(က) တတိယမြောက် ပေါင်းချုပ်ဓားကွက်
Vol. 20 Ch. 268
ထို့နောက်မှာတော့ နောက်ထပ် အမည်ခံ တပည့်အချို့က လီဖူချန်းကို စိန်ခေါ် ကြပါသေးတယ်။ ဒါပေမဲ့ တစ်ဦးတစ်ယောက်ကမှ လီဖူချန်းကို ပေါင်းချုပ်ဓားကွက် ထုတ်သုံး လာနိုင်အောင် ဖိအား မပေးနိုင်ကြပါဘူး။
“လီဖူချန်း ...။ တစ်ပွဲလောက် တိုက်ကြရအောင်”
ချန်ကောင်းရှီရဲ့ အမူအရာတွေ ကတော့ ပြောင်းကုန်ပါပြီ။
သူက လီဖူချန်းကို အနိုင်ယူဖို့ မလွယ်ဘူး ဆိုတာကို လက်ခံ လိုက်ပါတယ်။ သူ့ရဲ့ နောက်ဆုံး မျှော်လင့်ချက်ကတော့ လီဖူချန်းတစ်ယောက် ပေါင်းချုပ်ဓားကွက် အသစ်တွေ မဖန်တီး ထားနိုင်ဖို့ပါပဲ။
ကန့်သတ် ဝင်္ကပါ အစီအရင်ထဲကို အရောက်မှာတော့ ချန်ကောင်းရှီက သူ့ရဲ့ ချီအတွင်းအားတွေကို အကုန် ထုတ်သုံးလိုက်ပြီး လီဖူချန်းကို တိုက်ခိုက်ပါတော့တယ်။
သည်ဓားကွက်ကတော့ သူ့ရဲ့ ပထမ ပေါင်းချုပ် ဓားကွက်ပါပဲ။
အချိန် တစ်ခဏလေး အတွင်းမှာပဲ ဓားဆန္ဒက ရပ်တန့်၍ မရလောက်တဲ့ အထိ အားကောင်းလာပြီး လီဖူချန်းကို လွှမ်းခြုံ သွားခဲ့ပါပြီ။
ဘန်း ...
ချန်ကောင်းရှီက အနောက်ကို ဆုတ်လိုက်ရပါတယ်။
သူ့ရဲ့ ပထမ ပေါင်းချုပ် ဓားကွက်က လန်းတာအိုရဲ့ ဒုတိယ ပေါင်းချုပ် ဓားကွက်နီးပါးကို အားကောင်းတာပါ။ ပြီးတော့ သူ့ရဲ့ တိုက်ပွဲ အတွေ့အကြုံနဲ့ သိုင်းပညာအပေါ် နားလည် သဘောပေါက်မှုက လန်းတာအိုထက်ကို အများကြီး သာပါသေးတယ်။
သည်အားသာချက်တွေ အကုန်လုံးက လီဖူချန်းနဲ့ အတွေ့မှာတော့ လုံးဝကို သုံးစားလို့ မရတော့ပါဘူး။
အခြား တစ်ဖက်မှာတော့ လီဖူချန်းက ယုံကြည်မှု အပြည့်ဖြင့် ရပ်နေပါတယ်လေ။ သည်ကန့်သတ် ဝင်္ကပါ ထဲမှာတော့ သူက ဘယ်သူ့ကိုမှ ရှုံးနိမ့်စရာ အကြောင်းမရှိပါဘူး။ သူသိထားတဲ့ ဓားသိုင်းတွေထဲက အားအနည်းဆုံး ဓားသိုင်းကို ထုတ်သုံးရင်တောင်မှ အဲသည် ဓားသိုင်းကို တစ်ရာ ရာခိုင်နှုန်းအထိ အပြည့်အဝ ထုတ်သုံးနိုင်ပါတယ်။
ချန်ကောင်းရှီရဲ့ မျက်နှာ အမူအရာကတော့ သိပ်ပြီး မကောင်းတော့ပါဘူး။ သူက အလျင်အမြန်ပင် ဒုတိယ ပေါင်းချုပ် ဓားကွက်ကို ထုတ်ပြီး လီဖူချန်းကို တိုက်ခိုက် လိုက်ပြန်ပါတယ်။
ဘန်း ...
