမျိုး မရှိပေ။
ဝုန်း ဝုန်း
အလွန်ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ဟိန်းထွက်လာပြီး တောင်တန်းများ၊ တောအုပ်များသည် ကိုက်ပေါင်းထောင်ချီ မြင့်မားသော ဘီလူးကြီးများ ဖြစ်လာကြ၏။ သူတို့၏ လက်နက်များကလည်း စိတ်ကူးဖြင့် မှန်းဆမရလောက်အောင် ကြီးမားကြသည်။
သူတို့ကား အစစ်အမှန်ကောင်းကင်နန်းတော်၏ စောင့်ရှောက်သူများ ဖြစ်ချေသည်။
သတ်ဖြတ်လိုသော စိတ်ဆန္ဒများ တရှိန်းရှိန်း တောက်လောင်နေသည့် အစစ်အမှန်ကောင်းကင်နန်းတော်၏ သိုင်းပညာရှင်များက တောင်ဘီလူးကြီးများ၏ ခေါင်းပေါ်တွင်သော်လည်းကောင်း၊ ပခုံးပေါ်တွင်သော်လည်းကောင်း ရပ်နေကြပြီး သတ္တဝါကြီးများ၏ ရွေ့လျားမှုနှင့်အတူ နိမ့်ချည်၊ မြင့်ချည် ဖြစ်နေကြသည်။
ချင်မူ မုယင်ရွှယ်အား လှည့်ကြည့်လိုက်မိ၏။ သူမသာ ရှုန်းမိသားစုကို အဆိပ်မခပ်ခဲ့လျှင် ယွီမိသားစုအနေဖြင့် အစစ်အမှန်ကောင်းကင်နန်းတော်ကို သိမ်းပိုက်ပြီး ရှုန်းမိသားစု၏ ထီးနန်းအား လုယူနိုင်ခဲ့မည်မဟုတ်ပေ။
တောင်ဘီလူးကြီးများသက်သက်ဖြင့်ပင် စစ်သည်အင်အားတစ်သန်းထက် ကြောက်မက်ဖွယ်ရာ အင်အားကြီးမားနေပြီဖြစ်သည်။
“နေရာယူကြ” ဟယ့်ရီရီ ကျယ်လောင်စွာ အော်ဟစ်လိုက်သည့်အခါ မြို့ထဲရှိ မိန်းကလေးများ ထွက်လာကြသည်။ တစ်ယောက်ချင်းစီက ဝင်္ကပါအလံများကို ထုတ်ကာ ဝှေ့ယမ်းလိုက်ကြရာတွင် ဝင်္ကပါအလံများထဲမှ ဝိညာဉ်လက်နက်များ ကျဆင်းလာ၏။
ဟယ့်အမျိုးသမီးများက လက်နက်များကို လျင်မြန်စွာ တပ်ဆင်လိုက်ကြပြီး အံ့အားသင့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို ချင်မူ မြင်လိုက်ရသည်။ ဟယ့်မိသားစု၏ ကောင်းကင်နတ်သိုင်းပညာရှင်များက ဝိညာဉ်လက်နက်များကို သုံးကာ ကိုက်သုံးရာကျော် မြင့်မားသည့် လောက်လေးခွများ တပ်ဆင်နေကြ၏။