သည်တစ်ကြိမ်မှာလည်း ချန်ကောင်းရှီတစ်ယောက် နောက်ဆုတ် သွားရတာပါပဲ။
လူတွေ အားလုံးကတော့ မျက်လုံး အပြူးသားဖြင့် လီဖူချန်းကို တစ္ဆေသရဲ တစ်ကောင်လို ဝိုင်းကြည့် နေကြပါပြီ။
ဒါက မီးလောင်ဗုံး တစ်လုံး ဖောက်ခွဲ လိုက်သလို အားကောင်းတဲ့ ပေါင်းချုပ် ဓားကွက်လေ။ ဒါကို လီဖူချန်းက အေးအေးဆေးဆေးသာ ခုခံလိုက်သည် မဟုတ်ပါလား။ ပြီးတော့ ချန်ကောင်းရှီက လီဖူချန်းရဲ့ တန်ပြန် တိုက်စစ်ကို ဘဟ်လိုမှကို မတောင့်ခံနိုင်ပါဘူး။
“အရိပ် တစ်ထောင်”
ချန်ကောင်းရှီက ကျယ်လောင်စွာ ဟစ်ကြွေးလိုက်ပြီး သူ့ရဲ့ တတိယမြောက် ပေါင်းချုပ် ဓားကွက်ကို ထုတ်လိုက်ပါပြီ။
ပတ်ဝန်းကျင် လေထု တစ်ခုလုံးကို ဓားရိပ်တွေ ဖြာထွက် လာခဲ့သလို ဓားချက်တွေကလည်း လျှပ်စီး လက်နေသကဲ့သို့ မြန်ဆန်လွန်း လှပါတယ်။
ဒါတောင်မှ ချန်ကျန်းရှီက လူသားနယ်ပယ် အဆင့်ကို ရောက်နေလို့ပါ။ မြေကမ္ဘာနယ်ပယ် အဆင့်မှာ ဆိုရင်တော့ သည်ဓားချက်ရဲ့ အမြန်နှုန်းကို စာဖွဲ့လို့ ရမှာတောင် မဟုတ်ပါဘူး။
“သည်ဓားကွက် ကတော့ မဆိုးဘူး”
လီဖူချန်းရဲ့ မျက်လုံးထဲမှာ ထူးဆန်းတဲ့ အရောင်တချို့ တောက်ပ သွားခဲ့ပါတယ်။
ဓားပညာမှာတော့ လျင်မြန်မှု ဆိုတာ တော်တော်လေးကို အခရာကျတဲ့ အရာ တစ်ခုပါပဲလေ။
လီဖူချန်းရဲ့ အသိစိတ် အာရုံက အရမ်းကို အားကောင်းလွန်း နေတဲ့အတွက် မည်သည့် ဓားကွက်ကိုမဆို လီဖူချန်းက ဟာကွက် ရှာနိုင်ပါတယ်။ ဒါပေမဲ့ ဓားချက်က အရမ်းကို မြန်နေတယ် ဆိုရင်တော့ လီဖူချန်းက ဟာကွက်ကို ရှာနိုင်တာပဲ ရှိမှာပါ။ အချိန်မီ တုံ့ပြန်နိုင်မှာ မဟုတ်ပါဘူး။
နှမြောစရာ ကောင်းတာကတော့ ချန်ကောင်းရှီရဲ့ ဓားချက်က မြန်တယ် ဆိုပေမဲ့လည်း လီဖူချန်းရဲ့ တုံ့ပြန်နိုင်စွမ်း ဘောင်ထဲမှာပဲ ရှိပါသေးတယ်။
ရွှပ် ...
လီဖူချန်းရဲ့ ဓားချက်က ဓားအရိပ်တွေ ကြားထဲမှာရှိတဲ့ ဟာကွက်ထဲကို တိတိကျကျ ဝင်ရောက် လာခဲ့ပါပြီ။
ထန် ...
ဓားနှစ်လက် ထိပ်တိုင် တွေ့ဆုံမှုက မျက်စိ ကျိန်းလောက်အောင် တောက်ပတဲ့ မီးပွားလေးတွေ ထွက်လာတဲ့ အထိပါပဲ။ ချန်ကောင်းရှီရဲ့ ဓားကွက်ကတော့ ဖျက်ဆီး ခံလိုက်ရပါတယ်။
ထို့နောက်မှာတော့ လီဖူချန်းရဲ့ ဓားက ချန်ကောင်းရှီရဲ့ လည်ပင်းပေါ်မှာ ရောက်နေခဲ့ပါပြီ။
“မင်းရှုံးပြီ”
လီဖူချန်းကတော့ သာမန် လေသံနဲ့ပဲ ပြောလိုက်ပါတယ်။
သူတို့ နှစ်ယောက်စလုံးက လူသား နယ်ပယ်မှာ ရောက်နေတာပါ။ အဲသည်အတွက် လီဖူချန်းက တစ်ဖက်လူရဲ့ ဖိအားကိုတောင် မခံစား လိုက်ရပါဘူး။ ပြီးတော့ သူက ပေါင်းချုပ် ဓားကွက်ကိုလည်း မထုတ်သုံး လိုက်ရပါဘူး။
ဆောင်းဦးရွက်ကြွေ လက်ဖက်ရည် ပွဲတော်မှာ တုန်းကတောင် ရူကျန်းချီနဲ့ ရှောင်ပိုင်က ကျင်ကြံခြင်း အဆင့် အားသာချက် ရှိနေခဲ့ပါတယ်။ အဲဒါကိုတောင် လီဖူချန်းက ဓားတစ်ချက် တည်းနဲ့ပဲ အနိုင်ယူခဲ့တာပါ။ အခုလို ကျင့်ကြံခြင်း အဆင့်တူတဲ့ ဝင်္ကပါထဲမှာ ဆိုရင်တော့ လီဖူချန်းက ဓားတစ်ချက်နဲ့တင် အားလုံးကို အနိုင်ယူလို့ ရပါတယ်။
‘ငါက သည်လိုပဲ ရှုံးသွားခဲ့တာလား ...”
ချန်ကောင်းရှီကတော့ မိန်းမော နေခဲ့ပါပြီ။
သူနဲ့ လီဖူချန်းကြားမှာ သည်လောက်တောင်မှ ကွာဟချက် ရှိနေရတာလား။ လီဖူချန်းက သူ့ကို ပေါင်းချုပ် ဓားကွက်တောင် မသုံးဘဲနဲ့ အနိုင်ယူ သွားနိုင်တယ်။
အခြားသော အမည်ခံ တပည့်တွေရဲ့ လီဖူချန်းအပေါ် ကြည့်တဲ့အကြည့်တွေ ကလည်း ပြောင်းလဲ သွားခဲ့ပါပြီ။
သူတို့ရဲ့ ဆရာက လီဖူချန်းကို လက်ရင်း တပည့်အဖြစ် ရွေးချယ်ခဲ့တာကို အံ့သြစရာ မရှိတော့ပါဘူး။ သူတို့ဆရာက လီဖူချန်းရဲ့ ပါရမီတွေကို အစောကြီးကတည်းက မြင်တွေ့ခဲ့ပုံပါပဲ။
“အရူး တစ်သိုက်ပဲ”
ဘုံဗိမာန် အတွင်းမှာ ရှိနေတဲ့ နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးကတော့ ခေါင်းခါလိုက်ပြီး ခပ်တိုးတိုး ရေရွတ် လိုက်ပါတယ်။
သူ့ရဲ့ အမည်ခံ တပည့်တွေက သူ့ရဲ့ အလစ်ကို စောင့်ပြီး လီဖူချန်းကို စိန်ခေါ် မယ် ဆိုတာကို နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက အစောကြီး ကတည်းကနေ ရိပ်စားမိပြီး သားပါပဲ။ ဒါကြောင့်လည်း သူက မသိမသာ ရှောင်ပေးလိုက်တာပါ။ ပြီးတော့ သူက သည်အခွင့်အရေးကို အသုံးချပြီး လီဖူချန်းရဲ့ အစွမ်းအစကို ပြသစေချင် ပါတယ်။ ဒါမှသာ သာမန် ပါရမီရှင်တွေနဲ့ ထွဋ်ခေါင် ပါရမီရှင်တွေကြားက ကွာဟချက်ကို သူ့တပည့်တွေ ကောင်းကောင်းကြီး သိနားလည် သွားမှာပါ။