ဖန်းမိသားစု၏ အမျိုးသမီးကောင်းကင်နတ်သိုင်းပညာရှင်များက ကောင်းကင်နတ်သိုင်းများကို ထုတ်လွှတ်ကြသည့်အခါ သူတို့အနောက်ရှိ တောင်ဘီလူးကြီးများဆီမှ ကျောက်တုံးများ တဝေါဝေါ လိမ့်ဆင်းလာကြသည်။ ကျောက်တုံးများက ဧရာမလောက်စလုံးကြီးများအဖြစ် စုစည်းသွားပြီး လောက်လေးခွ၏ အံခွက်ထဲ အလိုအလျောက် လိမ့်ဝင်သွားကြ၏။
ရှီမိသားစု၏ အမျိုးသမီးကောင်းကင်နတ်သိုင်းပညာရှင်များက အစေ့များကို ကြဲလိုက်ကြရာ သစ်ပင်များက အစုံလိုက်အပြုံလိုက် ကြီးထွားပေါက်ရောက်လာကြသည်။ ၎င်းတို့က သစ်ပင်လူကြီးများအဖြစ် ကြောက်ခမန်းလိလိ ကြီးထွားလာကြပြီး ခြေလှမ်းကြဲကြဲကြီးများဖြင့် ရှေ့သို့လျှောက်သွားကြသည်။
ဓားဆရာမ လော့ယင်ယွီက ဓားများကို ပင့်မြှောက်လိုက်သည့်အခါ လော့မိသားစု၏ အမျိုးသမီးများလည်း ဓားများအား ပင့်မြှောက်လိုက်ရာ တရွှစ်ရွှစ်မြည်သံများ ထွက်လာသည်။ သူတို့အားလုံး ရဲရင့်သော သူရဲကောင်းများအသွင် ရှိနေကြ၏။
“အစ်မတော်ဖု” မုယင်ရွှယ်က ရုတ်တရက် အော်ဟစ်လိုက်သည်။
ဖုယွင်ရှီ အမိန့်ပေးလိုက်သည်နှင့် ဖုမိသားစု၏ ကောင်းကင်နတ်သိုင်းပညာရှင်များက အနက်ရောင်တိမ်တိုက်များအား ဆင့်ခေါ်လိုက်ကြပြီး မိုင်တစ်ထောင်ကျော် ပြန့်ကားနေသော တိမ်ပင်လယ်ကြီးတစ်စင်း ဖွဲ့တည်လိုက်ကြ၏။ လျှပ်စီးများ ပြိုးပြိုးပြက်ပြက် လက်၍ မိုးခြိမ်းသံများ တဂျိန်းဂျိန်း ညံနေစဉ် အလွန်ကြီးမားသော လေဆင်နှာမောင်းကြီးများ ဖြစ်ပေါ်လာကြသည်။ သို့သော် ဖုမိသားစု၏ ကောင်းကင်နတ်သိုင်းပညာရှင်များ ထိန်းချုပ်ထားသဖြင့် ၎င်းတို့က လည်ရုံသာ လည်နေပြီး ရှေ့သို့ မရွေ့လျားကြသေးပေ။
မုယင်ရွှယ်က မုမိသားစု၏ ကောင်းကင်နတ်သိုင်းပညာရှင်များနှင့်အတူ ချီတက်သွားပြီး အပြင်းစားအဆိပ်များအား လေထဲသို့ ပစ်လွှတ်ကြ၏။ လေဆင်နှာမောင်းများက အဆိပ်များကို အနက်ရောင်တိမ်တိုက်များအတွင်းသို့ စုပ်ယူလိုက်ကြရာ အရောင်သည် အနက်ရောင်မှ အစိမ်းရောင် ပြောင်းသွား၏။
တဖျပ်ဖျပ် လင်းလက်နေသည့် လျှပ်စီးများတွင်ပင် အစိမ်းရောင်သမ်းလာသည်။
တိမ်လွှာတစ်ခုလုံး၌ မုမိသားစု၏ အပြင်းထန်ဆုံးအဆိပ်များ ပြည့်နေချေပြီ။
အနောက်မှ ခပ်ကြမ်းကြမ်း တိုက်ခတ်နေသော လေပြင်းများကြောင့် မျှော်စင်ထက်တွင် ရပ်နေသည့် လူငယ်လေး၏အဝတ်စများ တဖတ်ဖတ် လှုပ်ခတ်နေသည်။
သူ့သွေးများ ပွက်ပွက်ဆူနေ၏။
အမျိုးသမီးကောင်းကင်နတ်သိုင်းပညာရှင်များက ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ အမျိုးသားများနှင့် မတူကွဲပြားသော အခြေအနေကို ဖန်တီးထားသော်လည်း သူ့သွေးများ ဆူပွက်လာမိဆဲ ဖြစ်သည်။
အမျိုးသမီးများသည် အမျိုးသားများဖြင့် ယှဉ်ဘောင်တန်းနိုင်၏။ ကြော့ရှင်းတင့်တယ်သော အလှလေးများဖြစ်သည့်တိုင် စစ်မြေပြင်ထက်၌ သန်မာအားကောင်းသော စစ်သည်တော်များလည်း ဖြစ်သည်။
အခြေအနေက တင်းမာနေသည်။
အစစ်အမှန်ကောင်းကင်နန်းတော်၏ အရှေ့တွင် တင်းမာခက်ထန်သောအငွေ့အသက်များ တထောင်းထောင်း ထနေ၏။ ဝါးမြို့ကို စားပစ်ချင်နေသော အနက်ရောင်တိမ်တိုက်များမှာ ထိန်းချုပ်ခံထားရ၍ တဝေါဝေါ လေတိုက်သံများသာ ကြားနေရသည်။ ဤကဲ့သို့ဖိအားမျိုးက လူတစ်ယောက်အား ရူးသွားစေနိုင်လေသည်။
ထိုအခိုက်အတန့်တွင် လူရိပ်တစ်ခုက တိမ်ပင်လယ်နန်းဆောင်ထဲမှ ပျံထွက်လာပြီး တောင်ဘီလူးကြီးများကြားမှ ဖြတ်သန်းလာ၏။
“ပါ့ကော်”
ဟယ့်ရီရီ၊ မုယင်ရွှယ်၊ ဖုယွင်ရီနှင့် ကျန်ရှိသူများ၏ မျက်နှာအမူအရာအားလုံး အနည်းငယ် ပြောင်းလဲသွားသည်။ အစစ်အမှန်ကောင်းကင်နန်းတော်၏ ဘီလူးကြီးများ၏ ရှေ့မှောက်တွင် သူတို့သည် ကြောက်ရွံ့သည့်ဟန်ပန်တစ်ချက်မှ မပြသခဲ့သော်လည်း ပျံထွက်လာသောလူရိပ်ကို မြင်လျှင် အမူအရာများ ပြောင်းလဲကုန်ကြ၏။
ဟယ့်ရီရီက ခပ်အုပ်အုပ် တစ်ချက်အော်လိုက်ရာ ဝါးမြို့နှစ်ခြမ်းကွဲသွားသည်။ မရေမတွက်နိုင်သော ကျောက်တုံးကျောက်ခဲများ လေပေါ် မြောက်တက်လာကြပြီး အကာအကွယ်ဝင်္ကပါတစ်ခု ဖွဲ့တည်ကာ သူမနောက်ရှိ ဟယ့်မိသားစုကို ကာကွယ်လိုက်သည်။
သူမကိုယ်တိုင်ကလည်း ဝင်္ကပါအရှေ့ရှိ ကျောက်တုံးတစ်တုံးအပေါ်၌ ရပ်နေသည်။
ရုတ်တရက် သူမဘေးသို့ လူတစ်ယောက် ရောက်လာ၏။
ချင်မူ...