***
ချန်ကောင်းရှီကို အနိုင်ယူပြီး နောက်မှာတော့ လီဖူချန်းရဲ့ 'အစ်ကိုကြီး ‘နေရာကို ဘယ်သူမှ စိန်မခေါ် ရဲတော့ပါဘူး။
လီဖူချန်းကလည်း သူ့ရဲ့ အချိန်တွေ အားလုံးကို တတိယမြောက် ပေါင်းချုပ်ဓားကွက် ဖန်တီးတဲ့ နေရာမှာသာ အသုံးပြု ထားပါတယ်။
“တကယ်လို့ ငါက တတိယမြောက် ပေါင်းချုပ် ဓားကွက်ကို အားကောင်းကောင်းနဲ့ ပေါက်ကွဲ ထွက်စေချင်ရင် ငါ့ရဲ့ မျောလွင့် ဓားဆန္ဒက ဆန်းကြယ်အဆင့်မြင့် ဓားဆန္ဒ နီးပါးကို ရောက်နေရမယ် ထင်တယ်”
ယနေ့မှာတော့ လီဖူချန်းက သူ့ကိုယ်သူ ခပ်တိုးတိုးလေး ပြန်ပြောနေပါတယ်။
“မင်းရဲ့ အတွေးတွေက မှားနေပြီ“
နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက အသံနဲ့အတူ လီဖူချန်းရဲ့ အနောက်ဘက်မှာ ပေါ်လာခဲ့ပါပြီ။
“ဆရာ”
လီဖူချန်းက အနောက်ကို ချက်ချင်းလှည့်ပြီး လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေ ပေးလိုက်ပါတယ်။
နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက
“ဓားဆန္ဒ ဆိုတာက ဓားသိုင်းရဲ့ အဆီအနှစ်ပဲ။ ဒါပေမဲ့ ဓားကွက်ကတော့ သူ့ဟာနဲ့သူ သီးခြား တည်ရှိနေတာ။ တကယ်လို့သာ ဓားဆန္ဒက လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်နဲ့ အလားသဏ္ဌာန် တူတယ်ဆိုရင် ဓားကွက်က လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ပဲ။ လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ် အားကောင်းနေမှုက အဲသည်လူကို သာမန်ထက် ပိုထူးခြားစေတယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က စိတ်ဝိညာဉ်နဲ့ အတူတူ အားကောင်းနေရင် ပိုမကောင်းဘူးလား”
စကားဆုံးတာနဲ့ တစ်ပြိုင်နက် နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးက ပြန်ထွက် သွားခဲ့ပါပြီ။
လီဖူချန်းကတော့ ဘာမှ ပြန်မပြောဘဲ ဆရာဖြစ်သူ့ရဲ့ စကားကိုသာ သေသေချာချာ နားလည်အောင် ကြိုးစားနေပါတယ်။ သူ့ဆရာရဲ့ စကားက တကယ်ကို မှန်ကန်ပါတယ်။