နွေးထွေးသောခံစားချက်က ဟယ့်ရီရီ၏နှလုံးသားအား လွှမ်းခြုံသွားလေသည်။
“ဓားဝိညာဉ်နတ်စစ်သည်တော်တို့” လော့ယင်ယွီက အော်ဟစ်လိုက်သည့်အခါ လော့မိသားစု၏ အမျိုးသမီးကောင်းကင်နတ်သိုင်းပညာရှင်များက ချီစွမ်းအင်ဖြင့် ဓားကို ပင့်မြှောက်လိုက်ရာ မရေမတွက်နိုင်သော ဓားပျံများက တချွင်ချွင် ထိခတ်လျက် ကောင်းကင်ပေါ် မြောက်တက်သွားပြီး ဧရာမဓားဝင်္ကပါကြီးတစ်ခုအား ဖွဲ့တည်လိုက်၏။ ဓားများက များပြားသော်လည်း ဟိုဟိုသည်သည် လူးလာပျံသန်းနေသည်မှာ မျက်စိမရှုပ်လှပေ။
“တိုင်ရှစ်တိုင်ကောင်းကင်ဘုံ” ဖန်းချိုင်ဒယ် အော်လိုက်သည်နှ့င် သူမနောက်ရှိ တောင်ဘီလူးကြီးများက ရုတ်တရက် ခပ်ဝိုင်းဝိုင်းတိုင်ကြီးများအဖြစ် ပြောင်းလဲကာ မိုးကောင်းကင်နှင့် ကမ္ဘာမြေပြင်ကြားတွင် ထောင်မတ်နေ၏။ တောင်ဘီလူးကြီးရှစ်ကောင်က သတ်ဖြတ်လိုသောစိတ်ဆန္ဒအပြည့်ဖြင့် ရှေ့တက်လာပြီး တိုင်ကြီးများအား ပခုံးပေါ်တွင် ထမ်းလိုက်ကြသည်။
ကျန်မိသားစုများလည်း တရွေ့ရွေ့ နီးကပ်လာနေသော လူရိပ်ကို စိုးရိမ်ထိတ်လန့်စွာ ကြည့်ရင်း သိုင်းကွက်များ ထုတ်ဖော်နေကြ၏။ လျို့ရိုယင်းနှင့် လျို့ကျန့်ချင်းတို့ပင် စိတ်ပူနေကြသည်။ သူတို့က ရွှေရောင်ခေါင်းတလားကြီး၏အရှေ့သို့ သွားကာ အထဲရှိ အလောင်းအား အချိန်မရွေး လွတ်ပေးရန် အသင့်ပြင်ထားကြသည်။
ချင်မူ ရင်ထဲတွင် လှုပ်ခတ်သွားသည်။ ပါ့ကော်တစ်ယောက်တည်းက အနောက်ကမ္ဘာမြေရှိ အာဏာပိုင်မိသားစုအားလုံးကို ဝှက်ဖဲများ ထုတ်သုံးရသည်အထိ ဖိအားပေးနိုင်ခဲ့၏။ ပါ့ကော်ကား အမှန်ပင် အံ့အားသင့်ဖွယ်ကောင်းပေသည်။
‘အထက်ကောင်းကင်ဘုံက ယွီမျိုးရိုးနဲ့ ဒီလူက ဘယ်လိုလုပ်ပြီး အနောက်ကမ္ဘာမြေမှာရှိတဲ့ မိသားစုအားလုံးကို မဟာရန်သူတော်နဲ့ ရင်ဆိုင်ရတော့မလို စိုးရိမ်စေနိုင်တာလဲ’
ချင်မူ စိတ်မရှုပ်ထွေးမိဘဲ မနေပေ။ အနောက်ကမ္ဘာတွင် ထာဝရငြိမ်းချမ်းရေးအင်ပါယာကဲ့သို့ ဂိုဏ်းများမရှိဘဲ အာဏာပိုင်မိသားစုများ အုပ်စိုးသော အထွတ်အမြတ်မြေများသာ ရှိသည်။ ဩဇာအရှိဆုံး မိသားစုကြီးဆယ်စု၏ အင်အားက သေးသေးမွှားမွှား မဟုတ်သည့်အပြင် အားလုံးသည် သူ့နည်းနှင့်သူ ထူးခြားဆန်းကြယ်၏။ အထက်ကောင်းကင်ဘုံမှ ဧည့်သည်ကိုအသာထား၊ နတ်ဘုရားတစ်ပါး ဆင်းလာလျှင်ပင်၊ ဤမိသားစုများ ဂရုစိုက်စရာမလိုသင့်ပေ။
ပါ့ကော်သည် သေချာပေါက် အထက်ကောင်းကင်ဘုံမှ ဧည့်သည်သာ မဟုတ်နိုင်။
သို့သော် လူရိပ် အနားရောက်လာသည့်အခါ ပါ့ကော်က သူ တွေးထားသလို ရက်စက်ခက်ထန်သောရုပ်သွင် မရှိကြောင်း ချင်မူ သတိထားမိလိုက်သည်။ သူက ထူးခြားသောရုပ်သွင်ဖြင့် ယောက်ျားတစ်ယောက်ဖြစ်၏။ ကိုယ်လုံးကိုယ်ထည်က တောင့်တင်းသန်မာပြီး မျက်နှာကလည်း နှာရိုးထင်းထင်းဖြင့် အလွန်ချောမောခံ့ညားသည်။
သူ ဝတ်ထားသည့် အဝတ်အစားများက မည်သည့်အသားမှန်း မသိရပေ။ ချည်မျှင်တစ်မျှင်တိုင်းက မှော်သင်္ကေတများဖြင့် ရက်လုပ်ထားသကဲ့သို့၊ တစ်ချက်တစ်ချက် ဝင်းလက်လာတတ်သည်။
သူ့အဝတ်အစားက အလွန်ချပ်ရပ်ပြီး ကိုယ်တိုင်းနှင့် ကွက်တိကျနေရာ သူ့တွင် အဆီအပိုမရှိကြောင်း ထင်ရှားပေါ်လွင်နေတော့သည်။
သူ၏ဝတ်ပုံစားပုံကမူ အနောက်ကမ္ဘာမြေသားတစ်ယောက်ကဲ့သို့ ခေါင်းတွင် အဖြူရောင်အဝတ်စကို စည်းပတ်ထားပြီး ရွှေရောင်ကြိုးများ ထွေးယှက်နေသည်။ သို့သော် ကျန်ယောက်ျားများနှင့် မတူသည်က သူ့တွင် အဆင်တန်ဆာများ နည်းပါးခြင်းဖြစ်၏။
သူ၏နူးညံ့သောမျက်ဝန်းများကြောင့် သူ့ကို ပထမဆုံးမြင်လိုက်ရသူတိုင်း ရင်းနှီးချင်စိတ်တို့ ဖြစ်ပေါ်လာလိမ့်မည်။
ချင်မူ သူ့ကို မြင်သည်နှင့် အထက်ကောင်းကင်ဘုံ၏ ကျောက်စိမ်းဧကရာဇ်နှင့် အတော်လေး ဆင်ကြောင်း ခံစားလိုက်ရသည်။ ကျောက်စိမ်းဧကရာဇ်သည် ပြီးပြည့်စုံသော ယောက်ျားတစ်ယောက်ဖြစ်၏။ ဧကရာဇ်ယန်ဖုန်းကြောင့် သေဆုံးသွားသည့်အချိန်တွင်ပင် သူ၏ရုပ်သွင်က ချောမောလှပလျက် ရှိနေသေးခဲ့သည်။
‘သူ့စိတ်နေစိတ်ထားက ရှုရှန်းဟွာနဲ့ တူသလိုပဲ’
ချင်မူ ထိုလူ့ကို လေ့လာပြီး အတော်လေး တုန်လှုပ်သွားမိသည်။ ပါ့ကော်၏ အရှိန်အဝါအဟန့်ကလည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံနှင့် ခပ်ဆင်ဆင် တူကြောင်း ခံစားလိုက်ရ၏။