ဥပမာအားဖြင့် မိစ္ဆာနှင် ဓားသိုင်းပေါ့။ လီဖူချန်းက မိစ္ဆာနှင်ဓားသိုင်းကို တစ်ဖက်ကမ်းခပ်တဲ့ အထိ မကျွမ်းကျင်သေးသလို မိစ္ဆာနှင် ဓားဆန္ဒကိုလည်း အသုံးမပြုနိုင်သေးပါဘူး။ ဒါပေမဲ့လည်း သည်ဓားသိုင်းရဲ့ ဓားကွက်တွေက ဆန်းကြယ် အလယ်အလတ်အဆင့် ဓားဆန္ဒကို အသုံးပြုထားတဲ့ ဓားသိုင်းထက်ကို အားကောင်း နေပါသေးတယ်။ သည်ဓားကွက်ချည်း သက်သက်ကိုက ဆန်းကြယ် အဆင့်မြင့် ဓားကွက်အဆင့်မှာ ရှိနေလို့သာ မိစ္ဆာနှင် ဓားကွက်က အစွမ်းထက် နေတာပါ။
“တကယ်လို့ မင်းက ဆန်းကြယ်အဆင့်မြင့် ဓားဆန္ဒကို နားလည် သဘောပေါက်ချင်ရင် ပထမဆုံး လုပ်ရမှာက အင်မတန် အားကောင်းတဲ့ ဓားကွက်ကို တီထွင်ဖို့ပဲ။ မင်းရဲ့ ဓားကွက်ကသာ အားကောင်းလာရင် ဆန်းကြယ် အဆင့်မြင့် ဓားဆန္ဒကို နားလည် သဘောပေါက်ဖို့ဆိုတာ သိပ်မဝေးတော့ဘူး”
မည်သည့် နေရာကနေ ထွက်ပေါ်လာမှန်း မသိတဲ့ နံပါတ်တစ် ပဟေဠိ သိုင်းသမားကြီးရဲ့ အသံက လီဖူချန်းရဲ့ နားထဲကို တိုးဝင်လာပါသေးတယ်။
“ဟုတ်ကဲ့ပါ ဆရာ ...”
လီဖူချန်းက ခေါင်းညိတ် လိုက်ပါတယ်။
***
နောက်ထပ်တစ်လ အကြာမှာတော့ …
လီဖူချန်းတစ်ယောက် လေတဟူးဟူး တိုက်ခတ်နေတဲ့ တောင်ထိပ် တစ်ခုပေါ်မှာ ရပ်လျက် ရှိနေပါတယ်။ သူ့ရဲ့ လက်ထဲမှာလည်း သစ်ကိုင်းခြောက်လေး တစ်ခု ကိုင်လျက် သားနဲ့ပေါ့လေ။
လီဖူချန်းက သူ့လက်ထဲမှာရှိတဲ့ သစ်ကိုင်းခြောက်ကို စက်ဝိုင်းပုံ သဏ္ဌာန် ဝှေ့ယမ်းလိုက်တဲ့ အခါမှာတော့ …
ဖောင်း ...
သစ်ကိုင်းခြောက်ဟာ ပေါက်ကွဲထွက် သွားပါတယ်။
“နောက်ဆုံးတော့ တိုးတက်တဲ့ အရိပ်အယောင်တွေ ပြလာခဲ့ပြီပဲ”လီဖူချန်းက တီးတိုး ရေရွတ် လိုက်ပါတယ်။
မျောလွင့်ဓားသိုင်း ဆိုတာက ဓားကို စက်ဝိုင်းပုံသဏ္ဌာန် ဝှေ့ယမ်းပြီး အရှိန်ယူ တိုက်ခိုက်ရတဲ့ ဓားသိုင်းပါ။ တတိယမြောက် ပေါင်းချုပ် ဓားကွက်ကို ဖန်တီးဖို့ လိုနေတဲ့ အရာကတော့ အဲသည် ဓားစက်ဝိုင်းတွေကို ဘယ်လို မြန်မြန် ပြုလုပ်ရမလဲ ဆိုတဲ့ နည်းစနစ်ပါပဲ။
လီဖူချန်း နားလည်သလောက် ဆိုရင်တော့ စက်ဝိုင်းပတ် ပတ်နေတဲ့ အရှိန်သာ လုံလောက်တဲ့ အထိ ရှိနေမယ် ဆိုပါက ရေနဲ့တောင်မှ သံမဏိကို ပိုင်းဖြတ်လို့ ရပါတယ်။
သည်လိုနဲ့ နောက်ထပ် လဝက် ကုန်ဆုံး သွားပြန်ပါပြီ။
***