ရှုရှန်းဟွာ၏ စိတ်နေစိတ်ထားက ကမ္ဘာလောကကြီးထဲရှိ အရာရာတိုင်းက သူနှင့်မသက်ဆိုင်သကဲ့သို့ သဘောထားခြင်းမျိုးဖြစ်သည်။ သူ ကျင့်ထားသော ကျင့်စဉ်ကြောင့်လည်း ပါ၏။ ချင်မူ ရှုရှန်းဟွာကို လူ့ပြည်သို့ ဆွဲချနိုင်ခဲ့သော်လည်း လောကီရေးရာကိစ္စများက ထိုလူငယ်ကို မပြောင်းလဲနိုင်သေးပေ။ သူသည် အရာရာကို စွန့်လွှတ်၍ မည်သည့်အချိန်မဆို ထွက်သွားနိုင်သည့်ပုံစံ ရှိနေသေး၏။
အခြားတစ်ဖက်တွင် ဧကရာဇ်အတိုင်ပင်ခံက အပြောအဆို၊ အပြုအမူ လေးနက်သူဖြစ်ပြီး အေးစက်သည်။ သူက ထူးချွန်သော ပါရမီရှင်ဖြစ်ပြီး သူ့နှလုံးသားထဲတွင် ပြုပြင်ပြောင်းလဲလိုသည့် စိတ်သာ ရှိသည်။ သူ၏ ပြုပြင်ပြောင်းလဲမှုကို တားဆီးပိတ်ဆို့သည့် အရာမှန်သမျှ နင်းခြေခံရမည်။ မည်သူ့ကိုမဆို သုတ်သင်ဖယ်ရှားပစ်ရန်လည်း ဝန်မလေးပေ။
အထက်ကောင်းကင်ဘုံမှ ပါ့ကော်က ရှုရှန်းဟွာ၏ စိတ်နေစိတ်ထားနှင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံ၏ အရှိန်အဝါအဟန့်အား တစ်ပြိုင်တည်း ပိုင်ဆိုင်ထား၏။
“ခေါင်းဆောင်ဟယ့်” အဖြူရောင်နဖူးစည်းဖြင့် အမျိုးသားက ပျံသန်းလာပြီး ဟယ့်ရီရီနှင့် ကျန်ရှိသူများအား နှုတ်ဆက်သည်။ “ခေါင်းဆောင်မု၊ ခေါင်းဆောင်လျို့၊ ခေါင်းဆောင်ဖန်း...”
ရန်သူများဖြစ်သော်လည်း အားလုံး သူ့အား ပြန်နှုတ်ဆက်လိုက်ကြ၏။ “ပါ့ကော်”
ပါ့ကော်က ချင်မူ့ကို ကြည့်ပြီး သွားဖြူဖြူများ တန်းနေသည့်တိုင်အောင် ပြုံးပြသည်။ “လူသားဧကရာဇ်ချင်”
ချင်မူ ရင်ထဲ လှုပ်ခါသွားသော်လည်း ပြန်နှုတ်ဆက်လိုက်မိ၏။ “ပါ့ကော်၊ ပါ့ကော်လို လူက ကျွန်တော်လို့ အညတရကောင်လေးကို ဘယ်လိုသိနေတာလဲ မေးခွင့်ရမလား”
“လူသားဧကရာဇ်ချင်၊ ဒီလောက်အထိ နှိမ့်ချစရာ မလိုပါဘူး” ပါ့ကော်က သူ့ကို ပြောသည်။ “ကျုပ်က မျိုးဆက်သစ်လူသားဧကရာဇ်တွေကို အမြဲအာရုံစိုက်နေတာပါ။ အရင်လူသားဧကရာဇ်အတွက်တောင် ကျုပ်ကိုယ်တိုင် အောက်ဘုံ ဆင်းလာခဲ့သေးတယ်။ သူ့ခြေလက်တွေ ဘယ်လိုဖြစ်နေလဲ မြင်ခဲ့ဖူးမှာပေါ့ ဟုတ်တယ်မလား”
သူက လက်ဆန့်တန်း၍ ဖမ်းဆုပ်လိုက်ရာ မုမိသားစု၏ အမျိုးသမီးတစ်ယောက်မှာ သူမကိုယ်သူမ မထိန်းချုပ်နိုင်ဘဲ သူ့ရှေ့သို့ ရောက်သွားသည်။ ရုန်းသော်လည်း အချည်းနှီးသာ ဖြစ်၏။
ပါ့ကော်က ဓားဆွဲထုတ်ကာ လက်မောင်းတစ်ဖက်ဖြတ်လိုက်သည်။ သူက ပြုံးလျက် လက်ကို အသာအယာဝှေ့ယမ်းလိုက်ရာ လက်ပြတ်သည် ချင်မူ့ဆီ ပျံသန်းသွား၏။ “ဂိုဏ်းသခင် တစ်ချက်လောက် ကြည့်ပါ”
ချင်မူ့မျက်လုံးထောင့်စွန်းများ တွန့်သွားပြီး ချီစွမ်းအင်ဖြင့် ဓားဒဏ်ရာကို အသေးစိတ် စစ်ဆေးကြည့်ရှုလိုက်သည်။ သူ မျက်မှောင်ကြုတ်၍ အက်ကွဲကွဲ ပြောလိုက်မိ၏။ “ဓားဒဏ်ရာက တထေရာတည်းပါလား”
“ကျုပ်ပဲ” ပါ့ကော်က သူ့ကို နွေးထွေးစွာ ပြုံးပြသည်။ “ကြည့်ရတာ သူ ဓားဒဏ်ရာတွေကို ပြခဲ့တယ်ထင်တယ်”
အာဏာပိုင်မိသားစုအားလုံး၏ အသတ်အဖြတ်ဝင်္ကပါများအနောက်တွင် ဧကရာဇ်အတိုင်ပင်ခံနှင့် ရှုန်းရှီယွီတို့ ပုန်းနေကြသည်။ သို့သော် ဧကရာဇ်အတိုင်ပင်ခံမှာ အဖြူရောင်နဖူးစည်းဖြင့် လူ၏ ဓားရောင်ကို မြင်လျှင် အကြီးအကျယ် မျက်နှာပျက်သွားပြီး ဣန္ဒြေပင် မဆည်နိုင်တော့ပေ။ “သေစမ်း၊ ဒီ ပါ့ကော်ကို ငါ သိပြီ။ မြန်မြန်၊ အနောက်ကမ္ဘာမြေရဲ့ အာဏာပိုင်မိသားစုတွေ မြန်မြန် ပြန်ဆုတ်ရမယ်”
ရှုန်းရှီယွီက ခေါင်းယမ်းလိုက်၏။ “မြားကို လေးကြိုးမှာ တပ်ပြီးပါပြီ။ လွှတ်ရုံအပြင် ရွေးစရာမရှိဘူး။ ဒီအချိန်ရောက်မှတော့ ဆုတ်ချင်ရင်တောင် ပြန်ဆုတ်လို့မရတော့ဘူး။ ဧကရာဇ်အတိုင်ပင်ခံ ဘာကြောင့် ရုတ်တရက် ဣန္ဒြေပျက်သွားတာလဲ”
ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက အသက်ပြင်းပြင်း ရှူသွားလိုက်၏။ “ဒီဓားသိုင်း၊ ဒီဓားလမ်းစဉ်ကို ငါ သိတယ်။ ဒါက လူသားဧကရာဇ်ဟောင်းရဲ့ ခြေလက်တွေကို ဖြတ်ပစ်ခဲ့တဲ့ ဓားပဲ။ အဲဒီလူက အထက်ကောင်းကင်ဘုံရဲ့ ယွီမိသားစုက မဟုတ်ဘူး။ အထက်ဘုံက အစစ်အမှန်နတ်ဘုရားတစ်ပါးပဲ”
ဝင်္ကပါ၏အရှေ့တွင် ချင်မူက ရုတ်တရက် စိတ်ကို လျော့လိုက်ပြီး ပူပင်ကြောင့်ကြမဲ့စွာ ပြုံးပြလိုက်သည်။ “ခင်ဗျားရဲ့ ကိုယ်အစစ်အနေနဲ့ အောက်ဘုံကို မလာနိုင်ဘူးမဟုတ်လား။ လာနိုင်မှတော့ ခင်ဗျားက အနောက်ကမ္ဘာမြေမှာ ယင်ကောင်လေးတစ်ကောင်လို ပုန်းနေပါ့ဦးမလား။ ကိုယ်အစစ်မဟုတ်မှတော့...” သူက လက်ဆန့်ထုတ်လိုက်ပြီး သူ့အမူအရာက ကြမ်းတမ်းခက်ထန်လာသည်။ “ခင်ဗျားကို သေအောင် ရိုက်သတ်ပစ်ဖို့က မခက်ပါဘူး”